Tavoy Media
Tavoy Media (Tanintharyi Region) Tavoy Media
21/04/2025
ထီးထစခန်းက ဗျူဟာမှူးကို ရုန်းရင်းဆန်ခတ်အခြေအနေမှာ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ KNU ဆို
◼ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအားလုံးသေဆုံးပြီး လက်နက်ခဲယမ်းရာနဲ့ချီသိမ်းမိ
ထားဝယ် ၊ ဧပြီလ - ၂၁ရက်
ထားဝယ် - ထိုင်း နယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီ ထီးထဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ချိန် ဗျူဟာမှူးနဲ့ စစ်ကောင်စီတပ်သားတွေကို အရှင်ဖမ်းမိပြီးမှ ရုန်းရင်းဆန်ခတ်အခြေအနေမှာ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ KNU တပ်မဟာ ၄ ဘက်က ပြောပါတယ်။
ထိုင်းနိုင်ငံနယ်စပ်နဲ့ ခြောက်မိုင်လောက်သာဝေးနဲ့ ထီးထဗျူဟာစခန်းကို KNLA/KNDO တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အခုလ ၁၂ ရက်နေ့မှာစတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ရှစ်ရက်အကြာ ၁၉ ရက်နေ့ ညနေပိုင်းမှာတော့ စခန်းတစ်ခုလုံးကို သိမ်းပိုက်ခဲ့တာပါ။
စခန်းသိမ်းပြီးနောက်မှာ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သားတချို့ကို အရှင်ဖမ်းမိခဲ့တယ်လို့ KNU ဘက်က ဆိုပါတယ်။ လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ ရုပ်သံတစ်ခုမှာလည်း စခန်းသိမ်းပြီးနောက် တော်လှန်ရေးရဲဘော်တွေအနီးမှာ တန်းစီပြီးထိုင်နေတဲ့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ဦးခန့်ကိုတွေ့ရပါတယ်။
အဲဒီနောက် ဆက်လက်အရေးယူဖို့ဆောင်ရွက်နေချိန် ဗျူဟာမှူးက မချေမငံဆက်ဆံပြီး ရန်လိုသောအနေအထားနဲ့ မတ်တပ်ရပ်လိုက်တာကြောင့် ရုန်းရင်းဆန်ခတ်အခြေအနေဖြစ်ပြီး အနီးမှာရှိနေတဲ့ တော်လှန်ရေးရဲဘော်တွေက စစ်ဆေးရေးရဲဘော်ကိုအကာအကွယ်ပေးဖို့ လုံခြုံရေးအရလက်ဦးမှုယူပြီး ပစ်ခတ်လိုက်ရတယ်လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားကဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေထွက်ပြေးချိန် ရဟတ်ယာဥ်ကလည်း ဝေဟင်ကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးရဲဘော်တွေကပစ်ခတ်တာနဲ့ ရဟတ်ယာဥ်ကပစ်ခတ်တာတွေကြောင့် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်စလုံးလည်း သေဆုံးသွားတယ်လို့ KNU ဘက်ကဆိုပါတယ်။
“စစ်ရေးက တအားတင်းမာပြီး လေယာဥ်တွေလည်းများတော့ ပြဿနာတက်တာပေါ့နော်။ လုံခြုံရေးအရ အမြန်ဆုံးရှင်းရတာပေါ့နော်” လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားကပြောပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ မြေပြင်တိုက်ပွဲအခြေအနေကို ထိန်းချုပ်ဖို့ဆိုတာဟာ လွယ်ကူတဲ့အနေအထားမဟုတ်တဲ့အတွက် ဖမ်းဆီးမိပြီးမှာ သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်သားတွေအတွက် ဝမ်းနည်းကြောင်းလည်း KNU ဘက်က ဆိုပါတယ်။
ထီးထစခန်းဟာ စစ်ကောင်စီတပ်သား ရာနဲ့ချီအထိုင်ချထားတဲ့ စခန်းဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားအားလုံးသေဆုံးတယ်လို့ တော်လှန်ရေးရဲဘော်တွေကဆိုပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရပါဘူး။
“တိုက်ပွဲကြီးတစ်ပွဲမှာ လေယာဥ်တွေများတော့ ဘယ်နှယောက်ထွက်ပြေးတယ်၊ ဘယ်နှယောက်သေဆုံးတယ်၊ ဘယ်နှယောက်ဖမ်းမိလဲဆိုတာကိုတောင်မှ ကျနော်တို့ အချက်အလက်အတိအကျမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲပြီးတဲ့အချိန်မှာလည်း စကစကဆက်ပြီးတော့ဗုံးကြဲနေတယ်” လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားကပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ရှစ်ရက်အတွင်း စစ်ကောင်စီတပ်က K-8W ဂျက်ဖိုက်တာ ၂ စီး ၊ Y-12လေယာဥ် ၂ စီး ၊ M-17 ရဟတ်ယာဉ် ၃ စီးကိုအသုံးပြုပြီး ဗုံးကြဲခဲ့တာပါ။ တော်လှန်ရေးတပ်ဘက်ကတော့ တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိခဲ့ပါတယ်။
စခန်းသိမ်းလုနီးပါးဖြစ်နေတဲ့ အခုလ ၁၉ ရက်နေ့မွန်းလွဲပိုင်းက စစ်ကောင်စီဘက်က Mi-17 ရဟတ်ယာဥ်သုံးစီးနဲ့ စစ်ကူတွေလာရောက်ပို့ဆောင်ဖို့ကြိုးစားခဲ့ပေမဲ့ တော်လှန်ရေးတပ်တွေပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အဲဒီရဟတ်ယာဥ်တွေဟာ ထိုင်း-မြန်မာနယ်စပ်က ထီးခီးနယ်စပ်စခန်းကိုသာ စစ်ကောင်စီတပ်သား အင်အား ၆၀ ကျော်ပို့ဆောင်ခဲ့တယ်လို့လည်း တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။
စခန်းသိမ်းပြီး တစ်ရက်အကြာ မနေ့ကမနက်ပိုင်းမှာလည်း ထီးထဗျူဟာတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ၁၂၀ မမ လက်နက်ကြီး နှစ်လက်နဲ့ ၆၀ မမ လက်နက်ကြီးလေးလက်နဲ့ ဗုံးသီးတွေ၊ RPGတွေ၊ MA-1၊ MA-2၊ MA-3၊ G-3 သေနတ်တွေနဲ့ ငါးကြင်းမှီး စက်လက်တွေအပါအဝင် ကျည်ဆံနဲ့ မိုင်းတွေ၊ ဆက်သွယ်ရေးသုံးပစ္စည်းတွေနဲ့ စစ်သုံးပစ္စည်းတွေ ရာနဲ့ချီသိမ်းမိခဲ့တယ်လို့ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားရဲ့ ပြောပြချက်အရ သိရပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင်ရုံးကတော့ ထီးထဗျူဟာစခန်းလို့ခေါ်တဲ့ ကမ်းရိုးတန်းတိုင်းစစ်ဗျူဟာ ၁ စခန်းသိမ်းတိုက်ပွဲမှာ စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့တဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုအားလုံးကို ဂုဏ်ပြုကြောင်း စာထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲဟာ KNU တပ်မဟာ ၄ KNLA (တပ်ရင်း ၁၀)၊ KNLA (တပ်ရင်း ၁၂)၊ KNLA (တပ်ရင်း ၂၀၃)၊ KNDO (တပ်ရင်း ၇)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် (တပ်ရင်း ၁) နဲ့ (တပ်ရင်း ၂)၊ TPLF တပ်ဖွဲ့၊ KNU နဲ့ ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့တွေ၊ တော်လှန်ရေးရဲတပ်ဖွဲ့တွေနဲ့ လူငယ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း ထီးထဗျူဟာစခန်းမှာ စစ်ကောင်စီတပ်သားတွေ ပြန်လည်အခြေချနိုင်တာမရှိသေးဘဲ တော်လှန်ရေးတပ်တွေဘက်ကပဲ စိုးမိုးထားတယ်လို့ ပဒိုအယ်နားကဆိုပါတယ်။
ထီးထဗျူဟာစခန်းဟာ စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့စစ်ကောင်စီစခန်းတွေထဲက အခိုင်အမာဆုံးနဲ့ စစ်ကောင်စီတပ်သား အင်အားအတောင့်တင်းဆုံး စခန်းတစ်ခုလည်းဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီစခန်းနေရာဟာ ၁၉၇၄ ခုနစ်ဝန်းကျင်လောက်စလို့ KNU တပ်မဟာ ၄ ရဲ့ ခရိုင်ဌာနချုပ်အခြေစိုက်ခဲ့တဲ့နေရာဖြစ်ခဲ့ပြီး ၁၉၉၇ ခုနစ်မှာတော့ စစ်ကောင်စီကတိုက်ခိုက်သိမ်းယူပြီး ဗျူဟာစခန်းအဖြစ် အခိုင်အမာအခြေချထားတဲ့နေရာလည်းဖြစ်ပါတယ်။
ထီးထဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်နိုင်လိုက်တာကြောင့် ထားဝယ်မြို့အရှေ့ဘက်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ဖို့ ပိုမိုနီးစပ်လာပြီလို့လည်း တော်လှန်ရေးဘက်က သုံးသပ်နေကြပါတယ်။
The Tanintharyi Times
ပုံစာ - ထီးထစခန်းဗျူဟာမှူးနဲ့ စခန်းသိမ်းတိုက်ပွဲအတွင်းက တော်လှန်ရေးရဲဘော်တွေနဲ့ သိမ်းမိခဲ့လက်နက်ခဲယမ်းတွေ။
05/08/2024
မောင်မယ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ်မီးရှို့နေ
ထားဝယ် ၊ သြဂုတ်လ - ၅ရက်
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာက နေအိမ်တွေကို ဒီကနေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ကမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက်ပိုင်းက မောင်မယ်ရှောင်ရွာထဲကို ထပ်မံဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ မွန်းလွဲ ၃ နာရီလောက်မှာ ရွာအရှေ့ပိုင်းက နေအိမ်တွေကိုမီးရှို့နေတာပါ။
“အခုထိလောင်လို့ကောင်းနေတုန်းပဲ။ မီးခိုးလုံးကြီးတွေမြင်နေရတယ်။ တစ်နာရီကျော် နှစ်နာရီနီးပါးလောက်ကြာနေပြီဗျာ။ တော်တော်ဒေါသထွက်တယ်” လို့ မျက်မြင်တွေ့နေရတဲ့ ဒေသခံအမျိုးသားတစ်ဦးက ညနေငါးနာရီလောက်မှာပြောပါတယ်။ ပြောပါတယ်။
မီးရှို့ခံနေရတဲ့နေအိမ်ဆယ်ဆောင်ဝန်းကျင်လောက်အထိရှိနိုင်တယ်လို့ မျက်မြင်တွေ့ရှိရတဲ့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မနက် ၁၁ နာရီလောက်ကတည်းက မြေတင်ကားလေးစီးစာနဲ့ ခြေလျင်အင်အား ၃၀ စုပေါင်းပြီး မောင်မယ်ရှောင်ရွာထဲကိုဝင်ရောက်လာတာပါ။
လက်ရှိမောင်မယ်ရှောင်ရွာထဲမှာ အင်အားအနည်းဆုံး ၁၀၀ ကျော်လောက်ရှိနိုင်ပြီး ရွာထဲကိုစတင်ဝင်ရောက်လာကတည်းက အိမ်တွေကို မီးရှို့မယ်လို့ကျုံးဝါးပြီးဝင်ရောက်လာတာလို့ ဒေသခံတွေကဆိုပါတယ်။
နောက်ထပ်စစ်ဘေးရှောင်နေတဲ့ဒေသခံတစ်ဦးက “မီးကတော်တော်များတယ်။ ကျမတို့ကတော့ တခြားမှာရှောင်နေတာပေါ့။ မီးလောင်တဲ့နေရာနဲ့တော့လှမ်းတယ်။ မီးပေါက်ထွက်တဲ့သံတွေကိုတော့ သေချာကို ကြားနေရတယ်” လို့ဆိုပါတယ်။
မနေ့ကညနေပိုင်းမှာလည်း မောင်မယ်ရှောင်ရွာထဲကိုရောက်နေတဲ့ စစ်ကာင်စီတပ်သားတွေက ဒေသခံတွေရဲ့ ဆိုင်ကယ်သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
မနေ့ကမွန်းလွဲပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မောင်မယ်ရှောင်ရွာထဲမှာ တစ်နာရီဝန်းကျင်လောက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
ဘယ်အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတာကို မသိရသေးပေမဲ့ စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီနေ့မှာတော့ မောင်မယ်ရှောင် ရွာထဲမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောစီတပ်သားတွေကသာ ရွာထဲမှာနေရာယူပြီး မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ဇွတ်လ ၂၆ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာကနေအိမ် ၄ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
မောင်မယ်ရှောင်ရွာကို မကြာခဏဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေကိုဖမ်းဆီးတာ၊ သေနတ်နဲ့ပစ်ခတ်တာတွေအပြင် တစ်ရွာလုံးနီးပါးကနေအိမ်တွေကိုလည်း ပြီးခဲ့တဲ့နှစ်လအတွင်း ဖောက်ထွင်းခိုးယူခဲ့ပါတယ်။ ဖောက်ထွင်းထားတဲ့ပစ္စည်းတွေကို ကားတွေနဲ့အကြိမ်ကြိမ်သယ်ယူတာတွေကိုလည်း အကြိမ်ကြိမ်လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွကပြောပါတယ်။
မောင်မယ်ရှောင်ရွာက ဒေသခံတွေကတော့ ပြီးခဲ့တဲ့ဇွန်လကစလို့ ရွာလုံးကျွတ် နေအိမ်တွေကိုစွန့်ခွာပြီး နီးစပ်ရာမှာ တိမ်းရှောင်နေထိုင်နေကြပါတယ်။
The Tanintharyi Times
ပုံစာ - ဒီနေ့ညနေပိုင်းက မောင်မယ်ရှောင်ရွာထဲမှာ မီးလောင်နေတဲ့ မြင်ကွင်း။
ဓာတ်ပုံ - CJ
Click here to claim your Sponsored Listing.