NAING AUNG

NAING AUNG

Share

Yes, i can!

25/03/2026

လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ကိုယ်နဲ့ ကိုယ့်ကို အသိအမှတ်မပြုတဲ့ ရေပေါ်ဆီ အလုပ်ရှင်နဲ့ ၂ ယောက်တည်း သောင်တင်သွားကြပြီး အဲ့ဒီအလုပ်ရှင်က ကျွန်းပေါ်မှာတောင် မချေမငံဆက်ဆံနေဆဲ၊ အာဏာပြနေတုန်းပဲဆိုရင် ဘာဆက်လုပ်မိကြပါမလဲ။

ပထမဆုံးပြောချင်တာက Send Help ဟာ အတော်လေးကျစ်လစ်သပ်ရပ်ပြီး ကျေနပ်စရာကောင်းတဲ့ စွယ်စုံရုပ်ရှင်ကားကောင်းတစ်ကားပါ။ ဒီရုပ်ရှင်ဟာ Spider-Man, Doctor Strange: Multiverse of Madness ရုပ်ရှင်တွေက Sam Raimi မဟုတ်ဘဲ Drag Me to Hell, The Evil Dead ရုပ်ရှင်တို့က ခေတ်ဟောင်း Sam Raimi ကို ပြန်ရတဲ့ရုပ်ရှင်ဖြစ်ပြီး Send Help ဟာ သူတင်ဆက်ပြတဲ့ ဇာတ်လမ်းဘောင်အတွင်းမှာ သေသေသပ်သပ်ကလေးနဲ့ ညခင်းတစ်ခင်းကို သူနဲ့အတူ ဖြတ်သန်းရကျိုးနပ်စေခဲ့တယ်။

Send Help ရုပ်ရှင်မှာ ရာထူးတိုးဖို့အရေး အလုပ်ကိုသည်းကြီးမည်းကြီး ကြိုးစားလုပ်ရှာတဲ့ ကုမ္ပဏီဝန်ထမ်း Linda နဲ့ ကုမ္ပဏီကို အဖေလက်ထဲက လက်လွှဲယူခါစ မိုးကျရွှေကိုယ် သူဌေးသား Bradley တို့ အလုပ်ကိစ္စနဲ့ ဘန်ကောက်ကိုသွားတဲ့လမ်းမှာ လေယာဥ်ပျက်ကျပြီးနောက် ကျွန်းတစ်ကျွန်းပေါ် ၂ ယောက်တည်း သောင်တင်သွားကြပြီး အသက်ရှင်သန်နိုင်ဖို့ ကြိုးစားကြရပုံကို ပုံဖော်ထားတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြသူတွေလို့ ခံယူထားကြတာတော့ မဟုတ်ခဲ့ဘူး။ ဒီခရီးမတိုင်ခင်မှာ Bradley က ကုမ္ပဏီမှာ ၇ နှစ်ကြာ အလုပ်လုပ်လာခဲ့တဲ့ Linda ကို အဖေ့ကတိအတိုင်း ရာထူးတိုးပေးရမယ့်အစား အလုပ်ဝင်တာ ၆ လပဲရှိသေးတဲ့ ကျောင်းနေဖက်ကို ရာထူးတိုးပေးခဲ့သလို Linda ရဲ့ ရိုးရိုးအအ နေထိုင်ပုံအပေါ် မချေမငံ ဆက်ဆံခဲ့ဖူးတယ်။ ဒီလုပ်ရပ်တွေဟာ ကျွန်းပေါ်သောင်တင်အပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကြားမှာ အဖုအထစ်တွေဖြစ်လာခဲ့ပြီး ရောက်ရာနေရာမှာ အသားကျရှင်သန်တတ်တဲ့ Linda နဲ့ ငါးကင်ခွံ့ကျွေးတာတောင် ပျို့တက်တတ်တဲ့ ရေပေါ်ဆီသူဌေးသား Bradley တို့ကြားမှာ အားပြိုင်မှုတွေ ရှိလာတော့တယ်။

ကယ်သူမဲ့ကျွန်းပေါ်က Send Help ရုပ်ရှင်ဟာ မြသန်းတင့်ရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” လို၊ ဒါမှမဟုတ် Tom Hanks ရဲ့ Cast Away လို ဇာတ်လမ်းမျိုးလို့ ထင်ရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ သွေးသံရဲရဲ ဇာတ်ဝင်ခန်းတွေ၊ အော်ဂလီဆန်စရာ Body Horror ပြကွက်တွေ ပါဝင်သလို အလွှာမတူကြတဲ့နေရာကလာပြီး အစိုင်အခဲတွေရှိနေတဲ့ လူ ၂ ယောက်ကြားက လွန်ဆွဲအားတွေနဲ့ ရှင်သန်ဖို့အတွက် ရုန်းကန်ရပုံတွေလည်း ပါဝင်ပါတယ်။ Sam Raimi လို့ပြောလိုက်တာနဲ့ ပြေးမြင်ကြမယ့် ထူးခြားဆန်းပြား ကင်မရာရိုက်ချက်တွေ၊ ဝါးခနဲထခြောက်ပုံတွေတော့ မြင်တွေ့ရမှာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း၊ ကျစ်ကျစ်လစ်လစ်နဲ့ သူပြချင်တာကို ခပ်သွက်သွက်ပဲ ပြသွားခဲ့တယ်။ Send Help ရုပ်ရှင်ဟာ ဟော်ရာရုပ်ရှင်ဆိုလည်းဟုတ်တယ်။ စွန့်စားခန်းရုပ်ရှင်ဆိုလည်းဟုတ်တယ်။ သည်းထိပ်ဖိုရုပ်ရှင်ဆိုလည်းဟုတ်တယ်။ ဒရာမာဆိုလည်းဟုတ်တယ်။ ဟာသဆိုလည်းဟုတ်တယ်။ ဝေးလံခေါင်ဖျားနေရာတစ်ခုမှာ သောင်တင်သွားတဲ့ ဇာတ်လမ်းတွေရဲ့ ပုံသေကားကျ ပြကွက်တွေကို မြင်ရသလို ဘာဆက်ဖြစ်မလဲ သိတော့မလိုဖြစ်လာတိုင်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေ ထုတ်ပြပြီး ပရိသတ်ကိုလည်း လှည့်စားနိုင်သေးတယ်။

ဘတ်ဂျက် သန်း ၄၀ သာရှိတဲ့ရုပ်ရှင်ဖြစ်တဲ့အလျောက် အထူးပြုလုပ်ချက်အားကိုးရတဲ့ လေယာဥ်ပျက်ကျခန်းတွေ၊ တောဝက်လိုက်ခန်းတွေမှာတော့ လိုအပ်ချက်တွေကို မြင်တွေ့နိုင်မှာဖြစ်ပေမယ့် Sam Raimi လုံးဝဝိတ်မလျှော့ထားတာကတော့ ဇာတ်ညွှန်းပါပဲ။ Send Help ဟာ Linda ဇာတ်ကောင်ကို တည်ဆောက်တဲ့နေရာမှာ အပြောထက် ပြကွက်တွေကတဆင့် ထိထိရောက်ရောက် ပုံဖော်သွားနိုင်ခဲ့ပြီး ရုပ်ရှင်အစ ၁၅ မိနစ်အတွင်းမှာတင် သူဟာ အလုပ်ကြိုးစားပါရက်နဲ့ ကော်ပိုရိတ်လုပ်ငန်းခွင်ပီပီ အပေါ်ဖား အောက်ဖိတဲ့အလေ့အထတွေကြောင့် အသိအမှတ်အပြုမခံရသူ၊ အပေါင်းအသင်းမရှိလို့ ကြက်တူရွေးမွေးပြီး စကားထိုင်ပြောနေရသူ၊ “အမြင်လှ” ဖို့ ဦးစားပေးတဲ့အသိုင်းအဝိုင်းမှာ မသင့်တော်ဘူးလို့ ယူဆခံရသူဆိုတာ သိသာပေါ်လွင်နေခဲ့တယ်။ ဒါဟာ Linda ဇာတ်ကောင်အတွက်သာမက သူ့ရဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ လူ့မလိုင် ရေပေါ်ဆီ Bradley ဇာတ်ကောင်ကို တည်ဆောက်ရာမှာလည်း အထောက်အကူအများကြီးဖြစ်ခဲ့ပြီး ရုပ်ရှင်ဟာ အဓိကဇာတ်ကောင် ၂ ယောက်အကြောင်း ပရိသတ်သိသင့်သလောက်ကို အချိန်တိုအတွင်းမှာတင် ပြောပြနိုင်ခဲ့တာကြောင့် ဇာတ်လမ်းကို မြန်မြန်ဆန်ဆန် အရှိန်တင်နိုင်ခဲ့တယ်။

Sam Raimi အပြင် ဒီရုပ်ရှင်မှာ မဖြစ်မနေချီးကျူးရမှာကတော့ Linda နေရာက သရုပ်ဆောင်တဲ့ Rachel McAdams ပါပဲ။ The Notebook, About Time တို့က မင်းသမီးမှဟုတ်ရဲ့လားလို့ မေးယူရလောက်အောင် သနားစရာလည်းကောင်း၊ ကျောချမ်းစရာလည်းကောင်း၊ ကျေနပ်စရာလည်းကောင်းအောင် စွမ်းဆောင်ပြသွားခဲ့တယ်။ Bradley နေရာက သရုပ်ဆောင်တဲ့ Dylan O’Brien တစ်ယောက် ကျွန်းပေါ်မရောက်ခင်နဲ့ ရောက်ပြီးနောက်ပိုင်း ပြောင်းလဲသွားပုံတွေဟာလည်း သဘောကျစရာကောင်းပြီး Linda ဇာတ်ကောင်ကို ပိုကြွလာစေဖို့အတွက် အပြိုင်ဇာတ်ကောင်အနေနဲ့ တာဝန်ကျေပွန်စေခဲ့တယ်။

အပေါ်မှာပြောခဲ့ပြီးပြီဆိုပေမယ့် Send Help ရုပ်ရှင်ကို ကျွန်တော်တို့သိထားပြီးသား ကယ်သူမဲ့ကျွန်းပေါ်က ဇာတ်လမ်းတွေလိုထင်ရင် အမှားကြီးမှားသွားလိမ့်မယ်ဆိုတာ ထပ်လောင်းသတိပေးချင်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဒါရိုက်တာကြီး Sam Raimi အငွေ့အသက်ကို ပြန်လည်ခံစားရတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး Sam Raimi ဟာ အခုလို ဘတ်ဂျက်နည်းနည်းနဲ့ ကျစ်လစ်တဲ့ရုပ်ရှင်တွေကို ဖန်တီးတဲ့နေရာမှာ ပိုင်နိုင်နေဆဲဆိုတာ Send Help ရုပ်ရှင်က သက်သေထပ်ပြနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နှစ်ခါပြန်ကြည့်ချင်လောက်မယ့် ရုပ်ရှင်မဟုတ်သလို ကြည့်ရှုပြီး တစ်လလောက်ကြာတဲ့အခါ အထူးတလည် ပြန်အမှတ်ရနေမယ့်ရုပ်ရှင်မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ထက် ဘတ်ဂျက် ၂ ဆမကသုံးစွဲပြီး သူ့လောက်တောင် စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်စွမ်းမရှိဘဲ ဖွာလန်ကြဲနေတဲ့ Streaming ကိုယ်တိုင်ထုတ်ရုပ်ရှင်ကားတွေနဲ့ ယှဥ်လိုက်ရင် Send Help ဟာ ၁၀ မှတ်မှာ ၇ မှတ်ကို သေချာပေါက်ပြေးမလွတ်အောင် ဖျော်ဖြေမှုရသပေးနိုင်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကယ်သူမဲ့ကျွန်းပေါ်က လူ ၂ ယောက်ရဲ့ အသက်ရှင်သန်ရေးတိုက်ပွဲဟာ အခုလောက် စိတ်ဝင်စားစရာကောင်းမယ်လို့ မထင်မှတ်ထားခဲ့တာ အမှန်ပါပဲ။ ညခင်းအနားယူအပန်းဖြေချိန်မှာ အချိန်အများကြီးပေးစရာမလို၊ အတွေးနယ်ချဲ့စရာမလိုအပ်ဘဲ ရုပ်ရှင်အစအဆုံး ကိုယ့်အာရုံကို ဖမ်းစားထားနိုင်မယ့် စွန့်စားခန်း/ဟော်ရာ/ဒရာမာ/သည်းထိပ်ရင်ဖိုရုပ်ရှင်ကားတစ်ကားကို ရှာဖွေနေတယ်ဆိုရင် Sam Raimi ရဲ့ Send Help ဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မှာပါ။ ဒီလူကြီးဆီကနေ The Evil Dead လို ဂန္တဝင်လက်ရာတွေ ထပ်မမြင်ရသေးရင်တောင် အခုလို ဖျော်ဖြေမှုရသ ပြည့်ဝတဲ့ ရုပ်ရှင်မျိုးတွေတော့ ထပ်ကြည့်ခွင့် ရချင်ပါသေးတယ်။

Cinema Boulevard အနေနဲ့ Send Help ရုပ်ရှင်ကို အဆင့်သတ်မှတ်ချက် ၃.၅/၅ ပေးပါတယ်။ ကြည့်ရှုပြီးကြတဲ့ စာဖတ်သူတွေအနေနဲ့ရော Sam Raimi ရဲ့ရုပ်ရှင်သစ်ကို ဘယ်လိုမြင်ကြပါသလဲ။ ကိုယ့်ရဲ့အမြင်တွေကို ကွန်းမန့်မှာ ပြောပြခဲ့ကြပါဦးခင်ဗျာ။

25/03/2026

အချိန်အကြာကြီးနေမှ ကိုယ်သဘောပေါက်လိုက်တာက ကိုယ်ဟာလည်း သူ့အတွက် Toxic ဆိုတာပဲ။

ထင်ခဲ့တာက ကိုယ်က ကောင်းပေးတယ်၊ ဂရုစိုက်ပေးတယ်၊ ချက်ပြုတ်ကျွေးမွေးတယ်၊ သစ္စာရှိပေးတယ်၊ အလုပ်တွေကူပေးတယ်၊ အကြံဉာဏ်တွေပေးတယ် ဆိုတော့ ကိုယ့်အပေါ် လေးနက်တဲ့ တွယ်တာခြင်းနဲ့ အစားထိုးမရနိုင်ဘူးထင်ခဲ့တာ။ တကယ့်တကယ်က မဟုတ်ဘူး။

ဘယ်လိုဖြစ်လဲဆိုတော့ မျက်မမြင်ကို မှန်တစ်ချပ် လက်ဆောင်ပေးလိုက်တာနဲ့တူတယ်။ သူ ကျေးဇူးမတင်ဘူး။ အဲဒီမှန်ကြီးကို ထိန်းသိမ်းရတာ သူ့အတွက် ဝန်တောင် ပိုသေးတယ်။ အဲလိုပဲ အပျော်အပါးပွေရှုပ်ရမှ ပျော်တဲ့သူကို သစ္စာတွေ၊ မေတ္တာတွေ၊ ချစ်တာတွေ၊ ကိုယ်ချင်းစာတရားတွေ၊ ကိုယ်ကျင့်တရားတွေ သွားပေး၊ သွားဟောတော့ သူ့အတွက် ကျဉ်းကြပ်တာပေါ့။ သူ မပျော်တာ မဆန်းပါဘူး။

အစတည်းက သူက ဒါတွေကို တောင်းဆိုလိုလားနေတာမှ မဟုတ်တာ။ ပွေရှုပ်တာကို မသိချင်ယောင်ဆောင်၊ လက်ခံပေး၊ ကြိုဆိုပေးတာကမှ သူ့အတွက် ပျော်ရွှင်မှုဖြစ်စေတာ။ ဆိုတော့ ကိုယ်ပေးခဲ့သမျှဟာ သူ့ရင်ထဲ ဘာမှ မကျန်ရစ်ခဲ့ပါဘူး။ သူ ပျော်နေတာက သူ အလှည့်ကျအိပ်နေလည်း ပြဿနာမရှာတဲ့ မိန်းကလေးပေါင်း သောင်းခြောက်ထောင်နဲ့ လက်ရှိ relationship တွေပဲ။

လူတွေက ကိုယ်က ပိုကောင်းပေး၊ ပိုချစ်ပေးရင် ကိုယ့်ကို ပြန်ချစ်လာမယ် ဒါမှမဟုတ် ပိုချစ်လာမယ်လို့ ထင်ကြတာ။ အမှန်တော့ အဲဒါက လုံးဝမှားတဲ့ အယူအဆပါ။ ဘဝမှာ အကြိမ်ကြိမ် ကောင်းပေး ကြင်နာပေးခဲ့ပြီးပြီ။ ပိုလည်း မချစ်လာသလို ပြန်ပြီးလည်း မငဲ့ညှာကြပါဘူး။ လူတွေက သူတို့ချစ်ရင် ချစ်တာပဲ ဘာဆို ဘာမှ လုပ်ပေးဖို့ကို မလိုတာ။ မချစ်ချင်ရင် ဘာတွေဘယ်လောက် လုပ်ပေးပေး တန်ဖိုးကို မထား၊ အဖက်ကို မလုပ်တာ။ သူ့ကြောင့် ဘယ်လောက်ပဲ ထိခိုက်ပျက်စီးခဲ့စေဦးတော့ သနားချင်မှ သနားတာ။ သနားချင်တဲ့သူကျတော့ ပုရွတ်ဆိတ်ကိုက်တာတောင် တစ်ဘဝလုံးပေးဆပ်ပြီး ညှာတာနေတတ်ကြတယ်။

အဲ့တော့ ဘယ်သူ့ကိုမှ ကောင်းပေးတာ၊ ကြင်နာပေးတာ၊ ဂရုစိုက်ပေးတာ၊ ကိုယ့်ကိုယ်ကို သူကြိုက်မယ့်ပုံနေပေးတာ လုပ်ကို လုပ်မနေနဲ့။ လုပ်နေလည်း အပိုပဲ။ ချစ်တဲ့သူက ချစ်ကို ချစ်တာပဲ။ မချစ်တဲ့သူက ဘယ်လောက် ဖြောင်းဖြ ဖြောင်းဖြ။ ဘယ်လောက်ပဲ တန်ဖိုးရှိကြောင်း သက်သေပြပြ၊ လူ့အသိုင်းအဝိုင်းတစ်ခုလုံးက တန်ဖိုးထားပါစေဦးတော့ သူ မလိုချင်ရင် အလကားပဲ။

ဥပမာ လူဆယ်ယောက်မှာ ၇ ယောက်က ဘီယာဘယ်လောက်ကောင်းတယ်ဆိုဆို ကျန်တဲ့ ၃ ယောက်က ခါးတယ်ဆိုပြီး မကြိုက်ကြတာလည်း ရှိတာပဲလေ။ ဒူးရင်းသီး ဒီလောက်ကောင်းတာကို ဘာလို့မကြိုက်တာလဲလို့ ငြင်းခုန်နေရသလိုပဲ။ ကိုယ် ဒီလောက်ကောင်းပေးတာ ဘာလို့ တူညီတဲ့တုံ့ပြန်မှုမရသလဲ မေးနေရရင် အဖြေကရှင်းပါတယ်။ အစတည်းက ကိုယ်ပေးခဲ့တာတွေက သူလိုချင်ခဲ့တဲ့အရာတွေ မဟုတ်လို့ ဆိုတာပါပဲ။ ဗေဒါပန်းလေးကို မြောချင်ရာ မြောနေလို့ဆိုပြီး အိမ်ဦးခန်းမှာ ပန်းအိုးနဲ့ထည့်ထားလို့ အပင်က သက်ဆိုးမရှည်ပါဘူး။

ဒါကို သဘောပေါက်သွားတဲ့အခါမှာတော့ မမျှတတဲ့ဘယ်ဆက်ဆံရေးကိုမဆို ဝမ်းမနည်းတတ်တော့ဘူး။ အရာအားလုံးဟာ သူ့သဘော သူ ဆောင်ကြတာချည်းပဲပေါ့ … ။ ပရိတ်တော်တွေဟာ အမှောင်လောကသားတွေအတွက်တော့ ငရဲပဲလေ။

စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်)

#စိမ့်စမ်းဖြူ #ဒေါက်တာစိမ့်

Category

Website

Address

Mandalay

Alerts

Be the first to know and let us send you an email when NAING AUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.