History notes
မင်းနန်သူ(သမိုင်းမှတ်စုများ)
07/06/2026
"သီီရိပဝရ တိလောက မဟာရာဇိန္ဒာဓိပတိ ပဒုမ ရတနာဒေဝီ"
မိဖုရားခေါင်ကြီး စကြာဒေဝီ ကံကုန်တော်မူသည်၏ နောက်၌ မင်းတုန်းဘုရင်ကြီးအဖို့ နန်းပြင်ခရီးထွက်တော်မူခြင်းများလည်း ရပ်ဆိုင်းသွားခဲ့လေပြီး ထိုမှ တခုတည်းသော အကြောင်းဖြင့်သာနန်းပြင်ခရီးကို နောက်ဆုံးထွက်ကြွတော်မူလေသည်။
ဤသည့်ခရီးကား မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီး ရေစက်ချပွဲအခမ်းအနားဖြစ်လေပြီး ထိုအခမ်းအနားသို့ တက်ရောက်တော်မူရန် နှမတော်အလယ်နန်းမိဖုရားကြီးအား ရွှေလက်ဆွဲကာဖြင့် ထီးဖြူဝန်းယှက် စိုက်မိုးခံစေပြီး ကြွမြန်းခဲ့လေသည်။
ဤသည့်ခရီးစဥ်ဝယ် မင်းတုန်းဘုရင်နှင့်မိဖုရားကြီးတို့ စီးနင်းလိုက်ပါလာသည့် ဖောင်တော်ကြီးမှာ ပကတိကျုံးရေပြင်၌ တိမ်းငဲ့စောင်းရွဲ့ခြင်းနှင့် လန့်ထိတ်ဖွယ်အတိတ်နမိတ်ကိုဆောင်သည်အား ဦးစွာ ကြုံရလေသည်။
တဖန် အတုမရှိရုပ်ပွားတော်ကြီး၏ မျက်နှာတော် ဆီသို့ ရောင်တော်ဖွင့်ရန် လှမ်းတက်လာသော မင်းတုန်းဘုရင်ခမျာ ရုတ်တရက်မူးဝေသည့်ဝေဒနာခံစားရပြီး နောက်သို့လန်၍ လျှောကျယိုင်လဲမည့်အသွင်ဖြစ်ပေါ်သည်တွင် နောက်ပါးတော်မှ သမီးတော် တပင်တိုင်စုဖုရား၏ ဖမ်းလင့်ဆီးကြိုမှုကို ခံခဲ့ရ၍သာ မင်းတုန်းဘုရင် အဖို့ ချမ်းသာရာ ရခဲ့ပေသည်။
စိတ်တော်ညစ်ညူးဖွယ်အဖြစ်အပျက်တို့နှင့် ကြုံကြိုက်ခဲ့ရသော မင်းတုန်းဘုရင် ၏ ထိုခရီးစဥ်ကား မင်းပရိတ်သတ်ဗိုလ်ပုံအလယ်ထွက်ပေါ်ကာ လူလုံးပြသည့် နောက်ဆုံးသောခရီးစဥ်တရပ်ဖြစ်ခဲ့ပြီး ထိုခရီးစဥ်မှ နန်းသို့ရောက်တော်မူပြီး ငါးလအကြာဝယ် မြောက်ဆောင်တော်ဖျား၊ ခုနစ်ရွာဖျား၊ လင်ပန်းဖျား၊ သက်ပန်းဖျားတို့ အတန်တန်ကန့်ကွက်ခဲ့သည့်ကြားမှ နှမတော် အလယ်နန်းတော်ရှင်မိဖုရားအား "သီီရိပဝရ တိလောက မဟာရာဇိန္ဒာဓိပတိ ပဒုမရတနာဒေဝီ" ဘွဲ့မည်တော်နှင့် တိုင်းပြည်ထောင်ဖက် မိဖုရားကြီးအရာ နှင်းအပ်ခဲ့လေတော့သည်။
ကိုးကား
မြန်မာနိုင်ငံ လက်ရွေးစင်ရှေးဟောင်းခေါင်းလောင်းစာများ
ဦးစိန်မောင်ဦး (ရှေးဟောင်းသုတေသန)
#မင်းနန်သူ
04/06/2026
"စစ်ကိုင်းကိုယ်တော်လေး မောင်နန်းဆင် မြတ်နိုးတော်မူတဲ့ ကိုယ်လုပ်တော် ခင်နု ဆိုတာ မယ်မင်းလား မဖျား ထွတ်ချာကို မော်ဖူးစေ"
ခုနစ်ဆယ်အရွယ်မိန်းမသားကြီး တဦး၏ ပါးစပ်မှ ထွက်ပေါ်လာသော အသံတ
သည် သြဇာအပြည့် မာန်အပြည့်နှင့်။ အရွယ်တော် ငယ်စဥ်ကဆိုလျှင် အဘယ်မျှ ရာဇမာန်ကြီး၍ မောက်မာခဲ့မည်မသိ။ အမယ်ကြီး၏ အမိန့်သံကြောင့်ပင် ရှေ့တော်မှ မိန်းမသားလေးသည် အတန်ငယ်တုန်လှုပ်သွား ပုံရသည်။ သို့တိုင် မာန်ကိုတင်းလျှက်ဖြင့် အမယ်ကြီး၏ အမိန့်အတိုင်း မျက်နှာတော်ကို မော်၍ ဖူးလိုက်လေသည်။
ထိုမိန်းမပျိုအား မျက်တောင်မခတ် စိုက်ကြည့်နေသော အမယ်ကြီးသည် တဖြည်းဖြည်း မော့၍လာသော မိန်းမပျို၏ မျက်နှာအား ကျနစွာ အကဲခတ်ပြီးသည့်နောက် စိတ်ပျက်သွားဘိအလား နွမ်းလျစွာ သက်ပြင်းရှည်ကို ချလိုက်လေသည်။
"ဟင်း...."
"မောင်ဝိုင်းက စလို့ ကုန်းဘောင်မျိုးတွေအားလုံး မျက်လုံးမွဲကုန်ကြပြီထင်ရဲ့ ဘယ်မှာလဲ လူကို ဖမ်းစားနိုင်တဲ့ အလှတရား ဟင်း....ဟင်း....ဟင်း"
စကားဆုံးသည်နှင့် အမယ်ကြီးသည် သဘောကျဘိအလား ကျိုးပဲ့နေသော သွားတို့ အချို့အဝက်မျှ ပေါ်သည်အထိ ရယ်မောပစ်လိုက်သည်။ သို့တိုင် ဇရာ၏ ဝါးမြိုခြင်းကို ခံနေရသည်အား တဖက်လူ မရိပ်မိစေရန် ချက်ချင်း ရာဇဣန္ဒြေ ကို ဆောင်၍ မျက်နှာကို တည်လိုက်လေသည်။ သည်လိုဆိုတော့လည်း ခုနစ်ဆယ်အရွယ်အမယ်ကြီးဟု အဘယ်သူ အလွယ်တကယ် မှတ်ထင်နိုင်ပါတော့စ။
"တို့များ အရွယ်တော်ကောင်းစဥ်က ဆိုရင် ကုန်းဘောင်နန်းတွင်းက အနောက်ဆောင်တခုလုံး မှာ တို့များအလှတရားကို ဘယ်သူယှဥ်နိုင်ခဲ့သလဲ မယှဥ်နိုင်လို့ပဲ ထွတ်ချာဒေဝီ အမြန်အိုမင်းပါစေ ဆိုပြီး ဆုတောင်းရတဲ့အထိ နုပျိုလှပခဲ့တာပေါ့ ဒါတွေကို မယ်မင်း သိစေမြင်စေချင်စမ်းပါဘိကွယ်"
"အိမ်း...မယ်မင်းမှာ သိမ်းငှက်လိုစူးရှတဲ့ မျက်လုံးတော့ရှိပါရဲ့ ဒီမျက်လုံးရှိရုံနဲ့တော့ ယောကျ်ားတွေ ကိုယ့်အပေါ် ညွတ်ကိုင်းလာအောင် ဖမ်းစားဖို့ ဆိုတာ လွယ်မလားကွဲ့ မောင်နန်းဆင်သာ သူ့အဘိုးအတိုင်း မျက်လုံးမွဲလို့ မယ်မင်းအပေါ် တိမ်းညွတ်မိတာပေါ့ ဒီရုပ်ဒီအကြည့်မျိုးနဲ့ တို့များခေတ်ကဆိုရင် ဘယ်နေရာရမလဲ အလွန်ဆုံးဖြစ်လှ အစေအပါးရံရွေသာသာပေါ့"
"ဟဲ့ ခင်နု ဆိုတဲ့ ကိုယ်လုပ်လေး ဟောဒီမှာ သေချာကြည့်စမ်း မြွေဟောက် တကောင်လို ညှို့ငင်ဖမ်းစားနိုင်တဲ့ မဖျားရဲ့ မျက်ဝန်းတွေကို ဒီမျက်ဝန်းတွေနဲ့ပေါ့ ကုန်းဘောင်ဧကရာဇ်ကြီး တို့သားအဖကို ဖမ်းစားပြီး ကုန်းဘောင်နန်းရိုးက မိန်းမသားတွေအပေါ်ကို အနိုင်ယူသွားခဲ့တာ မယ်မင်းလည်း မဖျားလို ဖြစ်ချင်ရင် မဖျား လိုကြိုးစားပေရော့"
"မယ်မင်းကို မဖျား အဲ့ဒီပညာရပ်တွေ သင်ကြားပေးမယ် ကံကောင်းလို့ အထွတ်အထိပ်ရောက်ခဲ့ရင်တော့ မဖျားအလိုအတိုင်း လိုက်နာမယ်လို့ ကတိပေးရမယ်"
"မဖျားအလိုဆိုတာလည်း တခြားမဟုတ်ပေဘူး မဖျား အရွယ်လည်းကြီးပြီ မောင်ဝိုင်းနေတဲ့ အမရပူရမှာ မပျော်ပိုက်ဘူး မဖျားမွေးဌာန ရွှေဝမှာသာ စံလိုတယ် မယ်မင်း အထွတ်အထိပ်ရောက်ရင် မဖျားဆန္ဒအတိုင်းပြည့်စေမယ်လို့ ကတိပေးနိုင်ပါစ"
"ထွတ်ချာရှင်ဖျား ဆန္ဒအတိုင်းပြည့်စေပါမယ်လို့ ခင်နု ကတိပေးပါရဲ့ဖျား"
"မယ်မင်းလှ မယ်မင်းလှ တို့များ ကစားခဲ့ကြတဲ့ ကမ္ဗုအရှင် ယှဥ်ပြိုင်ပွဲမှာ ဒီတကြိမ်ဘယ်သူအနိုင်ရမလဲဆိုတာ သိစေရမယ်"
ခင်နုထံမှ ကတိ စကားသံကို နားဆင်ရသည်၌ အမယ်ကြီးသည် အားရဝမ်းသာဖြင့် တကိုယ်တည်း ကြုံးဝါးလိုက်လေသည်။ သို့ရာတွင် နှမြောဖို့ကောင်းသည်မှာ ထိုကြုံးဝါးသံကို တဖက်မှ ပုဂ္ဂိုလ်သည် မကြားခဲ့ပေတကား။
#ကမ္ဗု့အရှင်မ
#မင်းနန်သူ
01/06/2026
"ကြေးတိုက်တော်မှာ နန်းတွင်းသုတ်သင်ပွဲ မဖြစ်ခဲ့ပါ"
သီပေါဘုရင် နန်းတက်စမှာ ဖြစ်ပျက်ခဲ့တဲ့ မင်းညီမင်းသား အပါးလေးဆယ် စီရင်ခံရမှုနဲ့ပတ်သက်ပြီး ကြေးတိုက်အတွင်း က ကျောက်ဖျာပေါ်မှာ စီရင်ခံသွားရတယ်လို့ လူအများဟာ ယူဆတွေးထင်နေကြပါတယ်။
ဒါတွင်မက ထိုအချိန်က အစီအရင်ခံရတဲ့ မင်းဆွေမင်းမျိုးတွေကိုလည်း ယခုအချိန်တိုင် ကြေးတိုက်အတွင်း မှာ မကျွတ်လွတ်ဘဲ စိတ်စွဲ ကျန်နေရစ်သေးတယ်ဆိုပြီး နန်းတော်အတွင်းက ကြေးတိုက်ကြီးကို ခြောက်ခြားဖွယ်ရာ နေရာတခုအဖြစ် လက်ညှိုးထိုးနေကြပါသေးတယ်။
အမှန်တကယ်တော့ မင်းညီမင်းသားတွေ အားလုံး အဆုံးစီရင်ခံခဲ့ရတဲ့နေရာဟာ ကြေးတိုက်တော်မှာ မဟုတ်ဘဲ နန်းတော်အရှေ့ သစ်တပ်အပြင် ရွေးတော်ယူတံခါး လက်ယာမှာ ရှိတဲ့ ရာဇဝတ်ရုံး အပါးက အကျဥ်းထောင်ကြီးထဲမှာ ဖြစ်ပျက်ခဲ့ခြင်းသာဖြစ်ပါတယ်။
ဒီတုန်းက ကြေးတိုက်တော်မှာ ချုပ်နှောင်ထားတဲ့ မင်းညီမင်းသား တွေကို မယ်တော်ဘုရား အိမ်ဖြူတော်ဦး ကျနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရာဇဝတ်ရုံးအနီးက အကျဥ်းထောင်ဆီ ပြောင်းရွှေ့ခဲ့ကြပါတယ်။
ဒီအချိန်မှာပဲ မြောက်ဆောင်တော်မိဖုရားဟောင်း အမှူးထားတဲ့ အဖမ်းဆီးခံ မင်းမိန်းမတစုကိုလည်း စလေမြို့ဝန်အိမ်ကနေ ရာဇဝတ်ထောင်အနိီးက ထောင်ကြီးဆီကို ရွှေ့ပြောင်းခဲ့ပါတယ်။
ဒီလို ရွှေ့ပြောင်းဖို့အတွက်နဲ့ လက်သုံးတော်ကြီးများဟာ လူအင်အားလေးရာ အထိ အသုံးပြုခဲ့ရပါတယ်။
သို့ကလို နန်းတော်နဲ့လှမ်းရာ သစ်တပ်အပြင် ကို မင်းညီမင်းသားတွေ ရောက်ရှိပြီဆိုမှပဲ ညအခါမှာ တိတ်တဆိတ် ခေါ်ထုတ်လို့ အဆုံးစီရင်ပြီး ရွေးတော်ယူအုတ်မြို့ရိုးနဲ့ သစ်တပ် အကြား မြေကွပ်လပ်မှာ ကျင်းတူးလို့ မြှုပ်နှံပစ်ခဲ့ပါတယ်။
ပြီးတဲ့အခါမှာ အပေါ်ကနေ မြေသားသိပ်သည်းစေဖို့အတွက် လက်သုံးတော်များဟာ ဆင်နဲ့နင်း မြေဖို့ခဲ့ကြပါတယ်။
ဒီနေရာမှာ ညအခါ တိတ်တဆိတ်နဲ့ အလျင်အမြန် ပြီးဆုံးဖို့ ဆောင်ရွက်ရတာဖြစ်လို့ နန်းသွေး မြေမကျရဆိုတဲ့ လုပ်ထုံးနည်းများကို မသုံးနိုင်ဘဲ ဓားနဲ့ ပိုင်းခဲ့ရတယ်လို့လည်း ပြောဆိုကြပါသေးတယ်။
ပုံ- မင်းညီမင်းသား တွေ စီရင်ခံရတဲ့ နေရာဆိုပြီး မှားယွင်းဖော်ပြထားသော ကျောက်ချပ်နှင့် ကြေးတိုက်အတွင်းပိုင်း
ကိုးကား
ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး တတွဲယတွဲ
ဦးမောင်မောင်တင်
#မင်းနန်သူ
30/05/2026
"တောင်ဆောင်တော်မိဖုရားကြီး ရှင်မယ်အောင်"
(ထားထားတော်၏ ဘွားတော်ကြီး)
ထားထားတော်(ကျပင်းခေါင်ဖျား) ရဲ့ ဖခင် ပုဂံဘုရင်ခံကြီး ဟာ ဘိုးတော်ဘုရားရဲ့ မင်္ဂလာအိမ်တော်ပါ တောင်ဆောင်တော်မိဖုရား က မွေးဖွားခဲ့တဲ့ သားသမီးလေးပါး အနက်က အကြီးဆုံးသားကြီးဖြစ်ပါတယ်။
မိဖုရားကြီးမှာ သားတော်ကြီး ပုဂံဘုရင်ခံအပြင် သမီးတော်ယောမင်းသမီး၊ သားတော် သန်လျင်မင်းသား၊ သားတော် ကနောင်မင်းသားဆိုပြီး သားသမီး လေးပါး ရှိခဲ့ပါတယ်။
မိဖုရားကြီးဟာ ဘိုးတော်ဘုရားရဲ့ မင်္ဂလာအိမ်တော်ပါ မိဖုရား ဖြစ်ပေမယ့် လစ်လပ်လေ့ရှိတဲ့ နန်းရအရာတွေကို တိုးမြှင့်ပေးခြင်းမခံရဘဲ ဆောင်ရဘဝ နဲ့သာ နိဂုံးချုပ် သွားခဲ့ရပါတယ်။
ဒါပေမယ့် မိဖုရားကြီးရဲ့ မြေးတော် မြစ်တော်တွေကတော့ ကုန်းဘောင်နှောင်းပိုင်းမှာ အဆင့်မြင့်ဆုံးသော နေရာတွေကို ရယူပြီး နတ်ရွာစံ ဘွားတော်ကြီးကို မျက်နှာပွင့်စေခဲ့ပါတယ်။
သားတော်ပုဂံဘုရင်ခံက မွေးတဲ့ မြေးမတော်ကြီး မင်းမြတ်ရွှေ(ထားထားတော်) ဟာ သာယာဝတီမင်းရဲ့ မိဖုရားခေါင်ကြီးအဖြစ်နဲ့ ကုန်းဘောင်သမိုင်း မှာ ဘုန်းကြီးခဲ့ရသလို မြေးမတော်အငယ်ဖြစ်တဲ့ ဘိုးတော်ချစ် မင်းသမီး (တင်တင်လေး) ဟာလည်း စစ်ကိုင်းမင်းရဲ့ မြောက်နန်းမိဖုရားကြီး အရာ ရယူနိုင်ခဲ့ပါတယ်။
ထို့အတူပဲ သမီးတော် ယောမင်းသမီး ကမွေးတဲ့ မြေးမတော် ရွှေနန်းယူဟာလည်း စစ်ကိုင်းမင်းရဲ့ အလယ်နန်းမိဖုရားကြီး အဖြစ်နဲ့ ကုန်းဘောင်သမိုင်း မှာ မှတ်တမ်းတင်ခဲ့ရပါသေးတယ်။
သို့ကလို မြေးမတော် အသီးသီး နန်းရဘဝကို ရယူခဲ့ရုံတင်မကဘူး မြေးမတော်ကြီးကမွေးတဲ့ မြစ်တော် မောင်လူကလေး နဲ့ စုစုကြီး ဟာလည်း ကုန်းဘောင်နန်းပလ္လင်မှာ မင်း၊ မိဖုရားခေါင် တွေအဖြစ် အသီးသီးစံစားသွားလို့ ဘွားတော်ကြီးကို ဂုဏ်တင့်စေခဲ့ပြန်ပါတယ်။
#မင်းနန်သူ
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay