The Akyab Post

The Akyab Post

Share

Akyab Post is set up to represent the voices and situations of diverse communities living in Rakhine.

10/10/2025

◾️မင်းတပ်မြို့နယ်ရှိ အေအေရဲ့စခန်းကို လေကြောင်းမှနေ တိုက်ခိုက်ဆိုကာ သတင်းမှားဖြန့်

Akyab Post- The Red Flag
Fact Check
10 Oct 2025

ချင်းပြည်၊ မင်းတပ်မြို့နယ်က အေအေရဲ့စခန်းကို လေကြောင်းမှနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အေအေ တပ်သားတွေနဲ့ ချင်းတော်လှန်ရေးတပ်သားတွေ သေဆုံးမှုရှိတယ် ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။​

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ” ချန်နယ်ကနေ အောက်တိုဘာလ ၉ ရက်နေ့မှာ “မင်းတပ်မြို့နယ်အတွင်းမှာ မူးယစ်ဂိုဏ်း အကြမ်းဖက် AA စခန်းကို ဗုံးကြဲရှင်းလင်း။ အကုန်ပြာကျ” ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။

📌 “မှိုင်းဝေ” - https://archive.ph/RxzYl

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၁၂K ထိရှိပြီးတော့ reaction ပြုလုပ်သူ ၄၀၇ ဦးထိရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်ကြတဲ့ View of Sue Myanmar National Post Western 24 News ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။

📌 View of Sue - https://archive.ph/wCOOh
📌 Myanmar National Post - https://archive.ph/YTorx
📌 Western 24 News - https://archive.ph/8SNGu

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ မင်းတပ်မြို့နယ်မှာ အေအေရဲ့စခန်းကို လေကြောင်းနဲ့ တိုက်ခိုက်ရမှာ အေအေတပ်ဖွဲ့ဝင်တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေ သေဆုံးဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာတွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တာဟာ အေအေစခန်းမဟုတ်ဘဲ၊ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၂ မှ ၀မ္မသူးစာသင် ကျောင်း နဲ့ တိုက်နယ်အမှတ် ( ၃ )က ထင်ချောင်း( ကြက်ဉတင်) ၊စာသင်ကျောင်း ၀န်းရှိ RC ဘုရားကျောင်း တို့ကို ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အထဲမှာ ကျောင်းသားတွေနဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦးပါ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိရပါတယ်။​

▪️သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ မင်းတပ်မြို့နယ်မှာ အေအေရဲ့စခန်းကို လေကြောင်းနဲ့ တိုက်ခိုက်ဆိုတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။

ဝါဒဖြန့် ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse image search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ချင်းပြည်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Khonumthung ကနေ အောက်တိုဘာလ ၉ ရက်နေ့မှာ “မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။​

Khonumthung သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့၊ ဝမ္မသူးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆောင်ပျက်စီးသွားပြီးတော့၊ ထင်ချောင်းရွာက RC ဘုရားကျောင်းဝန်းထဲရှိ ဘော်ဒါဆောင်ကို ဗုံးကြဲရာမှာ အရပ်သားပြည်သူများ သေဆုံးပြီး ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။

🔗 Khonumthung သတင်းဌာနရဲ့ သတင်းအပြည့်အစုံ -
https://bitly.cx/34UU

ဒါ့အပြင် ဒီသတင်းကိုပဲ ချင်းပြည်အခြေစိုက် Zalen သတင်းဌာနကနေ အောက်တိုဘာလ ၉ ရက်နေ့မှာ “ချင်းပြည်နယ် တောင်ပိုင်း ၊မင်းတပ်မြို့နယ် အတွင်း ရှိ စာသင်းကျောင်း နှစ်ကျောင်းကို မနေ့က အောက်တို ဘာ ၈ ရက်၊ ၇ နာရီ၀န်းကျင်မှာ စစ်ကောင်စီလေ ကြောင်းတိုက်ခိုက်မှုကြောင့် မသန်စွမ်းအမျိုးသမီး ၁ ဦးအပါအ၀င် ကျောင်းသား ၃ ဦး သေဆုံးပြီး ၊ ဒဏ်ရာရသူ ၁၂ ဦး ၀န်းကျင်ရှိတယ်လို့” ရေးသားဖော်ပြထားပါတယ်။

🔗 Zalen သတင်းဌာနရဲ့ သတင်းအပြည့်အစုံ - https://bitly.cx/Yjrav

အခြားပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေလည်း စက်တင်ဘာလ ၉ ရက်နေ့မှာ “အောက်တိုဘာ ၈ ရက် ည ၇ နာရီဝန်းကျင်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ မင်းတပ်မြို့နယ် ထင်ချောင်းရွာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး RC ဘုရားကျောင်းဝင်းထဲရှိ စစ်ရှောင်စခန်းက စာသင်ကျောင်းကို ဗုံးကြဲချခဲ့တဲ့အတွက် ၁၀ တန်းကျောင်းသား ၃ ယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတယောက်‌ သေဆုံးခဲ့တဲ့အပြင် ဝမ္မသူးရွာ စာသင်ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။​

🔗 DVB သတင်းဌာနရဲ့ သတင်းအပြည့်အစုံ https://bitly.cx/qDJW

▪️သုံးသပ်ချက်

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ မင်းတပ်မြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးတာဟာ အေအေရဲ့စခန်းမဟုတ်ဘဲ စာသင်ကျောင်းတွေဖြစ်နေပြီးတော့ ထိခိုက်သေဆုံးသူတွေဟာလည်း ကျောင်းသား ၃ဦးနဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦး ဖြစ်နေတာကို တွေ့ရပါတယ်။​

ယခင်ကလည်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကော်မရှင်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်ဆီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။

လက်ရှိ စစ်ကော်မရှင်ဟာ မြန်မာတစ်နိုင်ငံလုံးအနဲ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို ဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://bitly.cx/ahf2
https://bitly.cx/tdwxm

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post

Want your business to be the top-listed Media Company in Sittwe?
Click here to claim your Sponsored Listing.

Category

Website

Address

Min Bar Gyi
Sittwe
95