Nexus Legal Service

Nexus Legal Service

Share

We navigate, you succeed.

02/03/2026

ကိုယ်ဝန်ပျက်စေခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အသက်ကို ကာကွယ်ကယ်ဆယ်လိုတဲ့သဘောရိုးနဲ့ မဟုတ်တဲ့ မည့်သည့် ကိုယ်ဝန်ပျက်စေခြင်းကိုမဆို မြန်မာနိုင်ငံရဲ့ရာဇသတ်ကြီးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကိုယ်ဝန်ပျက်အောင်လုပ်ခြင်းကို တားမြစ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အသက်အန္တရာယ်ကိုသော်လည်းကောင်း၊ နိုင်ငံရဲ့ လူဦးရေတိုးပွားမှုကို အဟန့်အတားဖြစ်စေတဲ့အတွက်ကြောင့်သော်လည်းကောင်း တားမြစ်ထားတာဖြစ်ပါတယ်။ ကိုယ်ဝန်ပျက်အောင်လုပ်တဲ့ မည်သူမဆို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၂ အရ အရေးယူခံရမှာပဲဖြစ်ပါတယ်။

📌 ရာဇသတ်ကြီးပုဒ်မ ၃၁၂

"မည်သူမဆို ကိုယ်ဝန်ဆောင်မိန်းမ၏ အသက်ကိုကယ်ဆယ်လိုသော သဘောရိုးဖြင့်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်စေရန် မိမိအလို
အလျောက်ပြုလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ မိန်းမသည် လှုပ်ရှားသောကိုယ်ဝန် နှင့်ဖြစ်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။

ရှင်းလင်းချက်။ မိမိ၏ ကိုယ်ဝန်ကို မိမိပျက်စေသည့်မိန်းမသည် ဤပုဒ်မပါ အဓိပ္ပာယ်တွင် အကျုံးဝင်သည်။" လို့ပြဌာန်းထားပါတယ်။

📌 ဤပုဒ်မနှင့် အကျုံးဝင်ရန် အင်္ဂါရပ်များ

(၁) မိန်းမသည် ကိုယ်ဝန်နှင့်ဖြစ်ခြင်း။ (ဒုတိယပိုင်းအတွက် မိန်းမသည် လှုပ်ရှားသော ကိုယ်ဝန်နှင့်ဖြစ်ခြင်း)

(၂) တရားခံသည် ထိုမိန်းမ၏ ကိုယ်ဝန်ကိုပျက်စေရန် ပြုခြင်း။

(၃) တရားခံသည် အလိုအလျောက်ပြုခြင်း။

(၄) ထိုမိန်းမ၏ ကိုယ်ဝန်ပျက်ခြင်း။

(၅) ထိုမိန်းမ၏ အသက်ကို ကယ်ဆယ်လိုသော သဘောရိုးဖြင့်မဟုတ်ဘဲ ပြုခြင်း။ တို့ပဲဖြစ်ပါတယ်။

🔷 ဒီပုဒ်မရဲ့ရှင်းလင်းချက်အရ အခြားလူတစ်ယောက်က ပြုလုပ်ရင်လည်း ဒီပုဒ်မနဲ့ အရေးယူနိုင်သလို ကိုယ်ဝန်ဆောင်အမျိုးသမီးကိုယ်တိုင် ကျူးလွန်ပါကလည်း ဒီပုဒ်မနဲ့ အရေးယူရမှာဖြစ်ပါတယ်။

🔷 ဤပုဒ်မမှာ အပိုင်း နှစ်ပိုင်းခွဲထားပြီး ပထမပိုင်းတွင် လနုသေးသည့် ကိုယ်ဝန်ဆောင် မိန်းမနှင့် အကျုံးဝင်ပြီး ဒုတိယပိုင်းသည် လရင့်သော ကိုယ်ဝန်ဆောင်မိန်းမနှင့် သက်ဆိုင်ပါတယ်။ သာမန်အားဖြင့် ပဋိသန္ဓေရှိပြီး လေးလနှင့် ငါးလကြားတွင် သန္ဓေသားသည် လှုပ်ရှားလေ့ရှိပေသည်။ လရင့်သည့် သန္ဓေသားကိုဖျက်ဆီးခြင်းသည် လနုသည့် သန္ဓေသားကို ဖျက်ဆီးခြင်းထက် ပို၍ အန္တရာယ်ကြီးမားသောကြောင့် ပြစ်ဒဏ်ကိုလည်း ခုနစ်နှစ်ထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။

📌 ဒီပုဒ်မက-

-ရဲအရေးမပိုင်တဲ့ပုဒ်မဖြစ်တယ်။

-ကနဦး ဝရမ်းထုတ်ပေးနိုင်တယ်။

-အာမခံပေးနိုင်တယ်။

-ကျေအေးခွင့်မရှိဘဲ စက်ရှင်တရားရုံးကသာ စစ်ဆေးစီရင်နိုင်မှာဖြစ်ပါတယ်။

ကိုယ်ဝန်က လနုသည်ဖြစ်စေ၊ ရင့်သည်ဖြစ်စေ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သဘောတူညီချက်မပါဘဲ ကိုယ်ဝန်ပျက်စေရင်တော့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၁၃ အရ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။

📌 ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၃

"မည်သူမဆို ကိုယ်ဝန်လှုပ်ရှားသည်ဖြစ်စေ၊ မလှုပ်ရှားသည်ဖြစ်စေ ကိုယ်ဝန်ဆောင်မိန်းမက သဘောမတူဘဲ တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြသည့် ပြစ်မှုကိုကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။"လို့ ပြဌာန်းထားပါတယ်။

📌ဤပုဒ်မနဲ့အကျုံးဝင်ရန် အင်္ဂါရပ်တွေကတော့-

-ပုဒ်မ ၃၁၂ မှာပါတဲ့အင်္ဂါရပ်တွေအပြင်

-ကိုယ်ဝန်ဆောင်အမျိုးသမီးက ‌သဘောမတူဘဲ ကိုယ်ဝန်ပျက်စေခြင်းပဲ ဖြစ်ပါတယ်။

📌 ရာဇဝတ်ကျင့်ထုံးမှာတော့ ပုဒ်မ ၃၁၂ နဲ့နည်းတူပဲဖြစ်ပါတယ်။

🔷 ကိုယ်ဝန်ဖျက်‌တာ၊ ပျက်တာ‌ပဲ အထက်ပါပုဒ်မများနဲ့အကျုံးဝင်တာဖြစ်ပြီး ကိုယ်ဝန်မရအောင် တားဆီးတာ၊ အကာအကွယ်ယူတာ၊ သဘာဝအလျောက်ပျက်ကျတာတွေက ပြစ်မှုမမြောက်ပါဘူး။

🔷 ဘယ်ဆေး ဘယ်ဆေးကတော့ ကိုယ်ဝန်ပျက်စေတယ်၊ အာနိသင်ရှိတယ်လို့ စတဲ့ ပြောဆိုအကြံပေးခြင်းတွေက အထက်ပါပုဒ်မများအရ ပြစ်မှုမမြောက်သော်လည်း ကိုယ်ဝန်ပျက်စေရန် အားပေးကူညီခြင်း လို့ တော့ ဆိုနိုင်ပါတယ်။

23/02/2026

မြန်မာနိုင်ငံမှာ အမျိုးသမီးများကို အကာအကွယ်ပေးထားတဲ့ ဥပဒေ၊ ပုဒ်မတွေ အများကြီးရှိပါတယ်။ ဒီပုဒ်မတွေထဲက တစ်ခုဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၉၃ အကြောင်း ပြောပြပေးချင်ပါတယ်။

📌 ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၉၃ မှာ-

"မည်သည့်ယောက်ျားမဆို၊ မိမိနှင့် တရားဝင်ထိမ်းမြားခြင်း မပြုသောမိန်းမကို မိမိနှင့် တရားသဖြင့် ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေ၍ ထိုသို့ ယုံကြည်စေသဖြင့် မိမိနှင့် ကာမစပ်ယှက်စေလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။" လို့ ပြဌာန်းထားပါတယ်။

📌 ဒီပုဒ်မနှင့် အကျုံးဝင်ရန် အင်္ဂါရပ်များကတော့-

( ၁) တရားခံသည် အမျိုးသမီးနှင့် တရားဝင် ထိမ်းမြားမှု မရှိခြင်း။

(၂) တရားခံက အမျိုးသမီးအား တရားဝင် ထိမ်းမြားခဲ့သည်ဟု လှည့်ဖြားယုံကြည်စေခြင်း။

(၃) ယင်းသို့ယုံကြည်စေသဖြင့် အမျိုးသမီးက ကာမစပ်ယှက်ခွင့်ပြုခြင်း။

(၄) တရားခံက အမျိုးသမီးအား ကာမစပ်ယှက်ခဲ့ခြင်း - စတဲ့အချက်တွေ ရှိနေရပါမယ်။

🔷 ဒီပြစ်မှုက အတုအယောင် ထိမ်းမြားလက်ထပ်ပြီး လိမ်လည်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို တရားဝင်ထိမ်းမြားပြီးဖြစ်တယ်လို့ လှည့်ဖြား၍ ယုံကြည်စေတယ်၊ အမျိုးသမီးက အဲ့ဒီယုံကြည်ချက်ကြောင့် အမျိုးသားကို ကာမစပ်ယှက်ခွင့်ပြုရင် ဒီပုဒ်မအရ အရေးယူနိုင်ပါတယ်။

🔷 သို့ပေမဲ့ တရားမဝင် ထိမ်းမြားလက်ထပ်ပြီး ကာမစပ်ယှက်တိုင်း ဒီပုဒ်မနှင့် အကျုံးမဝင်ပါဘူး။ အမျိုးသားဖြစ်သူက မသိနားမလည်ဘဲ တရားမဝင်တဲ့လက်ထပ်မှုကို တရားဝင်တယ်လို့ယူဆပြီး ပြုလုပ်ခဲ့ခြင်းလဲ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရ ထိမ်းမြားမှုဟာ တရားဝင်တယ်၊ မဝင်ဘူးဆိုတဲဲ့အချက်က လက်ထပ်မဲ့သူတွေရဲ့
- အသက်အရွယ်ကန့်သတ်ချက်
- နှစ်ဦးနှစ်ဖက်ရဲ့ လွတ်လပ်တဲ့ သဘောတူညီချက်
- လက်ထပ်မည့်သူများ ကိုးကွယ်တဲ့ဘာသာနဲ့ လူမျိုးဆိုင်ရာ သတ်မှတ်ချက်တွေ
- အသိသက်သေတွေ စတဲ့ စတဲ့အချက်တွေနဲ့ တရားဝင်၊ မဝင် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ဥပမာ-
မဟာမေဒင် ဥပဒေအရ မဟာမေဒင်ယောက်ျားနှစ်ဦး
ရှေ့တွင် ထိမ်းမြားလက်ထပ်ရမည်ဖြစ်သော်လည်း တရားလိုနှင့် တရားခံတို့က ဗလီဆရာတစ်ဦးရှေ့မှာ ထိမ်းမြားခဲ့ရင် မဟာမေဒင် ဥပဒေအရ နည်းလမ်းမကျသော ထိမ်းမြားမှုသာဖြစ်တာကြောင့် တရားမဝင် ထိမ်းမြားမှု မဟုတ်ပါဘူး။ ဒါကြောင့် ပုဒ်မ ၄၉၃ နှင့် အကျုံးမဝင်ပါဘူး။

ဒီပုဒ်မဟာ-

-ရဲအရေးမပိုင်ပါ။

-ကနဦးကပင် ဝရမ်းထုတ်ပေးနိုင်တယ်။

-အာမခံ မပေးနိုင်ပါဘူး။

-ကျေအေးခွင့်လဲ မရှိပါဘူး။

-စက်ရှင်ရုံးကသာ စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။

ဤပုဒ်မအရ အရေးယူရန် လျှောက်ထားချက်ကို နစ်နာသူက ပြုလုပ်ခြင်းမရှိရင် တရားရုံးသည် အရေးယူခြင်း ပြုနိုင်မှာ မဟုတ်ပါဘူး။

လူအများသိကြတဲ့ ကာမလိမ်လည်မှုဆိုတဲ့ ပုဒ်မ ၄၁၇ နဲ့ခြားနားတဲ့အချက်က ပုဒ်မ ၄၁၇ က လက်ထပ်မယ် ယုံအောင်ပြောပြီး ကာမလိမ်လည်ရယူတာပါ။ ပုဒ်မ ၄၉၃ ကတော့ အမျိုးသမီးကို တရားဝင်လက်ထပ်ထားတယ် ထင်အောင် လိမ်လည်လှည့်ဖြားပြီး ကာမရယူတဲ့အချက်ဖြစ်ပါတယ်။

19/01/2026

ဒီတစ်ပတ်မှာတော့ အလုပ်သမားတွေ‌ ဥပဒေအရ ဘယ်ခွင့်တွေ ခံစားခွင့်ရှိသလဲ...ဆိုတာကို ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ နှင့်
၂၀၁၈ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ အရ ခွင့်အမျိုးမျိုးနဲ့ ပတ်သက်ပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။

အလုပ်သမားက ဥပဒေနှင့်အညီ ခွင့်တိုင်ကြားလျှင် အောက်ပါအတိုင်း ခွင့်ခံစား ခွင့်ရှိပါတယ်။

🔷 ခွင့် အမျိုးအစားများ
(၁) ရှောင်တခင်ခွင့်
(၂) ဆေးလက်မှတ်ခွင့်
(၃) လုပ်သက်ခွင့်
(၄) မီးဖွားခွင့်

🔷(၁) ရှောင်တခင်ခွင့် (ပုဒ်မ-၅)

- အလုပ်စဝင်တဲ့နေ့မှ ၁၂ လအတွင်း လစာပြည့်ဖြင့် (၆) ရက် ရထိုက်ခွင့်ရှိသည်။
- တစ်ကြိမ်လျှင် (၃) ရက် ထက် ပိုပြီး ခံစားခွင့်မရှိ။ (နည်းဥပဒေအရ အကြောင်းထူးရှိမှသာ ၃ ရက်ထက်ပိုရနိုင်။)
- အခြားခွင့်နှင့် ပေါင်းစပ်ယူခွင့်မရှိ။
- သက်ဆိုင်ရာနှစ်တွင် မယူက ပျက်ပြယ်သည်။

🔷(၂) ဆေးလက်မှတ်ခွင့်ရက် (ပုဒ်မ-၆)

- လုပ်သက် (၆) လ ပြည့်သူသည် လုပ်ခလစာပြည့်နဲ့ တစ်နှစ်လျှင် (၃၀) ရက် ရရှိပါသည်။
- လုပ်သက် (၆) လ မပြည့်က လစာမဲ့ဖြင့် ခံစားနိုင်သည်။
- လုပ်သက်ခွင့်နှင့် ပေါင်းယူနိုင်သည်။ (ပုဒ်မ-၇)
- သက်ဆိုင်ရာနှစ်တွင် မယူက ပျက်ပြယ်သည်။
- သက်ဆိုင်ရာ ဆရာဝန်၏ ဆေးလက်မှတ် တင်ပြရမည်။
- လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင် အာမခံအလုပ်သမားဖြစ်ပါက ယင်းဥပဒေပါခံစားခွင့်အတိုင်း ခံစားခွင့် ရှိသည်။

🔷(၃) လုပ်သက်ခွင့် (ပုဒ်မ-၄)

- တစ်ဆက်တည်း (၁၂) လပြည့်အောင် လုပ်ကိုင်ခဲ့ပြီး လတိုင်း ရက်(၂၀) ပြည့်အောင်လုပ်ခဲ့လျှင် လုပ်သက်ခွင့် ၁၀ ရက်ကို တစ်ဆက်တည်း အခကြေးငွေ သို့ လစာငွေဖြင့် ခံစားခွင့်ရှိသည်။
- ရက် (၂၀) ပြည့်အောင်မလုပ်ခဲ့တဲ့ လတိုင်းအတွက် (၁) ရက်နှုန်း ဖြတ်တောက်ခံရမည်။
(ခြွင်းချက်- ထို 12 လအတွင်း အလုပ်သမား မကျန်းမာ၊မတော်တဆထိခိုက်၊ အခြားပျက်ကွက်မှု ထိုပျက်ကွက်မှု သုံးမျိုးပေါင်း ရက် 90 မကျော်ရ။ သို့
- အလုပ်ရှင်က အလုပ်ပိတ်၊သပိတ်မှောက်ကြတာ၊အလုပ်မှာ အလုပ်မရှိတာတွေကြောင့် အလုပ်သမားဘက်မှ ထိုပျက်ကွက်မှု သုံးမျိုးပေါင်း ရက် 30 မကျော်ဘဲ ပျက်ကွက်ပါက ထိုသူကို တစ်ဆက်တည်း 12 လပြည့်အောင် လုပ်ခဲ့တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။)

- ခွင့်မယူမှီ ခွင့်လစာငွေကို ကြိုတင်ထုတ်ပေးရမည်။

- ခွင့်မယူမှီ အလုပ်မှ ထွက်၊ ထုတ်၊ သေဆုံးပါက ထိုသူရသင့်သည့် လုပ်သက်ခွင့်များအတွက် လွန်ခဲ့သည့် ရက်ပေါင်း (၃၀) က ရရှိသည့် လစာငွေနှုန်းထားအတိုင်း တွက်ချက်၍ ပေးရမည်။

-အလုပ်ရှင် အလုပ်သမားသဘောတူပါက လုပ်သက်ခွင့်ကို 3 နှစ်ထိ စုဆောင်းနိုင်သည်။

- နည်းဥပဒေရဲ့ ပြဌာန်းချက်အရ လုပ်ငန်း သဘော သဘာဝကြောင့် တဆက်တည်း 12 လပြည့်အောင် မလုပ်ရတဲ့သူတွေက လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်‌တွေကို လုပ်သက်ရဲ့ အချိုးကျအတိုင်း ခံစားခွင့်ရှိပါတယ်။
(ဥပမာ- ၆ လပဲ လုပ်ရမဲ့ construction project တစ်ခုမှာ အလုပ်လုပ်ရတဲ့သူတွေက တစ်နှစ်မှာ အများဆုံး ၆ ရက်ပဲရတဲ့ ရှောင်တခင်ခွင့်ကို အချိုးကျ ၃ ရက်ပဲရမယ်ပေါ့။)

🔷(၄) မီးဖွားခွင့်

-လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် မီးမဖွား မီ (၆)ပတ် ၊ မီးဖွားပြီး (၈)ပတ်ခံစားခွင့်ရှိသည်။

-ကိုယ်ဝန် ပျက်ကျပါက ပျက်သည့်နေ့မှ ၆ ပတ် ခံစားခွင့်ပြုရမည်။ (ဖျက်ချတာ မဖြစ်ရပါဘူး။)

🔷 နောက်တစ်ခုက အလုပ်သမား၏ မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ အနည်းဆုံး အခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ်ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ခံစားခွင့်ရှိသည်။ အလုပ်သမား၏ ဥပဒေ ပါခွင့်ခံစားမှု ကုန်ဆုံးပါက လစာမဲ့ခွင့်အနေဖြင့် ညှိနှိုင်းခံစားခွင့်ရှိပါတယ်။

🔷 ဒီအက်ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်ရက်၊ အလုပ်ပိတ်ရက်တွေ အောက် လျော့နည်းရယူဖို့ ချုပ်ဆိုထားတဲ့ အလုပ် သဘောတူစာချုပ် သို့ အလုပ်ပဋိညာဉ်စာချုပ်သည် ပျက်ပြယ်ရမည်။

🔷 ခွင့်ခံစားနေစဉ် အလုပ်သမားကို အလုပ်နေရာပြောင်းခြင်း၊ ရာထူးလျော့ခြင်း၊ အလုပ်ထုတ်ခြင်းများ မပြုရ။

နောက်အပတ်မှာလဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဥ‌ပဒေတွေ ဖော်ပြသွားမှာမို့ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00