Chic n Chill
Relax, Smart, Professional, Happy and Healthy.
28/10/2025
ကျွန်မတို့ဘဝမှာ သည်းမခံနိုင်လောက်အောင် ဖြစ်နေတဲ့ဖြစ်ရပ်၊ နာကျင်ပြီးရင်း နာကျင်နေစေတဲ့ ဆက်ဆံရေး၊ ဒါမှမဟုတ် ဘယ်လိုမှပြန်လည်ပြုပြင်လို့မရအောင် ပျက်စီးနေတဲ့ အခြေအနေတစ်ခုကို ဆုပ်ကိုင်ထားမိတတ်ကြပါတယ်။ "အဆင်ပြေသွားမှာပါ" ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောရင်းနဲ့ နေသားတကျဖြစ်အောင် အောင့်အီးနေတတ်ကြတယ်။
ဒါပေမဲ့ တကယ်တမ်းကျတော့... ကျွန်မတို့တကယ်တမ်း အဆင်ပြေနေရဲ့လား။ ဒီလိုအခြေအနေတွေနဲ့ကြုံရင် ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့စိတ်ကိုကျဉ်းကြပ်နေစေတဲ့ အခြေအနေတွေမှာ ကျွန်မတို့တကယ်အဆင်ပြေရဲ့လား။ အဆင်ပြေသွားမယ်ဆိုတာကရော တကယ်လား။
ငါနာကျင်နေပြီ။ အဲ့ဒီနောက် ဘာကို ဆက်သည်းခံနေဦးမှာလဲ။ဒီနာကျင်မှုကို ဆက်ပြီး သည်းခံနေတာက အနာဂတ်မှာ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကို ရရှိစေနိုင်မှာလား။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့အခါ အဖြေက 'မဟုတ်ဘူး' ဆိုရင်.. ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချပြီး အစက ပြန်စလိုက်ပါ။ နာကျင်မှုဟောင်းတွေကို စွန့်ပစ်ပြီး ပိုကောင်းတဲ့အပြောင်းအလဲတစ်ခုကိုလုပ်ကြည့်ပါ။ ကျွန်မတို့ဟာ ပိုကောင်းတဲ့ အရာတွေနဲ့ ထိုက်တန်ပါတယ်။
အစကပြန်စရတယ်ဆိုတာ ခက်ခဲတယ်လို့ထင်ကောင်း ထင်နေလိမ့်မယ်။ ဒါပေမယ့် နာကျင်မှုတွေကိုသည်းခံနေရတဲ့နေ့ရက်တွေကပိုခက်ပါတယ်။ နာကျင်တဲ့ အခြေအနေတစ်ခုကို အောင့်အီးသည်းခံနေရတာဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ စွမ်းအင်တွေကို နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း ဆုံးရှုံးနေရတာပါ။
အစကပြန်စဖို့ ဆုံးဖြတ်လိုက်တာက နာကျင်မှု သံသရာထဲကနေ လွတ်မြောက်ပြီး ကျွန်မတို့ဘဝကို ကိုယ်လိုသလိုပြန်လည်စီမံခန့်ခွဲနိုင်ဖို့ အခွင့်အရေးရလာတာပါ။အစတစ်ခုက မအောင်မြင်သေးတဲ့ အရာတွေကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပုံဖော်ခွင့် ပေးလိုက်တာပါ။ ကိုယ်လိုချင်သလိုပြန်လည် တည်ဆောက်ခွင့်ရှိပါတယ်။ ခဏတာအဆင်မပြေမှုတွေ ရှိနိုင်ပေမဲ့ အဲဒီနောက်မှာ ရေရှည် ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှု ရှိပါတယ်။ နာကျင်မှုတွေထဲက ရဲရဲဝံ့ဝံ့သတ္တိရှိရှိနဲ့သာ ရုန်းထွက်လိုက်ပါ။ ပိုပျော်ရွှင်ရတဲ့နေ့တွေကို ပိုင်ဆိုင်ဖို့ ကျွန်မတို့ကိုယ်တိုင် ဖန်တီးလို့ရပါတယ်။
#အစကပြန်စရတာကနာကျင်မှုတွေကိုသည်းခံနေရတာထက်ပိုလွယ်ကူပါတယ်
24/10/2025
လူ့ဘဝဆိုတာ လက်ထဲက သဲတွေလိုပဲ။ကျွန်မတို့က ဖမ်းဆုပ်ထားနိုင်တယ် ထင်ရပေမယ့် အချိန်တန်ရင် ကြားထဲကနေ လွတ်ထွက်သွားတတ်တယ်။ ပိုင်ဆိုင်မှု၊ အခွင့်အရေး၊ ဆက်ဆံရေး၊ ကျန်းမာရေး... ဒီအရာအားလုံးဟာလည်း ထိုနည်းအတိုင်းပါပဲ။ ကျွန်မတို့လက်ထဲမှာ ရှိနေတုန်း၊ ကျွန်မတို့ဘေးမှာ ရှိနေတုန်း တန်ဖိုးမထားမိရင်၊ လစ်လျူရှုထားမိရင်၊ ဆုံးရှုံးသွားတဲ့အခါမှ နောင်တတွေနဲ့ မျက်ရည်ကျနေရတတ်တယ်။
မိဘ၊ ညီအစ်ကိုမောင်နှမ၊ ချစ်သူခင်သူ၊ သူငယ်ချင်း... ဒီလူတွေဟာ ကိုယ့်ဘဝရဲ့ ရတနာတွေပါ။ အလုပ်များလို့၊ စိတ်ဓာတ်ကျလို့၊ စကားများလို့စတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ကို အချိန်မပေးဘဲ နေမိတာ၊ စိတ်ကုန်စကားတွေ ပြောမိတာတွေ ရှိတတ်ကြတယ်။ ဘယ်သူ့ရဲ့ ဘဝမှ အာမခံချက်မရှိပါဘူး။ မနက်ဖြန်ဆိုတာ ရှိချင်မှ ရှိမှာ။ ဒါကြောင့် လက်ရှိအချိန်မှာ သူတို့ရဲ့ အရေးပါမှုကို သိပါ။ ဖုန်းဆက်ပါ၊ စကားပြောပါ၊ မေတ္တာကို ထုတ်ဖော်ပါ။ ပိုင်ဆိုင်ထားရတုန်းမှာ သူတို့ကို နွေးထွေးတဲ့ အပြုံးလေးတွေနဲ့ ဆက်ဆံပေးပါ။ ဆုံးရှုံးသွားမှ "ဒီလိုလုပ်ပေးခဲ့ရမှာ" လို့ တွေးနေရတာဟာ အလွန်နာကျင်ရပါတယ်။
အခြားသောကျန်းမာရေး၊ ပိုင်ဆိုင်မှု၊ အခွင့်အရေးတွေဟာလည်း ဒီအတိုင်းပါပဲ။ လက်ရှိပိုင်ဆိုင်ရတဲ့အချိန်တွေမှာ တန်ဖိုးထားဖို့လိုပါတယ်။ ဘဝဆိုတာ ရေစီးကြောင်းပေါ်က လှေငယ်လေးလိုပါပဲ။ ဘယ်တော့ ဘယ်နေရာကို ရောက်သွားမယ်၊ ဘယ်အရာတွေ ပြောင်းလဲသွားမယ်ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ ဒါကြောင့် ပိုင်ဆိုင်ထားရတုန်း တန်ဖိုးထားပါ။ မပြောဖြစ်သေးတဲ့ ချစ်ခြင်းမေတ္တာစကားကို ပြောလိုက်ပါ။
ကျွန်မတို့ပတ်ဝန်းကျင်က တန်ဖိုးရှိတဲ့အရာတွေကို မြင်အောင်ကြည့်ပြီး ပိုင်ဆိုင်မှုတိုင်းဟာ ထာဝရ မဟုတ်ဘူးဆိုတဲ့ အသိနဲ့ နေထိုင်ရင်း လက်ရှိဘဝကို အကောင်းဆုံး ဖန်တီးကြဖို့လိုပါတယ်။ ပိုင်ဆိုင်ထားတုန်း အကောင်းဆုံး တန်ဖိုးထားမှသာ နောင်တမဲ့တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
#ပိုင်ဆိုင်ထားရတုန်းတန်ဖိုးထားပါ
23/10/2025
ချစ်ခြင်းမေတ္တာမှာ ရိုးသားမှုရှိခြင်းက အရေးအကြီးဆုံးလိုအပ်ချက်ပါ။ ရိုးသားခြင်းမရှိဘဲ တည်ဆောက်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ ကြာရှည်ခံမှာ မဟုတ်ပါဘူး။
ရိုးသားမှုကသာ အပြန်အလှန် ယုံကြည်မှုကို ဖန်တီးပေးပါတယ်။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ ယုံကြည်မှုအပေါ်မှာ တည်ဆောက်ထားတာပါ။ တစ်ဦးနဲ့တစ်ဦး လိမ်လည်မှု၊ ဖုံးကွယ်မှုတွေမရှိဘဲ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းဆက်ဆံမှသာ ခိုင်မာတဲ့ယုံကြည်မှု ရရှိနိုင်မှာပါ။
ကိုယ့်ရဲ့ခံစားချက်တွေ၊ အားနည်းချက်တွေ၊ အတိတ်ကအမှားတွေ၊ မျှော်လင့်ချက်တွေကို ရိုးသားစွာ ဖွင့်ဟပြောဆိုခြင်းအားဖြင့် နှစ်ဦးသားကြားက ဆက်ဆံရေးဟာ စစ်မှန်ပြီး နက်ရှိုင်းလာပါတယ်။ ဟန်ဆောင်မှုတွေနဲ့ နေထိုင်ရခြင်းမှ ကင်းဝေးစေပါတယ်။ ဟန်ဆောင်မှုတွေကင်းလေလေ ဆက်ဆံရေးတွေမှာ ပိုပြီးပျော်ရွှင်ရလေလေပါပဲ။
ကျွန်မတို့အနေနဲ့ ကိုယ်ချစ်ရသူအပေါ် ရိုးသားခြင်းဟာ ကိုယ့်ရဲ့အစစ်အမှန်ကို သူတို့နားလည်လက်ခံဖို့ အခွင့်အရေးပေးတာပါပဲ။ ကိုယ့်ရဲ့ ကောင်းတဲ့အချက်ရော၊ ဆိုးတဲ့အချက်ရောကို သိပြီး လက်ခံနိုင်မှသာ အချစ်စစ်ဖြစ်လာနိုင်ပါတယ်။ ရိုးသားစွာနဲ့ အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်းပြောပြမှသာ တစ်ယောက်ကိုတစ်ယောက် ပိုမိုနားလည်နိုင်ပြီး လေးစားမှုလည်း တိုးလာပါတယ်။
ပြဿနာတွေပေါ်လာတဲ့အခါမျိုးမှာလည်း ရိုးသားစွာ ဆွေးနွေးမှသာ ဖြေရှင်းနိုင်မှာပါ။ အမှန်တရားကို ဖုံးကွယ်ထားခြင်း၊ လိမ်လည်ပြောဆိုခြင်းက ပြဿနာကို ပိုကြီးစေပြီး ဆက်ဆံရေးကို ပျက်စီးစေပါတယ်။
ရိုးသားတဲ့ relationship နဲ့ နေထိုင်ရသူဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ငြိမ်းချမ်းမှုကို ပိုမိုခံစားရပါတယ်။ ဖုံးကွယ်စရာ မလိုတဲ့အတွက် ပူပန်သောကတွေ၊ သံသယတွေ ကင်းဝေးစေပါတယ်။
#ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင် ရိုးသားပါ
22/10/2025
ဒီနေ့ခေတ်မှာတော့ စိတ်ဖိစီးမှုဆိုတာ လူတိုင်းနေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အရာတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ကျွန်မတို့ဘဝမှာ အမျိုးမျိုးသောဖိအားတွေကြောင့် လူကောစိတ်ကောပင်ပန်းနေကြရတယ်။ အလုပ်၊ ကျောင်း၊ မိသားစု၊ ငွေကြေး ဒါမှမဟုတ် လက်ရှိ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် စိတ်ဖိစီးမှုတွေ များပြားလာတဲ့အခါ ကိုယ်ရောစိတ်ပါ ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။
ဆိုတော့ စိတ်ဖိစီးမှုတွေကိုလျော့ချဖို့ အကောင်းဆုံးနည်းလမ်းလေးတွေကို ကျွန်မကပြန်လည်မျှဝေပေးလိုပါတယ်။
၁။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
အိပ်ချိန် မှန်အောင်ဂရုစိုက်ပါ။ အရွယ်ရောက်သူတစ်ဦးအတွက် တစ်ညကို ၇-၈ နာရီ အိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝခြင်းက စိတ်ခံစားချက်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
အစားအသောက်ကို မျှတစွာ စားသောက်ပါ။ သကြားဓာတ်များတဲ့ အစားအစာတွေနဲ့ ကဖိန်းဓာတ်တွေကို လျှော့ချပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ အများကြီး စားပေးပါ။
နေ့စဥ်ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။ နေ့စဉ် မိနစ် ၃၀ လောက် လမ်းလျှောက်တာ၊ ယောဂကျင့်တာ (သို့) ကိုယ်လက်လှုပ်ရှားမှု လုပ်တာက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးနိုင်ပါတယ်။
၂။ စိတ်ဖိစီးမှုရဲ့ အရင်းအမြစ်ကို ဖော်ထုတ်ပါ။
ဘာကြောင့် ဖိစီးနေတာလဲဆိုတာကို စာအုပ်ထဲမှာ ချရေးပြီး ကျွန်မတို့ထိန်းချုပ်နိုင်တဲ့အရာ နဲ့ မထိန်းချုပ်နိုင်တဲ့အရာ ဆိုပြီး ခွဲခြားလိုက်ပါ။ ထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် အစီအစဉ်ဆွဲပြီး ဖြေရှင်းဖို့လိုအပ်သလို မထိန်းချုပ်နိုင်တဲ့ အရာတွေကိုတော့ လက်ခံပြီး လွှတ်ချတတ်အောင် ကြိုးစားကြည့်ပါ။
၃။ နားနေချိန် သတ်မှတ်ပါ။
အလုပ်များနေတဲ့ကြားကနေ ကိုယ့်အတွက် အနားယူချိန်ကို သတ်သတ်မှတ်မှတ် ဖန်တီးပါ။ ကိုယ့်ဝါသနာပါတာလေးတွေကိုလည်း လုပ်ကြည့်ပါ။
တရားထိုင်ခြင်း (Meditation) သို့မဟုတ် အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းတွေလည်းလုပ်ပါ။
၄။ လူမှုဆက်ဆံရေးကို အားကောင်းစေပါ။
ယုံကြည်ရတဲ့မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ စကားပြောပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖွင့်ဟပြောဆိုခြင်းက စိတ်သက်သာရာရစေပြီး စိတ်ဖိစီးမှုတွေသက်သာစေပါတယ်။
၅။ အချိန်ကို စီမံခန့်ခွဲပါ။
လုပ်စရာရှိတာတွေကို စီစဉ်ပါ။ အရေးကြီးတာကို အရင်လုပ်ပါ။ မိသားစုနဲ့ဖြစ်ဖြစ်၊ အလုပ်ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ် ကိုယ်လုပ်ဖို့လိုတာကိုလုပ်ပါ။ ကိုယ်မတတ်နိုင်တဲ့အရာတွေ ကိုယ်မလုပ်ချင်တဲ့အရာတွေကို "မလုပ်နိုင်ဘူး" လို့ပြောပါ။ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်စွမ်းထက်ပိုတဲ့ တာဝန်တွေကို မယူဖြစ်အောင် ကြိုးစားပါ။
၆။ Social media တွေ အလွန်အကျွံ မသုံးဖြစ်အောင်နေပါ။
မရေရာမှုများ၊ စိတ်ဖိစီးမှုဖြစ်စေတဲ့ သတင်းတွေကို အချိန်ကြာကြာ လိုက်လံကြည့်ရှုနေတာက စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။ Social media ပေါ်မှာ ဟိုသတင်းလေးဖတ်လိုက် ဒီvd လေးကြည့်လိုက်နဲ့ အချိန်ဖြုန်းနေခြင်းကိုလည်း တတ်နိုင်သမျှလျော့ချပါ။
၇။ လိုအပ်ရင် အကူအညီရယူပါ။
ကိုယ်တိုင်ဖြေရှင်းလို့ မရနိုင်တဲ့အဆင့်အထိ စိတ်ဖိစီးမှုတွေ များပြားလာရင်တော့ စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်၊ ဆရာဝန် သို့မဟုတ် အကြံပေးပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီး အကူအညီယူဖို့ ဝန်မလေးပါနဲ့။
စိတ်ဖိစီးမှုဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ အဲဒီဖိစီးမှုတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းတတ်မယ်ဆိုရင် ပိုမိုကျန်းမာပြီး ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။ စိတ်ပင်ပန်းစရာတွေရဲ့ကြား၊ အဆင်မပြေမှုတွေရဲ့ကြားမှာ ကျွန်မတို့နေပျော်အောင် ကြိုးစားကြည့်ကြရအောင်လားရှင်။
နောက်နေ့တွေမှာ ပြန်တွေ့ကြမယ်နော်။
#စိတ်ဖိစီးမှုတွေများနေလျှင်....
14/10/2025
ဖက်ရှင်ကျကျဝတ်ဆင်တတ်ခြင်းဟာ လူတိုင်းအတွက် အရေးပါတဲ့ အချက်တစ်ခု ဖြစ်တယ်လို့ကျွန်မကတော့ ထင်တယ်။ ဒီနေရာမှာ ဖက်ရှင်ကျကျဝတ်ဆင်တယ်ဆိုတာ branded တွေ၊ စျေးကြီးတာတွေမဟုတ်ဘဲ ကိုယ့်ဝင်ငွေနဲ့ကိုက်ညီတဲ့ အဝတ်အစားတွေကို ကိုယ့်ခန္ဓာကိုယ်မှာ စမတ်ကျကျနဲ့ လိုက်ဖက်ညီအောင် ဝတ်ဆင်တာကို ဆိုလိုတာပါ။
ဖက်ရှင်ကျကျ လိုက်ဖက်ညီညီ ဝတ်ဆင်ခြင်းက ကိုယ့်ကိုယ်ကို ပိုပြီးလှပတယ်လို့ ခံစားရစေပါတယ်။ ဒါက ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာစေပြီး လူအများနဲ့ ဆက်ဆံတဲ့အခါ ပိုပြီး ပွင့်လင်းရဲရင့်လာစေပါတယ်လို့ ကျွန်မကတော့ခံစားမိတယ်။ ကျွန်မရဲ့ခန္ဓာကိုယ်မှာ ကျွန်မနဲ့လိုက်ဖက်တယ်လို့ခံစားရတဲ့ အဝတ်အစားကိုဝတ်ဆင်ထားတဲ့အခါမှာ ကျွန်မရဲ့ခြေလှမ်းတွေဟာ ဘယ်နေရာကိုပဲလှမ်းရလှမ်းရ သွက်သွက်လက်လက်ဖြစ်နေစေတယ်။
ကျွန်မအနေနဲ့ လူတစ်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာလည်း ဝတ်စားဆင်ယင်မှုကို သတိထားပြီး ကြည့်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖက်ရှင်ကျကျ ဝတ်ဆင်တတ်မှုက ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ဖော်ပြပေးနိုင်တာကြောင့် တွေ့ဆုံမှုနဲ့လိုက်ဖက်ညီတဲ့ ဝတ်စားဆင်ယင်မှုမျိုးဖြစ်နေခဲ့ရင် ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာတင် သူ့ကိုတိတ်တိတ်လေးအမှတ်ပေးထားလေ့ရှိတယ်။
ဝတ်စားဆင်ယင်မှုဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်နေစိတ်ထား၊ အကြိုက်၊ ဝါသနာနဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ဖော်ပြပေးနိုင်သလို အလုပ်ခွင်မှာလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးတွေရဲ့ လေးစားမှုကို ရရှိစေပါတယ်။ နောက်ပြီး ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တဲ့သူတွေဟာ လူမှုပတ်ဝန်းကျင်မှာ ပိုပြီးအာရုံစိုက်ခံရလေ့ရှိတယ်။ ဒါက လူမှုရေးနဲ့ စီးပွားရေး ဆက်ဆံရေး အသစ်တွေကို တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။
တောင်းမှအကွပ် လူမှာအဝတ် ဆိုတဲ့စကားလိုပဲ ကျွန်မတို့နေ့စဉ်ဘဝတွေမှာ ကိုယ်သွားလာနေတဲ့နေရာတွေနဲ့ပတ်သတ်ပြီး လိုက်လျောညီထွေရှိစွာ၊ ရာသီဥတုနဲ့ကိုက်ညီစွာ၊ ကိုယ်နဲ့လိုက်ဖက်စွာ ဝတ်စားဆင်ယင်လိုက်ရင် ရုပ်အရမ်းကြီးလှမနေရင်တောင် လူအမြင်မှာအဆင်ပြေနေစေမှာပါ။ ဖက်ရှင်ဆိုတာ ကျွန်မတို့အားလုံးနဲ့ သက်ဆိုင်ပါတယ်။
Click here to claim your Sponsored Listing.