Mufti Muhammad Anas

Mufti Muhammad Anas

Share

I love Allah & Prophet Mohammed (S) !

20/01/2026

🌟နဖူးပြင်က ဘယ်လိုလုပ်ပြီး လူလိမ်ဖြစ်နိုင်မလဲ။ ခေတ်သစ် အာရုံကြောသိပ္ပံနှင့် ကုရ်အာန်ကျမ်းတော်မြတ်၏ အံ့ဖွယ်ဖြစ်ရပ် 🧠✨

​လူ့ခန္ဓာကိုယ်က လိမ်ညာတာလား ဒါမှမဟုတ် ဝိညာဉ်က လိမ်ညာတာလား? "နဖူးပြင်" က အပြစ်ကျူးလွန်နိုင်ပါသလား?
​လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ခန့်က မက္ကာဟ်မြို့တွင် အစ္စလာမ်သာသနာ၏ အဆိုးဆုံးရန်သူ "အဘူဂျဟလ်" သည် တမန်တော်မြတ် (ﷺ) အား ဝတ်ပြုခြင်းမှ တားဆီးသောအခါ၊ အလ္လာဟ်အရှင်မြတ်သည် စူရဟ် (အလ်-အလာက်)တွင် အလွန်ထူးခြားပြီး ပြင်းထန်သော သတိပေးချက်တစ်ခုကို ချမှတ်ခဲ့ပါသည်။
​အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ -
كَلَّا لَئِنْ لَمْ يَنْتَهِ لَنَسْفَعًا بِالنَّاصِيَةِ
"အကယ်စင်စစ် သူသည် (ယင်းလုပ်ရပ်မှ) မရပ်တန့်ပါက၊ ငါအရှင်မြတ်သည် သူ့ကို နဖူးဆံစ မှ ကိုင်၍ ဆွဲငင်မည်။ ထိုနဖူးပြင်သည် လိမ်ညာတတ်သော၊ အမှားကျူးလွန်သော နဖူးပြင်ဖြစ်သည်။" (ကုရ်အာန် ၉၆:၁၅-၁၆)

​ဤနေရာတွင် ခဏလောက် စဉ်းစားကြည့်ပါ။ ကုရ်အာန်က "အဘူဂျဟလ်သည် လူလိမ်ဖြစ်သည်" ဟု မပြောဘဲ "نَاصِيَةٍ كَاذِبَةٍ خَاطِئَةٍ"(လိမ်ညာတတ်သော၊ အမှားကျူးလွန်သော နဖူးပြင်) ဟူသော စကားလုံးကို အသုံးပြုခဲ့ပါသည်။

​ရာစုနှစ်ပေါင်းများစွာ သဖ်စီးရ်ပညာရှင်များသည် "နဖူးပြင်" နှင့် "လိမ်ညာခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်း" အကြား မည်သို့ဆက်စပ်မှုရှိသနည်းဟု စဉ်းစားခဲ့ကြသည်။ နဖူးဆိုသည်မှာ အရိုးနှင့် အသားစတစ်ခုမျှသာ ဖြစ်ပြီး လိမ်ညာခြင်းကို လူကသာ ပြုလုပ်ခြင်းဖြစ်သည်။ ယခင်က ဤအသုံးအနှုန်းက လူရဲ့အစိတ်အပိုင်းတခုဖြစ်တဲ့ နဖူးကိုပြောပြီး နဖူးပိုင်ရှင်ကိုဆိုလိုတဲ့ တင်စားချက်တစ်ခုအဖြစ်သာ မြင်ခဲ့ကြသည်။

​သို့သော် ယနေ့ ၂၁ ရာစုတွင် ဆေးပညာနှင့် ခန္ဓာဗေဒ (Anatomy) သိပ္ပံပညာရှင်များသည် ဤတင်စားချက်၏ နောက်ကွယ်မှ အံ့အားသင့်ဖွယ် အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။
​ခေတ်သစ်သိပ္ပံပညာက လူ့ဦးနှောက်ကို လေ့လာသောအခါ ကျွန်ုပ်တို့၏ နဖူးခွံ၏ အောက်တည့်တည့်တွင် "Prefrontal Cortex" ဟုခေါ်သော ဦးနှောက်၏ အထူးအစိတ်အပိုင်းတစ်ခု ရှိကြောင်း တွေ့ရှိခဲ့သည်။

​၎င်းသည် ဦးနှောက်၏ "စီအီးအို" (CEO) ဖြစ်သည်။ သိပ္ပံပညာရှင်များသည် fMRI scan များမှတစ်ဆင့်သိရသည်မှာ ဤအစိတ်အပိုင်းသည် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ စီမံကိန်းချမှတ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း (Decision Making) တို့၏ ဗဟိုချက်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ပို၍ အံ့သြစရာကောင်းသည်မှာ ဤနေရာသည် "လိမ်ညာမှု" ကို စတင်ဖန်တီးသော နေရာဖြစ်နေခြင်းပင် ဖြစ်သည်။

​လူတစ်ဦးသည် အမှန်အတိုင်းပြောသောအခါ ဦးနှောက်၏ ဤအစိတ်အပိုင်းသည် ပုံမှန်အတိုင်း ရှိနေသော်လည်း၊ လူတစ်ဦးသည် လိမ်ညာရန် သို့မဟုတ် မှားယွင်းသော အလုပ်တစ်ခုကို စီစဉ်ရန် ကြိုးစားလိုက်သည်နှင့် နဖူးနေရာရှိ ဤအစိတ်အပိုင်းတွင် လျှပ်စစ်စီးဆင်းမှု (Electrical Activity) ပြင်းထန်စွာ စတင်လာသည်။ အကယ်၍ ဤအစိတ်အပိုင်းကို ဖယ်ရှားလိုက်ပါက သို့မဟုတ် ပျက်စီးသွားပါက ထိုလူသည် ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် လိမ်ညာနိုင်စွမ်းတို့ ဆုံးရှုံးသွားမည်ဖြစ်သည်။

​ယခု မေးစရာရှိသည်မှာ -
ခွဲစိတ်မှုနှင့် အာရုံကြောသိပ္ပံ (Neuroscience) ဆိုသည်ကို အိပ်မက်ထဲမှာပင် မမြင်ဖူးသေးသောအချိန်ဖြစ်သည့် လွန်ခဲ့သည့် ၁၄ ရာစုက အာရပ်သဲကန္တာရထဲတွင် ကျရောက်ခဲ့သော ကျမ်းစာက အပြစ်နှင့် လိမ်ညာမှုကို "နှလုံးသား" သို့မဟုတ် "လျှာ" နှင့် မနှိုင်းယှဉ်ဘဲ အဘယ်ကြောင့် "နဖူးပြင်" နှင့် နှိုင်းယှဉ်ခဲ့သနည်း?
​အကယ်၍ ဤကျမ်းစာသည် လူသားတစ်ဦး၏ ဖန်တီးမှုသာဖြစ်ပါက "လိမ်ညာသောလူ" ဟုသာ ရိုးရိုးရှင်းရှင်း ပြောခဲ့လိမ့်မည်။ သို့သော် စကြဝဠာ၏ ဖန်ဆင်းရှင်ကမူ ခန္ဓာဗေဒအရ ၁၀၀ ရာခိုင်နှုန်း မှန်ကန်သော စကားလုံးကို ရွေးချယ်ခဲ့သည်။

အလ္လာဟ်အရှင်မြတ်သည် လိမ်ညာမှု၏ "အရင်းအမြစ်" (Source) ကို တိကျစွာ ညွှန်ပြခဲ့ခြင်းဖြစ်သည်။
​၎င်းသည် ကျမ်းတော်မြတ်ကုရ်အာန်ကို ရှေးဟောင်းပုံပြင်များဟု ပြောဆိုနေသူများအတွက် စဉ်းစားစရာပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ က လူသားတစ်ဦး၏ အသိဉာဏ်သည် ဦးနှောက်၏ ဤမျှ နက်နဲသော လုပ်ဆောင်ချက်ကို မည်သို့ သိနိုင်ပါမည်နည်း?

​ကုရ်အာန်ကျမ်းတော်မြတ်သည် ဤဦးနှောက်ကို ဖန်ဆင်းတော်မူသော၊ လူသားတို့၏ အတွေးအခေါ်နှင့် အပြစ်များ မည်သည့်နေရာတွင် စတင်ဖြစ်ပေါ်သည်ကို အသိဆုံးဖြစ်တော်မူသော အရှင်မြတ်၏ နှုတ်ကပတ်တော်ဖြစ်ကြောင်း ခိုင်မာသော သက်သေသာဓကပင် ဖြစ်သည်။

🖋️မုဖ်သီ မုဟမ္မဒ် အနတ်စ် (မဟ်မူဒီ အခ်သရီ) တာမွေ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon