AFAZ Religious

AFAZ Religious

Share

This page is ONLY for Islamic Study Reason. No Rude reply be accepted.

24/07/2023

လောကီဥစ္စာဓနနှင့် ပကာသနကို မက်မောခြင်းဘက်သို့ စွဲမြဲစွာ တွယ်ကပ်ပြီး သူ၏စိတ်အလိုဆန္ဒနောက်ကိုသာ တကောက်ကောက် လိုက်နေသော အိုလမာ-အေ-ဆူအ် (အိုလမာဆိုး) ၏ ပမာသည် ခွေး၏ ပမာကဲ့သို့ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်တွင် မိန့်တော်မူထားပါသည်။

👇
وَٱتْلُ عَلَيْهِمْ نَبَأَ ٱلَّذِىٓ ءَاتَيْنَـٰهُ ءَايَـٰتِنَا فَٱنسَلَخَ مِنْهَا فَأَتْبَعَهُ ٱلشَّيْطَـٰنُ فَكَانَ مِنَ ٱلْغَاوِينَ [٧:١٧٥]
(အို၊ ရစူလ်တမန်တော် صلى الله عليه وسلم၊ အသင်သည် သူတို့အား) “ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော် များကို ပေးအပ်ခြင်းခံရပါလျက် ယင်းမှနောက်ဆုတ်ခွဲခွာသည့်အတွက် စေတန်မကောင်းဆိုးဝါး ၏လွှမ်းမိုးမှုခံရပြီး ထိုမကောင်းဆိုးဝါးအား နာခံလိုက်နာသောကြောင့် (အရှင့်လမ်းစဉ်တော်မှ လွဲချော်၍) လမ်းမှားရောက်နေသူတို့အနက်မှ အပါအဝင်ဖြစ်ခဲ့သော သူ၏အကြောင်းကို (ဝဟီအရှင့်အမိန့်ထုတ်ပြန် ပို့ချချက်အပေါ်အခြေခံ၍) ဖတ်ပြလော့။

وَلَوْ شِئْنَا لَرَفَعْنَـٰهُ بِهَا وَلَـٰكِنَّهُۥٓ أَخْلَدَ إِلَى ٱلْأَرْضِ وَٱتَّبَعَ هَوَىٰهُ ۚ فَمَثَلُهُۥ كَمَثَلِ ٱلْكَلْبِ إِن تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَث ۚ ذَّ‌ٰلِكَ مَثَلُ ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا ۚ فَٱقْصُصِ ٱلْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ [٧:١٧٦]
အကယ်၍ (လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အား ဟန့်တားရန်) ငါအရှင်မြတ်အလိုရှိတော်မူခဲ့လျှင် ယင်း (အာယာသ်သက်သေလက္ခဏာတော်များ) အားဖြင့် ထိုသူအား (အရှင့်အမိန့်ပညတ်ချက်များကို အပြည့်အဝ ယုံကြည်လိုက်နာသူတစ်ဦးဖြစ်စေလျက် သုခဘုံနန်းထဲဝင်ထိုက်သည်အထိ) ဂုဏ်သိက္ခာပေး၍) မြှင့်တင်ပေးနိုင်တော်မူ၏။ သို့ရာတွင် သူသည် ကမ္ဘာဂြိုဟ် (၌ ခေတ်စားနေသော လောကီဥစ္စာဓနနှင့် ပကာသနအားမက် မောခြင်း) ဘက်သို့ စွဲမြဲစွာ တွယ်ကပ်ပြီး သူ၏စိတ်အလိုဆန္ဒနောက်ကိုသာ တကောက်ကောက် လိုက်နေ၏။ သို့ဖြစ်ရာ သူ၏ပမာသည်ကား ယင်းအပေါ် တိုက်ခိုက်မောင်းထုတ်ခံရလျှင် မောဟိုက်လျက် လျှာထွက်နေသော သို့မဟုတ် ယင်းကို (မည်သည့်အနှောင့်အယှက်မျှမပေးဘဲ) လွှတ်ထားလိုက်လျှင်လည်း မောဟိုက်လျက် လျှာထွက်နေသော ခွေးပမာပင် ဖြစ်၏။ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းဆန်လူမျိုး၏ပမာသည်လည်း ထိုသို့ပင် ဖြစ်၏။ သို့ဖြစ်ပေရာ သူတို့တွေးတောဆင်ခြင် ချင့်ချိန်သုံးသပ်နိုင်ရန်အလို့ငှာ ထို (စံနမူနာယူထိုက်သော) ဖြစ်စဉ် ဇာတ်ကြောင်းအား ဆင့်ပြန်တင်ပြလော့။

Shahid Frank [Al-Muhammadi]

17/07/2023

ရှိုင်ခ်အလ်ဘာနီ....၄
++++++++++++++
လူပုဂ္ဂိုလ်တစ်ဦးရဲ့ ဘ၀ဆိုတာ သူ ရှင်သန်ရတဲ့ခေတ်နဲ့ တိုက်ရိုက် အချိုးကျတတ်သလို ပြောင်းပြန်အချိုးလည်း ကျတတ်ပါတယ်။ ပုံပြင်မဟုတ်တဲ့ လူ့ဘ၀ သမိုင်းဆိုတာ ရောထွေးမှု၊ ထိုးထည့်မှု၊ မှတ်တမ်း ပျောက်ဆုံးမှုများကြောင့်သာ ပုံပြင် ဖြစ်သွားရတာပါ။ တကယ်တော့ လူသားတို့ရဲ့ ဘ၀(သမိုင်း)များဟာ ပုံပြင်တော့ မဟုတ်ခဲ့ပါဘူး။ ကမ္ဘာမှာ မုဟဒ္ဒီးဆ်ကြီး ဖြစ်လာမယ့် ပုဂ္ဂိုလ်တစ်ဦး
အသက်ရှင်နေစဥ် ကာလအတွင်း သူနေထိုင်ရာနိုင်ငံမှာ အာဏာသိမ်းနေပါတယ်။ နိုင်ငံရေးလမ်း ကျဥ်းကြပ်နေချိန် ဖြစ်ပါတယ်။ ဘာသာရေးဆိုတာ ယေဘုယျအားဖြင့် နိုင်ငံရေးရဲ့ လက်အောက်ခံပဲဖြစ်တယ်။ အစ္စလာမ်စနစ်အရ ကျနော် ဒီအတိုင်းပြော၀ံ့တယ်။ စေယာစသ်(နိုင်ငံရေး)ဟာ အလွန်အရေးကြီးတဲ့ အရေးတစ်ခုဖြစ်ပါတယ်။ ဘာသာရေးဟာ နိုင်ငံရေးရဲ့ လက်အောက်ခံပဲ ဖြစ်တယ်။ ဒီအတွက် ကျနော် ပေးစရာ အထောက်အထား အများကြီး ရှိတယ်။

၁၉၇၀ ခုနှစ် နိုဝင်ဘာလ ဆီးရီးယားနိုင်ငံမှာ နောက်ထပ် အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ နောက်နှစ် ၃၀ ကြာ အုပ်စိုးမယ့် ဟာဖိဇ်အစဒ်က တိုင်းပြည်အာဏာကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ ဆီးရီးယားဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မွတ်စလင်တစ်ဦးသာ နိုင်ငံတော်ရဲ့ သမ္မတ ဖြစ်လာနိုင်တယ်လို့ ယူဆထားတာကြောင့် နိုင်ငံရဲ့ လူဦးရေ အများစုဖြစ်တဲ့ စွန်နီတွေကြားမှာ သူ့အာဏာကို ခိုင်ခံ့စေဖို့ ကြိုးပမ်းရာမှာ အစဒ်ဟာ ဘာသာရေးရိုသေ ကိုင်းရှိုင်းတဲ့ မွတ်စလင်တစ်ဦးအဖြစ် ရပ်တည်ခဲ့တယ်။ ဆွန်နီဗလီတွေမှာ ဝတ်ပြု ဆုတောင်းပွဲတွေကို တက်ရောက်ခြင်း ဟဂ်ျလုပ်ခြင်း၊ မိန့်ခွန်းတွေမှာ ဘာသာရေး အသုံးအနှုန်းတွေကို အသုံးပြုကာ အရေးကြီးတဲ့ အစိုးရ ရာထူးတွေမှာ စွန်နီတွေကို ခန့်အပ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ သြဇာကြီးတဲ့ စွန်နီတရားဟောဆရာ အဟ်မဒ်ခသွီးဗ်ကို နိုင်ငံ့အကြီးအကဲအဖြစ် တရားဝင် ခန့်အပ်ခဲ့တယ်။ ဒီလိုနဲ့ အလ၀ီ ရှီအာဖြစ်တဲ့ အာဏာရှင်အစဒ်ဟာ ဒမတ်စကတ်ရဲ့ အဓိပတိမွဖ်သီ အပါအဝင် စွန်နီ ဘာသာရေးခေါင်းဆောင်တွေရဲ့ ထောက်ခံမှု အများအပြားကို စုဆောင်း နိုင်ခဲ့တော့တာပါပဲ။ ဒါပေမဲ့ အစဒ်ဟာ လျှို့ဝှက်ထောက်လှမ်းရေး၊ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ဌာနတွေနဲ့ သူ့အစိုးရရဲ့ အုတ်မြစ်တွေကို တည်ထောင်ရာမှာတော့ အလ၀ီ ရှီအာတွေရဲ့ အမာခံနယ်မြေအဖြစ် ပြောင်းလဲခဲ့တယ်။

၇၀ ခုနှစ်များရဲ့ပထမနှစ်ဝက်မှာ ဆီးရီးယားက ဘာသာရေးဘဝဆိုင်ရာ နှိုင်းရလစ်ဘရယ် အယူအဆ (စွန်နီ-ရှီအကြား)ဟာ အလ်ဘာနီရဲ့ ကံကြမ္မာအပေါ် အကျိုးသက်ရောက်မှု ရှိစေခဲ့တယ်။ သူဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး နိုင်ငံရပ်ခြားကို ခရီးထွက်ခွင့် ရလာခဲ့တယ်။ အလ်ဘာနီဟာ အဲဒီအချိန်ကတည်းက နာမည်ကြီး ထင်ရှားနေပြီ ဖြစ်ပါတယ်။ ဥရောပနဲ့ အာရဗ်နိုင်ငံတွေက မွတ်စလင်လူထုကြီးဟာ သူ့စာအုပ်တွေကို ဖတ်ရုံသာမက သူ့သင်ခန်းစာတွေနဲ့ ပို့ချချက်တွေမှာ ပါဝင်လာကြတဲ့အခါ ရှိင်ခ်ရဲ့ ဘဝဇာတ်ခုံ အသစ်တစ်ခု စတင်လာခဲ့တော့တာပါပဲ။

ရှိုင်ခ်ရဲ့ပြည်ပခရီးစဥ်
+++++++++++++++
ရှိင်ခ်ရဲ့ ဖခင်ဟာ အလ်ဘေးနီးယားကနေ ဆီးရီးယားကို မိသားစုနဲ့အတူ ပြောင်းရွှေ့ အခြေချနေထိုင်ပြီးနောက် အနာဂတ် မုဟဒ္ဒီးဆ်ကြီးဟာ ဆီးရီးယားမှာ ရာစုနှစ်တစ်ခုရဲ့ ၄ ပုံ ၁ ပုံ ၂၅နှစ် ခန့် နေထိုင်ခဲ့ပြီး ၁၉၄၉ ခုနှစ်မှာ ပထမဆုံးဟဂျ်ကို ပြုလုပ်လာခဲ့တယ်။ ဆီးရီးယားနဲ့ အီဂျစ်တို့ကို တစ်ပြည်နယ်တည်းအဖြစ် ပေါင်းစည်းပြီးနောက် အာရဗ်
သမ္မတနိုင်ငံ(UAR)ထဲက ဖြစ်တဲ့ အီဂျစ်ကို ၁၉၆၀မှာပထမဆုံး သွားရောက် လည်ပတ်ခဲ့တယ်။

၁၉၆၁-၆၃အထိ မဒီနာ တက္ကသိုလ်မှာ စာပြခဲ့တယ်။၁၉၆၅ခုနှစ်မှာ မွတ်စလင်တွေရဲ့ တတိယမြောက် ထွဋ်မြတ်မြေနဲ့ ဗလီကြီးဖြစ်တဲ့ ဂျေရုဆလင်က မတ်စ်ဂျေဒေလ် အက္ကဆွာရ်ကို သွားခဲ့တယ်။ ၁၉၇၀ ခုနှစ် ပထမနှစ်ဝက်မှာ ဆီးရီးယားရဲ့ ဖိနှိပ်ရေးမူဝါဒတွေ ပျော့ပျောင်းလာလို့ နေအိမ် အကျယ်ချုပ်
ဘ၀ကနေ လွတ်ပြီး ရှိင်ခ်ဟာ အာရဗ်နိုင်ငံတွေဆီသာမက ဥရောပနိုင်ငံတွေကိုပါ ခရီးထွက်ခွာ သွားနိုင်စေခဲ့တယ်။ အဲဒီ ပြည်ပခရီးစဥ်မှာ ရှိုင်ခ်ဟာ ပထမဆုံး ၁၉၇၁ ဒီဇင်ဘာမှာ ဟဂျ်ကို အရင်သွားတယ်။ အဲဒီနောက် အခု စပိန်တောင်ပိုင်းက ယခင် စပိန်မွတ်စလင် မင်းနိုင်ငံတော်ကြီးတစ်ခုရဲ့ အမည်ဖြစ်တဲ့ ဂရန်နာဒါမှာ ၁၉၇၂ သြဂုတ်လမှာ ပြုလုပ်
တဲ့ သိပ္ပံနှင့် ပညာရေးဆိုင်ရာ ကွန်ဖရင့်မှာ ဟောပြော ပို့ချဖို့ရာအတွက် စပိန်မွတ်စလင်သမဂ္ဂရဲ့ ဖိတ်ကြားချက်ကို လက်ခံခဲ့တယ်။ အဲဒီနောက် နှစ်လအကြာ ၁၉၇၂ အောက်တိုဘာလမှာ အလ်ဘာနီဟာ ကာတာနိုင်ငံကို သွားရောက်ခဲ့ပြီး "အစ္စလာမ်သာသနာ၌ ရှိသော စွန္နဟ်၏ နေရာ" ဆိုတဲ့
ခေါင်းစီးနဲ့ ဟောပြော ပို့ချခဲ့တယ်။

ဆော်ဒီအာရေဗျရဲ့ အဓိပတိ မွဖ်သီကြီး ကွယ်လွန်ပြီးနောက် ရှိုင်ခ်ဘင်ဘားဇ် (Muhammad ibn Ibrahim Al-Sheikh, Sheikh Abd al-Aziz ibn Baz)ကို မဒီနာ အစ္စလာမ်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် အဖြစ် ဒီရာထူးမှာ ငါးနှစ်ကြာ (၁၉၇၀-၇၅) ခန့်အပ်ခဲ့ကြတယ်။ ဒီကာလအတွင်း အလ်ဘာနီဟာ ဟာဂျီတွေနဲ့ ကျောင်းသားတွေ ခြံရံ
ပြီး နှစ်စဥ် ဟဂျ်နဲ့ အွမ္မရာဟ် လုပ်နေခဲ့တယ်။

၁၉၇၅ ခုနှစ်မှာ ရှိုင်ခ်ကို အစ္စလာမ့်ဖွသွဝါဟ် (ဓမ္မသတ်) သိပ္ပံသုတေသန ဖိတ်ခေါ်ခြင်းနှင့် လမ်းညွှန်မှုဆိုင်ရာ ဌာနကြီးရဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနှစ်မှာပဲ သူ့ကြံပြုချက်နဲ့ အလ်ဘာနီကို မဒီနာက အစ္စလာမ့် တက္ကသိုလ်ရဲ့ High Council အဖွဲ့ဝင်အဖြစ် (၁၉၇၅-၇၈) ရွေးချယ်ခဲ့ကြတယ်။ ရှိုင်ခ်ဘင်ဘားဇ်ကို ပါမောက္ခချုပ် အဖြစ် ခန့်အပ်ခြင်းနဲ့အတူ၊ နိုင်ငံအပြင်ဘက်မှာ တက်ကြွတဲ့ ဟောပြောခြင်း မူဝါဒတွေကို စတင်ဆောင်ရွက်ခဲ့ပြီ ဖြစ်ပါတယ်။

မဒီနာတက္ကသိုလ်မှာ ဘင်ဘားဇ် ပါချုပ်ဖြစ်ပြီးနောက်ပိုင်း အစ္စလာမ် ကမ္ဘာတစ်ခုလုံးက ကျောင်းသားတွေကို ၀င်ခွင့် ကြီးကြီးကျယ်ကျယ် ပြုလာခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် အိန္ဒိယ ပါကီနဲ့ အာဖရိကနိုင်ငံတွေကကျောင်းသားတွေ ၀င်ရောက်လာကြတယ်။ အာရဗ်တွေရဲ့ ကြီးမားတဲ့ ခေတ်သစ် ဒအ်၀ဟ် ဒီကနေ စတယ်လို့ ပြောရင်လည်း မမှားဘူး။ ယနေ့ အာရဗ်တွေရဲ့ ကျယ်ပြန့်တဲ့ ဒဟ်၀ဟ်လုပ်ငန်းဟာ ကောင်းစွာ လည်ပတ်နေပြီ ဖြစ်တယ်။ စကောလားရှစ်ပေးခြင်းနဲ့အတူ ဒဟ်၀ဟ် ရည်ရွယ်ချက် ထည့်ထားတဲ့ မဒီနာ တက္ကသိုလ်ရဲ့စနစ်ဟာ အတုယူစရာပဲ။ ယနေ့ဆိုရင် နိုင်ငံတကာ ကျောင်းသားများ ညီလာခံကိုတောင် ခေါ်နိုင်တဲ့ အနေအထားကို ရောက်ရှိသွားပါပြီ။ ဘာသာရေးပညာအတွက် ကျောင်းထောင်တာ နောက်ကျပေမယ့် ခေတ်မီ ပညာရေးစနစ်ကို ကမ္ဘာ့ ရှေးဟောင်း တက္ကသိုလ်ကြီးတွေဖြစ်တဲ့ ကရာ၀ီယူးန်၊ အဇ်ဟရ်တို့ထက် ကျော်အောင် စိုက်ပျိုးလိုက်နိုင်တယ်။ ၁၉၆၀-၇၀ ခုနှစ်တွေဆိုတာ အဆိုပါ ရှေးတက္ကသိုလ်တွေ ပုံစံပြောင်းနေချိန် ဖြစ်တယ်။ ၇ ရာစု ၇ ရာစု အော်ပြီး ကွန်ဆာဗေးတစ် (ရှေးရိုးစွဲ) နေလို့မရတော့ဘူး ခေတ်နဲ့အညီ ပညာရေးစနစ်ကို စိုက်ပျိုးဖို့ လိုပြီဆိုတာကို ဖော်ပြပါ တက္ကသိုလ်အားလုံး သိခဲ့ကြတယ်။ ဒါကြောင့် ဒီတက္ကသိုလ်တွေဟာ မွတ်စလင်ကမ္ဘာမှာ ထင်ရှားလာတာ ဖြစ်တယ်။

မဒီနာ တက္ကသိုလ်လည်း နိုင်ငံရဲ့ အားအင်နဲ့အတူပြင်းထန်တဲ့ တက်ကြွမှု ဖြစ်ပေါ်ခဲ့တာ ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် ဒဟ်၀ဟ် (အသိဥာဏ်နဲ့ ဖိတ်ခေါ်ခြင်း) ဖြစ်ပေါ်လာခဲ့တယ်။ ရှိုင်ခ်ဘင်ဘားဇ်ရဲ့ တောင်းဆိုချက်နဲ့ ၁၉၇၆ ခုနှစ်မှာ အလ်ဘာနီဟာ အီဂျစ်နဲ့ မော်ရိုကိုနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့ပြီး အဲဒီနှစ် ရမ်ဇာန်လမှာ အင်္ဂလန်ကနေ မော်ရိုကိုကို ဒုတိယအကြိမ် ကူးခဲ့တယ်။ ၁၉၇၀ ခုနှစ်များအတွင်း ဆီးရီးယားနိုင်ငံတော်ရဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေဟာ အလွန် ဆိုးရွားလာခဲ့ပါတယ်။ ဟာဖိဇ်အစဒ် အစိုးရရဲ့ ကိုယ်ရည်ကိုယ်သွေး ကျဆင်းလာခြင်း၊ အတိုက်အခံတွေအပေါ် ပြင်းထန်တဲ့ ဖိနှိပ်မှု၊ အကျင့်ပျက် ခြစားခြင်း စတဲ့ အခြေအနေကြောင့် တိုင်းပြည်ဟာ ကျဆင်းလာတယ်။ ရလဒ်အနေနဲ့ အိမ်နီးချင်း လက်ဘနွန် ကျူးကျော်မှုရဲ့ နောက်ကွယ်မှာ ပြည်တွင်းစစ် စတင်ခဲ့တယ်။ ၁၉၇၆ ခုနှစ် ဆီးရီးယားမှာ လက်နက်ကိုင် အုံကြွမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အများစုဟာ မွတ်စလင် ညီအကိုတော်များအဖွဲ့ (Muslim Brotherhood organization)က အဖွဲ့ဝင်တွေဖြစ်ပြီး ၁၉၆၄ ခုနှစ်မှာ ပြန်လည် ပိတ်ပင်ခံခဲ့ရတယ်။

ဒါကြောင့် ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံအတွင်းက စွန်နီခေါင်းဆောင်အများစုကို အလ၀ီ ရှီအာ အုပ်ချုပ်တဲ့ ယန္တရားက ဖိနှိပ် ချုပ်ချယ်လာခဲ့တယ်။ အလ်ဘာနီလည်း အသက်အန္တရာယ်နဲ့ ကြုံတွေ့လာရပါတယ်။

ဂျော်ဒန်သို့
++++++++
၁၉၇၆ခုနှစ်မှာ ရှိုင်ခ်မ်ုဟမ္မဒ် အလ်ဆာလစ် အလ်ရှမ်ကီတီနဲ့ အလ်ဘာနီ တွေ့ဆုံပြီးနောက်ပိုင်း သူဟာ ဂျော်ဒန်ကို မကြာခဏ လာရောက်ခဲ့ပြီး ရှမ်ကီတီရဲ့ စာကြည့်တိုက်မှာ သုတေသနပြုပြီး လစဥ် ဟောပြောခဲ့တယ်။ ဆီးရီးယားက အလ၀ီ အစိုးရကို မထောက်ခံတာကြောင့် အလ်ဘာနီဟာ ဂျော်ဒန်မှာ ထာဝရ အခြေချနေထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဟီဂျရီ ၁၄၀၀ ပြည့်နှစ် ရမ်ဇန်လ၊ ၁၉၈၀ ခုနှစ်ဇူလိုင်လမှာ ရှိုင်ခ်ဟာ သူ့မိသားစုနဲ့အတူ ဂျော်ဒန်နိုင်ငံ မြို့တော်အမ္မာန်ကို ပြောင်းရွှေ့ခဲ့ပြီး ဒနတ်စကတ်က သူ့စာကြည့်တိုက်ကို ထားရစ်ခဲ့တယ်။

အမ္မာန်က တဲငယ်လေးမှာနေပြီး အိမ်ဆောက်ဖို့ မြေကွက် ရှာနေခဲ့တယ်။ South Mark ဧရိယာက သင့်လျော်တဲ့ မြေကွက်တစ်ကွက်ကို ဝယ်ယူပြီးနောက် သူဟာ အိမ်တစ်လုံးကို စတင်ဆောက်လုပ်ခဲ့တယ်။ အလုပ် ပင်ပမ်းပြီး ဖျားတယ်။ အိမ်ဆောက်တာ ၁ နှစ်ကျော်ကြာပြီး ပြီးစီးခဲ့တယ်။ အဲဒီနောက် မိတ်ဆွေတွေက သင်ခန်းစာပို့ချဖို့ တောင်းဆို တိုက်တွန်းလာကြတယ်။ ဒီအချိန်မှာ ရှိုင်ခ်ရဲ့ အသက်ဟာ ၆၇ နှစ်ပြည့်ပြီ ဖြစ်တယ်။

သူဟာ သူ့ရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်း တစ်လျှောက်လုံး ဟဒီးဆ် သိပ္ပံဆိုင်ရာ သုတေသနပြုမှုနဲ့ ဟဒီးဆ်လုပ်ငန်းများစွာကို အကောင်အထည် ဖော်ဖို့ ဆန္ဒရှိခဲ့တယ်။ အဲဒီနောက် မိတ်ဆွေတစ်ဦးရဲ့ နေအိမ်မှာ သင်ခန်းစာတွေ ပို့ချဖို့ သဘောတူခဲ့တယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ဂျော်ဒန်အာဏာပိုင်တွေက ရှိုင်ခ်ကို နိုင်ငံတွင်းက နှင်ထုတ်ဖို့ဖြစ်လာစေခဲ့တယ်။ ဂျော်ဒန်နိုင်ငံမှာ ပထမဆုံး အခြေချပြီး တစ်နှစ်အကြာမှာ အလ်ဘာနီကို မလိုလားအပ်တဲ့ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး နိုင်ငံတွင်းကနေ ချက်ချင်း နှင်ထုတ်ခဲ့ကြတယ်။

ဒီကာလဟာ သူ့ဘ၀ရဲ့အထင်ရှားဆုံးကာလဖြစ်ခဲ့ပြီး နေအိမ်ဆုံးရှုံးကာ နေရာ အတည်တကျမရှိ သွားလာနေရတဲ့ ဘ၀ရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဘယ်အထိ ဖြစ်ခဲ့သလဲဆိုရင် ၁၉၈၁ ခုနှစ် သြဂုတ်လကနေ ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလအကြား ရှိုင်ခ်ဟာ နိုင်ငံ ခြောက်နိုင်ငံကို ရွှေ့ပြောင်းခဲ့ရတယ်။ တောင်ပြေး မြောက်ပြေး ဘ၀နဲ့ ခြောက်နိုင်ငံကို တစ်နေရာကနေ တစ်နေရာ ရွာလည်နေခဲ့တယ်။ အာရဗ်နိုင်ငံ အများအပြားက သူ့ကို ၀င်ခွင့် ပိတ်ထားခဲ့ကြတယ်။ ဘာသာခြားနိုင်ငံသွားဖို့ကို သူက ငြင်းဆိုတယ်။

၁၉၈၁ ခုနှစ် ဩဂုတ်လမှာ ဂျော်ဒန်ကနေ ဆီးရီးယားကို နှင်ထုတ်ခံရပြီး သေဘေး အန္တရာယ်နဲ့တိုးကာ လက်ဘနွန်ကို ထွက်ပြေးခဲ့ရတယ်။ သူဟာ လက်ဘလွန်- ဘေရွတ်မှာ သုံးလနေခဲ့တယ်။ ၁၉၈၁ ခုနှစ် နိုဝင်ဘာလမှာ သူဟာ UAE ကို ပြောင်းရွှေ့ခဲ့ပြီး သူ့ကျောင်းသားတစ်ဦးရဲ့ အိမ်မှာ နှစ်လကြာ နေထိုင်ခဲ့တယ်။ ၁၉၈၂ ခုနှစ် ဇန်နဝါရီလမှာ ရှိုင်ခ်ဟာ ကာတာနိုင်ငံ ဒိုဟာကို ရောက်ရှိခဲ့ပြီး ဟိုတယ်မှာ တစ်လကြာ တည်းခိုခဲ့တယ်။ ဖေဖော်ဝါရီလ ကူဝိတ်မှာ ၁၀ ရက်ကြာ ရှိပြီးနောက် UAE ကို ပြန်လည် ရောက်ရှိခဲ့တယ်။ အဲဒီလို နေစရာမဲ့ဘ၀နဲ့ ရွာလည်နေစဥ် ရှိုင်ခ်မိုဟမ္မဒ် ရှကူးရ်ရဲ့ မေတ္တာရပ်ခံချက်အရ ဂျော်ဒန်ဘုရင် ဟုစိုင်က ခွင့်ပြုပေးခဲ့လို့ အမ္မာန်ကို လာပြီး နေထိုင်ခွင့်ရခဲ့ပါတယ်။

ရှိုင်ခ် အလ်ဘာနီဟာ ဒုက္ခတွေနဲ့ စမ်းသပ်မှုများစွာကို ရင်ဆိုင်ခဲ့ရတယ်။ အလ္လာဟ်ဟာ သူ့ကို အမျိုးမျိုး စမ်းသပ်ခဲ့တယ်။ သူ့ဘဝ တစ်လျှောက်လုံးမှာ ပထမဆုံး သူ့ရဲ့ ချစ်ဇနီး၊ အရွယ်မရောက်သေးတဲ့ သားသမီးတွေနဲ့ သူမိဘတွေအပါအ၀င် သူ့အကိုကြီးတစ်ဦးအားလုံး သေဆုံးခဲ့ကြတယ်။ တစ်ခါနောက် အိမ်ထောင်ပြုတဲ့ ဇနီးတွေကလည်း သူ့ဒုက္ခတွေကို ဝေမျှ မယူနိုင်ဘူးဆိုပြီး ပြောလာလို့ နှစ်ကြိမ်တိုင်တိုင် ကွာရှင်းပေးခဲ့ရတယ်။ နှင်ထုတ်ခံရလို့ ရွာလည်နေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘ၀မှာ စာနာ
မှုဆိုတာ ကျောသပ်ပေးရုံအပြင် အပိုမရှိခဲ့ဘူး။ ဒါ့အပြင် ရှိုင်ခ်ရဲ့ တက်ကြွတဲ့ ဟဒီးဆ်သိပ္ပံနည်းကျ သုတေသနပြုမှုက သူ့မိသားစုဘဝမှာ ထင်ဟပ်ခဲ့တယ်။ ဘ၀ရဲ့ ပထမဆုံး အခြေအနေမှာ အဖေကိုယ်တိုင် နှင်ထုတ်ခဲ့တယ်။ နောက်တော့ နိုင်ငံတွေက နှင်ထုတ်ခဲ့ကြတယ်။ ဒီအတောအတွင်း သူဟာ စမ်းသပ်မှုတွေကို စိတ်ရှည်သည်းခံကာ စွန္နဟ်ကို
အရာအားလုံးမှာ ထည့်သွင်းဖို့ ကြိုးစားခဲ့တယ်။

ရှိင်ခ်၏ဇနီးများ-
++++++++++++
ပထမဇနီး - Umm 'Abd ar-Rahman ဖြစ်တယ်။
အိမ်ထောင်ပြုတဲ့ ရက်စွဲ မသိရပါ။ ဇနီးသည်ဟာ ဇာတိ ဘော်ကန်ဒေသသူ ဖြစ်တယ်။ ဒမတ်စကတ်မှာ အိမ်ထောင်ပြုခဲ့တယ်။ ဒီဇနီးဟာ ဟီဂျရီ ၁၃၇၂ ခုနှစ် မုဟရမ်လ ၁၄ ရက်နေ့၊ ၁၉၅၂ အောက်တိုဘာ ၃ ရက်နေ့မှာ တီဘီရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူမနဲ့ရတဲ့ ကလေးတွေကတော့ ...
အဗ္ဗဒွလ်လသွီးဖ် (Abd al-Latyf) နာရီပြုပြင်သူ ဖြစ်လာခဲ့တယ်။
အဗ္ဗဒွရ်ရဇားက် (Abd ar-Razzak) ဟာ နောက်တွဲယာဉ်မောင်း ဖြစ်လာခဲ့တယ်။
သမီး- Bashir ကို ဟီဂျရီ ၁၃၆၄ ရှောင်၀လ်လ ၁၀ ရက်၊ ၁၉၄၅ ဇူလိုင်လ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့တယ်။ ၁၉၄၆ အောက်တိုဘာ ၇ ရက်၊ ၁၃၆၅ ဇွလ်ကအ်ဒရ်လ ၁၂ ရက်နေ့ ၉ လကြာ သွေးရောဂါတစ်မျိုးနဲ့ ကွယ်လွန်သွားခဲ့တယ်။
အိုမာမား-Umaima ရဗီအွလ်အာခေရ် ၁၁ ရက် ၁၃၇၀၊ ၁၉၅၁ ဇန္နဝါရီ ၁၉ ရက်နေ့မွေး။ ၁၃၇၀ ရှာဗန် ၂၂ ရက်၊ ၁၉၅၁ မေလ ၂၈ နေ့မှာ သူ့အမေဆီက အမွေရခဲ့တဲ့ တီဘီရောဂါနဲ့ပဲ သေဆုံးသွားခဲ့ရတယ်။

ဒီဇနီး ကွယ်လွန်ပြီး ၄ လအကြာမှာ ရှိုင်ခ်ဟာ နောက်ဇနီးတစ်ဦးနဲ့ လက်ထပ်ခဲ့တယ်။

ဒုတိယဇနီးက Najia bint Lotfi Jamal ဖြစ်ပြီး လက်ထပ်တဲ့နေရာ - ဒမတ်စကတ်၊ ရက်စွဲ - ၁၉၅၃ ဖေ - ၁၃၊ ၁၃၇၂ ဂျမာဒလ်အူလာ၂၉ ရက်နေ့
ဖြစ်ပြီး ဒီဇနီးဟာလည်း ဘော်လ်ကန်ဇာတိသား ဖြစ်တယ်။ ဂျော်ဒန်နိုင်ငံကို ပြောင်းဖို့ ငြင်းဆန်တာကြောင့် ဒမတ်စကတ်မှာ ယရ်မူးက် ပါလက်စတိုင်း ဒုက္ခသည် စခန်းမှာ ရှိုင်ခ်နဲ့အတူ နေထိုင်နေစဉ် ဇနီးသည်နဲ့ ကွာရှင်းခဲ့တယ်။ သူမနဲ့ရတဲ့ သား
Abd al-Musavvir - ဟဒီးဆ်ပညာရှင် ဖြစ်လာခဲ့တယ်။
နောက်တစ်ယောက်က အဗ္ဗဒွလ္လာဟ်။
နောက်တစ်ယောက်က ၁၉၆၃ မှာ မွေးလာတဲ့ မိုဟမ္မဒ်ဖြစ်ပြီး နောက်ပိုင်းမှာ ဟဒီးဆ်ပညာရှင် ဖြစ်လာခဲ့ပါတယ်။
နောက်တစ်ယောက်က Abd al-Muhaymin ဖြစ်တယ်။
နောက်သားတစ်ဦးလည်း ငယ်ရွယ်စဥ်မှာပဲ သေဆုံးခဲ့ပြန်တယ်။

အဲဒီနောက် ဒုတိယဇနီးဖြစ်သူနဲ့ ရှိုင်ခ်ဟာ တတိယအကြိမ်မြောက် လက်ထပ်ခဲ့ပြန်တယ်။ တတိယဇနီးက Khadija al-Qadiri ဖြစ်ပြီး လက်ထပ်တဲ့နေရာ - ဒမတ်စကတ် ဖြစ်ပြီး ရက်စွဲက- ၁၉၇၈ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပြီး ဒီဇနီးဟာ ဆီးရီးယား ဇာတိဖြစ်တယ်။ သူမဟာ Dr. Muhammad Amin al-Misri (မဒီနာတက္ကသိုလ်ကဆရာမနဲ့ ရှိုင်ခ်ရဲ့ သူငယ်ချင်း)ရဲ့ ညီမ ဖြစ်တယ်။ ၁၉၈၀ ခုနှစ်မှာ ဒီဇနီးနဲ့ အတူ ဂျော်ဒန်ကို ပြောင်းရွှေ့ခဲ့တယ်။ ဒီဇနီးဟာ အမ္မာန်မှာ ခဏနေပြီး ဆီးရီးယားပြန်တယ်။ ပြန်လာဖို့ ငြင်းတယ်။ ခြောက်လအကြာ ကွာရှင်းစာ ပေးပို့ခဲ့ပြီး သူ့မရဲ့ ပတ်စပို့ကို ပြန်အပ်ခဲ့တယ်။ ဒီဇနီးနဲ့ သမီးတစ်ဦး Khibatullah ကို မွေးတယ်။

စတုတ္ထမြောက် ဇနီးက Umm al-Fadl Yusra ‘Abd
ar-Rahman’ Abidin ဖြစ်တယ်။ လက်ထပ်တဲ့နှစ်ဟာ
၁၉၈၁ ရမ်ဇာန်လလယ်မှာ ဖြစ်တယ်။ လက်ထပ်တဲ့နေရာက အမ္မာန်ဖြစ်ပြီး ဇနီးဟာ ပါလက်စတိုင်းသူဖြစ်တယ်။ သူမဟာ ၁၆ ဇွလ်ဟဂျ်လ ၁၄၃၇၊ ၁၈ စက်တင်ဘာ ၂၀၁၆ မှာ ကွယ်လွန်ခဲ့ပြီး ဒီအိမ်ထောင်နဲ့ သားသမီး မရှိပါ။

ဂျော်ဒန်ကို ပြန်ရောက်တော့ အသက် ၆၈ နှစ်အရွယ်နဲ့ ရှိုင်ခ်ဟာ သူ့ရဲ့ နောက်ဆုံး ခိုလှုံရာအဖြစ် ဒီနိုင်ငံကို တွေ့ရှိခဲ့ပါတယ်။ သူ့ဇနီးသည် အဆိုအရ၊ သူဟာ အောက်ပါ နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေကို ချမှတ်ခဲ့တယ်။

မနက် ဖဂျရ်မတိုင်မီ ထတယ်။ သူ့တပည့်တွေကို ဖုန်းဆက် နှိုးတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်နေစဥ် ကားနဲ့ သွားလာလေ့ရှိတယ်။ ကျောင်းသားတွေကို အိမ်ခေါ်လာတတ်တယ်။ သူ့အိမ်မှာ ဇဟိုရ်ဖတ်တယ်။ နမားဇ်ထဲ ၀င်နေတဲ့ တရားသစ်တွကို ရှောင်ရှားဖို့ ရှေ့ဆောင်ဆရာတွေကို လမ်းညွှန်လေ့ရှိတယ်။ အကယ်၍ စာသင်ချိန် အားတဲ့အခါ ရှိုင်ခ်ဟာ အိမ်ပြန်ပြီး ဟဒီးဆ်ကျမ်းတွေကို လေ့လာဖို့ သူ့အိမ်က စာကြည့်တိုက်မှာ ထိုင်နေတတ်တယ်။ သူ့မိန်းမက မနက်စာ စားဖို့ခေါ်တဲ့ မနက် ခုနစ်နာရီအထိ၊ မနက်စာ စားပြီးနောက် ရှိုင်ခ်ဟာ စာကြည့်တိုက်ကို ပြန်လာကာ နေ့လည်အချိန် ခဏတာ အိပ်စက်ခြင်း( kailula )လုပ်လေ့ရှိတယ်။ အိပ်ပြီး ထတာနဲ့ စာကြည့်တိုက်ကို ပြန်သွားတယ်။ ဇဟိုရ်ဖတ်ပြီး နေ့လည်စာ စားတတ်တယ်။ အစာစားဖို့ ငြင်းတာ များတယ်။

သူစာလုပ်နေချိန် အစားအသောက်တွေ ဘေးမှာချထားတဲ့ အစားအစာတွေ အေးခဲသွားတဲ့အခြေအနေအထိ ဖြစ်ခဲ့တယ်။ စာရရင် အစားစားဖို့လည်း သူ စိတ်မ၀င်စားတတ်ဘူး။ အကယ်၍ သူသွားစရာရှိရင် ဇဟိုရ်နဲ့ မဂ်ရိဘ်ကြား ချိန်းဆိုလေ့ရှိတယ်။ အေရှာပြီးချိန်ကနေ ည ၁၁ နာရီအထိ ဖသ်ဝါကို ဖုန်းနဲ့ ဖြေကြားတယ်။ အဲဒီနောက် သူအိပ်ယာ၀င်တယ်။ အဲဒီနောက် သဟဂျွဒ် ထဖတ်လေ့ရှိတယ်။ ညဘက်တွေမှာလည်း သူ့စာကြည့်တိုက်မှာ ထိုင်နေတတ်တယ်။ သူ့သား အဗ္ဗဒွလ်လသွီးဖ်ရဲ့ အဆိုအရ အလ်ဘာနီဟာ နေ့ဘက် ၂ နာရီနဲ့ ညဘက် ၂ နာရီ တစ်နေ့ကို ၄ နာရီ အိပ်ကြောင်း သိရတယ်။ သူ့အဖော်ဟာ သူ့စာအုပ်တွေပဲ ဖြစ်တယ်။

ဒီနှစ်အတွင်း ဟဂျ်နဲ့ အွမ်မရာဟ်က လွဲပြီး ဂျော်ဒန် အပြင်ဘက်ကို ခရီးမထွက်ခဲ့ဘူး။ အချိန်ပြည့် ဟဒီးဆ်ကျမ်းစာအုပ်တွေထဲမှာပဲ ခေါင်းစိုက်ထားလေ့ ရှိတယ်။ အလ်ဘာနီရဲ့ ထူးခြားချက်တစ်ခုအဖြစ် တွေ့ရတာက သူဟာကျော်ကြားမှုကို ရှောင်လေ့ရှိတယ်။ နာမည်ကြီးနေတဲ့ သူ့ကို စာတမ်းဖတ်ပွဲတွေ၊ နိုင်ငံတကာ ကွန်ဖရင့်စ်တွေမှာ ဖိတ်သော်လည်းပဲ ငြင်းပယ်ခဲ့တယ်။ မတက်ခဲ့ပါ။ သူ့ဘ၀မှာ နဗီက အိမ်မက်ပေးမယ်၊ ဘယ်သူက အိမ်မက်ပေးတယ်၊ ဘာ၀ဇီဖွာ ညာ၀ဇီဖွာ စတဲ့ ဒီဘက်မှာကျနော်တို့ကြားဖူးတဲ့ မြင်လည်း မမြင်ရ ဒီအပြောအဆိုမျိုးအတွက် အထောက်အထားလည်း မပေးနိုင်တဲ့ လေဖမ်းဒါန်းစီး မစားရ ၀ခမန်း ဆရာသခင်ကို ကျွန်တွေက ဘောမဖို့ စာဖွဲ့ထားတဲ့ သောက်ပေါစကားတွေ မတွေ့ရဘူး။ လူသားဖြစ်တဲ့အလျှောက် လူသားသဘာ၀ လျှောက်လှမ်းရင်းနဲ့ဒုက္ခနဲ့ သုခတွေကို ရိုးရိုးလေး မြင်ရပါတယ်။

ဆက်ပါဦးမည်။

တင်ပြသူ.

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address

Yangon