Second Mobile Shop

Second Mobile Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Second Mobile Shop, Digital creator, V6QV+R7 Yangon, Yangon.

Photos from Second Mobile Shop's post 18/06/2024

ငှက်ကစလိုက်တဲ့ ဇာတ်လမ်း တကယ့်ဆရာကြီးတွေမှအဆုံးသတ်တယ်

ကြက်တော Alexandrine Parakeet ကိုလေ့လာရင်း မဟာအလက်ဇန္ဒားဘုရင်ကိုဆက်လေ့လာ သူ့ဆရာအရစ္စတိုတယ် (Aristotle) စီရောက် စွယ်စုံကျမ်းများ ဂန္ဓဝင်စာပေ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ သတ္တဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (physiology)

အတွေးအခေါ်ပိုင်းဆိုင် အဖိုးတန် ယုတ္တိဗေဒသီအိုရီ (Theory of Logic) လူ့ကျင့်ဝတ် (Ethics)၊ တက္ကိကဗေဒ (metaphysic)၊ စိတ်ပညာ၊ ဘောဂဗေဒ၊ ဘာသာရေး (Theology)၊ နိုင်ငံရေး၊ နှုတ်မှုစွမ်းရည် (Rhetoric)၊ ရသပညာ (Aesthetics)၊ ပညာရေး၊ ကဗျာ

ပလေတို (Plato) (ဘီစီ ၄၂၇-၃၄၇)

ဆိုကရေးတီး ဘီစီ ၅၀ဝ ပြည့်နှစ်ခန့်က ဂရိ နိုင်ငံ အေသင် မြို့တော်

ဆရာ့ဆရာတွေနောက်လိုက်ကြည့် ဆိုကရေးတီး မှာဆုံးသတ်တယ်

18/06/2024

သိပ်ယဥ်ကျေးလွန်းတော့လည်း

ပျူတွေ ဘယ်ပျောက်သွားသလဲ နဲ့
“ ပျူ “ ( အရင်နှစ်ပေါင်း ၂၃၀၀ က ၁၂၀၀ ထိ )
=====================
(ဒေါက်တာသန်းထွန်း ရေးသည်။ ဆရာကြီး ကွယ်လွန်ခါနီး ၁၂၊ မေလ ၂၀၀၅ ခုနှစ်တွင် အမှာစာ ရေးသားထုတ်ဝေသော "ပျူတွေ ဘယ်ပျောက်သွားသလဲ" စာအုပ်မှ ဖြစ်ပါတယ်။ ဒေါက်တာသန်းထွန်းသည် ၅လအကြာ ( ၃၀၊ နိုဝင်ဘာ ၂၀၀၅) တွင် ကွယ်လွန်သည်။ ဆရာကြီး၏ ကွယ်လွန်သည့်အချိန်အထိ လက်ခံထားသော ပျူသမိုင်း ဖြစ်ပါသည်။ )
-------------------------------------
အမှာစာ
ပျူတွေ ဘယ်ပျောက်သွားသလဲ
ရေးသူ
သန်းထွန်း
ငါ ဒီမှာ ဟေ့လို့ အော်လိုက်ချင်တယ်။ ဆိုလိုတာက ပျူ နဲ့ မြန်မာ အတူတူပဲလို့ ကျွန်တော် ထင်မိတယ်။ တတ်နိုင်သလောက်တော့ ကိုယ့်စကား ခိုင်လုံအောင် သက်သေရှာပြပါ့မယ်။ ကနေ့ မြန်မာနိုင်ငံလို့ ခေါ်တဲ့ နေရာဒေသမှာ အရှေ့ခြမ်းက ရှမ်း၊ အနောက်မှာ ရခိုင်၊ တောင်မှာ မွန်၊ မြောက်မှာ ချင်း၊ ကချင်၊ အလယ်မှာ မြန်မာ၊ အလယ်ဆိုတာ ထင်ရှားတဲ့ မြို့ကို အစွဲပြုပြီး ပြောရင် ပုဂံအကြောင်းကို ပြောရမယ်။ ပုဂံအကြောင်း ပြောရင် ပျူစောထီးက စတာပဲပေါ့။ အဲဒီပျူတွေ အခု ဘယ်မှာလဲလို့ ဆက်ပြီး မေးရင် ပျူ နဲ့ မြန်မာ ရောသွားပြီလို့ ပြောလိုက်မိတယ်။ ဒါပေမယ့် ဒီလိုရောတာ သိပ်မကြာသေးပါ။ သာသနာ အနှစ် ၁၆၂၈ (ခရစ်နှစ် ၁၀၈၄) က ရာဇာကုမာ ကျောက်စာမှာ ပျူစာမျက်နှာ ရေးထိုးထားသည်ကို တွေ့ရပါတယ်။ ပျူလူမျိုးက ခရစ်နှစ် ၁၆ ရာစုနှစ်မှာ ဖော်ပြထားတာကို တွေ့ရသေးတယ်။ အခုထိ ယောနယ်ထဲမှာ ပျူတွေ ရှိသေးတယ်လို့ ပြောပါတယ်။ သို့သော် အလွန်ရှားပါးသွားပါပြီ။ ဘာကြောင့် ဒီလိုဖြစ်ရသလဲလို့ ပြန်လည်စစ်ဆေးတဲ့အခါ ခရစ်နှစ် ကိုးရာစုလောက်က စပြီး မြန်မာတွေ လွှမ်းမိုးတဲ့ဒဏ်ကို မခံနိုင်လို့ ဖြစ်မယ်။ ပထမ ပျူတွေရဲ့ ခုခံနိုင်တဲ့ အားကို ချင့်တွက်ဖို့ လိုပါတယ်။ ပျူတွေမှာ လုံခြုံရေးအတွက် တပ်မြို့ ကိုးမြို့ ရှိပါတယ်။
၁။ တောင်တွင်းကြီး
၂။ သီပေါ
၃။ ဟလင်း
၄။ နွားထိုးကြီး
၅။ ကူမဲအနီး (? မိုင်းမော)
၆။ ထီးချိုင့်
၇။ မော်ဇာ အရှေ့သဲကုန်း
၈။ ဗမော်အရှေ့ ကမ်းသီတာ
၉။ မွေရင်းအနီး မောရိယ
မွေရင်း (မောရိယ)ဟာ ဧရာဝတီအနောက်ဘက်ကမ်းလို့ပဲ သိတယ်။ နေရာအတိအကျ မပြောတတ်ပါ။ ပျူအများစုဟာ ဗမော်နယ်၊ ထီးချိုင်နယ်၊ အခု ရွှေဘိုနယ်၊ ကျောက်ဆည်နယ်၊ ပြည်နယ်၊ တောင်တွင်းကြီးနယ်တွေမှာ နေကြတယ်။ မြန်မာနယ်တွေကို ခရစ်နှစ်မစမီ နှစ်တစ်ရာ ခပ်စောစောကပဲ ဝင်လာပြီး နေကြပြီ။ ခရစ်နှစ် ကိုးရာစုလောက်မှာ သူတို့နေရာက-
ကျူကုတ်ဝန်းကျင်
ရခိုင်ကမ်းရိုးတန်း (အချို့နေရာ)
သပိတ်ကျင်းဝန်းကျင်
ကသာရွှေကူအကြား၊ ဧရာဝတီအနောက်ကမ်း
မုံရွာတဝိုက်
ပန်းလောင်၊ ဇော်ဂျီမြစ်ဆုံ
စလင်းကြပင်း ဝန်းကျင်
ထီးလင်းတဝိုက်
ပုဂံ
စစ်တောင်းမြစ်ဝှမ်း
တကောင်းဝန်းကျင်
မုတ္တမ သထုံတစ်ဝိုက်
အခုဖော်ပြထားတဲ့ နေရာမှာ ပျူတွေ ရှိမယ်။ နောက်ရောက်လာတဲ့ မြန်မာတွေနဲ့ အိမ်ရာထူထောင်ပြီး ပျူကပြားတွေက ပျူနာမည် မခံယူတဲ့အတွက် ပျူပျောက်သွားတာ ဖြစ်ပါတယ်။
နိုင်ငံခြားဆက်ဆံရေးမှာ အိန္ဒိယ၊ ဩရိသ ဟုဂလိမြစ်ဝက အခု မလေးရှ ကျွန်းဆွယ်အဆုံးအထိ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းဒေသတွေနဲ့ အဆက်အဆံ ရှိပါတယ်။ အရှေ့တောင် အာရှမှာလဲ ဗီယက်နမ်၊ စမ္ပာအထိ ဆက်သွယ်ထားပါတယ်။ အဲဒီနိုင်ငံက လူတွေကလဲ ပျူကို မေ့ပစ်လိုက်ပြီး ဒီနိုင်ငံက လူတွေကို မွန်၊မြန်မာ၊ ရှမ်းလို့ပဲ ခေါ်ကြတယ်။ ပျူလို့ မခေါ်ဘဲ မေ့ပစ်လိုက်ကြတယ်။ ဆိုလိုတာက လူမျိုးရောနှောပြီး ပျောက်သွားတာ ဖြစ်ပါတယ်။ အခု စာအုပ် ပျူတွေ ဘယ်ပျောက်သွားသလဲကို ဖတ်ပြီးရင် ပြေးကွယ်ပုံးလျှိုးတဲ့ ပျူကို ဆွဲထုတ်နိုင်မည် ဖြစ်ပါတယ်။
သန်းထွန်း
၁၂ ၊ မေလ ၂၀၀၅ ခုနှစ် ။
=================
“ ပျူ “ ( အရင်နှစ်ပေါင်း ၂၃၀၀ က ၁၂၀၀ ထိ )
ပျူသင်္ချိုင်းစာတွေက စုဆောင်းရရှိတဲ့ ပျူဝေါဟာရတွေကို လေ့လာတဲ့အခါ ပျူစကားဟာ အသံရှစ်မျိုးရှိပြီး နောက်ဆုံးဗျည်းသတ်တဲ့ အလေ့မရှိပါ။ ဒါပေမဲ့ တိဗက်မြန်မာမျိုးတူစု အပါအဝင်ဖြစ်တယ်လို့ သတ်မှတ်တဲ့ ပျူလူမျိုးဟာ အခုအခါ မြန်မာနိုင်ငံလို့ ခေါ်တဲ့ ဒေသမှာ ခရစ်မပေါ်မီ ၅ ရာစုနှစ်ကပဲ ဝင်ရောက်နေထိုင်ပြီး ဖြစ်မယ်လို့ ထင်ပါတယ်။ ဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်း ရွှေဘိုနယ်က၊ ပြည်နယ်အထိ အခြေချနေထိုင်ခဲ့ကြတယ်။ ပျူလူမျိုး တချို့က ရခိုင်ရိုးမကို ကျော်ပြီး သံတွဲမှာ ဝင်ရောက်နေထိုင်တယ်လို့ သိရပါတယ်။ တရုတ်တွေက ပျူ ကို " ဖျောက် " လို့ ခေါ်ပြီး တရုတ်မှတ်တမ်းတစ်ခုမှာ ပျူကို " ထုလော ကျူ "လို့လည်း ခေါ်တယ်လို့ သိရပါတယ်။ မွန်က သူတို့ကို " တိရ်စုလ် " လို့ ခေါ်ပါတယ်။ ပျူလက်ရာလို့ ထင်ရတဲ့ ကျောက်ရုပ်ထုနဲ့ မြေရုပ်ကြွတွေမှာ တွေ့ရတဲ့ ပျူလူမျိုးတွေဟာ ခန္ဓာကိုယ်ရဲ့ အောက်ပိုင်းမှာ ချည်စတွေကို ချည်နှောင်ထားပြီး အပေါ်ပိုင်းမှာ အဝတ်မရှိပါ။ တရုတ်ရှေး ထန်ရာဇဝင်မှာ ပျူအမျိုးသားဟာ ပန်းရောင်ဖျင်တစ်စကို ခေါင်းမှာ ပေါင်းထားတတ်တယ်။ ပန်းနဲ့ ငှက်မြီး၊ ငှက်တောင်တွေ ခေါင်းမှာ စိုက်ထားတတ်တယ်။ အမျိုးသမီးတွေက ပန်းရောင်ပုဝါရှည်ကို လည်မှာ စုံချပြီး လက်မှာ ယပ်တောင် တစ်ချောင်းကို ကိုင်ထားလေ့ရှိတယ်။ အဖိုးတန်ကျောက်နဲ့ လုပ်တဲ့ လက်ကောက်၊ ပုတီး၊ ဆွဲကြိုးတွေကို နှစ်သက်တယ်။ သူ့အသက်မသတ်ချင်လို့ ပိုးထည်ကို မသုံးဘူးလို့ သိရပါတယ်။
ပျူတွေဟာ မြန်မာနဲ့ လူမျိုးတူတယ်။ ယဉ်ကျေးသိမ်မွေ့ပြီး အေးအေးပဲ နေချင်တယ်။ ရွှေဘိုက ပြည်အထိ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ အခြေပြုပြီး နေထိုင်တယ်။ မြို့တော်က ပြည်မြို့ဖြစ်တယ်။ အဲဒီမြို့တော်ကို သက္ကတဘာသာနဲ့ ဂြီ့က္ပေတြ (ခံ့ညားထည်ဝါတဲ့ မြေ)လို့ ခေါ်တယ်။ နန်ကျောင်လူမျိုးတွေက ခရစ်နှစ် ၈၃၂ မှာ အဲဒီမြို့ကို လာရောက်ဖျက်ဆီးသွားပါတယ်။
အိန္ဒိယအက္ခရာတွေကို ပျူတွေယူပြီး ပျူဘာသာစကားကို စာနဲ့ ရေးဖို့ ကြိုးစားခဲ့တယ်။ ပျူကျောက်စာတွေ ကျန်ရစ်တယ်။ ကုသိုလ်ကောင်းမှု မှတ်တမ်းများပါတယ်။ သင်္ချိုင်းအရိုးအိုးတွေမှာလည်း ကွယ်လွန်သူရဲ့ ဘွဲ့အမည်နဲ့ မွေးနှစ်၊ သေနှစ်တွေကို မှတ်တမ်းရေးထိုးခဲ့တယ်။ အဲဒီကျောက်စာတွေအရ ဒေဝမိတြ (နတ်ချစ်သူ)၊ ဟရိဝိကြမ (ဗိဿ နိုးရဲ့ ခွန်အား)၊ သီဟဝိကြမ ( ခြင်္သေ့ရဲ့ ရဲရင့်ခြင်း)၊ သူရိယဝိကြမ (နေမင်းရဲ့ အား)၊ စြိသုဝိကြမ (သံချပ်အကာအကွယ်)၊ ဇတြတတရီကြမ (အမျိုးဂုဏ်ထိန်းသူ)၊ အဒိတျဝိကြမ ( နေမျိုးရဲ့ ဂုဏ်ဆောင်) ဘွဲ့အမည်တွေဟာ ရှင်ဘုရင်တွေ ဖြစ်တယ်။ စရ်ကေ၊ ဆော၊ တြဥ၊ ရ၊ သွတို့က ဝန်ကြီးတွေရဲ့ ဘွဲ့ဖြစ်တယ်။ မင်းနဲ့ ရဟန်းတွေကို အိန္ဒိယနာမည်တွေ ပေးထားတယ်။ အဓိပ္ပာယ်သိတဲ့ ပျူဝေါဟာရမှာ ၅၀ ကျော် ၆၀ လောက်ပဲ ရှိပါတယ်။
ပျူတွေဟာ အသက်ခုနှစ်နှစ်က နှစ်ဆယ်တွင်း သားသမီးတွေကို ခေါင်းတုံးရိတ်ပြီး ဘုန်းတော်ကြီးကျောင်းကို ပို့ထားလေ့ရှိတယ်။ အသက် ၂၀ ရောက်တဲ့အခါ အလိုဆန္ဒပါရင် ရဟန်းဝတ်ခွင့်ပြုတယ်။ ရဟန်းမဝတ်လိုသူတွေက မိဘအိမ်ကို ပြန်လာကြတယ်။ ဒီအချက်ကို ထောက်ရင် ပျူတွေဟာ ဗုဒ္ဓဘာသာကို တကယ်လေးလေးနက်နက် ကြည်ညိုလေးစားသူတွေ ဖြစ်ပြီး မဟာယာနဂိုဏ်းဝင်သူ အနည်းအပါးတော့ အမြဲရှိမယ် ထင်ပါတယ်။ တစ်မျိုးပြောတော့ နတ်ကိုးတာရော၊ မဟာယာနအယူရော၊ ဟိနယာနာအယူပါရောနှောပြီး ဘယ်သူ့ကိုမှ ရန်မမူဘဲ အသင့်အတင့် ပြေပြစ်အောင် ဆက်ဆံနေထိုင်ပုံရတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်ဆိုပေမယ့် ရိုးရာနတ်ကိုးကွယ်မှုနဲ့ ဗြဟ္မဏဝါဒလည်း မဖျောက်ပါ။ အဲဒါအပြင် အတိတ်နိမိတ်ကိုလည်း ယုံကြည်တယ်။ ဗေဒင်မေးတယ်။ သူ့အသက်သတ်ခြင်းကို ရှောင်ကြဉ်ကြလို့ ယဉ်ကျေးသိမ်မွေ့သူတွေလို့ ခေါ်ရပါမယ်။
ခရစ်နှစ် ၄ ရာစုလောက်ကစပြီး ပျူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး စာရေးနည်းပညာကို တတ်မြောက်လာတယ်။ ဗုဒ္ဓဘာသာအပြင် အခြားယုံကြည်နမှုတွေကို နှောက်ယှက်တားဆီးခြင်း မပြုပါ။ ဗေဒင်မေး ဝါသနာပါတယ်။ အဲဒါကြောင့် ပျူတွေရဲ့ ယုံကြည်ပုံကို ဝါဒအထွေထွေ ရောနှောတဲ့ ယုံကြည်မှု ဖြစ်တယ်လို့ ပြောရပါတယ်။
ပျူတွေဟာ စိုက်ပျိုးရေးနဲ့ အသက်မွေးသူတွေ ဖြစ်ပါတယ်။ ဆန်စပါးကို အထူးပြုစိုက်ပျိုးတယ်။ နှံစားပြောင်းနဲ့ ကြံကိုလည်း စိုက်တယ်။ အိုးထိန်းစက်နဲ့ လုပ်တဲ့ အိုးတွေ သုံးတယ်။ ဗိဿ နိုးတွေလောက် မလှပ မကောင်းမွန်ပါ။ အရောင်းအဝယ်မှာ အသုံးပြုမယ် ထင်ရတဲ့ ငွေဒင်္ဂါးတွေ ရှိတယ်။ ၁၉၉၉ ခုနှစ်မှာ တွံတေးကွမ်းခြံကုန်းကြားက ဘုရားကုန်းဟောင်းတစ်ခုကို တူးရင်း မမျှော်လင့်ပဲ ရွှေဒင်္ဂါးတွေ တွေ့တယ်။ ပျူငွေဒင်္ဂါးလို့ ခေါ်တဲ့ အပြားငယ်တွေမှာလိုပဲ တံဆိပ်အမှတ်အသားတွေ တွေ့လို့ ပျူရွှေဒင်္ဂါးလို့ ခေါ်နေကြတယ်။ ဆန်နဲ့ ဟင်းမွှေးခတ်တ့ ဟင်းမျိုးကို ချက်စားကြပါတယ်။ ညအချိန် အလင်းရောင်အတွက် ပျားဖယောင်းကို မီးထွန်းတယ်။
လူအများစုက အကျင့်စာရိတ္တကောင်းမွန်ပြီး ငြိမ်းချမ်းရေးကို နှစ်သက်တယ်။ ရိုးရိုးအေးအေးနေတဲ့ အလေ့ရှိတယ်။ စကားမများပါ။ ရာဇဝတ်မှု ကျူးလွန်ရင် နှိပ်ကွပ်ဖို့ ဥပဒေတွေ ထားပေမယ့် ကြီးလေးတဲ့ အပြစ်ပေးလေ့မရှိပါ။ အမှုကို စစ်ဆေးတဲ့အခါ ဂေါတမဘုရားရဲ့ ရုပ်ပွားတော်ရှေ့မှာ စစ်ဆေးပြီး တရားစီရင်ချက် ချလေ့ရှိတယ်။ တစ်ဦးကို တစ်ဦး တွေ့လို့ နှုတ်ဆက်တဲ့အခါ တစ်ယောက်လက်မောင်းကို တစ်ယောက်က ကိုင်ပြီး ဦးညွှတ်အရိုအသေပေးမြဲ ဖြစ်တယ်။
သေဆုံးသူရဲ့ အလောင်းကို မီးသင်္ဂြိုလ်တယ်။ ပြာဖြစ်တော့ ပြာကို အိုးနဲ့ ထည့်ထားတယ်။ ပြီးတော့ အသုဘအိမ်ဆောက်ပြီး ပြာအိုးတွေကို သိမ်းထားလေ့ရှိတယ်။ လူသာမန်တွေအတွက် မြေအိုးနဲ့ အရိုးပြာကို သိမ်းဆည်းတယ်။ စီးပွားဥစ္စာရှိသူတွေက ကြေးအိုးကို သုံးတယ်။ ရှင်ဘုရင်၊ မိဖုရားအတွက် ကျောက်အိုးကို သုံးပါတယ်။
ပျူတွေရဲ့ အကြီးဆုံးစေတီက ဘောဘောကြီးဘုရား ဖြစ်တယ်။ မြေအုတ်နဲ့ မီးပြောင်းလို တစ်ဖြောင့်တည်း ပေ ၁၅၀ မြင့်တက်တဲ့ စေတီဖြစ်ပါတယ်။ အကြမ်းအားဖြင့် ပျူစေတီဟာ ဓာတ်တော်ထည့်တဲ့ ကြုတ်အကြီးစားဖြစ်ပါတယ်။ အုတ်ပေါင်းကူးနဲ့ တည်ဆောက်တဲ့ ဂူဘုရားတွေမှာ ဘဲဘဲဘုရား၊ လေးမျက်နှာဘုရား၊ စျေးဂူဘုရား ကျန်ရစ်ပါတယ်။ အခု ပြည်-ရန်ကုန် မီးရထားလမ်းပေါ်က ပြည်မြို့ အရှေ့တောင် လေးမိုင်းကွာ မော်ဇာဘူတာရုံတောင်ဘက်ဝန်းကျင်မှာ ဒီဂူဘုရားတွေ ရှိတယ်။ ပုဂံက ဂူဘုရားတွေရဲ့ မူလပုံစံတွေ ဖြစ်ပါတယ်။
ပျူတွေဟာ ကျောက်ဆစ်ပညာနဲ့ သတ္တုကြိုပြီး ဝတ္ထုပစ္စည်းဖြစ်အောင် ပုံသွင်းတဲ့ ပညာကို ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။ နှိုင်းယှဉ်ပြောရရင် ပုဂံပညာသည်တွေထက် သာတယ်။ ဘုရားဆင်းတုငယ်လေးတွေက လွဲရင် ပျူတွေဟာ ရုပ်လုံးထုလေ့ မရှိ။ ရုပ်ပြား-ရုပ်ကြွ လုပ်တဲ့ ပညာမှာ အလွန်ထူးခြားပြောင်မြောက် ကျွမ်းကျင်တယ်။ လူရုပ်ပုံတွေ၊ ပန်းအခွေအလိပ်တွေကိုလည်း လှပအောင် ရုပ်ပြားနဲ့ ဖော်နိုင်တယ်။ ပျူရှေးဟောင်းနေရာတွေမှာ လက်ရာကောင်းတွေကို မကြာခဏတွေ့ရတတ်တယ်။ ငွေနဲ့ ပြုလုပ်တဲ့ အခုခေတ် ခြင်းလုံးလို ပုံရှိတဲ့ ငွေလုံးငယ်တွေကိုလည်း တူးဖော်တွေ့ရှိထားပါတယ်။
ပျူတွေမှာ တူရိယာအမျိုးစုံရှိမယ်လို့ ထင်ပါတယ်။ သီဆိုတီးမှုတ်ရာမှာ စည်းချက်ချပေးတဲ့ ခေါင်းလောင်းငယ်တွေ၊ သံလွင်ငယ်တွေ ရှိပါတယ်။ ငှက်ခေါင်းတပ်ထားတဲ့ စောင်း၊ ကြိုးတစ်ဆယ့်လေးချောင်း တပ်ထားတဲ့ စောင်း၊ မိကျောင်းခေါင်း တပ်ထားတဲ့ ကြိုးကိုးချောင်းနဲ့ စောင်း၊ တောင်းနဲ့ လုပ်တဲ့ တယော၊ နဂါးခေါင်းတပ်ထားပြီး အသံညှိဖို့ အပေါက်တွေ ဖောက်ထားတဲ့ ပြွေ၊ မှုတ်စရာ ကျွဲဦးချိုနဲ့ ခရုသင်း ရှိတယ်။ စည်းမျိုးစုံ တီးတယ်။ ခရစ် ၈၀၁ ခုနှစ်မှာ တရုတ်ဧကရာဇ်ဆီကို ပျူတီးဝိုင်းတစ်ဝိုင်း စေလွှတ်ခဲ့ဖူးတယ်။ တရုတ်မှတ်တမ်းမှာ ပျူတွေ သုံးစွဲတဲ့ တူရိယာ နှစ်ဆယ့်နှစ်မျိုးရှိတယ်လို့ ဖော်ပြထားတယ်။ ပျူတွေ သီဆိုတီးမှုတ်ပုံ အင်မတန်ကောင်းတယ်လို့ တရုတ်တွေ ချီးမွမ်းတယ်။
ပျုမြို့တော်ရဲ့ နာမည် " ဂြီ့က္မေတြ " ကို မြန်မာတွေက ပီသအောင် မခေါ်နိုင်လို့ " သရေခေတ္တရာ "လို့ ခေါ်နေကြတာ ဖြစ်တယ်။ နန်ကျောင်လူမျိုးတွေက သရေခေတ္တရာမြို့ကို ခရစ် ၈၃၂ မှာ ဖျက်ဆီးခဲ့တယ်။ အမှန်က ပျူတွေဟာ ၈ ရာစုနှစ်ကပဲ နန်ကျောင်ကို အရှင်သခင်အဖြစ် အညံ့ခံပြီးသား ဖြစ်တယ်။ ၉ ရာစုနှစ်ရောက်တော့ အပြီးတိုင် ဖျက်ဆီးခံခဲ့ရတယ်။ ခုလို ပျက်စီးသွားတဲ့ ပျူဟာ ပြန်ပြီး မထူထောင်နိုင်တော့လို့ တဖြည်းဖြည်း မြန်မာနဲ့ ရောပြီး မျိုးဆက်ပြတ်ပြီး တိမ်ကောပျောက်ကွယ်သွားတာ ဖြစ်တယ်။
" ဂြီ့က္မေတြ " ရဲ့ အဓိပ္ပာယ်က တင့်တယ်ခမ်းနားတဲ့ မြေအရပ်လို့ ဆိုလိုတယ်။ အခု ပြည်အရှေ့တောင်ဘက် လေးမိုင်လောက်အကွာမှာ ရှိတဲ့ မော်ဇာရထားဘူတာ ဝန်းကျင် ဖြစ်ပါတယ်။ မြို့ရိုးကို အဝိုင်းကာရံပြီး၊ တောင်ဘက်ခြမ်းမှာ နေအိမ်၊ မြောက်ဘက်ခြမ်းမှာ လယ်စိုက်တယ်။ ရန်သူတွေအကြာကြီး ဝိုင်းရံထားသည့် တိုင်အောင် ရိက္ခာမပြတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ခရစ် ၈၀၁ ခုနှစ်က တရုတ်နိုင်ငံကို ရောက်သွားတဲ့ သံအဖွဲ့မှာ စိတ်ပါဝင်စားဖို့ ကောင်းတဲ့ တူရိယာ ပစ္စည်းတွေ ပါဝင်ကြောင်း သိရပါတယ်။
ထန်မင်းဆက် ရာဇဝင်သစ်လို့ ခရစ်နှစ် ၁၀၆၀ မှာ ရေးသားပြုစုတဲ့ တရုတ်ရာဇဝင်အရ ပျူရပ်ရွာတွေဟာ အထက် ရွှေလီမြစ်က အောက် မဒမ အထိ ၃၂ မြို့ ရှိတယ်လို့ ပြောပါတယ်။ အဲဒီ ၃၂ မြို့မှာ ၂၀ လောက်က အခုဘယ်မြို့ ဘယ်နေရာဖြစ်တယ်လို့ ဖော်ထုတ်နိုင်ပါတယ်။
အဲဒီမြို့တွေထဲမှာ မိုးမိန်၊ ဝမ်တင်၊ ကျူကုတ်၊ ရေပေါ်မီး (ဥရုမြစ် အထက်ပိုင်း)၊ တကောင်း၊ ဆင်အိုင် (တကောင်းအနီး)၊ ယဉ်ပြင် (ရွှေကူအနီး)၊ ထီးလင်း (ယောနယ်)၊ သပိတ်ကျင်း၊ အလုံ (မုံရွာနယ်)၊ အလ္လကပ္ပ (စစ်ကိုင်းနယ်)၊ တမုတ် (ဇော်ဂျီ၊ ပန်းလောင်မြစ် နှစ်မြစ်ဆုံရာ)၊ ပုဂံ၊ ဇေယျဝတီ (တောင်ငူမြို့အနီး)၊ ဒိုက်ဦး၊ ဒီးဒုတ် (ရန်ကုန်မြောက် မိုင် ၄၀)၊ ပဲခူး၊ ခပင် (ရန်ကုန်အနောက် ၂ မိုင်)၊ ဇုတ်သုတ် နဲ့ မဒမ (မုတ္တမ) ဖြစ်ပါတယ်။
မြို့အရေအတွက်နည်းပေမယ့် ပျူတွေဟာ မြန်မာနိုင်ငံအနှံ့မှာ ခပ်ကျဲကျဲ နေထိုင်ခဲ့မယ်။ မြောက်ဘက် ရှမ်းနယ်က တောင်ဘက် မဒမ၊ အရှေ့ဘက် သံလွင်မြစ်အနောက်ကမ်းက အနောက်ဘက် ရခိုင်ရိုးမအထိ ကျယ်ပြန့်ပါတယ်။
ပျူနိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ တပ်စွဲထားတယ်။ ခံတပ် ကိုးခု ရှိတယ်။ (၁) သီပေါ (ရွှေလီမြစ်ဝှမ်း)၊ (၂) ကမ်းသီတာ၊ (၃) မြင်းခြံ (ဧရာဝတီ အနောက်ဘက်ကမ်း)၊ (၄) မြွေယင်း၊ (၅) ဟလင်း (မှော်ဇာအရှေ့တောင်) (၆) သဲကုန်း၊ (၇) တောင်တွင်းကြီး၊ (၈) ထီးချိုင့် (၉) (ဂူမဲအရှေ့တောင် ၅ မိုင်အကွာ မိုင်းမောခေါ်) ထူးမိန် ဖြစ်ပါတယ်။
မြေထဲပင်လယ်အရပ်က တရုတ်နိုင်ငံရောက် ကုန်သည်တွေ လာရောက်မြဲလမ်းကို ပိုးလမ်းလို့ ခေါ်တယ်။ အခု အာသမ် ကို ရှေးက ကာမရူပ လို့ ခေါ်တယ်။ အဲဒီ ကာမရူပက မြစ်ကြီးနားကို ဖြတ်ပြီး ယုန်ကျန်အထိ ရောက်တဲ့လမ်း ဖြစ်တယ်။ အဲဒီလမ်းမကြီးရဲ့ လမ်းခွဲတစ်ခုက ရွှေဘိုနယ် ဟလင်းကို ဆင်းပြီး ရှမ်းနယ်မြောက်ပိုင်း သီပေါက တက်ရင် ယုန်ကျန်ကို ရောက်ပါတယ်။ တောင်ဘက်မှာ အလားတူ ကုန်သည်လမ်းမကြီးတစ်ခုကတော့ အခုအခါ ကမ်းဖူချ ခေါ်တဲ့ ဖုနန်နယ်က မဲနန်မြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်ကို ဖြတ်ပြီး ဗိဿ နိုးမြို့ဟောင်း ၊ ဂြီ့က္မေတြ နဲ့ ရခိုင်က ဝေသာလီထိ ပေါက်ရောက်ပြီးနောက် အိန္ဒိယကို ဝင်ပြီး သွားတယ်။ အဲဒီလမ်းမကြီး တစ်လျှောက်မှာ ပုံစံချင်း နီးစပ်တဲ့ ဒင်္ဂါးတွေ တွေ့နေပါတယ်။ ဒီလိုတွေ့တာ ဒီလမ်းကို သုံးတဲ့ ကုန်သည်တွေခဲ့ခဲ့တဲ့ ငွေဒင်္ဂါးတွေဟာ ဒီတွေပဲလို့ ပြောသလို ဖြစ်တဲ့ အပြင်၊ ဒီလမ်းတလျှောက်မှာ ကုန်သည်တွေ ခရစ်နှစ်ပေါ်ဦးစကပဲ ရောင်းဝယ်သွားလာ ဆက်သွယ်နေကြပြီလို့ သိနိုင်ပါတယ်။ ငွေဒင်္ဂါးတွေမှာ ဘဒြ ၊ စနြဒ ၊ သင်္ခ ၊ ဂြီ့ဝတ္စ ၊ သွသ္တိက ၊ ဝဇြ ပုံတွေ တွေ့ပါတယ်။ ဒီဒင်္ဂါးတွေကို အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း ပျူမြို့တွေ ဖြစ်တဲ့ ဟလင်း ၊ ထူးမိန် ၊ ဂြီ့က္မေတြ ၊ ဗိဿ နိုးမြို့ဟောင်း ၊ ဇုတ်သုတ် မြို့၊ ကယား၊ ရှမ်း၊ ယိုးဒယား၊ အခု ကမ်ဖူးချ ခေါ် ဖူနန်ရဲ့ ရှေးသင်္ဘာဆိပ် ဥဩ ဆိုတဲ့ နေရာတွေမှာ အနှံ့အပြား တွေရှိနိုင်တယ်။ ဥဩမှာ တွေ့တဲ့ သူရိယ၊ ဆန္ဒြ ၊ ဂြီ့ဝတစ ၊ ဘဒြ နှင့် သဝသ္တိက တံဆိပ်တွေကို ဒင်္ဂါးတစ်ဖက်မှာ ပါရှိပြီး၊ ကျန်တစ်ဖက်မှာ နေထွက်စ တံဆိပ် ပါရှိတဲ့ ဒင်္ဂါးတွေ ဖူနန်မှာ ခရစ်နှစ် ၃ ရာစုနှစ်က ထုတ်လုပ်တဲ့ ဒင်္ဂါး ဖြစ်ပြီး၊ အခု မြန်မာနိုင်ငံမှာ ဟလင်းဒင်္ဂါး ခေါ်တဲ့ ဒင်္ဂါးနဲ့ ထပ်တူထပ်မျှ တူညီနေတာ တွေ့ရပါတယ်။
ဖူနန် ဘုရင် ဖန်မန် (ခရစ် ၂၀၁၅-၂၂၅)က အနောက်ဘက်မှာ ပျူနဲ့ မွန်ကိုပါ အုပ်ချုပ်နိုင်တဲ့ တန်ခိုးအင်အားရှိပါတယ်။ ဒါပေမယ့် ဖန်မန်သေဆုံးတဲ့ အခါကက ပျူတွေဟာ ဖူနန်ရဲ့ လက်အောက်က လွတ်ပြီး၊ ငါးရာစုလောက်ကစပြီး မွန်နိုင်ငံတွေကိုပါ ကြီးစိုးသိမ်းယူနိုင်ခဲ့တယ်။ ရန်သူကို ကာကွယ်ဖို့ ထူးမိန့် နဲ့ တောင်တွင်းကြီးမှာ တပ်စွဲပြီး နိုင်ငံကို ထိန်းသိမ်းနိုင်တယ်။ ဖူနန်က ဝေသာလီအရောက် လမ်းမကြီးဟာ ၁၄ ရာစုနှစ်တိုင်အောင် အသုံးပြုခဲ့တာကို တွေ့ရပါတယ်။ ဇင်းမယ်မင်းရဲ့ 'ဆရာတော် မဟာသမိ'ဟာ ပုဂံညောင်ဦးရှိ ရွှေစည်းခုံဘုရားကို ဖူးမြှော်ဖို့ ၁၃၉၃ ခုနှစ်က ဒီလမ်းအတိုင်း လာရောက်တယ်လို့ ရွှေစည်းခုံဘုရား ကျောက်စာတစ်တိုင်မှာ ရေးထိုးထာခဲ့ပါတယ်။
ကနေ့ မြန်မာနိုင်ငံလို့ ခေါ်နေတဲ့ နေရာမှာ ပျူတွေဟာ အစောဆုံး မင်းနိုင်ငံ ထူထောင်တဲ့သူတွေ ဖြစ်ပြီး အရှေ့မှာ ဗီယက်နမ်၊ အနောက်မှာ အိန္ဒိယ၊ မြောက်မှာ တရုတ်၊ တောင်မှာ အင်ဒိုနေရှနိုင်ငံတွေနဲ့ ကုန်သွယ်ဆက်ဆံနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ၄ ရာစုနှစ်က ၉ ရာစုနှစ်အတွင်း သီပေါက မဒမ တိုင်အောင် ကျယ်တဲ့ ပျူနိုင်ငံဟာ ပထမမြန်မာပြည်ထောင်စုနိုင်ငံ ဖြစ်တယ်။
မြန်မာသမိုင်းပုံ၊ မုံရွေးတိုက်၊
နှာ ၁၀၂-၁၁၄၊ အမှတ်စဉ် ၁၃၄ - ဇူလိုင် ၊ ၂၀၀၄ ခုနှစ် ။
http://www.mediafire.com/.../%25E1%2580%2595%25E1.../file

Credi to Original uploader

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


V6QV+R7 Yangon
Yangon
95