Come With Me

Come With Me

Share

အမျိုးသမီးတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကို လက်ထပ်ခြင်းသည် ပြစ်မှုတစ်ခုမဟုတ်ပဲ လှပသောချစ်ခြင်းသာဖြစ်၏။

26/10/2025

Mine
Chapter-(20)

💛💛💛💛💛💛💛

‌နောက်တစ်ကြိမ်ထပ်မံ၍ အလွန်အမင်းသောင်းကျန်နေသဖြင့် ကျူးလစ်ကိုစိတ်ငြိမ်ဆေးပေးပြီး အိပ်ခိုင်းထားလိုက်ရသည်။ကျူးလစ်အိပ်ပျော်သွားသောအခါ မိုင်းတစ်ယောက်ထဲ ကျူးလစ်အကြောင်းထိုင်တွေးနေမိသည်။

ကျူးလစ်ထံတွင် ရူးသွပ်ခြင်းအပြင် အပူချိန်ပြောင်းလဲလို့မရတဲ့ဝေဒနာတစ်ခုပါ ထပ်တိုးလာခဲ့ခြင်းကြောင့် အထူးတလည် ဂရုစိုက်နေရသည်။ ကျူးလစ်ရဲ့ဦးနှောက်ပိုင်းဆိုင်ရာရောဂါကြောင့် အပူချိန်အပြောင်းအလဲကို ခံနိုင်ရည်မရှိတော့ဘူး။

အပူချိန်28°Cမှာပဲ နေထိုင်နိုင်တော့တဲ့ကျူးလစ်က အပူချိန် 28°C အောက်ကျသွားရင်လည်း ရောဂါဖောက်တတ်သလို 28°Cအထက်မြင့်သွားပြန်ရင်လည်း ရောဂါဖောက်တတ်ပြန်သည်။ ထိုသို့ရောဂါဖောက်လာချိန်တွင် ချက်ချင်းကုသမှုမခံယူပါက တစ်ကိုယ်လုံးရှိအကြောများတောင့်တင်းသွားပြီးကျောက်ရုပ်တစ်ခုလိုငြိမ်သက်သွားတတ်သည်။လေဖြတ်သလိုမျိုး တစ်ကိုယ်လုံးမလှုပ်ရှားနိုင်တော့ပဲ အေးစက်တောင့်တင်း၍ အသက်ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။

မေရီ့ကြောင့်ဖြစ်ခဲ့သောရူးသွပ်ခြင်းရောဂါကို နှစ်အတော်ကြာအချိန်ပေးကုသခဲ့ရတာ။ကျူးလစ်ထံတွင် ယခုလို ရောဂါတစ်ခုထပ်တိုးလာပြန်သောအခါ မိုင်း စိတ်ခြောက်ခြားလာရသည်။

အိပ်ပျော်နေတဲ့ကျူးလစ်ကို မိုင်းရဲ့လက်နဲ့ ဖွဖွလေးထိကြည့်မိသည်။ကျူးလစ်ရဲ့နက်မှောင်နေတဲ့ဆံနွယ်ရှည်တွေကို မိုင်းရဲ့နှာသီးဖျားလေးဖြင့် ပွတ်တိုက်ထိတွေ့မိသည်။အနက်ရောင်ဆံနွယ်ရှည်များ၏မွှေးရနံ့သဲ့သဲ့လေးကို မက်မောသည်။ပြင်းထန်လွန်းတဲ့မွှေးရနံ့တွေကို မနှစ်သက်တတ်သူ ကျူးလစ်ထံမှ ခပ်ဖျော့ဖျော့ကိုယ်သင်းရနံ့တစ်ချို့ကိုသာ ရှုရှိုက်ခွင့်ရတာလေ။အဲ့ဒီဖျော့တော့နေတဲ့ကျူးလစ်ရဲ့ကိုယ်သင်းနံ့ကို မိုင်း အမြတ်နိုးဆုံးဖြစ်သည်။

ဖြူနုနေတဲ့လည်တိုင်ကို မိုင်းရဲ့လက်ချောင်းလေးတွေနဲ့ ထိတွေ့ကြည့်မိသည်။နူးညံ့တဲ့အထိအတွေ့‌ကို ခပ်နွေး‌နွေးဖြစ်နေတဲ့ခံစားချက်နဲ့အတူ မိုင်း ရရှိလိုက်သည်။

ကျူးလစ်ရဲ့နှုတ်ခမ်းဖူးဖူးလေးက အမြဲတမ်းဖြူဖျော့နေတတ်တာ။နှုတ်ခမ်းနှစ်လွှာကို မထိတထိလေးလှပစွာခပ်ဟဟဖွင့်ထားတတ်တာမို့ အဲ့ဒီနှုတ်ခမ်းလှလှလေးတစ်စုံကို ငတ်မွတ်ဆာလောင်ရင်း မိုင်းမှာ အကြိမ်ကြိမ် ရူးသွပ်မိရတာမျိုးပါ။

မိုင်း ရင်နာရတဲ့အချိန်တစ်ချိန်တော့ရှိသည်။အဲ့ဒါက ကျူးလစ်ရဲ့မျက်ဝန်းညိုတွေကို ရင်ဆိုင်ကြည့်ရတဲ့အချိန်ပေါ့။တစ်ခါတစ်ရံ အဲ့ဒီမျက်ဝန်းတွေက ထိတ်လန့်ကြောက်ရွံ့စွာ ‌ဆောက်တည်ရာမဲ့နေတတ်သည်။တစ်ခါတစ်ရံတော့ မျက်ဝန်းတွေက အေးစက်စက်ဖြင့် သေဆုံးနေကြသယောင်ရှိသည်။တစ်ချို့သောအချိန်များတွင်တော့ မိုင်းကို ရီဝေစွာကြည့်၍ ညှို့ငင်နေကြပြန်သည်။

မိုင်းကို စူးစူးရှရှကြည့်၍ ‌မုန်တိုင်းထန်နေတတ်တဲ့ အခိုက်အတန့်ကိုလည်း အဲ့ဒီ မျက်ဝန်းညိုတွေဆီမှာ ရှာတွေ့တတ်သည်။မိုင်းအတွက် ကျူးလစ်ရဲ့မျက်ဝန်းတွေက အဖြူရောင်ရေခဲမြစ်ထဲကျနေတဲ့ အညိုရောင်ကျောက်တုံးလေးနဲ့တူလေသည်။

အိပ်ပျော်နေသောကျူးလစ်ကို ဝအောင်ကြည့်ပြီးနောက် အလုပ်ကိစ္စအတွက် အပြင်သို့ မိုင်း ထွက်လာခဲ့လိုက်သည်။

××××××××××××××××××××××××××

“မိုင်း မရှိဘူးလား”

“ဟုတ်ကဲ့ မမလေး။အပြင်ထွက်သွားပါတယ်”

“ကောင်းတယ်။ငါလည်း အပြင်သွားလို့ရတာပေါ့”

“မဖြစ်ပါဘူး မမလေး။အိမ်ထဲမှာပဲနေရမယ်လို့ သူဌေးက ညွှန်ကြားသွားပါတယ်”

“တိတ်စမ်းပါ။ငါဘာလုပ်လုပ် နင်တို့တားပိုင်ခွင့်မရှိဘူး။ဖယ်ကြစမ်း”

ကျူးလစ်က အားလုံးကို မထေမဲ့မြင်ပြု၍ ထွက်သွားခဲ့ပါသည်။ကျူးလစ်ရဲ့ဦးတည်ရာက မေရီရှိနိုင်သောနေရာကိုဖြစ်သည်။

ဟိုတစ်နေ့တုန်းက ဒီနေရာကို ကျူးလစ်ရောက်ခဲ့ဖူးသည်။ အဆောက်အဦးရဲ့ အခြေအနေကို အတန်ကြာလေ့လာကြည့်နေမိသည်။အဆောက်အဦးက စွန့်ပစ်အဆောက်အဦးတစ်ခုဖြစ်သည်။

ဘာလို့ ဒီလိုနေရာမျိုးမှာ မေရီ့ကိုမကြာခဏတွေ့ရတတ်သလဲဆိုတာ ကျူးလစ် မတွေးတတ်ပါ။ဒီလိုနေရာမှာ မေရီဘာလုပ်နေခဲ့ပါသလဲ။အတွေးမျိုးစုံတွေးရင်း အဆောက်အဦးအနီးသို့သွားလိုက်သည်။အဆောက်အဦးက တိတ်ဆိတ်ငြိမ်သက်နေသည်။

“ကျူးလစ်......”

အနောက်မှခေါ်သံကြောင့် လှည့်ကြည့်မိသည်။

“မိုင်း......”

မိုင်းက ဘာမှပြန်မပြောပဲ ကျူးလစ်ကို တစ်ချက်ကြည့်၍ ကားထဲမှ ကောင်မလေးတစ်ယောက်ကိုဆွဲထုတ်လိုက်သည်။ကောင်မလေးကိုကြိုးနဲ့ချည်နှောင်ထားသည်။ကောင်မလေးက အကြောက်အကန်ငြင်းဆန်ရုန်းကန်နေသည်။

“မိုင်း.....မိုင်း ဘာလုပ်နေတာလဲ.....ဘာလဲ....အဲ့ဒါဘာလဲ.....ဟင်”

မိုင်းက ကျူးလစ်မေးတာကို ပြန်မဖြေခဲ့ပါ။ကြိုးနဲ့ချည်ထားတဲ့ကောင်မလေးကိုသာ ကြမ်းတမ်းစွာဖြင့်ဒရွတ်တိုက်ဆွဲခေါ်သွားသည်။

“မိုင်း.....မိုင်းလို့......”

မိုင်းဝင်သွားတဲ့စွန့်ပစ်အဆောက်အဦးထဲသို့ ကျူးလစ်က အသဲအသန်ပြေးလိုက်သွားသည်။မိုင်းက ကျူးလစ်ကို တစ်ချက်မှလှည့်မကြည့်ခဲ့ပါ။ရုန်းကန်နေတဲ့ ကောင်မလေးကိုသာ အမဲဖျက်ဖို့ကြိုးစားနေခဲ့သည်။

“မိုင်း.....မိုင်းဘာတွေလုပ်နေတာလဲ”

မိုင်းထံမှစကားသံထွက်မလာခဲ့ပါ။ကြိုးနဲ့ချည်ထားတဲ့ကောင်မလေးကို အဓမ္မကြံဖို့ကြိုးစားနေခဲ့သည်။ မိုင်းကိုကြည့်၍ ကျူးလစ်ရဲ့ဒေါသတွေပူလောင်ဆူပွက်လာရသည်။

“မိုင်း.....”

ကျူးလစ်က မိုင်းအနီးသို့ပြေးသွား၍ အင်္ကျီကိုဆောင့်ဆွဲလိုက်သည်။ မိုင်းက သွေးအေးသောမျက်ဝန်းများဖြင့်လှည့်ကြည့်လာသည်။

“ဘာလုပ်နေတာလဲလို့”

“သူနဲ့နေမလို့လေ”

“ဘာ.....”

မိုင်းက ကျူးလစ်ရဲ့နှာခေါင်းကိုမေ့ဆေးအဝတ်ဖြင့်အုပ်လိုက်သည်။ကျူးလစ် မေ့လဲသွားသောအခိုက်တွင် မေရီရောက်လာခဲ့သည်။

“မဆိုးဘူး။မင်းသိပ်တော်တယ် ထိုက်”

မိုင်းနဲ့တစ်ပုံစံထဲတူတဲ့ထိုက်ဆိုတဲ့အမျိုးသမီးက သူဖမ်းလာတဲ့ကောင်မ လေးကို မေးငေါ့ပြရင်း မေရီ့ကိုမေးလိုက်သည်။

“သူ့ကို ဘာဆက်လုပ်ရမလဲ”

“ကျူးလစ် သတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ အဆုံးသတ်လိုက်.....”

“ကောင်းပြီ မေရီ”

အဲ့ဒီနောက်မှာတော့ မိုင်းနဲ့ပုံစံတူအမျိုးသမီးက သူလုပ်ဆောင်စရာရှိတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတော့သည်။

×××××××××××××××××××××××××

“ကျူးလစ်......”

ကျူးလစ်ကို တယုတယပွေ့ဖက်လှုပ်နှိုးလိုက်တဲ့လက်တစ်စုံကိုသိရှိခံစားလိုက်ရသည်။ကျူးလစ်ရဲ့မျက်လုံးကို ဖွင့်ကြည့်မိသောအခါ မိမိကိုရင်ခွင်ထဲပွေ့ထားတဲ့မိုင်းကိုတွေ့လိုက်ရသည်။မိုင်းရဲ့ရင်ဘတ်ကို ဆောင့်တွန်း၍ ကျူးလစ်အသံကုန်အော်ဟစ်လိုက်သည်။

“ဖယ်စမ်း မိုင်း”

“ဘာဖြစ်လို့လဲ....ဘာဖြစ်လို့လဲ အချစ်ရဲ့”

“လူလိမ်....လူယုတ်မာ....ရှင်ဖယ်စမ်း”

“ဘာပြောတယ်”

“မုဒိမ်းကောင်.....လူသတ်ကောင်.....ရှင်က လူလိမ်....”

“ကျူးလစ်....မင်းဘာတွေပြောနေတာလဲ။အခုလောလောဆယ် မင်းကိုလူသတ်မှုနဲ့အမှုမပတ်အောင် အသဲအသန်ဖြေရှင်းထားရတာနော်”

“ဘာ.....”

“မင်းကို သေလုမြောပါးမိန်းကလေးတစ်ယောက်နဲ့အတူတူတွေ့ခဲ့တာ။အဲ့ဒီမိန်းကလေးက ရက်ရက်စက်စက် နှိပ်စက်ခံထားရတာ။တစ်ကိုယ်လုံးလည်း လူရုပ်တောင်မပေါ်တော့ဘူး။သူ့ပါးစပ်က တစ်ခုထဲကို ထပ်ခါထပ်ခါရွတ်နေတာ။သူ့ကို နှိပ်စက်တာ ကျူးလစ်ပါဆိုပြီး.....”

“ရှင်......”

“ဘာတွေဖြစ်ခဲ့တာလဲ.....ဟင်.....အချစ်.....အဲ့ဒီနေရာကို ဘာလို့ရောက်နေတာလဲ။ဒီကောင်မ‌လေးရဲ့အခန်းကို ဘာလို့ရောက်နေတာလဲ”

“ဘာ.....ဘာပြောတယ်”

“ဒီကောင်မလေးက သူနေတဲ့တိုက်ခန်းမှာ သေလုမြောပါးဝေဒနာတွေနဲ့ဖြစ်နေခဲ့တာ”

“နေ....နေပါဦး.....ဘာတွေလဲ....ဘာတွေ ပြောနေတာလဲ မိုင်း....”

“ဒီမှာ.....ဓာတ်ပုံတွေကြည့်.....အဲ့ဒီကိစ္စက ရဲတွေဆီကို အကြောင်းကြားခံရတာ။ အခင်းဖြစ်တဲ့နေရာကို သွားကြည့်တဲ့ရဲထဲမှာ ကိုယ့်လူပါနေလို့ မင်းကံကောင်းသွားတာ ကျူးလစ်”

“ဘာ.....မဟုတ်သေးဘူး.... ဒီမိန်းကလေးကို ဖမ်းချုပ်လာပြီး မကောင်းကြံနေတာမိုင်းလေ”

“ဘာပြောလိုက်တာ ကျူးလစ်”

“ဒီမှာ....မိုင်း....ရှင်ပြောနေတဲ့နေရာကို ကျွန်မ မသိဘူး။ကျွန်မ ရောက်နေခဲ့တာက မြို့ပြင်က စွန့်ပစ်အဆောက်အဦးကြီးပဲ။ကျွန်မက မေရီ့ကိုသွားရှာတာ။အရင်တစ်ခါတုန်းက သူ့ကိုအဲ့ဒီနေရာမှာတွေ့ခဲ့တာ။အဲ့ဒါ‌ေကြာင့် မေရီ့ကိုထပ်သွားရှာခဲ့တာ။ဒါပေမယ့် မေရီ့ကိုမတွေ့ခဲ့ဘူး။မိုင်းပဲရောက်လာခဲ့တာ။မိုင်းက ဒီကောင်မ လေးကိုဖမ်းချုပ်ပြီး ကျူးလစ်ရှေ့မှာပဲ မတရားကြံခဲ့တာလေ”

“ဘာ.....ဘာပြောတယ် ကျူးလစ်။ကိုယ်က ကိုယ့်ရုံးခန်းမှာ တစ်ချိန်လုံးရှိနေခဲ့တာ။အစည်းအဝေးလည်းရှိနေတယ်။ညနေပိုင်းမှာ ကိုယ့်ဆီကို ဒီသတင်းဆိုးတွေရောက်လာတာ။သိသိချင်း အသဲအသန်လိုက်ဖြေရှင်းနေရတာ ကျူးလစ်ရဲ့”

“မဟုတ်ဘူး.....မဟုတ်ဘူး.......မိုင်းက မြို့ပြင်က စွန့်ပစ်အဆောက်အဦးမှာ ရှိနေခဲ့တာ။ဒီကောင်မလေးကို မိုင်းကိုယ်တိုင် မတရားကျင့်ပြီး........"

“ခေတ်ကျူးလစ်ခန့်......”

မိုင်းက ခပ်ကြမ်းကြမ်းအော်လိုက်တာမို့ ကျူးလစ်ရဲ့ခန္ဓာကိုယ်လေး တုန်တက်ပြီး ငြိမ်ကျသွားသည်။

“သတိထားပါဦး ကျူးလစ်ရယ်။စိတ်လျှော့.....ကိုယ့်ကို သေချာကြည့်.....ဒီမှာ ကိုယ်တို့လူတွေအကုန်ရှိတယ်။သူတို့က ကိုယ်နဲ့အတူရှိတယ်။သူတို့ကိုမယုံဘူးဆိုရင်လည်း ရုံးခန်းကိုအခုချက်ချင်းလိုက်စစ်ကြည့်လို့ရတယ်။CCTVအားလုံးကိုစစ်ကြည့်....ကိုယ့်ရဲ့ရုံးခန်းမှာ တစ်နေကုန်ရှိနေခဲ့တာ။မင်းကိုယ်တိုင်စစ်ကြည့်မလား”

မိုင်းရဲ့စကားအဆုံးတွင် ကျူးလစ်တစ်ယောက်ငြိမ်သက်သွားခဲ့သည်။အနီးရှိဆိုဖာပေါ်တွင် အားလျော့စိတ်ပျက်စွာဖြင့် ထိုင်ချလိုက်သည်။ထို့နောက် ငိုကြွေးလေတော့သည်။

“အချစ်...."

မိုင်းက ကျူးလစ်ကိုနှစ်သိမ့်ဖို့ကြိုးစားလိုက်သည်။

“မိုင်းပြောတာ အမှန်တွေလားဟင်”

“အမှန်တွေပြောနေတာပါ အချစ်ရယ်။ဘာတွေဖြစ်ခဲ့သလဲ ကိုယ့်ကိုပြောပါဦး။”

ကျူးလစ်က သူတွေ့ကြုံခဲ့ရတာတွေကို မှန်မိသမျှပြန်ပြောပြလိုက်သည်။

“ဒါဆို မိုင်းနဲ့တူတဲ့လူက ကျူးလစ်ကို သတိမေ့အောင်လုပ်ခဲ့တာပေါ့”

“ဟုတ်တယ်။ကောင်မလေးကို ဘာဆက်လုပ်လဲ ကျူးလစ်မသိတော့ဘူး မိုင်း။အခု မိုင်းပြောနေတာတွေ၊ဒီနေရာကိုရောက်နေတာတွေ ဘာမှမသိတော့ဘူး”

“ဒီကောင်မလေးကို ရဲတွေရှာတွေ့တော့ အသက်ရှိသေးတယ်။ရဲတွေထဲမှာ ကိုယ်လူရှိနေတာ။သူကိုယ်တိုင် နှုတ်ပိတ်ပေးခဲ့တာ ကျူးလစ်”

“ရှင်....."

“ဒီကောင်မလေးက ကျူးလစ်နာမည်ကိုပဲရွတ်နေတာ။အဲ့ဒါကြောင့် အမြန်လက်စသတ်ပေးလိုက်ရတာ။မင်းကိုထိခိုက်မှာစိုးလို့”

“ကျွန်မ ဘာမှမလုပ်ပါဘူး မိုင်းရယ်။ကျွန်မပြောခဲ့သမျှက အမှန်တွေပဲ”

“မင်းကိုယုံပါတယ်။အခုတော့ အနားယူလိုက်ပါ အချစ်။မင်း ပင်ပန်းနေပြီ”

“မိုင်း....”

“အင်း....အင်း...ပြော...အချစ်”

“ဒါဆိုရင်လေ မေရီက မကောင်းကြံတာပေါ့နော်။မိုင်း ဘာမှမလုပ်ဘူးမဟုတ်လား။မေရီပြောတာတစ်ခုမှမဟုတ်ဘူးမို့လားဟင်”

“ကိုယ့်ကိုယုံပါ အချစ်”

“အင်းပါ မိုင်း။ကျွန်မ အရမ်းပင်ပန်းနေပြီ”

“မင်းတို့ရှင်းစရာရှိတာ ဆက်ရှင်းလိုက်တော့ ခိုင်ခန့်”

မိုင်းက သူ့လူတွေဘက်သို့လှည့်၍ စကားဆိုလိုက်သည်။ထို့နောက်ကျူးလစ်ကိုပွေ့ချီ၍ အိပ်ခန်းရှိရာသို့ထွက်လာခဲ့သည်။ အခန်းထဲရောက်သောအခါကျူးလစ်ရဲ့ကိုယ်လေးကို အိပ်ယာပေါ်အသာချပေးလိုက်သည်။

“မိုင်း....."

“ကိုယ်ရှိတယ်လေ အချစ်”

“ကျွန်မ အရမ်းကြောက်လာပြီ။တကယ်လို့ အခုအခြေအနေတွေထက် ပိုဆိုးတာတွေကြုံလာရရင်......”

“မကြုံရပါဘူး။ကိုယ့်အချစ်ကို ဘာမှမဖြစ်အောင် ကာကွယ်မှာပေါ့”

“မကာကွယ်နိုင်ခဲ့ရင်ရော.....”

“အဲ့လိုမဖြစ်စေရပါဘူး အချစ်”

“ချစ်တယ် မိုင်း။ကျွန်မရဲ့အသိစိတ်တွေလွတ်သွားအောင်မလုပ်ပါနဲ့။ကျွန်မ မရူးချင်ဘူး။ပြန်မရူးချင်ဘူး မိုင်း”

“မင်းမရူးပါဘူးကွာ။အဲ့လိုစကားမျိုး ထပ်မပြောနဲ့နော်”

ကျူးလစ်က မိုင်းကိုသေချာ စိုက်ကြည့်နေခဲ့သည်။ကျူးလစ်ရဲ့မျက်ဝန်းလေးတွေကိုကြည့်ရင်း မိုင်းရဲ့စိတ်ခံစားချက်တွေပြင်းထန်လာရပြန်သည်။

“မင်း.....မင်းလေးကို......”

မိုင်းရဲ့ခံစားချက်ကိုနားလည်ဟန်ဖြင့် ကျူးလစ်က မိုင်းရဲ့နှုတ်ခမ်းတွေကိုနမ်းရှိုက်လေသည်။ကျူးလစ်ရဲ့နှုတ်ခမ်းတွေက ရီဝေချိုမြနေခဲ့သည်။ကျူးလစ်ရဲ့ပြင်းရှနက်ရှိုင်းသောအနမ်းများအောက်တွင် မိုင်းရဲ့အသိစိတ်တို့ပျော်ဝင်သွားခဲ့ရတော့သည်။

“မိုင်း......”

“ဟင်......အချစ်”

“မိုးတွေရွာနေပြီ”

“အာ....ဟုတ်တယ်....မိုးရွာလာပြီ....ခဏလေး.....ခဏလေး အချစ်”

မိုင်းက အခန်းရဲ့အပူချိန်ကို သေချာချိန်ညှိပေးလိုက်သည်။ကျူးလစ်က မိုင်းလုပ်နေသမျှကို ငြိမ်ငြိမ်လေးကြည့်နေခဲ့သည်။

“ဆရာဝန်က ပြောတယ်မိုင်း။အပူချိန်အပြောင်းအလဲကြောင့် မတော်တဆ သေဆုံးသွားနိုင်တယ်တဲ့။မိုင်းလည်း သိပြီးသားမို့လား။ကြောက်တယ်”

“ဘာမှမဖြစ်ပါဘူး အချစ်ရယ်။ကိုယ်တစ်ယောက်လုံးရှိနေတာကို မင်းလေး ဘာမှမဖြစ်စေရပါဘူး”

“မေရီ့ကို တကယ်ရှင်းပေးမှာလားဟင်”

“ဒါပေါ့ အချစ်။မေရီဆိုတဲ့မိန်းမကို မင်း နောက်ထပ် မတွေ့စေရပါဘူး”

“သူ့ကို သိပ်မုန်းတယ်။သူက ကျွန်မကို ဘာလို့ အငြိုးတကြီးနဲ့ ပြဿနာရှာနေသလဲဆိုတာ စဉ်းစားလို့မရဘူး”

“အဲ့ဒါတွေ မစဉ်းစားပါနဲ့လားကွာ။ကိုယ်တို့ ခဏလောက်မေ့ထားပြီး မင်းရဲ့ကျန်းမာရေးကိုပဲ အာရုံစိုက်ကြရအောင်နော်။မင်းလေး နေကောင်းကျန်းမာပြီး ကိုယ်နဲ့အတူတူပျော်ရွှင်နေဖို့ အဓိကပဲ”

“ဟုတ်တယ်နော်။မိုင်းနဲ့ အတူတူ ပျော်ရွှင်နေဖို့ပဲ အရေးကြီးတာ”

“ဒါပေါ့ အချစ်ရဲ့”

“တကယ်လို့လေ......ဒါတွေအကုန်ပစ်ချထားခဲ့ပြီး ထွက်ပြေးသွားလို့ရမလားဟင်”

“မင်းလေးက ထွက်ပြေးသွားချင်တာလား”

“ဟုတ်တယ်။ပြဿနာတွေကို ရင်မဆိုင်ချင်တော့ဘူး။အေးချမ်းချင်နေပြီ။မိုင်းနဲ့ကျွန်မနှစ်ယောက်ထဲရှိမယ့်နေရာတစ်ခုခု ရှာဖွေကြရအောင်”

“ကောင်းပြီအချစ်။မင်းရဲ့ဆန္ဒအတိုင်း ဖြစ်စေရပါမယ်”

“အင်း.....မိုင်းနဲ့ကျွန်မ တစ်နေရာရာကို ထွက်ပြေးသွားကြရအောင်"

“မင်းလေးမှာအဲ့လိုဆန္ဒရှိနေရင် ကိုယ်က ဖြည့်ဆည်းပေးမှာပေါ့။စိတ်ချလိုက်တော့နော်”

မိုင်းက ကျူးလစ်ကို တယုတယပွေ့ဖက်နှစ်သိမ့်နေခဲ့ပါသည်။ကျူးလစ်က မိုင်းကို သိမ်းကြုံးပွေ့ဖက်၍ ငြိမ်သက်နေခဲ့သည်။ ကျူးလစ်ရဲ့လက်ထဲက လွတ်ထွက်သွားမှာ စိုးရိမ်သည့်အလား ကျူးလစ်ရဲ့လက်တွေက ပိုမိုတင်းကျပ်စွာပွေ့ဖက်လာခဲ့တော့သည်။

ထိုခဏတွင် ကျူးလစ်ရဲ့ဖုန်းမြည်လာခဲ့သည်။ပန်းချီဆရာကြီးနေညို ဖုန်းဆက်တာဖြစ်သည်။

“ဟုတ်ကဲ့.....ဟုတ်ကဲ့ပါ ဆရာ”

“ဘာကိစ္စတဲ့လဲ”

“ဆရာနဲ့ ကျွန်မတို့ အတူပူးပေါင်းပြီး ပန်းချီပြပွဲလုပ်မယ်ဆိုတဲ့ကိစ္စလေ မိုင်း။အဲ့ဒါ ဆရာက ပြပွဲရက်နီးနေပြီမို့လို့ အလုပ်ကိစ္စစကားပြောဖို့ခေါ်တာ”

“အဲ့ဒီကိစ္စကို ဖျက်လိုက်ရင်ရမလား”

“ဘယ်ကောင်းပါ့မလဲ မိုင်းရယ်။ ဆရာကြီးနေညိုဆိုတာ နာမည်ကြီးတစ်ယောက်လေ။သူ့ကို စော်ကားသလိုဖြစ်မှာပေါ့”

“ကိုယ်တို့ဆီမှာလည်း ပြဿနာတွေရှိနေတာလေ။အဲ့ဒီပြပွဲကို မင်းဝင်မပါရင်ကောင်းမယ်ထင်တယ်”

“ကျွန်မ ငြင်းလိုက်ရင် ဆရာ့ကိုပြဿနာရှာသလိုဖြစ်သွားမှာ”

“တကယ်လို့ အဲ့ဒီပွဲကိုလုပ်မယ်ဆိုရင် ကိုယ်ကလည်း ရုရှားတွေခိုင်းထားတဲ့ စာအုပ်ကိစ္စကိုလုပ်ရလိမ့်မယ်။သူတို့ကို ရှောင်ပြေးလို့ရမှာမဟုတ်ဘူး”

“အဲ့ဒါက.....”

“ဒီမှာ ကျူးလစ်.....သူတို့လိုချင်တဲ့စာအုပ်က မင်းတို့ခင်းကျင်းပြသမယ့် ပန်းချီကားတစ်ချပ်ထဲမှာ ဝှက်ထားတာ။အဲ့ဒီအလုပ်ကို ကိုယ်မလုပ်ရင်တခြားသူကတော့လုပ်မှာပဲ။မင်းအတွက်အန္တရာယ်ရှိတယ်”

“တကယ်ကြီးလား။သူတို့ရှာခိုင်းထားတဲ့ စာအုပ်က ပန်းချီကားထဲမှာဝှက်ထားတယ်ဆိုတာ.....”

“အင်း....."

“ဘယ်ပန်းချီကားလဲ”

“အဲ့ဒါကို ကိုယ်ရှာဖွေနေတုန်းပဲ။ကိုယ်သိထားတဲ့ ပန်းချီကားတစ်ချပ်တော့ရှိတယ်။အဲ့ဒါက သေချာလားဆိုတာ ထပ်စစ်ဆေးရဦးမှာ”

“ဒါဆို ဘယ်လိုလုပ်မှာလဲဟင်။ဆရာ့ကို ငြင်းဆန်ဖို့ဆိုတာလည်း မဖြစ်ဘူး။သူ့ကို စော်ကားမိသလိုဖြစ်ရင် ပြဿနာတက်မှာ”

“ဒါတွေ အကုန်လုံးထားခဲ့ပြီး ထွက်ပြေးချင်တယ်ဆို.....ထားခဲ့လိုက်ရအောင်လေ....နော်”

“ကျွန်မ အခုသေချာ စဉ်းစားကြည့်မိတယ်။ထွက်ပြေးနေရင် တစ်သက်လုံးထွက်ပြေးနေရမှာ။ကျွန်မတို့ ဒါကို ရင်ဆိုင်လိုက်ရအောင် မိုင်း”

“ဟင်....”

“ဟုတ်တယ်။အရာအားလုံးကို အပြီးအပြတ်ဖြေရှင်းလိုက်ကြရအောင်နော်။ထွက်မပြေးတော့ပဲနဲ့လေ”

“ဒါပေမယ့်......”

“ပြဿနာကို အမြစ်ဖြတ်ဖြေရှင်းမှ တစ်သက်လုံးအေးချမ်းနိုင်မှာလေ။ဒါတွေအားလုံးကိုဖြေရှင်းလိုက်ကြရအောင်နော်”

“အင်း......အင်းပါ.....အချစ်ရယ်”

နောက်ဆုံးမှာတော့........။

💛💛💛💛💛💛💛

(နောက်တစ်ပိုင်း မျှော်)
(စာရေးသူ-အေဗရီရင့်ဟန်)

26/10/2025

Mine
Chapter-(19)

💛💛💛💛💛💛💛

“အင်း.....မိုင်း.....”

မိုင်းရဲ့သတိပေးသံသဲ့သဲ့ကို အသိအမှတ်ပြု၍ ကျူးလစ်ပြန်ထူးမိသည်။ မိုင်းရဲ့ရင်ခွင်ကို ပျော့ခွေမှီတွယ်နေတဲ့ကျူးလစ်ကို စိတ်မချဟန်ဖြင့် မိုင်းကြည့်သည်။ကျူးလစ်က မိုင်းကို ဖြူဖျော့စွာပြုံးပြသည်။

“တောင်းပန်ပါတယ် မိုင်း"

“မဟုတ်တာ အချစ်ရယ်။ဘာမှတောင်းပန်စရာမလိုပါဘူး။
မင်းဘာလုပ်လုပ် ကိုယ်ကျေနပ်ပြီးသားပါ”

“မိုင်းရယ်”

မိုင်းကို အငမ်းမရနမ်းရှိုက်ရင်း ကျူးလစ်တွေးနေမိသည်။ကျူးလစ်ရဲ့စိတ်ကျန်းမာရေး အခြေအနေက ပြန်လည်ဆိုးဝါးလာခဲ့ပြီထင်သည်။အခုရက်ပိုင်းအတွင်း စိတ်အတက်အကျမြန်နေတာကို သတိထားမိသည်။

ပုံမှန်အခြေအနေရှိနေရာမှ မိမိကိုယ်ကို သတိမထားမိပဲ မိုင်းအပေါ်မှာအဆိုးဆုံးလုပ်ရပ်တွေ ရုတ်တရက်လုပ်မိတတ်သည်။မိုင်းကတော့ ဘာမဆို ခွင့်လွှတ်ပေးတတ်သူပါပဲ။သို့သော်လည်း မိုင်းအတွက် စိတ်မကောင်းဖြစ်မိရသည်။

နောက်တစ်ချက်က မိုင်းကို မုန်းတီးနေမိတဲ့စိတ်ဖြစ်သည်။အဲ့ဒါက မေရီနဲ့မိုင်းအတူတူရှိခဲ့ဖူးသည်ဟူသော မေရီ့ရဲ့စကား‌ကြောင့်ဖြစ်မည်ထင်သည်။ဘယ်လိုပဲစဉ်းစားပါစေ မိုင်းကို သံသယဝင်နေသောစိတ်က ကျူးလစ်ကိုနှိပ်စက်နေသည်။

ကျူးလစ်ရဲ့စိတ်ဒဏ်ရာဟောင်းတွေက မေရီ့ရဲ့နှိပ်စက်မှုများကြောင့်ဖြစ်ရတာ။ယခုလည်း မေရီက မိုင်းနှင့်ပတ်သက်၍ ကျူးလစ်ရဲ့စိတ်ကိုနှိပ်စက်နေပြန်ပြီဖြစ်သည်။

“ခဏနော် အချစ်။အလုပ်ကိစ္စတစ်ခုအ‌ကြောင်း ခိုင်ခန့်ကိုသွားပြောလိုက်ဦးမယ်”

မိုင်းကို ကျူးလစ်က ခေါင်းအသာညိတ်ပြလိုက်သည်။ မိုင်းထွက်သွားသောအခါ ကုတင်‌ပေါ်မှာ ငြိမ်သက်စွာဖြင့် ကျူးလစ် ထိုင်နေလိုက်သည်။

အချိန်တစ်ချို့ကြာပြီးသောအခါ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုင်နေသော ကျူးလစ်ရဲ့မျက်လုံးများ ဂနာမငြိမ်ဖြစ်လာကြသည်။လက်ကလေးနှစ်ဖက်က မိမိအင်္ကျီအောက်နားကို တင်းကျပ်စွာ ဆုပ်ကိုင်းရင်း ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်နေခဲ့သည်။ကျူးလစ်ရဲ့နှုတ်ခမ်းလွှာလေးနှစ်ခုမှ ခပ်တိုးတိုးရေရွတ်နေသည်။

“မဖြစ်ရဘူး.....မဖြစ်ရဘူး.....မဖြစ်ရဘူး”

ကျူးလစ်ရဲ့ဘေးနားမှာ တစ်ယောက်မှရှိမနေခဲ့ပါဘူး။မိုင်းက အလုပ်ကိစ္စရှိလို့ အပြင်ထွက်သွားသည်လေ။အခု လေးတင် အခန်းအပြင်ထွက်သွားတာပါ။ခဏပဲလို့ မိုင်းပြောသွားတာပဲ။

ကူညီနှစ်သိမ့်ပေးမယ့်သူမရှိတာမို့ ကျူးလစ်ရဲ့ရူးသွပ်မှုတို့ပိုမိုပြင်းထန်လာခဲ့သည်။

“မုန်းတယ်...... မေရီ့ကို မုန်းတယ်.....အရမ်း မုန်းတယ်”

အခန်းထဲမှာ ဟိုဘက်ဒီဘက်လမ်းလျှောက်ရင်း ကျူးလစ်တစ်ယောက်ထဲ စကားပြောနေမိပြန်သည်။ဘာလုပ်ရင် ကောင်းမလဲဟူ၍လည်း ကျူးလစ်စဉ်းစားနေခဲ့သည်။နောက်ဆုံးတွင် မေရီ့ကိုသွားရှာဖို့ ကျူးလစ် ဆုံးဖြတ်လိုက်သည်။

“အချစ်......”

ရုတ်တရက်အခန်းတံခါးပွင့်သွားသည်။အခန်းထဲသို့ဝင်လာသော မိုင်းက ကျူးလစ်ရဲ့ကိုယ်လေးကိုအပြေးပွေ့ဖက်၍ နဖူးလေးကို အနမ်းပေးလေသည်။

“ကျူးလစ်”

မိုင်းကို မြင်သောအခါ အလိုမကျဟန်ဖြင့်ကျူးလစ်ရဲ့မျက်နှာလေး ပျက်ယွင်းသွားသည်။

“ရှင့်ကို မမြင်ချင်ဘူး မိုင်း။ကျွန်မနားကထွက်သွားပေးပါလား”

“ဘာဖြစ်လို့လဲ အချစ်ရယ်။ကိုယ်ဘာအမှားမှမလုပ်ထားပါဘူး”

“အဲ့ဒီအမှားကိုတကယ်လုပ်မိရင်လည်း ရှင့်ကိုကျွန်မကိုယ်တိုင်အဆုံးစီရင်ပစ်မှာ.....”

ကျူးလစ်သည် မိမိအနီးမှာရှိနေသော မိုင်းရဲ့အင်္ကျီရင်ဘတ်ကိုဆောင့်ဆွဲလိုက်သည်။ကျူးလစ်ရဲ့မျက်ဝန်းများတွင် ခပ်စူးစူးတောက်ပနေသော ဒေါသ၏အရိပ်အငွေ့များကိုတွေ့လိုက်ရသည်။ ကျူးလစ်ရဲ့ဒေါသမျက်ဝန်းများကိုမြင်တော့ မိုင်း စိုးရိမ်သွားရသည်။

“ဒေါသထွက်နေတာလားဟင်။မိုင်းကို အပြစ်ပေးချင်လား။မိုင်း ခံယူပါ့မယ် သခင်”

“မပြောနဲ့.....အဲ့လိုမပြောစမ်းနဲ့ မိုင်း.....ဒီကိစ္စမှာမိုင်းရဲ့အပြစ်ရှိနေတယ်ဆိုရင်.......”

ကျူးလစ်ရဲ့လေသံက မာကြောခက်ထန်နေသည်။ကျူးလစ်ရဲ့လက်များက မိုင်းရဲ့လည်တိုင်ကိုဖျစ်ညှစ်ဆုပ်ကိုင်လာကြသည်။

“ရှင့်ကို ကျွန်မကိုယ်တိုင် အဆုံးစီရင်မယ် မိုင်း”

မိုင်းရဲ့မျက်ဝန်းတွေမှာအံ့အားသင့်သောအရိပ်အယောင်များဖြစ်တည်လာသည်။မိုင်းရဲ့အသက်ကိုရန်ရှာဖို့အထိ ဒေါသထွက်နေသော ကျူးလစ်ကို နားမလည်ခြင်းများစွာဖြစ်မိသည်။

ကျူးလစ်ရဲ့လက်များက ပိုမိုတင်းကျပ်လာခဲ့သည်။လည်ပင်းကိုပြင်းထန်စွာညှစ်နေသော ကျူးလစ်ကြောင့် သေလုမြောပါးဝေဒနာကို မိုင်းခံစားနေရသည်။ တဖြည်းဖြည်းနှင့် ပို၍အသက်ရှူကျပ်လာခဲ့သည်။

ကျူးလစ်က ဂနာမငြိမ်သော၊ပြူးကျယ်ဝိုင်းစက်သောမျက်လုံးအစုံဖြင့် ဒေါသတကြီးအော်ဟစ်ရင်း မိုင်းကိုလည်ပင်းညှစ်နေသည်။ ထိုခဏတွင် သတိပြန်ဝင်လာဟန်ဖြင့် ကျူးလစ်ရဲ့လက်ကလေးတွေပြေလျော့သွားကြသည်။

“မိုင်း.....မိုင်း....မိုင်းရေ”

မိုင်းကို သိမ်းကြုံးပွေ့ဖက်၍ ကျူးလစ်တစ်ယောက် ငိုကြွေးပါတော့သည်။

“အချစ်....သတိထားဦးလေ.....ကိုယ်ဘာမှမဖြစ်ဘူး....နော်....အချစ်....ကိုယ့်ကိုကြည့်စမ်း”

မိုင်းက ကျူးလစ်ရဲ့ခန္ဓာကိုယ်လေးကိုသူ့ရဲ့ရင်ခွင်ထဲဆွဲသွင်း၍ မျက်နှာလေးကိုဆွဲမော့ယူလိုက်သည်။

“ကိုယ့်ကိုကြည့်.....မင်းရဲ့မိုင်းလေ....နော်....မင်းဘာပဲလုပ်လုပ် ခံယူဖို့အသင့်ရှိနေတဲ့ မိုင်းလေ။ဒါကြောင့် မင်းက အသက်မရှင်စေချင်ဘူးဆိုရင်လည်း လည်စင်းပေးမှာပါအချစ်။မင်းစိတ်ကြိုက်စီရင်လို့ရပါတယ်”

“မိုင်းရယ်....ကျွန်မရူးနေပြီ....ကျွန်မရဲ့ဝေဒနာတွေပြန်ဖြစ်နေပြီထင်တယ်။အဲ့ဒီရူးသွပ်တဲ့ဝေဒနာက အပြီးပျောက်သွားလိမ့်မယ်လို့ မျှော်လင့်ခဲ့တာ။အခုတော့..... အခုတော့......”

ကျူးလစ်က ဆောက်တည်ရာမရဟန်ဖြင့်ငိုယိုနေသောအခါ သနားစိတ်ပိုရပြန်သည်။မိုင်းရဲ့အသက်ထက်ပင်အ‌ရေးကြီးသောချစ်ရသူကို ဒီလိုပုံစံဖြင့်မမြင်ရက်နိုင်ပါ။မိုင်း ဘာလုပ်ပေးရမလဲမသိဖြစ်နေသည်။

“မေရီက....မေရီကလေ....မိုင်းနဲ့.....”

“ဟင့်အင်း....မဟုတ်ဘူး....လုံးဝမဟုတ်ဘူးနော်။မေရီမြင့်ချိုနဲ့ကိုယ် လုံးဝမပတ်သက်ခဲ့ဘူး။ကိုယ်တို့ကြားမှာ မင်းထင်သလို ဆက်ဆံရေးမျိုးမရှိခဲ့ပါဘူး အချစ်ရယ်”

“သူကိုယ်တိုင်ပြောတာ....သူ....သူပြောတာ.....”

“မဟုတ်ပါဘူးအချစ်ကလေးရယ်။ကိုယ်ပြောမယ်။ကိုယ့်ရဲ့အရာအားလုံးကို မင်းလေးတစ်ယောက်ထဲပဲ ပိုင်ဆိုင်ခွင့်ပေးခဲ့တာပါ။ဘယ်သူ့ကိုမှမပေးခဲ့ဘူး။ယုံပါ အချစ်”

“သူကိုယ်တိုင်ပြော....တွေ့......တွေ့လား.....သူ....သူရှိနေတုန်းပဲ.....အဲ့ဒါ....အဲ့ဒါက.......”

ကျူးလစ်ရဲ့ဖုန်းထဲသို့ဝင်လာသောဓာတ်ပုံတစ်ချို့ကိုမြင်ရသောအခါ မိုင်းရဲ့စိတ်တွေပူလောင်ဆူပွက်သွားရသည်။ပုံတွေက မြင်ရက်စရာမရှိအောင်ရိုင်းစိုင်းစုတ်ပြတ်နေကြသည်ပဲ။ဒီလိုအရာမျိုးကို မိုင်းမလုပ်ပါဘူး။ကျူးလစ်ကလွဲပြီး ဘယ်သူ့ကိုမှ ကြည်ဖြူခဲ့တာမဟုတ်ဘူးလေ။

“အဲ့ဒါ ကိုယ်မဟုတ်ဘူး ကျူးလစ်”

“ဒီလောက်သိသာထင်ရှားနေတဲ့မျက်နှာက......”

“ကိုယ်မလုပ်တာသေချာတယ်။နည်းပညာဖြစ်ဖြစ်၊ကိုယ်နဲ့ပုံစံတူတစ်ယောက်ယောက်ကိုဖန်တီးထားတာဖြစ်ဖြစ်....အဲ့လိုလုပ်ထားတာဖြစ်မယ်။ဒီလိုအရာတွေကို စိတ်ကူးထဲမှာတောင် မလုပ်ခဲ့ဖူးပါဘူးအချစ်ရယ်”

“ဒါပေမဲ့........”

“ကိုယ်သေချာစုံစမ်းပေးမယ်။မင်းလေး စိတ်ကျေနပ်စေမယ့်အဖြေနဲ့သက်သေရှာပေးပါမယ်။စိတ်ချနော်”

“မေရီ့ကိုရှင်းပေးမယ်ပြောပြီး အခုအချိန်အထိ မေရီအသက်ရှိနေသေးတယ်လေ။ရှင့်ကို ဘယ်လိုယုံရမလဲ မိုင်း....ဟင်”

ကျူးလစ်ရဲ့စကားအဆုံးမှာ မိုင်းရဲ့မျက်နှာလေးညိုးငယ်ပျက်ယွင်းသွားခဲ့သည်။ကျူးလစ်နားလည်အောင် ဘယ်လိုရှင်းပြရမလဲဆိုတာကို စဉ်းစားလို့မရပဲဖြစ်နေသည်။

“အဲ့ဒါက.....”

“ရှင်းမပြနိုင်ဘူးမဟုတ်လား။ကျွန်မကို ပြောမပြနိုင်တဲ့လျှို့ဝှက်ချက်တွေရှိနေမလား မိုင်း”

မိုင်း ငြိမ်သက်နေခဲ့ပါသည်။မိုင်းရဲ့ငြိမ်သက်တိတ်ဆိတ်ခြင်းကို ကျူးလစ်မကြိုက်ပါ။အဲ့ဒါက ကျူးလစ်ရဲ့ရူးသွပ်မှုကို ပိုမိုဆိုးရွားစေသည်လေ။ကျူးလစ်ရဲ့ထိန်းချုပ်ထားသောစိတ်တွေပေါက်ကွဲလုမတတ်ဖြစ်လာပြန်သည်။

“ကျူးလစ်.....စိတ်.....စိတ်ထိန်းနော်။ကိုယ်ရှင်းပြဖို့ကြိုးစားပါ့မယ်”

မိုင်းက ပြာယာခတ်စွာဖြင့် ကျူးလစ်ကိုနှစ်သိမ့်ပေးသည်။မိုင်းရဲ့နှစ်သိမ့်ချော့မြှူမှုများကြောင့် ကျူးလစ်ငြိမ်ကျသွားပြန်သည်။ဒီပုံစံအတိုင်း ကျူးလစ်ကိုလွှတ်ပေးထားလို့မရဘူးဆိုတာ မိုင်း နားလည်လာသည်။

“မင်းအတွက် သေချာအနားယူဖို့ အချိန်လိုအပ်နေပြီ။ကိုယ်တို့ အလုပ်တွေအကုန်ထားခဲ့ပြီး အနားယူကြရအောင်”

“စကားလမ်းကြောင်းမလွှဲပါနဲ့။ကျွန်မ မေးတာဖြေစမ်းပါ မိုင်း”

“အဲ့.....အဲ့ဒါက......”

“‌ေြဖစမ်း မိုင်း”

“မဖြေလို့.....ရ......”

“ဒူးထောက်စမ်း မိုင်း။ကျွန်မကို မော့မကြည့်ပဲ ခေါင်းငုံထား....”

ကျူးလစ်ရဲ့အမိန့်သံပြင်းပြင်းကြောင့် မိုင်း ဒူးထောက်လိုက်သည်။

“ဟုတ်ကဲ့ပါ သခင်”

“မေးတာကို ဖြေစမ်း....”

“ဟုတ်ကဲ့....ဟုတ်ကဲ့ပါ သခင်။မိုင်း ဖြေပါ့မယ်”

×××××××××××××××××××××××××

အဲ့ဒီနေ့က........။

မိုင်းက ခိုင်ခန့်ကိုလုပ်စရာရှိတာတွေညွှန်ကြားနေသည်။ထိုအခိုက်တွင် ဖုန်းမြည်လာ၏။ဖုန်းကိုင်လိုက်သောအခါ မေရီ၏ ကျက်သရေမရှိသောစကားသံထွက်ပေါ်လာသည်။

“ငါ့ကို လုပ်ကြံဖို့ တော်တော်ကြိုးစားနေတာပါလား မိုင်း”

“ဘာ”

“ကျူးလစ်က အခုလိုလုပ်ခိုင်းတာမဟုတ်လား”

“မင်းဘာတွေပြောနေတာလဲ”

“ဘာမဆို ငါအကုန်သိနိုင်တာ မေ့သွားပြီလား”

“မဖြစ်နိုင်ဘူး”

“ဖြစ်နိုင်ပါတယ်။ဒါနဲ့.....မင်းက ငါ့ကို အသက်မရှင်စေချင်ဘူးပေါ့။ဟုတ်လား မိုင်း”

“မင်းရဲ့တည်ရှိခြင်းက ကျူးလစ်ကို စိတ်ထိခိုက်စေတယ်ဆိုရင် ငါက မင်းကိုရှင်းပစ်ရမှာပေါ့”

“အဲ့ဒီလောက်အထိ လွယ်မယ်ထင်သလား မိုင်း”

“လွယ်ပါတယ်”

“မင်းကိုယ်မင်း တော်တော်အထင်ကြီးနေတာပဲ။ငါတစ်ခုပြောပြမယ်။နားထောင်မလား”

“ဘာလဲ”

“မင်းရဲ့ကျူးလစ်ကို ထိခိုက်စေမယ့်အကြောင်းဆိုရင် နားထောင်ချင်ပါ့မလား”

“ဘာ......”

“စိတ်လျှော့မှပေါ့။အရမ်းလန့်သွားသလား။အင်းပေါ့လေ.....မင်းက ကျူးလစ်ကို သိပ်ချစ်တာပဲကို.....”

“ဘာတွေကြံစည်နေသလဲ မေရီ။ဘယ်လောက်အထိ ယုတ်မာဖို့ကြိုးစားနေတာလဲ”

“ငါယုတ်မာနိုင်သမျှထက်ပိုပြီး ယုတ်မာဖို့ပေါ့။ငါ့အကြောင်း မင်းသိပြီးသားပဲမဟုတ်လား မိုင်း”

မေရီက မခိုးမခန့်စကားဆိုနေတာမို့ သူမကို မိုင်းရဲ့လက်နဲ့အမှုန့်ချေပစ်ချင်စိတ်တွေပေါက်နေခဲ့သည်။ဒေါသကို တတ်နိုင်သမျှထိန်းရင်း မေးလိုက်မိသည်။ကျူးလစ်ကို တစ်ခုခုဒုက္ခပေးလိုက်မှာ အစိုးရိမ်ဆုံးဖြစ်သည်။

“ဘာလုပ်ထားသလဲလို့ မေးနေတယ် လေ......ဖြေစမ်း မေရီ”

“ကျူးလစ်က မင်းနဲ့အတူ ဘာလင်မှာမဟုတ်လား”

“အဲ့ဒါဘာဖြစ်လဲ”

“မင်းက အလုပ်ကိစ္စဆွေးနွေးဖို့.....အင်း.....အတိအကျပြောရရင်....ငါ့ကိုလုပ်ကြံဖို့ မင်းရဲ့လူတစ်ယောက်နဲ့အတူရှိနေတာလေ။ကော်ဖီသောက်လို့ ကောင်းရဲ့လား မိုင်း”

မေရီရဲ့စကားအဆုံးမှာ မိုင်းရဲ့လက်ထဲက ကော်ဖီခွက်ကို အလန့်တကြားပြန်ချလိုက်မိသည်။မိုင်းရဲ့ရှေ့တည့်တည့်က ထိုင်ကြည့်နေသလိုမျိုး ဘာလို့ပြောနေနိုင်ရတာလဲ။စဉ်းစားလို့မရပဲဖြစ်နေသည်။

“မင်း ဘယ်မှာလဲ မေရီ။ဘာလို့အခုလိုပြောနေနိုင်ရတာလဲ”

“ငါဘယ်လိုလူလဲဆိုတာ မင်းသိပါတယ် မိုင်း။မင်းရဲ့ကျူးလစ်ဆီကို ပြန်ရောက်ဖို့ အချိန်နည်းနည်းကြာမယ်ထင်တယ်။အခုနေ သူမကို တစ်ခုခုလုပ်လိုက်ရင် ကယ်ဖို့မီပါ့မလား”

“မေရီ.....မင်း.....အယုတ်တမာမ”

“အိုကွယ်.....မင်းတောင် ငါ့ကိုလုပ်ကြံဖို့စီစဉ်နေသေးတာပဲ။ငါက သူမကို မလုပ်ကြံသင့်ဘူးလား မိုင်းရဲ့”

“တော်.....တော်တော့.....‌ရပ်လိုက်တော့ မေရီ....မင်းဘာလိုချင်သလဲ ပြောလိုက်”

“ဪ....မင်းနှယ်....ငါ ဘာလိုချင်သလဲသိသာနေတာပဲကို....ငါ့လုပ်ကြံဖို့မကြိုးစားနဲ့ပေါ့။ငါအသက်ရှင်ချင်သေးတယ်လေ”

“မင်းကို လွယ်လွယ်လွှတ်ပေးလိုက်ဖို့ ဖြစ်နိုင်ပါ့မလား”

“ရပါတယ်လေ”

“ဒါပေမယ့် ကျူးလစ်ကိုစောင့်ရှောက်ဖို့ လူတွေအများကြီးရှိတယ်။သူမကို မင်းဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။အဲ့ဒါကြောင့် မင်းကိုလုပ်ကြံဖို့ပဲ ဆုံးဖြတ်လိုက်မယ်ဆိုရင်ရော.....”

“ကောင်းပြီလေ။မင်းအတွက် တစ်ခုပို့ပေးလိုက်မယ်။ကြည့်လိုက်စမ်း မိုင်း”

မိုင်းရဲ့ဖုန်းထဲသို့ ဗီဒီယိုတစ်ခုရောက်လာသည်။ဖွင့်ကြည့်လိုက်တော့ မိုင်း မျက်လုံးပြူးသွားရသည်။အိပ်ပျော်နေသော ကျူးလစ်ကိုတွေ့ရသည်။ကျူးလစ်အတွက် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးကြီးတစ်ယောက်ကိုတွေ့ရသည်။ထိုအမျိုးသမီးကြီးရဲ့လက်ထဲမှာ ဆေးထိုးအပ်တစ်ခုကိုင်ထားသည်။

“ဘယ်လိုလဲ မိုင်း။ကျူးလစ်ကို မလိုချင်တော့ဘူးလား”

“မလုပ်နဲ့.....”

မိုင်းက ဖုန်းကိုကောက်ကိုင်၍ မိမိလူတွေဆီ ဆက်သွယ်ဖို့ကြိုးစားလိုက်သည်။

“အခုလောလောဆယ် ဘယ်သူ့ကိုမှ ဆက်သွယ်လို့ရမှာမဟုတ်ဘူး”

“ဘာ.....”

“မယုံရင် ကြိုးစားကြည့်လေ”

မိုင်းက မိမိရဲ့လူတွေကို အသဲအသန်ဆက်သွယ်ကြည့်မိသည်။ဘယ်သူ့ကိုမှဆက်သွယ်လို့မရပဲဖြစ်နေသည်။

“မင်းဘာလုပ်ထားတာလဲ”

“အဲ့ဒါတွေ အသာထားစမ်းပါ။အခု ငါပြောတာကို နားထောင်”

မိုင်းက စိတ်လျှော့လိုက်၍ မေရီ့ရဲ့စကားကိုနားထောင်ဖို့ပြင်ဆင်လိုက်သည်။

“ပြော.....”

“ငါ့ကို လုပ်ကြံဖို့ ကျူးလစ်က အလိုရှိနေတာမဟုတ်လား။ငါ့ရဲ့အလောင်းကို ကျူးလစ်မြင်ချင်တဲ့ပုံစံအတိုင်းပြလိုက်စမ်းပါ”

“ဘယ်လို”

“ငါအသက်မရှိတော့ဘူးလို့ ကျူးလစ်ကိုပြောလိုက်”

“ဘယ်လိုပုံစံမျိုးလည်း ငါနားလည်အောင်ရှင်းပြစမ်း မေရီ”

“ငါနဲ့တစ်ပုံစံထဲတူတဲ့အလောင်းတစ်လောင်းကို ငါပြင်ဆင်ထားလိုက်မယ်။မင်းက ငါ့ကိုလုပ်ကြံပြီးပြီလို့ ကျူးလစ်ကိုပြောလိုက်ပါ”

“ပြီးတော့ရော.....”

“ငါအကုန်စီစဉ်ထားပြီးသား။ငါ့ရဲ့ဈာပနပွဲကိုပါသေချာပြင်ဆင်လိုက်၊ကျူးလစ်ကို‌လည်း သေချာပြလိုက်ပေါ့။ငါမရှိတော့ဘူးလို့ ကျူးလစ်ယုံကြည်သွားပါစေ”

“ဘာကြောင့်လဲ။ဘာအတွက် အခုလိုလုပ်တာလဲ မေရီ”

“ငါ့မှာကိစ္စတစ်ချို့ရှိနေတယ်။အဲ့ဒါကိုမင်း သိစရာမလိုပါဘူး။မင်းက ငါခိုင်းတဲ့အတိုင်းလုပ်လိုက်ပါ”

“မင်း.......”

“ငါခိုင်းတာလုပ်စမ်းပါ မိုင်း”

“မလုပ်ဘူးဆိုရင်ရော.....”

“ရယ်စရာကောင်းလိုက်တာ။အခုတော့ ငါခိုင်းတာလုပ်လိုက်ပါဦး မိုင်းရယ်။မဟုတ်ရင် ကျူးလစ်ရဲ့အသက်ရှူသံကို မကြားရတော့ပဲနေဦးမယ်”

“မင်း.....”

×××××××××××××××××××××××××

“အဲ့ဒါပါပဲ သခင်။အဲ့ဒီနေ့က မေရီခိုင်းတဲ့အတိုင်းလုပ်ခဲ့ရပါတယ်”

“မေရီအသက်ရှင်နေတာကိုသိရက်နဲ့ ရှင်က မသိချင်ဟန်ဆောင်နေတာပေါ့ မိုင်း။ရှင်က ကျွန်မကိုလိမ်ညာထားခဲ့တာပေါ့။ရှင်က......”

ကျူးလစ်က မိုင်းရဲ့ပါးကို ရိုက်ချပစ်လိုက်သည်။မိုင်းက ကျူးလစ်လုပ်သမျှကို ခေါင်းငုံ့ငြိမ်ခံနေခဲ့ပါသည်။

“တောင်းပန်ပါတယ် သခင်။မိုင်းက အဲ့ဒီကိစ္စကို သခင်မသိအောင်ရှင်းဖို့ကြိုးစားနေခဲ့တာပါ။မေရီ့ကို တိတ်တိတ်လေး လိုက်ရှာနေခဲ့တာ။သူ့ကို ဘယ်သူမှ မသိအောင် အစဖျောက်ဖို့လည်း စီစဉ်နေတာပါ။ဒါပေမယ့် သူက သခင့်ကို အခုလိုဆက်သွယ်လာမယ်လို့ မထင်ခဲ့မိဘူး”

“ရှင်က လိမ်ညာတတ်တဲ့လူပဲ မိုင်း။ဒါဆို ဘာကို ယုံကြည်လို့ရပါတော့မလဲ။ရှင်ပြောသမျှ ဘာတစ်ခုမှမယုံကြည်တော့ဘူး”

“တောင်းပန်ပါတယ် သခင်။သခင့်ကို ထိခိုက်အောင်လုပ်တာမဟုတ်ပါဘူး။သခင့်ကို ချစ်လွန်းလို့.....”

“မပြောနဲ့......မယုံဘူး.....ရှင်လူလိမ်.....ရှင်က သစ္စာဖောက်.....ဒီပုံစံအတိုင်းဆိုရင် ရှင်နဲ့မေရီ.....တစ်ခုခုဖြစ်ခဲ့မှာသေချာတယ်”

“မဖြစ်ပါဘူး။သူနဲ့ ဘာမှမဖြစ်ခဲ့ပါဘူး သခင်။ယုံပါ....သခင်ကလွဲပြီး ဘယ်သူနဲ့မှပတ်သက်မှုမရှိခဲ့ပါဘူး”

“မယုံဘူး မိုင်း....သွား....ထွက်သွား....အခုထွက်သွားစမ်း မိုင်း”

“တောင်းပန်ပါတယ် သခင်ရယ်။မိုင်းကို နှင်မထုတ်ပါနဲ့နော်။သခင်ကျေနပ်တဲ့အထိ မိုင်းတောင်းပန်ပါ့မယ်”

“ဟုတ်သားပဲ....ရှင့်ကိုနှင်ထုတ်လို့မှမရတာ။ဒီနေရာက ရှင်ပိုင်ဆိုင်တဲ့နေရာမဟုတ်လား။ကျွန်မပဲ ထွက်သွားသင့်တာပေါ့”

“မသွားပါနဲ့....မသွားလိုက်ပါနဲ့ သခင်”

“ဖယ်စမ်း....ကျွန်မကို မထိနဲ့”

“တောင်းပန်ပါတယ် သခင်ရယ်”

မိုင်းက ကျူးလစ်ရဲ့ခြေထောက်ကိုဖက်တွယ်ဝပ်ဆင်းရင်းရှိနေခဲ့သည်။မလွှတ်တမ်းဖက်တွယ်နေသော မိုင်းကိုကြည့်၍ ကျူးလစ်ရဲ့ဒေါသတွေကပိုမိုပြင်းထန်လာသည်။မိုင်းကို ဆောင့်တွန်းဖယ်ပစ်လိုက်သည်။

“သခင်....”

“ရှင်က ကျွန်မဒေါသကိုဆွပေးနေတာပဲ မိုင်း။ကောင်းပြီလေ”

ကျူးလစ်က မိုင်းရဲ့ခါးပတ်တစ်ခုကိုသွားယူ၍ မိုင်းရဲ့ကျောပြင်ကို စိတ်ရှိလက်ရှိရိုက်နှက်လေတော့သည်။မိုင်းကလည်း ငြင်းဆန်ခြင်းမပြုခဲ့ပါ။ကျူးလစ်ရဲ့ရိုက်နှက်မှုဒဏ်ကို အံကြိတ်၍ခံယူခဲ့သည်။ကျူးလစ်ရဲ့ရိုက်နှက်မှုများကြားတွင် တဖြည်းဖြည်းနဲ့မြော့လာသော မိုင်းကိုမြင်မှ ကျူးလစ်တစ်ယောက် သတိပြန်ဝင်လာသည်။

“မိုင်း.....မိုင်းရေ.....”

ကျူးလစ်က လက်ထဲမှာကိုင်ထားသော ခါးပတ်ကို အလန့်တကြားလွှင့်ပစ်လိုက်သည်။မိုင်းအနီးမှာထိုင်ချလိုက်၍ မိုင်းကိုတယုတယပွေ့ယူလိုက်သည်။ မိုင်းက ‌ကျူးလစ်ကို ပွေ့ဖက်၍ တောင်းပန်စကားဆိုလေသည်။

“သခင်.....တောင်းပန်.....ပါ.....တယ်”

“မိုင်းရယ်.....”

ကျူးလစ်က မိုင်းကိုပွေ့ဖက်၍ သည်းထန်စွာငိုကြွေးမိတော့သည်။ တစ်ဆက်တည်းမှာပဲ ကျူးလစ်ရဲ့စိတ်ဝေဒနာက အခြေအနေပြန်ဆိုးလာတာကိုလည်း သဘောပေါက်လိုက်မိသည်။

“ကျူးလစ်ရူးနေပြီ....တကယ်ရူးနေပြီ မိုင်း......မိုင်း အနားမှာမနေသင့်တော့ဘူး။ကျူးလစ်ကြောင့် မိုင်း တစ်ခုခုဖြစ်သွားလိမ့်မယ် မိုင်းရဲ့။ကျူးလစ် ထွက်သွားပါရစေ”

မိုင်းက ကျူးလစ်ကို တင်းကျပ်နေအောင်ဖက်၍ စကားဆိုသည်။

“ထွက်မသွားရပါဘူး။မိုင်းကိုထားခဲ့ပြီး ထွက်မသွားရဘူး သခင်။မိုင်းကို သနားပါနော်။သခင်မရှိရင် မိုင်းလည်း အသက်ရှိတော့မှာမဟုတ်ဘူး”

“မိုင်းရယ်.....ဒီလောက်အထိ မိုက်မိုက်ရိုင်းရိုင်းနှိပ်စက်နေမိတဲ့ကျွန်မအနားမှာ ဘာလို့နေချင်ရသလဲ။မဖြစ်ပါဘူး မိုင်း”

“ရတယ်....နှိပ်စက်ပါ....မိုင်းခံနိုင်ရည်ရှိပါတယ်....စိတ်ကြိုက်နှိပ်စက်ပါနော်....ခံယူပါ့မယ်"

“ကျွန်မကို အဲ့လောက်အထိ ချစ်ရသလား မိုင်း”

“ချစ်တယ်....အရမ်းချစ်တာပေါ့”

“ဒါဆို မေးမယ်။သေချာဖြေ.....တကယ်ပဲ မေရီနဲ့မိုင်း ဘာမှမဖြစ်ခဲ့ဘူးလားဟင်”

“မဖြစ်ခဲ့ပါဘူး သခင်။မိုင်းရဲ့အသွေးအသားအသက်ဖြစ်တည်မှုအားလုံးကို သခင်တစ်ဦးထဲသာလျှင် သိမ်းပိုက်ခွင့်ရခဲ့တာပါ”

“တကယ်ပဲလား မိုင်း။ကျွန်မရင်တွေပူလွန်းလို့ပါ။မေရီပို့သမျှ ပုံတွေအားလုံးဟာ မကြည့်ရဲစရာကောင်းလောက်အောင်......”

“မေရီနဲ့ပုံစံတူလူတစ်ယောက်ရဲ့ အလောင်းကိုမှတ်မိလား။ဈာပနတုန်းက အလောင်းက မေရီနဲ့တစ်ပုံစံထဲပဲလေ”

“အင်း...ဟုတ်တယ်။ကျွန်မလည်း မေရီလို့ပဲထင်ခဲ့တာ”

“သူနဲ့ပုံစံတူလူတစ်ယောက်ကိုဖန်တီးထားတယ်ဆိုရင် ကိုယ်နဲ့ပုံစံတူလူတစ်ယောက်ကိုလည်း သူဖန်တီးထားမှာသေချာတယ်လေ”

“အင်းနော်.....အဲ့လိုလည်းဖြစ်နိုင်တာပဲ”

“ကဲပါ အချစ်ရယ်....ကိုယ့်ကိုယုံကြည်ပေးနော်။အခုအချိန်ကစပြီး သေချာပေါက်အကုန်လုံးကို အပြတ်ရှင်းပေးမယ်။အရင်တစ်ခါလို စိတ်ညစ်စရာတွေ ထပ်မဖြစ်စေရတော့ဘူး”

“ကတိပေးလား”

“အင်း.....ကတိပေးတယ်”

မိုင်းကိုပွေ့ဖက်၍ သက်ပြင်းမောတစ်ချက်ကို ကျူးလစ်ရဲ့ရင်ထဲမှရှိုက်ထုတ်လိုက်မိပါတော့သည်။

“ကျူးလစ်ဘာဆက်လုပ်သင့်ပါသလဲ”

💛💛💛💛💛💛💛

(နောက်တစ်ပိုင်း မျှော်)
(စာရေးသူ-အေဗရီရင့်ဟန်)

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon