Aristo Engineering
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aristo Engineering, Structural Engineer, .
09/03/2024
Bolted Joint တွေမှာ စဉ်းစားသင့်တဲ့ failure တွေကဘာတွေလဲ ?
Steel Structure တစ်ခုမှာ ပါဝင်ကြတဲ့ beam, column, decking sheet, plate အစရှိတဲ့ member တွေကို bolt(မူလီ), welding(ဂဟေ), rivet(သံမှို) အစရှိတဲ့ အဆက်ပစ္စည်း တစ်မျိုးမျိုးနဲ့ ချိတ်ဆက်ပြီး သက်ရောက်နေတဲ့ အလေးဝန်အားတွေကို အစိတ်အပိုင်းတစ်ခုမှတစ်ခုသို့ မျှဝေခွဲခြမ်းပေးကြပါတယ်။ ဒါကြောင့် ဒီအဆက်နေရာမှာရှိနေတဲ့ခံနိုင်ရည်ဟာလည်း အဆောက်အဦ structure တစ်ခုလုံးရဲ့ ခံနိုင်ရည်အတွက် အဓိကကျတဲ့အချက်တစ်ခုအနေနဲ့ သိထားဖို့လိုအပ်ပါတယ်။
Bolted Joint တွေရဲ့ structural failure ပုံစံအမျိုးမျိုးရှိပြီးတော့ ပုံစံတစ်မျိုးချင်းစီရဲ့ ခွင့်ပြုနိုင်တဲ့ခံနိုင်ရည် (allowable load) ကိုတွက်ချက်ပေးရပြီး အားလုံးထဲကမှ အနည်းဆုံးရရှိတဲ့ တန်ဖိုးကို အဲ့ဒီ bolt ဆက်ထားတဲ့အခြေအနေမှာရှိတဲ့ ခွင့်ပြုခံနိုင်ရည်လို့ သတ်မှတ်နိုင်ပါတယ်။
Shear Failure
Plate ပြားများကို ဆက်ထားတဲ့ bolt များပျက်စီးခြင်းကို ဆိုလိုတာဖြစ်ပြီး plate ပြားများပြုပြင်လဲလှယ်ခြင်းထက် လုပ်ရလွယ်ကူပြီး စရိတ်သက်သာပါတယ်။
Bearing Failure
Bolt ရဲ့သက်ရောက်လိုက်တဲ့အားကြောင့် ၎င်း bolt နဲ့ထိတွေ့နေတဲ့ အောက်ခံ plate ပြားမျက်နှာပြင် ချေမွခံရနိုင်ချေရှိမှုကြောင့် ပျက်စီးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
Gross Tensile Failure
Plate ပြားမျက်နှာပြင်ရဲ့ bolt အပေါက်မဖောက်ထားတဲ့နေရာများ (gross cross-sectional area) တစ်လျှောက်တွင် plate ပြား ပျက်စီးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
Net Tensile Failure
Plate ပြားမျက်နှာပြင်ရဲ့ bolt အပေါက်ဖောက်ထားတဲ့နေရာများ (net cross-sectional area) တစ်လျှောက်တွင် plate ပြား ပျက်စီးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
ဒီလို failure များသာမက steel တွေဟာ ၎င်းတို့မျက်နှာပြင်မှာ အပါက်ဖောက်လိုက်ရင် ခံနိုင်ရည်ကျဆင်းသွားတာ ဖြစ်တဲ့အတွက် bolted joint နေရာတွေဟာ ၎င်းတို့ချိတ်ဆက်ပေးထားတဲ့ base material များထက် ခံနိုင်ရည်နည်းနေတတ်ပြီး အဆောက်အဦမှာ ကြီးမားတဲ့ပြိုကျပျက်စီးမှုတွေ ဖြစ်စေတတ်ပါတယ်။ အဲ့လိုမျိုးကိုခွဲခြားနိုင်ဖို့အနေနဲ့ ၎င်းအဆက်ရဲ့စွမ်းဆောင်နိုင်စွမ်း [တစ်နည်းအားဖြင့် joint efficiency (n joint)] ကိုလည်းတွက်ချက် ထားသင့်ပါတယ်။ ဒါမှသာ ပြုပြင်ထိန်းသိမ်းရမယ့် နည်းလမ်းတွေကို joint efficiency ကနေတဆင့် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ Joint Efficiency ကို ယျေဘူယျအားဖြင့် ရာခိုင်နှုန်းနဲ့ သတ်မှတ်လေ့ရှိပြီး (njoint100 %) ဆိုပါက ၎င်းအဆက်ဟာ over design ဖြစ်နေတယ်လို့သိရှိနိုင်ပြီး structure ဟာ အဆိုပါ joint ထက် ဦးစွာ ပျက်စီးမှာပဲဖြစ်ပါတယ်။
16/02/2024
Footing Depth ဘယ်လောက်အနည်းဆုံးထားသင့်သလဲ ။
အဆောက်အဦးတစ်ခုမှာ မြေအောက်ပိုင်းဖွဲ့စည်းပုံစနစ်ဖြစ်တဲ့ Foundation ရဲ့အလုပ်လုပ်ပုံက ၎င်းအဆောက်အဦးမှာ ရှိရှိသမျှသက်ရောက်နေတဲ့ အလေးချိန်အားလုံးကို မြေကြီးထဲသို့ အမှားအယွင်းမရှိစေပဲ ဟန်ချက်ညီညီ ဖြန့်ကျက်ပေးရတဲ့အတွက် အလွန်ရေးကြီးလှပါတယ်။
ဒီနေ့မှာတော့ foundation ဖွဲ့စည်းပုံထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ footing ရဲ့အနည်းဆုံးရှိသင့်တဲ့အနက် (footing depth) ဘယ်လောက်ထားရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။
ပုံထဲကအတိုင်း အခြေကနေ ကြည့်ရမယ်ဆိုရင် footing ကမြေကြီးထဲမှာ ဝင်နေမှာဖြစ်တဲ့အတွက် Clear Cover 3 လက်မ ထားသင့်ပါတယ်။ Cover ရဲ့အထက်မှာ footing အတွက် အားဖြည့်သံချောင်းတွေ (Rebar) ရှိပါတယ်။ Rebar အထက်မှာ ဘဲခြေထောက်လို့ခေါ်ကြတဲ့ Dowel Bar or Column Reinforcement ရှိပါမယ်။ Footing ထဲဝင်မဲ့ Dowel bar အတွက် အနည်းဆုံးရှိရမည့် Development length က ACI (American Concrete Institute) အရ (fyψr / 50λ√ fc’) db
Or
(0.0003fy db) ဖြစ်ပြီး 8 လက်မ ထက်မနည်းသင့်ကြောင်း limitation လုပ်ထားပါတယ်။
ဥပမာအနေနဲ့ Footing Rebar ကို 16mm (၆မူး) သုံးမယ်လို့ ယူဆလိုက်ပါမယ်။ (Footing depth, h) ကိုတွက်ကြည့်လိုက်မယ်ဆိုရင် (Cover 3"+ footing reinf: 0.63x2 + 8") = 12.26 လက်မ ဖြစ်နေပါပြီ။
အဆိုပါတွက်ချက်မှုဟာ အနည်းဆုံး limitation နဲ့ တွက်ကြည့်ထားတာဖြစ်ပြီး footing ထမ်းရမဲ့ load ပေါ်မူတည်ပြီး ပိုများနိုင်ပါတယ်။ ဒါကြောင့် footing depth ကို ၁ပေ ထက် ပိုထားသင့်ကြောင်း အကြမ်းဖျဉ်းမှတ်ယူနိုင်ပါတယ်။
ဒါ့အပြင် အဆောက်အဦးရဲ့အောက်ခံမြေ ခံနိုင်ရည်ကိုလည်း စမ်းသပ်ထားမှ နေရာဒေသကိုလိုက်၍ မြေအပျော့အမာပေါ် မူတည်ပြီး footing depth ကွဲပြားခြားနားမှုရှိနိုင်ပါသေးတယ်။
05/02/2024
လှပခိုင်ခန့်တဲ့ နေအိမ်လေးတစ်လုံး ဘယ်လိုတည်ဆောက်ကြမလဲ
ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးထဲက Dream Houseလေး တစ်လုံးကို တစ်ဆင့်ချင်း
ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။
လိုအပ်ချက်ကြောင့်ကျွန်တော်တို့ အိမ်တလုံးဆောက်တော့မယ်ဆိုရင် မိမိရဲ့လိုအပ်ချက်ကို သိအောင်လုပ်ရပါမယ်။ ကိုယ့်မြေနေရာအကျယ်အဝန်း၊ လိုချင်တဲ့building square ftနဲ့ အဆောက်အဦအတွက် အသုံးပြုမဲ့budget ကိုသိရပါမယ်။
ထိုမှတဆင့် Architect ကို မိမိလိုချင်တဲ့ (အိမ်ပုံစံအကျယ်အဝန်း) အခန်းဖွဲ့စည်းမှူနဲ့ အပြင်အဆင်တွေကိုပြောပြပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒါမှ Architect က အခန်းဖွဲ့၊ အလင်းအမှောင် လေအဝင်အထွက်တွေ ကအစ အသေးစိတ်စဉ်းစားပြီး ဗိသုကာပုံထုတ်ပေးပါလိမ့်မယ်။ ကိုယ်က minimalistic ကြိုက်တာလား industrial typeမျိုးလား ဆိုတာတွေကို architect နဲ့တိုင်ပင်ပြီး designထုတ်မှ ကိုယ်နေတဲ့အခါ ပိုပြီးသက်သောင့်သက်သာနဲ့ စိတ်ချမ်းသာနေနိုင်မှာပဲဖြစ်ပါတယ်။(တချို့Architectမပါတဲ့ အိမ်တွေမှာဆို အိမ်ကကျယ်ပေမဲ့ functionalမဖြစ်တာတွေ အများကြီးရှိနေပြီး ကိုယ်တသက်တာနေထိုင်မဲ့အိမ်မှာ အဆင်မပြေမှူလေးတွေကြုံတွေ့နေရမှာပဲဖြစ်ပါတယ်။)
Archi ပြတဲ့ပုံ စိတ်တိုင်းကျဖြစ်ပြီဆိုရင်တော့ Structural Engineer ကို design အပ်လို့ရပြီပဲဖြစ်ပါတယ်။ Archi designပေါ်မူတည်ပြီး အိမ်ကို RC နဲ့ဆောက်မလား Steel Structure နဲ့ဆောက်မလားကိုတော့ Structural Engineer ရဲ့အကြံပေးမှူနဲ့အတူ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ Structural Engineerက မိမိအိမ်ရဲ့အခန်းဖွဲ့ အထပ်အမြင့်နဲ့ တင်မဲ့အလေးချိန်တွေကိုတွက်ပြီး တိုင်(column)တွေ ထုတ်(beam)တွေ ကြမ်းခင်း(slab)တွေရဲ့ sizeတွေ အထူတွေနဲ့ အားကူသံတွေကို သေချာတွက်ချက်စဉ်းစားပေးမှာပဲဖြစ်ပါတယ်။ Structural Engineerက ခိုင်ခံ့မှူ တာရှည်ခံမှူ ဘေးကင်းမှူနဲ့ ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် တွက်ချက်ပေးမှာဖြစ်လို့ စိတ်လုံခြုံမှူရရှိစေမှာ ဖြစ်ပါတယ်။
Soil test လုပ်ဖို့လဲမမေ့နဲ့အုံးနော်။ soil test က Geotechnical Engineerတွေက lab ခန်းထဲမှာ သေချာစမ်းသပ်ထားတာမလို့ မိမိမြေရဲ့ခံနိုင်အားကို အတိအကျသိရပြီး အဆောက်အဦကိုလဲသေချာထမ်းထားနိုင်ဖို့ structural engineerက ဒီဇိုင်းထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
မိမိအဆောက်အဦက ငလျှင်ဒဏ် မကြာခဏသက်ရောက်တဲ့ဒေသ (ဒါမှမဟုတ်) အထပ်မြင့် အဆောက်အဦဖြစ်နေပါက ငလျှင်ဒဏ်နဲ့ လေတိုက်နှန်းကိုပါ ထည့်သွင်းစဉ်းစားပေးဖို့လိုပါတယ်။ ဒါအတွက်လဲ Structural Engineer ကပဲ တာဝန်ယူသွားမှာဖြစ်ပါတယ်။
Structural Design ထွက်လာပြီဆိုရင်တော့ ရေလိုင်း မီးလိုင်းအတွက် M&E engineer ကို design အပ်ရပါမယ်။ဒါမှသာမိမိအဆောက်အဦမှာ စံချိန်စံညွှန်းများနဲ့အညီ သက်သောင့်သက်သာနဲ့ ဘေးအန္တရာယ်ကင်းကင်းနေနိုင်မှာဖြစ်ပါတယ်။ (မီးအားမနိုင်တာတွေ လျှပ်စစ်ရှော့ဖြစ်တာတွေ မဖြစ်အောင်လို့ M&Eကိုလဲ designအပ်သင့်ပါတယ်။) Archi, Structure, M&E design onpaper တွေပြီးရင်တော့ သက်ဆိုင်ရာဌာနကို design စစ်ဆေးခိုင်းပြီး approval စောင့်ရမှာဖြစ်ပါတယ်။
စည်ပင်က design ခွင့်ပြုချက် ရရှိပြီးတဲ့အခါ လက်တွေ့ တည်ဆောက်ရေးလုပ်ငန်းလာပါပြီ။ ဆောက်လုပ်ရေးအတွက် ကန်ထရိုက်တာငှါးမယ်ဆိုရင်တော့ အတွေ့အကြုံနဲ့ ဂုဏ်သိက္ခာရှိတဲ့ ကန်ထရိုက်တာတွေကိုပဲငှါးသင့်ပါတယ်။ ဒါမှသာ Architect နဲ Structural Designer ရဲ့ ပေးထားတဲ့ design အယူအဆ အရည်အသွေးကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ပိုင်ရှင်တွေအနေနဲ့လဲ siteကို contractor ဆီ အလုံးစုံစီမံခိုင်းတာမျိုး မလုပ်ဘဲ ပုံမှန်စောင့်ကြည့်သင့်ပါတယ်။ မိမိအလုပ်မအားရင်လဲ QCအဖွဲ့တွေ ငှါးလို့ရပါတယ်။ ဒါမှသာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ပြီး အရည်အသွေးလဲ ထိန်းသိမ်းပြီးသား ဖြစ်မှာပါ။
အဆောက်အဦ အကြမ်းထည် ရရှိရင်တော့ M&E နဲ့ Architectural လုပ်ငန်းစဉ်လေးတွေ လုပ်ကိုင်စီမံရမယ့်အချိန် ဖြစ်ပါတယ်။ (M&Eက တည်ဆောက်နေဆဲလဲ ဝင်နိုင်ပါတယ်။)
(အချောထည်လုပ်ငန်းက ပိုပြီးအသေးစိတ်တာကြောင့် ပိုပြီးဂရုစိုက်သင့်ပါတယ်။)
နေအိမ်တစ်ခုလုံး နောက်ဆုံးအဆင့် အချောသပ်ပြီးရင် design နဲ့ standard တွေနဲ့ ကိုက်ညီမှုရှိမရှိ စမ်းသပ်စစ်ဆေးမှူတွေ ပြုလုပ်လို့ရပါပြီ။ စစ်ဆေးမှုမှာလည်း သတ်မှတ်စံချိန်မီအရည်အသွေးနဲ့ ကိုက်ညီတဲ့အခါမှာ BCC(Building Completion Certificate)လို အသိအမှတ်ပြုလက်မှတ်များရပြီး လူနေထိုင်လို့ရပါပြီ။
အချောထည်လုပ်ငန်းများ ပြီးတဲ့အချိန် Interior Decoration ပိုင်းမှာ ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်နိုင်ပြီ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ကိုယ်သုံးလိုတဲ့ ပစ္စည်းအမျိုးအစား နဲ့quality ပေါ်လိုက်ပြီး စျေးနှုန်းအစားစားရှိတာကြောင့် ကိုယ်လိုချင်တဲ့ design ပေါ်မူတည်ပြီး ကုန်ကျစရိတ် တိုးနိုင်တာကို သတိချပ်ထားပေးဖို့လိုအပ်ပါတယ်။ Interior decoration လုပ်ငန်းစဉ်တွေ ပြီးဆုံးလို့ ခန်းဝင်ပစ္စည်းတွေ ထည့်သွင်းပြီးရင် လူကြီးမင်းရဲ့ အိမ်အသစ်လေးဟာ နေထိုင်ဖို့အသင့်ဖြစ်ပါပြီ။
၂ထပ်/၃ထပ် လူနေအိမ်လေးဆောက်တာ ဒီလောက်ဒီဇိုင်းတွေ အပ်စရာလိုလို့လားလို့မေးစရာရှိပါတယ်။ အတိုချုံးပြောရရင် Professional Design Services တွေအပ်တာက initial costs/ pre-construction costs တွေများတယ်လို့ထင်ရပေမဲ့ safety, လုပ်ငန်းတွင်ကျယ်တာတွေ, ရေရှည်မှာငွေကုန်သက်သာတာတွေ စတဲ့ များလှစွာသောအကျိုးအမြတ်တွေရရှိနိုင်ပါတယ်။ Construction costမှာလဲ designနဲ့ ဆောက်တဲ့building က total cost မှာ ပိုမိုသက်သာစေမှာပါ။ တဖက်မှာလဲ design မပါဘဲ လက်တန်းဆောက်လုပ်တာတွေကြောင့် အဓိက safety ပိုင်းစိတ်မချရဘဲ ဆောက်လုပ်ရေးစရိတ်နဲ့ ပြုပြင်ထိန်းသိမ်းစရိတ်တွေ တောက်လျှောက်တက်လာနေမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့တသက်သာ နားခိုအပန်းဖြေမဲ့အိမ်လေးကို အမြဲစိတ်အေးချမ်းရအောင် Professional Designer တွေဆီမှာ designအပ်ဖို့ အကြံပေးရင်း နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။