Wai Phyo Aung - Blogger
Touch Pad ေပၚက စကားလံုးမ်ား
22/08/2021
အမှိုက်ပုံနား အီးပါနိုင်တာ. . ဘယ်သူလဲ?
=================================
လူဆိုတာ. .
တူညီတဲ့ အရာတွေပဲ နေ့စဥ်လုပ်ပြီး၊ တူညီတဲ့ အတွေးကိုပဲ အမြဲတွေးနေမယ်ဆိုရင် သူ့ရဲ့ အတွေးဟာ ဘောင်ဘင်ခတ်ထားသလို ဖြစ်လာတတ်ပါတယ်။
ဒီလို အတွေးတွေကို ဘောင်ဘင်ခတ်ပြီး တွေးတတ်တဲ့ လူတွေဟာ အခြားသူတွေရဲ့ ရင်ဘတ်ထဲအထိ ထိုးဖောက် မြင်ဖို့ အတော်လေး ခက်ခဲလာတတ်သလို ဖန်တီးနိုင်စွမ်းတွေလဲ လျော့နည်းပြီး၊ အမြင်လဲကျဥ်းလာတတ်ပါတယ်။
အမြင်ကျဥ်းလာတတ်ပြီဆိုရင် ငါသိ၊ ငါတတ် ငါတကောကောနဲ့ သွေးနထင် ရောက်တော့တာပါပဲ။
ပြောရရင်တော့ ဘဝတစ်ခု လုပ်လာတာပေါ့လေ။
ဘာကြောင့်လဲဆိုတော့. .
လူတွေရဲ့ အတွေးဟာ သူ့လုပ်ရပ်တွေအပေါ်.လွှမ်းမိုးမူရှိတတ်သလို အဲဒီ လုပ်ရပ်တွေတစ်ဆင့် အလေ့အကျင့်ဖြစ်လာပါတယ်။ ထို့နောက် အလေ့အကျင့်တွေက အကျင့်စရိုက်တစ်ခုအဖြစ် ခိုင်မာလာပြီး အဲဒီ အကျင့်စရိုက်တွေကပဲ.အဲ့ဒီလူရဲ့ ကံကြမ္မာကို ဖန်းတီးလာတာကြောင့်ပါပဲ။
-------------
ဒါကြောင့်လဲ လူတွေဟာ ကောင်းတဲ့ အတွေးလေးတွေ တွေးတတ်နေဖို့ အင်မတန် အရေးကြီးပါတယ်။
ဒီလို တွေးတတ်ဖို့ ဆိုတာကလည်း ကောင်းတာလုပ်တဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဖို့က လိုသေးတယ်လေ။ ဒါမှသာ အကောင်းဓာတ်ခံလေးတွေ ကူးစက်မှာကိုး။
ပြောရရင်. .
အကောင်းဓာတ်ခံလေးတွေကလဲ တစ်ကြိမ်တစ်ခါတည်းနဲ့ ရလာတာတော့ မဟုတ်ပါဘူး။ နည်းနည်းချင်းစီ စလုပ်ရာကနေ ကိုယ်တွင်း အကောင်းဓာတ်ခံလေးတွေ အားကောင်းလာဖို့ မွေးယူ၊ ကျင့်ယူ၊ ပွားယူရတာမျိုးပါ။
မဟာဂန္ဓာရုံဆရာတော်ကြီး ရှင်ဇနကာဘိဝံသရဲ့ "သူတော်ကောင်းလက္ခဏာ" တရားတော်မှာ ဟောကြားခဲ့သလို "နဂိုမူလ ဓာတ်ခံ"ဆိုတာ အရေးကြီးတယ်ဆိုသလို၊
ဓာတ်ဆိုတာကလည်း တူရာစုတာမျိုးပဲကိုး။
မြန်မာ စကားပုံမှာရှိပါတယ်။
"လူပျင်းရှိရာ လူဖျင်းလာ၊ အမှိုက်ရှိရာ ခွေးချေးလာ သတဲ့"
နောက်တစ်ခုကတော့. .
သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့" ဆိုသလို လူပုဂ္ဂိုလ်အနေနဲ့ နှိုင်းယှဥ်ပြရရင်.
အမေစု ဆိုပါတော့. .
--------------
ပထမတော့ တိုင်းတစ်ပါးမှာ ကြီးပြင်းရတာမို့ ကိစ္စကရှင်းပြီထင်တာ..
တကယ်တော့ ဒီလိုမဟုတ်ဘူးဗျ. .
မိခင်ရဲ့ သွန်သင်ဆုံးမမှုနဲ့အတူ ဖခင် ဗိူလ်ချုပ်အောင်ဆန်းရဲ့ အပေါင်းအသင်းကောင်းတွေဖြစ်တဲ့ သခင်ကိုယ်တော်မှိူင်း၊ ဦးသန့် အစ အစရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ နီးစပ်ခဲ့ရတဲ့အပြင်၊
လက််ထပ်မိတဲ့ အမျိုးသားကလဲ တိုင်းတစ်ပါးသားသာ ဆိုတယ်၊ ပါဋိဘာသာ အထူးကျွမ်းကျင်သူ။
ပြောရရင် ပါဋိဘာသာကို လေ့လာလိုက်စားသူဆိုတာ အနည်းနဲ့အများတော့ ပါဋိဘာသာအခြေခံတဲ့ ဗုဒ္ဓကျမ်းဂန်တွေကို အတော်ကို နှိုက့်နှိုက်ချွတ်ချွတ်
လေ့လာမှတ်သားပြီးသူဆိုတာ အသေအချာပါပဲ။
ဆိုတော့ဗျာ သူမအနေနဲ့ အကောင်းဓာတ်ခံလေးတွေ စုမိဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာ ဧကန်မုချပါပဲ။
ဒါကြောင့်လည်း ဒီလိုပတ်ဝန်းကျင်မျိုးနဲ့ ထိတွေ့ခဲ့ရတဲ့ သူမအဖို့ ကောင်းမွန်တဲ့ အတွေး၊ မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကျင့်စရိုက်တွေက ဗီဇတစ်ခုအနေနဲ့ ကိန်းဝပ်နေမှာ အသေအချာပါပဲ။
ဆိုတော့ . ဒီလိုလူမျိုးက.
အမှိုက်ပုံနား အီးပါတဲ့ လုပ်ရပ်မျို .လုပ်နိုင်မလား. . ဒါမှမဟုတ် ဘယ်လို ခွေးမျိုးက လုပ်နိုင်သလဲ ???? .
စဥ်းသာ. .စားကြည့်ဗျာ။ ။
#ဝေဖြိုးအောင်
(22.8.2021)
03/10/2020
နားထင် ဘာလို့ သုံးသင့်သလဲ. .?
========================
"Think before you do/speak" ဆိုတဲ့ စကားလေးတစ်ခုကို လူတိုင်းကြားဖူးကြပါလိမ့်မယ်။
ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာလဲ လူတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆို တစ်ခုမှားယွင်းခဲ့ရင် ကရုဏာဒေါသနဲ့ "ခေါင်းလေး၊ ဘာလေး သုံးပါလားကွာ" လို့ ပြောတတ်ကြပါတယ်။
ဒါ. . .ဘာကို ပြောသလဲဆိုတော့ . . .
စဉ်းစားတွေးခေါ်ခြင်းဆိုတာ မိမိတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြသနာတွေ၊ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေ
အစရှိသည်တို့ရဲ့ သဘောတရားကို -
👍 သေချာစွာ နားလည်သဘောပေါက်စေရန်၊
👍 ဆင်ခြင်တုံ တရား ရှိစေရန်၊
👍 အနက်အဓိပ္ပာယ်ကို ရှင်းလင်းစွာဖွင့်ဆိုစေရန်နှင့်
👍 ရည်မှန်းချက်များအတွက် အထောက်အကူပြုစေမည့် အစီအစဉ်များ ချမှတ်ရန် စသည်တို့အတွက်
✅မလုပ်ခင်၊
✅မပြောခင်
ကြိုတင်၍ စဉ်းစားတွေးခေါ်ပြုလုပ်သင့်တယ်လို့ သတိပေး ပြောဆိုထားတာပါ။
ဘာကြောင့်လဲဆိုတော့. .
စဉ်းစားတွေးခေါ်မှုတစ်ခုကို ပြုလုပ်ခြင်းကြောင့် ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အတွေးအမြင်အိုင်ဒီယာတစ်ခုရရှိနိုင်ခြင်း၊ ရှေ့လုပ်ငန်းစဉ်တွေအတွက် မျှော်မှန်းကြည့်ရန်၊ လက်ရှိအခြေအနေ၊ အတိတ်ကအခြေအနေတွေအပေါ် မူတည်၍ ရှေ့ဘာဆက်လုပ်ရန်၊ ဘယ်လို လမ်းစဉ်တွေချမှန်ရန် အစရှိသည်တို့အတွက် "to form an idea of" ဆိုသည့် အတွေးအခေါ်တစ်ခု၊ လမ်းစဉ်တစ်ခု ချမှတ်နိုင်ခြင်း ဆိုသည့် အကျိုးရလဒ်တွေ ရရှိနိုင်တာကြောင့် ဖြစ်ပါတယ်။
သို့သော်လည်း
ဆရာကြီး ဦးအောင်သင်း ပြောနေကြစကားလေး ယူသုံးရယူရင် "ပညာဆိုတာ အကောင်း၊ အဆိုး၊ အကြောင်း အကျိုး ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်" လို့ ဆိုသလိုပါပဲ။
စဉ်းစားတွေးခေါ်မှု ပြုလုပ်သူတွေအနေနဲ့ ပထမဦးဆုံးအနေနဲ့ အကောင်းဆိုတာဘာလဲ။ အဆိုးဆိုတာဘာလဲ။ အကျိုးဖြစ်နေတာကဘာလဲ။ ဘယ်လို အကြောင်းကြောင့်လဲ
ဆိုတာကို မိမိရဲ့ ဆင်ခြင်တုံတရားနဲ့ ဆန်းစစ်ဝေဖန်ပိုင်းခြားထားပြီးမှ နောက်ဆုံး နားလည်သဘောပေါက်ထားတဲ့ အသိဉာဏ်တစ်ခု၊ အလေ့အကျင့်တစ်ခု အနည်းဆုံး မရှိမဖြစ် လိုအပ်နေပါတယ်။
အတိုချုပ်ပြောရရင် လူသားတွေ အနေနဲ့ သို့မဟုတ် လူတစ်ယောက်အနေနဲ့ မပြောခင်၊ မလုပ်ခင်၊ တစ်ခုခုကို မကြံခင် ပညာအပေါ်အခြေခံပြီး ဝေဖန်ဆန်းစစ်ထားတဲ့ အသိဉာဏ်တစ်ခု လိုကို လိုအပ်နေတယ်ဆိုတာပါ။
တနည်းဆိုရရင်.
အသိဉာဏ်ပညာတစ်ခုအပေါ် အခြေခံမထားတဲ့ အတွေးအခေါ်တစ်ခု၊ လုပ်ရပ်တစ်ခု၊ အပြောအဆိုတစ်ခုဟာ ရေတိုမှာတော့ ကြက်ကန်းဆန်အိုးတိုးပြီး မှန်သင့်သလောက်မှန်တယ်လို့ ထင်ရပေမယ့် ရေရှည်မှာတော့ မိမိအတွက်သော် လည်းကောင်း၊ အများအကျိုးအတွက်သော်လည်းကောင်း ဘယ်လိုမှ ကောင်းကျိုးမဖြစ်ထွန်းနိုင်တဲ့ ရလဒ်တစ်ခု ထွက်လာနိုင်ကြောင်း အလင်းပြထားတာပါ။
ဒါကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း လူအချင်းချင်း.ဆက်ဆံပြောဆို လုပ်ကိုင်မှု ပြုနေတဲ့အချိန်မှာ ပညာအပေါ်အခြေခံပြီး အများအတွက် အကျိုးဖြစ်ထွန်းနိုင်တဲ့ လုပ်ရပ်နဲ့ အပြောအဆိုများကိုသာ ရည်ရွယ်၍ ပြုမူပြောဆိုသင့်ပါကြောင်း ဥာဏ်မီသလောက် တင်ပြအပ်ပါတယ်.ခင်ဗျာ။ ။
#ကျေးဇူးတင်ပါတယ်။
ဝေဖြိုးအောင်
(03-Oct-2020)
01/10/2020
ကိုဗစ်မကူးရေး. .အလုပ်အကိုင်တည်မြဲရေး
==============================
ဒီအချိန်ကတော့ အားလုံးအနေနဲ့ ကျန်းမာရေးအပိုင်းမှာ မိမိအတွက်သာမက မိမိပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအတွက်ပါ စိုးရိမ်နေရတဲ့ အချိန်ဖြစ်သလို စီးပွားရေးအပိုင်းကိုကြည့်ရင်လည်း ရှေ့ရေးတွေးလို့ ပူပန်နေရတာကြောင့် စိတ်ဓာတ်မလုံခြုံမှုတွေ ခံစားနေရတဲ့အချိန်ဆိုလည်း မမှားပါဘူး။
အနည်းနဲ့ အများတော့ ကွာဟတာလေးတွေ ရှိကြမှာပေါ့လေ။
စီးပွားရေးလုပ်နေတဲ့သူတွေအနေနဲ့လဲ တစ်ဦးနှင့် တစ်ဦး ဖတ်သာငိုနေကြတဲ့အချိန်ပါပဲ။
ဝန်ထမ်းတွေအနေနဲ့ ကြတော့လဲ job_security အတွက် စိုးရိမ်နေကြရတာဒုနဲ့ဒေးပါ။
တချို့ဆို အလုပ်ကို လုံးဝပိတ်ပစ်လို့ အိမ်မှာ ထိုင်နေကြရသလို၊ တချို့တွေကလဲ WFH (၁၄) ရက်နေ နေရပေမယ့် ရတဲ့ လစာကတော့ တစ်လလုံးစာ (၅၀%) ဖြတ်ခံရတဲ့အပြင် ထိုသို့ ဖြတ်တောက်မှုကလဲ တစ်လလုံးအထိဖြတ်မှာတဲ့။
ဘာပဲဖြစ်ဖြစ် အိမ်မှာနေတော့ ရောဂါလဲမကူး၊ လစာလေးလဲရတော့ မဆိုးပါဘူးဆိုပြီး ကြံဖန် ဖြေသိမ့်နေပေမယ့် မပြောကောင်း ပြောကောင်း အလုပ်နားလိုက်တော့နော်ဆိုတဲ့ ရာဇသံများ ဘယ်တော့ကြားရမလဲ တထိတ်ထိတ်။
ထို့ပြင် အလုပ်ဆင်းနေရသူတွေအနေနဲ့ကလဲ လစာလေးတော့ ရပါရဲ့။ အပေါ်မှာ ပြောခဲ့သလို လေတောင် ဝအောင်မရှုရဲတဲ့ ဘဝ။သို့သော်လည်း အလုပ်သာ ဆင်းနေရတယ် . တစ်ခုခုဖြစ် အလုပ်က ဘာပြန်လုပ်ပေးမှာလဲ။ ကိုယ့်ဘာသာ ခံရမှာပဲ . ဆိုတဲ့ မလုံခြုံမှုများကလဲ ရှိနေတာ အဆိုးဆုံးပါ။
ဒါကြောင့်လဲ အများစုအနေနဲ့ အချင်းချင်း နှစ်သိမ့်တတ်တဲ့ စကားလေးကတော့ "အေးပေါ့ကွာ..လောလောဆယ်တော့ ..မှေးသာနေပေါ့" ဆိုတာပဲ ဖြစ်ပါတယ်။
ဒီအချိန်မှာ အခွင့်အရေးတစ်ခုအနေနဲ့ ပေါ်ပေါက်လာတဲ့သူတွေလဲ ရှိသလို။ နဂို တုန်းက အဆင်မပြေသူတွေအနေနဲ့ခုအချိန်မှာမှ ပို၍ အဆင်ပြေလာတာတွေလည်း ရှိနေပါတယ်။ ပြောရရင်တော့ အသက်ရှုလို့ရနေသေးသူနဲ့ မနည်းကြိုးစား ရှုနေရသူဆိုပြီးအမျိုးမျိုး ရှိနေပါတယ်။
ဒီနေရာမှာ အဓိထားပြီး ပြောချင်တာကတော့ မြန်မာပြည်မှာ ရှိနေတဲ့ ဝန်ထမ်းတွေရဲ့ ပါပဲ။
လူတစ်ဦးတစ်ယောက်အတွက် သူတို့ရရှိထားတဲ့ အလုပ်အကိုင်ကို ရေရှည် ဆက်လက်လုပ်ကိုင်နိုင်ပြီး၊ အခွင့်အလမ်းများ တည်ရှိနေဖို့ဖြစ်ပါတယ်။ ဆိုရရင် အလုပ်မှ ထုတ်ပြစ်ခံရနိုင်ခြေ နည်းပါးခြင်းပဲ ဖြစ်ပါတယ်။
နိုင်ငံခြားတစ်နေရာမှာ အလုပ်လုပ်ခဲ့ဖူးသူတွေဆိုရင် ဒီကွာဟချက်ကို အများကြီး ခံစားခဲ့ကြဖူးမယ်လို့ ထင်ပါတယ်။
ပြောရရင် နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးသူတွေအနေနဲ့ လုပ်ငန်းခွင်ရဲ့ ဖိအားဆိုတာ မြန်မာပြည်မှာထက် အများကြီး ကြုံတွေ့ ခဲ့ကြရသူတွေပါ။ ဒါပေမယ့် သူတို့ဖိအားနဲ့ မြန်မာပြည်က အလုပ်တွေရဲ့ ဖိအားကတော့ ပြောင်းပြန်ကြီး အချိုးကျနေတာ အသိသာကြီးပါ။
နိုင်ငံခြားတိုင်းပြည် တစ်ခုမှာ Skilled worker နဲ့ သွားသူတွေအနေနဲ့ မိမိရဲ့ တစ်ရက်စာ သတ်မှတ်ထားတဲ့ work done တွေကို မဖြစ်မနေ ပြီးမြောက်အောင်လုပ်ပေးရတဲ့ ဖိအားရှိပေမယ့် အလုပ်ချိန် ပြင်ပမှာတော့ လွတ်လပ်စွာ အနားယူနိုင်ကြပါတယ်။ ရတဲ့ လစာကလဲ သူ့အတိုင်းနဲ့သူ တွေးပူနေစရာ မလိုသလောက်ပါ။ ငါ လုပ်နေရပေမယ့်။ ငါ့တာဝန် ငါ ကျေပေမယ့် အချိန်မရွေး အလုပ်ပြုတ်သွားမယ်လို့တော့ မခံစားကြရတာ အမှန်ပါ။
သို့မဟုတ် အတတ်ပညာနဲ့ တာဝန်ကြီးကြီး လုပ်ခဲ့ရသူတွေအဖို့ကလဲ မိမိရဲ့ ကျွမ်းကျင်မှုနဲ့ တာဝန်ယူမှုတွေက အမြဲတမ်း တစ်ခု ဖြစ်နေပေမယ့် ဒီတောင်ကို ၇၀% လောက် ကျော်ဖြတ်နိုင်မယ်ဆိုရင်တောင် လုပ်ငန်းခွင် တည်မြဲရေးက ရှိနေမှာပါ။
ပြောချင်တာကတော့ "လုပ်ငန်းခွင်မှာ ဘယ်လို ဖိအားမျိုးတွေပဲရှိရှိ နိုင်ငံခြားတိုင်းပြည်မှာ လုပ်နေတဲ့သူတွေအဖို့အလုပ် ပြုတ်မယ်ဆိုတဲ့ ခံစားချက်မျိုး၊ ဒီအလုပ်မှာ ဘယ်လောက်လုပ်ပေး လုပ်ပေး လူကြီးတစ်ယောက် မကျေနပ်ရင် အချိန်မရွေး ပြုတ်သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုး ထိုက်သင့်သလောက် ခံစားရတာမျိုး ရှိပေမယ့် တွေးပြီး ထိုင်ပူနေရလောက်အောင်တော့ မခံစားရတာ အသေအချာပါ။ “
ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်ကလူတွေ အဖို့တော့ ဒီလိုတွေးပူမှုမျိုးက “ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူတွေ အများစုမှာကို ခံစားနေကြရပါတယ်။”
နဲ့ လုပ်ကြတော့ . .
တချို့ကတော့ ပြောကြတယ် မြန်မာပြည်မှာ အလုပ်လုပ်ကိုင်သူအများစုက emotion နဲ့ အလုပ်လုပ်နေကြတယ်တဲ့။
ဒါဟာလဲ မှန် ပါ တယ် emotion တစ် ခု ကြောင့် "ဟရောင် မင်း အခု အလုပ်က ခုပဲ ထွက်" ဆို ပြီး ကိုယ်နဲ့ တစ်သက်လုံး လက်တွဲ လုပ်ပေးခဲ့တဲ့ ဝန်ထမ်းကို နှုတ်ထွက်ခိုင်းဘူးတဲ့ လုပ်ငန်းရှင် မရှားသလို -
"ငါ ဒီလောက် လုပ်ပေးနေရက် နဲ့ stupid အပြောခံရတယ်" ဆို ပြီး ချက် ချင်း resign letter ကောက်တင်တတ်တဲ့ ဝန်ထမ်းတွေလဲ အများကြီးရယ်ပါ။
ဒီလိုပြောလို့ ဝန်ထမ်းတွေဘက်ကပဲ ဖိပြောနေတယ်လို့ မထင်စေချင်ပါဘူး။ လုပ်ငန်းရှင်တွေ အနေနဲ့လည်း မိမိတို့ ရင်းနှီးထားသလောက် ပြန်ရဖို့အတွက်တောင် ရုန်းကန်နေကြရတယ်ဆိုတာ အသေအချာပါ။
ဆိုတော့ . .
ဒါတွေအားလုံးဟာ အလုပ်ရှင်၊ အလုပ်သမား ဥပဒေတွေ ခိုင်မာစွာ မရှိလို့ နောက်ပြီး စီးပွားရေးဆိုင်ရာ ပေါ်လစီတွေက နေ့ချင်း ညချင်း ပြောင်းလဲနိုင်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဆိုတာ အားလုံး သိထားကြပေမယ့် ဘယ်တော့ ရှိလာမလဲ ဆိုတာကလဲ မသေချာ မရေရာမှုတွေ ရှိနေဆဲ ဆိုတာ အားလုံးအသိပါ။
ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံက အလုပ်လုပ်ကိုင်သူတွေအနေနဲ့ Vision အားကောင်းကြပါတယ်။ Mission ဆိုရင်လဲ အားမနည်းပါဘူး။ ဆရာတွေ၊ သင်တန်းတွေကလဲ များတယ်လေ။
အဓိက ကတော့ အပေါ်မှာ ပြောခဲ့သလို Security အတွက် မေးခွန်းတွေ အမြဲတမ်း ထုတ်ဖို့ ဖြစ်နေကြတော့ ထည့်ပြီး အလုပ်လုပ်ဖို့ ရောက်ကို မရောက်နိုင်ဘူး ဖြစ်နေကြတာ အဓိက ပြသနာပါ။
ဆိုရရင် မိမိထားတဲ့ Vision ကိုပဲ အခြေအနေအပေါ်မူတည်ပြီး ပြောင်းဖို့ လိုနေပြီလားဆိုတဲ့ မလုံမခြုံ ခံစားမှုတွေက Passion ဖြစ်ဖို့ နှောင့်နှေး နေတာပါပဲ။
ဒီနေရာမှာ မြင်မိတာကတော့ အထိုက် အလျောက် အောင်မြင်နေသူတွေအနေနဲ့ ဒီလို ယောင်ဝါးဝါးဖြစ်မှုတွေ သိပ်မရှိကြသလို။ ရလာတဲ့ အခွင့်အရေးအပေါ်မှာပဲ အကောင်းဆုံး စိတ်ထည့် လုပ်ဆောင်နေကြတယ်ဆိုတာပါပဲ။
ဒါကလဲ တမျိုး ပြန်စဉ်းစားရင် အခြေအနေကလဲ ပေးခဲ့သေးတာကိုးလို့ တွေးလို့ရသလို။ တွေဝေခဲ့သူတွေကိုလဲ သိပ်တော့ အပြစ်ပြောမရပြန်ပါဘူး။ ရေရှည်ရပ်တည်ဖို့အတွက် ခက်ခဲခဲ့တယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိနေမှာပါပဲ။
အဓိက ဝေဝါးနေကြတာကတော့ ဝန်ထမ်းလုပ်နေသူတွေအဖို့ မိမိရဲ့ ရှေ့ရေးအတွက် အမြဲတမ်း မလုံခြုံသလို ခံစားရတာကြောင့် တဖက်မှာ ကာဗာလေးဖြစ်အောင် ကိုယ်ပိုင်အလုပ်ကလေးတော့ ကြံစည်ထားမှဆိုပြီး အလုပ်နားချိန်ကလေး ကြံစည်။ နောက် အလုပ်နားချိန်နဲ့ မလောက်တော့ လုပ်ငန်းခွင်အတွင်း အချိန်တွေမှာပါ ကြံစည်။ ဒီတော့ လုပ်ငန်းခွင်အပေါ် Passion ထည့်လုပ်ဖို့ လျော့တိလျော့ရဲဖြစ်လာကော။
ဒီလိုပဲ အလုပ်ထွက်ပြီး ကိုယ်ပိုင်အလုပ်ပဲ လုပ်တော့မယ်ဆိုပြီး ဆုံးဖြတ်သူတွေ အနေနဲ့ကလဲ လုပ်သာလုပ်ရတယ်။ အများစုက ရေရှည် survival ဖြစ်ဖို့ အတော်ကို ရုန်းကုန်နေတဲ့ ဒဏ် မခံနိုင်တဲ့ အဆုံး လုပ်ငန်းခွင်ထဲ ပြန်ဝင်။ လေး မှေးယူ။ ပြီးရင် ဖြည်းဖြည်းချင်း အပြင်အလုပ်အတွက် မှေးကြ။ ဆိုတော့ . . .
#တိုင်ပတ်နေကြတဲ့သဘောပါပဲ။
တစ်ခါတစ်လေ ရွေးချယ်စရာ အခွင့်အလမ်းတွေ များနေခြင်းက ဘာတစ်ခုမှ မရွေးချယ်ဖြစ်အောင် လုပ်နိုင်တဲ့ အခြေအနေ တစ်ခုဖြစ်နေခြင်းပါပဲ။
တကယ်တော့ ဒီလိုမျိုးအခြေအနေဆိုတာကလဲ ကျွန်တော်တို့လို့ ဖွံ့ဖြိုးနေဆဲ အခြေအနေကို ရောက်ဖို့ ရုန်းကန်နေရတဲ့ တိုင်းပြည်တိုင်းလိုလို ဖြစ်နေကြတာ သဘာဝပါလို့ပဲ မြင်နိုင်ပါတယ်။ အထူးသဖြင့် မြို့ကြီးပြကြီးမှာ နေသူတွေ ပို သိတာပေါ့လေ။
အချုပ်အားဖြင့် ဒီလိုအချိန်မှာ၊ ဒီလို နိုင်ငံရေး၊ စီးပွားရေးအခြေအနေမှာ ကျွန်တော်တို့ အတွက် အလိုအပ်ဆုံးကတော့ မိမိအနေနဲ့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး passion နဲ့ အလုပ် လုပ်ပေးဖို့ လိုအပ်တယ်လို့မြင်မိတာပါပဲ။
နောက်ပြီး မိမိရဲ့ လုံခြုံမှုကိုလဲ စိုးရိမ်ကြောင့်ကြမှု မဖြစ်ရဘူးလို့ မဆိုလိုချင်ပါဘူး။ မိမိပတ်ဝန်းကျင်အတွက် မိမိရဲလုပ်ဆောင်ချက်က အတိုင်းအတာတစ်ခုအထိ supporting ဖြစ်နေတယ်လို့ မြင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။
ကျောင်းတုန်းက ဆရာမကြီးသင်ပေးခဲ့ဖူးတဲ့ သင်ခန်းစာလေး တစ်ခုနဲ့ပဲ အဆုံးသတ်ချင်ပါတယ်။ အဲဒါကတော့ " " ဆိုတဲ့ စကားလေးပါပဲ။
နိုင်ငံတစ်ခုရဲ့ အီကိုနိုမီ ဆိုတာ အဲ့ဒီတိုင်းပြည်မှာ ရှိနေတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဝင်ငွေ၊ ထွက်ငွေ လည်ပတ်စီးဆင်းမှုကနေ နိုင်ငံတစ်ခုရဲ့ လက်ရှိ အီကိုနိုမီ အဆင့်အတန်းကို ဖော်ပြနေခြင်းဖြစ်ပါတယ်။
အလွယ်ပြောရင် ကျွန်တော် အလုပ်လုပ်တယ်။ လစာ ဝင်ငွေရရှိတယ်။ ဘာအခွန် ညာအခွန်တွေ ပေးတယ်။ နိုင်ငံတော် ဝင်ငွေရတယ်။ ကျွန်တော် ဈေးသွားတယ်။ ဈေးဝယ်တယ်။ ဈေးသည်က ပိုက်ဆံရတယ်။ သူ့ သားသမီးလေး ပညာဆက်ထားနိုင်တယ်။ ပြီးတော့ သူ ရောင်းမယ့် ကုန်ပစ္စည်းတွေ နောက်ထပ်ဝယ်တယ်။ လက်ကားဆိုင်က ပိုက်ဆံရတယ်။ အဲ့ဒီဆိုင်က သူ့မိသားစု ကျန်းမာရေးကြောင့် ဆေးခန်းပြတယ်။ ဆရာဝန်တွေ ဝင်ငွေရတယ်။ စတဲ့ စတဲ့ ဝင်ငွေ လည်ပတ်စီးဆင်းမှုပုံစံဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အဆင်ပြေတာ ရှိမယ်။ မပြေတာတွေ ရှိမယ်။ ဒီအပေါ်မှာလဲ စိုးရိမ်ကြောင့်ကြမှုတွေ ရှိချင်ရှိမယ်။ မရှိရင်လည်း မရှိဘူး ဆိုတာထက် မိမိအတွက်သော် လည်းကောင်း၊ နိုင်ငံတစ်ခုရဲ့ စီးပွားရေး အခြေအနေအတွက်သော်လည်းကောင်း မိမိရဲ့ လုပ်ဆောင်ချက်တွေဟာ တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေတယ် လို့ မြင်ပေးနိုင်ဖို့ အရေးကြီးပါကြောင်း ။ ။
အားလုံး ကျေးဇူးတင်ပါတယ်။
#ဝေဖြိုးအောင်(1-Oct-2020)
Click here to claim your Sponsored Listing.