Mufti Muhammad Nurullah
Islam and Comparative Religion, Islam knowledge Sharing
28/03/2026
ဒီတလောမှာ “ဟောမုဇ်ရေလက်ကြား” ဆိုတာ သတင်းတွေမှာ ရေပန်းအစားဆုံး စကားလုံးဖြစ်တယ်။
ဟောမုဇ် ရဲ့ အသံထွက်အမှန်က “ဟုရ်မုဇ်” ဖြစ်တယ်။ “ဟုရ်မုဇ်” ဆိုတာ အဲ့ဒီ နယ်ပယ်တဝိုက်မှာ အုပ်ချုပ်ခဲ့တဲ့ ပါရှန်း စစ်သူကြီး တစ်ယောက်ရဲ့ နာမည် ဖြစ်တယ်။
စစ်သူကြီး ဟုရ်မုဇ်က တော်တော်ကို ဆိုးသွမ်းသူ ဖြစ်တယ်။ ပြည်သူတွေ အပေါ်မှာလည်း တော်တော် နိုင်ထက်စီးနင်း လုပ်တယ်။ နောက်ဆုံး လူတွေက သူ့ကို မုန်းလွန်းလို့ သူ့နာမည်ကို လူတွေပါးစပ်ဖျားထဲမှာ အဆဲစကားလုံးအဖြစ် အသုံးပြုကြတယ်။
အဲ့ဒီလိုနဲ့ ဟိဂျ်ရီ ၁၂ ခုနှစ်မှာ ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ ရဲ့ စစ်တပ်က အဲ့ဒီဒေသအနားကို ရောက်သွားတယ်။ အဲ့ဒီအချိန်က ဟဇရသ် အဗူဗကရ် ဆွိဒ္ဒီးက် (ရသွေ့) ရဲ့ ခေလာဖသ်ကာလ ဖြစ်တယ်။
ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ က ဟုရ်မုဇ်ဆီ ဒီလို စာပို့လိုက်တယ်။ “အစ္စလာမ်သာသနာကို လက်ခံလိုက်ပါ (သို့မဟုတ်) အခွန်ပေးဆောင်ပြီး အစ္စလာမ့်အင်ပါယာအောက်ထဲ ဝင်လိုက်ပါ။ ပြန်ပြီးတိုက်ခိုက်မယ်ဆိုရင် ခင်ဗျား အရက်ကြိုက်တာထက်ပိုပြီး ကျုပ်တို့က အလ္လာဟ်လမ်းမှာ တိုက်ခိုက်ရတာကို ပိုနှစ်သက်တဲ့သူတွေဖြစ်တယ်။”
ဟုရ်မုဇ်က ချက်ချင်းပဲ ပြန်တိုက်ခိုက်မယ်ဆိုပြီး သူကိုယ်တိုင်ကော သူ့ရဲ့ လက်ရွေးစင်တိုက်ခိုက်ရေးသမားတွေကော အုပ်စုလိုက် ထွက်လာခဲ့တယ်။ သူ့စစ်သားတွေကို ရှုံးတဲ့အခါ ထွက်မပြေးရအောင် သံကြိုးတွေ ချည်ပေးထားတယ်။ အဲ့ဒီအတွက် စစ်ပွဲနာမည်က “ဇာသုစ်စလာစိလ်” လို့ ကျော်ကြားခဲ့တယ်။ “စလာစိလ်” ဆိုတာ အရဗီလို သံကြိုး၊ ချိန်းကြိုးတွေလို့ အဓိပ္ပါယ် ရတယ်။
ဒီစစ်ပွဲက မွတ်စ်လင်မ်တွေနဲ့ ပါရှန်းတွေကြားမှာ ဖြစ်ခဲ့တဲ့ ပထမဆုံးစစ်ပွဲဖြစ်တယ်။ စစ်မြေပြင်မှာ ဟဇရသ်ခါလိဒ်ဗင်ဝလီးဒ် (ရသွေ့) နဲ့ ဟုရ်မုဇ် တို့မြင်းကိုယ်စီ စီးပြီး ထိပ်တိုက် စီးချင်းထိုးကြတယ်။ ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ က ဟုရ်မုဇ်ကို လုံးဝ လှုပ်မရအောင် ဆွဲချုပ်လိုက်တယ်။ အဲ့ဒီအချိန် ဟုရ်မုဇ်ရဲ့ ဘက်တော်သား တစ်ယောက်က ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ ဆီ ပြေးဝင်လာတယ်။ အနားမှာ ရှိနေတဲ့ ဆွဟာဗီ ဟဇရသ် ကအ်ကာအ်ဗင်န်အမရ်ؓ က ချက်ချင်းပဲ သူ့ကို တားဆီး ရှင်းလင်းလိုက်တယ်။ နောက်ဆုံးမှာ ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ ရဲ့ လက်ထဲမှာပဲ ဟုရ်မုဇ်က အဆုံးသတ်သွားရတယ်။ ဟုရ်မုဇ်ရဲ့ ဘက်တော်သားတွေလည်း သံကြိုးတွေကို ချိုးဖြတ်ပြီး ထွက်ပြေးသွားကြကုန်တယ်။
ဒါဟာ ပါရှန်းဒေသအချို့ကို ပထမဆုံး အောင်နိုင်မှု ရခဲ့ခြင်းဖြစ်တယ်။
ဆွဟာဗဟ်တွေဟာ ဒေသတွေကို အောင်နိုင်တဲ့အခါ နာမည်တွေပြောင်းပစ်တာ၊ ဒေသရဲ့ယဉ်ကျေးမှုတွေကို ဖျောက်ဖျက်တာတွေ လုပ်လေ့မရှိဘူး။
ဒီရေလက်ကြားရဲ့ နာမည်က ဟောမုဇ် ဖြစ်တာ တချို့က ဒီစစ်သူကြီးကို အစွဲပြုပြီးထားတာလို့ ပြောသလို တချို့က ဟုရ်မုဇ်ဆိုတဲ့ ဇိုရိုအက်စတာတို့ရဲ့ ဘုရားနာမည်ကို အစွဲပြုပြီးထားတာ လို့လည်း ဆိုကြတယ်။
အစ္စလာမ့်သမိုင်းနဲ့ ဆွဟာဗဟ်တွေရဲ့ ရဲရင့်မှုကို သိရလေအောင် တင်ပြရခြင်း ဖြစ်ပါတယ်။
မွဖ်သီ နူရွလ္လာဟ် B.E (Civil)
#ဖိသ်ရဟ်၏မဆ်အလဟ်များ #မွဖ်သီနူရွလ္လာဟ်
Click here to claim your Sponsored Listing.