A LINN YAUNG
*#မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား#*
28/03/2025
ငလျင်လှုပ်ပြီးနောက် ဆင်ခြင်ရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ အန္တရာယ်ကင်းရှင်းရေး ပထမအဆင့်
1. အနီးဆုံးလုံခြုံရာသို့ ရွှေ့ပါ
- ငလျင်ရပ်ပြီးနောက် အနီးရှိ ခိုင်ခံ့သောစားပွဲအောက်၊ အိမ်၏အင်္ဂတိုင်နားသို့ ရွှေ့ပါ။
- ပြိုကျနိုင်သော ပစ္စည်းများ (ဥပမာ ဗီရို၊ စင်၊ မီးချောင်း) နှင့် ဝေးရာသို့ သွားပါ။
2. မီးဘေးအန္တရာယ် ကာကွယ်ပါ
- ဓာတ်ငွေ့ဗူး၊ မီးဖိုချောင်သုံးပစ္စည်းများကို ပိတ်ပါ။
- မီးလောင်နိုင်သော အရာများကို ဖယ်ရှားပါ။
3. အချက်ပြမှုများကို နားထောင်ပါ
- ရေဒီယို၊ တယ်လီဖုန်း သို့မဟုတ် အစိုးရ၏ ကြေငြာချက်များကို စောင့်ကြည့်ပါ။
- ဆူနာမီသတိပေးချက် (ကမ်းရိုးတန်းနေသူများ) ရှိမရှိ စစ်ဆေးပါ။
၂။ အိမ်နှင့်ပတ်ဝန်းကျင် စစ်ဆေးခြင်း
1. အိမ်အပြင်ဘက်တွင် အန္တရာယ်ရှိမရှိ စစ်ဆေးပါ
- ဓာတ်ကြိုးပြတ်နေခြင်း၊ ဓာတ်ငွေ့ပိုက်ယိုစိမ့်ခြင်း၊ ရေပိုက်ကျိုးခြင်းများကို စစ်ဆေးပါ။
- အိမ်ပြင်ဘက်ရှိ အက်ကြောင်းများ၊ ပြိုကျနိုင်သည့်နံရံများကို သတိထားပါ။
2. မိသားစုဝင်များနှင့် ဆက်သွယ်ပါ
- အိမ်သားများ၊ အနီးနားရှိသူများနှင့် အခြေအနေစုံစမ်းပါ။
- ဖုန်းအချက်ပြမှု အားနည်းနိုင်သောကြောင့် SMS သို့မဟုတ် အင်တာနက်မှတစ်ဆင့် ဆက်သွယ်ပါ။
---
၃။ နောက်ဆက်တွဲငလျင်ငယ်များ (Aftershocks) အတွက် အဆင်သင့်ဖြစ်နေပါ
- ငလျင်အဓိကလှုပ်ပြီးနောက် ငလျင်ငယ်များ ဆက်လှုပ်နိုင်သည်။
- အန္တရာယ်ကင်းသောနေရာတွင် နေထိုင်ပါ။
---
၄။ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားပါ
✔ အရေးပေါ်အိတ် (Emergency Kit)ပြင်ဆင်ထားပါ။
- ရေ၊ အစားအစာ၊ ဓာတ်မီး၊ ဘက်ထရီ၊ ဆေးဝါးများ၊ မုတ်ဆိတ်ဓား၊ ငွေကြေးစသည်များ။
✔ အရေးပေါ်ဖုန်းနံပါတ်များ(ကယ်ဆယ်ရေး၊ ဆေးရုံ) ကို မှတ်ထားပါ။
---
၅။ ကူညီရန် အသင့်ဖြစ်ပါ
- အနီးအနားရှိ လိုအပ်နေသူများ (သက်ကြီးရွယ်အို၊ မသန်စွမ်းသူများ) ကို ကူညီပါ။
- မလိုအပ်ဘဲ လမ်းမပေါ်မထွက်ပါနှင့် (အရေးပေါ်ယာဉ်များ သွားလာရန် လိုအပ်သည်)။
ငလျင်သည် ကြိုတင်မခန့်မှန်းနိုင်သောကြောင့် အရေးပေါ်အခြေအနေအတွက် အမြဲပြင်ဆင်ထားပါ။ စိတ်အေးအေးထားကာ လိုက်နာဆောင်ရွက်ပါ။
ဘေးအန္တရာယ်ကင်းဝေးပါစေ။
27/03/2025
*** ပုဗ္ဗင်္ဂမ ***
" သူရိယဿ ဘိက္ခဝေ ဥဒယတော ဧတံ ပုဗ္ဗင်္ဂမံ၊ ဧတံ ပုဗ္ဗနိမိတ္တံ၊ ယဒိဒံ အရုဏုဂ္ဂံ"
@ နံနက်နေမထွက်ခင် ထွက်လာတဲ့ အရောင်နီနုလေးကို အရုဏ်လို့ခေါ်တယ်၊ အဲ့ဒီရောင်နီနုလေးက နေရဲ့ ရှေ့ပြေးဖြစ်တယ်၊ နေရဲ့ ပုဗ္ဗနိမိတ်လို့ဆိုတယ်၊ ဒီအနီနုရောင်လာရင် နေထွက်ဖို့ မလွဲတော့ဘူး။
* (က) "ပုဗ္ဗင်္ဂမ"~ ဆိုတဲ့စကားလုံးကို အင်္ဂလိပ်လို Forerunner လို့ပြန်တယ် ။ Forerunner ဆိုတာ ရှေ့ ပြေးပဲ ၊ ဘယ်ဟာပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်တော့မယ်ဆိုရင် ရှေ့ပြေး လာတတ်တယ်ပေါ့ ။ သတိထားမိရင် ထားမိသလို ၊ မထားမိရင် မထားမိသလို ။ ကဲ - မိုး ရွာတော့မယ်ဆိုရင် ရှေ့ပြေးလေးက ဘာဖြစ်လဲ ၊ အိုက်စပ်စပ်ကလေး ဖြစ်လာတာတို့ ၊ တိမ်တွေတက် လာတာတို့ ဖြစ်တတ်တယ် ၊ အဲဒါလိုပဲ ဒီ မဂ္ဂင် ၈- ပါးမှာလည်းပဲ ရှေ့ပြေးလေးတွေ ရှိတယ် ။
မဖြစ်သေးတဲ့ မဂ္ဂင်တရားတွေကို ဖြစ်ပေါ်လာစေ တတ်တဲ့ ရှေ့ပြေး အကြောင်းတရား ၇- မျိုး ရှိတယ်။
*🙏 (၁) ကလျာဏမိတ္တ - [မိတ်ကောင်းရှိခြင်း] ~
ကလျာဏမိတ္တ ဆိုတဲ့နေရာမှာ သာမန် မိတ်တွေမျိုး ကို ပြောတာမဟုတ်ဘူး၊"မြတ်စွာဘုရား"လို ပုဂ္ဂိုလ်မျိုးကို ပြောတာ ၊ အရှင်သာရိပုတ္တရာ ဟာ- ဥပတိ ဿ ပုရဗိုဇ်ဘဝတုန်းက တရားထူးတရားမြတ်ရဖို့ အရှင်အဿဇိ ဟာ ကလျာဏမိတ္တပဲ၊ အဲဒီလို ကလျာဏမိတ္တ နဲ့ ဆုံဆည်းခြင်းဟာ တကယ့်ကို ရှေ့ပြေးဖြစ်တယ် ။ မဂ္ဂင် ၈- ပါး ပွားဖို့ရာအတွက် အရေးပါတဲ့ အကြောင်းတရား တစ်ခုဖြစ်တယ်၊ ကလျာဏမိတ္တရှိမှ မဂ္ဂင် ၈- ပါးကို ပွားနိုင်တယ် ။
- အခု မြတ်စွာဘုရားဟောထားလို့ ဘုန်းကြီးတို့တတွေ သိရတယ်ဆိုတော့ မြတ်စွာဘုရားက ဘုန်းကြီးတို့ရဲ့ ကလျာဏမိတ္တ ပဲပေါ့ ။ အရှင်အာနန္ဒာ က ဒီတရားတွေ မှတ်သားထားလို့ ကြားနာခွင့်ရတယ် ၊ အရှင်အာနန္ဒာ ဟာ တကယ့် ကလျာဏ မိတ္တပဲ ။
- ဒီကနေ့ခေတ်မှာ စာသင်ပေးတဲ့ ဆရာတော်ကြီးတွေ ၊ စာတတ်တဲ့ ဆရာတော်ကြီးတွေက တစ်ဆင့်သင်ပြီး မြန်မာပြည်ကို ပိဋကတ်တွေ ယူလာခဲ့တဲ့ ပုဂ္ဂိုလ်တွေ စသည်ဖြင့် စဉ်ဆက်မပြတ် ဆက်သွယ်မှုကို ကြည့်မယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်တွေ အားလုံးဟာ ကလျာဏ မိတ္တ တွေချည်းပဲ ။
- အနော်ရထာဘုရင်ကြီးဟာ သထုံကနေ ပိဋကတ်တွေ ယူခဲ့တယ်၊ ပိဋကတ်တွေဟာ အခု မြန်မာပြည်မှာ ထွန်းကားနေတယ်၊ အနော်ရထာဘုရင်ကြီး ကလည်း ကလျာဏ မိတ္တပဲ ၊ ကျေးဇူးတင်မယ် ဆိုလို့ရှိရင် အဲဒီလို ဆက်စပ် ကျေးဇူးတင်လို့ ရတယ်။
- အကယ်၍ အနော်ရထာဘုရင်ကြီးက ပိဋကတ်ကို မယူခဲ့ဘူး ဆိုလို့ရှိရင် ဘယ်လိုလုပ်ပြီး ပိဋကတ် ရောက်မှာလဲ? ၊ မရောက်နိုင်ဘူးလို့ပဲ ပြောရမှာပဲ။
*(ခ) "ကလျာဏမိတ္တသည် ရာနှုန်းပြည့်"
- ကလျာဏမိတ္တ ဟာ မဖြစ်သေးတဲ့ မဂ္ဂင်တွေ ဖြစ်ပေါ် ဖို့ အရေးပါတဲ့ အကြောင်းတစ်ခုပဲ ။ ဒါနဲ့ပတ် သက်ပြီး အရှင်အာနန္ဒရဲ့အမြင်နဲ့ အရှင်သာရိပုတ္တရာရဲ့ အမြင် ဒီ၂- ခုကို မဂ္ဂသံယုတ်မှာ ဆိုထားတယ် ။
- အရှင်အာနန္ဒ က စဉ်းစားတာ မဂ္ဂင် ၈- ပါးဆိုတဲ့ ဗြဟ္မစရိယကို ဆရာက နည်းပြတယ် ၊ တပည့်က ကြိုး စားတယ် ။ ကြိုးစားလို့ တရားထူး တရားမြတ်ရတယ်၊ ဆိုတဲ့ကိစ္စမှာ ဆရာရဲ့အကူအညီက တစ်ဝက်, ကိုယ်တိုင်ကြိုးစားမှုက တစ်ဝက် “ ၅ဝ +၅၀ ” လို့ စဉ်းစားတယ် ။
- သာမန် ပုဂ္ဂိုလ်တွေလည်း အဲဒီလိုပဲ မြင်မှာပဲ ၊ ၅ဝ + ၅ဝ ပဲ မြင်မှာပဲ ။ ဆရာက လမ်းပြတယ် , ငါက သွားတယ် ၊ လမ်းပြသူက တစ်ဝက် , လုပ်သူက တစ်ဝက် ဆိုပြီးတော့ ၅ဝ +၅၀ ။
* * ရှင်အာနန္ဒ က မြတ်စွာဘုရားကို လျှောက်တယ်~ “အရှင်ဘုရား ၊ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်းဟာ ဗြဟ္မစရိယကို ကျင့်ကြံကြိုးကုတ် အား ထုတ်တဲ့နေရာမှာ ထက်ဝက်လောက် အကျိုး ပြုတယ်လို့ တပည့်တော်ယူဆပါတယ်” တဲ့ ။
မြတ်စွာဘုရားက~“အာနန္ဒ - အဲဒီလိုမပြောနဲ့” ဆိုပြီး
အပြည့်အဝ ၁၀၀% အကျိုးပြုကြောင်း ဘုရားကရှင်းပြတယ် ။
- ဘာဖြစ်လို့တုန်းဆိုရင် ကလျာဏမိတ္တမရှိရင် အား ထုတ်မှုက ဖြစ်မှမဖြစ်တာကိုး ၊ ၅ဝ လို့ မပြောနဲ့ ။ ဒီအားထုတ်မှုကိုက ကလျာဏမိတ္တကြောင့်လုပ်တာ၊ ကိုယ့်ဟာကိုယ် အားထုတ်တာ မဟုတ်ဘူး၊ ဒီလိုဆိုလိုတယ်။
- အရှင်သာရိပုတ္တရာကတော့ ပညာကြီးမားသူဖြစ်တယ်၊ ကလျာဏမိတ္တက လမ်းညွှန်လို့ ဗြဟ္မစရိယကိုသိတယ် ။ ကြိုးစားတဲ့ပုဂ္ဂိုလ်က ကြိုးစားတယ် ၊ သိတာလည်းပဲ ကလျာဏမိတ္တရဲ့ ကျေးဇူးပဲ ၊ ဒီလိုလုပ်ဖြစ်တာလည်း ကလျာဏမိတ္တကြောင့်ပဲ ။ ဒါ့ကြောင့် ကလျာဏမိတ္တဟာ ဗြဟ္မစရိယကို ကျင့်တဲ့နေရာမှာ ၁၀၀% အကျိုးပြုတယ်လို့ အရှင်သာရိပုတ္တရာကလျှောက်တယ် ။
- မြတ်စွာဘုရားက အရှင်သာရိပုတ္တရာရဲ့အမြင်ကို လက်ခံတယ် ။
အဲဒီ ၂-သုတ်လည်းပဲ ဒီ ၁၈၁-သုတ်ထဲမှာပါတယ်။ အဲဒါကြောင့် ကလျာဏမိတ္တက အင်မတန်မှ အရေး ကြီးတယ်ဆိုတာကို မှတ်သားကြရမှာ ။
- မြတ်စွာဘုရားက မင်္ဂလသုတ်မှာ “အသေဝနာ စ ဗာလာနံ ၊ ပဏ္ဍိတာနဉ္စ သေဝနာ” လို့ ဟောတယ် ။ အပေါင်းအသင်းဟာ အင်မတန်မှ အရေးကြီးတယ်၊ လူဖြစ်လာပြီဆိုလို့ရှိရင် အပေါင်းအသင်းက အရေး ကြီးတယ် ၊ အပေါင်းအသင်း မှားသွားရင်- လမ်း ကြောင်း လွဲသွားနိုင်တယ်၊ အပေါင်းအသင်း မှန်မှ လမ်းကြောင်းမှန်တယ် ။ ဒါကြောင့်မို့လို့ မင်္ဂလာ တရားမှာလည်းပဲ ပေါင်းသင်းဆက်ဆံမှု ကို မြတ်စွာ ဘုရားက ရှေ့တန်းတင် ဟောတာ။
*(ဂ) ကောင်းပြီ ။ နောက် မဂ္ဂင် ၈- ပါး ပွားများအား ထုတ်ဖို့၊ မဖြစ်သေးတဲ့ မဂ္ဂင် ၈- ပါး ဖြစ်ပေါ်လာစေ တတ်တဲ့ ကျန်တဲ့အကြောင်း ၆- ခု က ဘာလဲလို့ ဆိုလို့ရှိရင် -
*🙏(၂) "သီလသမ္ပဒါ" [ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနေမှု] ဟာ မဂ္ဂင်၈- ပါး ပွားများအားထုတ်ဖို့ အရေးပါတယ် ။
- ဒါဆိုရင် မဂ္ဂင် ၈- ပါးထဲမှာရော သီလ မပါဘူးလားဆိုတော့ ပါတယ်၊ သီလမှာ အခြေခံသီလကနေ အဆင့်မြင်တဲ့ သီလကို အထောက်အကူပြုတယ်၊ သီလက သီလကို အကျိုးပြုတာ ။ အဲဒါ ကြောင့်မို့ သီလသမ္ပဒါ အရေးကြီးတယ် ၊ ကိုယ်ကျင့်ကောင်းတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ မဖြစ်သေးတဲ့ မဂ္ဂင်တွေ ဖြစ်နိုင်တယ်။ မြတ်စွာဘုရားက သီလရဲ့ အရေးပါပုံကို ဘယ်လို ဟောသလဲ?
- အင်အားကို အသုံးပြုပြီး အလုပ်လုပ်တဲ့ လူတွေဟာ မြေကြီးပေါ်မှာ ရပ်ပြီး အလုပ်လုပ်ကြရတယ်၊ မြေကြီးကို အမှီပြုပြီးတော့ လုပ်ကြတယ် ။
- ဥပမာမယ် - တိုက်ဆောက်တယ်ဆိုလည်း မြေကြီးပေါ်မှာ လုပ်ကြရတယ် ၊ အကုန်လုံးဟာ မြေကြီးဆိုတဲ့ အမာခံရှိမှ လုပ်လို့ရတယ်လေ ။
- အဲဒါလိုပဲတဲ့ "သီလပေါ်မှာ ရပ်တည်ပြီး မဂ္ဂင် ၈- ပါးကို ပွားကြရတယ်” ဒီတော့ အဲဒီ အခြေခံသီလဟာလည်းပဲ အင်မတန်မှ အရေးကြီးတယ်၊ သီလနဲ့ ပြည့်စုံမှုသည် မဖြစ်သေးတဲ့ မဂ္ဂင် ၈- ပါးကို ဖြစ်စေတတ်တယ် ။
*🙏(၃) "ဆန္ဒသမ္ပဒါ" ~ ဆန္ဒသမ္ပဒါ ဆိုတာ ~
မဂ္ဂင် ၈- ပါး ကို ပွားချင်တဲ့ ဆန္ဒရှိဖို့ လိုသေးတယ် ၊ သီလတော့ ရှိပါရဲ့ မဂ္ဂင် ၈- ပါး ပွားချင်တဲ့ ဆန္ဒမရှိတဲ့ လူဟာ မဂ္ဂင် ၈- ပါး ပွားမှာ မဟုတ်ဘူး ။
- ဆန္ဒဆိုတာ အင်မတန်မှ အရေးကြီးတယ်၊ ဆန္ဒသမ္ပဒါ မဖြစ်သေးသမျှ မဂ္ဂင် ၈- ပါး ပွားတာဟာ ပြည့် ပြည့်စုံစုံ မဖြစ်နိုင်ဘူး ။
* 🙏(၄) "အတ်တသမ်ပဒါ" ~ အတ်တသမ်ပဒါ ဆိုတာ ~
စိတ်ဓာတ်နဲ့ပတ်သက်တာ၊ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ ပြည့်စုံဖို့ လိုအပ်တယ် ။
- အတ္တသမ္ပဒါဆိုတာ ~ [ကိုယ့်အကျိုး ကိုယ့်စီးပွား ကို လိုလားတဲ့စိတ်ဓာတ်နဲ့ ပြည့်စုံခြင်း] လောက လူတွေဟာ “ ကိုယ့်အကျိုးကြည့်တယ် ၊ ကိုယ့် အကျိုး ကြည့် တယ် ” လို့ ဆိုတဲ့နေရာမှာ - အပေါ်ယံ လော ကီ အကျိုးတွေကိုသာလျှင် ကိုယ့်အကျိုးထင်ပြီး လုပ်နေကြတာ၊
- လောကုတ္တရာ ကမှ တကယ့် ကိုယ့်အကျိုး ၊ ကျန်တာတွေက ကိုယ့်အကျိုးလို့ ထင်ပြီးတော့ လုပ်တာ ၊ သူ့ အကျိုးတွေချည်း ဖြစ်ကုန်တာ ၊ ဟုတ်တယ် မလား? ပိုက်ဆံတွေရှာ၊ စိန်တွေရှာ ၊ စုဆောင်းထား ပြီးတော့ သေသွား၊ ထားပစ်ခဲ့၊ ကိုယ့်အကျိုး တစ်ခုမှ မရှိဘူး၊ ဟုတ်ရဲ့လား?။
- ကိုယ့်အကျိုး ကိုယ့်အကျိုးလို့ ထင်တာ၊ ဘယ်! ကိုယ့်အကျိုး ဟုတ်မှာလဲ၊ သူများအကျိုးချည်း ဖြစ်ကုန်တာ။ မောမောပန်းပန်း ရှာပြီး ထားလိုက်ရတာ၊ ကိုယ့်အကျိုး တစ်ခုမှ မရှိဘူး။ ဒါကို လူတွေက ကိုယ့်အကျိုးလို့ ထင်နေကြတာ၊ တကယ့် ကိုယ့်အကျိုး ကိုယ့်စီးပွားဆိုတာ ကိုယ်သွားရာကိုပါပြီး ကိုယ့်ကို ထာဝရ စောင့်ရှောက်မှ ကိုယ့်အကျိုး ဖြစ်မှာပေါ့။ အေး-အဲဒါကြောင့် အတ္တသမ္ပဒါ ဆိုတာ ကိုယ့်အကျိုး၊ ကိုယ့်စီးပွားကို တကယ်နားလည်တဲ့ပုဂ္ဂိုလ်မှ မဂ္ဂင် ၈-ပါးဆိုတာ ပွားနိုင်တယ်။
*🙏 (၅) "ဒိဋ္ဌိသမ္ပဒါ" [မှန်ကန်တဲ့အမြင်] ရှိဖို့လိုတယ်။
- ဒါဖြင့် မဂ္ဂင်၈-ပါးထဲမှာ သမ္မာဒိဋ္ဌိ မပါဘူးလား၊ ပါတာပေါ့။ မှန်ကန်တဲ့အမြင်ပေါ်မှာ အမှီပြုပြီးတော့ အဆင့်မြင့်တဲ့ သမ္မာဒိဋ္ဌိဆိုတာ ဖြစ်လို့ရတယ်လေ။
- ဒါကြောင့် ဒိဋ္ဌိသမ္ပဒါ-မှန်ကန်တဲ့အမြင်ဟာလည်းပဲ မဂ္ဂင် ၈-ပါး ပွားဖို့ရာအတွက် အရေးပါတယ်တဲ့။
*🙏 (၆) "အပ္ပမာဒသမ္ပဒါ" အပ္ပမာဒဆိုတာ မဂ္ဂင် ၈-ပါးပွားဖို့ [သတိ] ရှိရတယ်။
- သတိရမှ စဉ်ဆက်မပြတ်ပွားတယ်၊ ခိုင်ခိုင်မာမာ စွဲစွဲမြဲမြဲပွားတယ်၊ တလေးတစား ပွားတယ်ဆိုတာ အပ္ပမာဒ။
- ပွားချင်တဲ့နေ့ ပွားတယ်၊ မပွားချင်တဲ့နေ့ ပစ်ထားတယ်၊ အားတဲ့ရက်နဲ့ မအားတဲ့ရက် မအားတဲ့ရက်က များတယ်၊ အပ္ပမာဒသမ္ပဒါဆိုတာ တကယ့်ကို စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ သတိကပ်နေတာ။ ဒီအလုပ်လုပ်ဖို့ အမြဲတမ်း သတိကပ်နေမှ မဂ္ဂင် ၈-ပါး ပွားများမှုဆိုတာ ဖြစ်နိုင်သည်။
*🙏(၇) "ယောနိသောမနသိကာရ သမ္ပဒါ" ~
မဂ္ဂင် ၈-ပါး ပွားတယ်ဆိုတဲ့နေရာမှာ [နှလုံးသွင်းမှန်ကန်ဖို့] လိုအပ်သေးတာကိုး။
- မှန်ကန်တဲ့နှလုံးသွင်းနဲ့ ပြည့်စုံမှ၊ မှန်မှန်ကန်ကန် နှလုံးမသွင်းတတ်ရင်လည်း လမ်းလွဲတယ်။ လမ်းလွဲလို့ရှိရင်လည်း မဂ္ဂင်လမ်းကြောင်းပေါ် ရောက်မှာ မဟုတ်ဘူး၊ လွဲချော်သွားဦးမှာပဲ။
* ဒါကြောင့်- ၁။ ကလျာဏမိတ္တ ၂။ သီလ သမ္ပဒါ
၃။ ဆန္ဒ သမ္ပဒါ ၄။ အတ္တ သမ္ပဒါ ၅။ ဒိဋ္ဌိ သမ္ပဒါ
၆။ အပ္ပမာဒ သမ္ပဒါ ၊ ၇။ ယောနိသော မနသိကာရ သမ္ပဒါ။ အကြောင်း ၇- ခု
- အဲဒီ အကြောင်း ၇- ခုသည် မဂ္ဂင် ၈- ပါးရဲ့ ရှေ့ပြေး ဖြစ်တယ် သို့မဟုတ် မဖြစ်သေးတဲ့ မဂ္ဂင်တရားတွေ ကိုယ့်သန္တာန်မှာ ဖြစ်တယ်၊ မပွားရသေးတဲ့ မဂ္ဂင် တရားတွေ ပွားစေတတ်တဲ့ ဒီအကြောင်းတရားတွေလို့ ဆိုတော့၊ ဟော - ဒါတွေရှိဖို့ လိုအပ်တာပေါ့။ မရှိသေးရင် ရှိအောင် လုပ်ရမှာပေါ့နော် ။
@ မဟာသတိပဋ္ဌာနသုတ်မှာ ဒီ မဂ္ဂင် ၈-ပါး အား ထုတ်မှု တစ်ခုက အကျိုး ၇- မျိုးကို ဖြစ်ပေါ် စေတယ်။ သတ္တာနံ ဝိသုဒ္ဓိ ယာ - သတ္တဝါတွေ ကိလေ သာအညစ်အကြေး စင်ကြယ်ဖို့ ဆိုလည်း ဒီဟာ လုပ်ရမယ်၊ သောက ပရိဒေဝတွေက လွန်မြောက်ဖို့ ဆိုတာလည်း ဒါပဲလုပ်ရမယ် ၊ ဒုက္ခဒေါမနဿ တွေ ချုပ်ငြိမ်းသွားဖို့ ဆို ဒီသတိပဋ္ဌာန်ပဲ ၊ နိဗ္ဗာန်လမ်းကို တွေ့ဖို့၊ လက်တွေ့သိပြီး မျက်မောက်ပြုဖို့နဲ့ သံယော ဇဉ်အတွယ်တာတွေ ပယ်ချင်တယ်ဆိုရင်လည်း ဟောဒီမဂ္ဂင် ၈-ပါးပဲ ပွားပါလို့ ဟောထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
@ ကျမ်းကိုး ~ "ဗောဓိပက္ခိယတရားကို လေ့လာသုံး သပ်ခြင်း"၊ B.A part-3၊ နှာ~ ၃၄၁-၃၄၈၊ ဒေါက်တာနန္ဒမာလာဘိဝံသ။ May, 2024
* ဓမ္မမိတ်ဆွေများ ကုသိုလ်တရားများ ကိန်းဝပ်ကြပါစေ။
မေတ္တာဖြင့်
🙏🙏🙏
MMT (သုစိတ်တ) 27-03-2025
27/03/2025
" ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် "
"""""""""""""""""""""""""""""""""""""""""""""
သူတစ်ပါးရဲ့ နာကျင်မှုကို
ဘယ်တော့မှ ပျက်ရယ်မပြုနဲ့။
သူတစ်ပါးရဲ့ အားနည်းချက်ကို
ဘယ်တော့မှ မလှောင်ပြောင်နဲ့။
သူတစ်ပါးရဲ့ မျက်ရည်ကို
ဘယ်တော့မှ မပျော်ရွှင်နဲ့။
သူတစ်ပါးရဲ့ နွမ်းပါးမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။
သူတစ်ပါးရဲ့ရိုးသားမှုကို
ဘယ်တော့မှ မဖျက်ဆီးနဲ့။
သူတစ်ပါးရဲ့အောင်မြင်မှုကို
ဘယ်တော့မှ မနာလိုမဖြစ်နဲ့။
သူတစ်ပါးရဲ့ အားနာမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။
သူတစ်ပါးရဲ့ ချို့ယွင်းချက်ကို
ဘယ်တော့မှ မကဲ့ရဲ့မိစေနဲ့။
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #ဘဝစာပေ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
27/03/2025
အကယ်၍ အသက်ရှည်ရှည်
နေခွင့်ရခဲ့မယ်ဆိုရင်ပေါ့ .....
==================🌸🌸🌸
အိုမင်းမစွမ်းလို့ ဘယ်သူကမှ
ကူမထမ်းချင်တဲ့
အရွယ်အနေအထားထိလည်း
အသက်အိုးအိမ်ခန္ဓာကို မရှည်လိုပါဘူး .....
သြကာသ ကန်တော့ချိုးနဲ့
ငါးပါးသီလကို ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ရွတ်ဆိုရှိခိုးနိုင်တဲ့ အရွယ်အစားထိပဲ
နေသွားချင်တယ် .....
ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ဆွမ်းတော် ပန်းတော်ကပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် ....
ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ရေတော် မီးတော်ကပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....
ကိုယ့်ခြေ ကိုယ့်လက်နဲ့
ခူးခပ်စားနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် ....
ကိုယ့်ခြေ ကိုယ့်လက်နဲ့
အိပ်ရာပြင်အိပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....
ကိုယ့်ခြေ ကိုယ့်လက်နဲ့
ရေအိမ်တက်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....
ကိုယ့်ခြေ ကိုယ့်လက်နဲ့
ရေခပ်ချိုးနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....
အိုမင်းမစွမ်းဖြစ်သွားလို့ဆိုပြီး
တစ်ဦးတစ်ယောက်ရဲ့
ပမာမခန့်ပြုတာမျိုးကို မခံချင်သလို
တစ်ဦးတစ်ယောက်ရဲ့
ငြိုငြင်ပြစ်တင်တာမျိုးကိုလည်း မခံချင်ဘူး.....
ကိုယ့်ကြောင့်
ဘယ်ကလေးသူငယ်တွေကိုမှ
အပြစ်မဖြစ်စေချင်သလို
ဘယ်ကလေးသူငယ်ကြောင့်မှလည်း
ကိုယ်ဟာ အပြစ်အဖြစ်မခံနိုင်ဘူး.....
ကိုယ့်ချေးဝတ် သေးဝတ်တွေကို
ဘယ်သူ့ကိုမှ မလျှော်ဖွပ်စေချင်လို့
ချေးလွတ်သေးလွတ်နဲ့ သတိမလွတ်သေးတဲ့
အရွယ်အစားလောက်ပဲ နေသွားချင်တယ် .....
အကယ်၍ အသက်ရှည်ရှည်
နေခွင့်ရခဲ့မယ်ဆိုရင့်ပေါ့....
ရတနာသုံးပါးကို ရတနာသုံးပါးလို့
အသိအမှတ်ပြုနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ်.....
အသိသတိလွတ်ပြီး
ရင်ထဲမှာ ဘုရားတရားမရှိ
ကိုယ်ခန္ဓာမှာ ဘာအဝတ်အစားမှ
မရှိတဲ့အထိတော့ နေမသွားချင်ဘူး .....
ကိုယ်မှီခိုရမယ့်
ပတ်ဝန်းကျင်ကို အားနာတယ်
ကိုယ့်ကြောင့် သူတို့
မနိုင်မနင်းဖြစ်ရှာမှာစိုးတယ်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
~~~~~~~~~~~~~~~~~~~~~~
23.3 2025
27/03/2025
ဘယ်မှာပဲအလုပ်လုပ်လုပ်
ဒီအချက်_၆_ချက်ကိုမှတ်ထားပါ။
(၁) အလုပ်မှာ လူပို အလိုမရှိဘူး၊
အဖွဲ့၊အသင်းမှာ လူပျင်း မထားဘူး။
(၂) အလုပ်စ ဝင်တဲ့အခါ
လခ တိုးအောင် အရင်မစဉ်းစားနဲ့
ကိုယ့်ကိုယ်ကို
တန်ဖိုးရှိအောင် အရင်လုပ်ပါ။
(၃) ဘယ်လို အလုပ်မျိုးပဲလုပ်လုပ်
ရာနှုန်းပြည့် အဆင်မပြေနိုင်ဘူး၊
အနိုင်ကျင့်ခံရ မှာသေချာတယ်။
(၄) လွယ်လွယ်နဲ့ ပိုက်ဆံ ရတဲ့
အလုပ်၊ ဘယ်မှာမှ မရှိဆိုတာ
စိတ်ထဲမှာ မှတ်ထားပါ။
(၅) ပိုက်ဆံမစုမိတဲ့
အလုပ်ဆိုရင် ပညာစုပါ၊
ပညာမရတဲ့ အလုပ်မှာ
အတွေ့အကြုံ စုပါ၊
အတွေ့အကြုံ မရတဲ့ အလုပ်မှာ
လူခင်အောင်ပေါင်းပါ။
(၆) ကိုယ့်ရဲ့ စိတ်နေ
စိတ်ဓါတ် ကို ပြောင်းမှ၊
ကိုယ့်ရဲ့ အမြင်ကိုပြောင်းနိုင်မယ်။
ကိုယ့်ရဲ့ အလုပ်လုပ်တဲ့ တာဝန်
စိတ်ဓါတ်ကိုပြောင်းမှ၊
လေးလံ တဲ့ဝန်ကို ထမ်းနိုင်မယ်...။
Crd
27/03/2025
❒ ဓမ္မဟူသည်
________________________
၁။ ဓမ္မဆိုတာ စွမ်းဆောင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။
ဓမ္မဆိုတဲ့ဝေါဟာရရဲ့ အဓိပ္ပါယ်က အလွန်ကျယ်ဝန်းတယ်။
ဓမ္မက ကောင်းကျိုးကို စွမ်းဆောင်ပြီး
အဓမ္မက ဆိုးကျိုးကို စွမ်းဆောင်တယ်။
၂။ သူတစ်ပါးအား ပေးကမ်းခြင်းဆိုတဲ့ ဓမ္မက ဖြစ်ရာ
ဘဝမှာ ပစ္စည်းဥစ္စာပေါများအောင် စွမ်းဆောင်ပေးတယ်။
ကိုယ့်သီလကို ထိန်းသိမ်းခြင်းဆိုတဲ့ ဓမ္မက ဤဘဝမှာပင်
အပြစ်ကင်းစင် ပျော်ရွှင်ချမ်းသာအောင် စွမ်းဆောင်ပေးပြီး
နောက်ဘဝမှာလည်း ချမ်းသာသုခ ရှိစေတယ်။
၃။ မြတ်ဗုဒ္ဓက “ကောင်းစွာကျင့်သုံးအပ်သော ဓမ္မသည်
သင့်ထံ ချမ်းသာသုခ ယူဆောင်လာလိမ့်မည်” ဟု ဟောခဲ့ပါသည်။
ဓမ္မအသိ အမြဲရှိအောင် ကြိုးစားပါ။ .
#ပါမောက္ခချုပ်ဆရာတော်ကြီး ္မစာလွှာများ
#31 May, 2020 #စာဖတ်သူတစ်ယောက်၏မှတ်စုများ #သုဝဏ္ဏသျှမ်
27/03/2025
မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်
_________-------------
ဘဝမှာတစ်ယောက်ထဲ
ရုန်းကန်နေရလို့ စိတ်ဓါတ် မကျနဲ့
တစ်ယောက်ထဲဆိုလည်း တစ်ယောက်ထဲ
ဖြစ်အောင်လုပ်
အားမငယ်နဲ့
လူတိုင်းမှာ ပြီးပြည့်စုံတဲ့ မွေးရာပါ
ပါရမီဆိုတာ ဘယ်သူမှ ပါမလာကြဘူး ။
ဖန်ဆင်းရှင် ဆိုတာမိမိကိုယ်တိုင်ပဲ
ဘဝဆိုတာ လှေငယ်တစ်စင်းနဲ့ တူတယ်
ကိုယ်ဦးတည်ရာကိုရောက်ဖို့
ကိုယ်တိုင်ပဲ့ကိုင်နိုင်ရမယ်
ဘယ်သူမှအားမကိုးနဲ့
ဘယ်သူမှ မယုံကြည်နဲ့
ငွေမရှိရငိ လောကကြီးမှာနေရတာ
မျက်နှာငယ်တယ်
အချစ်ဆိုတာလည်းငွေရှိမှ
အချစ်ရှိတာ
အမျိုးဆိုတာ ရွှေရှိမှ
အမျိုးတော်ချင်ကြတာ
ဒါက လောကလူ့သဘာဝရဲ့ နိယာမပဲ
ကိုယ့်သမိုင်းကိုယ်ရေးပါ
ကိုယ်လျှောက်မယ့် လမ်း ကိုယ်တိုင်းဖောက်ပါ
ကိုယ်အဆင်ပြေရင်
သပြေပန်းနဲ့ လက်ကမ်း
ကြိုဆိုမယ့်သူတွေများပေမယ့်
ကိုယ်အဆင်မပြေရင် ဘယ်သူမှ
တိုင်မှတ်လို့ နှပ်တောင်လာမသုတ်ဘူး
ယုံကြည်ရသူဆိုတာ
မိဘကလွဲရင် အခြားဘယ်သူမှ မရှိဘူး
ခုခေတ်က
မျက်နှာချင်းဆိုင်မိရင်
ပြုံးပြုံးလေးနဲ့ ပိုက်ဆံချေးမယ်
ကျောခိုင်းလိုက်တာနဲ့ မဲ့ရွဲ့အတင်းပြော
နောက်ကျောဓါးနဲ့ထိုးဖို့ ချောင်းနေကြသူချည်းပဲ
ဘဝဆိုတာ
လက်တွေ့ခံဖူးမှ ကိုယ်ချင်းစာတတ်တာ
လက်တွေ့မခံစားဖူးသူက
ကိုယ်ချင်းမစာနာတတ်ဘူး
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြတယ်
ကိုယ့်လက်မီးလောင်မှ ပူမှန်းသိကြတယ်
အပြောကောင်းတဲ့ လူတွေကို သတိထား
အပြုံးချိုချိုလေးနဲ့လုပ်စားသူတွေကို သတိထား
မယုံနဲ့ , ယုံကြည်စိတ်ချရပါတယ်
ဆိုတဲ့သူတွေကို ပိုသတိထား
ကိုယ်လုပ်မှ ကိုယ်ရမှာ
(ဘိုးဘိုးအောင်"မ"တယ်
ကိုကြီးကျော်"မ"တယ်ဆိုတယ်
ယုံတမ်းစကားတွေ )
တကယ်တမ်း"မ"ရမှာ ကိုယ့်ကိုယ်တိုင်ပဲ
ကိုယ့်ဘဝမြင့်အောင်
ဘယ်ဖန်ဆင်းရှင်မှ လုပ်မပေးနိုင်ဘူး
ကိုယ်သာလျှင် ကိုယ့်ရဲ့ဖန်ဆင်းရှင် အစစ်ဖြစ်တယ်
ဘဝဆိုတာ
နိမ့်လိုက်မြင့်လိုက်ပဲ
ဗုံလုံ တစ်လှည့် ငါးပျံတစ်လှည့်ပဲ
အမြဲတမ်း နိမ့်ကျမနေဘူး
အပြောင်းအလဲဆိုတာ အမြဲရှိတယ်
အပြောင်းအလဲဆိုတာ
သိပ်ကြောက်စရာကောင်းတယ်
ဒါပေမယ့် အဲဒါသင်ခန်းစာတွေပဲ
ယူတတ်ရင် ရမယ်
ကိုယ့်ကို နာကျင်အောင်လုပ်သူတွေက
တစ်ခြားသူတွေမဟုတ်ဘူး
လက်ညှိုးမထိုးနဲ့
နာကျင်အောင်လုပ်သွားသူတွေက
ကိုယ်ချစ်ရဆုံးသူတွေပဲ
ယုံစားထားရင် ပုံစားသွားမှာပဲ
ဘာပဲဖြစ်ဖြစ် လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာအလိုကျ ကရတဲ့အခါ
မင်းသား၊မင်းသမီးနေရာက
သရုပ်ဆောင်ရတာရှိသလို
တခါတလေ လူကြမ်းနေရာကနေ
သရုပ်ဆောင်ရတာလဲရှိတာပဲ
ဝမ်းနည်းမနေနဲ့
စိတ်ဓာတ်ကျမနေနဲ့
ငေးမှိုင် တွေးပူ နောင်တနဲ့လူ လုပ်မနေနဲ့
ဖြစ်ပြီးခဲ့သမျှတွေကို အလောင်းပိုက်ဆွေးမနေနဲ့
တောင့်ခံထား ,အားတင်းထား
ကံဆိုးခြင်းတွေပီးရင် ကံကောင်းခြင်းတွေရောက်လာလိမ့်မယ်
မုန်တိုင်းပြီးရင် လေပြေလာသလိုပေါ့
အဓိက စိတ်ဓာတ်ခိုင်မာဖို့
စိတ်ဓါတ်မကျဖို့နဲ့
ဘဝကို လွယ်လွယ်နဲ့ အရှူံးမပေးကြဖို့ပဲ
အောင်မြင်တာရှိသလို ရှုံးနိမ့်တာလည်းရှိမှာပဲ
ခဲတံကျိုးသွားရင် ခဲတံကို
ပြန်ချွန်ရမှာပဲလေ
အောင်နိုင်သည်ဖြစ်စေ
ရှုံးနိမ့်သည်ဖြစ်စေ
အဓိကခံနိုင်ရည်ရှိဖို့နဲ့ စိတ်ဓာတ်တွေ
ကျိုးပျက်ယိမ်းယိုင်မသွားဖို့ပဲ အရေးကြီးတယ်
ဖြစ်ချင်ရုံသက်သက်နဲ့ ဘာမှဖြစ်မလာဘူး
တဆင့်ချင်း ဖြစ်အောင် လုပ်နိုင်
လုပ်တတ်ရမယ်။
ကျွဲတောင် မွေးကတည်းက ဂျိုပါရင်
မွေးလို့မရဘူးဆိုတာ သိရမယ်
လဲရင်ပြန်ထ လူ့ဘဝပဲ
လဲကျသွားမှာ မစိုးရိမ်ပါနဲ့
ပြန်မထနိုင်မှာကိုပဲ စိုးရိမ်လိုက်ပါ
ဘဝမှာ ဘယ်နှစ်ခါလဲကျမလဲ
လဲကျတိုင်း အကြိမ်ကြိမ်ပြန်ထနိုင်အောင်
ကြိုးစားပါ
လဲကျရာက ပြန်မထဘူးဆိုရင်
လူကနေ တွားသွားသတ္တဝါ ဖြစ်သွားမှာပေါ့။
စာရေးသူနှင့်photo
27/03/2025
မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ
***************************
"ကိုယ်ပေးဆပ်တိုင်း ပြန်ရလိမ့်မယ်လို့ ပုံသေမတွက်လိုက်ပါနဲ့ ။
ပေးဆပ်မှုတွေမှာမျှော်လင့်ချက်တွေမပါအောင် ပေးဆပ်ပါ ။
မေတ္တာပေးရင် မေတ္တာရတယ်ဆိုတာ လောကနိယာမပါ ။
တကယ်တော့ မေတ္တာပေးပြီး အမုန်းတွေသာ ပြန်ရကြတဲ့သူတွေလည်း အများကြီးပါ။
"ဘယ်အရာကိုမှ ပုံသေမတွက်ထားလို့ မရပါဘူး ။
ရာသီအလီလီပြောင်းလဲနေသလို တချို့သော လူသားတွေရဲ့စိတ်တွေကလည်း ရှိရင်တမျိုး မရှိရင်တမျိုး အမျိုးမျိုးပြောင်းလဲနေတတ်ကြတယ် ။
ကိုယ့်ဘေးကိုရောက်လာတာ ခင်လို့သံယောဇဉ်ရှိလို့
ရောက်လာတဲ့သူရှိသလို အသုံးချဖို့ကပ်လာတဲ့သူတွေကလည်း ရှိလာတယ် ။ ဒါကြောင့် ကိုယ့်ဘေးနားရောက်လာတိုင်း ကိုယ့်လူလို ပုံသေမတွက်လိုက်ပါနဲ့။
လောကမှာ ပြောနေကြတဲ့စကားလေးလိုပဲ လူရင်းထိုးတဲ့ဓားက ပိုနက်တယ်ဆိုတာကို သတိရလိုက်ပါ ။
လူ့လောကမှာကတော့ လူအမျိုးမျိုး စိတ်အထွေထွေ လူပေါင်းစုံရှိနေတော့ လူတိုင်းကို ကိုယ့်လိုထင်ပြီး ယုံကြည်ပြီးတော့ ကိုယ့်ဘဝရဲ့အကြောင်းတွေကို ရင်ဖွင့်မပြလိုက်ပါနဲ့နော် ။
နောင်တချိန်မှာ ကိုယ့်အကြောင်းကို ကိုယ်ယုံကြည်ရပါတယ်ဆိုတဲ့သူတွေကပဲ ကိုယ့်နောက်ကွယ်မှာ အတင်းတုတ်နေတတ်တယ် ။
ကိုယ်ဘယ်လိုပဲပေးဆပ်နေပါစေ ကိုယ့်ရဲ့ပေးဆပ်ခြင်းတွေကို တန်ဖိုးမထားတဲ့သူနဲ့တွေ့ရင် ကိုယ်ပေးဆပ်တိုင်း ပြန်မရနိုင်ပါဘူး ။
ဒါကြောင့်တစ်ခုပေးရင် တစ်ခုပြန်ပေးတဲ့သူနဲ့ပဲ ဆုံဆုံ ။
အကျိုးလိုလို့ ပေါင်းတဲ့သူနဲ့ ကြုံကြုံ ကိုယ်တတ်နိုင်သလောက် ပေးလိုက်ကမ်းလိုက်ပါ ။
"မေတ္တာနဲ့ ပေါင်းတဲ့သူကို မေတ္တာတွေပေးလိုက်ပါ ။
ပေးဆပ်ခြင်းတွေထဲမှာ မျှော်လင့်ချက်တွေတော့ မပါပါစေနဲ့နော်
မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင်ပင်ပန်းမှုတွေ ခံစားရတတ်လို့ပါ ။
✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #ဘဝစာပေ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
27/03/2025
" လူငယ်တိုင်းဖတ်သင့်တဲ့ အချက် (၁၅) ချက် "
၁။မလိမ်ပါနဲ့
လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။
ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊
မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။
၂။လှည့်စား၊သစ္စာမဖောက်ပါနဲ့
အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်။
၃။မမုန်းပါနဲ့
ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။
ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။
၄။စိတ်မပူပါနဲ့
ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။
အကောင်းမြင်တတ်အောင် ကြိုးစားပါ။
လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။
ပြသနာ အစိတ်အပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။
၆။အမြင့်ဆုံးမှန်းပါ
ခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။
အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာရှင်သန်ခြင်းအရသာ တစ်မျိုးပဲ။
၇။လူတွေဆီက အနည်းငယ်သာ မျှော်လင့်ပါ
ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲနာကျင်တတ်တယ်။
ပြီးတော့ တစ်ဖက်သားကိုလဲ မျော်လင့်ချက်တွေပေးပြီးပြန်မရုတ်သိမ်းပါနဲ့။
အကြီးမားဆုံး ရန်သူကို သင်ရတတ်တယ်။
၈။ရိုးစင်းစွာ ရှင်သန်ပါ
တန်ဖိုးကြီး နာရီ၀တ် ၊ ကားစီးနိုင်မှ လူရာ၀င်တာ မဟုတ်ဘူး။
ရထားတဲ့ဘ၀ကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။
ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။
ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။
၉။များများပေးကမ်းပါ
ဒါဟာ လူ့ကျင့်၀တ်တစ်မျို းဖြစ်တယ်။
ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။
၁၀။အမြဲတမ်းပြုံးပါ
ဒါဟာ ပတ်၀န်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။
၁၁။လက်မလျှော့နဲ့
ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်။
စတဲ့ခရီးကို အဆုံးထိသွားနိူင်အောင်ကြိုးစားပါ။
ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။
၁၂။လက်လွှတ်တတ်ပါ။
ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကိုတွေ့မှာမဟုတ်ဘူး။
၁၃။အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ
လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘ၀ကို
နှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာ
နောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။
၁၄။ဝေဖန်ခြင်းကို လက်ခံတတ်ပါ
တဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။
သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အမှားကို ထောက်ပြတတ်တယ်။
၁၅။အချိန်ကို နေရာပေးပါ၊၊
မစောင့်ပါနဲ့
အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။
ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။
တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာပို ပီပြင်လာပါလိမ့်မယ်
မေတ္တာဖြစ်ပြန်လည်မျှဝေပါသည်🙏🙏🙏
#ဘဝစာပေ #အတွေး #ဘဝအတွက်
27/03/2025
စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။
အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။
ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။
ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။
ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။
ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။
ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။
ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။
စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။
27/03/2025
ကုသိုလ်ရဖို့ဆိုတာ လုပ်ချင်စိတ်ပဲ လိုတာပါ
ကုသိုလ် ဆိုတာ
ပိုက်ဆံရှိရှိ , မရှိရှိ လုပ်လို့ရတယ်
လုပ်ချင်စိတ်ရှိဖို့သာ လိုပါတယ် … ။
တချို့က -
ကုသိုလ် ဆိုတာ
ပိုက်ဆံရှိမှ လုပ်လို့ရတာလို့
ယူဆနေကြတယ် … ။
ပိုက်ဆံရှိမှ မဟုတ်ဘူးနော်
ပိုက်ဆံ မကုန်ပဲ လုပ်နိုင်တဲ့ ကုသိုလ်တွေ
အများကြီးရှိတာပဲ … ။
ဥပမာ -
❖ ငါးပါးသီလ ဆိုတဲ့
ကိုယ်ကျင့်သီလကို စောင့်ထိန်းမယ် ။
❖ သမထ ဝိပဿနာတရားတွေ
ကျင့်ကြံ အားထုတ်မယ် ။
❖ ဘုရားဂုဏ်တော် , တရားဂုဏ်တော်
သံဃာဂုဏ်တော်တွေ ရွတ်ဖတ်ပွါးများမယ်
မေတ္တာပို့မယ် ။
❖ ကိုယ့်ထက်
အသက် ဂုဏ်သိက္ခာကြီးသော ပုဂ္ဂိုလ်များကို
အရိုအသေပြုမယ် ။ ဝေယျာဝစ္စ ကုသိုလ်တွေယူမယ် ။
❖ ဘုရား , တရား , သံဃာ
ရတနာသုံးပါးရဲ့ ဝေယျာဝစ္စ
မိဘ ဆရာသမားတို့ရဲ့ ဝေယျာဝစ္စ ကိစ္စတွေ
လုပ်ပေးမယ် ။
❖ သူတော်ကောင်းတရားတွေ နာကြားမယ် ။
❖ မိမိသိတဲ့တရားတွေကို မျှဝေပေးမယ် ။
❖ မိမိရဲ့ ကုသိုလ်ကောင်းမှုတွေကို
အားလုံးရစေဖို့ အမျှဝေမယ် ။
❖ သူတစ်ပါးပြုတဲ့ ကုသိုလ်ကောင်းမှုကိုလည်း
သာဓုခေါ်ဆိုလို့ ရပါတယ် ။
ဒါ့အပြင်
အခြားသောလုပ်နိုင်တဲ့ ကုသိုလ်တွေလည်း
အများကြီးရှိပါသေးတယ်နော် … ။
ကုသိုလ်ဆိုတာ
ပိုက်ဆံရှိရှိ , မရှိရှိ လုပ်လို့ရတယ်
လုပ်ချင်စိတ်ရှိဖို့သာ လိုပါတယ် …
(ဖားအောက်_ဆရာတော်_ဘုရားကြီး)
Click here to claim your Sponsored Listing.