H.P.T Myanmar

H.P.T Myanmar

Share

H.P.T is a one of the private company of Myanmar. We import some dietary supplements directly from USA by approval of Myanmar food and drug administration

Mobile uploads 13/06/2015

၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၂၃နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်သွားသော မြန်မာ၂၃နှစ်အောက် လူငယ်အမျိုးသားအသင်းအား လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပါသည်။

မြန်မာအသက်၂၃နှစ်အောက် လူငယ်အမျိုးသားအသင်းမှာ ၂၀၀၁ ခုနှစ်မှစ၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယခုဆိုရင် ၇ကြိမ်မြောက် ရှိခဲ့ပါပြီ။
အမြင့်ဆုံးဆုတံဆိပ် အနေနဲ့ကတော့ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ပွဲမှာ ဒုတိယ ငွေတံဆိပ်ဆု ရခဲ့တာပဲ ဖြစ်ပါတယ်။

ယခုတဖန် စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ အခုလာမယ့် ၁၅ရက်နေ့ တနင်းလာနေ့ မြန်မာစံတော်ချိန် ည၇နာရီတိတိမှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ SEA Games ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ၂ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Reference- Wikipedia
Photo - MFF

Mobile uploads 07/06/2015

Positive Thinking ++
By Pt

ဘုရားစာတွေတော့ နေ့စဉ်ရွတ်ဖတ်နေရတယ်။အဓိပ္ပါယ်တော့မသိဘူးဆိုတာက တကယ်တမ်းက အဓိပ္ပါယ်သိနေရင်တော့ ပိုကောင်းတာပေါ့နော်။ဒါပေမယ့်လည်း အဓိပ္ပါယ်မသိဘဲ ဒီအတိုင်းရွတ်ဖတ်နေတာကိုတော့ အပြစ်ပြောလို့မရပါဘူး။အကျိုးလည်း မယုတ်ပါဘူး။
ဘာ့ကြောင့်လည်းဆိုတော့ ဘုရားစာရွတ်ဖတ်ဖို့အတွက် သင်ဟာအဲ့ဒီဘုရားစာကို အလွတ်ရရပါမယ်။အလွတ်မရလို့ စာအုပ်ကြည့်ရွတ်တာဆိုလည်း အသံထွက်များကို မှန်ကန်စွာ ရွတ်ဖတ်နိုင်ဖို့အတွက် ထိုက်သင့်တဲ့ အားထုတ်မှုတစ်ခုတော့ လိုပါတယ်။ဒီလိုအားထုတ်နိုင်ဖို့အတွက်က သင့်ဆီမှာ ရိုသေမှု၊တန်ဖိုးထားမှု၊အလေးထားမှုနဲ့စိတ်ရှည်သည်းခံမှုများ လိုအပ်ပါတယ်။အဲ့ဒီတော့ မခန့်လေးစားလုပ်မှုတို့ အလေးအနက် တန်ဖိုးမထားမှုတို့ ဒေါသထွက်ရန်လိုမှုတို့ရဲ့ ဆန့်ကျင်ဘက်အရာများကို ငယ်စဉ်ကတည်းက သင့်ထံမှာ အခြေခံမွေးမြူပြီးသား ဖြစ်သွားတာပေါ့။
ဘုရားစာမရွတ်လည်း အဲ့ဒီအရာတွေ ရှိတဲ့သူတွေ ရှိပါတယ်လို့ ပြောကောင်းပြောလာနိုင်ပါတယ်။ဒါပေမယ့် ပညာသင်ခဲ့တဲ့ ပညာတတ်တစ်ယောက်နဲ့ပညာမသင်ခဲ့တဲ့ ပညာမဲ့တစ်ယောက် ကွာခြားသလိုပါပဲ။

ဘုရားစာကို ရွတ်ဖတ်တော့မယ်ဆိုကတည်းကိုက မြတ်စွာဘုရားထံမှာ သင့်ရဲ့စိတ်ကို ဦးညွတ်ရပါတယ်။ဒါဆိုရင်တော့ စိတ်တည်ငြိမ်မှုပါ ရရှိစေတာပေါ့။ဘုရားစာရွတ်ဖတ်နေစဉ် အချိန်အတွင်းမှာလည်း သင့်ရဲ့စိတ်အစဉ်ဟာ အဓိပ္ပါယ်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အာရုံစူးစိုက်မှုနဲ့အတူ တည်ငြိမ်အေးချမ်းနေစေပါတယ်။အနည်းဆုံးတော့ဗျာ သာမန်အချိန်တွေမှာ စဉ်းစားမိနေမယ့် နှာဘူးစိတ်တွေ ဒေါသစိတ်တွေ လောဘစိတ်တွေ မောဟစိတ်တွေကတော့ မရှိနေနိုင်ဘူးလေ။အဲ့ဒီတော့ အဓိပ္ပါယ် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကောင်းတာလုပ်တာပဲ မဟုတ်ဘူးလား။အဓိပ္ပါယ်ကို သိရှိနားလည်ပြီး အာရုံပြု ရှိခိုးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ဒါပေမယ့် အဓိပ္ပါယ်မသိဘဲ ဒီအတိုင်းရွတ်ဖတ်နေခြင်းကလည်း အကျိုးမယုတ်စေဘူးဆိုတာကို လက်တွေ့ကျကျ သိစေချင်လို့ပါ။

ဗုဒ္ဓဘာသာဝင်အများ ရွတ်ဖတ်ပူဇော်လေ့ရှိတဲ့ ဘုရားစာများကလည်း ထူးထူးခြားခြား ဆန်းဆန်းကျယ်ကျယ်ကြီးရယ်တော့ မရှိပါဘူး။မြတ်စွာဘုရားရဲ့ ဂုဏ်ပုဒ်တွေ ကျေးဇူးတွေအကြောင်းရယ် ငါးပါးသီလရယ် အမျှဝေတာရယ်လောက်ပါပဲ။ယေဘူယျအားဖြင့်ပေါ့။ဥပမာ "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ပေါ့။အဓိပ္ပါယ်ကတော့ အရဟတော-ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊
သမ္မာသမ္ဗုဒ္ဓဿ - သိစရာမှန်သမျှ တစ်စမကျန် အမှန်အတိုင်း သိမြင်တော်မူသော၊ တဿ ဘဂဝတော - ထိုမြတ်စွာဘုရားအား ၊ နမော-ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ ဒါပါပဲ။ဒါ ဘာလဲဆိုတော့ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို ထုတ်ဖော်ပြီး ရှိခိုးကန်တော့တာပဲလေ။"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံသရဏံ ဂစ္ဆာမိ၊သံဃံ သရဏံ ဂစ္ဆာမိ" ဒါတွေကတော့ ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ယုံကြည်ဆည်းကပ်ပါ၏။ဓမ္မံ တရားတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ယုံကြည်ဆည်းကပ်ပါ၏။သံဃံ သံဃာတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ယုံကြည်ဆည်းကပ်ပါ၏။တိုင်တည်တာပေါ့ဗျာ။ကျွန်တော်တော့ ဒါတွေဒါတွေကို ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်ပူဇော်ပါမယ်ပေါ့။ပြီးတော့ ငါးပါးသီလ။သူတပါး အသတ်မသတ်ပါဘူး ရှောင်ကြဉ်ပါ့မယ်။သူတပါးပစ္စည်း မခိုးပါဘူး။သူတပါး သားမယား မပြစ်မှားပါဘူး။လိမ်မပြောပါဘူး။အရက်သေစာ၊မူးယစ်ဆေးဝါး မသောက်စားပါဘူး။ကဲ....... ဘယ်လောက်ကောင်းလိုက်သလဲဗျာ။ခင်ဗျား ရွတ်ဆိုလိုက်သမျှမှာ မကောင်းတာ တစ်ခုမှ မပါဘူး။ဒါတွေကို နေ့စဉ်ရွတ်ဖတ်နေမယ်ဆို သင့်ရဲ့စိတ်မှာ အထပ်ထပ်မှတ်မိနေအောင် အကြိမ်ကြိမ်အခါခါ မှတ်နေသလိုဖြစ်နေပြီး တကယ်တမ်း တစ်ခုခုကို ပြုလုပ်ကျူးလွန်မိတော့မယ်ဆိုရင် သင့်ရဲ့မသိစိတ်ကတဆင့် ဒါဟာမကောင်းဘူးဆိုတာကို အလိုလိုမြင်ယောင်လာမိစေမှာပါ။ပြီးရင် အမျှဝေတယ်။ပြုခဲ့သမျှကောင်းမှုကုသိုလ်တွေကို တလောကလုံး ရှိရှိသမျှအရာအားလုံးကို ထပ်တူထပ်မျှ မျှဝေပေးပါသည်ပေါ့။ဘယ်လောက်ကောင်းလိုက်သလဲဗျာ။ ခင်ဗျားမှာအဲ့ဒီလို မျှဝေလို့ရအောင် ခင်ဗျားကောင်းတာတွေ လုပ်မှ ရတော့မယ်။ကောင်းတာတွေ လုပ်မှတော့ ကောင်းတာတွေပဲ ဖြစ်တော့မှာပေါ့။မဟုတ်ဘူးလား။ကျန်တဲ့ ဘုရားစာတွေကိစ္စကတော့ စာလေးသွားမှာစိုးလို့ အရှည်ရှည်မရေးချင်တော့ပါဘူး။ယေဘူယျသဘောတရားလောက်ကိုပဲ ပြောပြတာပါ။

ပြီးရင် ဘုရားစင်မှာ ဆွမ်း၊ရေချမ်း၊ဆီမီး ကပ်လှူပူဇော်တဲ့ကိစ္စ။ဒါတွေက ဘုရားဟော ဟုတ်မဟုတ်တော့ သေချာမသိပါဘူး။ဒါပေမယ့် မြတ်စွာဘုရားကတော့ သူမရှိတော့ရင် သူ့ကိုအဲ့ဒီလို ပူဇော်ရမယ်လို့ မမှာခဲ့တာတော့ သေချာပါတယ်။သူ့ရဲ့တရားတော်တွေကို လက်ဆင့်ကမ်း မျှဝေပေးမယ့် တပည့်၊သား ရဟန်းသံဃာတော်တွေကိုပဲ ရိုသေကိုင်းရှိုင်းကြပါလို့ပဲ မှာကောင်းမှာခဲ့နိုင်ပါတယ်။ဒါပေမယ့်လည်း ဒါလည်းမကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ ဆွမ်းတွေ ရေချမ်းတွေ ဆီမီးတွေ ကပ်လှူပူဇော်ဖို့အတွက် သင့်ဆီမှာ ရှိနေတဲ့ မာန်ကိုလျော့ချမှ ရတာပါ။သူတပါးကို ဆည်းကပ်ပူဇော်ဖို့အတွက်ဆိုရင် သင့်ဆီမှာရှိနေနိုင်တဲ့ ငါမှငါ ဆိုတဲ့မာန်လေးကိုတော့ အရင်နှိမ့်ချမှ ရတာပါ။
အဲ့ဒီတော့ ကောင်းကျိုးအနေနဲ့က ရိုသေကိုင်းရှိုင်းတတ်လာမယ်။မိမိကိုယ်မိမိ နှိမ့်ချတတ်လာမယ်ပေါ့။ပြီးရင် ဒီလိုမျိုး ကပ်လှူပူဇော်ဖို့အတွက်က နေ့စဉ်နေ့တိုင်း အချိန်မှန်ပြုလုပ်ရတာမျိုးဆိုတော့ ဇွဲနဲ့လုံ့လ၊ဝီရိယဆိုတာက ပါလာပြန်ရော။အဲ့ဒီတော့ မိမိကောင်းကျိုးလိုလားအတွက်ဖြစ်စေ၊ဘာမှမျှော်ကိုးမှုမရှိပဲ ဖြစ်စေ မြတ်စွာဘုရားရှင်ကို ဆွမ်း၊ရေချမ်း၊ဆီမီး ကပ်လှူပူဇော်တဲ့ ကိစ္စက မကောင်းတာတော့ မဟုတ်ပါဘူး။လက်တွေ့ကျကျ စဉ်းစားတတ်မယ်ဆိုရင်တော့လည်း ကောင်းတဲ့ကိစ္စပါပဲ။

ဒီလိုရွတ်ဖတ်မှု၊ရှိခိုးပူဇော်မှုတွေက မလုပ်မနေရ လုပ်ကိုလုပ်ရမယ်လို့တော့ မဟုတ်ပါဘူး။အဓိက ကတော့ သင့်ရင်ထဲမှာ ဘုရားရှိနေရင် ရပါပြီ။ဒါတွေပြုလုပ်ခြင်းအားဖြင့်တော့ အကျိုးတော့ မယုတ်ပါဘူးဆိုတာလေးကို လက်တွေ့ကျကျ သိစေချင်တာပါ။ဆုတောင်းတယ်ဆိုတဲ့ ကိစ္စမှာလည်း သင်ဆုတောင်းတိုင်းတော့ မပြည့်ပါဘူး။ဒါပေမယ့် ဆုတောင်းခြင်းဆိုတာ တကယ်တမ်းကတော့ တိုင်တည်တာပေါ့။စာမေးပွဲအောင်ပါစေလို့ ဆုတောင်းတယ်။ဒီလိုဆုတောင်းခြင်းဟာ သင့်ရဲ့စိတ်ထဲမှာ စာမေးပွဲအောင်ချင်တဲ့ စိတ်ရှိနေမှပဲ ဆုတောင်းလို့ရမှာလေ။အဲ့ဒီတော့ ဆုတောင်းနေယုံနဲ့တော့ စာမေးပွဲကအောင်မလာနိုင်ပါဘူး။ဒါပေမယ့် ဆုတောင်းခြင်းကို တိုင်တည်သလိုမျိုး၊ ရည်မှန်းချက်တစ်ခုခုကို နေ့စဉ်ဦးတည်ချက်မပျက်အောင်၊ မမေ့အောင် ပြုလုပ်ခြင်းမျိုးလို့ သဘောထားပြီး စာကြိုးစားမယ်ဆိုရင်တော့ သင်စာမေးပွဲအောင်နိုင်မှာပါ။အနည်းဆုံးတော့ နေ့စဉ် သင်ဆုတောင်းနေတော့ စာမေးပွဲဖြေရမယ်ဆိုတာကိုတော့ မမေ့တော့ဘူးပေါ့ဗျာ။အဲ့ဒီလို မမေ့တော့ သင်စာလုပ်ဖို့အတွက် တစ်ရက်မဟုတ်တစ်ရက်တော့ ခေါင်းထဲထည့်ဖြစ်မှာပေါ့။

ပြီးရင် ဟိုဘုရားက ပိုပြီးတန်ခိုးရှိတယ်။အိမ်ကဘုရားကတော့ တန်ခိုးမရှိဘူး။ဒီလိုမဟုတ်ပါဘူး။အဓိကကတော့ မိမိရဲ့ စိတ်ထဲမှာ ဘုရား၊တရား ရှိနေဖို့ပါပဲ။ကျန်တဲ့ကိစ္စဖြစ်တဲ့ ဘုရားများ တန်ခိုးရှိတယ် မရှိဘူးဆိုတဲ့ဟာကတော့ မိမိတို့ရဲ့ သဒ္ဒါစိတ်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ဒါပေမယ့်လို့ ထူးခြားမှုတစ်ခုကတော့ သင့်အိမ်ကဘုရားကိုတော့ ကမ္ဘာအနှံ့ကလူတွေက တကူးတက လာမဖူးကြမှာတော့ သေချာပါတယ်။ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ဘန်ကောက်က မြဘုရားတို့ ပုဂံက ရှေးဟောင်းဘုရားများတို့ ကျိုက်ထီးရိုးစေတီတော်တို့ကိုတော့ ကမ္ဘာအရပ်ရပ်က လူများက တကူးတက လာရောက်ဖူးမျှော်ကြတာတော့ ထူးခြားမှုတစ်ခုပါပဲ။လူတို့ဖန်တီးပြုလုပ် ထုဆစ်ထားတဲ့ ဘုရားများဖြစ်သော်ငြားလည်း ယုံကြည်ကိုးကွယ်တဲ့သူတွေရဲ့ သက်ဝင်ယုံကြည်မှုနဲ့အတူ သူ့ရဲ့ထူးခြားမှုနဲ့သူ ရှိနေမှာပါပဲ။

တကယ်တော့ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားဟာလည်း လူထဲက လူတစ်ယောက်ပါပဲ။ဒါပေမယ့် သူ့ရဲ့ ထက်သန်တဲ့ ပါရမီ၊စင်ကြယ်တဲ့ သီလ၊မြင့်မားတဲ့ အတွေးအခေါ်နဲ့သူမတူတဲ့ ဥာဏ်ရည်၊ထူးခြားတဲ့ ဇွဲလုံ့လ ဝီရိယတွေနဲ့ကြောင့်မလို့ လူတကာ့လူထဲကမှ ဘုရားဆိုတဲ့ အဖြစ်ကိုရရှိခဲ့တာပါ။အဲ့ဒီတော့ ဒီလောက်ကြီး နားလည်နိုင်ဖို့အတွက် သင့်အနေနဲ့ ဥာဏ်ရည်မမှီဘူးဆိုရင်တောင် ကျွန်တော်ပြောပြခဲ့သလို အကောင်းမြင်မှုများနဲ့သာ ရှုမြင်နိုင်မယ်ဆိုရင် အားလုံးအဆင်ပြေသွားမှာပါ။ပြီးရင် အခြားဘာသာဝင် အများအပြားက ဗုဒ္ဓဘာသာဝင်များကို ရုပ်တုကိုးကွယ်သူများလို့ အမြင်ရှိကြတယ်။ထင်ကြတယ်။တကယ်တမ်းကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များဟာ လူကို၊ရုပ်တုကို ကိုးကွယ်ခြင်းမဟုတ်ပါဘူး။ဘုရားအဖြစ်ကို ရရှိနိုင်တဲ့ ဥာဏ်စဉ်ကိုကိုးကွယ်ကြတာပါ။ဗုဒ္ဓဘာသာမှာ ပွင့်ခဲ့တဲ့ ဘုရားတွေ အများကြီးရှိပါတယ်။အဲ့ဒီဘုရားတွေအကုန်လုံးက လက်ခံလိုက်နာကျင့်သုံးခဲ့ကြတဲ့ နိဗာန်ရောက်ကြောင်း တရားတော်ကို ကိုးကွယ်ယုံကြည်ကြတာပါ။ဘုရားက နှာခေါင်းချွန်တာ၊ပြားတာ၊ပိန်တာ၊ဖောင်းတာ ဆိုတာတွေက ဆင်းတုထုလုပ်သူတွေရဲ့ စိတ်သဘောနဲ့ပဲ ဆိုင်ပါလိမ့်မယ်။စေတီတော်ကြီးတွေဆိုရင်လည်း စေတီတော်ကြီးကို ကိုးကွယ်ပူဇော်ခြင်း မဟုတ်ပါဘူး။စေတီတော်မြတ်ကြီးတွေကို ရှိခိုးကန်တော့ရင်းနဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို စိတ်ကူးနဲ့ပွားများပြီး အာရုံပြုကြတာပါ။ပင်လယ်ထဲကနေ ကမ်းမမြင်၊လမ်းမမြင်နဲ့ အခြေအနေကနေ ရွှေတိဂုံစေတီတော်မြတ်ကြီးကို အာရုံပြုပြီး မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်၊တရားတော်များကို စိတ်ထဲကနေ ပွားများပီတိဖြစ်ခြင်းကလည်း ရွှေတိဂုံစေတီတော်ကြီးမှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ပူဇော်နေခြင်းနဲ့ အတူတူပါပဲ။

အဓိကကတော့ သင့်စိတ်ထဲမှာ တစ်ခုခုရှိနေမယ်ဆိုရင် သင့်ရဲ့စိတ်ဟာ အလေးအနက်ရှိနေမယ်။သင့်မှာ ရည်မှန်းချက်တွေ ပန်းတိုင်တွေ ရှိနေမယ်။အဲ ....သင့်ရဲ့စိတ်ထဲမှာ ဘာမှရှိမနေဘူးဆိုရင်တော့ သင့်မှာ ရည်မှန်းချက်တွေ ပန်းတိုင်တွေ မရှိဘဲ သင့်ဘဝက သွားစရာမရှိဘဲ ခြေဦးတည့်ရာလျောက်သွားနေသလို ပေါ့ရွှတ်ရွှတ် ပေါ့ပျက်ပျက်ကြီး ဖြစ်နေတော့မှာပေါ့။
အကောင်းဆုံး အကြံပြုချင်တာကတော့ မည်သည့်ဘာသာဝင်ပဲဖြစ်ပါစေ မိရိုးဖလာ ကိုးကွယ်မှုထက်စာရင် ကိုယ်တိုင်တတ်သိနားလည်အောင် ပြုလုပ်တာကတော့ အကောင်းဆုံးပါပဲ။အဲ့ဒီလို တတ်သိနားလည်အောင် မပြုလုပ်နိုင်ဘူးဆိုရင်လည်း မိမိတို့ဘာသာတရား အဆုံးအမများကို လေးလေးစားစား လိုက်နာကျင့်သုံးခြင်းအားဖြင့် ဘာမှမရှိတဲ့လူတစ်ယောက်လို ပေါ့ပျက်ပျက်ပေါ့သွမ်းသွမ်း မဖြစ်နေနိုင်ပါဘူးလို့ အကြံပြုချင်ပါတယ်ဗျာ။

(အထက်ဖော်ပြပါ အကြောင်းအရာ စိတ်ကူးစိတ်သန်းများအားလုံးဟာ ကျွန်တော်တစ်ဦးတည်းရဲ့ အထင်အမြင်၊အယူအဆများသာ ဖြစ်ပါကြောင်းနဲ့ပိုမိုတတ်သိ နားလည်သောသူများရဲ့ အကြံပေးဆွေးနွေးမှုများကို လေးစားစွာ လက်ခံပါ့မယ်။)

ဘာမှမသိ၊ဘာမှမတတ်သေးတဲ့ မောင်ဖိုးတု
Pt's Thoughts!
(၅.၆.၂၀၁၅)

ဓါတ်ပုံ - အင်တာနက်

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
00951