STEM Enthusiasts Association

STEM Enthusiasts Association

แชร์

Formed a group of young people who love science.

Photos from STEM Enthusiasts Association's post 27/02/2026

Protons And Electrons Have Opposite Charges, So Why Don’t They Pull On Each Other?

------------------------

အက်တမ် (Atom) တစ်ခုရဲ့ အတွင်းပိုင်းမှာ အဖိုဓာတ်ရှိတဲ့ ပရိုတွန် (Proton) နဲ့ အမဓာတ်ရှိတဲ့ အီလက်ထရွန် (Electron) တွေဟာ ဆန့်ကျင်ဘက် အားချင်းဖြစ်လို့ ဆွဲငင်နေတယ်တာ မှန်ပါတယ်။ အဲ့လိုဆွဲငင်နေတယ်ဆိုရင် သူတို့ဘာလို့ တစ်ခုနဲ့တစ်ခု ကပ်မသွားဘဲ အက်တမ်ကြီးဘာကြောင့် ပြိုကွဲမသွားရတာလဲ။

ရှေးဟောင်းအယူအဆအရ‌တော့ Atom တွေက ဂြိုဟ်တွေပတ်သလို ပတ်နေတာလား။

အရင်တုန်းက သိပ္ပံပညာရှင်တွေ ထင်ခဲ့တာကတော့ ကမ္ဘာကြီးက နေကို ပတ်နေသလိုမျိုး အီလက်ထရွန်တွေက ပရိုတွန်ကို ပတ်နေတာလို့ ယူဆခဲ့ကြပါတယ်။ ကမ္ဘာကြီးဟာ နေရဲ့ ဆွဲငင်အားရှိပေမယ့် အရှိန်နဲ့ ပတ်နေတဲ့အတွက် နေထဲကို ပြုတ်မကျသွားသလိုမျိုးပေါ့။ အီလက်ထရွန်မှာလည်း Centrifugal Force (ဗဟိုခွါအား) ရှိနေလို့ ပရိုတွန်ဆီကို ဆွဲမခံရတာလို့ ထင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီအယူအဆမှာ ပြဿနာတစ်ခုရှိပါတယ်။ လျှပ်စစ်သံလိုက် နိယာမအရ အားရှိတဲ့ အမှုန်တစ်ခုဟာ လည်ပတ်နေရင် စွမ်းအင်တွေ ထုတ်လွှတ်ရပါတယ်။ အဲဒီလို စွမ်းအင်တွေ ကုန်သွားရင် အီလက်ထရွန်ဟာ တဖြည်းဖြည်းချင်း ခရုပတ်ပုံစံနဲ့ ပရိုတွန်ဆီကို ပြုတ်ကျသွားရမှာပါ။ တကယ်တမ်းမှာတော့ အဲဒီလို မဖြစ်ပါဘူး။

ကွမ်တမ် ရူပဗေဒရဲ့ ရှုထောင့်ကကြည့်မယ်ဆိုရင်ကောဘယ်လိုဖြစ်လာမှာလဲ။

ဒီအဖြေကို ကွမ်တမ် ရူပဗေဒ (Quantum Mechanics) ကသာ အဖြေထုတ်နိုင်ခဲ့ပါတယ်။ အဓိက အချက် ၃ ချက် ရှိပါတယ်။

ပထမတစ်ချက်က အီလက်ထရွန်ဆိုတာ အမှုန်သက်သက် မဟုတ်ပါဘူး။
ကွမ်တမ်လောကမှာ အီလက်ထရွန်တွေဟာ ဘောလုံးလေးတွေလို အမှုန် (Particle) အနေနဲ့တင် မဟုတ်ဘဲ လှိုင်း (Wave) အနေနဲ့ပါ ပြုမူကြပါတယ်။ ဆိုလိုတာက သူတို့ဟာ နေရာတစ်ခုတည်းမှာပဲ ရှိမနေဘဲ နျူကလိယ (Nucleus) ဘေးပတ်ပတ်လည်မှာ လှိုင်းတွေလိုမျိုး ပျံ့နှံ့တည်ရှိနေတာပါ။

ဒုတိယတစ်ချက်က Heisenberg ရဲ့ မသေချာခြင်း နိယာမ (Uncertainty Principle)

ဒီနိယာမအရ အမှုန်တစ်ခုရဲ့ "တည်နေရာ" နဲ့ "အလျင်" ကို တစ်ပြိုင်တည်း တိတိကျကျ မသိနိုင်ပါဘူး။ အကယ်၍ အီလက်ထရွန်ဟာ ပရိုတွန်ရှိတဲ့ နျူကလိယထဲကိုသာ ပြုတ်ကျသွားခဲ့ရင် သူ့ရဲ့ တည်နေရာကို ကျွန်တော်တို့က အတိအကျ သိသွားပါလိမ့်မယ်။ အဲဒီလို တည်နေရာက အရမ်းတိကျသွားရင် သူ့ရဲ့ စွမ်းအင်နဲ့ အလျင်က အဆမတန် မြင့်တက်လာပြီး နျူကလိယထဲကနေ အပြင်ကို ပြန်ကန်ထွက်သွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ နျူကလိယထဲမှာ ငြိမ်ငြိမ်လေး ကပ်နေလို့ မရတာပါ။

နောက်ဆုံးတစ်ချက်က‌တော့ ပမာဏသတ်မှတ်ထားတဲ့ စွမ်းအင်အဆင့်များ (Quantized Energy Levels)

အီလက်ထရွန်တွေဟာ နျူကလိယဘေးမှာ ကြိုက်တဲ့နေရာ နေလို့မရပါဘူး။ သူတို့မှာ သတ်မှတ်ထားတဲ့ စွမ်းအင်အဆင့် (Shells) တွေ ရှိပါတယ်။ အနိမ့်ဆုံး စွမ်းအင်အဆင့် (Ground State) ထက် ပိုပြီး နျူကလိယနဲ့ နီးကပ်အောင် သွားလို့မရတဲ့ အကန့်အသတ် ရှိနေပါတယ်။

အဲ့ဆိုရင် အီလက်ထရွန်တွေ ဘယ်မှာ ရှိနေတာလဲ။

အီလက်ထရွန်တွေဟာ လမ်းကြောင်းအတိအကျနဲ့ ပတ်နေတာ မဟုတ်ဘဲ နျူကလိယရဲ့ ဘေးပတ်ပတ်လည်မှာ Electron Cloud (အီလက်ထရွန်တိမ်တိုက်) ပုံစံ အနေနဲ့ ရှိနေကြတာပါ။ သူတို့ကို တွေ့နိုင်ခြေအများဆုံး နေရာတွေကိုပဲ ကျွန်တော်တို့ သိနိုင်ပါတယ်။ ပရိုတွန်ရဲ့ ဆွဲအားကြောင့် သူတို့ဟာ နျူကလိယနားမှာပဲ ကပ်နေပေမယ့် ကွမ်တမ်နိယာမတွေကြောင့် လုံးဝ ထိကပ်သွားခြင်း မရှိတာ ဖြစ်ပါတယ်။

ဒါဆိုရင် ပရိုတွန်နဲ့ အီလက်ထရွန် ပေါင်းမိရင် ဘာ‌တွေဖြစ်လာမှာလဲ။

တကယ်တော့ သူတို့ ပေါင်းမိတဲ့ ဖြစ်စဉ်မျိုးလည်း ရှိပါတယ်။ အလွန်ကြီးမားတဲ့ ကြယ်တွေ သေဆုံးပြီး Neutron Star (နယူထရွန်ကြယ်) ဖြစ်သွားတဲ့အခါမှာတော့ အလွန်ပြင်းထန်တဲ့ ဖိအားကြောင့် အီလက်ထရွန်တွေကို နျူကလိယထဲကို အတင်းဖိသွင်းပစ်လိုက်ပါတယ်။ အဲဒီအခါ ပရိုတွန်နဲ့ အီလက်ထရွန် ပေါင်းပြီး နယူထရွန် (Neutron) တွေ ဖြစ်သွားကြပါတယ်။ ဒါပေမဲ့ ဒါက သာမန်အခြေအနေမှာ မဟုတ်ဘဲ အလွန်အမင်း ပြင်းထန်တဲ့ အခြေအနေမှာမှ ဖြစ်တာပါ။

နိဂုံးချုပ်အ‌နေနဲ့ဆိုရင် ပရိုတွန်နဲ့ အီလက်ထရွန်တွေဟာ တစ်ခုနဲ့တစ်ခု ဆွဲငင်နေကြတာ မှန်ပေမယ့် အီလက်ထရွန်ရဲ့ လှိုင်းသဘာဝနဲ့ Heisenberg ရဲ့ မသေချာခြင်း နိယာမတွေက သူတို့ကို နျူကလိယထဲကို ပြုတ်ကျမသွားအောင် တားဆီးပေးထားတာ ဖြစ်ပါတယ်။ ဒီလို ဆွဲငင်အားနဲ့ ကွမ်တမ်တွန်းအားတို့ မျှခြေဖြစ်နေလို့သာ ကျွန်တော်တို့ ကမ္ဘာပေါ်က အရာဝတ္ထုတွေဟာ ခိုင်ခိုင်မာမာ တည်ရှိနေနိုင်တာ ဖြစ်ပါတယ်။

Written by Khant Zaw Aung

References

Luck, W. A. P. (1985, October). Why doesn't the electron fall into the nucleus?. Journal of Chemical Education. American Chemical Society (ACS).

Folger, T. (2018, June 19). Crossing the Quantum Divide. Scientific American. Springer Science and Business Media LLC.

Photos from STEM Enthusiasts Association's post 19/01/2026

ဆိုင်ကယ်စီးတဲ့အခါမှာ ဘာလို့ဆိုင်ကယ်ဦးထုတ်ကဆောင်းသင့်တာလဲ။ဦးထုပ်က ကျွန်တော်တို့ရဲ့ဦး‌ခေါင်းကို ဘယ်လိုကာကွယ်တာလဲ။

လူတော်တော်များများ ထင်တာက ဦးထုပ်ဟာ ခေါင်းမကွဲအောင် ကာကွယ်ပေးတာပဲလို့ ထင်ကြပါတယ်။ ဒါဟာလည်း မှန်ပေမယ့် တကယ့်အဓိကအလုပ်က "ဦးနှောက်ကို တုန်ခါမှုဒဏ်ကနေ ကာကွယ်ပေးတာ" ဖြစ်ပါတယ်။ ယာဉ်မတော်တဆဖြစ်တဲ့အခါ ခေါင်းက တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် ရိုက်မိရင် ခေါင်းခွံက ရပ်သွားပေမယ့် ခေါင်းခွံထဲက အပျော့စားဦးနှောက်ကတော့ အရှိန် (Inertia) ကြောင့် ရှေ့ကို ဆက်တိုးပြီး ခေါင်းခွံနဲ့ သွားရိုက်မိပါတယ်။ ဒါကို ဦးနှောက်တုန်ခါခြင်း (Concussion) လို့ ခေါ်ပြီး ဒါဟာ အသက်အန္တရာယ်အတွက် အကြောက်ရဆုံးအချက်ပါ။

အရှိန်လျှော့ချခြင်း (Deceleration) နှင့် ရူပဗေဒ

ဦးထုပ်ရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့ Impulse (အရှိန်ပြောင်းလဲမှု) ဆိုတဲ့ သဘောတရားကို သိဖို့လိုပါတယ်။ ပစ္စည်းတစ်ခု ရုတ်တရက် ရပ်သွားတဲ့အချိန် (Impact Time) ပိုတိုလေလေ၊ အဲဒီအရာဝတ္ထုပေါ် သက်ရောက်တဲ့အားက ပိုပြင်းလေလေပါပဲ။

ဦးထုပ်ဆောင်းထားတဲ့အခါ အတိုက်ခံရတဲ့အချိန်မှာ ဦးထုပ်ထဲက အမြှုပ်လွှာ (Liner) တွေက ချိုင့်ဝင်သွားပြီး ခေါင်းကို ရပ်တန့်စေဖို့အတွက် အချိန်ပိုပေးလိုက်ပါတယ်။ (ဥပမာ- စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံမှာ ရပ်မယ့်အစား တစ်စက္ကန့်ရဲ့ အပုံတစ်ရာပုံလောက်အထိ အချိန်ကို ဆွဲဆန့်ပေးလိုက်တာမျိုးပါ)။ အချိန်ပိုရသွားတဲ့အတွက် ဦးနှောက်ပေါ် သက်ရောက်မယ့် အရှိန်ပြင်းအားဟာ အဆပေါင်းများစွာ လျော့ကျသွားပါတယ်။

ဆိုင်ကယ်ဦးထုတ်မှာ အစိတ်အပိုင်း ၄ ခုပါဝင်ပါတယ်။

ဦးထုပ်တစ်ခုဟာ အလွှာ ၄ လွှာနဲ့ စနစ်တကျ တည်ဆောက်ထားပါတယ်။ ပထမတစ်လွှာက Outer Shell (အပြင်ဘက်အခွံ)- အမာစား ပလတ်စတစ် ဒါမှမဟုတ် ကာဗွန်ဖိုင်ဘာနဲ့ လုပ်ထားပါတယ်။ သူ့အလုပ်ကတော့ အချွန်အတက်တွေနဲ့ တိုက်မိရင် ခေါင်းခွံထဲ ထိုးမဝင်အောင် ကာကွယ်ပေးတာနဲ့ ထိခိုက်မှုအားကို နေရာအနှံ့ ပျံ့သွားအောင် လုပ်ပေးတာပါ။ ဒုတိယ တစ်လွှာကတော့ Impact-Absorbing Liner (အားစုပ်လွှာ)- ဒါက အရေးကြီးဆုံးအလွှာပါ။ ပိုလီစတိုင်ရင်း (EPS) လို့ခေါ်တဲ့ အမြှုပ်လွှာနဲ့ လုပ်ထားပါတယ်။ သူက ဆွဲဆန့်လို့မရဘဲ ချိုင့်ဝင်သွားတဲ့အခါ ပေါက်ကွဲအား ဒါမှမဟုတ် ရိုက်မိတဲ့အားတွေကို စုပ်ယူပေးလိုက်တာ ဖြစ်ပါတယ်။ တတိယတစ်လွှာက‌တော့ Comfort Padding (အပျော့စားအလွှာ)- ဒါကတော့ ဆောင်းတဲ့အခါ သက်သောင့်သက်သာရှိအောင်နဲ့ ဦးထုပ်က ခေါင်းမှာ ကွက်တိဖြစ်နေအောင် လုပ်ပေးတာပါ။‌ နောက်ဆုံးအလွှာကတော့ Retention System (မေးသိုင်းကြိုး)- ဒါကလည်း အရေးကြီးပါတယ်။ အတိုက်ခံရတဲ့အချိန်မှာ ဦးထုပ်က ခေါင်းကနေ လွင့်ထွက်မသွားအောင် ထိန်းထားပေးပါတယ်။

လည်ပတ်မှုအားကို လျှော့ချခြင်း (Rotational Force)

အခုနောက်ပိုင်း ဦးထုပ်အကောင်းစားတွေမှာ MIPS လို့ခေါ်တဲ့ နည်းပညာတွေ သုံးလာကြပါတယ်။ ဆိုင်ကယ်မှောက်တဲ့အခါ ခေါင်းက တည့်တည့်ရိုက်မိတာထက် လည်ပြီး ရိုက်မိတာက ပိုများပါတယ်။ ဒီလို လည်ပတ်မှုအားက ဦးနှောက်အတွင်းပိုင်းက တစ်ရှူးတွေကို ပိုပြီး ပျက်စီးစေပါတယ်။ ဦးထုပ်အကောင်းစားတွေမှာ ခေါင်းနဲ့ ဦးထုပ်ကြားမှာ အနည်းငယ် လှုပ်ရှားလို့ရတဲ့ အလွှာလေးတစ်ခု ထည့်ပေးထားပြီး အဲဒီ လည်ပတ်မှုအားတွေကို စုပ်ယူပေးပါတယ်။

ဘာကြောင့် တစ်ခါတိုက်မိပြီးတာနဲ့ ဆိုင်ကယ်ဦးထုပ်လဲသင့်တာလဲ။

ဒါက လူတော်တော်များများ မသိကြတဲ့ အချက်ပါ။ ဦးထုပ်ထဲက EPS အမြှုပ်လွှာဟာ တစ်ခါပဲ အလုပ်လုပ်နိုင်ပါတယ်။ သူက တစ်ခါ ချိုင့်ဝင်သွားပြီးရင် မူလအတိုင်း ပြန်မဖောင်းလာတော့ပါဘူး။ အပြင်ဘက်အခွံက ဘာမှမဖြစ်ဘူးလို့ ထင်ရပေမယ့် အတွင်းက အမြှုပ်လွှာက အားစုပ်ယူနိုင်စွမ်း မရှိတော့တဲ့အတွက် ဒုတိယအကြိမ် တိုက်မိရင် သင့်ခေါင်းကို မကာကွယ်ပေးနိုင်တော့ပါဘူး။ ဒါကြောင့် အပြင်းအထန် တိုက်မိဖူးတဲ့ ဦးထုပ်ကို ဆက်မဆောင်းသင့်တာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဦးထုပ်ဆောင်းတာဟာ ခေါင်းမကွဲဖို့ထက် ဦးနှောက်ကို အရှိန်ပြင်းပြင်းနဲ့ ဦးခေါင်းခွံနဲ့ မရိုက်မိအောင် "Airbag" လိုမျိုး ကြားခံနယ်တစ်ခု ဖန်တီးပေးတာ ဖြစ်ပါတယ်။ ရူပဗေဒအရ ပြောရရင် Impulse ကို လျှော့ချပေးတာပါ။ ဒါကြောင့် ကိုယ့်အသက်ကို ကာကွယ်ဖို့အတွက် စံချိန်စံညွှန်းမီတဲ့ ဦးထုပ်ကို စနစ်တကျ မေးသိုင်းကြိုးတပ်ပြီး ဆောင်းဖို့ ကျွန်တော်တို့ STEM အဖွဲ့သားတွေက အကြံပေးပါတယ်ဗျ။

Written by Khant Zaw Aung

References

2020 - standard for protective headgear - Snell.
The Snell Memorial Foundation

Standards — DOME. helmetfacts.com

Which Helmet Standard Is the Best? Snell, DOT, ECE, SHARP .... AGV Sports Group, Inc.

Photos from STEM Enthusiasts Association's post 15/01/2026

Where Does Wind Come From?

-------------------

လေ (Wind) ဆိုတာ ဘယ်ကနေလာတာလဲ၊ ဘယ်လိုတိုက်ခက်တာလဲ။

ကျွန်တော်တို့ နေ့စဉ် ခံစားရတဲ့ လေဆိုတာဟာ လေထုထဲမှာရှိတဲ့ ဓာတ်ငွေ့အမှုန်အမွှားလေးတွေ တစ်နေရာကနေ တစ်နေရာကို အစုလိုက်အပြုံလိုက် ရွေ့လျားနေကြတာပဲ ဖြစ်ပါတယ်။ အဲဒီလို ရွေ့လျားဖို့အတွက် တွန်းအားတစ်ခု လိုအပ်ပါတယ်။ အဲဒီ တွန်းအားကို ဖန်တီးပေးတဲ့ အဓိက လုပ်ဆောင်‌ပေးတဲ့သူကတော့ "နေ (The Sun)" ပဲ ဖြစ်ပါတယ်။ နေမရှိရင် ကမ္ဘာပေါ်မှာ လေဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။

နေရောင်ခြည်ဟာ ကမ္ဘာ့မျက်နှာပြင်ပေါ်ကို ကျရောက်တဲ့အခါ နေရာတိုင်းကို အပူချိန် တူညီအောင် မပေးနိုင်ပါဘူး။ ဥပမာ - အီကွေတာအနီးက နေရာတွေဟာ ပိုပူပြီး ဝန်ရိုးစွန်းဒေသတွေကတော့ ပိုအေးပါတယ်။ ဒီလို အပူချိန် မတူညီမှုကနေ "လေ" ဆိုတာ စတင်ဖြစ်ပေါ်လာတာပါ။

လေတိုက်ရခြင်းရဲ့အဓိကအကြောင်းအရင်းကဘာကြောင့်လဲ။

လေတိုက်ရခြင်းရဲ့ အခြေခံ အကြောင်းရင်းကတော့ လေဖိအား (Air Pressure) ကွာခြားလို့ပါ။ ဒါကို နားလည်ဖို့ ရိုးရိုးလေး စဉ်းစားကြည့်ရအောင်ပါ။ နေရောင်ခြည်ကြောင့် မြေပြင်က ပူလာတဲ့အခါ အဲဒီအပေါ်မှာရှိတဲ့ လေထုကလည်း ပူလာပါတယ်။ ပူလာတဲ့ လေအမှုန်တွေဟာ ပေါ့ပါးသွားပြီး အပေါ်ကို မြင့်တက်သွားပါတယ်။ အဲဒီနေရာမှာ လေထု နည်းသွားတဲ့အတွက် "လေဖိအားနည်းရပ်ဝန်း (Low Pressure)" ဖြစ်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ တခြား အေးတဲ့နေရာမှာရှိတဲ့ လေတွေကတော့ လေးလံပြီး အောက်ကို ဖိကျနေတဲ့အတွက် "လေဖိအားများရပ်ဝန်း (High Pressure)" ဖြစ်နေပါတယ်။

သဘာဝတရားအရ အရာအားလုံးဟာ မျှခြေဖြစ်အောင် ကြိုးစားတဲ့အတွက် လေဖိအားများတဲ့နေရာက လေတွေဟာ လေဖိအားနည်းတဲ့နေရာ ဆီကို အပြေးအလွှား တိုးဝင်လာကြပါတယ်။ အဲဒီလို လေတွေ အရှိန်နဲ့ စီးဝင်လာတာကိုပဲ ကျွန်တော်တို့က "လေတိုက်တယ်" လို့ ခေါ်တာပါ။

ကမ္ဘာကြီး လည်ပတ်မှုနဲ့ Coriolis Effect ကကောလေထုကိုသက်ရောက်မှုရှိလား။

အကယ်၍ ကမ္ဘာကြီးက ငြိမ်နေမယ်ဆိုရင် လေဟာ မြောက်ဝန်ရိုးစွန်းကနေ အီကွေတာဆီကို တည့်တည့်ကြီး စီးဆင်းမှာပါ။ ဒါပေမဲ့ ကမ္ဘာကြီးက သူ့ဝင်ရိုးပေါ်မှာ သူ အရှိန်နဲ့ လည်ပတ်နေပါတယ်။
ဒီလို လည်ပတ်နေတဲ့အတွက် လေတိုက်တဲ့ လမ်းကြောင်းဟာ တည့်တည့်မသွားဘဲ ဘေးကို ယိုင်ထွက်သွားပါတယ်။ ဒါကို Coriolis Effect လို့ ခေါ်ပါတယ်။ မြောက်ဘက်ခြမ်းမှာဆိုရင် လေဟာ လက်ယာရစ် ကွေးသွားပြီး တောင်ဘက်ခြမ်းမှာဆိုရင် လက်ဝဲရစ် ကွေးသွားပါတယ်။ ဒါကြောင့်လည်း မုန်တိုင်းတွေဟာ ဝဲဂယက်ပုံစံ ဖြစ်ပေါ်လာရတာပါ။

နေရာဒေသအလိုက် လေတိုက်ခြင်း (Sea Breeze & Land Breeze) ကကွာခြားသေးလား။

ကမ္ဘာလုံးဆိုင်ရာ လေတိုက်နှုန်းတွေအပြင် ကျွန်တော်တို့ အနီးအနားမှာတင် ခံစားရတဲ့ လေတွေလည်း ရှိပါသေးတယ်။ ဥပမာ - ပင်လယ်ကမ်းခြေမှာ နေ့ဘက်ဆိုရင် ပင်လယ်ဘက်ကနေ ကုန်းဘက်ကို လေတိုက်ခတ်တာမျိုးပါ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ နေ့ဘက်မှာ ကုန်းမြေက ရေထက် ပိုမြန်မြန် ပူလာလို့ပါ။ ကုန်းပေါ်က လေတွေ ပူပြီး အပေါ်တက်သွားတဲ့အခါ ပင်လယ်ဘက်က အေးတဲ့လေတွေက ကုန်းပေါ်ကို တိုးဝင်လာပါတယ်။ ညဘက်မှာတော့ ပြောင်းပြန်ဖြစ်သွားပြီး ကုန်းမြေက ပိုမြန်မြန် အေးသွားတဲ့အတွက် လေက ကုန်းဘက်ကနေ ပင်လယ်ဘက်ကို ပြန်တိုက်ပါတယ်။

ဘာကြောင့် လေက တစ်ခါတလေ အရမ်းပြင်းရတာလဲ။

လေတိုက်တဲ့ အရှိန်ဟာ လေဖိအား ကွာခြားချက်အပေါ်မှာ မူတည်ပါတယ်။ လေဖိအားများတဲ့နေရာနဲ့ နည်းတဲ့နေရာကြားက ကွာခြားချက် (Pressure Gradient) အရမ်းကြီးမားလေလေ၊ လေတိုက်နှုန်းက ပိုပြင်းလေလေပါပဲ။ ဒါကြောင့်လည်း မုန်တိုင်းတွေဖြစ်တဲ့အခါ လေဖိအား အဆမတန် ကျဆင်းသွားပြီး ပြင်းထန်တဲ့ လေတိုက်ခတ်မှုတွေ ဖြစ်ပေါ်လာရတာပါ။

နိဂုံးချုပ်အနေနဲ့ လေဆိုတာ ကမ္ဘာ့မျက်နှာပြင် အပူချိန်မတူညီမှုကြောင့် ဖြစ်ပေါ်လာတဲ့ လေဖိအား မျှခြေညှိခြင်း လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်၊ ကမ္ဘာ့လေထုနဲ့ ကမ္ဘာကြီးရဲ့ လည်ပတ်မှုတို့ ပေါင်းစပ်ပြီး ကျွန်တော်တို့ အသက်ရှူဖို့ လေတွေ၊ ရာသီဥတုတွေကို ဖန်တီးပေးနေတာ ဖြစ်ပါတယ်။ လေသာ မရှိဘူးဆိုရင် ကမ္ဘာကြီးရဲ့ အပူချိန်ဟာ နေရာအနှံ့ ရောက်နေမှာဖြစ်ပြီး သက်ရှိတွေ ရှင်သန်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

Written by Khant Zaw Aung

References

Wind, Wind Information, Facts, News, Photos.

The Coriolis Effect: Four centuries of conflict between common ....

The Coriolis Effect.

Bennett, J. R. (1974, July). On the Dynamics of Wind-Driven Lake Currents. Journal of Physical Oceanography. American Meteorological Society.

Defant, F. (1951). Local Winds. Compendium of Meteorology. American Meteorological Society.

ต้องการให้ธุรกิจของคุณ องค์กร ขึ้นเป็นอันดับหนึ่ง องค์กรไม่แสวงหาผลกำไร ใน Min Buri?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Min Buri
10510