Sitagu TDSA

Sitagu TDSA

Share

နေ့စဉ်တရားဓမ္မပိုစ့်များတွေးတောဆင်ခြင်စရာနှင့်အဆုံးအမများတင်ပေးပါမည်။

Photos from Sitagu TDSA's post 07/04/2026

#ဝါဆိုသင်္ကန်းကပ်ပွဲ_ဖိတ်ကြားလွှာ

မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်အရှင်သူမြတ်တို့အား ပစ္စည်းလေးပါး ဒါနကုသိုလ်ဖြင့် ထောက်ပံ့ပူဇော်နိုင်ရန် ရည်သန်၍ မှ ကြီးမှူးကျင်းပပြုလုပ်မည့် [31] ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ သို့ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

#အလှူတော်အစီအစဉ်

📅 နေ့ရက် - Sunday Juny 26 2026
ဒုတိယဝါဆိုလဆန်း ၁၂ရက် တနင်္ဂနွေနေ့

⏰ အချိန် - နံနက် ၁၁:၀၀ မှ နေ့လည်၂:၃၀ အထိ

📍 နေရာ - Sitagu Buddha Vihara
9001 Honeycomb Dr. Austin
TEXAS , 78737

ဧည့်ပရိသတ်တို့အား #စားသောက်ဖွယ်ရာများဖြင့်ဧည့်ခံကျွေးမွေးလှူဒါန်းလိုကြသောစေတနာရှင်ကုသိုလ်ရှင်များသည် #ကြိုတင်စာရင်းပေး၍သော်လည်ကောင်း #မိမိတို့ကိုယ်တိုင်ယူဆောင်လာ၍သော်လည်းကောင်းလှူဒါန်းကုသိုလ်ပြုနိုင်ပါသည်။

07/02/2026

#နာကျင်မှုတွေကိုရင်မှာထွေးပိုက်မထားပါနဲ့

လူ့ဘဝဆိုတာ နေ့စဉ်နဲ့အမျှ "အဆင်မပြေမှု" တွေနဲ့ပဲ ပုခုံးချင်းတိုက်ပြီး ဖြတ်သန်းနေရတာပါ။ မနက်မိုးလင်းလို့ ဖုန်းဖွင့်လိုက်တာနဲ့ မြင်ရတဲ့ သတင်းဆိုးတွေ၊ လမ်းမပေါ်က စိတ်ပျက်စရာတွေ၊ လုပ်ငန်းခွင်က ဖိစီးမှုတွေနဲ့ အိမ်ပြန်ရောက်ရင်တောင် အေးချမ်းခွင့်မရတဲ့ သောကတွေ။

တစ်ခါတလေ ကျပြန်တော့လည်း ကိုယ်က အကောင်းဆုံးဖြစ်အောင် နေပါလျက်နဲ့ ဘေးနားက လူတွေဆီက စိတ်နာစရာ၊ ဝမ်းနည်းစရာ စကားလုံးတွေ၊ သစ္စာဖောက်ဖျက်မှုတွေကို လက်ဆောင်ရတတ်ပါသေးတယ်။ အဲဒီအခါမျိုးမှာ ဘာလုပ်လေ့ရှိကြလဲ အဲဒီနာကျင်မှုကို ရင်ဘတ်ထဲ ထည့်ထားလိုက်တယ်။ ညဘက် အိပ်ရာဝင်ရင် ပြန်တွေးပြီး ဝမ်းနည်းတယ်။ မနက်အိပ်ရာနိုးရင် ပြန်တွေးပြီး ဒေါသထွက်တယ်။ စိတ်ထဲမှာတင် အဲဒီလူကို အကြိမ်ကြိမ် ကလဲ့စားချေတယ်။ သင်သိရဲ့လား အဲဒါဟာ "သူတပါး တိုက်ကျွေးတဲ့ အဆိပ်ကို ကိုယ့်ရင်ထဲမှာ သိမ်းထားပြီး နေ့တိုင်း ပြန်ပြန်သောက်နေတာ" နဲ့ အတူတူပါပဲ။

လက်ခံလိုက်ပါ စိတ်တိုင်းမကျစရာတွေ ကြုံလာရတဲ့အခါ "ဒါဟာ လောကဓံပဲ၊ ငါတစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူး" လို့ အမှန်အတိုင်း လက်ခံပေးလိုက်ပါ။ ခွင့်လွှတ်လိုက်ပါ ခွင့်လွှတ်တယ်ဆိုတာ တစ်ဖက်လူ အမှားမရှိလို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရင်ဘတ်ထဲက နာကျင်မှု အဆိပ်အတောက်တွေကို ဖယ်ထုတ်ပစ်ချင်လို့ ကိုယ့်ကိုယ်ကိုယ်အတွက် ခွင့်လွှတ်လိုက်တာပါ။ လွှတ်ချလိုက်ပါ ကိုယ်မပြောင်းလဲနိုင်တဲ့ အတိတ်က အဖြစ်အပျက်တွေ၊ ကိုယ်မထိန်းချုပ်နိုင်တဲ့ သူတပါးရဲ့စိတ်နေသဘောထားတွေကို အတင်းလိုက်ပြင်ဖို့ မကြိုးစားပါနဲ့။ ကိုယ်မတတ်နိုင်တဲ့အရာကို လွှတ်ချလိုက်တာဟာ အကောင်းဆုံး ဉာဏ်ပညာပါပဲ။

လောကမှာ "အနိစ္စ" (မမြဲခြင်း)၊ "ဒုက္ခ" (ဆင်းရဲခြင်း)၊ "အနတ္တ" (ကိုယ်မပိုင်ခြင်း) ဆိုတဲ့ သဘာဝတရား သုံးပါးရှိတယ်လို့ ဟောထားခဲ့ပါတယ်။ နာကျင်နေရတာဟာ ဒီသဘာဝတရားတွေကို မျက်ကွယ်ပြုပြီး "ငြင်းဆန်" နေကြလို့ပါ။ "သူ ငါ့ကို ဒီလို မလုပ်သင့်ဘူး" လို့ တွေးနေသရွေ့ နာကျင်နေရဦးမှာပဲ။ ဒါဟာ လောကရဲ့ မမြဲတဲ့ သဘော၊ လူတွေရဲ့ စိတ်ဓာတ်ဖောက်ပြန်တတ်တဲ့ သဘောကို ငြင်းဆန်နေတာပါ။ "အတိတ်က အဆင်ပြေခဲ့တာတွေ ဘာလို့ အခုလို ဖြစ်သွားရတာလဲ" လို့ တွေးနေသရွေ့ ပူလောင်နေရဦးမှာပဲ။ ဒါဟာ အရာရာ ပြောင်းလဲတတ်တဲ့ အနိစ္စ သဘောကို အတင်းဆွဲထားချင်လို့ပါ။

နာကျင်မှုဆိုတာ အပြင်က လာတာ မဟုတ်ပါဘူး။ အပြင်ကလာတာက "အာရုံ" မျှသာ ဖြစ်ပြီး၊ အဲဒီအာရုံကို ကိုယ့်စိတ်က အတင်းဆွဲဖက်ထားပြီး "ငါ့ကို စော်ကားတယ်၊ ငါ့ကို နာကျင်အောင်လုပ်တယ်" ဆိုတဲ့ "ငါ" စွဲ (အတ္တ) ကြီးနေလို့သာ ရင်ထဲမှာ အခဲအလိပ်ကြီး ဖြစ်နေရတာပါ။

အရှိကို အရှိအတိုင်း လက်ခံလိုက်ပါ (သစ္စာတရား) ဖြစ်ပျက်သွားတဲ့ အရာမှန်သမျှဟာ ဖြစ်ခွင့်ရှိလို့ ဖြစ်သွားတာပါ။ အတိတ်ကို သွားပြင်လို့ မရတော့ပါဘူး။ "အော်ဖြစ်သွားပြီပဲ" လို့ လက်ခံလိုက်တာနဲ့တင် ရင်ထဲက ဝန်ထုပ်ကြီး တစ်ဝက်လောက် ပေါ့သွားပါလိမ့်မယ်။
ဘဝဆိုတာ ကပြဇာတ်တစ်ခုပဲလို့ သဘောထားပါ ဒီဘဝမှာ ကြုံရတဲ့ လူတွေဟာ အတိတ်က ကံကြမ္မာအကြွေးတွေ လာတောင်းကြတာ၊ လာဆပ်ကြတာပါ။ တစ်ခါတလေ ကိုယ့်ကို နာကျင်အောင် လုပ်တဲ့သူဟာ ကိုယ့်ကို "သီးခံခြင်း (ခန္တီပါရမီ)" ရင့်သန်အောင် လာပြီး လေ့ကျင့်ပေးတဲ့ ဆရာတစ်ယောက်ပဲလို့ သဘောထားလိုက်ပါ။ သူတို့က ကိုယ့်ကို ပညာလာပေးတာပါ။

ခွင့်လွှတ်ခြင်းဟာ ကိုယ့်အတွက်ပါ
"ငါ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး" လို့ စိတ်ကူးထားရင် အဲဒီလူရဲ့ အရိပ်ဟာ ကိုယ့်နောက်ကို အမြဲလိုက်နေမှာပါ။ ခွင့်လွှတ်လိုက်တယ်ဆိုတာ တစ်ဖက်လူကို ကြောက်လို့ မဟုတ်ဘူး၊ ကိုယ့်ရဲ့ အဖိုးတန်တဲ့ နှလုံးသားထဲမှာ အမုန်းတရားဆိုတဲ့ အမှိုက်တွေကို ဆက်ပြီး နေရာမပေးချင်တော့လို့ "အပြီးအပိုင် နှင်ထုတ်လိုက်တာ" ဖြစ်ပါတယ်။

ဘဝဆိုတာ ခဏတာ ခရီးသွားနေကြတာပါ။ လာတုန်းကလည်း ဗလာကိုယ်ထည်နဲ့ လာခဲ့သလို၊ ပြန်ရင်လည်း ဘာမှယူသွားလို့ မရပါဘူး။ ယူသွားလို့ရတာက ကိုယ်ပြုခဲ့တဲ့ "ကံ" (စိတ်ထား) သန့်ရှင်းမှုပဲ ရှိပါတယ်။ တန်ဖိုးရှိတဲ့ စိတ်ကူးတွေ၊ ပျော်စရာတွေ၊ မေတ္တာတရားတွေနဲ့ပဲ ပြည့်နှက်နေရမယ့် ကိုယ့်ရဲ့ ရင်ဘတ်ကြီးထဲမှာ အမုန်းတွေ၊ နာကျင်မှုတွေ၊ အာဃာတတွေကို အခန်းငှားမထားပါနဲ့တော့။ ဒီနေ့ကစပြီး ရင်ထဲက နာကျင်မှုတွေကို "အနိစ္စ" လို့အသိအမှတ်ပြုပြီး လွှတ်ချလိုက်ပါ။ ဘယ်သူက ဘာပြောပြော ကိုယ့်စိတ်ကလေး အေးချမ်းနေဖို့က အဓိကပါ။

"လွှတ်ချနိုင်သလောက် ပေါ့ပါးပြီး၊ ခွင့်လွှတ်နိုင်သလောက် အေးချမ်းပါလိမ့်မယ်။"

06/12/2026

အတွေးတွေနဲ့ စိတ်အခြေအနေတွေဟာ
သူ့အလိုလို ပေါ်လာပြီး သူ့အလိုလို ပြန်ပျောက်သွားပုံကို စောင့်ကြည့်ပါ။

ဘယ်အတွေးမှ ထာဝရ တည်မြဲမနေဘူးဆိုတာ သတိပြုမိပါလိမ့်မယ်။

မိမိစိတ်အစဉ်ရဲ့ အနိစ္စ မမြဲခြင်း သဘောကို စောင့်ကြည့် သိမြင်ခြင်းအားဖြင့် ကောင်းတဲ့အတွေးတွေကို တွယ်တာတာမျိုး
မကောင်းတဲ့အတွေးတွေကို ကြောက်ရွံ့တာမျိုး မဖြစ်အောင် သင်ယူနိုင်မှာ ဖြစ်ပါတယ်။

06/12/2026
06/10/2026

#အိမ်ဆိုတာအမုန်းတွေသိုလှောင်ရမယ့်နေရာမဟုတ်ဘူး

တစ်နေ့တာလုံး အပြင်က ပင်ပန်းသမျှစိတ်ညစ်စရာတွေကို သယ်ပြီး အိမ်အပြန်လမ်းမှာ သင် ဘာကို မျှော်လင့်မိပါသလဲ အေးချမ်းတဲ့ နားခိုရာတစ်ခုလား ဒါမှမဟုတ် ဒေါသတွေ အမုန်းစကားတွေနဲ့ ရန်ပွဲတွေ ဆီးကြိုနေမယ့် ကွင်းပြင်တစ်ခုလား။ ရုန်းကန်လှုပ်ရှားနေရတဲ့လူ့လောကကြီးက အပြင်မှာတင်တော်တော်လေး ပင်ပန်းဖို့ ကောင်းနေပါပြီ။ ဒါပေမဲ့ စိတ်မကောင်းစရာက အပြင်က ဒဏ်ရာတွေကို ကုစားပေးရမယ့် အိမ်ဆိုတဲ့ နေရာလေးဟာ တချို့သူတွေအတွက်တော့ အမုန်းတရားတွေ စိတ်ကောက်ခြင်းတွေနဲ့ အချင်းချင်း နာကျင်အောင် လုပ်နေကြတဲ့ သိုလှောင်ရုံတစ်ခုလို ဖြစ်နေတတ်တာပါပဲ။ အတ္တာနံ ဥပမံ ကတွာ မိမိကိုယ်ကို အချင်းချင်း နှိုင်းယှဉ်ကြည့်ပါ ဆိုတဲ့ စကားရှိပါတယ်။ ကိုယ့်ကိုတစ်ယောက်ယောက်ကအကြောင်းမဲ့ ဒေါသထွက်ရင် စကားနာထိုးရင် ကိုယ် စိတ်ဆင်းရဲရသလိုပဲ ကိုယ့်ရဲ့ အလိုမကျမှုတွေကြောင့် အိမ်ကလူတွေလည်း ရင်ထဲမှာ အနုမြူဗုံးအသေးစားလေးတွေ ကွဲသလိုမျိုး တိတ်တိတ်လေး ခံစားနေရရှာမှာပါ။ မေတ္တာ ဆိုတာ အဝေးကလူတွေ သတ္တဝါတွေကိုပဲ ပို့သရမှာ မဟုတ်ပါဘူး။ ကိုယ်နဲ့ အနီးဆုံး ကိုယ့်အပေါ် အကြင်နာဆုံးဖြစ်တဲ့ မိသားစုဝင်တွေအပေါ်မှာ အရင်ဆုံး မေတ္တာထားနိုင်မှသာ စစ်မှန်တဲ့ တရားအသိ ဖြစ်ပါတယ်။ ဘဝဆိုတာ သေမင်းနဲ့ နေ့တိုင်း စစ်ခင်းနေရတာပါ။ မနက်ဖြန်မှာ ကိုယ်ကပဲ အရင်ထွက်သွားရမလားအိမ်ကလူတွေကပဲ အရင်နှုတ်ဆက်သွားမလားမသိနိုင်ပါဘူး။ သေခါနီးကျမှ နောင်တရမယ့်အစား အခုရှိနေတဲ့အချိန်လေးမှာ အမုန်းတွေကို အိမ်ထဲကနေ မောင်းထုတ်လိုက်ရအောင်။ နေ့စဉ်ဘဝထဲက မေ့နေတတ်တဲ့ အမှန်တရား မနက်ခင်း အိပ်ရာထချိန်ကစလို့ ညဘက် မီးပိတ်အိပ်တဲ့အထိ မိသားစုဝင်အချင်းချင်း စကားပြောဖြစ်ကြတဲ့အခါ အသုံးအနှုန်းတွေကို သတိထားဖို့ အင်မတန်မှ လိုအပ်ပါတယ်။ နင်ကတော့ အမြဲတမ်းဒီလိုပဲဘာမှ အသုံးမကျဘူး ညည်းနဲ့ ပြောရတာ တကယ် စိတ်ပျက်ဖို့ကောင်းတယ် ဒီလို နေ့စဉ် ကြားနေရတဲ့ စကားလုံးအဆိပ်သင့်မှုတွေဟာ အိမ်သားအချင်းချင်းကြားမှာ စိမ်းသက်ခြင်းတွေကို တဖြည်းဖြည်း တည်ဆောက်လာပါတယ်။ အပြင်လူတစ်ယောက်က ကိုယ့်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရင် ခဏပဲ စိတ်ဆိုးပြီး မေ့ပစ်လို့ရပေမဲ့ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တစ်ယောက်က ပေါ့ဆစွာ ပြောလိုက်တဲ့ နာကျင်စရာ စကားလုံးကတော့ နှလုံးသားထဲမှာ ဓားနဲ့မွှန်းသလို နှစ်ပေါင်းများစွာ အမာရွတ် ထင်ကျန်ရစ်တတ်ပါတယ်။အိမ်ဆိုတာဘာလဲ အိမ်ဆိုတာ အုတ် သဲ ကျောက်တွေနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတစ်ခု မဟုတ်ဘူး။ အချင်းချင်း နားလည်မှု ခွင့်လွှတ်မှုတွေနဲ့ တည်ဆောက်ထားတဲ့ မေတ္တာကမ္ဘာလေး ဖြစ်ရပါမယ်။ အပြင်မှာ ဘယ်လောက်ပဲ အဆင်မပြေမှုတွေ ကြုံခဲ့ပါစေ အိမ်တံခါးကို ဖွင့်လိုက်တာနဲ့ လုံခြုံမှုနဲ့ နွေးထွေးမှုကို ခံစားရစေချင်တာ အိမ်သားတိုင်းရဲ့ တောင်းတချက်ပါ။ ဒါပေမဲ့ အိမ်ကို ပြန်ရောက်တာနဲ့ မျက်နှာဆူဆူ စကားနာထိုးသံတွေ အပြစ်တင်သံတွေနဲ့ပဲ ဆီးကြိုနေမယ်ဆိုရင် အဲဒီအိမ်ဟာ နားခိုရာ မဟုတ်တော့ဘဲ ထောင်တစ်ခုလို မွန်းကျပ်စရာ ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ အဖေ အမေ ဇနီး ခင်ပွန်းသားသမီး ဒါမှမဟုတ် ညီအစ်ကို မောင်နှမတွေနဲ့ ဒီလိုမျိုး တစ်အိမ်တည်းမှာ အတူတူ ဆုံတွေ့ခွင့်ရဖို့ ဘဝသက်တမ်းဟာ ဘယ်လောက်တောင် ကျန်ဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ မနက်ဖြန်မှာ ဘာဖြစ်မယ်မှန်းမသိတဲ့ ဒီလူ့ဘဝတိုတိုလေးထဲမှာ မာနတွေ ရှေ့တန်းတင်ပြီး စိတ်ကောက်နေဖို့ အချိန်မရှိပါဘူး။ ဒေါသတွေကို သိုလှောင်ပြီး အမုန်းပွားနေဖို့ မတန်ပါဘူး။ ကိုယ့်ဘက်က မှန်နေရင်တောင် မိသားစု အဆင်ပြေဖို့အတွက် အလျော့ပေးလိုက်ခြင်းဟာ ရှုံးနိမ့်ခြင်း မဟုတ်ပါဘူး။ မေတ္တာတရားကို ဦးစားပေးခြင်းက အောင်နိုင်ခြင်း အေးမြခြင်းပဲဖြစ်ပါတယ်။ အမုန်းတွေကို ဖယ်ရှားပြီး အေးချမ်းတဲ့အိမ်လေး တည်ဆောက်ကြပါစို့။ အိမ်ကို အမုန်းတွေ သိုလှောင်တဲ့နေရာ မဖြစ်စေချင်ဘူးဆိုရင် ဒီနေ့ကစပြီး ဒါလေးတွေကို လက်တွေ့ပြောင်းလဲကြည့်ပါ။ အပြစ်တင်မယ့်အစား အသိအမှတ်ပြုပေးပါ အမှားတစ်ခုကို ထိုင်ပြီး အပြစ်တင်နေမယ့်အစား နောက်တစ်ခါ သတိထားတာပေါ့ ဆိုတဲ့ အားပေးစကားနဲ့ လဲလှယ်လိုက်ပါ။ နားထောင်ပေးပါ တစ်ယောက်နဲ့တစ်ယောက် စကားတွေ အပြိုင်အဆိုင် ပြောပြီး ရန်ဖြစ်မယ့်အစား တစ်ဖက်လူရဲ့ ခံစားချက်ကို သေသေချာချာ နားထောင်ပေးပါ။ ချစ်တတ်ရုံတင်မကဘဲ ပြသဖို့လည်း လိုအပ်ပါတယ်။ ငါ စိတ်ဆိုးတာ သူတို့ကို ချစ်လို့ပေါ့ ဆိုတဲ့ ဆင်ခြေနဲ့ ဒေါသထွက်မယ့်အစား နူးညံ့တဲ့ စကားလုံး နွေးထွေးတဲ့ အပြုံးတွေနဲ့ မေတ္တာကို ဖော်ပြပေးပါ။ အိမ်ပြန်ရမှာကို ပျော်နေတဲ့ အိမ်သားတွေ ဖြစ်ဖို့ဆိုတာ အိမ်ထောင်ဦးစီးတစ်ယောက်တည်း ဒါမှမဟုတ် လူတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ အိမ်သားအားလုံးရဲ့ စိတ်ရှည်မှုနဲ့ မေတ္တာတရားတည်ဆောက်မှုတွေ လိုအပ်ပါတယ်။ ဒီနေ့ အိမ်ကို ပြန်ရောက်တဲ့အခါ အမုန်းတွေ စိတ်ဆိုးတာတွေကို တံခါးအပြင်မှာ ထားခဲ့ပြီး ကိုယ့်မိသားစုကို နွေးထွေးတဲ့ အပြုံးတစ်ခုနဲ့ နှုတ်ဆက်လိုက်ပါဦး။

ငါ အပြင်မှာ ဘယ်လောက်ပင်ပန်းလာလဲ နင်တို့သိလား ဆိုတဲ့ အတ္တစကားလုံးတွေနဲ့ အိမ်သားတွေကို ဓားလှံတွေလို ထိုးဆွတယ်။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိပါစေ။

06/09/2026

#ကျေးဇူးသိတတ်ခြင်းကပေးတဲ့ဘဝအလှတရား

အပြင်လောကက လူတွေနဲ့ စကားပြောလိုက်တိုင်း အားလုံးဆီကနေ ညည်းတွားသံတွေကိုပဲ ခပ်စိပ်စိပ် ကြားလာရပါတယ်။ ကျပ်တည်းလိုက်တာ ပင်ပန်းလိုက်တာ ငါ့ဘဝက ဘာလို့ ဒီလောက် ကံဆိုးရတာလဲစတဲ့ စိတ်ပျက်အားလျော့မှုတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ လက်ရှိလူဘဝရဲ့ အမှန်တရားတစ်ခုလို ဖြစ်နေပါပြီ။ အားလုံးဟာ ပိုကောင်းတဲ့အနာဂတ် ဆိုတဲ့ ပန်းတိုင်နောက်ကို မောပန်းတကြီး ပြေးလိုက်ရင်း တစ်ဖက်မှာလည်း သူတစ်ပါးနဲ့ နှိုင်းယှဉ်ခြင်း ဆိုတဲ့ စိတ်ဒဏ်ရာတွေကို ကိုယ်စီပိုက်ထားကြရပါတယ်။ စည်းစိမ်ဥစ္စာတွေ အောင်မြင်မှုတွေအဆင့်အတန်းတွေကို လိုက်ကြည့်ပြီး မရှိတာကို တောင့်တတဲ့ လောဘနဲ့မရနိုင်လို့ စိတ်တိုရတဲ့ဒေါသကြားမှာပဲ ဘဝကို ကုန်ဆုံးစေခဲ့ကြတာ များလှပါပြီ။ ဒီလို ပူလောင်မွန်းကျပ်နေတဲ့ စိတ်နှလုံးကို အေးချမ်းသွားစေဖို့အတွက် တန်ဖိုးအရှိဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံး တရားဆေးတစ်ခွက် ရှိပါတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး မိမိဘဝထဲမှာ ရှိနှင့်နေပြီးသား အရာလေးတွေကို ပြန်လည်မြင်တတ်တဲ့ ကျေးဇူးသိတတ်ခြင်းရဲ့အလှတရားပဲဖြစ်ပါတယ်။ မရှိတာကို ငေးမောခြင်းနဲ့ ရှိတာကို မေ့လျော့ခြင်း လူ့သဘာဝဟာ အဝေးက အရိပ်ကို လှမ်းဖမ်းရတာကို သဘောကျပြီး မိမိလက်ထဲက အရှိတရားကိုတော့ တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဘေးလူရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး အားကျနေချိန်မှာ ကိုယ့်ရဲ့အနီးနားမှာ ရှိနေတဲ့ စစ်မှန်တဲ့အရာတွေကို သတိမထားမိတော့ပါဘူး။ တရားသဘောအရ ကြည့်ရင် လောကမှာ ပြီးပြည့်စုံတဲ့အရာရယ်လို့ မရှိပါဘူး။ ဘုရင်ပဲဖြစ်ဖြစ် သူဌေးပဲဖြစ်ဖြစ် လူတိုင်းမှာ ကိုယ်စီသော ပူပန်မှုတွေ ရှိကြတာပါပဲ။ ဒါပေမဲ့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်က အရာအားလုံး ပြည့်စုံနေခြင်းမှာ ရှိတာမဟုတ်ဘဲ ရှိနေတဲ့အရာလေးတွေအပေါ် ကျေးဇူးတင်တတ်ခြင်းမှာပဲ ရှိပါတယ်။ မနက်မိုးလင်းလို့ မျက်စိပွင့်လာတဲ့အခါ ကမ္ဘာပေါ်မှာ ဒီနေ့မနက်ခင်းကို မြင်ခွင့်မရတော့တဲ့ လူပေါင်းများစွာထဲမှာ ကိုယ်မပါဝင်ဘဲ အသက်ရှင်ခွင့် ရသေးလို့ ကိုယ့်ခန္ဓာကိုယ်ကို ကျေးဇူးတင်ပါ။ မောပန်းတဲ့နေ့ရက်တွေရဲ့ အဆုံးမှာကိုယ့်ကို နွေးနွေးထွေးထွေး ကြိုဆိုမယ့် မိသားစုနဲ့ အိမ်ဂေဟာလေး ရှိနေသေးလို့ ကျေးဇူးတင်ပါ။ ထမင်းတစ်နပ်ကို မြိန်ဟင်းနဲ့မစားရရင်တောင်ဗိုက်ဆာတဲ့အချိန်မှာ တူတူစားဖို့ အဖော်မွန် ရှိနေတာကိုပဲ ကျေးဇူးတင်လိုက်ပါ။ အပြစ်တင်တတ်တဲ့ မျက်လုံးနဲ့ကြည့်ရင် လောကကြီးက အကျည်းတန်နေမှာဖြစ်ပြီး ကျေးဇူးတင်တတ်တဲ့ မျက်လုံးနဲ့ကြည့်ရင်တော့ ဘဝဟာ နေရာတိုင်းမှာ လှပနေပါလိမ့်မယ်။ ကတညုတ ဟူသည် အတ္တကို ခွာချခြင်း။ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်ထဲမှာ ကတညုတာစ ပြုဖူးသူ၏ကျေးဇူးကိုသိခြင်း ဆိုတာ အလွန်မွန်မြတ်တဲ့ မင်္ဂလာတစ်ပါးပါ။ လက်ရှိခေတ်ကြီးမှာ လူတွေဟာ အတ္တအရမ်းကြီးမားလာကြပါတယ်။ ငါ့ပိုက်ဆံနဲ့ ငါဝယ်စားတာ ငါ့အရည်အချင်းကြောင့် ငါဒီနေရာရောက်တာ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ဗဟိုပြုတွေးတောလာကြပါတယ်။ ကိုယ်နေ့စဉ်စားနေတဲ့ ဆန်တစ်စေ့ဟာ လယ်သမားရဲ့ ချွေးစက်ပါ။ကိုယ်ဝတ်ထားတဲ့ အင်္ကျီတစ်ထည်ဟာ စက်ရုံအလုပ်သမားရဲ့ လုပ်အားပါ။ ဒီလို လောကအပေါ် အပြန်အလှန် ကျေးဇူးတင်စရာတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါ ငါဆိုတဲ့ အတ္တမာနတွေ လျော့ကျသွားပြီး ပတ်ဝန်းကျင်အပေါ် ကရုဏာနဲ့ မေတ္တာစိတ်တွေ အလိုလို ကိန်းအောင်းလာပါလိမ့်မယ်။ သူတစ်ပါးကို ကျေးဇူးတင်တတ်တဲ့သူဟာ ဘယ်တော့မှ စိတ်ပုပ်တဲ့သူ မဖြစ်နိုင်ပါဘူး။ လောကဓံဆိုးတွေကြားက ပါရမီအလှဘဝဆိုတာ နေသာတဲ့ရက်တွေချည်းပဲ ရှိတာမဟုတ်ပါဘူး။ တစ်ခါတလေ မုန်တိုင်းထန်မယ်စိတ်ပျက်စရာတွေ ကြုံရမယ်၊ ကိုယ့်အပေါ် မကောင်းတဲ့သူတွေနဲ့ ဆုံရပါလိမ့်မယ်။ ဒါဟာ ရှောင်လွှဲလို့မရတဲ့ လောကဓံရဲ့ သဘာဝတရားပါ။ ထူးခြားတာက ကျေးဇူးသိတတ်ခြင်းရဲ့ စွမ်းအားဟာ အကောင်းတွေကိုပဲ ကျေးဇူးတင်တတ်တာမဟုတ်ဘဲ၊ အဆိုးတွေထဲကနေလည်း အကောင်းကို မြင်အောင်ကြည့်နိုင်တဲ့ အဆန်းပြားဆုံး ဉာဏ်ပညာ ဖြစ်နေတာပါပဲ။ ကိုယ့်အပေါ် သစ္စာဖောက်သွားတဲ့သူကို လူတွေရဲ့ သဘာဝကို ပိုနားလည်အောင် သင်ခန်းစာပေးခဲ့လို့ ကျေးဇူးတင်လိုက်ပါ။ ကိုယ့်ကို ဒုက္ခပေးတဲ့သူကို ကိုယ့်ရဲ့ခန္တီပါရမီ သည်းခံခြင်းကိုစမ်းသပ်ပေးလို့ ကျေးဇူးတင်လိုက်ပါ။ စီးပွားရေး အဆင်မပြေမှုတွေကို ဘဝရဲ့ အနိစ္စသဘောနဲ့ ရောင့်ရဲခြင်းရဲ့ တန်ဖိုးကို သိစေခဲ့လို့ ကျေးဇူးတင်လိုက်ပါ။ နာကျင်မှုတွေကြားကနေ သင်ခန်းစာကို ရှာဖွေပြီး ကျေးဇူးတင်လိုက်တဲ့အခါ အဲဒီနာကျင်မှုဟာ သင့်ကို ဖျက်ဆီးမယ့်ဓားမဟုတ်တော့ဘဲ သင့်ကို ပိုမိုရင့်ကျက်တောက်ပစေမယ့် ကျောက်သွေးကျောက် ဖြစ်သွားပါလိမ့်မယ်။ ပစ္စုပ္ပန်တည့်တည့်က အစစ်မှန်ဆုံး ချမ်းသာခြင်း သန္တုဋ္ဌီစ မိမိ၌ရှိသော ပစ္စည်းဖြင့် ရောင့်ရဲခြင်းကို အကောင်းဆုံးသော ချမ်းသာခြင်းလို့ ပြဆိုထားပါတယ်။ မချမ်းသာသေးလို့ စိတ်ဆင်းရဲနေရတာ မဟုတ်ပါဘူး မရောင့်ရဲနိုင်သေးလို့ စိတ်ဆင်းရဲနေရတာပါ။ ကျေးဇူးသိတတ်တဲ့စိတ်ရှိတဲ့သူဟာ အမြဲတမ်းပစ္စုပ္ပန်တည့်တည့်မှာ ရှင်သန်ပါတယ်။ အတိတ်က နောင်တတွေထဲမှာလည်း အချိန်မဖြုန်းဘူး မရောက်သေးတဲ့ အနာဂတ်အတွက်လည်း ကြိုပြီး ပူလောင်မနေပါဘူး။ လက်ရှိအချိန် လက်ရှိစက္ကန့်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ ရိုးရှင်းတဲ့အရာလေးတွေ ကိုပဲ ရောင့်ရဲကျေနပ်ပြီး ကျေးဇူးတင်နေတတ်တာကြောင့် သူတို့ရဲ့နှလုံးသားဟာ အမြဲတမ်း ငြိမ်းအေးနေပါတယ်။ ဘဝကြီးက ပြီးပြည့်စုံမနေရင်တောင်မှ ကျေးဇူးတင်စရာ အကြောင်းပြချက်လေးတွေတော့ အမြဲတမ်း ရှိနေပါတယ်။ လောကကြီးက ကိုယ့်ကို ဘာတွေ ပြန်ပေးမလဲလို့ပဲ တောင်းဆိုနေမယ့်အစား ကိုယ်က လောကကြီးအပေါ် ဘာတွေ ကျေးဇူးတင်လို့ရမလဲဆိုတာလေးကို ပြောင်းလဲတွေးတောကြည့်ပါ။ ဒီနေ့ည အိပ်ယာမဝင်ခင်မှာ ကိုယ့်ဘဝအတွက် ကျေးဇူးတင်စရာအချက် (၃) ချက်လောက်ကို စိတ်ထဲကနေ ရေတွက်ပြီးမှ အိပ်စက်ကြည့်ပါ။ ပူလောင်မှုတွေ လွင့်စင်ပြီး အိပ်စက်ခြင်းဟာ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိပြီး လှပသွားမလဲဆိုတာ သင့်နှလုံးသားက ကိုယ်တိုင် ခံစားသိရှိလာပါလိမ့်မယ်။

ကျေးဇူးသိတတ်ခြင်းရဲ့ အလှတရားဟာ သင့်ရဲ့ပူလောင်နေတဲ့ နှလုံးသားကို ငြိမ်းအေးစေပြီး လက်ရှိဖြတ်သန်းနေရတဲ့ ဘဝခရီးလမ်းကို ပိုမိုတောက်ပပြီး အဓိပ္ပာယ်ရှိစေမှာ အမှန်ပါပဲ။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိပါစေ။

Photos from Sitagu TDSA's post 06/07/2026

#အလှူအောင်ပွဲ

အိပ်မက်တွေ တကယ်ဖြစ်လာတဲ့နေ့ သားလေးတွေ ကို ကိုရင်ဝတ်နဲ့ ကြည့်ပြီး ကြည်နူးလို့မဆုံးတော့ဘူး။ မိဘတစ်ယောက်ရဲ့ ဘဝမှာ အပျော်ဆုံးနဲ့ အပီတိအဖြစ်ရဆုံး နေ့ရက်တစ်ရက်ကို ပြပါဆိုရင် သားလှရတနာလေးတွေကို
သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်တဲ့ ရှင်ပြုမင်္ဂလာ အောင်ပွဲလေးပါပဲ။ မိဘတစ်ယောက်အနေနဲ့ သားလေးရဲ့ ဦးခေါင်းကေသာကို သာသနာ့အမွေအဖြစ် လှူဒါန်းခွင့်ရခဲ့လို့ ရင်ထဲမှာ ပြောမပြတတ်အောင် ကြည်နူးဝမ်းသာပီတိတွေဖြစ်ရပါတယ်။ လူကိုယ်တိုင်ရောစိတ်ရော ဝိုင်းဝန်းကူညီပေးကြတဲ့သူတွေ အားလုံးမပါရင် ဒီလိုအောင်ပွဲမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ သင်တို့ရဲ့ ကူညီမှုတွေကြောင့် အလှူလေးက ပိုမိုပြည့်စုံပြီး အောင်မြင်ခဲ့ရပါတယ်။ အလှူရဲ့ ကုသိုလ်အဖို့ဘာဂကိုလည်း အားလုံး ထပ်တူရစေဖို့ မျှဝေပေးလိုက်ပါတယ်။ဗြဟ္မာ နတ် လူ အားလုံး သတ္တဝါတွေ သာဓုခေါ်စေဖို့နဲ့ ဒီအလှူရဲ့ စေတနာအကျိုးအားလုံးကို ရပ်နီးရပ်ဝေးက မိတ်ဆွေသူငယ်ချင်းများအားလုံး ထပ်တူထပ်မျှ ရရှိကြပါစေကြောင်း အမျှပေးဝေလိုက်ပါတယ်။

သာဓု... သာဓု... သာဓုပါ။

06/05/2026

#ဒီရက်ပိုင်းစိတ်ညစ်နေလား

ဒီရက်ပိုင်း ဘာတွေပဲ အဆင်မပြေဖြစ်ဖြစ် ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ များနေပါစေအခု ဒီစာလေးကို ဖတ်နေတဲ့ မိနစ်ပိုင်းလေးမှာတော့ အားလုံးကိုခဏလောက် မေ့ထားလိုက်ပါဦး။ အဆင်ပြေရဲ့လားလို့ မေးလာရင် အားနာပါးနာနဲ့ ပြေပါတယ်လို့ပဲ ပြန်ဖြေလိုက်ရပေမယ့် တကယ်တော့ ရင်ဘတ်ထဲမှာ ကိုယ်စီအပူတွေနဲ့ မောဟိုက်နေကြတာ ချည်းပါပဲ။ ဘဝကို အားသွန်ခွန်စိုက် ရုန်းကန်နေရတာချင်း အတူတူ ဘာလို့ ငါ့ကျမှ ပိုပင်ပန်းနေရတာလဲလို့ တွေးပြီး စိတ်ပျက်အားငယ်နေမိတယ်။ ဘယ်အရာကိုမှ လက်မလွှတ်နိုင်ဘဲ အရာရာကို အတင်းအဓမ္မ ထိန်းချုပ်ချင်စိတ်တွေကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပိတ်လှောင်ထားမိသလားပဲ။တကယ်တော့ လူသားတိုင်း ကြုံတွေ့နေရတဲ့ စိတ်ညစ်မှုဆိုတာ အပြင်ဘက်ကလာတဲ့အရာထက် ကိုယ့်ရဲ့အမြင်နဲ့ အတွေးကြောင့် ဖြစ်တာက ပိုများပါတယ်။စိတ်ဆင်းရဲရတဲ့ အဓိက အကြောင်းရင်းက လောကကြီးကို ကိုယ့်စိတ်ကြိုက်လိုက်ပြင်ချင်နေလို့ပါ။ စီးပွားရေးကလည်း ငါဖြစ်ချင်သလို ဖြစ်ရမယ် ပတ်ဝန်းကျင်ကလူတွေကလည်း ငါ့ကို နားလည်ပေးရမယ် ရာသီဥတုနဲ့ အခြေအနေတွေကလည်း ငါ့အတွက် အဆင်ပြေနေရမယ်ဆိုတဲ့ မျှော်လင့်ချက် အမှားကြီးကို ပိုက်မိထားလို့ပါပဲ။ လောကကြီးရဲ့ သဘာဝကိုက အနတ္တ ကိုယ်မပိုင် ကိုယ့်အလိုအကျအတိုင်းမဖြစ်ဘူးလေ။ ကိုယ့်ခန္ဓာကိုယ်ကြီးတောင်မှ မအိုပါနဲ့ မနာပါနဲ့လို့ ပြောလို့မရဘဲ သူ့သဘာဝအတိုင်း သူသွားနေတာ။ အပြင်ဘက်က စီးပွားရေး လူမှုရေးတွေကတော့ ဝေးရောပေါ့။ ဖြစ်ချင်တဲ့ဆန္ဒ တဏှာပြင်းပြလေလေ မဖြစ်လာတဲ့အခါ ခံစားရတဲ့ စိတ်ဒုက္ခက ကြီးမားလေလေပါပဲ။ အရာရာကို ကိုယ့်စိတ်ကြိုက် လိုက်ပြင်ဖို့ ကြိုးစားမယ့်အစား ကိုယ့်ရဲ့ မျှော်လင့်ချက်ကို လျှော့ချပြီး အခြေအနေမှန်ကို လက်ခံလိုက်တာဟာ စိတ်ချမ်းသာခြင်းရဲ့ အစပျိုးခြင်းပါပဲ။ တစ်နေ့တာလုံးမှာ အာရုံ ၆ ပါးနဲ့ အမြဲထိတွေ့နေရပါတယ်။ ကောင်းတာလေး ကြုံရင် ပျော်တယ် လောဘ မကောင်းတာကြုံရင် စိတ်တိုတယ် ညစ်တယ် ဒေါသ။ ဒါကို တရားသဘောအရ ဧည့်သည်တရားတွေလို့ ခေါ်ပါတယ်။ မနက်ခင်းမှာ ကြုံရတဲ့ စိတ်ညစ်စရာဟာ ညနေအထိ မပါလာပါဘူး။ ညနေမှာ ကြုံရတဲ့ သောကဟာလည်း မနက်ဖြန်အထိ ရှိမနေနိုင်ပါဘူး။ ဒါပေမဲ့ အများစုက အဲဒီဧည့်သည်တွေကို အိမ်ဦးခန်းထဲထိ ခေါ်သွင်းပြီး အိမ်ရှင်အဖြစ် နေရာပေးလိုက်ကြတယ်။ ပြီးတော့ အတိတ်က အဆင်မပြေမှုတွေကို အထုပ်ကြီးတစ်ထုပ်လို ကျောပိုးပြီး ရှေ့ဆက်နေကြလို့ လမ်းမှာ မောနေရတာပါ။ ဘဝဆိုတာ အာရုံတွေ လာပြီးရင် ပြန်ပျောက်သွားတဲ့ လမ်းမကြီးတစ်ခုလိုပါပဲ။ ကောင်းတာလာလည်း ခဏ ဆိုးတာလာလည်း ခဏ။ ဘာကိုမှ အမြဲတမ်းပိုင်ဆိုင်ထားလို့ မရတဲ့အတွက် ဘာကိုမှ အသည်းအသန် သယ်ပိုးမထားပါနဲ့တော့။ အပြင်မှာ မိုးတွေ ဘယ်လောက်ပဲ ရွာရွာ ကိုယ့်အိမ်ခေါင်မိုး လုံနေရင် မစိုးရိမ်ရသလိုပါပဲ။ အပြင်လောကကြီးက ဘယ်လောက်ပဲ ရှုပ်ထွေးဆူညံနေပါစေ ကိုယ့်ရဲ့ အတွင်းစိတ်ကလေး ငြိမ်းချမ်းနေရင်ဘယ်လောကဓံကမှ ဖျက်ဆီးလို့ မရပါဘူး။ စိတ်ညစ်စရာတွေ ကြုံလာတိုင်း အပြင်ဘက်က လူတွေကို အပြစ်တင်မယ့်အစား ကိုယ့်စိတ်ထဲကို ပြန်ငုံ့ကြည့်ပါ။ ငါ့စိတ်ထဲမှာ ဒေါသတွေ ထွက်နေပြီလား ငါ့စိတ်ထဲမှာ စိုးရိမ်စိတ်တွေ လွန်ကဲနေပြီလား ဒီလို သတိလေးနဲ့ ပြန်ကြည့်ပေးရုံနဲ့တင် အဲဒီအပူလှိုင်းတွေဟာ တဖြည်းဖြည်း ငြိမ်းအေးသွားတတ်ပါတယ်။ စိတ်ညစ်စရာ ကြုံရတာဟာ အကုသိုလ်ကံကြောင့် ဖြစ်နိုင်ပေမယ့် အဲဒီအပေါ်မှာ ထပ်ပြီး စိတ်ညစ်နေတာကတော့ သတိမရှိလို့ ဖြစ်ရတဲ့ လက်ရှိအမှားပါ။ စိတ်ညစ်စရာတွေထဲမှာပဲ အမြဲနစ်မွန်းမနေပါနဲ့။ ဒီနေ့ဟာ ကမ္ဘာကြီးပေါ်မှာ လူပေါင်းများစွာအတွက် နောက်ဆုံးနေ့ ဖြစ်သွားခဲ့ပါပြီ။ အသက်ရှူခွင့် တရားဓမ္မကို နှလုံးသွင်းခွင့် အမှားတွေကို ပြန်ပြင်ခွင့် ရနေသေးတာမို့လို့ တကယ်တော့ ကံကောင်းလွန်းလှပါတယ်။ အရာရာဟာ ဖြစ်ပြီးရင် ပျက်သွားတာချည်းပါပဲ ဒီရက်ပိုင်း စိတ်ညစ်နေတာတွေဟာလည်း မကြာခင် အတိတ်တစ်ခု ဖြစ်သွားပါလိမ့်မယ်။ လူသားတိုင်း စိတ်ရဲ့ လှောင်အိမ်ကနေ ရုန်းထွက်နိုင်ပြီး ရှိနေတဲ့ပစ္စုပ္ပန်အချိန်လေးမှာ အေးချမ်းစွာနဲ့ အသက်ရှူနိုင်ကြပါစေ။ ကိုယ့်စိတ်ကလေးကို သနားပြီး ဝန်ထုတ်ဝန်ပိုးတွေကို လွှတ်ချနိုင်ကြပါစေ။

လွှတ်ချတယ်ဆိုတာ အရှုံးပေးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ စိတ်ကလေးကို အပူလောင်မခံဘဲ ကာကွယ်စောင့်ရှောက်လိုက်တာ ဖြစ်ပါတယ်။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိပါစေ။

Photos from Sitagu TDSA's post 06/03/2026

#ရင်ထဲမှာသာဓုသံတွေထပ်ခါထပ်ခါခေါ်လို့မဝဖြစ်နေရတဲ့နေ့

ကိုနိုင်ဝေလင်း + မဆုဆုပိုင် မိသားစုရဲ့ သားလှရတနာလေး မောင်ဆက်မင်းနိုင် ရဲ့ရှင်ပြုမင်္ဂလာပွဲအောင်အောင်မြင်မြင်နဲ့ ပြီးမြောက်သွားခဲ့ပါပြီ။ အလှူဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ပုံလေးတွေကြည့်ပြီး ချစ်မိတ်ဆွေများအားလုံး သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

အိပ်မက်တွေ တကယ်ဖြစ်လာတဲ့နေ့ သားလေး ကိုရင်ဝတ်နဲ့ ကြည့်ပြီး ကြည်နူးလို့မဆုံးတော့ဘူး။

Want your business to be the top-listed Media Company in Austin?
Click here to claim your Sponsored Listing.

Category

Website

Address

9001 Honeycomb Dr,
Austin, TX
78737