KHINE MAUNG YI
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KHINE MAUNG YI, Public Figure, Kyimyindine Strand Road, Ahlone.
11/09/2025
ဒေါက်တာအေးမောင်ကို လွှတ်ငြိမ်းချမ်းသာခွငွ့်အမိန့်ဖြင့်လွတ်ပေးလိုက်ပြီ
19/07/2025
ဒီနေ့မနက် သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ သက်သတ်လွတ်အာရုံဆွမ်းကပ်လှူခြင်း၊ ပစ္စည်းလေးပါးနှင့်နဝကမ္မလှူဒါန်းခြင်း၊ အောင်ဘုန်းပွင့်ရာသက်ပန်သက်သတ်လွတ်ကျောင်း နဂါးရုံဘုရားပြုပြင်မွမ်းမံရန်အလှူငွေသုံးသိန်းကပ်လှူခြင်း ကုသိုလ်အစုစုပြုပါတယ်။အလုပ်များတဲ့ကြားထဲ အရေးပေါ်ကိစ္စလေးတွေကြောင့် ဝါဆိုသင်္ကန်းကပ်လှူ၊သံဃာတော်များထံက ပရိတ်တရားနာယူ၊အမျှအတန်းဝေငှ စသဖြင့်ကို အာဇာနည်နေ့မှာပဲ ပေါင်းစုလုပ်ဖြစ်ပါတယ်။ မိတ်ဆွေသင်္ဂဟအပေါင်းတို့ကို ကုသိုလ်ထပ်တူ အတူတကွရကြစေရန် အမျှပေးဝေပါတယ်။
အားလုံးကိုယ်ကျန်းမာ၊စိတ်ချမ်းသာ၍ ဘေးရန်ကင်းကြပါစေ။
22/05/2025
ကိုယ်တိုင်ပြန်ပြန်ဖတ်မိနေတဲ့ ကျွန်တော့်ဆောင်းပါး
20/05/2025
*ကိုနေဝင်း(သို့မဟုတ်)လွယ်အိတ်ကြီး*
တမလွန်ကိုထွက်ခွာသွားပြီဖြစ်တဲ့ ဒေါက်တာနေဝင်းရဲ့ ရက်လည်နေ့ကုသိုလ်ကို သူ့ဇနီးနဲ့အတူ သူနောက်ဆုံးနေထိုင်ခဲ့တဲ့ဂျပန်လမ်းအိမ်မှာ ဒီနေ့ပြုလုပ်ပါတယ်။မနက်၁၀နာရီကနေ နေ့လည် ၁၂နာရီအထိ ကိုနေဝင်းကို ချစ်ခင်လေးစားကြသူများနဲ့အတူ ကျွန်တော်ရှိနေခဲ့ပါတယ်။ ကိုနေဝင်းအတွက်အဲလောက်ပဲလုပ်ပေးနိုင်တာမို့ ကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်ရပါတယ်။ ကိုနေဝင်းနဲ့ကျွန်တော်တို့ရဲ့ ဘဝတစိတ်တပိုင်းကို မှတ်မိသလောက် စကားလုံးစီကြည့်ပါရစေ။
၁၉၉၀ခုနှစ် မေလ(၂၇)ရွေးကောက်ပွဲအပြီး၊ ဇွန်လမှာ ရန်ကုန်အင်းစိန်ကနေ မန္တလေးနန်းတွင်းနရသိန်ကို နိုင်ငံရေးသမား ၆၄ဦး ပြောင်းရွေ့ရာမှာ သီးသန့်ဆောင် တိုက်(၁)မှာ ၉ဦးထားပါတယ်။ အဲဒီအချိန်မှာကိုနေဝင်းနဲ့သူတို့အဖွဲ့တွေအကြောင်း ကျွန်တော်စတင်သိခဲ့ရတယ်။ တစ်လအကြာ မန္တလေးနန်းတွင်း နရသိန်ရဲ့ သီးသန့်ဆောင်မှာရှိနေတဲ့ နိုင်ငံရေးသမားတွေကို မြင်းခြံနရသိန်ကို ထက်ဝက်ခွဲပြီးပို့တော့လည်း ကိုနေဝင်းရောကျွန်တော်ပါ အတူရောက်ခဲ့ရတယ်။ နိုင်ငံရေးသမားကရောက်လေရာမှာနိုင်ငံရေးလုပ်တာထုံးစံပဲမို့ မြင်းခြံနရသိန်ထဲမှာ အကြိမ်ကြိမ်နိုင်ငံရေးလုပ်ခဲ့တာဘာမှမဖြစ်ခဲ့ပေမဲ့ ကိုယ့်အချင်းချင်း မညီညွှတ်တဲ့ကိစ္စအပါအဝင် အခြားကိစ္စတွေလည်းဖြစ်လာကြတော့ မြင်းခြံကနေ နေရာအသီးသီးကိုထပ်ပြီးပြောင်းရွေ့ခံရပြန်တယ်။ ကျွန်တော်ကမိတ္ထီလာရောက်သွားပြီး ကိုနေဝင်းကမန္တလေးနန်းတွင်းနရသိန်ကိုပါသွားတယ်လိုကြားလိုက်ရပေမဲ့ သေချာမသိခဲ့ရပါ။
၁၉၉၂ခုနှစ်နှစ်လည်လောက် မန္တလေးနန်းတွင်းနရသိန်ကို ဒုတိယအကြိမ်ကျွန်တော်ရောက်ခဲ့ပြန်တယ်။ဒီတစ်ခါတော့သီးသန့်ဆောင်မဟုတ်ဘဲ ကြိုးတိုက်ဖြစ်နေတယ်။ တစ်ယောက်ထဲ ကြိုးစဥ်ဘေးကပ်လျက်အခန်းဖြစ်တဲ့အခန်းနံပတ်(၁၀)မှာ လနဲ့ချီကြာ နေလာရာကနေ ကြိုးတိုက်အခန်း ၁၀ခန်းလုံးမှာရှိတဲ့သူတွေထဲက မြင်းခြံကပြောင်းလာသူကိုပြန်စုပြီးထားလို့ ကျွန်တော်ရယ်ကိုနေဝင်းရယ် မြင်းခြံကဦးပဇ္ဇင်းသုံးပါးရယ် အတူနေကြရပြန်တယ်။ ကိုနေဝင်းမှာက သံချောင်း၄ချောင်းတပ်ခြေကျင်း၊ ကျွန်တော့်မှာက သံချောင်း ၄ချောင်းတပ်ခြေကျင်းနဲ့ သံချောင်း၂ချောင်းပူးကန့်လန့်ဒေါက် ၂ချောင်း ကိုယ်စီရှိနေကြတယ်။
အဲဒီကာလတွေမှာ နာမကျန်းဖြစ်တာအပါအဝင် ဒုက္ခတွေအတော်များများရောက်ခဲ့ပေမဲ့ ကိုနေဝင်းနဲ့ကျွန်တော်တို့ ဆပ်ပြာတုံးနဲ့လုပ်ထားတဲ့စစ်တုရင် ကစားမပျက်ခဲ့ကြဘူး။ အချင်းချင်းအပြန်အလန်ဖေးမပြုစုခဲ့ကြတယ်။ အပြန်အလန်ပညာမျှဝေကြတယ်။ သူ့အကြောင်း ကိုယ့်အကြောင်းပြောဖြစ်ကြတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်မဖြစ်မီ ကျောင်းသားဘဝမှာ နိုင်ငံရေးစာအုပ်တွေ လွယ်အိတ်ထဲထည့်ပြီး ကျောင်းသားတွေ၊သိတဲ့သူမှန်သမျှတွေကို စာအုပ်တွေဖတ်ခိုင်းပြီး နိုင်ငံရေးအသိတွေမျှဝေ သတဲ့လေ။ လွယ်အိတ်လွယ်ရလွန်းလို့ ပုခုံးတစ်ဖက်နိမ်းပြီးစောင်းသွားတယ်၊ခါးလည်းကုန်းသွားတာတဲ့။ အဲဒီ ကျောင်းသားဘဝတုန်းကသူ့ကို လွယ်အိတ်ကြီးလို့ခေါ်ကြတယ်တဲ့လေ၊ သူပြောပြတာ။ ကျွန်တော်ကကြိုးကြာသံသီချင်းပင်တိုင်ဆိုတယ်၊ ကိုနေဝင်းကမောင့်လပြည့်ဝန်းအပါအဝင်သီချင်းစုံဆိုတယ်။ သူကသီချင်းကိုကဗျာရွတ်သလိုဆိုပေမဲ့ စာသားလုံးဝမမှားဘူး။ အသံမကောင်းပေမဲ့ သီချင်းတွေက်ို အလွန်ချစ်တဲ့ကိုနေဝင်း။ တနေ့မှာသူဖျားလို့ ကျွန်တော်သူ့ကိုအနွေးထည်နဲ့စောင်ပိုခြုံပေးတယ်၊ မကြာဘူး သူရောကျွန်တော်ပါနှစ်ယောက်လုံးဖျားတယ်။ တမနက်မိုးလင်းလာတော့ ကျွန်တော့်ကနွေးထွေးပြီးအိပ်ရာနိုးလာတယ်၊ သူ့ကိုကြည့်လိုက်တော့ အင်္ကျီအပါးလေးနဲ့နေပြီး ကျွန်တော့်ကိုအကုန်ခြုံပေးထားတယ်။အဲဒီလိုလုပ်တာလက်မခံနိုင်ကြောင်းပြောပြီး သူနဲ့ ကျွန်တော် ကတိလုပ်ရတယ်။သူကအမြဲတန်းကျွန်တော့်ပေါ်အနစ်နာခံပေးတာများလွန်းနေတယ်။ ဒါ့ကြောင့် မလိုအပ်ပဲအနှစ်နာမခံကြေး၊ အပြန်အလန်မျှတစွာအနစ်နာခံဖို့ဆိုပြီးလုပ်ရတယ်။ အဲဒီအချိန်မှာ သူကပိုဖျားနေပြီးကျွန်တော်ကသက်သာလာတယ်။
မန္တလေးနန်းတွင်းနရသိန်မှာ နေရင်း မြင်းခြံကနိုင်ငံရေးကိစ္စကို ကျွန်တော်တို့မြင်းခြံကလာသူအားလုံး ရုံးတင်ခံကြရတယ်။တရားသူကြီးနဲ့တရားရုံးအဖွဲ့ နရသိန်အထူးတရားရုံးဖွင့်ပြီးစစ်ဆေးခံရတယ်။ အကျဥ်းသားအချို့ကသက်သေအဖြစ်လာရောက်ထွက်ဆိုတယ်။ တစ်ဦးချင်းအမည်တပ်ပြီး ဘာပြောစရာရှိသလဲမေးတော့ ဘယ်သူမှသိပ်မပြောကြဘူး။ ကျွန်တော်နဲ့ကိုနေဝင်းက အပြန်အလှန်မေးခွန်းတွေမေးကြတယ်။ ကျွန်တော်ကတရားခွင်အထာ ကောင်းကောင်းသိတော့ တရားလိုကို ပြန်ပြီးချည်တုတ်တဲ့ မေးခွန်းတွေကို သက်သေကိုမေး၊ သက်သေကလည်း ကျွန်တော် Leading questions အတိုင်း ဟုတ်ပါတယ်လို့လိုက်ဖြေတော့၊ မူလထွက်ဆိုချက်နဲ့လွဲကုန်ရော။ အဲဒီမှာအစိုးရရှေ့နေ၊တရားသူကြီးတို့က သက်သေကိုဘယ်ဟာအမှန်လဲမေးတော့၊သက်သေကကျွန်တော့်မျက်နှာကြည့်ပြီး အခုပြောတာအမှန်ပါလို့ဖြေရော။ ရှုတ်ကုန်ရော။ ဆက်မစစ်တော့ဘဲရပ်လိုက်တယ်။ ဘာမှအမှုတည်ဆောက်လို့မရဖြစ်သွားတယ်။ ဒါပေမဲ့ တစ်လလောက်အကြာမှာ ကိုနေဝင်းအပါဝင် စီပီဘီ ယူဂျီအဖွဲ့ ၆ဦးကိုခွဲထုတ်ပြီး ခုံရုံးဖွဲ့ပြီးစစ်တယ်။ ဝန်ခံရင်၅နှစ်၊ဝန်မခံရင်ထပ်တိုးမယ်ဆိုတဲ့ခုံရုံးအဖွဲ့ကိုဝါဒရေးရာ စတင်စစ်ထိုးခဲ့သူကိုနေဝင်းကို ခုံရုံးက၆နှစ်ထပ်ချလိုက်တယ်။ ခုံရုံးကပြန်လာတော့ ထောင်ထပ်ချတာကိုခပ်ပြုံးပြုံးနဲ့ ကျွန်တော့်ကိုပြန်ပြောပြတယ်။ အဲဒီအချိန်က ကျွန်တော်တို့ သီးသန့်တိုက်ကို ပြန်ပြောင်းလာခါစအချိန်ပါ။ ကျွန်တော်နဲ့အတူ ကိုနေဝင်း၊ကိုနိုင်မြင့်(တက္ကသိုလ်စာကြည့်တိုက်မှူး)၊ကိုကျော်စိန်မောင်၊ကိုဌေးညွန့်၊ နောက်ထပ်ရောက်လာတာက ကာတွန်းဝင်းအောင်။ မနက်တိုက်တံခါးဖွင့်ရင် သူကဘယ်သူနေမကောင်းဖြစ်သလဲမေးတယ်။ သူ့ရှိတာ ဘာမဆိုပေးတယ်။ မန္တလေးကဒေါ်သွယ်သွယ်စန်းက ပါဆယ်တွေပို့ပေးပါတယ်။ကိုနေဝင်းအိမ်ကလည်းပါဆယ်ထုပ်တွေရောက်ပါတယ်။ တွေ့သမျှလူ ဘယ်သူဒုက္ခဖြစ်ဖြစ် သူကူညီချင်တယ်။ တခြားသူကောင်းဖို့ဆိုရင် သူဘာဖြစ်နေနေ အနစ်နာခံဖို့အသင့်ပဲဆိုတဲ့သူဟာ ကိုနေဝင်းပဲ။ သူနဲ့နှစ်ချီပြီးအတူနေရတော့ လူတွေအပေါ် သူ့ရဲ့စွန့်လွတ်အနစ်နာခံမှုကို ပိုပြီးသိလာရတယ်။
အပြင်လောကမှာ အမျိုးမျိုးရုန်းကန်နေကြရင်း နာဂစ်ဖြစ်တော့ သူရော၊ ကျွန်တော်ရော ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကူညီမှုတွေသွားလုပ်ကြတယ်။ လူမှုရေးလုပ်ရင်းနဲ့ သူထောင်ကျသွားပြန်တယ်။သူထောင်ကထွက်လာချိန် ကျွန်တော်က၂၀၁၀ ရွေးကောက်ပွဲဝင်လိုက်တယ်။ရွေးခံရတယ်။ စီနီယာ နိုင်ငံရေးသမားနဲ့ မိတ်ဆွေနိုင်ကျဥ်းတချို့က ကျွန်တော့ကို ကွယ်ရာမှာ ဝေဖန်ရှုံ့ချတယ်။ ကိုနေဝင်းက ကျွန်တော့ကို လေးလေးစားစားနဲ့ နွေးထွေးစွာဆက်ဆံခဲ့တယ်။ အကြံဥာဏ် တွေပေးတယ်။ လွှတ်တော်ထဲက ကျွန်တော့်ဆောင်ရွက်မှုတွေကို အသိအမှတ်ပြုတယ်။
လက်ပန်တန်းရောက် သပိတ်အဖွဲ့ခေါင်းဆောင်တချို့ကို လွှတ်တော်ဥက္ကဌနဲ့တွေ့ဆုံဖို့ ကျွန်တော်လုပ်ပေးခဲ့တယ်။ တခြားသူအသိအမှတ်မပြုပေမဲ့ သူကအသိမှတ်ပြုပေးတယ်။ သူကလူမှုပတ်ဝန်းကျင်ကို အတော်လေးဂရုစိုက်ပြီး လူမှုနိုင်ငံရေးကို စဥ်ဆက်မပြတ်လုပ်နေတယ်။ ကျွန်တော်က လွှတ်တော်ရဲ့ဘောင်ထဲကနေလုပ်နေရတယ်။ ကိုနေဝင်းကလွတ်လပ်စွာ သူ့ခံယူချက်အတိုင်းလုပ်နေတယ်။
အခုခေတ်ရဲ့လူမှုပတ်ဝန်းကျင်မှာ သူရဲ့စွန့်လွတ်မှုနဲ့ လူထုအကျိုးပြုဆောင်ရွက်မှုတွေကလည်း အလွန်များတယ်။ အတူတူအပ်စိုက်ပညာသင်လာခဲ့ကြပေမယ့် သူကဆေးခန်းဖွင့်ပြီး အခမဲ့ကုသမှုနဲ့ ပြည်သူကိုအကျိုးပြုနိုင်ခဲ့တယ်။ ဘယ်ပြည်သူ့အရေးကိစ္စကိုမှ ရှောင်ဖယ်သွားလေ့မရှိတဲ့သူ။ ဘဝကိုရိုးရှင်းစွာဖြတ်သန်းရင်း ရောင့်ရဲစွာနေထိုင်သူ။ ကိုယ်ကျိုးစီးပွားဘာကိုမှလုပ်မသွားသူ။ ကျွန်တော် အလေးစားရဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်သူ။ သူဟာကိုနေဝင်းတစ်ဦးသာလျှင်ဖြစ်တယ်။ သူ့လိုလူကို နောက်ထပ် ကျွန်တော်မတွေ့ဖြစ်ခဲ့ပါ။လေးစားထိုက်သူ ကိုနေဝင်းပါ။
ကိုနေဝင်းရေ
နောင်ဘဝဆိုတာရှိခဲ့ရင် မြန်မာပြည်မှာလူပြန်ဖြစ်ပြီး ဆန္ဒတွေ နဲ့အညီလိုအပ်တဲ့နေရာတွေကို အစားထိုးဆောင်ရွက်ပေးပါလို့မှာလိုက်ပါရစေ။
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Kyimyindine Strand Road
Ahlone