Composer - Ko Shwe Moe

Composer - Ko Shwe Moe

Share

LITERATURE AND MUSIC

14/05/2026

.
" ကျွန်းရိပ်ညိုထဲ မိုးလည်းသည်းပြီ "
(ပြန်လည်တင်ဆက်မှု)

၂၂။

14-5-2026.
Thursday.


" ဆရာ ဘယ်သွားမလဲခင်ဗျ "

အဓိပတိလမ်းမကြီးထိပ် ပင်မဂိတ်ဝင်ပေါက်ကြီးထဲ ကားဝင်လိုက်စဥ် တာဝန်ကျဝန်ထမ်း၏အမေးဖြစ်သည်။

" ကျွန်တော်စာကြည့်တိုက်သွားမလို့ပါ "

ဟု ဦးကျော်ကျော်ပြန်ဖြေလိုက်သည်။

" အော် ဟုတ်ကဲ့ဝင်ပါဆရာ "

ဟု ပြောတော့ ကျွန်တော်ကားကိုစာကြည့်တိုက်ရှိရာသို့မောင်းလာခဲ့သည်။ စာကြည့်တိုက်ရောက်တော့ ကားရပ်ရန်နေရာတွင်ကားကိုရပ်ပြီး သော့ပိတ်ကာထွက်လာခဲ့လိုက်သည်။ ဒီနေ့ ညို့အတွက်အလှူလုပ်ပေးမည်ဖြစ်၍ ညို့ကိုလာခေါ်ခြင်းဖြစ်သည်။

ထိုစဥ် အောင်အောင့်ဆီမှဖုန်းဝင်လာသည်၊ သူ ဦးဇင်းနိုင်ကြီးတို့ကျောင်းရောက်နေပြီဖြစ်ကြောင်း ဦးဇင်းတွေဆွမ်းကိစ္စပြီးလျင်သူပါကျောင်းတွင်ထမင်းစားပြီး ထွက်လာခဲ့မည်ဖြစ်ကြောင်းပြောခြင်းဖြစ်သည်။ ကျွန်တော်တို့သူငယ်ချင်းများတွင် နိုင်ကြီးကကျောင်းပြီးကထဲက သာသနာ့ဘောင်အပြီးဝင်သွားသည်။ အောင်အောင်က အစိုးရဌာနတစ်ခုတွင်အလုပ်ဝင်ပြီး ဌာနတွင်းမှဝန်ထမ်းအမျိုးသမီးနှင့်ပင်အိမ်ထောင်ပြန်ကျသည်။ ခုလင်မယားနှစ်ယောက်လုံးညွှန်ကြားရေးမှူးများဖြစ်နေကြပေပြီ။
တင်ထွန်းနှင့်ဆွေတို့ကတော့ ကျောင်းပြီးထဲက လက်ထပ်လိုက်ကြပြီး ရန်ကုန်တွင်ကုမ္ပဏီထောင်၍စီးပွားရေးလောကတွင်အော​င်မြင်နေသောစီးပွားရေးလုပ်ငန်းရှင်များဖြစ်နေပေပြီ။
မျိုးမျိုးကတော့အိမ်ထောင်ကျပြီး လင်မယားနှစ်ယောက်လုံးစင်္ကာပူထွက်ကာအလုပ်လုပ်ကြရင်း စင်္ကာပူတွင်ပင်နေကြ၏။
သီတာကတော့ သင်္ဘောသားတစ်ယောက်နှင့်အိမ်ထောင်ကျပြီး
ကြည့်မြင်တိုင်ညစျေးတွင် အထည်ဆိုင်ဖွင့်ထားသည်။
ဒီနေ့ ကျော်ကျော့်ကိစ္စအတွက်သူတို့အားလုံး တက္ကသိုလ်ဓမ္မာရုံသို့ နေ့လည်ထမင်းစားပြီးချိန်လာကြမည်ဖြစ်သည်။
ကျော်ကျော့်အလှူဆိုတာထက် ညို့၏အလှူဆိုကပိုမှန်ပါလိမ့်မည်။ ညို့အတွက်ရည်စူးလှူဒါန်းသည်လည်းဖြစ် ဘုံဘဝမတူညီတော့သည့်ချစ်သူ့ကိုယ်စား လှူဒါန်းမှုများပြုလုပ်ပေးခြင်းလည်းဖြစ်သောကြောင့်ဖြစ်သည်။
သူတို့၏အိမ်ထောင်ဖက်များကလည်း ကျော်ကျော်နှင့်ညိုတို့၏ရင်နင့်ဖွယ်ဇာတ်လမ်းကိုသိထားကြသည်မို့ ဝိုင်းဝန်းကူညီလှူဒါန်းကြမည်ဖြစ်သည်။

ကျော်ကျော် တက္ကသိုလ်စာကြည့်တိုက်ဘေးပေါက်မှစစ်ကိုင်းလမ်းဖက်သို့ထွက်လာလိုက်ပြီး ညို့ကိုစောင့်နေကြအင်းဝဆောင်ရှေ့အုတ်ခုံလေးတွင်ဝင်ထိုင်လိုက်သည်။ အတန်ကြာသည်အထိ ညိုရောက်မလာ အရင်ဆို ဆရာကြီးစောင့်ရတာကြာပြီလားဆိုသည့်အသံနှင့်အတူရောက်လာတတ်သည်။ ယခုအတော်ကြာသည်အထိရောက်မလာခဲ့။ ညို ဝိဇ္ဇာခန်းမဖက်များရောက်နေမလားမသိဟူသည့်အတွေးဖြင့်
ကျော်ကျော်
အင်းဝဆောင်ရှေ့အုတ်ခုံလေး
မှ RC ဘေးလမ်း ထိုမှ RC နောက်ဖက် ချစ်သူများလမ်းကလေးအတိုင်း ဝိဇ္ဇာခန်းမဖက်သို့လာခဲ့၏။ ဝိဇ္ဇာခန်းမ မှ မာလာကန်တင်းဖက်ထွက်ခဲ့သည်၊ ညို၏ဆက်သွယ်မှုကိုမရ၊ တစ်ခါခန်းမအတွင်းပါတ်လမ်းလေးအတိုင်းပြန်ဝင်လာပြီး ခန်းမရှေ့ပေါ်တီကိုအောက် ညိုနှင့်ပထမဆုံးစကားပြောခဲ့သည့်နေရာတွင်ခဏထိုင်စောင့်လိုက်သည်။ အသံလည်းမကြား၊ အနံ့လည်းမရ၊ သူငယ်ချင်းများဆီမှလည်းသူတို့အားလုံးဓမ္မာရုံကိုရောက်နေပြီဖြစ်ကြောင်းဖုန်းဝင်လာ၏။ ဘယ်ရောက်နေလဲ ညိုရယ်ဟု ညည်းတွားရင်း ထိုင်နေရာမှ ညိုနှင့်ထိုင်နေကြ ဘွဲ့နှင်းသဘင်ခန်းမဘေး ပန်းခြံလေးထဲလာခဲ့၏။
ဤတွင်လည်းဘာမှမထူးခြား၊
သို့ဖြင့် သိပ္ပံစာသင်တန်းများဖက်မှ ညိုနေထိုင်ရာ အင်းလျားဆောင်ဖက်သို့လာခဲ့သည်။ လူရောစိတ်ရောမောစပြုနေပြီဖြစ်သော်လည်း ညိုနှင့်မဆုံဖြစ်သေး အရင်ရက်တွေကဆိုလျင် ကျောင်းထဲရောက်ပြီးသိပ်မကြာခင် ညိုရောက်လာနေကြဖြစ်သည်။
အင်းလျားဆောင်ဖက်ရောက်တော့လည်း ညို့အရိပ်အယောင်မျှပင်မတွေ့ရသေး။

" ဘယ်များရောက်နေတာလဲ ညိုရယ် "

ဟု စိတ်ထဲမှညည်းပြောမိ၏။

ဤသို့ဖြင့် ကားရပ်ထားရာပြန်လာခဲ့ပြီး ဓမ္မာရုံတွင် သူ့အားစောင့်နေမည့် ဘုန်းတော်ကြီးများနှင့် သူငယ်ချင်းများကိုအားနာမိနေသဖြင့် ဓမ္မာရုံကနေဘဲ ညို့ကိုဖိတ်ကာ လှူဖွယ် ပစ္စည်းများလှူလိုက်တော့မည်ဟုဆုံးဖြတ်ကာ ကားကိုမောင်း၍ ဓမ္မာရုံဖက်ထွက်ခဲ့၏။ မိုးအကုန်ဆောင်းရောက်ပြီဖြစ်သော်လည်း
မိုးကြွင်းမိုးကျန်တို့ကကောင်းကင်တွင် မိုးရိပ်ဆင်နေသည်ကိုတွေ့ရ၏။ မှောင်မဲညိုမှိုင်းနေသည်တော့မဟုတ်။
အဓိပတိလမ်းမိန်းဂိတ်ပေါက်မှထွက်၍ တက္ကသိုလ်ရိပ်သာလမ်းမှ ဓမ္မာရုံထဲသို့ ကားကိုကွေ့ဝင်မည်အလုပ် စောစောကကျောင်းရှေ့မှတ်တိုင်တွင်ရပ်နေသောကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ကားမောင်းနေရင်းမို့
သေချာတော့မကြည့်ဖြစ်လိုက်၊ ညိုနှင့်တူသည်ဟုစိတ်မှာထင်သည်။
သို့ဖြင့်ကားကို ဓမ္မာရုံအတွင်းရပ်ကာ ထီးကိုယူ၍ တက္ကသိုလ် ရိပ်သာလမ်းဖက်ပြန်ထွက်လာခဲ့သည်။
စောစောက ကျောင်းရှေ့မှတ်တိုင်အနီးပလက်ဖောင်းပေါ်တွင်ရပ်နေသော ကောင်မလေးနှင့်မျက်နှာချင်းဆိုင်လောက်အထိ လျှောက်လာလိုက်တော့တက္ကသိုလ်စာတိုက်အပေါက်ဝနားအထိရောက်လာ၏။ ထိုစဥ်မိုးကလည်း ဖွဲဖွဲလေးစတင်ရွာလာ၏။ ကျော်ကျော်ထီးကိုဖွင့်လိုက်ကာ ကောင်မလေးကိုကြည့်လိုက်တော့ လွယ်အိတ်အစိမ်းလေးကိုခေါင်းပေါ်ဆောင်းက လမ်းတစ်ဖက်မှကူးလာနေသည်ကိုတွေ့လိုက်ရသည်။ ကျော်ကျော် လည်းလမ်းတစ်ဝက်ထိကူးကာ ကောင်မလေးကို ထီးသွားမိုးပေးလိုက်၏။ ထိုစဥ်ကောင်မလေးကျွန်တော့်ကိုမော့ကြည့်လိုက်ပြီး

" ဟင် မောင် "

" ရှာလိုက်ရတာ ညိုရယ် ညိုကဒီရောက်နေတာကို "

" ညို မောင့်ကိုလာစောင့်နေတာ "

" မောင့်ကိုလာစောင့်နေတာဟုတ်လား ဘာလုပ်မလို့လည်း ညိုရဲ့ "

" ဘာလုပ်မလို့လဲဆိုတော့ စာတိုက်မှာအိမ်ကပို့လိုက်တဲ့ပိုက်ဆံကိုထုတ်မယ် ပြီးရင် လှည်းတန်းစျေးမှာ ထီးသွားဝယ်မယ် ထီးဝယ်ပြီးရင်မောင်နဲ့အတူ အသုတ်စားမယ် နော် "

ဟု ကျော်ကျော့်ကိုကြည့်ရင်း မျက်လုံးလေးဝင့်ကာပြောသည်။ ရင်ထဲနင့်ကနဲတစ်ချက်ဖြစ်ကာ ရုတ်တရက်ဆောက်တည်ရာမဲ့သလိုဖြစ်သွား၏။ သတိလက်လွတ်ချင်သလိုဖြစ်သွားသောခန္တာကိုယ်နှင့်အသိစိတ်ကိုပြန်လည်ထိန်းမတ်ရင်း အသက်ကို ဝအောင်ရှူလိုက်သည်။

" မောင် ပြောဦးလေ ညို့ကိုလိုက်ပို့ပေးမယ်မလား "

" လိုက်ပို့ပေးမှာပေါ့ ခုလောလောဆယ်တော့ ဓမ္မာရုံဖက်သွားရအောင် မောင် ညို့ကိုလက်ဆောင်ပေးစရာရှိတယ် "

" လက်ဆောင် ဟုတ်လားမောင် ဟေး ပျော်လိုက်တာ "

ကလေးတစ်ယောက်ပမာ ညိုလက်ခုပ်လေးတီးရင်းပြောတော့ ညို့အတွက် အလေးနက်ဆုံးနဲ့မောင့်ရဲ့နောက်ဆုံးလက်ဆောင်ပါဟု စိတ်ထဲကပြောလိုက်မိသည်။

ဓမ္မာရုံအပေါက်ဝရောက်တော့ မိုးကနဲနဲစဲသွားပြီဖြစ်သည်။
ကားနားရောက်တော့ထီးကိုပိတ်လိုက်ပြီး ကားတံခါးကိုဖွင့်ကာ ကြည့်မြင်တိုင်ဘူတာဖက်ရှိ သင်္ကန်းတိုက်များဖက်မှသင်္ကန်းတိုက်တစ်ခုတွင်ဝယ်လာသော ပရိက္ခရာရှစ်ပါးစုံ ခြင်းတောင်း၃ ခုအားကားပေါ်မှချလိုက်၏။ ထိုစဥ် မလှမ်းမကမ်းတွင်ရပ်နေသော တင်ထွန်းနှင့်အောင်အောင်တို့မှလာကူ၍သယ်သည်။

" ညို သူတို့ကိုသိလား "

" မသိဘူးမောင် မြင်ဘူးတယ်လို့တော့ထင်တာဘဲ "

တင်ထွန်းနှင့်အောင်အောင်ကျွန်တော်တို့အနားရောက်တော့ ရုတ်တရက်တန့်သွားပြီး
သူတို့၏နှာခေါင်းကို လက်ကိုင်ပုဝါများဖြင့်အုပ်လိုက်ကြ၏။ ဆိုးဝါးသော
အနံတစ်ခုသည်သူတို့အားဆီးကြိုလိုက်၍ဖြစ်သည်။

" မောင် ညို့ကိုလက်ဆောင်ပေးမလို့ဆို "

" အင်း ပေးမှာပေါ့ညိုရဲ့ ဓမ္မာရုံပေါ်ရောက်ရင်ပေးမယ် လာ "

ဟုပြောကာ ကျွန်တော်ညို့လက်ကိုဆွဲ၍ဓမ္မာရုံပေါ်တက်ခဲ့၏။
ဓမ္မာရုံပေါ်ရောက်တော့ ဘုန်းကြီး၃ပါး၊ ဘုန်းတော်ကြီးများရှေ့တွင် သင်္ကန်းပရိက္ခရာစုံပါ ခြင်းတောင်း
၃ခု နှင့် လူအချို့ထိုင်နေကြ၏။ ညိုကျွန်တော့်လက်မောင်းကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းလိုက်ပါလာခဲ့သည်။ ကျွန်တော်နှင့်ညို ဘုန်းတော်ကြီးများရှေ့ရောက်တော့ ညိုလက်အုပ်လေးချီကာကျုံ့ကျုံ့လေးထိုင်ချလိုက်သည်။ ထိုင်နေသူများအားလုံးဘုန်းကြီး၃ပါးမှလွဲ၍
နှာခေါင်းကိုပုဝါများအုပ်ထားကြသည်။ စူးရှဆိုးဝါးသောအနံ့ကြောင့် ညိုရောက်နေသည်ကိုသူတို့ခန့်မှန်းမိပုံရသည်။ မိန်းကလေးများဆီမှ ငိုရှိုက်သံအချို့ကြားနေရ၏။
ဆိုးဝါးသောအနံမှာညို့ဆီကဖြစ်သည်။ အကန့်အသတ်အပြင်ဖက်ကျော်လွန်လျင်ယခုကဲ့သို့ဖြစ်တတ်သည်ကို
ကျော်ကျော်သိထားပြီးဖြစ်သည်။
အရာရာတိုင်းမှာအကန့်အသတ်တွေရှိတယ်မောင်ဟု ညိုပြောခဲ့သည်ကိုပြန်သတိရသည်။

" ညို သူတို့ကိုသိလား "

" မြင်ဖူးသလိုတော့ရှိတယ် ဘယ်မှာမြင်ဖူးမှန်းမသိဘူး
ဒါနဲ့မောင် ညို့ကိုလက်ဆောင်ပေးမလို့ဆို "

" ဒီမှာလေ အဲဒီ့ခြင်းတောင်း ၃ ခု "

" ဟင် ညိုကအဲဒါတွေ ဘာလုပ်ဖို့လဲ ညိုမှသုံးလို့မရတာ "

" ဟုတ်တယ် ညို သုံးလို့ရမှာမဟုတ်ဘူး ဘုန်းဘုန်းတွေကိုလှူဖို့ ညို့ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့လှူဖို့ မောင်ကညို့ကိုလက်ဆောင်ပေးတာ "

" မောင်ရယ် "

" ကဲ ဘုန်းဘုန်းတွေကို ပစ္စည်းတွေကပ်ရအောင် "

ဟု ပြောကာ ဘုန်းကြီးတစ်ပါးလျင်ခြင်းတောင်းတစ်တောင်းစီ နှစ်ယောက်အတူကိုင်၍ ကပ်လှူလိုက်သည်။ ဘုန်းတော်ကြီးများမှ ပရိတ်တရားတော်များ ရေစက်ချအနုမောဒနာတရားများဟောကြားပေးပြီး မေတ္တာပို့အမျှဝေသာဓုခေါ်ကြ၏။ ညို ဘုန်းတော်ကြီးများကို လက်အုပ်ချီဦးချတော့ မျက်နှာပြင်ပေါ်ကျလာလာသောဆံပင်လေးများကို ကျွန်တော်သူ့ခေါင်းပေါ်အသာသပ်တင်ပေးရင်း ညို့ကိုစိုက်ကြည့်နေမိသည်။

ညို ကျော်ကျော့်ကိုကြည့်ပြီးပြုံးပြနေရင်းမှ တဖြည်းဖြည်း
ခြင်းကိုယ်ရောင်မှေးမှိန်ပျောက်ကွယ်သွား၏။

ဦးကျော်ကျော် ညို့ခေါင်းပေါ်ဆံပင်သပ်တင်ပေးလိုက်ခြင်းနှင့် ညို ကျော်ကျော့်ကိုပြုံးပြလိုက်ခြင်းများသည် နှစ်ဦးသားနောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်သည်ဆိုသည်ကို ညိုသိမှသိသွားပါစ ဟု အတွေးရောက်တော့ နောက်ဆုံးအကြိမ်အဖြစ်နှုတ်မဆက်မိလိုက်သည့်အတွက် ရင်မှာစစ်ကနဲနာကျင်ရသည်။

ဓမ္မာရုံအတွင်းစောစောက အလွန်ဆိုးဝါးသောအနံများတစ်ဖြည်းဖြည်းပျက်ပြယ်လွင့်ပျောက်သွားပြီးနောက် အမွှေးနံသင်းသင်းလေးရလာ၏။ မည်သည့်ပန်းရနံနှင့်တူသည်ဟုဖော်ပြရန်ခက်ခဲသော အမွှေးနံမျိုးဖြစ်သည်။

ထိုအခါ ဦးဇင်းနိုင်ကြီးက

" ဒကာကြီး ကျော်ကျော်တို့လာကာစကတော့ အနံ့ကအတော်ဆိုးသား ဦးဇင်းကတော့ ဒကာမကြီး ညို ပါ ပါလာတာပဲလို့ သိလိုက်မိတယ်
အခုတော့အမွှေးနံလေးကိုရလို့ ဒကာမကြီး ကောင်းမွန်တဲ့ဘုံဘဝကိုရောက်သွားပါပြီ "

ဟု မိန့်၏။ ဆွေ့ဆီမှ ညိုရယ်ဟု တမ်းတခေါ်မည်သံနှင့်အတူ မိန်းကလေးသူငယ်ချင်းများထံမှငိုရှိုက်သံများထပ်မံထွက်ပေါ်လာခဲ့သည်။ ဤတွင် ဦးဇင်းနိုင်ကြီးမှ

" ဒကာမကြီးတို့စိတ်မကောင်းမဖြစ်ကြနဲ့တော့ ဒကာမ ညို့အတွက် အကောင်းဆုံးလုပ်ပေးခဲ့ပြီဘဲ သူလဲကောင်းရာမွန်ရာရောက်နေလောက်ပါပြီ "

ဟု ထပ်မိန့်တော့မှ အငိုတိတ်သွားကြသည်။ ထို့နောက်
သူငယ်ချင်းများဆုံတုန်း
ဆုံခိုက် ငယ်စဥ်ကျောင်းသားဘဝအကြောင်းတွေပြန်ပြောကြ၏။ ဦးကျော်ကျော်ကတော့ ဘာမှမပြောနိုင်တော့ ဤသည်ကိုရိပ်မိသော ဦးဇင်းနိုင်ကြီးက

" ကဲအချိန်လည်းနှောင်းပြီ အားလုံးပြန်ကြစို့ရဲ့ ဒကာကြီးကျော်ကျော်လည်း တစ်ကိုယ်ရေတစ်ကာယ ဘာမှအပူအပင်မရှိဆိုပေမဲ့ သံသရာခရီးအတွက်တော့ပြင်ဆင်ဦး "

ဟု မိန့်သည်။

" တင်ပါ့ဘုရား "

ဟု ပြန်လည်လျှောက်တင်ခဲ့ရသော်လည်း ရင်ဝတွင်ဆို့နင့်နေသော ကြေကွဲခြင်းများကြောင့် စကားလုံးများမသဲမကွဲဖြစ်ခဲ့ရသည်။
ဦးဇင်းတို့လည်းကျောင်းတိုက်ပြန်ကြွပြီဖြစ်၍
လက်အုပ်ချီမိုးကန်တော့ပြီးကားနားအထိလိုက်ပို့လိုက်၏။ ပြီးနောက်
ကျော်ကျော်မှ သူငယ်ချင်းများအားလုံးအားကျေးဇူးတင်ကြောင်းပြောကာ သူတို့အားလုံးလဲပြန်ရန် သက်ဆိုင်ရာကားများဆီသို့ အသီးသီးလာခဲ့ကြ၏။

ဦးကျော်ကျော်လည်း ကားနားရောက်၍ကားတံခါးဖွင့်မည်ပြုစဥ် ရောင်စုံလိပ်ပြာလေးတစ်ကောင်သည်သူ၏ ဘယ်ဖက်ပုခုံးထက်တွင်လာ၍နား၏။ ခဏအကြာတွင်မတော့ ထပျံသွား၏။

ဦးကျော်ကျော်လိုက်ကြည့်နေမိစဥ် သစ်ပင်အမြင့်ကြီးများကြားတွင် တဖြည်းဖြည်း
ဝေးလွင့်ပျောက်ကွယ်သွားသည်ဖြစ်၏။


" သွားတော့ ညို ရယ် "


ပြီးပါပြီ။


ကိုရွှေမိုး(စီးပွားရေးတက္ကသိုလ်)။

13/05/2026

.

" ကျွန်းရိပ်ညိုထဲ မိုးလည်းသည်းပြီ "
(ပြန်လည်တင်ဆက်မှု)

၂၁။


13-5-2026
Wednesday.

ငယ်စဥ်ကျောင်းသားအရွယ်က နှလုံးသားမှနင့်နေအောင်ချစ်ခဲ့ရသော ချစ်သူနှင့်ပြန်လည်ဆုံတွေ့နေရပြီး မိမိအပေါ် ဘဝခြားကပင်သစ္စာရှိစွာ ချစ်နေခဲ့/ချစ်နေဆဲ ချစ်နေပေးသောချစ်သူ၏ သစ္စာရှိမှု၊ မြတ်နိုးမှုတို့ကို ထင်ရှားစွာ တွေ့ရှိသိမြင်ခဲ့ရပြီးနောက် ဦးကျော်ကျော် ဆက်လက်ချုပ်တည်းနိုင်စွမ်းမရှိသည့်အဆုံး သည်းစွာငိုကြွေးနေမိ၏။ အမှန်တကယ်တော့ ဦးကျော်ကျော် ရန်ကုန်တက္ကသိုလ်ကြီး(ပင်မ)ကို မကြာခဏလာရောက်ဖြစ်နေသည်မှာလည်း သိပ်ချစ်ခဲ့ရသော ချစ်သူ ညို၏ နောက်ဆုံးနားခိုခဲ့သောနေရာဖြစ်ခြင်း၊ ချစ်သူညိုက သူ့အားအသက်ပေး၍စောင့်မျှော်နေသည့်နေရာဖြစ်ခြင်းတို့ကြောင့် ညို့ကိုသတိရတိုင်းလာဖြစ်/ရောက်ဖြစ်နေကြနေရာဖြစ်သည်။ သူလည်းချစ်သူ ညို့အပေါ်သစ္စာထားစောင့်ထိန်းလျက် ယနေ့အချိန်အထိပင် အချစ်သစ်လည်းမရှိခဲ့သလို အိမ်ထောင်ဖက်လည်းမရှိခဲ့၊ ချစ်သူအနားမှာရှိနေသလိုယုံကြည်ထင်မှတ်မိတိုင်းရင်မှာနွေးထွေးရသည်မို့ တစ်ကိုယ်တည်းသာနေလာခဲ့သည်ဖြစ်၏။ ဆန်းကြယ်လှသည့် ကံတရား၏ စေရာစီမံအတိုင်း ချစ်သူနှစ်ဦးပြန်လည်ဆုံစည်းခွင့်ရရန် အကြောင်းဖန်လာခဲ့ပုံကတော့ သူကျောင်းထဲသို့ စာရေးရန်နေ့စဥ်လာရောက်ခိုက် အခြားဘုံဘဝမှ ချစ်သူက သူ့အား စတင်ဆက်သွယ်လာခဲ့ခြင်းဖြင့်သူတို့နှစ်ဦးပြန်လည်ဆုံတွေ့ဖြစ်ခဲ့ကြသည်။

" မောင် "

" မောင်ငိုနေတာလားဟင် "

ဟု ညိုကမေးတော့ ဦးကျော်ကျော် မျက်ရည်များကိုသုတ်ရင်း ခေါင်းကိုငုံ့ကာဝမ်းနည်းမှုအရှိန်ကြောင့် ယိုစိမ့်လာသော နှာရည်များကို လက်တစ်ဖက်ဖြင့်ညှစ်ထုတ်လိုက်ရင်း ညို့၏အမေးကို ခေါင်းညိတ်ပြကာ အဖြေပေးလိုက်၏။

" ဘာလို့ငိုနေတာလဲ မောင်ရယ် ညိုစိတ်မကောင်းလိုက်တာ "

" မောင် ဝမ်းနည်းမိလို့ပါညို "

" မောင့်ကို စိတ်မကောင်းဖြစ်အောင် ညိုလုပ်မိပြီလားမသိဘူး "

" မဟုတ်ပါဘူး ညို ညိုပြောပြခဲ့တဲ့ ညို့ဘဝ အကြောင်းကို သိရတော့ မောင်စိတ်ထိခိုက်သွားမိလို့ပါ "

" တကယ်တော့ ညိုက မောင့်ကိုစိတ်ထိခိုက်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြောခဲ့တာမဟုတ်ပါဘူး "

" သိပါတယ် ညို ညိုမောင့်ကို အကူအညီ​တစ်ခုတောင်းဖို့ ရည်ရွယ်ပြောခဲ့တယ်ဆိုတာ မောင်တို့စတင်ဆုံခဲ့တဲ့နေ့က ညိုပြောခဲ့တာပဲ "

" ဟုတ်ပါတယ် မောင် မောင့်ဆီက​အကူအညီများရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မောင့်ကိုချဥ်းကပ်ခဲ့တာပါ "

" ဒါဆိုလဲ မောင်ဘာအကူအညီပေးရမလဲ ပြောလို့ရပြီလေ ညို "

" တခြားတော့ မဟုတ်ပါဘူး မောင်ရယ် တကယ်လို့မောင်များ ညို့ရဲ့ချစ်သူ ကျော်ကျော်နဲ့တွေ့ခဲ့ရင် ညို့အပေါ်ကိုစိတ်မနာဖို့ ညို ကျော်ကျော်ပြန်အလာကို နေ့စဥ်စောင့်နေပါတယ်ဆိုတဲ့ အကြောင်းလေးပြောပေးပါလို့ အကူအညီတောင်းချင်တာပါ "

" ပြောပေးပါ့မယ် ညို ရယ် "

ဟု ပြောကာ ဦးကျော်ကျော်တစ်ယောက် ညို့ရဲ့ လက်ကလေးကိုလှမ်းဆုပ်ကိုင်ရင်း သည်းစွာငိုကြွေးနေမိ၏။ ညိုနှင့်စတင်တွေ့စဥ်ကတည်းက တစ်ခါမှ ထိတွေ့ဆက်ဆံဖူးခြင်းမရှိခဲ့ဘဲ ဒီနေ့မှသာ သူမ၏လက်ကလေးကိုဖမ်း၍ဆုပ်ကိုင်လိုက်ခြင်းဖြစ်၏။ သူမ၏လက်ကို သိသာစွာထိတွေ့မှုမရခဲ့သော်လည်း လေဟာနယ်ထဲတွင် အေးစက်သောအငွေ့ကို သိရှိခံစားခဲ့ရသည်။ သူမအရမ်းချမ်းနေရှာမည်လားဟု တွေးမိပြီး ထွေးထားပေးလိုသောဆန္ဒဖြင့် သူမဖက်အလှည့်တွင် သူမ၏ အရောင်အဝါများထင်ရှားခြင်းမရှိတော့ဘဲ မှေးမှိန်လာနေသည်ကိုတွေ့ရပြီး အနံ့အသက်များလည်းသိပ်မကောင်းတော့သည်ကိုသတိထားမိ၏။

" ညို သွားတော့မယ် မောင် နောက်နေ့မှတွေ့မယ်နော် "

ဟု ပြောကာ သူမ သူ၏အနီးမှတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။ သူမပျောက်ကွယ်မသွားခင်

" ညို့ကို မောင်လာခေါ်မယ် စောင့်နေနော် "

ဟု ဦးကျော်ကျော်ပြောဖြစ်လိုက်သေး၏။

ကျော်ကျော့်ကိုတွေ့ရင် သူမအပေါ်စိတ်မနာဖို့ ယနေ့ထိတိုင်အောင်စောင့်မျှော်နေဆဲပင်ရှိသေးကြောင်းပြောပြပေးပါတဲ့လား ညိုရယ် ဟု တကိုယ်ထဲပြောကာ ဦးကျော်ကျော်ဆက်၍ငိုကြွေးနေမိ၏။

တကယ်တော့ ဦးကျော်ကျော်အနေဖြင့် ပရလောကသားများ၏ အကြောင်းကို စိတ်ဝင်စားသည်ကတကြောင်း၊ သူ့ထံသို့ချဥ်းကပ်လာသော သူမ၏သဘောထားအမှန်ကိုသိလိုသည်ကတကြောင်းတို့ကြောင့် စတင်တွေ့စကတည်းက မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် အလိုက်အထိုက် ဆက်ဆံနေမိခဲ့ခြင်းဖြစ်၏။ စတင်တွေ့ကာစက ဒီကလေးမလေး ညိုနှင့်အတော်ဆင်သားဟု စိတ်ထဲကမှတ်ချက်ပေးခဲ့မိ၏။ သို့သော်လည်း ပရလောကသားတစ်ဦးဖြစ်သည်ဟုသိရသည်နှင့် သူမသည် မည်သည့်ရည်ရွယ်ချက်ဖြင့် သူ့ကိုချဥ်းကပ်လာခဲ့သနည်းဟူသောအတွေးကြောင့် စိုးတထိတ်ထိတ်ဖြင့် တစ်ဖက်ကလည်းသံသယနှင့်သတိကြီးစွာထားကာ ဆက်ဆံခဲ့သလို တစ်ဖက်ကလည်း ပင်ကိုယ်စူးစမ်းလိုသောသဘောရှိသည့်အတွက် အလျဥ်းသင့်သလို တွေ့ဆုံခဲ့ကြရင်းမှ သူမ ပြောပြခဲ့သော အကြောင်းအရာအားလုံးသည် သူနှင့်ညိုတို့၏ ကြေကွဲဆို့နင့်ဖွယ်ရာ အဖြစ်အပျက်များအတိုင်း ရှိခဲ့သည်မို့ သူမသည် သူ့အား ဥပါယ်တံမျဥ်ဖြင့် ဒုက္ခပေးရန်ချဥ်းကပ်ခဲ့လေသလားဟူသော သံသယတို့ ကင်းစင်သွားခဲ့ပြီး ကျော်ကျော့်အပေါ်ထားရှိခဲ့သော ညို့၏ အကြွင်းမဲ့ချစ်ခြင်းနှင့်မေတ္တာတရားတို့ကိုသိရှိသွားပြီးနောက် ဦးကျော်ကျော်တစ်ယောက် ညို့အတွက် တစ်စုံတစ်ခုလုပ်ပေးရန်ဆုံးဖြတ်ခဲ့ပြီး ဦးဇင်းနိုင်ကြီးဆီသို့ သွားရောက်ခဲ့၏။

သံသရာမှာ နိဗ္ဗာန်မရောက်မီစပ်ကြား ရှေ့ဘဝ၊ ယခုဘဝ၊ နောက်ဘဝတို့ကို ယုံကြည်လက်ခံထားသော မောင်တို့ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ချက်အတိုင်း နောင်ဘဝအဆက်ဆက် ချစ်ရသော ညိုနဲ့ ယခုလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရဘဲ သေတပန် သက်ဆုံးတိုင် ပေါင်းဆုံရပါလို၏။

ဟု ဦးကျော်ကျော် ဆုတောင်းနေမိ၏။

သည်လိုဖြင့် - ဦးကျော်ကျော်တစ်ယောက် ဦးဇင်းနိုင်ကြီးဆီ သွားဖြစ်ခဲ့၏။

" ဒကာကြီး ကျော်ကျော် ဘယ်ကလှည့်လာတုန်း ကျောင်းကိုသက်သက်လာတာဘဲလား "

ဟု ဦးဇင်းနိုင်ကြီးက ဆီးမေးတော့ ဦးကျော်ကျော်က

" တင်ပါ့ ဦးဇင်းဆီလာတာဘုရား "

" လာ ထိုင်ဦး မျက်နှာလဲမကောင်းပါလား ဘာအထွေအထူးကိစ္စများရှိလို့တုန်း ပြောစမ်းပါဦး "

" တင်ပါ့ တပည့်တော် ညိုနဲ့တွေ့ခဲ့တယ်ဘုရား "

" ဟင် ဒကာကြီးစကားကလည်း အဆန်းပါလား ဒကာမကြီး ညိုကိုတွေ့ခဲ့တယ်ဟုတ်လား ဆိုစမ်းပါဦးဘယ်မှာများတွေ့ခဲ့တာတုန်း "

" ကျောင်းထဲမှာတွေ့ခဲ့တာ ဘုရား "

" ဟုတ်ရော ဟုတ်လို့လား ဒကာကြီးရဲ့ အမြင်မှားတာများဖြစ်နေမလား "

" အမြင်မှားတာ မဟုတ်ပါဘူးဘုရား တစ်ကယ်တွေ့ခဲ့တာပါ "

" အင်း ပြန်တွက်ကြည့်တော့ဒကာမကြီးဆုံးတာ ၃၅ နှစ်တောင်ရှိပြီဘဲ ဒါနဲ့ဒကာကြီးနဲ့ဘယ်လိုတွေ့တာတုန်း ဆက်ပါဦး "

ဟု ဦးဇင်းနိုင်ကြီးက ပြောတော့ ဦးကျော်ကျော်က

" တစ်နေ့တပည့်တော် ကျောင်းထဲကို စာရေးဖို့အသွား...... "

ဟု အစချီကာ ညိုနှင့်တွေ့ခဲ့ပုံများကို ဦးဇင်းနိုင်ကြီးအားလျှောက်တင်ခဲ့သည်။

" အင်း အဆန်းပါလား သဘာဝလွန်ဖြစ်ရပ်တစ်ခုနဲ့ ဒကာကြီးကြုံခဲ့တာဘဲ "

" တင်ပါ့ ဘုရား တပည့်တော်လည်းတစ်ခြားသူတွေကိုပြောပြလို့ရှိရင် မယုံကြည်နိုင်ဖွယ်အထင်ခံရမှာစိုးလို့ ဦးဇင်းဆီလာပြီးလျှောက်တင်တာပါဘုရား "

" အိမ်း ဟုတ်ပါပြီ ဒါနဲ့ ဒကာကြီးက ဘာဖြစ်ချင်တာတုန်း "

" တပည့်တော် ညို့အတွက်အလှူလေးတစ်ခုလုပ်ပေးချင်
လို့ပါဘုရား "

" ကောင်းတာပေါ့ လုပ်ပေးသင့်တာပေါ့ သူ့ခမျာ ဒကာကြီးအပေါ်အလွန် စွဲလန်းစိတ်နဲ့ ကွယ်လွန်ခဲ့ရတာဆိုတော့ သူ့အတွက်ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနိုင်ရင်တော့ သူ့ဘဝ လွတ်လပ်သွားတာပေါ့ သာဓု သာဓု သာဓု၊ ဒါနဲ့ ဒကာကြီးက အလှူကိုဘယ်လိုလုပ်ချင်တာတုန်း "

" ဦးဇင်းနဲ့ နောက်ထပ်ဘုန်းကြီး ၂ ပါး၊ စုစုပေါင်း ၃ ပါးပေါ့ဘုရား၊ တပည့်တော်တို့ ကျန်ရစ်သူ သူငယ်ချင်းများက ညို့ကိုဖိတ်ပြီး
တက္ကသိုလ်ဓမ္မာရုံမှာ နေ့လည်ဖက်လောက် လှူဖွယ် ပစ္စည်းတွေ ဦးဇင်းတို့ကို ကပ်လှူပြီး အမျှအတန်းပေးဝေချင်တာပါဘုရား "

" ကောင်းတာပေါ့ ဒါနဲ့ဒကာကြီးကနေ့လည်ဖက်ကိုဘာ့ကြောင့်ရွေးတာတုန်း "

" တပည့်တော်က ညို့ကိုသွားခေါ်ဦးမှာဆိုတော့ ချက်ခြင်းတွေ့ရင်တော့အကောင်းသားပေါ့ဘုရား ချက်ခြင်းမတွေ့ရင်အရှင်ဘုရားတို့ဆွမ်းကပ်ဖို့ အချိန်လင့်မှာလည်းရှိပါတယ် နောက်ပြီး တက္ကသိုလ်ဓမ္မာရုံမှာလုပ်မှာမို့ ဆွမ်းကိစ္စစီစဥ်ရတာလည်းအခက်အခဲရှိပါ့မယ် ဒါ့ကြောင့်ဦးဇင်းတို့ဆွမ်းကိစ္စ​ပြီးမှအေးအေးဆေးဆေးစီစဥ်လို့ရအောင် နေ့လည်ဖက်ရွေးလိုက်တာပါဘုရား "

" ကောင်းတာပေါ့ အဲဒါဆိုဒကာကြီးစိတ်တိုင်းကြစီစဥ်လိုက်တော့ ဦးဇင်းကိုတော့ လှူမဲ့ရက်ကြိုပြောပေါ့ ဒါနဲ့ ဒကာမမျိုးမျိးတို့လည်း မြန်မာပြည်ပြန်ရောက်နေတယ်ကြားတယ် လူစုံတက်စုံဆိုတော့ပိုကောင်းတာပေါ့ "

" တင်ပါ့ အားလုံးအားတဲ့တစ်ရက်ကို ညှိလိုက်ပြီးတော့ ဦးဇင်းဆီလာခဲ့ပါဦးမယ် ခုတော့ခွင့်ပြုပါဦးဘုရား "

" ကောင်းပါပြီ ဒကာကြီး သာဓု သာဓု သာဓု "

ဦးကျော်ကျော်တစ်ယောက် ဦးဇင်းနိုင်ကြီးအား လျှောက်တင်ဖွယ်ရာရှိသည်များကို လျှောက်တင်ပြီးနောက် ကျောင်းပေါ်မှဆင်းကာ ကားကိုမောင်း၍အိမ်သို့ပြန်လာခဲ့သည်။

အိမ်ပြန်လာစဥ်လမ်းတစ်လျောက် လွန်ခဲ့သော ၃၅ နှစ်တာကာလ ကျောင်းသားဘဝသို့ စိတ်အစဥ်ကရောက်သွားခဲ့သည်။
ထိုအချိန်က ဦးကျော်ကျော့်တွင် တင်ထွန်း၊ နိုင်ကြီး၊ အောင်အောင်၊ ဆွေ ၊ မျိုးမျိုး၊ သီတာဆိုသောသူငယ်ချင်းများအပြင်
သူသိပ်ချစ်ရသော သူ့ကိုသိပ်ချစ်သည်လည်းဖြစ်သော ညိုဟုခေါ်သောချစ်သူလည်းရှိခဲ့လေသည်။
ထိုစဥ်က ကျောင်းပိတ်ရက်တစ်ခုအတွင်း အပိုဝင်ငွေရှာရန် လှိုင်းဘွဲသို့အသွားလမ်းခရီးတွင်
လက်နက်ကိုင်အဖွဲ့တစ်ခုက သူ့အားဖမ်းဆီး၍
သူတို့နှင့်အတူလိုက်ပါစေပြီး သူတို့ခိုင်းတာအကုန်လုပ်ပေးခဲ့ရ၏။ ဤသို့ဖြင့်သူတို့ဖမ်းဆီးထားသည်မှာ
၃လ ကျော် ၄လပါးနီးအချိန်လောက်တွင် မြိုင်ကြီးငူ အထက်ဖက် မဲသဝေါဒေသ
တိုက်ပွဲတစ်ခုတွင်ကျော်ကျော် သေနတ်ဒါဏ်ရာရခဲ့သည်။ သိပ်အပြင်းအထန်တော့မဟုတ်၊ ဒါပေမဲ့ကြမ်းကြမ်းတမ်းတမ်းတော့ သွားလာလှုပ်ရှားနိုင်ခြင်းမရှိတော့၊ သို့ဖြစ်၍ ဒါဏ်ရာသက်သာပျောက်ကင်းသည်အထိကုသပေးပြီး ကျော်ကျော်အား ထိုလက်နက်ကိုင်အဖွဲ့မှ ပြန်လွှတ်ပေးလိုက်သည်။ ကျော်ကျော်ဘားအံပြန်ရောက်တော့မိခင်ဖြစ်သူမှာ ဆေးရုံတင်ထားရသည်ဖြစ်၍ မိခင်ဖြစ်သူအားအထူးဂရုစိုက်နေရသည်။ အသက်အရွယ်လည်းရလာ​
ပြီဖြစ်ပြီး စိတ်ဒုက္ခလည်းခံစားလိုက်ရသဖြင့် အမေ
အတော်ခံစားလိုက်ရမည်။အမေ့အတွက်အတော်စိတ်မကောင်းဖြစ်ခဲ့ရသည်။ အဖေလည်းအလုပ်အကိုင်တွေတော်တော်ပျက်သွားသည်။ အားလုံးမိမိကြောင့်ဖြစ်ခဲ့ရသည်မို့ ဘာပြောရမှန်းပင်မသိတော့ အဖေကတော့ စိတ်မကောင်းမဖြစ်ရန်ဖျောင်းဖြပြောရှာသည်။ သူငယ်ချင်းများနှင့်ညို့ကိုသတိရမိသည်။
ကျောင်းကသူငယ်ချင်းများ အိမ်အထိလိုက်လာကြသည်ကို အဖေပြောပြ၍သိခဲ့ရသည်။ သူတို့လည်းတော်တော်စိတ်ပူသွားရှာမည်ဟုတွေးမိပြီးစိတ်မကောင်းဖြစ်ခဲ့ရသည်။ သူတို့
ဆီကိုတော့အကျိုးအကြောင်းစုံကို စာရေးပြောဖြစ်ခဲ့သည်။ ညို့ဆီကိုတော့ စိတ်မပူရန်နှင့်အမေနေကောင်းကျန်းမာလာပါက အမြန်လာခဲ့မည်ဖြစ်ကြောင်း၊ အရမ်းလွမ်းနေရကြောင်းတွေစာရေးပြောဖြစ်ခဲ့သည်။ သူတို့ဆီစာထည့်လိုက်သည်မှာ တစ်လခန့်ရှိပြီဖြစ်သော်လည်းမည်သူတစ်ဦးတစ်ယောက်ဆီကမှစာပြန်မလာခဲ့၊ ဘာကြောင့်လည်းမသိ။ တစ်လကျော်လောက်ကြာမှသူတို့ဆီကစာပြန်လာသည်။ အားလုံးကသတိရကြောင်း အမေသက်သာပျောက်ကင်းပါက ရန်ကုန်ကိုအမြန်လာစေချင်ကြောင်း ဒီစာသင်နှစ်တော့ ကျောင်းတက်ရန်အချိန်
မမှီတော့ကြောင်း နောက်နှစ်စာသင်နှစ်မှသာကျောင်းပြန်တက်ရမည်ဖြစ်ကြောင်းတွေ
ပါသည်။ ညို့ဆီက စာကိုမျှော်ပါသော်လည်း ပြန်စာမလာခဲ့။ ညိုစိတ်ပြေပုံမရသေးဟုထင်သည်။ နှစ်ဦးဆုံမှ
ညို ကျေနပ်သည်အထိတောင်းပန်ပြီး
လွမ်းရခြင်းတွေတစ်ဝကြီးပြောမည်ဟုစိတ်မှာရည်ထားသည်။

ကျော်ကျော်တစ်ယောက် မိခင်ဖြစ်သူအား ကျန်းမာသက်သာလာသည်အထိ အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့ရာ မိခင်ဖြစ်သူမှာဆေးရုံကဆင်း၍အိမ်မှာပြန်ပြီးအနားယူနေပြီဖြစ်သည်။ မိခင်ထူထူထောင်ထောင်ဖြစ်လာသည်နှင့်ကျော်ကျော်တစ်ယောက် ကျောင်းကိစ္စများဆောင်ရွက်ရန်ဟူသောအကြောင်းပြချက်ဖြင့် ရန်ကုန်သို့သွားရန်ပြင်ဆင်ရတော့သည်။
နွေကျောင်းပိတ်ရက်အပါအဝင် ညိုနှင့်ခွဲခွာနေရသည်မှာ ၅ လကျော် ၆ လနီးပါးခန့်ပင်ရှိခဲ့ပြီဖြစ်သည်။ ယခုတော့ ညိုနှင့်ရောသူငယ်ချင်းများနှင့်ပါပြန်လည်ဆုံစည်းရတော့မည်ဖြစ်သဖြင့် ကျော်ကျော်တစ်ယောက် ဝမ်းသာပျော်ရွှင်မဆုံးတော့၊
အမေ့အတွက်ဆောင်ရွက်ရန်ရှိသည်များကိုဆောင်ရွက်ပေးပြီးနောက် ခရီးစဥ်အတွက်လည်းအားလုံးပြင်ဆင်ပြီးပြီမို့ ကျော်ကျော်မိဘများကိုကန်တော့ကာ ဘားအံမှရန်ကုန်ခရီးစဥ် စတင်ခဲ့သည်။
ရန်ကုန်ရောက်တော့ကျောင်းသို့အရင်မသွားသေးဘဲ လမ်း မတော်ရှိ သရက်တောဘုန်းကြီးကျောင်းကိုဝင်ကာ ဆရာတော်အားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ ကန်တော့ပြီးကျောင်းဖက်သို့ထွက်ခဲ့သည်။ ဆရာတော်မှ ရန်ကုန်ကိုကျောင်းလာမတက်ဖြစ်သည့်အကြောင်းများမေးမြန်းနေသဖြင့် အကြောင်းစုံအားလျှောက်ထားနေရ၍ ကျောင်းကို နောက်ကျပြီးမှရောက်၏။ ကျောင်းရောက်တော့ နေ့လည်ထမင်းစားချိန်ပြီး၍ အတန်းများပြန်တက်ချိန်ဖြစ်သည်။ အရင်ဆုံးတင်ထွန်းရှိရာအတန်းသို့အရင်လာခဲ့သည်။ လမ်းတွင် ကျောင်းသားကျောင်းသူအချို့ကျော်ကျော့်ကိုကွက်ကြည့်ကွက်ကြည့်လုပ်သွားကြ၏။ အတန်းရောက်တော့ ဆရာစာသင်နေသည်ဖြစ်၍ စာသင်ချိန်ပြီးသည်အထိ ကော်ရစ်ဒါတွင်ပင်ရပ်စောင့်နေလိုက်သည်။ ဆရာ့အချိန်ပြီး၍ ဆရာအတန်းထဲမှထွက်သွားတော့ ကျော်ကျော် တင်ထွန်းဆီသွားလိုက်၏။ တင်ထွန်းမှာ ကျော်ကျော့်ကိုတွေ့လိုက်သည်နှင့် မျက်လုံးပြူးကာလူကိုကြောင်ကြည့်နေ၏။ ပြီးမှရုတ်ချည်းသတိဝင်လာပြီး

" ကျော်ကျော် မင်းရောက်လာပြီလား "

" အေးလေကွာ ရောက်လာလို့ခုတွေ့နေတာပေါ့ လာကွာ ညိုတို့အတန်းဖက်သွားရအောင် ငါညိုနဲ့အရမ်းတွေ့ချင်နေပြီကွ "

ဟု ကျော်ကျော်လောလော
ပြောတော့ တင်ထွန်းမျက်နှာတစ်ချက်ပျက်သွားသည်။ ပြီးနောက်တင်ထွန်းက

" အေးသွားကြတာပေါ့ကွာ အရင်ဆုံးအဆောင်ခဏပြန်ရအောင်ကွာ "

" အဆောင်ဘာပြန်လုပ်မလို့လည်း နောက်မှပြန်လည်းရတာဘဲဟာကို "

" ကိစ္စလေးရှိလို့ပါကွာ လာပါ "

ဟု ပြောကာ တင်ထွန်းကျော်ကျော့်လက်ကိုဆွဲပြီး အတန်းထဲမှထွက်လာခဲ့သည်။ တင်ထွန်းအသံမှာအတော်လေးတိမ်ဝင်နေသဖြင့် မနဲ
နားထောင်နေရသည်။
လမ်းတစ်လျှောက်ကျောင်းသားကျောင်းသူအများစုက ကျော်ကျော့်အား လူထူးလူဆန်းသဖွယ်ဝိုင်းကြည့်နေကြသည်။

" နိုင်ကြီးတို့အဖွဲ့နဲ့ရော ဆုံဖြစ်လား အရင်လို လှေရောလှော်ဖြစ်သေးလား "

မေးတော့ တင်ထွန်းဘာမှပြန်မဖြေ အဆောင်ရောက်ရန်သာတွန်းသွားနေ၏။ တင်ထွန်းကြည့်ရတာဘာအဆင်မပြေတာရှိလည်းမသိ၊ နဲနဲတော့ထူးဆန်းနေသည်။ အဆောင်ရောက်တော့ တင်ထွန်းတံခါးသော့ဖွင့်နေစဥ် ပါတ်ဝန်းကျင်ကိုကြည့်လိုက်မိသည်၊ ဘာမှထူးထူးခြားခြားပြောင်းလဲမှုမရှိ၊ အရင်အတိုင်းပင် မိုးအကုန်ဆောင်းအရောက်မို့ ကံ့ကော်ပန်းနံ့လေးတွေသင်းနေသည်ကိုတော့သတိထားမိလိုက်သည်။ ညို့ဆီသွားလျင်ကံကော်ပန်းအနည်းငယ်ခူးသွားဦးမည်ဟုစိတ်ကူးရ၏။

တင်ထွန်း အခန်းတံခါးဖွင့်၍ဝင်သွားတော့မှ တွေးလက်စအတွေးစကိုဖြတ်ကာ အခန်းထဲလိုက်ဝင်ခဲ့သည်။
အခန်းထဲရောက်တော့ တင်ထွန်းသူ့သေတ္တာကိုဖွင့်ကာ အထုတ်တစ်ခုကို ထုတ်ယူလိုက်သည်ကိုတွေ့ရသည်။ ပြီးနောက် ကျော်ကျော့်ကို ကြည့်ကာ

" ကျော်ကျော် ညိုမရှိတော့ဘူးကွ "

ဟု ပြောကာငိုပါတော့သည်။
ရုတ်တရက်မို့ကျော်ကျော်ဘာလုပ်ရမှန်းမသိဖြစ်နေ၏။
ထို့နောက် ကျော်ကျော် တင်ထွန်းဘေးနားတွင်ဝင်ထိုင်လိုက်ကာ

" တင်ထွန်းသူငယ်ချင်း ဘာတွေဖြစ်နေတာလည်းကွာ "

ဟု ပြောတော့ တင်ထွန်းကသူ့လက်ထဲတွင် ဆုပ်ကိုင်ထားသောအထုတ်ကလေးအားကျော်ကျော့်လက်ထဲထည့်ပေးရင်း ကျော်ကျော့်ကိုဖက်ကာ

" မင်းကွာ "

ဟု ပြောကာ ကျောကုန်းကိုထု၍ ရှိုက်ကြီးတငင်ငိုပါတော့သည်။ ညို မရှိတော့ဘူးလည်းပြောသည်၊ ရှိုက်ကြီးတငင်လဲငိုနေသဖြင့်
ရင်ထဲမှာတော့တစ်ချက်ထင့်ကနဲဖြစ်သွားသည်။
ကျော်ကျော်တစ်ယောက် တင်ထွန်းဘာတွေဖြစ်နေသည်ကိုနားမလည်နိုင်သည့်အဆုံး

" ညိုကဘယ်သွားလို့လည်း "

ဟုမေးကာလက်ထဲမှအထုတ်ကိုဖြည်၍ကြည့်မည်အပြု
အခန်းဝမှနေ၍ကျောင်းသားတစ်ယောက်က တင်ထွန်းရေ အောက်မှာ ဆွေတို့နိုင်ကြီးတို့အဖွဲ့တွေရောက်နေတယ်ဟု ပြောသဖြင့် လက်ထဲမှအထုတ်ကိုပြန်ပိတ်ကာ ဧည့်ခန်းသို့ဆင်းရန် အခန်းထဲမှထွက်ခဲ့သည်။ တင်ထွန်းမှာမျက်နှာမှ မျက်ရည်များကို ပုဆိုးစဖြင့်သုတ်ကာ တံခါးကိုသော့ခတ်နေသည်။ ရင်သည်တစ်စုံတစ်ခု၏ဖိစီးမှုကြောင့်
အတော်​လေး လေးလံနေသလိုခံစားရသည်။
တင်ထွန်းငိုတာကိုသူတစ်ခါမှမမြင်ဘူး အခုလိုကြေကြေကွဲကွဲငိုတာ မြင်ရတော့ သတင်းဆိုးတစ်ခု သူ့ထံမကြာခင်ရောက်လာတော့မည်လားဟု တွေးမိကာ စိတ်ထဲထင့်ကနဲထပ်ဖြစ်ပြန်သည်။ သည်လိုဖြင့်နှစ်ဦးသား ဧည့်ခန်းသို့ဆင်းလာခဲ့ကြသည်။ ဧည့်ခန်းထဲအရောက်တွင်မတော့ ဆွေတို့ နိုင်ကြီးတို့ မတ်တပ်ရပ်ကာ ဝမ်းနည်းကြေကွဲစွာ ဖြင့်သူ့ကိုကြည့်နေကြပြီး နိုင်ကြီးကသူ့အနားလာကာသူ့ကိုဖက်ထား၏။ ကျောကုန်းပေါ်စီးဆင်းကျလာသော အပူရောင်ရေစီးကြောင်းသည် နိုင်ကြီး၏မျက်ရည်စီးကြောင်းဖြစ်သည်ကို မမြင်ရသော်လည်း သတိဖြင့်သိခဲ့သည်။

ဆက်လက်တင်ဆက်ပါမည်။

ကိုရွှေမိုး(စီးပွားရေးတက္ကသိုလ်)။

Want your public figure to be the top-listed Public Figure in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Parami Street
Hlaing
+95 9775636594