Digit One

Digit One

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Digit One, Education, Hlegu.

28/07/2025

Robots.txtဆိုတာ ဘာလဲ? ဘာလို့ အရေးကြီးတာလဲ? ဝက်ဘ်ဆိုဒ်တိုင်းမှာ ဘာလို့ပါဝင်နေရတာလဲ?

robots.txt ဆိုတာ ဝက်ဘ်ဆိုဒ်တွေနဲ့ ဝက်ဘ်အက်ပလီကေးရှင်းတွေမှာ အမြဲလိုလို တွေ့ရတဲ့ ဖိုင်တစ်ခုပါ။ ဒါပေမယ့် သူက ဖိုင်တိုင်းမှာ ပါတာတော့ မဟုတ်ပါဘူး။ robots.txt ဆိုတာက
ဝက်ဘ်ဆိုဒ်တစ်ခုရဲ့ အဓိက Root Folder ထဲမှာ ထားရှိတဲ့ ဖိုင်တစ်ခုပဲ ဖြစ်ပါတယ်။

လွယ်လွယ်ပြောရမာ်ဆိုရင် robots.txt ဆိုတာက ဝက်ဘ်ဆိုဒ်တစ်ခုဆီ လာရောက်လည်ပတ်တဲ့ Search Engine Bot တွေ (ဥပမာ - Google Bot, Bing Bot စတာတွေ) အတွက် လမ်းညွှန်စာအုပ်လေး တစ်ခုပါပဲ။

ဒီ Bot တွေက အင်တာနက်ပေါ်မှာရှိတဲ့ ဝက်ဘ်ဆိုဒ်တွေကို လိုက်လံစစ်ဆေးပြီး အချက်အလက်တွေ စုဆောင်း၊ Index လုပ် (Search Engine မှာ ရှာလို့ရအောင် မှတ်တမ်းတင်) ကြပါတယ်။ robots.txt ဖိုင်က ဒီ Bot တွေကို "ဟေ့ကောင် Bot ကြီးရေ... ဒီလမ်းကြောင်းကတော့ မဝင်ရဘူးနော်၊ ဟိုလမ်းကြောင်းကတော့ ဝင်လို့ရတယ်" လို့ ပြောပြပေးတာပါ။ ဥပမာအနေနဲ့ အရာရှိတွေပဲ ၀င်ထွက်လို့ရတဲ့ လမ်းတစ်ခုပဲရှိတယ်ထားပါတော့။ အဲ့လမ်းထဲမှာ ယာဉ်ထိန်းရဲ၊လုံခြုံရေးဘာညာရှိမယ်ပေါ့။ တစ်ယောက်ယောက်က အဲ့ဒီလမ်းထဲ၀င်လာခဲ့ရင် ယာဉ်ထိန်းရဲ ဒါမှမဟုတ် လုံခြုံရေးက "ညီလေးဒီလမ်းကတော့ ၀င်လို့မရဘူး" လို့‌ေြပာတယ်ပဲထားတော့။ အဲ့ဒါဆို အဲ့ဒီ့ ယာဉ်ထိန်းရဲ ဒါမှမဟုတ် လုံခြုံရေးက robots.txt ပဲ။😀😀

⭕robots.txt က ဘာလို့ အရေးကြီးတာလဲ?

၁။ မလိုအပ်တဲ့ စာမျက်နှာတွေကို ဖုံးကွယ်ဖို့

ကိုယ့်ရဲ့ Admin Panel တွေ၊ User Account တွေလို လျှို့ဝှက်ထားသင့်တဲ့ စာမျက်နှာတွေကို Search Engine မှာ ပေါ်မလာအောင် တားမြစ်ထားလို့ရပါတယ်။တချို့ စာမျက်နှာတွေက အရေးမကြီးတာ၊ ဒါမှမဟုတ် တခြားစာမျက်နှာတွေနဲ့ အချက်အလက်တူနေတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒါတွေကို Index မလုပ်အောင် တားဆီးခြင်းဖြင့် Search Engine ရဲ့ Crawl Budget (Bot တွေရဲ့ စစ်ဆေးနိုင်စွမ်း) ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ပါတယ်။

၂။ Server ပေါ် ဝန်ပိတာကို လျှော့ချဖို့

Bot တွေက ဝက်ဘ်ဆိုဒ်တစ်ခုလုံးကို အမြဲတမ်း လိုက်လံစစ်ဆေးနေရင် Server ပေါ်မှာ ဝန်ပိပြီး ဝက်ဘ်ဆိုဒ်နှေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ robots.txt နဲ့ မလိုအပ်တဲ့နေရာတွေကို တားမြစ်ထားတဲ့အခါ Server ဝန်ကို လျှော့ချပေးပါတယ်။

၃။ Sitemap နေရာကို ညွှန်ပြဖို့

robots.txt ဖိုင်ထဲမှာပဲ ကိုယ့်ဝက်ဘ်ဆိုဒ်ရဲ့ Sitemap (ဝက်ဘ်ဆိုဒ်ထဲက စာမျက်နှာအားလုံးရဲ့ မြေပုံ) နေရာကို Bot တွေကို ညွှန်ပြပေးလို့ရပါတယ်။ ဒါက Bot တွေအတွက် ကိုယ့်ဝက်ဘ်ဆိုဒ်ကို ပိုမိုလွယ်ကူစွာ ရှာဖွေစစ်ဆေးနိုင်အောင် ကူညီပေးပါတယ်။

⭕ဘယ်လို အလုပ်လုပ်လဲ?

robots.txt ထဲမှာ ရိုးရှင်းတဲ့ စည်းမျဉ်းလေးတွေနဲ့ ရေးထားပါတယ်။ ဥပမာ -

User-agent: *
Disallow: /admin/
Disallow: /private/
Allow: /public/
Sitemap: https://yourwebsite.com/sitemap.xml

User-agent: * ဆိုတာက "ဘယ် Bot မဆို" လို့ အဓိပ္ပာယ်ရပါတယ်။

Disallow: /admin/ ဆိုတာကတော့ "/admin/ ဆိုတဲ့ လမ်းကြောင်းအောက်က ဖိုင်တွေကို Bot တွေ မဝင်ရဘူး" လို့ ပြောတာပါ။

Allow: /public/ ဆိုတာကတော့ "/public/ အောက်က ဖိုင်တွေကိုတော့ ဝင်လို့ရတယ်" လို့ ပြောတာပါ။

Sitemap: ကတော့ Sitemap ဖိုင်ရှိတဲ့နေရာကို ညွှန်ပြတာပါ။

အချုပ်အားဖြင့် ‌ေြပာရမယ်ဆိုရင်....

robots.txt ဆိုတာက ကိုယ့်ရဲ့ ဝက်ဘ်ဆိုဒ်ကို လာရောက်စစ်ဆေးတဲ့ Search Engine Bot တွေအတွက် "စည်းကမ်းထိန်းသိမ်းရေးမှူး" လိုပါပဲ။ သူက Bot တွေကို ဘယ်နေရာကို ဝင်လို့ရတယ်၊ ဘယ်နေရာကို မဝင်ရဘူးဆိုတာကို ပြောပြပေးပြီး ကိုယ့်ဝက်ဘ်ဆိုဒ်ရဲ့ လုံခြုံရေး၊ စွမ်းဆောင်ရည်နဲ့ Search Engine မှာ ပေါ်ထွက်မှုတွေကို စနစ်တကျ ထိန်းချုပ်ပေးနိုင်တာကြောင့် ဝက်ဘ်ဆိုဒ်တိုင်းမှာ အရေးပါတဲ့ ဖိုင်တစ်ခုအဖြစ် ပါဝင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် robots.txt က website ရဲ့ဖိုင်တိုင်းလိုလိုမှာ ပါဝင်တဲ့ website တစ်ခုလုံးအတွက် အရေးပါတဲ့ လမ်းညွှန်ဖိုင်လေးတစ်ခု ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

🍁အားလုံးကို ကျေးဇူးတင်ပါတယ်🍁

.txt

03/07/2025

Graphic Designer တစ်ယောက်အနေနဲ့ အလုပ်လုပ်တော့မယ်ဆိုရင်...

ဒီနေ့ခေတ်ကြီးထဲမှာ ကိုယ်ဝါသနာပါတဲ့အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် ရပ်တည်နိုင်ဖို့ဆိုတာ လူငယ်တိုင်းရဲ့ အိပ်မက်တစ်ခုလိုပါပဲ။ အဲဒီအထဲမှာမှ ဖန်တီးရတာကို နှစ်သက်ပြီး အရောင်တွေ၊ ဒီဇိုင်းတွေနဲ့ ကစားရတာကို ကြိုက်တဲ့သူတွေအတွက် Graphic Designer ဆိုတဲ့ အသက်မွေးဝမ်းကျောင်းကတော့ အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်မှာပါ။ မြန်မာနိုင်ငံမှာလည်း Digital Marketing ခေတ်စားလာတာနဲ့အမျှ Graphic Designer တွေရဲ့ အခန်းကဏ္ဍက အရင်ကထက် ပိုမိုအရေးပါလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများကြီးရှိလာပါတယ်။
ဒါကြောင့် Graphic Designer တစ်ယောက်ဖြစ်ဖို့ ဘယ်ကစပြီး ဘယ်လိုလျှောက်လှမ်းရမလဲဆိုတာကို ဒီပို့စ်မှာ ပြောပြပေးသွားပါမယ်။ကဲ.... စလိုက်ရအောင်။

⭕ Graphic designer တစ်ယောက်ဖြစ်ဖို့ ကိုယ့်မှာ ဘယ်အရည်အချင်းတွေ လိုအပ်မလဲ?

Graphic Designer ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အဓိကလိုအပ်တဲ့ အရည်အချင်းတွေကတော့........

🔸ဖန်တီးနိုင်စွမ်း (Creativity)

ဒါကတော့ မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးဆုံးအချက်ပါပဲ။ အရာရာကို ရှုထောင့်အသစ်ကနေ ကြည့်မြင်တတ်ပြီး ကိုယ်ပိုင်အတွေးအခေါ်နဲ့ အိုင်ဒီယာအသစ်တွေကို ဖန်တီးနိုင်စွမ်းရှိဖို့ လိုပါတယ်။

🔸 Software Skills

ဒီနေ့ခေတ် Graphic Design လောကရဲ့ အဓိက software တွေဖြစ်တဲ့ Adobe Photoshop, Illustrator, InDesign တို့လို design software တွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့ကလည်း အရေးကြီးပါတယ်။

🔸 ဆက်ဆံရေးနှင့် နားလည်မှု (Communication & Understanding)

ကိုယ့်ရဲ့ ဖန်တီးထားတဲ့ ဒီဇိုင်းအိုင်ဒီယာတွေကို လုပ်ငန်းရှင်တွေ၊ ဖောက်သည်တွေကို ရှင်းရှင်းလင်းလင်း တင်ပြနိုင်ရပါမယ်။ ဒါ့အပြင် သူတို့ရဲ့ လိုအပ်ချက်ကိုလည်း တိတိကျကျနားလည်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။

🔸အချိန်စီမံခန့်ခွဲနိုင်မှု (Time Management)

လုပ်ငန်းတော်တော်များများမှာ သတ်မှတ်ထားတဲ့အချိန် (deadline) အတွင်း အရည်အသွေးပြည့်မီတဲ့ ဒီဇိုင်းတွေကို အပြီးသတ်ပေးနိုင်ဖို့ကလည်း အရေးပါတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။

⭕ Graphic design ကို ဘယ်နေရာမှာ လေ့လာရမလဲ?

မြန်မာနိုင်ငံမှာ Graphic Design ပညာကို လေ့လာနိုင်တဲ့ နေရာကောင်းတွေ အများကြီးရှိနေပါပြီ။

🔸သင်တန်းကျောင်းများ (Training Centers)

ရန်ကုန်မြို့မှာဆိုရင် KMD Computer Centre, EDGE Computer Centre တို့လို နာမည်ကြီးသင်တန်းကျောင်းတွေမှာ Graphic Design နဲ့ပတ်သက်တဲ့ သင်တန်းမျိုးစုံကို တက်ရောက်နိုင်ပါတယ်။ ဒီသင်တန်းတွေကနေ software အသုံးပြုနည်းကစပြီး ဒီဇိုင်းရဲ့ အခြေခံသဘောတရား (Design Theory) တွေကိုပါ စနစ်တကျ‌ေလ့လာသင်ယူနိုင်မှာပါ။

🔸အွန်လိုင်းသင်တန်းတွေ (Online Courses)

အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ဖို့ အချိန်မပေးနိုင်သူတွေအတွက်တော့ ကိုယ့်အိမ်မှာပဲ သက်တောင့်သက်သာလေ့လာနိုင်တဲ့ အွန်လိုင်းသင်တန်းတွေက အကောင်းဆုံးရွေးချယ်မှုပဲ။ L2E Myanmar လို ပြည်တွင်း platform တွေမှာ မြန်မာလိုသင်ကြားတဲ့ သင်တန်းတွေရှိသလို၊ Coursera, Udemy, Skillshare တို့လို နိုင်ငံတကာ platform တွေမှာလည်း ကမ္ဘာ့အဆင့်မီသင်ခန်းစာတွေကို လေ့လာနိုင်ပါတယ်။

🔸ဒီပလိုမာတန်းများ (Diploma Programs)

ဒီပညာကို ပိုပြီးနက်နက်နဲနဲ သင်ချင်တယ်၊diploma လက်မှတ်လည်း လိုချင်တယ်ဆိုရင်တော့ AES Myanmar Creative Media Institute လိုမျိုး ဒီပလိုမာတန်းတွေဖွင့်လှစ်သင်ကြားပေးတဲ့ ကျောင်းတွေလည်းရှိပါတယ်။

⭕ Portfolio ကောင်းတစ်ခု တည်ဆောက်ပါ

Graphic Designer တစ်ယောက်ရဲ့ အရည်အချင်းကို အကောင်းဆုံးသက်သေပြနိုင်တာကတော့ သူရဲ့ Portfolio ပါပဲ။ ကိုယ်ဖန်တီးခဲ့တဲ့ အကောင်းဆုံးဒီဇိုင်းလက်ရာတွေကို စုစည်းပြီး Portfolio တစ်ခုအဖြစ် ပြင်ဆင်ထားသင့်ပါတယ်။ အလုပ်လျှောက်တဲ့အခါဖြစ်ဖြစ်၊ အလွတ်တန်းအလုပ် (freelance) တွေ လက်ခံတဲ့အခါဖြစ်ဖြစ် ဒီ Portfolio က သင့်ကိုယ်စား သင့်အရည်အချင်းကို ပြောပြပေးသွားမှာပါ။

Behance, Dribbble တို့လို အွန်လိုင်းဝက်ဘ်ဆိုက်တွေမှာ ကိုယ့်ရဲ့ Portfolio ကိုတင်ထားခြင်းအားဖြင့် နိုင်ငံတကာက ဒီဇိုင်နာတွေနဲ့ ချိတ်ဆက်နိုင်သလို အလုပ်ရှင်တွေရဲ့ အလုပ်ခန့်အပ်နိုင်‌ေြခလည်းများပါတယ်။

⭕အလုပ်အကိုင် အခွင့်အလမ်း ဘယ်မှာရှာမလဲ?

🔸အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တွေ (Job Websites)

ဥပမာ JobNet Myanmar, MyJobs, VAC Jobsearch တို့လို ဝက်ဘ်ဆိုက်တွေမှာ Graphic Designer ရာထူးအတွက် အလုပ်ခေါ်စာအများကြီး တွေ့နိုင်ပါတယ်။ ကိုယ့်အရည်အချင်းနဲ့ကိုက်ညီတဲ့ အလုပ်တွေကို အလွယ်တကူရှာဖွေလျှောက်ထားနိုင်ပါတယ်။

🔸အလွတ်တန်းအလုပ်ရှာဖွေရေး Platform များ (Freelance Platforms)

ကိုယ်ပိုင်အချိန်နဲ့ လွတ်လွတ်လပ်လပ် အလုပ်လုပ်ချင်သူတွေအတွက်တော့ Upwork, Fiverr, MMlancehub တို့လို platform တွေက အခွင့်အလမ်းကောင်းတွေ စောင့်ကြိုနေတဲ့နေရာတွေပါပဲ။ ဒီ platform တွေကနေတဆင့် ပြည်တွင်းသာမက ပြည်ပက client တွေနဲ့ပါ တိုက်ရိုက်ချိတ်ဆက်ပြီး အလုပ်တွေလက်ခံနိုင်ပါတယ်။

🔸လူမှုကွန်ရက်နှင့် အသိုင်းအဝိုင်း (Social Media & Networking)

Facebook ပေါ်က Graphic Designer အဖွဲ့အစည်းတွေ၊ Group တွေမှာ ပါဝင်ထားခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေအပြင်၊ အချင်းချင်းအသိပညာတွေ၊ အတွေ့အကြုံတွေ ဖလှယ်နိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။

LinkedIn မှာ ကိုယ့်ရဲ့ Profile ကို စမတ်ကျကျတည်ဆောက်ထားတာကလည်း အလုပ်ရှင်ကောင်းတွေနဲ့ ချိတ်ဆက်မိဖို့ အခွင့်အလမ်းပိုများစေပါတယ်။

⭕အမြဲမပြတ် လေ့လာသင်ယူပါ (Learn Consistently)

Graphic Design လောကဆိုတာ အမြဲတမ်းပြောင်းလဲနေပြီး ခေတ်ရေစီးကြောင်းအသစ်တွေ၊ နည်းပညာအသစ်တွေ အဆက်မပြတ်ပေါ်ထွက်နေတဲ့ နေရာတစ်ခုပါ။ ဒါကြောင့် ကိုယ့်ရဲ့အရည်အချင်းကို အမြဲတမ်းထက်မြက်နေစေဖို့ နောက်ဆုံးပေါ် design trend တွေ၊ software update တွေကို အမြဲလေ့လာနေဖို့ အရေးကြီးပါတယ်။ အွန်လိုင်းကနေ tutorial တွေကြည့်တာ၊ design blog တွေဖတ်တာ၊ နာမည်ကြီး designer တွေရဲ့ လက်ရာတွေကို လေ့လာသုံးသပ်တာတွေက ကိုယ့်ကို အမြဲတမ်းတိုးတက်နေစေဖို့ အထောက်အကူပြုပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့
Graphic Designer တစ်ယောက်အဖြစ် အောင်မြင်စွာရပ်တည်ဖို့ဆိုတာ စိတ်ရှည်မှု၊ ဇွဲလုံ့လနဲ့ အဆက်မပြတ်ကြိုးစားအားထုတ်မှုတွေတော့ လိုအပ်မှာသေချာပါတယ်။ ဒါပေမဲ့ ကိုယ်တကယ်ဝါသနာပါတဲ့အရာကို အသက်မွေးဝမ်းကျောင်းအဖြစ် ပြောင်းလဲနိုင်ခဲ့ရင် ရရှိလာမယ့် ပျော်ရွှင်ကျေနပ်မှုကတော့ ဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။

ဒီပို့စ်က Graphic Designer ဖြစ်ချင်တဲ့ DOer တို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ အကောင်းဆုံးအထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ အောင်မြင်တဲ့ Graphic Designer ကောင်းတွေ ဖြစ်နိုင်ကြပါစေ။
🍁အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်🍁
🍁Never Stop Learning 🍁

ှမှတ်ချက်။ (ဒီပို့စ်ကို ကူးယူဖော်ပြခဲ့ရင် Digit One Page Link ပါ ပေါင်းထည့်ပေးပါရန်)

Want your school to be the top-listed School/college in Hlegu?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Hlegu