Magway Highlight
သုတ ရသ နဲ့ သတင်းအချက်အလက်များ
24/07/2024
#မကွေးအကြောင်း
(သို့မဟုတ်)
#တမ္ပဒီပတိုင်းဌာနီမှမာကရမြို့တော်ကြီး
***** ***** *****
“နွေမှာပူလောင်၊ မိုးမှာခေါင်၍၊ ဆောင်းစောင် မလောက်၊ ငွေနှင်းပေါက်ဖြင့်၊ ခန်းခြောက်မြေဆီဤဌာနီကား မြန်ပြည်အလယ်ပိုင်း မကွေးတိုင်း” ဟု ဆိုစမှတ် ပြုခဲ့သည့် မကွေးမြို့နယ် ပါဝင်သော မကွေးတိုင်းဒေသကြီးသည် ယခုအခါ ဆိုသလောက် မဟုတ်ချေပြီ။
သဘာဝ တရားကြီးကို လူတို့၏ ပြုပြင်မှုဖြင့် (လုံးဝဥဿုံ) ပြောင်းလဲ အောင် စွမ်းဆောင်ခြင်းငှာ မတတ်သာ နိုင်သော်လည်း ဆိုခဲ့သည်ထက် ဆိုးမလာစေရန်မျှမက ကြမ်းတမ်း သော ရေမြေ၊ ရာသီဥတုကို လျှော့ချနိုင်စေခဲ့ပြီး သဲကန္တာရကြီးပင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းယူဆချက်များ ကိုလည်း ပျက်ပြယ်အောင် အားထုတ် နေကြချေပြီ။
မကွေးမြို့နယ်အသင်း (ရန်ကုန်) နှစ်လည်မဂ္ဂဇင်းအတွက် ဘာရေးရပါ့မ လဲလို့ စဉ်းစားရင်း ခေါင်းခြောက်နေ တုန်း အချိုရှာ သကာတွေ့ဆိုသလို ရေးဖော်ရေးဖက်တစ်ဦးဖြစ်သော ဆရာတင်လင်းဇော်က စာအုပ်တစ်အုပ် ကိုယူလာပြီး
“ရော့ ကိုယ့်လူတို့ တာဝန်ယူထားတဲ့ မဂ္ဂဇင်းအတွက် အသုံးဝင်လိမ့်မယ်" ဆိုပြီး ဉာဏ်ရှိသလိုဖော်စားဖို့
ဆေးကျမ်းကြီးပေးသလိုမျိုး ထိုးပေးလာပါသည်။
စာရေးသူလည်း အဖုံးပင်မပါ ဗလချာဖြစ်နေသည့် ထိုစာအုပ်ကြီးကို တစ်ချက်မျှ အကဲခတ်ရုံဖြင့် ထိန်းသိမ်းထားသင့်သောစာအုပ် ဖြစ်ချေသည်ဟု သုံးသပ်မိလေသည်။
စာအုပ်ပါ အကြောင်း အရာများကို ဖတ်ကြည့်မိသောအခါတွင်မူလည်း မကွေးမြို့နယ်အသင်း (ရန်ကုန်) မဂ္ဂဇင်းအတွက် အထူးသင့်လျော်တဲ့ ဆောင်းပါးတစ်ပုဒ်တော့ရလေပြီဟု အောက်မေ့ကာ စာရေး စားပွဲတွင် အကျအနထိုင်ပြီး လေ့လာထားမိသမျှနှင့် စာအုပ်ပါ အချက်အလက်များကို ကောက်နုတ်ရေးသားလိုက်ရပါ တော့သည်။
ရှေးဦးစွာ မကွေးမြို့နယ်အကြောင်းမတင်ပြမီ မကွေးမြို့ အကြောင်းနှင့် ထူးခြားဖြစ်စဉ်များ၊ သမိုင်းဝင် အချက်အလက်များကို တင်ပြရမည်ဆိုပါမူ -
#မကွေးမြို့၏ သမိုင်းဖြစ်စဉ်...
ရှေးဟောင်းမကွေးမြို့၏ ကနဦးအစ တည်နေရာ မှာ (ယခု) မြသလွန်စေတီ တော်ကြီး၏အနောက်ဘက်တွင် တည်ရှိသော နံကပ်ကျွန်းကြီးသည် သစ်ပင်ပေါများစွာဖြင့် ကြီးမားစွာ တည်ရှိခဲ့ပေသည်။
၎င်းကျွန်းကြီးမှာ တောင် မြောက်ရှည် လျားလျက်ရှိပြီး မြောက်ပိုင်းကို ဦးသာ ထွန်း အမှူးပြုသော လူနေအိမ်ခြေ တစ်စုနှင့် တောင်ပိုင်းကို ဦးလှဘော် အမှူးပြုသော လူနေအိမ်ခြေ တစ်စုတို့ ဖြင့် ဖွဲ့စည်းတည်ရှိခဲ့၏။
ယင်းကား ရှေးဦးမဆွတည်စမကွေးမြို့ ပင် ဖြစ်ချေတော့သည်။
#မကွေးမြို့အမည်နာမဖြစ်ပေါ်လာပုံ...
ထိုအမည်နာမမှာ မြသလွန်စေတီတော် သမိုင်းစဉ်နှင့် ဆက်စပ်လျက်ရှိ ၍ သမိုင်းအကျဉ်းကို ဖော်ပြလိုပေသည်။
ဂေါတမ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ဝါတော် (၂ဝ) သို့ ရောက်သောအခါ သုနာပရန္တတိုင်း လယ်ကိုင်းသားတို့သည် စန္ဒကူးသား တို့ဖြင့် ဆောက်လုပ်ထားသော ကျောင်းတော်ကို အလှူခံယူတော်မူရန် မြတ်စွာဘုရားထံ သွားရောက်လျှောက် ထားကြ၏။
မြတ်စွာဘုရားသည် မဟာသက္ကရာဇ် (၁၂၃) ခု၊ ဝါဆိုလဆုတ် (၈) ရက်နေ့ တွင် စန္ဒကူးနံ့သာကျောင်းတော်ကို အလှူခံယူတော်မူပြီး (၇) ရက်ပတ်လုံး ဈာန်ချမ်းသာခြင်းဖြင့် မွေ့လျော်တော် မူ၍ တရားရေအေး တိုက်ကျွေးတော်မူ သည်။
ထိုမှတစ်ဖန် ရွံ့ဗွက်တောင်တို့ဖြင့် ခြံရံလျက်ရှိသော မင်းဘူး (မင်းပူး) မြို့ရှိ စက္ကိန်းတဲတောင်ထိပ်သို့ကြွချီကာ သီတင်းသုံးနေတော်မူသည်။
ရှေးဘုရားအဆူဆူပွင့်တော်မူတိုင်း ထိုတောင်ထိပ်သို့ရောက်ရှိသော် သိကြားမင်းသည် ရတနာသလွန်တော် ကို လှူဒါန်းမြဲဖြစ်သည့်အတိုင်း ဂေါတမမြတ်စွာဘုရားအားလည်း မြသားအတိပြီးသော သလွန်တော်ကို လာရောက်လှူဒါန်းလေသည်။
ထိုအချိန်တွင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ခပ်လှမ်းလှမ်း တောနက်ကြီးတစ်ခု၌ နေသော ဘောသောဘောကျော်၊ ဘောသူရ၊ ဘောရသမည်သော ဘီလူးညီနောင် (၄) ဦးတို့သည် မြတ်စွာဘုရားထံ ကြစုဖန်ခါးသီးများ သွားရောက်လှူဒါန်း၍ ဘုရားရှင်၏ တရားကို နာကြားရသဖြင့် အကျွတ် တရားရကုန်၏။
ထို့နောက် မြတ်စွာဘုရားထံ ကိုးကွယ်ရာ အမွေတစ်စုံတစ်ခု ပေးသနားပါရန် လျှောက်ထားသည် တွင် မြသားသလွန်ကို ပေးလေသည်။
ဘီလူးညီနောင်တို့သည်လည်း ဝမ်းမြောက်ရွှင်လန်းစွာဖြင့် သလွန်တော်ကိုယူဆောင်ကာ အရှေ့ဘက်ကမ်းရှိ မိမိတို့နေထိုင် ကျက်စားရာတောကြီးအတွင်း၌ ဌာပနာ၍ ဘုရားတည်ကိုးကွယ်ကြ၏။ (ယခုအခါ ထိုနေရာကို ဘုရားပြိုရွာ ဟုခေါ်တွင်သည်)
မြတ်စွာဘုရားသည် စက္ကိန်းတဲ တောင်မှ ဒေသစာရီ ကြွမြန်းတော်မူ လာရာတွင် မင်းဘူးမြို့ လိပ်တောင် ထိပ်၌ ခေတ္တရပ်တံ့တော်မူကာ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းဆီသို့ ညွှန်ပြလျက်
“ဤ မည်သောဒေသ၌ နောင်သော အခါတွင် မြသလွန်စေတီနှင့်တကွ မာကရမြို့တော်ကြီးသည် နဂုတ္တမ တောင်ကို အမှီပြု၍ ဖြစ်ထွန်း တည်လာတော်မူလတ္တံ့" ဟု ဗျာဒိတ်တော်မူခဲ့လေသည်။
ဘီလူးတို့ ဘုရားတည်သောနေရာသည် မြတ်စွာဘုရား ဗျာဒိတ် ချမှတ်တော်မူ သောနေရာမဟုတ်သဖြင့် သိကြားမင်း သည် ဘီလူးတို့တည်ထားသော ဘုရား ကို ဖြိုဖျက်၍ သလွန်တော်ကို ယူပြီး ဧရာဝတီမြစ်ကမ်းတွင် သီတင်းသုံးနေ ကြသော ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ ဒိဗ္ဗယာန မည်သော ရသေ့ကြီး (၃) ဦး ထံ ပင့်ဆောင်သွားလေသည်။
ကဿပဘုရားရှင် လက်ထက်တော် အခါက ရွှေသားသလွန်တော်ကို ဌာပနာခဲ့ဖူးသော နဂုတ္တမတောင်ထိပ် တွင် မြသလွန်တော်ကိုလည်း ဌာပနာ ရန် စီမံ၏။
ထိုအခါ ပထမလှေတစ်စီးတွင် ပတ္တမြား ပြာသာဒ်တော်၌ မြသားသလွန်တော်ကို တင်ဆောင်၍ လည်းကောင်း၊ ဒုတိယ လှေတစ်စီးတွင် ရွှေသားပြာသာဒ် တော်၌ ရွှေသားသလွန်တော်ကို တင်ဆောင်၍လည်းကောင်း မဟာသက္ကရာဇ် (၁၂၈) တပေါင်းလပြည့်နေ့တွင် ဧရာဝတီမြစ် ရေနှင့်အညီ စီမံကာ ဌာပနာတော်မူ သည်။
စေတီတည်ရန်မှာ ဘီလူးညီနောင်တို့ စုတေ၍ လူသားစင်စစ်ဖြစ်သော အခါမှ ဘုရားတည်ရန်သင့်ကြောင်း သိကြားမင်းက ရသေ့တို့အားပန်ကြား၍ တာဝတိံသာသို့ ပြန်ကြွသွားလေသည်။
မဟာသက္ကရာဇ် (၁၅၀) ပြည့်နှစ်တွင် ရသေ့ကြီး (၃) ဦးနှင့်တကွ သိကြားမင်း၊ သူဌေးကြီးသမီး ပုဏ္ဏဝတီ နှင့် ဘီလူးဝင်စားဖြစ်သော သားမက် တော် ဘောကျော်တို့သည် ရွှေသား သလွန်တော်နှင့် မြသားသလွန်တော် တို့ကို ဌာပနာ၍ စေတီတည်ကြလေ သည်။
ထိုပထမဆုံး အကြိမ်တည်သော စေတီ မှာ အမြင့်သံတောင် (၃၅) တောင် ရှိသည်ဟူ၏။
ထို့နောက် ပုဂံခေတ်သက္ကရာဇ် (၄၂၁) ခုနှစ်တွင် နန်းတက်သော စောလူးမင်း သည် ရှင်အရဟံမထေရ်မြတ်၏ ညွှန်ပြမြွက်ဆိုချက်အရ ကျန်စစ်သားကို တပ်ဦးမှ ချီစေလျက် နောက်လိုက် ဗိုလ်ပါ၊ အခြံအရံများဖြင့် နဂုတ္တမတောင် ၏ တောင်အရပ်ဒေသတွင် မြင်းတပ်ဖွဲ့ ကိုချစေပြီး (ယခုအခါမြင်းကင်းရွာဖြစ််၏)
အဆင့်ဆင့်သော ကင်းစခန်းတို့ကို ချထားပြီးမှ ဘုရင်စောလူးမင်းသည် (သံ တောင် ၅၅ တောင်မြင့်သော မြသလွန်စေတီ ထီးတော်ကြီး ကိုလည်းကောင်း၊ ပန်းရစ်တောင်စေ တီကိုလည်းကောင်း၊ ရသေ့ကြီး(၃)ပါး၏ ကျောင်းနေရာများတွင် စေတီ (၃) ဆူကိုလည်းကောင်း၊ လင်လျာမျှော် (ရွှေလင်မျှော်) စေတီကို လည်းကောင်း ဆုတောင်းပြည့်စေတီကိုလည်း ကောင်း၊ သိကြားနတ်ကွန်း ကိုလည်း ကောင်း၊ သိမ်တော်ကြီးကိုလည်း ကောင်း တစ်ပြိုင်နက်တည်း တည်တော်မူ၍ ဝန်းကျင်ဒေသအား မြောက်သို့လားသော် အုတ်သရော ညောင်ပင်အထိ (ယခု အလယ်ချောင်း ရွာ)၊ တောင်သို့လားသော် ဇေချောင်း ကင်းတံတားအထိ၊အရှေ့သို့လားသော် လယ်ဖြူ (လေယာဉ်ကွင်းဟောင်း) အထိ၊ အနောက်သို့လားသော် ဆိုခဲ့ပြီး သော နံကပ်ကျွန်းကြီးအပါအဝင် ဧရာဝတီမြစ်ရေကြောင်းတစ်ဝက် အထိ၊ နယ်လေးရပ် သတ်မှတ်လျက် မာကရမြို့တော်ကြီးကို သမုတ်တော်မူ၍ တည်ထားတော်မူခဲ့ ကြောင်း မှတ်သားခဲ့ကြသည်။
မာကရဒေသသည် ဧရာဝတီမြစ်ကွေ့ဝိုက်စီးဆင်း ရာနေရာ ဖြစ်၍သော်လည်းကောင်း၊ ဘီလူးညီနောင်တို့လူ့ဘဝသို့ရောက်၍ ဤမာကရအရပ်ဒေသ၌ အရိုင်းစိတ် သွေးမရှိ ကင်းဝေးကာ မာန်ကွေးနှိမ်ချ ကျိုးနွံလာကြ၍ တစ်ကြောင်း (မြစ်ကွေ့) (မာန် ကွေး) ထိုမှတစ်ဆင့် ကာလရွေ့လျောပြီး မကွေးဟူသော အမည်နာမ ဆိုက်ရောက်လာခြင်း ဖြစ်သည်ဟု အဆိုရှိခဲ့ပေသည်။
ဤနေရာတွင် မြသလွန်စေတီတော်နှင့်ပတ်သက်၍ တစ်ဆက်တည်းတင်ပြလိုပေသည်။ မာကရအရပ်ဒေသသို့ ကြွချီလာသော ရှင်အရဟံသူမြတ် ဟောကြားချက်အရ မြသလွန် ဘုရားကုန်းတော်ပေါ်တွင် သိမ်တော်ကြီးတစ်ဆူ သိကြားမင်း စံနန်းဆောင်တစ်ဆောင်၊ ဆုတောင်းပြည့်စေတီ တစ်ဆူ၊ ရသေ့ညီနောင်တို့ သီတင်းသုံးရာ အရပ်မှာ စေတီ (၃) ဆူနှင့် ကျောင်း (၃) ကျောင်း၊ ပန်းရစ်တောင်ပေါ်မှာ စေတီတစ်ဆူ၊ ပုဏ္ဏဝတီမင်း သမီးတမ်း တရော်ရမ်းခဲ့သည့် တောင်ကုန်းတောင် ပေါ်တွင် လင်လျာမြော် စေတီတို့ကို တည်ထားပြီး ဓာတ်တော်များကိုပါ ဌာပနာစေခဲ့သည်ဟု သိရပါသည်။
ရှင်အရဟံသမုတ်ခဲ့သည့် သိမ်တော်ကြီးသည် မြသလွန် ဘုရားရင်ပြင်တော်၏ အင်္ဂါထောင့်တွင်တည်ရှိပြီး ရဟန္တာသိမ်အဖြစ် ယနေ့အထိ ရှိနေပေသည်။
သိကြားမင်းဗိမာန်မှာ မြသလွန်ဘုရား အထက် စောင်းတန်း၏ လက်ဝဲဘက် အုတ်အင်္ဂတေရုပ်ပွားတော်ကြီး တန်ဆောင်း၏ အနောက်ဘက် ကမ်းပါးပေါ်တွင် တည်ရှိပါသည်။
ရသေ့ညီနောင်စေတီများမှာ မြသလွန်ဘုရား၏ အရှေ့တောင်ဘက် ၁မိုင်ခန့်အကွာ စာသင်တိုက်များအနီး တောင်ကုန်းပေါ်၌ တည်ရှိပါသည်။
လင်လျာမျှော် (ရွှေလင်မျှော်) စေတီသည် မြသလွန်ဘုရား၏မြောက် ဘက် ၁မိုင်ခန့်အကွာ ကမ်းပါးထိပ်တွင် တည်ရှိ၏။
#မကွေးမြို့အစ နံကပ်ကျွန်းက...
နံကပ်ကျွန်းကြီးသည် ဧရာဝတီမြစ်ရေ ကြောင်းပြောင်းလဲမှုကြောင့် ရွေ့လျားကမ်းပြို၊ နဂိုမူလ သဘာဝတို့ ပျက်ပြုန်း၍ ထိုဒေသနေလူ အချို့မှာ မင်းဘူးသို့လည်းကောင်း၊ အလယ်ချောင်းရွာသို့လည်းကောင်း၊ ဝါးတောချောင်းရွာနေရာသို့လည်း
ကောင်း၊ သာယာကုန်း (ကျွန်းစု) နေရာနှင့် မြို့ဟောင်းရပ်ကွက် နေရာအသီးသီးသို့ ပြောင်းရွှေ့ကာ နေထိုင်ခဲ့ကြသည်ဟု လေ့လာမှတ် သားရသဖြင့် မြို့ဟောင်းမှသည် တစ်စတစ်စ တိုးချဲ့ကာ မကွေးမြို့ကြီး ဖြစ်တည်ခဲ့သည်ဟု သိရပေမည်။
#မြို့ဟောင်းရပ်ကွက်မှသည်...
ယာမြေသမားတို့ စုပေါင်းနေထိုင်ရာ၊ ဆီထွက်သီး နှံများ ကြိတ်ရာ ဆုံ” များ ထွန်းကားရာနေရာကို ဆုံရပ်ကွက်၊ ရှးမဆွက ကုန်သည်ပွဲစားတို့ စုပေါင်းနေထိုင်ရာ အရောင်းအဝယ် စည်ကားခဲ့သောနေရာကို ဈေးရပ်ကွက် နှင့် မြို့မရပ်ကွက်၊ မြို့အလယ်တွင်ရှိသည့်ရပ်ကွက်ကို အလယ်ရပ်၊ အောက်ပြေအောက်ရွာမှ ဆားလှေများ ဆိုက်ကပ်ရာနေရာကို (ဆားလှေဆိပ်)၊ ဆားဆိပ်မှသည် ဆားစေ့ရပ်၊
ကုန်များကို စည်ကြီးများဖြင့် သိုလှောင် ရာနေရာဖြစ်၍လည်း ဆားစည်မှ ကာလရွေ့လျောသည့်အခါ ဆားစည့်ရပ်၊
ညောင်ပင်ကိုအစွဲပြု၍ ရွှေညောင်ရပ်၊ ထိုမှ ပြောင်းရွှေ့၍ ရွာသစ်တည် ထောင်နေထိုင်ကြသဖြင့် ရွာသစ်ရပ်၊ ကျေးရွာ များမှ ပဲနှမ်းရောင်းဝယ်ရာ နေရာ ဖြစ်လာ၍ ပွဲစားများ နေထိုင် သည့် ပွဲကြိုရပ်၊ အုပ်ချုပ်ရေးအချက်အခြာနေရာဖြစ်၍ စိုးရိမ်ရန် မရှိသဖြင့် မစိုးရိမ်ရပ်၊ သူဌေးအများ စုဝေးနေထိုင်ရာအရပ်ကို သူဌေးကုန်းရပ် စသည်ဖြင့် အကြောင်းပြု၍ အမည်တွင်သော ရပ်ကွက်များအပြင် သိင်္ဂါဂီရိ ရပ်ကွက် သည်လည်း တစ်မျိုးတစ်ဘာသာ လှပသည့်အမည် ဖြစ်လေသည်။ (ယခုအခါတွင်မူ ရပ်ကွက်များစွာ တိုးချဲ့ဖြစ်ပေါ်လျက်ရှိပေသည်။)
#မကွေးမြို့မှာ ထူးခြား ၉၉ တံခါး...
၁၉၄၂-ခုနှစ်၊ ဂျပန်ဝင် ခါနီးအချိန်တွင် နယ်ချဲ့ အင်္ဂ လိပ်တို့ မြေလှန်စနစ်ဖြင့် မီးရှို့ဖျက်ဆီး ခြင်းကြောင့် အိမ်ခြေ အနည်းငယ်မှအပ တစ်မြို့လုံး မီးဘေး ဒုက္ခကြုံတွေ့၍ ပြာပုံအတိပြီးခဲ့၏။
ထူးခြားအံ့ဩဖွယ်ရာမှာ ၉၉ တံခါးပါရှိ သော သိရိဂေဟာတိုက် စံအိမ်ကြီးမှာ ၁၉၂၈- ခု မီးဘေးကြီးမှလည်း ကင်း လွတ်ခဲ့ပြီး နောက်တစ်ကြိမ်တွင်လည်း အနီးတွင်ရှိသော ဦးဖေဒေါ်ပန်းတို့၏ အိမ်နှင့် အတူမြေလှန်ရာတွင် မပါဘဲ မီးဘေးမှ ကင်းလွတ်ခဲ့သည်။
အဆိုပါ ၉၉ တံခါးအိမ်ကြီးမှာ မန္တလေးတွင် ထီးရိပ် နန်းရပ်ရှိခဲ့စဉ် အခါက မကွေးမြို့စားကြီး (မြို့သူကြီး) ဦးရွှေပြည့်အား သိမ်တော် နှင့်တကွ ရာထူးခန့်ထားခဲ့ခြင်း ဖြစ်၏။
ဦးရွှေပြည့် ကွယ်လွန်သွားပြီးနောက် ဦးစံရီအား ထို ရာထူးကိုပင် ဆက်လက် ခန့်ထားပြန်ပါသည်။ ဦးစံရီ လက် ဝယ်မှ အိမ်ကြီးကို နောင်တွင် ဦးဖေကြီးက ဝယ်ယူခဲ့ရာမှ ယနေ့ထက်တိုင် လူနေအိမ်ကြီးအဖြစ် တည်ရှိနေပါသည်။
သမိုင်းအဆက်ဆက် ဖြတ်သန်းတည်ရှိ နေသော ထိုအိမ်ကြီးသည် သူဖြတ်သန်းခဲ့ရာ သမိုင်းကြောင်းများကို လှစ်ဟနိုင်စွမ်း ရှိနေမည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။
ထို့ကြောင့် အဆိုပါ သမိုင်းအမွေအနှစ် ဖြစ်သော ၉၉ တံခါးအိမ်ကြီး ပျက်စီး ပျောက်ကွယ်မသွားစေရန် အထူးပင် ထိန်းသိမ်းအပ်လှပေသည်။
#မကွေးမြို့နယ်တည်နေရာ...
မကွေးမြို့နယ်ဒေသတွင်းမှာရှိကြသူ အတော်များများဟာ အတန်းပညာ သင်ယူကြစဉ်က ပထဝီဘာသာရပ်ကို ဆည်းပူးခဲ့ကြ၍ မြန်မာနိုင်ငံ၏ တည်နေရာ၊ မကွေးတိုင်း၏ တည်နေရာ တို့ကို သိရှိနိုင်ခဲ့မည်ဖြစ်သော်လည်း မကွေးမြို့နယ်၏ တည်နေရာကိုမူ သိရှိကြမည်မဟုတ်ပေ။
မကွေးမြို့နယ်သည် မကွေးတိုင်း၏ အလယ်ပိုင်းနှင့် မကွေးခရိုင်၏ တောင် ပိုင်းတွင် တည်ရှိ၍ မြောက်ဘက်တွင် ရေနံချောင်းမြို့နယ်၊ တာင်ဘက်တွင် သရက်ခရိုင်ဆင်ပေါင်ဝဲမြို့နယ်၊ အရှေ့ ဘက်တွင် နတ်မောက်မြို့နယ်၊ မြို့ သစ်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ အနောက်ဖက်တွင် မင်းဘူးခရိုင်၊ သရက်ခရိုင်တို့က ဧရာဝတီမြစ်ကြီးခြားလျက် တည်ရှိပါသည်။
#တိုက်နယ်များ
မကွေးမြို့နယ်ရှိ မကွေးမြို့မ၊ ကန်ပြားတိုက်နယ်၊ ယင်းတိုက်နယ်၊ ညောင်ကန်တိုက်နယ်၊ သစ်ရာကောက်တိုက်နယ်၊ မြစ်ကွန်းတိုက်နယ်၊ မိကျောင်းရဲတိုက်နယ်တို့ဖြင့် ဖွဲ့စည်းထားပြီး ကျေးရွာအုပ်စု (၅၉) အုပ်စုကျေးရွာပေါင်း (၂၂၈) ရွာရှိ၏။
#ထူးခြားထင်ရှားကျေးရွာများ...
ကန်ပြားကျေးရွာသည် မြသလွန်ဘုရားသမိုင်းပါ ဘောသော ဘောကျော် ဘီလူးညီနောင်တို့ မြတ်စွာဘုရား ပေးသနားတော်မူသော မြသားသလွန်တော်မြတ်ကို ထမ်း လျက် သယ်ဆောင်လာခဲ့ကြရာမှ မကွေးမြို့ နှင့် (၇) မိုင် အကွာ နေရာတွင် သလွန်တော်ကို ခေတ္တ ချထားနားနေကြသည်။
ထိုနေရာကို 'ဘောကျော်ကုန်း” ဟု ခေါ်တွင်၏။ ဘီလူးညီနောင်တို့ ရေဆာသဖြင့် လက်ယက်တွင်းတူး၍ ရှာဖွေကြရာ ရေကန်အဖြစ် ကျန်ရစ်၏။ ထိုကန်ကို “ဘော သောဘောကျော် လက်ယက်ကန်” ဟူ၍လည်းကောင်း၊ လက်ျာလက်ဖြင့် ယက်သည်ကိုအစွဲပြု ၍ “လက်ျာစိန္တကန်” ဟူ၍လည်း ကောင်း ခေါ်ဝေါ်ကြသည်။
ထို့နောက် ထိုကန် အဖျားတွင် ရွာတည် ခဲ့ကြသဖြင့် “ကန်ဖျား” ရွာဟု ခေါ်ခဲ့ကြ ရာမှ ကာလရွေ့လျား၍ “ကန်ပြား” ရွာဟု ခေါ်တွင်ခဲ့သည် ဟူ၏။
အဆိုပါကန်ကြီး၏ ထူးခြားချက်မှာ မန်းရွှေစက်တော်မင်းဘူးစက္ကိန်းတဲစေတီ၊ မြသလွန်စေတီနှင့် ဤကန် ကြီးတို့ တစ်ဖြောင့်တစ်တန်းတည်း တည်ရှိနေ ကြပြီး ကြာမျိုး (၅) ပါးနှင့် တင့်တယ် စွာရှိ၏။
မကွေးမြို့တွင် တစ်စုံတစ်ရာ ဖြစ်အံ့ သောအခါမျိုးတွင် ကြာပင်များ အလိုလို ပျောက်ကွယ်ကုန်ကြောင်း၊ ကန်ရေလည်း အလိုလို နောက်ကျိလာ ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းသည့် ကာလဆိုပါက ကြာများ ပြန်ပေါက်၍ ရေများလည်း ကြည်လင်လာကြောင်း ယုံ ကြည်ကြပေသည်။
ထို့အတူ ကန်ပြားရွာသည်လည်း ဘေးရန်အမျိုးမျိုးမှ ကင်းလွတ်ရာ နေရာဒေသ ဖြစ်သည်ဟု ယုံကြည်ကြ သည်။
သဖန်းဆိပ်ရွာသည်လည်း မြသလွန်ဘုရားသမိုင်း နှင့် ဆက်စပ်လျက်ရှိ၏။
ဘောသောဘောကျော်တို့ သား ကောင် များဖမ်းဆီးစားသောက်ရာ ဆိပ်ကမ်း ဒေသဖြစ်၍ “သားဖမ်းဆိပ်” (ယခု သဖန်းဆိပ်) ဟု အမည်တွင်ခဲ့သည် ဟုလည်းကောင်း၊ မြန်မာမင်းများလက်ထက်က ဖန်ခါးသီး ဆက်သရသောကြောင့် 'ဖန်ခါးတော်ဆက်' ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြောင်း ရွာလူကြီးသူမများက ဆိုကြ သည်။
ထိုဒေသတွင် ပျူလူမျိုးများ သုံးစွဲခဲ့ သော ဆေးတံ အကျိုးအပဲ့များ ရွှေလက်စွပ်မောင်းကွေးများ တွေ့ရှိခဲ့ဖူး ကြောင်း သိရသည်။
(၁၉၀၈) ခုနှစ်ခန့်က သဖန်းဆိပ်ကျေးရွာသည် ကုန်သွယ်မှု အလွန်ကောင်းခဲ့ကြောင်း ပြည်ကူးတို့နှင့် စလေကူးတို့ သင်္ဘောများ ဆိုက်ကပ်ခဲ့ပြီး ကုန်တင်ကုန်ချ အလွန်များပြားခဲ့ ကြောင်း သိရှိရသည်။
သရက်လေးပင်ကျေးရွာသည် ယင်းချောင်းအနီး တွင်ရှိ၏။ (၁၃၀၀) ပြည့်နှစ်အလုပ်သမားအရေးတော်ပုံတွင် ရေနံမြေ အလုပ်သမားခေါင်းဆောင်အဖြစ် ထင်ရှားခဲ့သော အာဠာဝက သခင်ဖိုးလှကြီး၏ ဇာတိချက်မြုပ်ဖြစ်၏။
ဆားတိုင်ကန်ကျေးရွာသည် မကွေးမြို့အရှေ့ဘက် (၄)မိုင် အကွာတွင်ရှိ၏။ ထိုရွာသည်လည်း မြသလွန်ဘုရား သမိုင်းနှင့် ဆက်စပ်နေပြန်သည်။
ဘောသောဘောကျော် ညီအစ်ကိုနှစ် ယောက်တွင် ဘောယက္ခ၊ ဘောသူရ၊ ယက္ခဒါလီ၊ ယက္ခစန္ဒီ ဟူသော ညီ၊ ညီမလေးယောက်ရှိရာ ဘုရားကို ဖူးတွေ့ရာ၌လည်းကောင်း၊ သလွန်တော်ကိုပင့်ဆောင်ရာ၌ လည်းကောင်း၊ ဘောသော၊ ဘောကျော် တို့က အသိပေးခြင်း မရှိ၍ မောင်နှမနှစ်ယောက်နှင့် နယ်ခြားကာ ယင်းချောင်း တောင်ဘက်သို့ ပြောင်းရွှေ့သွားကြောင်း ဘောသောဘောကျော်တို့အား ရေကန်ဘောင်တွင် စာရေးတိုင်တန်းခဲ့၍ ထိုနေရာကို “စာတိုင်ကန်” (ယခု ဆားတိုင်ကန်) ဟုခေါ်ကြောင်း လူကြီးသူမတို့ စကားအစဉ်ရှိခဲ့သည်။
ပုထိုးကျေးရွာသည် ဧရာဝတီမြစ်အတွင်းသို့ ယင်းချောင်း စီးဝင်ဆုံရာ မြောက်ဘက်ထောင့်ကွေး တောင်စွန်း၊ မကွေးမြို့မှ (၉)မိုင်ကွာ တွင် တည်ရှိ၏။
ဗုဒ္ဓဝင်ကျမ်းထွက် သုဝဏ္ဏသာမ ဇာတ်တော်လာ ဒုကူလနှင့်ပါရီကာတို့ ဖွားမြင်ရာ နေသာရဂါမ ရွာကြီးနေရာ ဖြစ်ခဲ့သည်။
ဒုကူလနှင့် ပါရိကာတို့၏ နှစ်ဖက်သော မိဘများက သားပေးသမီးယူ သစ္စာ ကတိ တူမျှစွာထားကြသည့် နေရာတွင် အထိမ်းအမှတ် ကျောက်သားစေတီ ပုထိုးငယ်တစ်ဆူ တည်ထားခဲ့ကြောင်း၊
နောက်လူတို့ ထိုနေရာတွင် ရွာတည်မည် ဟု နေရာရှင်းလင်းကြရာ စေတီပုထိုးငယ်ကိုတွေ့သောကြောင့် ပုထိုးရွာဟု ခေါ်တွင်ခဲ့သည်ဆို၏။
သံမံတလင်းကျေးရွာသည် မကွေးမြို့မှ (၁၁) မိုင် အကွာ၊ ယင်းချောင်း၏ လက်ျာဘက်ကမ်းဘေးတွင် တည်ရှိ သည်။
ယင်းရွာသည်လည်း သုဝဏ္ဏသာမဇာတ်တော်လာ သုဝဏ္ဏသာမ သတို့သား ဖွားမြင်ရာဒေသဖြစ်ပြီး ထိုသတို့သား သမင်များနှင့် သွားလာကျက်စားရာ ရေခပ်ရာ တလင်းကွင်းမြေဖြစ်၍ “သမင် တလင်း' (ယခု-သံမံတလင်း) ဟု ခေါ်တွင်ကြောင်း။
သုဝဏ္ဏသာမ သတို့သား မြားမှန်၍ လဲကျစဉ် ထို ခေါင်းပြုရာအရပ်ကို “ခေါင်းတော်ဦး) (ယခု လျှောင်းတော်ဦး) ဟု ခေါ်တွင်ကြောင်း သုဝဏ္ဏသာမ ဖွားမြင်ရာဖြစ်သော “မီးထွက်တောင်"
ထိုသတို့သားကို ထိန်းသိမ်းသော ကိန္နရာတို့၏နေရာဖြစ်သော "ကိန္နရာ တောင်"များမှာ ယခုထက်တိုင်ရှိလေ၏။
ဘုရားပြိုကျေးရွာသည် မကွေးမြို့အရှေ့ဘက် (၈) မိုင်ခန့် အကွာတွင် ရှိ၏ထိုရွာသည်လည်း မြသလွန်ဘုရား သမိုင်းဝင်ပင် ဖြစ်၏။
ဘောသောဘောကျော်တို့ သလွန် တော်ကို ပင့်ဆောင်လာပြီး ဘုရားပြိုရွာနေရာတွင် ဌာပနာပြီး စေတီတည်ခဲ့သည်။ သိကြားမင်းက မြတ်စွာဘုရား ဗျာဒိတ် တော်လာနေရာ မဟုတ်မူ၍ ဘုရားကို မပြီးအောင် ဖြိုဖျက်သောကြောင့် ဘုရားပြို' ရွာဟု ခေါ်တွင်သည်။
မယ်လှတောင်ရွာသည် မကွေးမြို့တောင်ဘက် (၄)မိုင်ခန့် အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိ၏။ အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်စဉ် ထိုအရပ်၌ ဖောင်တော်ရပ်နားခိုက် သျှင်မယ်လှ သျှင်မယ်ရအမည်ရှိ မိဖုရားငယ်နှစ်ပါးတို့သည် ဦးခေါင်းဆေးလျှော်မိသဖြင့် အမျက်တော်ရှကာ သျှင်မယ်လှနှင့် သျှင်မယ်ရတို့အားကြိုးချည်ကွပ်မျက်ရာတောင်ဖြစ်၍ ‘မယ်လှတောင်' ဟု ခေါ်တွင်သည်ကို ဆို၏။
မြင်းကင်းကျေးရွာသည် မကွေးမြို့၏တောင်ဘက် (၂)မိုင် ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်စောလူး မင်းလက်ထက် မကွေးမြို့ တောင်ဘက်မျက်နှာတွင် မြင်းသည်တော်များ၏ ကင်းကို ချထားသောနေရာဖြစ်၏ ‘မြင်းကင်း' ရွာ ဟု ခေါ်သည်။
ကင်းရွာသည်ကား စောလူးမင်းလက်ထက်မှာပင် မကွေးမြို့၏ တောင်ဘက် ဧရာဝတီမြစ်ကမ်းဘေးတွင် ကင်းတပ်များ ချထားသောနေရာဖြစ်၍ ‘ကင်းရွာဟု ခေါ်တွင်သည်။
မန်ကျည်းကန်ရွာသည် မကွေးမြို့ အရှေ့ဘက် မကွေး-တောင်တွင်းကြီး ကားလမ်းဘေးတွင် မကွေးမြို့ မှ (၄) မိုင်အကွာတွင် တည်ရှိသည်။
ယက္ခဒါလီနှင့် ယက္ခစန္ဒီတို့ အနက် အစ်မကြီးဖြစ်သော ယက္ခဒါလီပိုင်သော ကန်ဖြစ်၍ ‘အစ်မကြီးကန်’ ဟူ ၍လည်းကောင်း၊ မန်ကျည်းပင်များ ပေါက်ရောက်ဝန်းရံလျက်ရှိသော ကန်ဖြစ်၍ 'မန်ကျည်းကန်’ ဟု ခေါ်တွင်ကြောင်း သိရသည်။
ရှားပင်လှကျေးရွာသည် မကွေးမြို့ မှ (၁၂) မိုင်ခန့် အကွာ ယင်းချောင်း၏မြောက်ဘက်ကမ်းဘေးတွင် တည်ရှိ သည်။
ထိုရွာသည်လည်း သုဝဏ္ဏသာမဇာတ်တော်လာ ပီဠိယက္ခမင်းကြီး သမင်များ ပစ်ခတ်ရန်အတွက် သျှားပင်တွင် လင့်စင်ထိုး၍ အမဲစောင့်ရာဒေသဖြစ်သောကြောင့် “သျှား ပင်လင့်' (ယခု ရှားပင်လှ) အမည်ခေါ်တွင်သည်။
ကျားပစ်အင်းကျေးရွာသည် မကွေးမြို့မှ (၁၄) မိုင်ခန့်အကွာတွင် ရှိပြီး သုဝဏ္ဏသာမဇာတ်တော်လာ ပီဠိ ယက္ခမင်းကြီး ကျားပစ်သည့် အင်းကြီးဘေးတွင် တည်ထား သောကြောင့် ‘ကျားပစ်အင်း” ဟု ခေါ်တွင်၏။
အုံးတွဲကျေးရွာသည် ယင်းချောင်း၏ ဝဲဘက်ကမ်း ပါးတွင် တည်ရှိပြီး သားစားကြူးသည့် ပီလိယက္ခမင်းကြီး သည် သားရဲတိရစ္ဆာန်တို့အား ချောင်းမြောင်းပစ်ခတ်ရန် တဲအုံထိုး၍ စောင့် ဆိုင်းရာအရပ်ဖြစ်၍ ‘အုံတဲ’ (ယခု အုန်းတွဲ) ဟု ခေါ်တွင်သည်။ အထောက်အထားတစ်ခုမှာ အုန်းတွဲရွာတစ်ဘက်ကမ်း ဩဇာကုန်းရွာ၏အနောက် မြောက် တစ်မိုင်ခန့်အကွာတွင် ပေ (၅၀၀) ခန့်မြင့်သော အမဲလှန်း တောင်ရှိ၏။ ထိုတောင်တွင် ပီဠိယက္ခမင်းကြီး အမဲလှမ်းခဲ့သည်။
မြင်းစိုင်းကျေးရွာသည် မြို့သစ်မြို့နယ်နှင့် ဆက်စပ် လျက် ယင်းချောင်း၏ဝဲဘက်ကမ်းတွင် တည်ရှိသည်။ ထိုရွာ ၏ သမိုင်းစဉ်မှာမူ ဗိဿနိုးဘုရင်မအား သရေခေတ္တရာ ဘုရင် ဒွတ္တဘောင်မင်း စစ်ခင်းတိုက်ခိုက်ရာ ယင်းချောင်း မြောက်ဘက်ကမ်းသည် စစ်တလင်းဖြစ်ခဲ့၏။ ယင်းချောင်း၏ တောင်ဘက် ထိုရွာရှိရာအရပ်၌ ဗိဿနိုး ဘုရင်မ၏ မြင်းတပ် စစ်သည်တော်များ ဆိုင်းငံ့နေခဲ့ ကြသည်။ ဤသည်ကို အကြောင်းပြု၍ “မြင်းဆိုင်း' (ယခု မြင်စိုင်း) ကျေးရွာဟု အမည် တွင်ခဲ့သည်။
မြင်ကွန်းမြို့ တည်ထားခဲ့ခြင်းသည် သမိုင်းစဉ်မှာ စောလူးမင်းနှင့် ငရမာန်တို့ စစ်ဖြစ်ပွားစဉ် (မြန်မာ သက္ကရာဇ်-၄၂၄) တွင် ခေတ္တယာယီ နန်းတည်၍ ငရမာန် အား မြင်ကွန်း မှ ခံစစ်ပြုလေသည်။ ယခုတိုင် မြို့ရိုး၊ ကျုံးနှင့် ကျောင်းကန် ဘုရားများ၊ သမိုင်းဝင် အထင်အရှားရှိနေ၏။ နန်းဦး ဆရာတော် ကျောင်းထိုင်တော်မူခဲ့သော နန်းဦး ကျောင်း၊ မြို့၏ အရှေ့တံခါးနန်းဦးထိပ်တွင် တည်ထားကိုး ကွယ်ခဲ့သည့် ဘုရားကို ရွှေနန်းပေါက်ဘုရားဟူ၍ ယနေ့တိုင် အထင်အရှားရှိလေသည်။
သက္ကရာဇ် (၆၀၆) ခုတွင် မှတ်တမ်းတင်ခဲ့သည့် လေးမျက်နှာဘုရားကျောက်စာတွင် ကမ်းပါးမြင့်မားလွန်းသောကြောင့် (မြင့်လွန်းစွာ) တွေ့ မြင်ရသူများ လွမ်းမောဖွယ်ဖြစ်၍ (မြင်လွမ်း)၊ စောလူးမင်း မြင်းကျတောင်မှ ကြည့်ရာ မြင်ကွင်းကောင်း၍ (မြင်ကွင်း)၊ စောလူးမင်း ကွန်းထောက်တည်နေရာ ဖြစ်၍(မြင်ကွန်း) စသည်ဖြင့် အကြောင်းပြု အမည်တွင်ခဲ့ပေသည်။
ဘာသာ သာသနာထွန်းကား ပြန့်ပွားရာ ဒေသဖြစ်ကြောင်း စေတီပြိုစေတီပျက် မြောက်မြားစွာနှင့် ရှင်အဇ္ဇဂေါဏ လိုဏ်ဂူဘုရားတို့ဖြင့် သက်သေထူနိုင် ပေသည်။
ဂွေးချောင်းကျေးရွာသည် ဂွေးချောင်းခံတပ်ကြီး ဖြင့် ထင်ရှားလှ၏။ ကုန်းဘောင်မင်းဆက်တွင် (၁၂၄၀) ခု၊ မင်းတုန်းမင်း လက်ထက် အိမ်ရှေ့စံကနောင်မင်းသားကြီး၏ စီမံမှုဖြင့် (၁၂၂၅) ခုတွင် ဤခံတပ်ကို တည်ဆောက်ခဲ့ ကြောင်း ဦးဖိုးကျား (ပညာဝန်) ရေးသားသော ပါတော်မူ အရပ်မှ အထောက်အထားတွေ့ရှိ ရသည်။
မိကျောင်းရဲ့မြို့ အနီး ဧရာဝတီမြစ် သည် အနောက် မြောက်မှ အရှေ့တောင်ဘက်သို့ ကန့်လန့်ဖြတ် စီးဆင်းပြီး ကျောက်ဆောင်နှင့် ရေနက်အိုးကြီးများ တည်ရှိသည်။
ရေနက်အိုးရှိ၍ သဘာဝအားဖြင့် ငါး၊ မိကျောင်းများ ပေါများခိုအောင်းရာ ဒေသဖြစ်၏။ မိကျောင်းများသည် ရဲတင်းလွန်းပြီး လူများကို မကြာခဏ ဒုက္ခပေးသည်ကို အစွဲ ပြု၍ ‘မိကျောင်းရဲ’ မြို့ ဟု ခေါ်တွင်ခဲ့သည်ဆို၏။
ပဌနဂိုရ်ကျေးရွာသည် မလွန်မြို့နှင့် မျက်နှာချင်း ဆိုင်ရှိပြီး ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိ၏။ မင်းပြောင်၊ မင်းရောင်တို့ညီနောင် (၄) ဦးတို့ မြစ်အတိုင်း စုန်ဆင်းလာရာ ထိုအရပ်တွင် ထီးနန်းစိုက်ရာ ပဌာနာပြု သောကြောင့် 'ပထနဂိုရ်' ဟု အမည်တွင်သည်ဟူ၍ လည်းကောင်း၊
ထိုမင်းများ ပထမ ခိုဝင်သည့်အရပ်ကို အစွဲပြု၍ “ပထနဂိုရ်” ဟု အမည်တွင် သည် ဆို၏။
မကွေးမြို့နယ်နှင့်ပတ်သက်၍ ရနိုင်သမျှသော အချက်အလက်များ အပေါ်တွင် အခြေခံ၍ သိသင့်သိထိုက် သည်များကို ကောက်နုတ်ဖော်ပြရ ခြင်းဖြစ်၍ ပြီးပြည့်စုံအောင် တင်ပြခြင်းငှာ မစွမ်းသာပါ။
အသေးစိပ် လေ့လာ တင်ပြရပါမူလည်း ကျမ်းစာအုပ်တွဲကြီးတမျှ ဖြစ်ပေလိမ့် မည်။
သို့ဖြစ်၍ မှားသည်ကိုပြင်၊ ပိုသည်ကို ပယ်၊ လိုသည်ကို ဖြည့်စွက်၍ ဖတ်ရှု နားလည်ပေးကြပါရန် အနူးအညွတ် တောင်းပန်အပ်ပေသည်။
စာရေးသူသည် သမိုင်းသုတေသီ မဟုတ်မူ၍ ရှိရင်းစွဲသမိုင်းဝင်အထောက် အထားအချက်အလက်များ တိမ်မြုပ်ပျောက်ကွယ်မသွားစေရန်သာ ရည်ရွယ်၍ ရှာဖွေစုစည်းဖော်ပြရေး သားရခြင်း ဖြစ်သောကြောင့် တစ်စုံတစ်ရာအငြင်းပွားဖွယ်ရာ တွေ့ ရှိပါက စာရေးသူ၏ အားနည်းချက်ဟု ခွင့်လွှတ်ကာ အမှန်ပြင်နိုင်ကြပါစေဟု ဆန္ဒပြုပါသည်။
#ကျမ်းကိုး - မကွေးမြို့နယ်ဖြစ်စဉ်မှတ်တမ်း (၁၉၆၉) - #မကွေးမြို့နှင့် မြသလွန်ဘုရားပွဲတော်ကြီး (မြန်မာ့ရုပ်သံ)
#နေခြည်(မကွေး)
10/09/2023
ရွှေစျေးများ ကျဆင်းနေပါတယ် ---
17/11/2022
ပန်းချီဆရာကြီး ဦးမျိုးညွန့် (မကွေး) က ပညာဒါန ပန်းချီသင်တန်းတစ်ခု ဖွင့်ပါမယ် --
သင်ယူလိုသူ မည်သူမဆို ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ ---
မှတ်ချက် - ဆက်သွယ်ရမယ့် ဖုန်းနံပတ်နဲ့ အချက်အလက်များ သိရှိလိုပါက (Photo)
ကို ကြည့်ပါ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Magway