23

23

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 23, Artist, Mandalay.

Photos from 23's post 12/09/2025

Before fall

22/03/2025

First try for Poster.

06/01/2025

ချမ်းအေးဝင်းရဲ့ ရေတွင်းထဲကနေ ပေါ်လာတဲ့ ကိုပေါ

ကျွန်တော်တို့နေတဲ့ မန္တလေးမှာက ဝင်းတွေရှိတယ်၊ဝင်း ဆိုတာက လေးထောင့်ကွက်တစ်ခုရဲ့ ကြားထဲမှာ ရေသောက်မြစ်တွေတွေလိုမျိုးရှိနေတဲ့ လမ်းကြားလေးတွေ၊ကျွန်တော်တို့ဝင်းထဲမှာ ရေတွင်းတစ်ခုရှိတယ်၊ကျွန်တော်တို့ နွေရာသီရေရှားရင် အဲ့ဒီမှာလက်နဲ့ငင်ပြီးချိုးရတယ်၊အဲ့ဒီရေတွင်းဘေးမှာ ပိုင်ရှင်က ဂရုမစိုက်တော့တဲ့ မြေကွက်လပ်တစ်ခုရှိတယ်၊ကျွန်တော်တို့ရဲ့ကစားကွင်းပေါ့၊
ကျွန်တော့်အသက် ၇နှစ်မှာ အဲ့ဒီတွင်းထဲကနေ လူတစ်ယောက်ထွက်လာခဲ့တယ်၊ ဒါပေါ့ ခန္ဓာကိုယ်တစ်ခုလုံးတော့ ရွံတွေပေနေတာပေါ့၊ကျွန်တော်က အဲ့တုန်းက ဝင်းထဲမှာမရှိဘူး၊ဘယ်လဲမသိဘူး ခရီးသွားနေတာ၊ကြာပြီဆိုတော့ မှတ်ညဏ်တွေကဝါးကုန်ပြီ၊ကိုပေါ အကြောင်းကိုပြန်လာမှ သူများပြောမှသိခဲ့ရတာ၊သူ့ကို ရေတွင်းထဲကနေတက်လာတာတွေ့တာ၊အကုန်လုံးက နေ့ခင်းကြောင်တောင်ကြီး သရဲခြောက်တယ်ထင်ကုန်ကြတာပေါ့၊တွေ့ရတာက အသက် ၁၀နှစ်အရွယ်လောက် ကလေး တစ်ယောက်ဖြစ်ပြီး သူ့မျက်လုံးတွေက စိမ်းဖန့်နေတာ၊ရေတွင်းနံရံက ရေညှိတွေရဲ့ အရောင်မျိုး၊နောက်မှသာ သာမန်ဖြစ်သွားတာ၊ အဲ့ဒီတုန်းက အကုန်လုံး စိတ်လှုပ်ရှားနေတယ်၊ထဘိန်ကျွတ်အောင် ထွက်ပြေးတဲ့သူကပြေး၊မူးပြီး စိန်ခေါ်တဲ့ သူကခေါ်၊အဲ့ဒီတုန်းက ကိုပေါက ရွံတွေကြားကနေ သူတစ်ခါမှ မမြင်ဖူးတဲ့သူတွေကို ကြောင်ပြီး စိုက်ကြည့်နေတာ၊ကျွန်တော်တို့ကလည်း သူ့ကိုတစ်ခါမှမမြင်ဖူးဘူး၊
အဲ့ဒီကလေးကို ဘယ်သူကများ စခေါ်လိုက်လဲမသိဘူး၊ငဘောလို့၊နာမည်တွင်သွားတယ်၊နောက်ကြမှ ငပေါဖြစ်လာတယ်၊အဲ့ဒီကနေ ကိုပေါဖြစ်လာတယ်ပေါ့၊စောနကပြောခဲ့တဲ့ မြေကွက်လပ်ထဲက အုတ်တံတိုင်းဘေး၊သစ်ပင်အောက်မှာ ဂုန်နီအိတ်လေးတွေခင်းပြီး နေတယ်၊သူ ၁၆နှစ်လောက်အရွယ်မှ အိမ်ထဲမှာ စနေဖူးတာ၊အသက်၁၂နှစ်အရယ်လောက်အထိ စကားမပြောတတ်ဘူး၊အအနဲ့ လက်ညှိုးထိုးပြီးသူလိုချင်တာ တောင်းတတ်တယ်၊နောက်ကြလည်း ရက်ကွက်က သူ့ကိုလက်တိုလက်တောင်းလေးတွေခေါ်ခိုင်းပြီး မုန့်ဖိုးတွေ၊မုန့်လေးတွေပေးကြတယ်၊နောက်ကြဖြည်းဖြည်းချင်း စကားပြောတတ်လာပြီ၊ဒါပေမဲ့ အူတယ်၊အရပ်က ၅ပေလောက်ပဲရှိပြီး ထပ်တက်မလာတော့ဘူး၊ကျွန်တော်တို့က သူ့ကိုအဲ့ဒါနို့မစို့ခဲ့ရလို့လို့နောက်တယ်၊သူကရီနေတယ်၊သူ့တောက်တိုမယ်ရအလုပ်လေးတွေအားရင်တော့ ကျွန်တော်တို့အရွယ်ကလေးတွေကြားမှာဆော့တယ်၊လမ်းကြားထဲဘောလုံးကန်တဲ့အချိန်ဆိုရင် တဇောက်ကန်းဝင်တယ်၊လူတွေကိုရော၊လမ်းကြားမှာရပ်ထားတဲ့ ဆိုက်ကားတွေကိုရော၊ဖြတ်သွားတဲ့ ဆိုင်ကယ်တွေကိုရော၊ကျွန်တော်တို့ကျောင်းသွားနေတဲ့အချိန်ဆို သူကမနက်ပိုင်းဖွင့်တဲ့ရှမ်းခေါက်ဆွဲဆိုင်မှာကူလုပ်ပြီး ညနေဘက်ဆို ထမင်းဆိုင်ကို ကူပြီးသိမ်းတာမျိုး၊ပြီးတော့ ရေတွင်းမှာပဲ ရေငင်ပေးတာမျိုး၊စဉ့်အိုးတစ်အိုးကို ၂၀တို့ ၅၀တို့၊နည်းနည်းလေးလူကောင်ကြီးလာတော့ ကားဂိတ်တွေမှာ ကုန်တင်ကုန်ချလုပ်တယ်၊သာမန်ရက်ကွက်ထဲကသူတွေလိုဖြစ်လာပြီး သူ့ရဲ့ထူးဆန်းတဲ့အတိတ်အကြောင်းတွေ ဘယ်သူမှတွေးမနေတော့ဘူး၊နောက်တော့ အဲ့ဒီကားဂိတ်နားမှာရှိတဲ့ ဖိနပ်ဆိုင်ကသူတစ်ယောက်နဲ့ရတယ်၊သူ့မိန်းမက ဘယ်နယ်ကလဲတော့မသိတော့ဘူး၊ဓမ္မာရုံမှာပဲထမင်းကျွေးတယ် မဂ္ဂ်လာဆောင်ကို၊သူကပြုးဖြီးနေခဲ့တာပေါ့၊စိမ်းဖန့်တဲ့ သူ့မျက်လုံးတွေဟာလည်း အရောင်တွေနဲ့ဝင်းတောက်နေတယ်၊
ရက်ကွက်ထဲမှာလည်း သူ့ကိုလူချစ်လူခင်ပေါကြပါတယ်၊ရက်ကွက်ဆွမ်းလောင်းတဲ့ ဓမ္မာရုံမှာလည်း ထင်းတွေကိုသူချည့်ပဲခွဲတာ၊သာရေးနာရေးရှိလည်း သူကဝင်လုပ်လိုက်တာပဲ၊ကျွန်တော့်အဘိုးကဆို သူ့ကိုသဘောကျတယ်၊တစ်ခါတစ်လေ သူတို့နှစ်ယောက်တည်း လမ်းကြားထဲက ရေမြောင်းဖုံးတွေကို ညှိဖို့လုပ်နေတာ၊မနေနိုင်တဲ့သူတွေက တွေ့ရင်ဝင်လုပ်ပေးရတယ်၊များသောအားဖြင့်ကျွန်တော်ပေါ့၊ပြီးရင်တော့ အဖိုးကသူ့ကိုလက်ဖက်ရည်ဖိုးပေးတယ်၊သူကလည်း ဘဘ ဘဘနဲ့နှုတ်ဆက်တယ်၊အဘိုးနဲ့ မန်ယူအကြောင်းတွေလည်းပြောကြတယ်၊အဲ့ဒီတုန်းကသူတို့တွေ ပြုံးပြုံးပြုံးပြုံးနဲ့၊အခုတော့ အဘိုးလည်းအသက်ကြီးသွားပြီ၊ကိုပေါလည်းဆုံးသွားပြီ၊ကျွန်တော်လည်း ကစားနေတဲ့ ကလေးလေးမဟုတ်တော့ဘူး၊အချိန်ကာလတွေက စက်လှေကားတွေလိုမျိုး ကျွန်တော်တို့ကို သယ်ဆောင်သွားနေခဲ့တယ်၊ကျွန်တော်တို့ရဲ့ ပိုမိုကျဉ်းမြောင်းလာတဲ့ လူမှုရေးစက်ဝိုင်းတွေဆီကို၊
အခုထိ ကျွန်တော်က တွေးမိနေတုန်းပဲ၊ကျွန်တော်က မန္တလေးရဲ့ ဆောင်းတွင်းမနက်ပိုင်းမှာ အိမ်ထဲကို နေရာင်ကျနေပြီး ရှေ့ကိုတစ်လှမ်းတိုးတဲ့အခါ နေရာင်ထဲကိုရောက်ပြီးတဲ့နောက် အိမ်ထောင့်က အရိပ်ကျတဲ့နေရာကို လှမ်းကြည့်မိတဲ့အခါမှာ အေးစက်တဲ့ စိမ်းခြင်းအငွေ့အသက်နဲ့အတူ ပင့်ကူမျှင်တွေယက်နေတဲ့ ပိုက်ကွန်တွေလိုမျိုး တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့ မှတ်ညဏ်တွေ။အိမ်အပေါ်ထပ်ကို လျှံကျလာတဲ့နေရောင်က နွေးနေခဲ့တာပဲ၊ခုထိမျက်စိတ်ကိုမှိတ်ပြီး အဲ့ဒီခံစားမှုတွေကို ပြန်တွေးလို့ရတယ်၊
ကျွန်တော်တို့အိမ်ကလည်း သူ့ကိုခေါ် ခိုင်း တယ်၊အဲ့တာကြောင့် ကျွန်တော်နဲ့လည်းရင်းနီးတယ်၊ငယ်ငယ်ကတည်းက ဂိုးဖမ်းတာနဲ့ ကစ်တာကို တစ်လှည့်စီဆော့ခဲ့ကြတယ်၊ကိုပေါ အကြမ်းကြီးကစ်ရင် အိမ်နဲ့ပြန်တိုင်မှာနော်လို့ ခြိမ်းခြောက်စရာမလိုဘူး၊သူကကျွန်တော့်ကိုညှာပါတယ်၊ကျွန်တော်က သူ့ကို ဒီကမ္ဘာကြီးနဲ့ ဂြိုလ်တွေ၊စကြာဝဠာကြီးက အခြားအကောင်အကြီးကြီးတစ်ကောင်ရဲ့ ကိုယ်ပေါ်မှာရှိနေကြာင်း ဥပမာ ကြောင်တွေပေါ်က သန်းတွေလိုမျိုးလို့၊ကျွန်တော်တို့နဲ့ အဲ့ဒါကြီးဆိုတာက အရမ်းကွာလွန်းလို့သာ မမြင်ရတာဖြစ်ကြောင်းရှင်းပြတယ်၊ကြောင်တွေထိုင်ထလှုပ်ရှားနေရင် ကြောင်တွေပေါ်ကသန်းတွေလည်း လှုပ်နေမှာပဲ၊ဒါပေမဲ့ပြုတ်တော့ မကျကြောင်း၊ ငလှုပ်လုပ်တာဆိုတာက အဲ့ဒီကောင်ကြီး အကြောဆန့်တာဖြစ်နိုင်ကြောင်း ရှင်းပြတယ်၊သူက ကျွန်တော်ပြောသမျှယုံတယ်၊သူကလည်း ကျွန်တော့်ကို သီချင်းတွေထဲမှာ ပေါက်ကရစာသားတွေ ဖျက်ဆိုတဲ့အကျင့်သင်ပေးသွားတယ်၊
နောက်တော့ ကျွန်တော်တို့လည်း အသက်နည်းနည်းကြီးလာကြတယ်၊ကျွန်တော်က ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေပြီ၊သူကလည်း လူပျိုပေါက်ဖြစ်နေပြီ၊ကျွန်တော်စားနေကြ ဝက်သားတုတ်ထိုးဆိုင်က သူတို့ဂိတ်နားမှာဆိုတော့ ဆိုင်မှာတစ်ခါတစ်လေဆုံနေကြသေးတယ်၊နောက် အဲ့ဒီနှစ်တွေအတွင်းမှာ အရာရာဟာ မြန်မြန်ဆန်ဆန်ပြောင်းလဲသွားတယ်၊အနီရောင်မီးသတ်မျှော်စင်ကြီးကို အဖြူရောင်ဆေးမှုတ်လိုက်တယ်၊ ဝင်းထိပ်ကလမ်းမကြီးက ဝမ်းဝေးကနေတူးဝေးဖြစ်သွားတယ်၊ရုတ်တရက်ကြီးထပြောင်းတော့ လူတွေကကျင့်သားမရသေးပဲ ဆိုင်ကယ်တွေတိုက်တယ်၊နောက် တရုတ်ဆိုင်ကယ်တွေကို လိုင်စင်လုပ်ခွင့်ပေးလိုက်တယ်၊အဲ့ဒီနောက်ပိုင်း ဆိုင်ကယ်တွေအရမ်းပေါလာတယ်၊မန္တလေးကစက်ဘီးတွေ အညာဘက်ကရွာတွေဆီရောက်သွားတယ်၊ထီးလေးနဲ့ ခုံလေးချပြီး ပိုက်ဆံပေးပြီးပြောရတဲ့ ဖုန်းဆိုင်တွေမရှိတော့ဘူး၊၇၈လမ်းကပလာဇာအသစ်ကြီးမီးလောင်တယ်၊သူ့နောက်မှာအသစ်ထပ်ဆောက်တဲ့ကျွန်တော်တို့နားကပလာဇာအသစ်ကြီးလည်းမီးလောင်တယ်၊တနင်လာနေ့စုဝေးကွင်းထဲမှာနိုင်ငံတော်သီချင်းဖွင့်နေတုန်းပလာဇာဘက်ကလွင့်လာတဲ့ပြာတွေကြောင့်ကျွန်တော်တို့ကျောင်းအုပ်ဆရာကြီးဆိုခေါင်းငုံပြီးအလေးမပြုနိုင်ဘူး၊ခေါင်းမော့ပြီးကြည့်နေတယ်၊ကာယဆရာဆိုခေါင်မိုးပေါ်ထိတက်ကြည့်ပြီးမီးသတင်းကိုပြောတယ်၊ဆရာမတွေတောင်စုရုံးစုရုံးနဲ့စာသင်ဖို့မေ့နေခဲ့ကြတယ်၊ အဲ့ဒါတွေပြီးတော့ကျွန်တော်တို့ရက်ကွက်ဘုရားပွဲမှာ လူသတ်မှုဖြစ်တယ်၊ဆူနာမီတွေ ၉/၁၁တွေ၊နောက် ၈ပေစလောင်းတွေ၊ကိုရီးယားဇာတ်လမ်းတွဲ၊ရွှေဝါရောင်နှစ်ကာလတွေ။
နောက်မန်ယူကနေဖာဂူဆန်နားတယ်၊အဘိုးက ဘောလုံးပွဲမကြည့်တော့ဘူး၊ကျွန်တော်တက္ကသိုလ်တက်တော့ ကိုပေါကမိန်းမရနေပြီ၊ကျွန်တော်တို့ဟာတစ်ရက်ကွက်ထဲနေပြီးတစ်လမ်းထဲကိုတူတူသုံးနေပေမဲ့ ကျွန်တော်တို့ရဲ့မတူညီတဲ့ကိုယ်ပိုင်ရေစီးကြောင်းတွေထဲမှာစတင်မျောပါနေခဲ့ပြီ၊ကိုယ်စီကိုယ်ငှရဲ့ သီးခြားနယ်နမိတ်တွေဆီ၊
ကျွန်တော်အလုပ်လုပ်တော့ ကိုပေါကအရက်သောက်နေပြီ၊ကျွန်တော်တို့ရက်ကွက်ထဲမှာ ကိုပေါလိုလူတွေအများကြီးပဲ၊အရွယ်ရလာတဲ့အခါမှာ ညိုနေတဲ့မျက်နှာပေါ်မှာ တွေ့ရတာကမနက်ဖြန်ဆိုတာဟာလည်း ပင်ပမ်းဆင်းရဲမှုတွေနဲ့ စောင့်ကြိုနေတဲ့တံခါးဆိုတာကိုသိသွားတဲ့နောက်အထူးတလည်မကြိုဆိုပဲ အရက်သောက်ရင်းပဲလွင့်နေခဲ့ကြတယ်၊နှစ်ပေါင်းများစွာ ဝတ်လာခဲ့တဲ့ ဘောင်းဘီတွေကို လျှော်ဖွတ်ပြီးနေရောင်ထဲလှမ်းထားပါစေ ပြန်လည်ချွတ်မရတဲ့ အစွန်းတွေနဲ့အတူ လေတိုက်တိုင်းလွှင့်ခါနေတဲ့ဘဝတွေပေါ့၊နောက်တော့ ကိုဗစ်တွေဖြစ်ပြီး စီးပွားရေးတွေပိုကြပ်လာခဲ့တယ်၊ကိုပေါတို့လိုလူတန်းစားအတွက်ကတော့ မြေနိမ့်ရာ လှံစိုက်တာပေါ့၊ငယ်ငယ်ကလို ကျွန်တော့်ကိုတွေ့ရင် ပြုံးပြတုန်းပဲ၊ဒါပေမဲ့ အဲ့ဒီအပြုံးကိုဝင်းစေခဲ့တဲ့ အသက်ရှင်ခြင်းကို တစ်စုံတစ်ခုက ဝါ နိုင်ငံတော်ကပေါ်တင်ပဲခိုးယူသွားပြီ၊ကျွန်တော်အနေနဲ့လည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ ရက်ကွက်ထဲနဲ့ သိပ်အဆက်အစပ်မရှိတော့ဘူး၊တစ်ခါတစ်လေတော့ သူနဲ့ညဘက်တွေတွေ့ရင် ကျွန်တော့်ဆီက အရက်ဖိုးနည်းနည်းတောင်းတယ်၊ကျွန်တော်လည်းအဆင်ပြေရင်တော့ပေးတယ်၊နောက်ပိုင်းအခြေအနေတွေပိုပိုဆိုးလာတယ်၊ကိုပေါက နေ့ဘက်တွေလည်းသောက်နေပြီ၊တစ်ခါတစ်လေ ရက်ကွက်လမ်းကြားထဲမှာ ပုဆိုးခြုံပြီးအိပ်ပျော်နေတယ်၊သူ့မိန်းမနဲ့လည်းအဆင်မပြေတော့ဘူးကြားတယ်၊
တစ်ညမှာ ကျွန်တော်က ရက်ကွက်လမ်းကြားထဲမှာ ဝိသောက်ဖို့ဆင်းလာခဲ့တယ်၊အိမ်မှာသောက်ရင်အနံ့ရပြီး အိမ်ကပြောနေမှာစိုးလို့၊ လမ်းကြားထဲမှာ ကိုပေါက မူးပြီးအိပ်နေတယ်၊ကျွန်တော်လည်း ဘေးကအုတ်ခုံပေါ်ထိုင်ရင်း ရှို့နေတယ်၊ တစ်ဝက်လောက်ရောက်တော့ ကိုပေါနိုးလာတယ်၊ ကျွန်တော့်ကိုအိပ်ချင်မူးတူးနဲ့ပြုံးပြပြီး ၂၀၀၀လောက်တောင်းတယ်၊ကျွန်တော်ပေးလိုက်တော့ သူက စက်ဘီးလေးနဲ့ထွက်သွားတယ်၊ပြန်ရောက်လာတော့ ရေသန့်ဘူးလေးနဲ့၊အထဲကတော့ ရေတွေမဟုတ်ဘူး၊အရက်တွေပေါ့၊သူလည်းသူ့ဟာသူ ဆက်သောက်တယ်၊ကျွန်တော်လည်း လိုင်းသုံးရင်း ကျန်နေတဲ့တစ်ဝက်ကိုဆက်သောက်တယ်၊သူက ဘောလုံးပွဲသတင်းတွေကျွန်တော့်ကိုမေးတယ်၊အဲ့ဒီနေ့က အဲ့လမ်းထဲမှာ ကျွန်တော်တို့ပဲရှိတယ်၊ကျန်တဲ့သူတွေက မီးလာတုန်းလေး မီးသုံးနေကြတယ်၊ကျွန်တော်လည်း ကုန်သွားလို့ ပြန်တော့မယ်ဆိုပြီး ကိုပေါကို နှုတ်ဆက်ဖို့လုပ်တော့ သူကသောက်ရင်းငိုနေတယ်၊ခါတိုင်းက သူငိုတာမမြင်ဖူးပါဘူး၊သူ့ကိုဂရုစိုက်မယ့်သူ ဘယ်သူမှမရှိတော့ မငိုဖြစ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊
ကျွန်တော်က ဘာလို့လဲမေးတော့ ကျွန်တော့်ကို ဖြေတယ်၊ ငါ့မိန်းမက ဝင်းအောင်နဲ့အိပ်နေတာတဲ့၊ ငါမိသွားလို့မေးလိုက်တော့ ဆန်ဖိုးမရှိလို့ လို့ပြောတယ်တဲ့၊ပြီးတော့ သူကကြိတ်ပြီး ဆက်ငိုနေတယ်၊ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိလို့ သူ့ဘက်ကရှိပါတယ်ဆိုတဲ့ သဘော သူ့အတွက်သက်ပြင်းချလိုက်တယ်၊အဆင်ပြေသွားမှာလည်း ပြောလို့မရဘူး၊အမဲရောင်အမှောင်ထုကြီးက သူ့ဆီမှာရှိနေပြီး သူ့ကိုဝါးမြိုသွားမှာကို နှစ်ယောက်စလုံးက မပြောလည်း သိနေပြီ၊နောက်တော့ သူကကျွန်တော့်ကို ပြန်တော့မှာမလားလို့ ပြောပြီး အိမ်ထဲဝင်ခိုင်းလိုက်တယ်၊ကျွန်တော်လည်း မွန်းကြပ်နေလို့ သူ့ကိုနှုတ်ဆက်ပြီး အိမ်ထဲပြန်ဝင်လိုက်တော့တယ်။
နောက်နှစ်လလောက်နေတော့ ကိုပေါ ဆုံးသွားတယ်၊ကျွန်တော့်ကိုသူ့ကိစ္စပြောပြီးရက်နည်းနည်းနေတော့ သူ့မိန်းမက ရွာပြန်သွားတယ်၊ကျွန်တော်က သူဆုံးတုန်းက အလုပ်ကိစ္စနဲ့ ကလောဘက်ရောက်နေတော့ ပြန်လာမှ နာရေးသတင်းကိုသိတယ်၊ သူ့နာရေးကိုသူ့မိန်းမလည်းမလာဘူး၊ငိုတဲ့သူလည်းတစ်ယောက်မှမရှိဘူး၊ဘီယာဆိုင်မှာ ကိုပေါအကြောင်းပြောဖြစ်တော့ သူနဲ့သောက်ဖော်သောက်ဖက်တစ်ယောက်က ကိုပေါရဲ့နောက်ဆုံးဆန္ဒကိုပြောတယ်၊သူ့ရဲ့ပြာတွေကို သူလာခဲ့တဲ့ရေတွင်းထဲကို ကြဲစေချင်တာပါတဲ့၊ဒါပေမဲ့ ရက်ကွက်ကလုပ်မပေးပါဘူး၊ ဒါက ဗမာထုံးစံလည်းမဟုတ်ဘူး၊နာရေးတောင် ရက်ကွက်ကလုပ်ပေးရတာကို၊ရက်လည်အထိ ဖဲဝိုင်းလုပ်ပြီးတဲ့နောက် အကောက်ရတာတွေနဲ့ ရက်ကွက်ဆွမ်းလောင်းတဲ့အခါ အလှူငွေထည့်လိုက်တယ်၊ကိုပေါတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေပေါ့၊
နောက်ကြလည်း ကွယ်လွန်သူကို စကားစပ်ဆက်မိတဲ့အခါကြမှပဲ သတိရကြတော့တယ်၊ကျွန်တော်တို့ ကိုပေါအကြောင်းပြောဖြစ်တာက မက်ဆီ ကမ္ဘာ့ဖလားရတဲ့အခါပဲ၊ဘာလို့လဲဆိုတော့ သူကအရပ်ပုတော့ ဘောလုံးကန်တဲ့အခါ သူ့ကိုယ်သူမက်ဆီလို့ပြောရင်း သူကမက်ဆီဖန်ဖြစ်သွားတာ၊ ၂၀၁၄ မှာ မက်ဆီတို့ ဗိုလ်လဲပွဲမှာ ရှုံးတော့ ကိုပေါမှာ တောက်တွေတစ်ခေါက်ခေါက်နဲ့ အာဂျင်တီးနားတစ်သင်းလုံးကိုဆဲနေခဲ့တာကိုး၊
ခုတော့ မက်ဆီ ကမ္ဘာ့ဖလားရတာကို ကိုပေါမတွေ့လိုက်ရဘူးပေါ့၊


ကျွန်တော်က Yi Yi ဆိုတဲ့ ထိုင်ဝမ်ကားကိုကြည့်နေပြီးကြိုက်နေတာ၊ပြီးတော့ ရိုက်လာတဲ့ ဓာတ်ပုံတစ်ပုံကို ပြင်နေတာ၊ပြင်ရင်းနဲ့ Yi Yi ကိုပြန်တွေးမိတာ၊အဲ့ဒီကနေမှ ကျွန်တော့်အဘိုးအကြောင်းတွေးမိတာ၊ကျွန်တော့်အတွက် အချို့ဇာတ်ကားတွေ စာအုပ်တွေက ကိုယ်မေ့နေတဲ့ အကြောင်းတွေကိုပြန်ပြီး သော့ဖွင့်ပေးတတ်တယ်၊အဘိုးအကြောင်းကနေမှ ကိုပေါက ဆောင်းမနက်ခင်းတွေမှာ အဘိုးကို သူမေးနေကြအတိုင်းမေးနေတာကို ပြန်သတိရသွားစေတယ်၊ သူမေးလေ့ရှိတာက ဒီလို၊ ဘဘ ညကမန်ယူနိုင်သွားလားဆိုပြီး၊ဘိုးဘိုးက သူ့ရေဒီယိုကို နားထောင်နေတာ ရပ်ပြီးပြန်ပြောတယ်။

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay