Do You Know Radiology?
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Do You Know Radiology?, Medical and health, Mandalay, Mandalay.
23/02/2025
ကင်ဆာ တဲ့လား။
ကင်ဆာ ဆိုတဲ့အကြောင်းတွေးမိရင် ကျနော်တို့ခန္ဓာကိုယ်ရဲ့ လိုက်လျောညီထွေ ထိန်းညှိတတ်တဲ့ adaptation လုပ်တတ်တဲ့ သဘာဝကို အပြစ်မြင်မိတယ်။
(ကြိုတင် အသိပေးဝန်ခံချက်။ ။
ကျနော်က ကင်ဆာနဲ့ပတ်သက်လို့ စာတွေအများကြီးဖတ်ထားတာမျိုးမရှိပါဘူး။ အခုရေးမယ့်စာကလည်း ကျနော့် အတွေးအမြင်သက်သက်ပေါ် မူတည်ပြီးပဲ ခံစားမိသလိုရေးထားတာပါ။ Reference တစ်ခုအနေနဲ့မဟုတ်ဘဲ အတွေးအမြင်ရှုထောင့်တစ်ခုအနေနဲ့ပဲ ဖတ်ပေးဖို့ ကြိုတင် မေတ္တာရပ်ခံပါတယ်ဗျ။)
ကျနော်တို့ ကိုယ်ခန္ဓာရဲ့ဗိသုကာဖြစ်တဲ့ ဗီဇ Gene Code တွေကို ရေးတဲ့အခါ မွေးကထဲက မိဘနှစ်ပါးဆီက အမွေရလာတဲ့ Gene Code တွေက မွေးရာပါ ဗီဇပါပဲ။ အဲ့ဗီဇကုဒ်တွေနဲ့ ကျနော်တို့ရဲ့ အရိုး၊ အသွေး၊ အရေပြား၊ ဦးဏှောက်နဲ့အာရုံကြောဆဲလ် စတာတွေကို တည်ဆောက်ထားတာပါ။ ကျနော်တို့ရဲ့ မူလဘူတ ပင်စည်ဆဲလ် (Stem Cell) ကနေမှ တစ်ကိုယ်လုံးရှိသမျှဆဲလ်တွေအဖြစ် ဗီဇကုဒ်တွေနဲ့ ဖန်တီးယူရတယ်ပေါ့။
ပြဿနာက အဲ့မှာစ တာပါပဲ။
ဗီဇကုဒ်က ရေးပေးတဲ့ဆဲလ်တွေမှာ ပုံမှန်အတိုင်းရေးမိရင် ကိစ္စမရှိပေမယ့် မှားယွင်းပြီးရေးမိလိုက်ရင် သူ့ရဲ့ နောက်ဆက်တွဲက
၁။ ပိုကောင်းမွန်တဲ့ ထူးခြားမှုတစ်ခုဖြစ်သွားနိုင်တယ်။ ဒါမှမဟုတ်
၂။ ဘာမှသုံးမရတဲ့ အလဟဿဆဲလ်ဖြစ်သွားမယ်။ ဒါမှမဟုတ်
၃။ ပုံမမှန်တဲ့ဘက်ကို ဦးတည်သွားနိုင်တဲ့ ဆဲလ်ဖြစ်သွားမယ်။ ဒါမှမဟုတ်
၄။ လုံးလုံးဆိုးသွားတဲ့ ကင်ဆာဆဲလ်အဖြစ်ကိုရေးမိသွားမယ်။
ဒါကို Mutation အသစ်ဖြစ်ထွန်းခြင်းလို့လည်း ခေါ်ကြတယ်။
၁ နဲ့ ၂ ကိုရေးမိသွားရင် ကိစ္စမရှိပေမယ့် ၃ နဲ့ ၄ ကို ရေးမိသွားရင် အချိန်မရွေး ကင်ဆာ အဖြစ်ကို ရောက်သွားနိုင်တယ်လေ။ ကင်ဆာဆဲလ်အဖြစ်ရေးတာမဟုတ်ဘဲ ကုဒ်လွဲရေးမိတာကြောင့်လည်း မွေးရာပါ အင်္ဂါချို့ယွင်းတာ၊ အပိုပါတာ၊ မျိုးဗီဇဆိုင်ရာရောဂါတွေ ပါလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကင်ဆာဆဲလ်လို ပုံမမှန်တဲ့ဆဲလ်တွေကိုတွေ့ရင် တိုက်ထုတ်ဖျက်ဆီးပေးနိုင်တဲ့ ကိုယ်ခံအားဆဲလ်တွေလည်း ကျနော်တို့ကိုယ်ခန္ဓာမှာ ရှိတာပေါ့။ ဒါပေမယ့် သူတို့က စောစောစီးစီးရှာတွေ့ဦးမှကိုး။
စောစောရှာတွေ့ပေမယ့် အဲ့ဒီကင်ဆာဆဲလ်ကို ကိုယ့်မူလအိမ်ရှင်ဆဲလ်တွေနဲ့ အတူတူပဲလို့ထင်ပြီး မတိုက်ခိုက် မဖျက်ဆီးဘဲထားမိရင်လည်း ကင်ဆာဆဲလ်တွေဟာ ပွားများကြီးပြင်းလာမှာပါပဲ။
ရှာတွေ့ပြီပဲထား၊ အချိန်နဲ့တပြေးညီ ကုဒ်အမှားနဲ့ ရိုက်ထုတ်ပေးနေတဲ့ ကင်ဆာဆဲလ်တွေကို အသည်းအသန်လိုက်တိုက်နေရတာက အစပိုင်း နည်းနေသေးချိန်မှာ ကိစ္စမရှိသေးပေမယ့် လိုက်မတိုက်နိုင်အောင် များလာတဲ့အခါမျိုးမှာ ကင်ဆာဟာ တားမနိုင် ဆီးမရ ဖြစ်ကိုဖြစ်လာတော့တာပါပဲ။
ကိုယ်ခံအားနည်းနေတတ်တဲ့အခြေအနေ၊ ရောဂါမျိုး (ဆီးချို၊ AIDS၊ ကင်ဆာ၊ ကိုယ်ခံအားဖိနှိပ်ဆေးသောက်သုံးနေရသူတွေ) မှာလည်း ကင်ဆာဖြစ်လွယ်တာက ဒီသဘောပါပဲ။
ကျနော်တို့ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေက စက္ကန့်နဲ့အမျှ သက်တမ်းကုန်နေကြပါတယ်။ ဆဲလ်တိုင်း ဆဲလ်တိုင်းမှာ သူ့သက်တမ်းနဲ့သူရှိတယ်။ ဥပမာ - သွေးနီဥဆဲလ် ဆိုရင် သက်တမ်း ၄ လ (ရက်ပေါင်း ၁၂၀) ရှိတယ်။ သွေးဖြူဥ ဆိုရင် နာရီအနည်းငယ်ကနေ ရက်အနည်းငယ်ထိ၊ သွေးဥမွှားဆိုရင် ၉ ရက်၊ အရေပြားဆဲလ်ဆိုရင် ၂ - ၄ ပတ်၊ အရိုးဆဲလ်ဆိုရင် လအနည်းငယ်ကနေ နှစ်အတော်ကြာ၊ ဦးနှောက်ဆဲလ်ကတော့ တစ်သက်တာ (ဖျက်ဆီးခံရ၊ ပျက်စီးတာကြောင့်မဟုတ်ရင်)၊ အသည်းဆဲလ် တစ်နှစ်နီးပါး စသည်ဖြင့်ပေါ့။
အဲ့ဒီ စက္ကန့်တိုင်း ပျက်စီးနေတဲ့ ဆဲလ်တွေနေရာမှာ အသစ်ရိုက်ထုတ်လိုက်တဲ့ ဆဲလ်တွေက အချိန်နဲ့တပြေးညီ ဝင်ဖြည့်ပေးနိုင်နေသမျှ ဘာဆို ဘာကမှ ပြဿနာမရှိသေးဘူး။ အဲ… အချိန်နဲ့ တပြေးညီ မဖြည့်နိုင်ရင်တော့ ဝင်မဖြည့်နိုင်တဲ့အင်္ဂါအစိတ်အပိုင်းအလိုက် ပြဿနာတက်ပြီ။ ဥပမာ - ထိခိုက်ဒဏ်ရာရလို့ အချိန်ခနလေးအတွင်းမှာ သွေးတွေအများကြီးထွက်သွားတယ်၊ ကိုယ်ခန္ဓာက အဲ့လောက်သွေးပမာဏကို အချိန်ခနလေးအတွင်းမှာ လိုက်မထုတ်ပေးနိုင်၊ အစားထိုးဖြည့်မပေးနိုင်တဲ့အတွက် အဲ့လူမှာ သွေးလှည့်ပတ်မှုစနစ်ဆိုင်ရာ ပြဿနာတက်ပြီ။ ပြင်ပကနေ အချိန်မီ သွေးအမျိုးအစားတူ ပြန်မသွင်းပေးနိုင်ရင် အသက်အန္တရာယ်တောင် ဖြစ်သွားနိုင်တယ်။
လူတွေအိုမင်းလာတယ်ဆိုတာကလည်း ဒီသဘောတရားပါပဲ။ အချိန်နဲ့တပြေးညီပျက်စီးနေတဲ့ ဆဲလ်တွေကို ပြည့်ပြည့်ဝဝ အစားထိုးဖို့ခက်ခဲလာတဲ့အခါ အိုမင်းခြင်းဟာ လက်ဆောင်ဖြစ်လာတာပေါ့။ (ဒီ ဗီဇကုဒ်ကို ဖြည့်စွက်ရေးသားနိုင်ရင် အနာဂတ်မှာ လူတွေဟာ အိုမင်းရင့်ရော်ခြင်းကို အံတုလာနိုင်ပါလိမ့်မယ်၊ ဒီလိုအံတုလာနိုင်ခြင်းသာ တကယ်ဖြစ်လာခဲ့ရင် လူ့သက်တမ်းကိုလည်း ဆွဲဆန့်နိုင်ပါလိမ့်မယ်၊ ပိုက်ဆံရှိသူတွေပဲ နုပျိုကျန်းမာသက်ရှည်ကြမယ့် ခေတ်တစ်ခေတ်ကို ကြုံကြရဦးမှာ အသေအချာမို့ ပိုက်ဆံသာ များများရှာကြပါ။ ကျနော်တို့သက်တမ်းအတွင်းမှာ မဖြစ်နိုင်သေးရင်တောင်မှ ကျနော်တို့ သားသမီး၊ မြေးမြစ်လက်ထက်မှာ ဖြစ်လာနိုင်ခြေရှိပါတယ်။ ဤကား စကားချပ်)
ပြဿနာရဲ့အစကို ပြန်သွားရရင်
ကုဒ်အမှားရေးမိတဲ့ ပြဿနာပေါ့။
ကုဒ်အမှား ဘာလို့ရေးမိတာလဲ ဆိုရင်
၁။ မိခင် သို့မဟုတ် ဖခင် သို့မဟုတ် မိဘနှစ်ပါးစလုံးမှာ မျိုးဗီဇဆိုင်ရာရောဂါ သို့မဟုတ် ကင်ဆာ ဖြစ်စေနိုင်တဲ့ ဗီဇရှိရင် သူ့သားသမီး/မြေးမြစ်မှာ အဲ့ဗီဇကြောင့် ကုဒ်အမှား ပါသွားတာ။
၂။ ဆဲလ်တွေအသစ်ဖြစ်တဲ့အခါ အရင်ဆဲလ်ရဲ့ DNA မျိုးဗီဇပုံတူကို မိတ္တူကူးသလို ကူးပြီး ပွားပေးရပါတယ်။ အဲ့ဒီလို မိတ္တူကူးတဲ့နေရာမှာ error တက်ပြီး ကုဒ်အမှားဖတ်မိလို့ နောက်ထုတ်ပေးတဲ့ဆဲလ်တွေကို ကုဒ်အမှားနဲ့ရေးမိတာ။ (တတ်နိုင်သလောက် စိစစ်ပြီး ကူးပေမယ့် လွတ်သွားတာမျိုးလည်း သဘာဝကြီးမှာ ရှိပါတယ်။)
၃။ ပြင်ပကနေ ကိုယ့်ရဲ့ဆဲလ်နဲ့ DNA ကို ထိခိုက်ပျက်စီးစေတဲ့အကြောင်းတွေ
- ဓာတ်ရောင်ခြည် (Radiation)
ဓာတ်ရောင်ခြည်ဆိုတဲ့နေရာမှာ အာကာသရောင်ခြည် (Cosmic ray)၊
ဓာတ်မှန်ရိုက်၊ CT ရိုက်တဲ့အခါမှာ ထိတွေ့ရတဲ့ X ray (ရောဂါရှာဖွေရေးမှာ အသုံးပြုတဲ့ X ray ကို အတတ်နိုင်ဆုံး အနည်းဆုံးဖြစ်အောင်လုပ်ထားလို့ သိပ်စိတ်ပူစရာမလိုပါ)
Gamma ray ၊
ခရမ်းလွန်ရောင်ခြည် (UV B rays > UV A rays) တွေ ပါဝင်ပါတယ်။
- Radon gas လိုမျိုး မြေကြီးထဲကထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့်လည်း DNA ကုဒ်အမှားတွေဖြစ်တတ်ပါတယ်။
- ဓာတုပစ္စည်း chemical တွေဖြစ်တဲ့ ဆိုးဆေးတွေ၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ စက်ရုံအလုပ်ရုံတွေကထွက်တဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေ စတာတွေကြောင့်လည်း ကင်ဆာဖြစ်တတ်ပါတယ်။
- HPV (Human Papilloma Virus) လိုတချို့ Virus ပိုးတွေကြောင့်လည်း သားအိမ်ခေါင်းကင်ဆာလို ရောဂါဖြစ်စေတတ်ပါတယ်။
၄။ ဆဲလ်တွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေဖြစ်ရာကနေ ထွက်လာတဲ့ ROS (Reactive Oxygen Species) လို့ခေါ်တဲ့ အောက်စီဂျင်ပါတဲ့ ဓာတ်အစုတွေကြောင့်လည်း DNA ထိခိုက်ပြီး ကုဒ်အမှားတွေရေးမိနိုင်ပါတယ်။ ROS က အသွားနှစ်ဘက်ပါတဲ့ ဓား လိုပါပဲ။ ကောင်းကျိုးနဲ့ ဆိုးပြစ် ဒွန်တွဲနေတဲ့ ဓာတ်အစုပါပဲ။
ဒီနေရာမှာ Triggered factor ဆိုတာကို ထည့်ပြောပါရစေ။ တချို့ ကျနော်တို့ရဲ့ ဗီဇကုဒ်တွေမှာရေးထားမိတာက ဆတ်ဆတ်ထိမခံတဲ့ ကုဒ်လေးတွေပါ။ အဲ့ကောင်လေးတွေက သူ့ဘာသာသူဆိုရင် အကောင်း၊ သူ့ကို လှုံ့ဆော်ပေးနိုင်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့မိရင်တော့ တာလွှတ်လိုက်တဲ့ မြင်းလို၊ သေနတ်မောင်းခလုတ်ကိုဆွဲလိုက်မိသလို ပုံမမှန်ဆဲလ်အဖြစ်ကို တခါတည်း ပြောင်းသွားစေတယ်။ ဒီလိုလှုံ့ဆော်ပေးတဲ့အရာကို Triggered factor လို့ခေါ်တာပေါ့။ အဲ့ဒီ Triggered factor ဟာ ဘာမဆိုဖြစ်နိုင်တယ်။ သူ့ကုဒ်အတွက် Triggered ဖြစ်စေနိုင်တဲ့ ဘယ်အရာမဆို (ဥပမာ - အစားအစာ၊ ထိတွေ့မိတဲ့အရာ၊ အာရုံ ၅ ပါးနဲ့ ခံစားမိသမျှ၊ Virus, Radiation) ဖြစ်နိုင်တယ်။ ထိတွေ့မိတဲ့ ပမာဏ များရင်များသလို ကင်ဆာရောဂါ ဖြစ်နိုင်ခြေများတယ်။
ဘယ်အရာမဆို limit ရှိတယ်။ အတိုင်းအတာတစ်ခုရှိတယ်။ နည်းလွန်းရင်လည်းမကောင်း၊ များလွန်းရင်လည်း မကောင်းဘူး။ တန်ရင် ဆေး၊ လွန်ရင်ဘေးပဲ။
မီး ဟာ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး။ လျှပ်စစ်၊ ဓား၊ လက်နက် အတူတူပဲ။ နေ့တိုင်းသောက်နေတဲ့ ရေ၊ တန်ဆေး လွန်ဘေးပဲ။ နေ့တိုင်းရှူနေရတဲ့ မရှိမဖြစ်ပါ ဆိုတဲ့ အောက်စီဂျင်၊ တန်ရင်ဆေး လွန်ရင်ဘေးပဲ။ အရက် - တန်ရင်ဆေး လွန်ရင် ဘေးပဲ။
ကျနော်တို့ခန္ဓာကိုယ်က အရမ်းအလိုက်သိတယ်။ ကျနော်က အလေးအပင်တွေ မကြာခန မ ရတယ်ဆိုရင် အလေးအပင် မ နိုင်အောင် ကြွက်သားဆဲလ်တွေကို အားဖြည့်ပေးတယ်။ ရေရှည်မှာ ကြွက်သားတွေ ကြီးလာပေးတယ်။ ဘာမှမလုပ်ဘူးလား၊ ရတယ်။ ကြွက်သားဆဲလ်တွေကို တိုးမပေးဘူး။ မသုံးတာကြာလာရင် ပြန်လျှော့ပေးတယ်။
ခနခန နားမကြားချင်ယောင်ဆောင်၊ နောက်ဆိုရင် တကယ် မကြားတော့ဘူး။ ဦးနှောက်က နားကြားဖို့ မလိုအပ်တော့ဘူး လို့ ယူဆပြီး အဲ့ဌာနကကောင်တွေ အနားယူကုန်ကြတာ။ မမြင်ချင်ယောင်ဆောင်၊ ကြာလာရင် အမြင်အာရုံပါ အားနည်းသွားတယ်။ ဦးနှောက်က လိုက်ထိန်းညှိနေတာ။ မျက်မှန်တပ်ရင် ပါဝါတိုးလာတာလည်း ဒီသဘောပဲ။
ကျနော်တို့ခန္ဓာကိုယ်မှာ သွေးထွက်များနေသလား?
ဦးနှောက်က ခန္ဓာကိုယ်ရဲ့ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဦးနှောက်၊ နှလုံး စတဲ့ အင်္ဂါတွေကို ဦးစားပေးသွေးပို့ပေးပြီး အရေးမကြီးတဲ့ ခြေ လက် အစွန်အဖျားတွေကို သွေးပို့တာ ရပ်ဆိုင်းလိုက်တယ်။ Shock သွေးလန့်တယ်ဆိုတာ ဒါပဲ။ ခြေလက်တွေ အေးစက်သွားတယ်ဆိုတာ အဲ့နေရာတွေကို သွေးမလျှောက်တော့လို့။ ဆီးမသွားတော့တာက ခန္ဓာကိုယ်တွင်းအရည်ပမာဏကို စုစည်းထိန်းသိမ်းထားလိုက်တာကြောင့် ကျောက်ကပ်ကို သွေးမပို့တော့လို့။
အဲ့လို အလိုက်သိတတ်လွန်းတဲ့ ကျနော်တို့ရဲ့ခန္ဓာကိုယ်ဟာ ကျနော်တို့နေ့စဉ် ပုံမှန်ထိတွေ့၊ စားသောက်နေရတဲ့အရာတွေနဲ့ လိုက်ပြီးလည်း ထိန်းညှိပေးတယ်။ အဲ့လို နေရာတကာ လိုက်ထိန်းပေးနေတော့ တချို့ကင်ဆာတွေဟာ အဲ့ဒါကြောင့်ပဲ ဖြစ်လာရတယ်။
ဥပမာ - စားချဉ့်ပြန်တတ်တဲ့ရောဂါရှိသူဟာ သူ့အစာအိမ်ထဲမှာပဲရှိရမယ့် အစာခြေအက်ဆစ်တွေက အစာရေမျိုပြွန် Esophagus ကတဆင့် အထက်ကို ပြန်ဆန်တက်လေ့ရှိတယ်။ Esophagus ရဲ့ နံရံတွေကို တည်ဆောက်ထားတဲ့ ဆဲလ်ပုံစံက အစာအိမ်နံရံလို အက်ဆစ်ဒဏ်ကို ရေရှည်ခံနိုင်ဖို့ ဒီဇိုင်းထုတ်မထားဘူး။
အဲ့တော့ အစာခြေ အက်ဆစ်နဲ့ မကြာခန ထိတွေ့ရတဲ့ Esophagus နံရံကဆဲလ်တွေက သတ်မှတ်ချိန်မတိုင်ခင် ေ-သ ေ-သကုန်တယ်။ ဒီလိုနဲ့ ရေရှည်အဲ့လိုဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က နားလည်လိုက်တာက ဒီနေရာမှာ အက်ဆစ်ဒဏ်ခံနိုင်မယ့် ဆဲလ်ကို အစားထိုးထည့်ရင် ကောင်းမယ်ထင်တယ် ဆိုပြီး သဘောပေါက်လွဲသွားတယ်။ အဲ့လိုသဘောပေါက်လွဲ၊ နားလည်မှုမှားပြီး မူလ ဆဲလ်နေရာမှာ အက်ဆစ်ဒဏ်ခံဆဲလ်တွေကို အစားထိုးထည့်လာလိုက်တာ ကင်ဆာဖြစ်မှန်းမသိ ဖြစ်လာတဲ့အထိပဲ။ ကိုယ်ခံအားဆဲလ်တွေကလည်း ကိုယ့်ပုံမှန်အစားထိုးဆဲလ်ပဲလေ ဆိုပြီး ဘာမှ မလုပ်ဘဲထားတယ်လေ။
လက်သီးထိုးလေ့ကျင့်လို့ လက်အသားမာတက်တဲ့သဘောနဲ့ဆင်တူတယ်။ မတူတာက လက်အသားမာက ကင်ဆာမဟုတ်ဘူး၊ ဒီလိုအစားထိုးဖြစ်စဉ်က ကင်ဆာဖြစ်တာ။
ဒီလိုနဲ့ ဆဲလ်တွေအစားထိုးလာလိုက်တာ အစာရေမျိုပြွန်ကျဉ်းလာ၊ အစာမဝင်၊ ရေပဲဝင်၊ လည်ချောင်းဝမှာ တစ်နေ၊ အဲ့လိုကနေ ဖြစ်လာတဲ့ ကင်ဆာဆဲလ်ဟာ အချိန်မီ မသိလို့ ကုသမှုစောစောမခံရရင် သွေးကနေတဆင့် အသည်း၊ အဆုတ်၊ အရိုး၊ ဦးနှောက်တွေဆီကို ပြန့်ကုန်တယ်။ အသိနောက်ကျသွားပြီဆိုရင်တော့ ကျနော်တို့ခန္ဓာကိုယ်ဟာ ပျက်စီးဖို့ သေချာသလောက်ဖြစ်သွားပြီပေါ့။
ကင်ဆာတွေရဲ့တော်တော်များများက ဗီဇကုဒ်မှားရေးတာကစတဲ့အတွက် ကျနော်တို့ဟာ ဗီဇကုဒ်အမှားကို အချိန်မီရပ်တန့်ပြီး ဗီဇကုဒ်အမှန်ကို မျိုးဗီဇတည်းဖြတ်နည်းစနစ် Gene Editing နဲ့ ပြန်ရေးခိုင်းစေနိုင်မယ်ဆိုရင် ကင်ဆာဆဲလ်တွေနေရာမှာ မူလဆဲလ်တွေ ပြန်ရောက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်စေလိမ့်မယ် လို့တော့ ယူဆမိပါတယ်။ အခုအချိန် အဲ့လိုမလုပ်နိုင်သေးရင်တောင်မှ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ လုပ်နိုင်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။
ကင်ဆာတော်တော်များများက မိဘဆီက အမွေဆက်ခံတာကြောင့်မဟုတ်ရင် ကျနော်တို့ရဲ့ နေ့စဉ်စားသောက်နေထိုင်မှုအပေါ် လုံးလုံးလျားလျားမူတည်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ကျနော်တို့ဟာ သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ ကျနော်တို့ရဲ့ DNA ကုဒ်တွေကို မှားယွင်းစေမယ့် အစားအသောက်တွေ၊ အရာတွေကို ပုံမှန်ထိတွေ့နေခဲ့မယ်ဆိုရင် ကင်ဆာဟာ မလွဲမသွေ ရင်ဆိုင်ရမယ့် ပြဿနာတစ်ခု ဖြစ်လာမှာပါ။
သဘာဝအရ ရှောင်လွှဲဖို့ခက်တဲ့ Cosmic ray, Radon gas, Radiation hazard တွေကတော့ ခြွင်းချက်ပေါ့။ အထပ်မြင့်တိုက်တွေမှာနေရင်၊ အမြင့်နေရာတွေမှာနေရင် Cosmic ray ထိမယ်၊ မြေကြီးနဲ့ အက်ကွဲနေတဲ့ကြမ်းပြင်ရှိတဲ့အိမ်တွေမှာနေရင် radon gas ထိမယ်၊ အကာအကွယ်မပါဘဲ နေပူထဲ အကြာကြီးနေရရင် UV B ray ထိမယ်၊ ဓာတ်မှန်ရိုက်၊ CT ရိုက်ရင် X ray ထိမယ်။ ဒါတွေကလည်း သတ်မှတ်ပမာဏ ရှိပါတယ်။ သတ်မှတ်ပမာဏ ထက်မကျော်ရင် ပျက်စီးသွားတဲ့ DNA ကို ခန္ဓာကိုယ်က ပြန်ပြုပြင်ရေးသားပေးနိုင်လို့ စိတ်ပူစရာမရှိပါဘူး။
လုပ်ငန်းခွင်မှာဆို ကျောက်မီးသွေးတွေ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ရတာ၊ ဓာတ်ရောင်ခြည်နဲ့ မကြာခနထိတွေ့ရတာ၊ အစားအသောက်ဆိုရင် ဆီကြော်တွေ၊ ဆိုးဆေးတွေ၊ တာရှည်ခံပစ္စည်းနဲ့ ဖော်မလင်ပါတဲ့အစားအစာတွေ၊ အစားအသောက်အတွက် ခွင့်ပြုမထားတဲ့ ဓာတုပစ္စည်းတွေနဲ့လုပ်ထားတဲ့ အစားအစာတွေ၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက် စသည်ဖြင့်ပေါ့။
အတိတ်ကံကြောင့် ကင်ဆာဖြစ်ရတယ်ဆိုတာ အမှန်ပါပဲ။ ကျနော်တို့ အတိတ်မှာ မဆင်မခြင် နေ့စဉ်စားသောက်ခဲ့တဲ့ အစားအသောက်တွေကပဲ ကျနော်တို့ရဲ့ အတိတ်ကံကို ဖြစ်စေခဲ့တာပါ။
ဒီနေရာမှာ ကြုံလို့ပြောရရင်
ဝမ်းတစ်လုံးကောင်းရင် ခေါင်းတစ်လုံးမခဲဘူး ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကား မှန်တယ်ဆိုတာကိုပါ။ ကျနော်တို့စားလိုက်တဲ့အစာတွေမှာ ကင်ဆာဖြစ်စေတဲ့ဓာတ် (Carcinogen) တွေ ပါတာချင်းအတူတူ၊ စားတာချင်းအတူတူ ရောဂါဖြစ်တာချင်း ဘာကြောင့်မတူသလဲ။ သူ့ကျ ဖြစ်တယ်၊ ငါ့ကျ မဖြစ်ဘူး ဆိုတာမျိုးက အပေါ်မှာပြောခဲ့တဲ့ triggered factor ကြောင့်လည်း ဖြစ်နိုင်သလို ဝမ်းနဲ့လည်း အများကြီး ဆိုင်ပါတယ်။
တကယ်တမ်း ဝမ်းမှန်တဲ့သူက မနက်ကစားလိုက်တဲ့အစာ ည ဆိုရင် အဲ့အစာအတိုင်း ဝမ်းက ပြန်သွားတယ်။ ပြောချင်တာက စားလိုက်တဲ့အစာက ကျနော်တို့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ ကြာကြာမနေဘူး။ ခန္ဓာကိုယ်က အသုံးမလိုတာတွေကို ချက်ချင်း စွန့်ထုတ်ပေးစေတယ်။
ဝမ်းချုပ်တဲ့သူတွေမှာဆိုရင်တော့ ရက်ကြာရင်ကြာသလို အူလမ်းကြောင်းထဲမှာ အရင် အစာဟောင်း မစင်တွေ၊ အသစ်ချေဖျက်လိုက်တဲ့ အစာတွေဟာ စုပုံနေတယ်။ အဲ့မှာ အခုနက အဆိပ် toxin တွေ၊ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ် Carcinogen တွေဟာ ခန္ဓာကိုယ်ထဲမှာ ရှိသင့်တဲ့အချိန်ထက် အချိန်ကြာကြာပိုရှိနေရော။ ဒါကိုကြည့်ရင်ပဲ ဝမ်းမှန်တဲ့သူနဲ့ ဝမ်းချုပ်တဲ့သူ ဘယ်သူက ပို ကျန်းမာနိုင်မလဲ တွက်ဆလို့ရပါတယ်။
စာရှည်ပေမယ့် တစ်ဆက်တည်းပြောရရင် ဝမ်းချုပ်ပြီဆိုတာနဲ့ အူလမ်းကြောင်းထဲမှာ မစင်တွေ စုပုံလာမယ်။ ဘက်တီးရီးယားပိုးတွေ စုပုံလာမယ်။ ခန္ဓာကိုယ်က မစင်တွေကို အပြင်ထုတ်နိုင်ဖို့အတွက် အူကို အတင်းညှစ်ခိုင်းတဲ့အခါ လေနာ ဗိုက်နာလာမယ်။
ဘက်တီးရီးယားတွေ စုပုံလာတဲ့အခါ
- ကာဗိုဟိုက်ဒရိတ် Carbohydrate (ဥပမာ - ထမင်း) ကိုအချဉ်ဖောက်ရာကနေ ဟိုက်ဒရိုဂျင် Hydrogen gas နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် Carbon dioxide ဓာတ်ငွေ့၊
- မီသိန်း Methane ဓာတ်ငွေ့၊
- ဆာလ်ဖာပါတဲ့ အမိုင်နိုအက်ဆစ်ပရိုတင်းတွေကို အချဉ်ဖောက်ရာကထွက်တဲ့ ဟိုက်ဒြိုဂျင်ဆာလ်ဖိုက် Hydrogen Sulphide ဓာတ်ငွေ့၊
- ပရိုတင်း Protein နဲ့ ယူရီးယား Urea ဓာတ်ငွေ့ပြိုကွဲရာကထွက်လာတဲ့ Ammonia ဓာတ်ငွေ့တွေ ထွက်လာပါတယ်။
ဘက်တီးရီးယားကထုတ်တဲ့ Ammonia ဓာတ်ငွေ့တွေကြောင့် ဗိုက်က လေနဲ့ဖောင်းနေမယ်၊ အီး/ချီးပေါက်ရင် မစင်ဟောင်းတွေကို ဖြတ်သန်းလာရတဲ့လေမို့ အနံ့အတော်နံမယ်။ အဲ့ Ammonia ဓာတ်ငွေ့က အာရုံကြောကို ထိခိုက်စေတဲ့ အဆိပ်ဓာတ်ငွေ့ပါပဲ။ ဒါကြောင့် အသည်းကနေ တတ်နိုင်သလောက် ဖျက်ဆီးပစ်ပေးတယ်။ ဝမ်းချုပ်တဲ့သူတွေ ခေါင်းအုံ ခေါင်းကိုက် ခေါင်းခဲ ခေါင်းမကြည်ခြင်းရဲ့ လက်သည်တရားခံက ဒင်းပါပဲ။ အသည်းမကောင်းတဲ့သူဆိုရင် အသည်းက ခြေဖျက်မပေးနိုင်လို့ ဦးနှောက်ကိုထိပြီး ကိုမာ Hepatic Coma လို့ခေါ်တဲ့ မျောတဲ့ဝေဒနာ ခံစားရတဲ့အထိဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အသည်းမကောင်း၊ အသည်းခြောက်၊ အသည်းကင်ဆာဖြစ်တဲ့သူဆိုရင် ဝမ်းနှုတ်ပေးရပါတယ်။ ဝမ်းချုပ်ခံလို့မရပါဘူး။
ဝမ်းမချုပ်ဖို့အတွက်က
ရေများများသောက်ရပါမယ်။
အသီးအရွက်များများစားရပါမယ်။
အသားလျှော့စားရပါမယ်။
အထိုင်များတာ၊ လှုပ်ရှားမှုနည်းတာရှောင်ရပါမယ်။
ကိုယ်လက်လှုပ်ရှားမှု များများလုပ်ရပါမယ်။
ပြောချင်တာများလို့
စာက အရမ်းရှည်ပြီး လေးသွားပြီထင်ပါရဲ့။
ဒီလောက်ဆိုရင်ပဲ ကင်ဆာနဲ့ပတ်သက်လို့ ဗဟုသုတတွေ အတော်ရလောက်မယ်ထင်ပါတယ်။ အခုရေးတဲ့အထဲမှာ အမှားပါခဲ့ရင်လည်း ကျနော့်ရဲ့ လိုအပ်ချက်ကြောင့်သာပဲမို့ ကျနော့်ကိုသာ အပြစ်တင်ကြပါ။ သိတတ်တဲ့သူတွေက ကျေးဇူးပြု၍ အမှားထောက်ပြပေးပါ။
ကျနော်တို့ကြောက်နေတဲ့ ကင်ဆာ ဆိုတာက ကျနော်တို့ရဲ့ နေ့စဉ်နေထိုင်စားသောက်မှုအပေါ်မှာပဲ ရာခိုင်နှုန်းအတော်များများ မူတည်နေတာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ လက်ရှိ ပစ္စုပ္ပန်တိုင်းကို အသိ၊ သတိနဲ့ယှဉ်ပြီး ကိုယ်ချစ်ရတဲ့မိသားစုနဲ့အတူ နွေးနွေးထွေးထွေး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါ၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသလို မကျန်းမာရင်လည်း ရှိသမျှငွေ၊ ရှာသမျှမကျန်အောင် ကုန်နိုင်တဲ့ အစားအသောက်အဆိပ်သင့်နေတဲ့ ခေတ်ပျက်ကြီးမို့ ဂရုစိုက်နေထိုင်ရှင်သန်ကြပါလို့ အကြံပြုရင်း ဒီစာကို နိဂုံးချုပ်လိုက်ပါရစေဗျ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ။
Dr. Nay Linn Aung (Pyaw Bwe)
23.2.2025 SUN
1422 Hr
04/01/2025
လှချင်ရက် စက်စက်ယို၊ အဆီပိုတွေ စုပ်ထုတ် Liposuction လုပ်ရင်း အသက်အန္တရာယ်ဖြစ်သွားတဲ့သူတွေ ကမ္ဘာတစ်ဝှမ်းမှာ မနည်းမနောပဲ။ ညီလေး Tyn Myo ပြတဲ့ link တွေမှာတင် မနည်းဘူး။
https://www.facebook.com/share/p/1DeDV1ko72/
https://www.facebook.com/share/p/19EXuadPVm/
https://www.facebook.com/share/p/14c4H1j15b/
https://www.facebook.com/share/p/1BQKfyJ2xP/
iceberg phenomenon အရဆို အခုတွေ့ရတဲ့ case တွေက ရေခဲတုံးကြီးရဲ့ ရေပေါ်ပေါ်နေတဲ့ အစိတ်အပိုင်းမျှသာပါ။ ရေထဲမြုပ်နေတဲ့ ရေခဲတုံးရဲ့ အောက်ခြေလို လူမသိသူမသိ ဘယ်လောက်တောင် ဆုံးရှုံးပြီးပြီလဲဆိုတာ မှန်းဆကြည့်လို့တောင် ရပါတယ်။
အဆီစုပ်ထုတ်ရင်း ဘာကြောင့် အသက်ဆုံးတာလဲ ဆိုရင်
- Lidocaine ဆိုတဲ့ ထုံဆေးရဲ့ Toxicity ကြောင့်ဖြစ်တာ၊
- နှလုံးခုန်မြန်လွန်းပြီး နှလုံးဖောက်တာ Ventricular fibrillation
- FES (Fat Embolism Syndrome) လို့ခေါ်တဲ့ အဆီတွေက သွေးကြောထဲရောက်၊ အဆုတ်သွေးပြန်ကြောမှာပိတ်ရင်း နှလုံးရပ်ေ-သတာ၊
- အကြောဆေးရည်အသွင်းလွန်လို့ နှလုံးထိတာ စသည်ဖြင့်ရှိပါတယ်။
လူနာမှာ နှလုံး၊ ကျောက်ကပ်၊ ကိုယ်ခံအားဖောက်ပြန်မှုဆိုင်ရာ ရောဂါအခံတွေရှိရင် အသက်အန္တရာယ်နဲ့ ပိုနီးပါတယ်။
ဒီ Risk တွေက ဆရာဝန်ကိုယ်တိုင်လုပ်ရင်တောင်မှ ဖြစ်လာနိုင်ပါသေးတယ်။ ရမ်းကုနဲ့ ဆရာဝန် ကွာတာကတော့ ဒါတွေဖြစ်လာရင် အသက်မီအောင် ပြန်လည်ကုသပေးနိုင်ခြေက ဆရာဝန်တွေကပဲ လုပ်နိုင်မှာပါ။ ရမ်းကုကတော့ လုပ်နိုင်မှာမဟုတ်တာ အသေအချာပါပဲ။ ဆရာဝန်တွေလုပ်နိုင်တယ်ဆိုရင်တောင် လူနာမှာဖြစ်နေတဲ့ ပြင်းထန်မှုအခြေအနေ၊ ဆရာဝန်ရဲ့ အရည်အချင်းပြည့်ဝမှု၊ ဆေးခန်းမှာ အရေးပေါ်ကုသမှုဆိုင်ရာ စက်ကိရိယာ၊ ဆေးဝါးနဲ့ လူအင်အားပြည့်စုံမှု၊ အရေးပေါ်လွှဲပို့နိုင်မယ့် ဆေးရုံအနီးမှာရှိမှု စတဲ့ အချက်တွေပေါ်မှာလည်း မူတည်နိုင်ပါသေးတယ်။
အခုခေတ်မှာ Korea ဇာတ်လမ်းတွဲတွေခေတ်စားလာပြီးတဲ့နောက်ပိုင်း လှချင်ရက် စက်စက်ယို ယောကျာ်း၊ မိန်းမ ကြီးကြီးငယ်ငယ်တွေကြားမှာ Asthetic အလှပြုပြင်ရေးဆေးခန်းတွေ အလုပ်ဖြစ်လာကြပါတယ်။ Trend တစ်ခုလိုတောင် ဖြစ်လာနေပါတယ်။
Filler ထည့်တာ၊ Botox ထိုးတာ၊ ကြိုးထိုးတာ၊ ဆီလီကွန်ထည့်တာ စသည်ဖြင့် ခေတ်မီနည်းပညာတွေနဲ့ အလှအပရေးရာကို ဦးစားပေးလာကြတာကိုလည်း တွေ့ရပါတယ်။ ဆရာဝန်လည်းမဟုတ်၊ အထူးပြုယူထားတာလည်းမဟုတ်ဘဲ သင်တန်းခနတက်ပြီး လက်တည့်စမ်းနေကြတာတွေ မတွေ့ချင်အဆုံး မြင်နေရသလို အရည်အသွေးမပြည့်မီတဲ့ ပစ္စည်းတွေသုံးမိလို့လည်း မကြာခန အလှပျက်ပြီး ဒုက္ခများနေကြတာတွေလည်း တွေ့လာရပါတယ်။
သဘာဝကိုကျော်လွန်ပြီး လှချင်သူတွေအတွက်
မူလထက် ပိုပြီး ပုံပျက်သွားတာ၊ ကိုယ်ခံအားဖိနှိပ်ဆေးတွေ၊ အနာကျက်ဆေးတွေ၊ ပိုးသတ်ဆေးတွေ စွဲသောက်နေရတာတွေကိုလည်း ရင်ဆိုင်ရဖို့များပါတယ်။
ရုပ်ကိုလှချင် စိတ်ကိုပြင်
ရုပ်ပင်လည်းလှ စိတ်လည်းလှ ဆိုတဲ့ ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့စာလေးကိုလည်း သတိရမိပါတယ်။
အခုခေတ်က ရုပ်ဝတ္တုကို ဦးစားပေးတဲ့ခေတ်မို့လားမသိ၊
ရုပ်ဝတ္တုတွေတိုးတက်လာသလောက် စိတ်ဓာတ်တွေကတော့ ပိုဆုတ်ယုတ်လာကြသလိုလို။
ကျနော့်အမြင်အရပြောရရင်
ရုပ်လှဖို့ထက် စိတ်လှအောင်ကြိုးစားကြပါ၊
အရည်အချင်းလှအောင် ပြည့်ဝအောင်ကြိုးစားကြပါလို့ အကြံပေးပါရစေ။
အဆီကျမှဖြစ်မယ်၊
ရုပ်လှမှဖြစ်မယ်ဆိုလည်း ဖြတ်လမ်းနည်းနဲ့မလုပ်ဘဲ စနစ်တကျ လေ့ကျင့်ခန်းလုပ်၊ အစားအသောက် သတိနဲ့စားပြီး
လှအောင်လုပ်ကြပါလို့ အကြံပေးပါရစေဗျ။
မေတ္တာဖြင့်
Dr. Nay Linn Aung (Pyaw Bwe)
4.1.2025 Sat
2331
24/12/2024
Expired Date ဖြစ်နေတဲ့ဆေးတွေကို ဆက်အသုံးပြုလို့ရလား၊
သုံးရင်ရော ဘေးဥပါဒ်ဖြစ်နိုင်သလား။
ဒီမေးခွန်းကိုမဖြေခင်
English လို ဖတ်နိုင်သူတွေအတွက်
ဒီ link မှာ အရင် ဝင်ဖတ်ကြည့်ပါ။
https://pmc.ncbi.nlm.nih.gov/articles/PMC7040264/
အဲ့ link က ယူထားတဲ့ References တွေက ဒါတွေပါ။
References
1.Drugs past their expiration date. Med Lett Drugs Ther. 2015 Dec 7;57(1483):164–165. The Medical Letter. [PubMed] [Google Scholar]
2.American Medical Association, author. “Pharmaceutical Expiration Dates.” Report 1 of the Council on Scientific Affairs (A-01) 2001. Jul 25, [Google Scholar]
3.Cantrell Lee. Stability of Active Ingredients in Long-Expired Prescription Medications. Arch Intern Med. 2012;172(21):1685–1687. doi: 10.1001/archinternmed.2012.4501. [DOI] [PubMed] [Google Scholar]
4.Khanchandani R, Srivastava B, Sinha A, Gaur S, Gaur S, Bharat S. Efficacy, safety concern and disposal practices followed for expired drug preparations among medical personnel [Google Scholar]
5.Simons FE, GU X, Simons KJ. Outdated EpiPen and EpiPen Jr auto injectors: past their prime? Journal Allergy Clinical Immunology. 2000;105:1025–1030. doi: 10.1067/mai.2000.106042. [DOI] [PubMed] [Google Scholar]
ဒီ link မှာဖော်ပြထားတာက
ဆေးဝါးတွေကို သေချာစနစ်တကျ ထားသိုမယ်ဆိုရင်
Expired Date ဖြစ်ပြီး နောက် ၁၀ - ၁၅ နှစ်အထိ အာနိသင်ရှိနေပြီး ဘေးဥပါဒ်လည်း မရှိသလောက်နည်းပါးတယ်ဆိုတဲ့အကြောင်း
သုတေသနလုပ်ထားတာပါ။
ဒါဆိုရင် ကျနော့်အမြင်ဆက်ပြောပါမယ်။
ဒီကိစ္စပြောရင် တုတ်ထမ်း၊ ဓားထမ်းပြောရမယ့်အမျိုးမို့ Link ကို အရင်တင်ပေးတာပါ။
ကျနော်လည်း ဆေးဝါးတွေနဲ့ အတန်အသင့် ရင်းနှီးကျွမ်းဝင်မှုရှိပါတယ်။ အတန်အသင့်လို့ သုံးနှုန်းရတာက ကိုယ်တိုင်က အသင့်ဖော်စပ်ပြီးသားဆေးဝါးတွေကိုသာ အသုံးပြုပြီး ကုသပေးနေရသူသာဖြစ်ပြီး ကိုယ်တိုင်က Pharmacist တစ်ယောက်လို ဆေးဝါးဖော်စပ်မှုပိုင်းဆိုင်ရာနဲ့ နီးစပ်မှုမရှိလို့ပါ။
အနောက်တိုင်း ဆရာဝန်တစ်ယောက်အတွက် ဆေးဝါးဖော်စပ်ပုံအထိ သိစရာမလိုတာလည်း ပါပါတယ်။ ဒါက စကားချပ်ပါ။
ဆေးဝါးမှာဖော်ပြထားတဲ့
Expired Date ဆိုတာက ဆေးကဒ်၊ ဆေးဘူး၊ ဆေးရည်၊ ထိုးဆေးပေါ်မှာ ဖော်ပြထားတဲ့ သက်တမ်းသတ်မှတ်ချက်တစ်ခုပါပဲ။ အဲ့ဒီသက်တမ်းကို ထုတ်လုပ်တဲ့ကုမ္ပဏီကပဲ တခါတည်း သတ်မှတ်ရိုက်နှိပ်ပေးလိုက်တာပါ။
(ဆေးဝါး Expired Date ကို အစားအသောက် Expired Date နဲ့ နှိုင်းယှဉ်ပြီး မရောထွေးမိဖို့တော့ လိုပါတယ်၊ မတူပါဘူး)
ကျနော်သိရသလောက် ဆေးဝါးတွေထုတ်လုပ်တဲ့အခါ Batch အလိုက် ထုတ်ရပါတယ်။ တရားဝင်မှတ်ပုံတင်ထားတဲ့ ဆေးဝါးကို ဈေးကွက်ထဲကနေ ကျပန်းကောက်ယူစစ်ဆေးကြည့်လို့ အရည်အသွေးမပြည့်မီရင် အဲ့ဒီ Batch တစ်ခုလုံးကို ကုမ္ပဏီက ဖျက်သိမ်းပြီး ပြန်လည် သိမ်းဆည်းရပါတယ်။ စံမမီဆေးဝါးပေါ့။
တကယ့်တရားဝင်အတိုင်းလုပ်မယ်ဆိုရင်
သက်တမ်းကုန်ဆေးဝါး Expired Date ဖြစ်နေတဲ့ ဆေးမပြောနဲ့၊ ၃ လအတွင်း သက်တမ်းကုန်မယ့် သက်တမ်းနီးဆေးဝါးကိုတောင် ဆေးဆိုင်တွေမှာ ထားခွင့်မရှိဘူးလို့ FDA က သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ကျနော့်ဆရာဝန်သက်တမ်းတစ်လျှောက်မှာ
Expired Date အဝေးကြီးလိုသေးပေမယ့် ဆေးဝါးက အစိုဓာတ်ပြန်ပြီး ပျော့စိနေတာ၊ နေပူမိပြီး ကျိုးပဲ့လွယ်တာ၊ အရောင်ပြောင်းတာတွေကို တွေ့ဖူးပါတယ်။ ရေဆူဆေးပြားနာမည်ကြီးထဲကတစ်ခုဆိုရင် Expired Date အဝေးကြီးလိုသေးပေမယ့် အတွင်းမှာ စေးကပ်ပြီး ပူးနေတာတွေအများကြီးတွေ့ဖူးပါတယ်။
Expired Date ဖြစ်နေတာ ၂ နှစ်လောက်ရှိပေမယ့် ဆေးက လုံးဝပုံမှန်အရောင်အတိုင်း၊ မူလအတိုင်းရှိနေတာတွေလည်း အများကြီးတွေ့ဖူးပါတယ်။ (အမြင်ပုံမှန်ဆိုပေမယ့် အရည်အသွေးပိုင်းက ကျနော့်အနေနဲ့ မစစ်ဆေးနိုင်တဲ့အတွက် အရည်အသွေးနဲ့ပတ်သက်ပြီး မပြောလိုပါ)
အပေါ်က ၂ မျိုးထဲကသာ ကျနော့်မှာရွေးချယ်ခွင့်ရှိရင် Exp ကိုပဲ ကျနော်ရွေးချယ်ပါမယ်။ ဒီအပြင်ရွေးချယ်စရာတွေရှိရင်၊ ငွေကြေးလည်း အဆင်ပြေရင်တော့ Date လည်းကောင်း သွင်ပြင်လည်း မှန်တဲ့ဆေးကိုပဲ ရွေးချယ်မှာပါ။
အပေါ်မှာပြောခဲ့သလောက်ဆိုရင်
Expired Date ဝေးပေမယ့် အရည်အသွေးမပြည့်မီတဲ့ ဆေးဝါးတွေရှိသလို
ထားသိုမှုမမှန်လို့ အစိုဓာတ်ပြန်၊ အရောင်ပြောင်း၊ ကျိုးပဲ့လွယ်တဲ့ဆေးဝါးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် Expired Date တစ်ခုထဲနဲ့ ဆုံးဖြတ်လို့မရဘူး ဆိုတဲ့အချက်ကို ထောက်ပြချင်တာပါ။
နောက်တစ်ချက်က ထားသိုမှုစနစ်၊
အေးစက်၊ ခြောက်သွေ့၊ မှောင်မည်းတဲ့အခန်းမှာ စနစ်တကျထားသိုရင် ဆေးဝါးတွေက ပိုတာရှည်ခံပါတယ်။ ဆေးရည်တွေထက် ဆေးခဲ၊ ဆေးလုံးတွေက ပိုကြာကြာထားခံပါတယ်။ အရည်အသွေးပိုင်းမှာလည်း အရမ်းကျဆင်းတာမျိုးမရှိပါဘူး။
ထားသိုမှုစနစ်အပြင် ကုမ္ပဏီက ထုတ်လုပ်တဲ့အချိန်မှာ အရည်အသွေးပြည့်ပြည့်ဝဝထုတ်လုပ်မှုရှိ/မရှိကလည်း စကားပြောပါတယ်။
BPI နဲ့ တရုတ်ထုတ်ဆေးဝါး
ဘယ်ဟာက ပိုအရည်အသွေးကောင်းသလဲ?
ဒီသဘောပါပဲ။
တရုတ်ထုတ် Exp ဝေးနဲ့
BPI Exp နီး/ သို့မဟုတ် လွန်ကို
ဘယ်ဟာသောက်မလဲဆိုရင်
ကျနော်တစ်ယောက်ထဲအမြင်ကတော့
BPI ကိုပဲ ရွေးချယ်မိမှာပါ။
သက်တမ်းလွန်ဆေးဝါးကို သုံးလို့ရတယ်ဆိုပေမယ့် သုံးသင့်တယ်လို့ ကျနော် Recommend ပေးမယ့်အထဲမှာ ပဋိဇီဝပိုးသတ်ဆေး Antibiotics တွေတော့ မပါပါဘူး။ ဆေးယဉ်ပါးမှုဖြစ်နိုင်ခြေမြင့်လို့ပါ။ ဘေးဥပါဒ်ဖြစ်မှာစိုးလို့မဟုတ်ပါဘူး။
ဒီလောက်ဆိုရင်
Expired Date နဲ့ပတ်သက်လို့
စိတ်ရှင်းရှင်းနဲ့ ရွေးချယ်နိုင်ကြမယ်လို့ ယူဆပါတယ်။
တတ်နိုင်သူက တတ်နိုင်သလို သိန်းရာချီ၊ ထောင်ချီတန်ဆေးတွေ၊ Date ဝေးဆေးတွေ ဝယ်သောက်လို့ရပေမယ့်
မတတ်နိုင်သူတွေအတွက် Expired Date ကြောင့် စိတ်ကင်ဆာမဖြစ်ရလေအောင် တုတ်ထမ်း၊ ဓားထမ်းပြီး ရေးလိုက်ရခြင်းရယ်ပါ။
ထိရှလွယ်တဲ့ issues မို့ မရေးတော့ပါဘူးလို့ တင်းထားပေမယ့် ခေတ်အခြေအနေနဲ့ စီးပွားရေးအခြေအနေတွေကြားထဲ ဆေးအတွက် မလေးကြရအောင်၊ ရွေးချယ်လို့ရအောင် ရေးလိုက်ပါတယ်ဗျာ။
မေတ္တာဖြင့်
Dr. Nay Linn Aung (Pyaw Bwe)
24.12.2024 Tue
1440
06/04/2024
#ကြက်ငှက်တုပ်ကွေး
2017 က ရေးခဲ့တဲ့စာပါ။
အခု ၂၀၂၄ ဧပြီလ ၁ ရက်နေ့က အမေရိကန်မှာ H5N1 ပြန်ဖြစ်တယ်ဆိုတာကြောင့်ရယ်၊
ဒီတစ်ခါကူးစက်မှုက ကပ်ဘေးဖြစ်လာရင် ကိုဗစ်ထက် အဆ ၁၀၀ ပိုဆိုးမယ်ဆိုတာကြောင့်ရယ် ဒီပို့စ်ကို ပြန်တင်ပေးလိုက်တာပါ။
ဆောင်ရန်ရှောင်ရန်တွေကို သတိပြုဆင်ခြင်နိုင်ကြစေဖို့ပါ။ မြန်မာနိုင်ငံမှာတော့ ကူးစက်မှုမရှိသေးပါ။
`ကူးစက်မြန် ပြင်းထန် ကြက်ငှက်တုပ်ကွေးရောဂါ (Bird flu or Avian flu)´
👹👹👹👹👹👹👹👹👹👹👹👹👹👹👹👹👹👹👹👹👹👹👹
ထားဝယ်က ကြက်ခြံမှာ ကြက်ငှက်တုပ်ကွေးရောဂါပိုး H5N1 တွေ့ရှိတယ်လို့ သိရပါတယ်… ကာကွယ်လို့ရတာ ကြိုတင်ကာကွယ်လို့ရအောင်လို့ H5N1 အကြောင်းလေး ရေးသားဖော်ပြလိုက်ရပါတယ်...
H5N1 ဆိုတာက ကူးစက်မြန်တုပ်ကွေးဗိုင်းရပ်စ်ပိုး (Influenza Virus) တစ်မျိုးဖြစ်ပြီး
ကြက်၊ ငှက်တွေကြားမှာ အလွန်ကို လျင်လျင်မြန်မြန် ကူးစက်စေတတ်ပါတယ်… ကြက်၊ ငှက်၊ ဘဲတွေကနေတဆင့် ကြောင်တွေ၊ ခွေးတွေ၊ ဝက်တွေကိုလည်း ကူးစက်နိုင်ပါတယ်…
ဒီ H5N1 ဗိုင်းရပ်စ်ပိုးဟာ ကြက်၊ ငှက်တွေကနေတဆင့် လူကို ကူးစက်တာဖြစ်ပြီး လူအချင်းချင်း ကူးစက်မှုတော့ မရှိသလောက် ရှားပါတယ်… ကူးစက်ခံရရင်လည်း သေနှုန်းက ၆၀ ရာခိုင်နှုန်းရှိတာမို့ ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါဖြစ်ပါတယ်…
ဒီရောဂါက လူကို ဘယ်လိုကူးစက်နိုင်လဲဆိုရင်
- ရောဂါဖြစ်နေတဲ့ ကြက်၊ ဘဲတွေကို တိုက်ရိုက်ထိတွေ့မိတာ၊
- ရောဂါကြောင့် ရုတ်တရက်သေဆုံးသွားတဲ့ ကြက်၊ ဘဲ၊ ငှက်တွေကို ကိုင်တွယ်မိတာကနေ လက်မဆေးဘဲ ကိုယ့်ရဲ့ ပါးစပ်၊ နှာခေါင်း၊ မျက်စိတွေကို ကိုင်တွယ်မိတာ၊
- ကြက်ရဲ့ ချေး၊ အမွေး၊ ကလီစာ၊ အရည်နဲ့ သွေးတွေကို ထိကိုင်မိတာ၊
- ကျက်အောင် မချက်ထားတဲ့ ကြက်သား၊ ဥကို စားမိတာတွေကနေ ကူးစက်နိုင်ပါတယ်...
အဖြစ်များတာကတော့ ရောဂါပိုးရှိနေတဲ့ အရာဝတ္တုတွေကို ထိကိုင်မိတဲ့ လက်နဲ့ ပါးစပ်၊ နှာခေါင်း၊ မျက်စိတွေကို ထိကိုင်မိရာကနေ ရောဂါကူးစက်စေတာဖြစ်ပါတယ်…
ဒါကြောင့် လက်ဆေးဖို့ကို တိုက်တွန်းပြောဆိုနေရတာဖြစ်ပါတယ်...
လူကို ကူးစက်ခံရပြီဆိုရင် အောက်ပါ လက္ခဏာတွေ ပြပါတယ်…
- အပြင်းဖျားတာ (>38 ံC or 100.4 ံF)၊
- ချမ်းတုန်တက်တာ၊
- ခေါင်းကိုက်တာ၊
- လည်ချောင်းနာတာ၊
- ချောင်းဆိုးတာ၊
- အသက်ရှူရခက်ခဲတာ၊
- နှာရည်၊ မျက်ရည်ယိုတာ၊
- ကိုယ်လက်ကိုက်ခဲတာ၊
- နုံးချိနေတာ၊
- အစားအသောက်ပျက်တာ၊
- ဗိုက်အောင့်တာ၊
- ရင်ဘတ်အောင့်တာ၊
- ဝမ်းလျှောတာတွေ ဖြစ်လာပါတယ်…
ရောဂါပိုဆိုးရင်
- အသက်ရှူရခက်ခဲလွန်းတာ၊
- ဖုတ်လှိုက်ဖုတ်လှိုက်ရှူတာ၊
- တက်တာ၊
- စိတ်ပုံမှန်မဟုတ်တာမျိုးတွေ ဖြစ်လာပါတယ်…
ဒီလက္ခဏာတွေပေါ်ရင် ဆေးရုံဆေးခန်းကို ချက်ချင်းပြပြီးကုသမှုခံယူရပါမယ်…
ရောဂါလက္ခဏာတွေက ပုံမှန် ရာသီတုပ်ကွေးနဲ့ ဆင်တူပေမယ့် ဒီ ကြက်ငှက်တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေက ပိုပြီးပြင်းထန်ပါတယ်…
အဲ့လိုဆို ကြက်ဥ၊ ကြက်သား၊ ငှက်သားတွေ မစားရတော့ဘူးလားဆိုရင်တော့ မဟုတ်ပါဘူး…
ကြက်ဥ၊ ကြက်သားတွေကို ကျက်အောင်(မကျက်တကျက်မရပါ) ကြော်စား၊ ချက်စားတာမျိုးတွေလုပ်ရင် ရောဂါမကူးစက်နိုင်ပါဘူး… ဘာလို့လဲဆိုရင် ဒီဗိုင်းရပ်စ်ပိုးဟာ အပူကြောက်တာကြောင့်ဖြစ်ပါတယ်…
ရောဂါပိုးတွေဟာ အပူချိန် 70° လောက်ဆိုရင်
အပူဒဏ်ကို မခံနိုင်ဘဲ သေသွားကြလို့ပါ…
ဒီရောဂါကို ကာကွယ်ဖို့အတွက်
ကာကွယ်ဆေးထိုးလို့ရပါသလားဆိုရင် မရပါဘူးဗျ…
ရာသီတုပ်ကွေးကာကွယ်ဆေးဟာ ဒီ H5N1 ရောဂါပိုးကို မကာကွယ်နိုင်ပါဘူး…
ဒီရောဂါ ကူးစက်မခံရအောင် ဘယ်လိုကာကွယ်နိုင်မလဲဆိုရင်
- လက်ကို ဆပ်ပြာနဲ့စင်အောင်ဆေးရပါမယ်…
- အိမ်မွေးကြက်၊ ငှက်၊ ဘဲတွေနဲ့ နီးနီးကပ်ကပ် မနေပါနဲ့…
- ကြက်ရဲ့ အမွေး၊ ကလီစာနဲ့ အညစ်အကြေးတွေကို မကိုင်ပါနဲ့…
- ကျက်အောင်ချက်ထားတဲ့ ကြက်သားနဲ့ ဥတွေကိုပဲ စားပါ…
- ငှက်ရိုင်း၊ ဘဲနဲ့ ငန်းတွေကျက်စားတဲ့ ရေကန်တွေမှာ ရေမကူးပါနဲ့…
လက်ကို ဘယ်အချိန်မှာဆေးရမလဲဆိုရင်
- အစာစားကာနီးတိုင်း၊
- အစာစားပြီးတိုင်း၊
- ကြက်၊ ငှက်၊ ဘဲတွေ ကိုင်ပြီးတိုင်း၊
- ကြက်၊ငှက်ဘဲ အသားစိမ်းတွေ၊ ဥတွေကို ထိကိုင်ပြီးတိုင်း၊
- အိမ်သာတက်ပြီးတိုင်း၊
- ချောင်းဆိုး၊ နှာညှစ်ပြီးတိုင်း၊
- ညစ်ပတ်နေတယ်လို့ထင်တိုင်း
လက်ကို ဆပ်ပြာနဲ့ဆေးရပါမယ်…
လက်သန့်ရှင်းအောင် ဘယ်လိုဆေးမလဲဆိုရင်
- လက်ကိုရေလောင်းပါ…
- ဆပ်ပြာနဲ့ ၁၅ စက္ကန့်လောက်ကြာအောင်ပွတ်တိုက်ပါ…
- လက်ဖမိုး၊ လက်ဖဝါး၊ လက်ခုံ၊ လက်ချောင်းလေးတွေကြားနဲ့
လက်သည်းအောက်ပါမကျန် နေရာအနှံ့ သေချာပွတ်တိုက်ပါ…
- ဆပ်ပြာမြှုပ်တွေကုန်စင်တဲ့အထိ သေချာရေလောင်းဆေးပါ…
- လက်ကို သန့်ရှင်းခြောက်သွေ့တဲ့ လက်သုတ်ပုဝါနဲ့ ခြောက်အောင်သုတ်ပါ…
ကြက်ငှက်တွေမှာ ရောဂါရှိမရှိဘယ်လိုသိနိုင်မလဲဆိုရင်
- ဥနှုန်းကျတယ်၊
- ရေမကြာခဏသောက်တယ်၊
- အစာမစားဘူး၊
- အသက်ရှူရခက်နေတတ်တယ်၊
- မျက်ရည်နဲ့ နှာရည်တွေကျနေတတ်တယ်၊
- ဝမ်းအရည်ကျဲသွားတယ်၊
- ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေနှုန်းမြင့်မားတယ်…
ဒီလိုဖြစ်ရင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနဲ့ ရယကကို ချက်ခြင်းအကြောင်းကြားရပါမယ်...
ကိုယ့်အိမ်မွေး ကြက်ငှက်လေးတွေ ရောဂါမကူးအောင်
- တောရိုင်းငှက်တွေနဲ့ ထိတွေ့မှုမရှိအောင် ထားရမယ်…
- ကြက်ခြံထဲကို အပြင်လူ၊ လူစိမ်းမဝင်ပါစေနဲ့…
- အပြင်က ကြက်ငှက်အသစ်တွေ ယူမမွေးပါနဲ့…
- ကြက်၊ ဘဲနဲ့ ဝက်တွေသီးခြားစီထားပါ…
ကိုယ့်အနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲဆိုရင်
- ကြက်တွေသေတာမြင်ရင် မွေး/ကုကို ချက်ချင်းအကြောင်းကြားရပါမယ်…
- ကြက်၊ ငှက်နဲ့ နီးနီးကပ်ကပ်နေတဲ့လူတွေ နေမကောင်းဖြစ်ခဲ့ရင် နီးရာကျန်းမာရေးဌာနကို ချက်ချင်းသတင်းပို့ပြီး ဆေးကုသမှုခံယူစေရပါမယ်…
- ရောဂါဖြစ်ပွားမှုသတင်းတွေကို စောင့်ကြည့်၊ နားထောင်ပြီး သတိပေးချက်တွေကို လိုက်နာရပါမယ်…
H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ဘေး ကင်းဝေးကြပါစေ…
Dr.Nay Linn Aung (Pyaw Bwe)
Ref: WHO – FAQs H5N1 Influenza, H5N1 Wikipaedia, သိမှတ်စရာ ကြက်ငှက်တုပ်ကွေးရောဂါလက်ကမ်းစာစောင်၊
H1N1 နှင့် H5N1
👹🐤👹🐓👹🐣
H1N1
👹👹👹
ယခုအခေါ် - ရာသီတုပ်ကွေး (Seasonal flu)
၂၀၀၉ အခေါ် - လူတုပ်ကွေး
၁၉၁၈ အခေါ် - ဝက်တုပ်ကွေး(Swine flu)
* လူအချင်းချင်း ကူးစက်သည်။ သေစေနိုင်သည်။ ကူးစက်ခံရသူတိုင်း သေချာကုသမှုခံယူလျှင် မသေနိုင်ပါ။ *
` ကူးစက်ပုံ ´
❄❄❄❄❄
- ရောဂါရှိသူ နှာချေ၊ ချောင်းဆိုးသည့်အခါ H1N1 ဗိုင်းရပ်စ်ပိုးများသည် သလိပ်၊ နှာရည်များနှင့်အတူ အနီးအနားရှိ အရာဝတ္တု၊ ပစ္စည်းများပေါ်သို့လည်းကောင်း၊
- လက်ဖဝါးဖြင့်အုပ်ဆိုးလျှင် လက်ထဲသို့လည်းကောင်း၊ (ထိုနှာရည်/သလိပ်ပေနေသော လက်ဖဝါး၊ လက်ချောင်းများဖြင့်ထိကိုင်မိသော အရာ၊ပစ္စည်းများပေါ်သို့လည်းကောင်း)၊
- မျက်နှာဖုံးတပ်ထားလျှင် မျက်နှာဖုံးထဲသို့လည်းကောင်း(ထိုမျက်နှာဖုံးကို ပစ္စလက္ခတ် စွန့်ပစ်ရာမှ ရောဂါပိုးများပျံ့ပွားနိုင်သည်)
ထိုရောဂါပိုးပါသော ပစ္စည်းတို့ကို ထိကိုင်မိပြီး လက်မဆေးမိဘဲ မိမိ၏ ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ထိကိုင်မိလျှင် ကူးနိုင်သည်။
- *ဝက်သား၊ ဝက်အူချောင်း၊ ဝက်ဆီစားခြင်းဖြင့် မကူးစက်နိုင်ပါ။
` ကာကွယ်ပုံ ´
☔☔☔☔☔
- လက်ဆေးပါ။ လက်ဆေးပါ။ လက်ဆေးပါ။
- လူထူထူ မလိုအပ်လျှင်မသွားပါနှင့်။
- Mask ကို စနစ်တကျတပ်ဆင် အသုံးပြုပါ။
(၁၀၀% မကာကွယ်နိုင်ပါ။)
- ကာကွယ်ဆေးထိုးပါ။ (သုံးမျိုးစပ်၊ လေးမျိုးစပ်ဆေးများက ပိုကောင်းသည်။ ထိုးပြီးချက်ချင်းကာကွယ်မှုမရပါ။)
`H5N1´
🐣🐤🐓
အခေါ်အဝေါ် - ကြက်ငှက်တုပ်ကွေး(Bird flu, Avian Flu)
*လူအချင်းချင်း **မကူးစက်နိုင်ပါ**။ H1N1 ထက်ပို၍ လူသေစေနိုင်သည်။ ရောဂါကူးစက်ခံရလျှင် သေနှုန်း ၆၀ ရာခိုင်နှုန်း*
`ကူးစက်ပုံ´
❄❄❄❄❄
- ရောဂါရှိကြက်၊ ငှက်များ၏ အသားကို *ကျက်အောင်ကြော်/ချက် မစားလျှင်၊ ကြက်ဥဟပ်ဖွိုင်(Half fried)မကျက်တကျက် ပြုတ်စားလျှင် ကူးစက်နိုင်သည်။
- ရောဂါရှိ ကြက်ဥ၊ကြက်ချေး၊ ကြက်သား၊ ငှက်သား၊ ငုံးသား၊ ဘဲသားများကို ကိုင်ပြီးလက်မဆေးဘဲ အစာစားသောက်ခြင်းဖြင့် ကူးစက်နိုင်သည်။
- လူတစ်ဦးမှ တစ်ဦးသို့ မကူးစက်နိုင်ပါ။
`ကာကွယ်ပုံ´
☔☔☔☔☔
- လက်ဆေးပါ။ လက်ဆေးပါ။ လက်ဆေးပါ။
- ကြက်သား၊ငှက်သား၊ဘဲသားများကို ကျက်အောင်ချက်/ကြော်စားပါ...(အပူချိန် 70°C ကျော်လျှင် H5N1 ရောဂါပိုး သေပါသည်။)
- ကြက်၊ငှက်များရောဂါရှိသည်ဟု သံသယဖြစ်လျှင် နီးစပ်ရာ တိ/ကုဆရာဝန်မှတဆင့် မွေး/ကုဌာနသို့အကြောင်းကြားပြီး စစ်ဆေးရပါမည်။ ရောဂါပိုးတွေ့လျှင် ကြက်၊ ငှက်များကို မြေမြှုပ်/ မီးရှို့ရပါမည်။
- ကြက် ငှက်အသေများကို ပစ္စလက္ခတ်ကိုင်တွယ်ခြင်း၊ စွန့်ပစ်ခြင်းမျိုး မပြုရပါ။
H1N1 နဲ့ H5N1 တို့ကို ရောထွေးရေးနေတာတွေ တွေ့လို့ပါ...
ဒီလောက်ဆို သဘောပေါက်နိုင်မယ်ထင်ပါတယ်...
အဆင်ပြေပါစေ...
Dr.Nay Linn Aung (Pyaw Bwe)
31.7.2017
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Mandalay
Mandalay