Hawsengdham
သင်္ကံန်းပစ္စည်းအမျိုးမျိုး ထိုင်းသင်္ကန
23/06/2021
✿ ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုးနဲ့ ဖြစ်ပေါ်လာပုံ အကျဉ်း ✿
လမြတ် ဝါဆိုမှာ ဝါဆို သင်္ကန်း ကပ်လှူကြတဲ့ အကြောင်း၊ အကျိုး သိကောင်းစရာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများရဲ့ရဟန်းတော် များ ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကိုဝါမဆိုခင် ပဲ ဆက်ကပ်လှူဒါန်းကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆိုသင်္ကန်းအလှူဟာ ဝါ မဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝဝတ်ရုံသုံးဆောင် နိုင် ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။
တစ်ချို့လည်း ဘာရယ်မဟုတ် သူများဝါဆိုသင်္ကန်းဆိုလို့ လိုက်ပြီးဝါဆိုသင်္ကန်း လုပ်လိုက်ရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဝါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး ဟိုလိုလိုဒီလိုလို ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ အချို့အတွက် ဝါဆိုရည်မှန်းမြတ် သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။
✿ ဝါဆို သင်္ကန်းဆိုတာ ✿
═══════════════
တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က မိုးရေခံသင်္ကန်းဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။ ပါဠိလိုတော့ဝဿာ ဝါသိက စီဝရ၊ ဒါမှမဟုတ် ဝဿိကသာဋိက စီဝရလို့ ခေါ်ပါတယ်။ ခုနောက်ပိုင်းတော့ ဒီမိုးရေခံ သင်္ကန်း ဆိုတဲ့ အခေါ်ကို အသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြ ပါတယ်။
ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာ သင်္ကန်းနဲ့ ပတ်သက်ပြီးချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပိုအနေ နဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့ သင်္ကန်းအလှူ ဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။
✿ ဝါဆို သင်္ကန်းကပ်လှူခြင်းဖြစ်ပေါ်လာပုံ ✿
══════════════════════════
ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါ ဒါယိကမကြီးရဲ့ တောင်းလျှောက်မှု ရဲ့ ကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီး လေးကျွန်းလုံးမှာ သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့ပါတယ်။
လေးကျွန်းလုံး မိုးကြီးရွာသွန်းတာ ဖြစ်တဲ့အတွက် ဘုရားရှင်က ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါ တယ်။ အဲဒီအချိန်က ရဟန်းတော်များဟာ သင်္ကန်းအပို အလှူခံခွင့် မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအား လုံးကို ချွတ်ပြီး မီးမွေးတိုင်းဖမွေးတိုင်း မိုးရေးချိုးဖြစ်ခဲ့ကြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲဒီနေ့မှာ ဘုရားအမှုးရှိ တဲ့ သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်း ကြားဖို့စေလွှတ်လိုက်ပါတယ်။
အလုပ်အကျွေး ဒကာမဟာ ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုတွေ့ ပြီး ကျောင်းမှာရဟန်းတော် များ မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောပြပါတယ်။
အခြေအနေ အရပ်ရပ်ကို သိနေတဲ့ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာ ရဟန်းတော်များ မိုးရေးချိုးနေကြ တာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါ တရား နည်းသူများက တက္ကဒွန်းများနဲ့ အထင်မှားနိုင်ကြောင်း သဘောပေါက်ကာမြတ်စွာဘုရားရှင် ကြွတော်မူလာတဲ့အခါ ရဟန်းတော်များအတွက် ဝဿိကသာဋိက စီဝရခေါ် မိုးရေခံ သင်္ကန်းကိုလှူဒါန်း ခွင့်ပြုဖို့ တောင်းပန် လျှောက်ထားခဲ့ပါ တယ်။
ဒါကို မြတ်စွာဘုရားရှင်ကလည်း ဝိနည်းသိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူ ခဲ့ပါတယ်။အဲဒီ အချိန်ကစပြီး ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ် ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။
မိုးရေခံ သင်္ကန်းခေါ် ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကို လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အချိန် ကာလသတ်မှတ်ချက် အကြောင်းလည်း ပြောဖို့လိုလာပါတယ်။
✿ ဝါဆိုသင်္ကန်းကို ဘယ်အချိန်တွေမှာ လှူလို့ရလဲ ✿
═════════════════════════════
ဒီမိုးရေခံသင်္ကန်းနဲ့ ပတ်သက်ပြီး ရဟန်းတော်များအနေနဲ့ ကိုယ်တိုင်ချုပ်လုပ်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ပြု လုပ်နိုင်တဲ့ ကာလက နယုန်လပြည့်ကျော် (၁)ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။ ဒီသင်္ကန်းကို လှူဒါန်း တဲ့ အလှူရှင်များ အနေနဲ့ကတော့ ကာလသတ်မှတ်ချက် မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ် ရည် မှန်းပြီးတော့ဝါတွင်းပဲဖြစ်ဖြစ်၊ ဝါပ ပဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်တာ ဖြစ် ပါတယ်။
ဝါဆိုသင်္ကန်း လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဝါမဆိုခင်လှူရတာတို့၊ ဘယ်နေ့ကစပြီး ဘယ်နေ့အထိပဲ လှူရတာတို့ စတဲ့သတ်မှတ်ချက်တွေ မရှိပါဘူး။ ဝါဆိုသင်္ကန်းလို့ ရည်မှန်းပြီး လှူဒါန်းရုံနဲ့ ဝါဆိုသင်္ကန်း အလှူမြောက်ပြီးဖြစ်ပါတယ်။
ဝါဆိုသင်္ကန်း အလှူနဲ့ ကထိန်သင်္ကန်းအလှူ ပြီးတော့ ရိုးရိုးသင်္ကန်းအလှူ ဘယ်လိုကွာခြားလဲလို့ မေး စရာ မေးခွန်းတွေ လည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ် အဝတ်သင်္ကန်း အလှူဟာ စေတနာပြတ်ပြီးလှူဒါန်း မယ်ဆိုရင် အကျိုးတရားက အပြည့်အဝ ရပြီးသားပဲ ဖြစ်ပါတယ်။
✿ ဝါဆိုသင်္ကန်းကိုကပ်လှူရခြင်းအကျိုး ✿
═══════════════════════
ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံ တော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာမဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင် သလို၊ အမျိုးသမီးတွေ ဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန် အဖိုး ထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင် မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေ ကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ ရပါ တယ်။
ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆို သင်္ကန်းတို့ ဆိုတာကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး လှူဒါန်းတဲ့ အလှူတွေဖြစ်တဲ့အတွက် စီဝရ ဒါနခေါ် သင်္ကန်းအလှူ မြောက်ရုံတင်မဟုတ်ဘဲ ကာလဒါနလည်း မြောက်တဲ့အတွက် အကျိုးတရား ပိုပြီး ထူးခြားတယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။
ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာလိုအပ်တဲ့ အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။
ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီးဒီကုသိုလ်ကို အမြဲ မပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဒုတိယ ဘဝမှာ အပါယ်မလားဘူးလို့ လည်းအဋ္ဌကထာ ဆရာ များက ဖွင့်ပြထားပါတယ်။ နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီးအဲဒီလို အမြဲမပြတ် ကုသိုလ် ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇)မျိုးက
-------------------------------------------------------------
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၄။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။
-------------------------------------------------------------
ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင်ထိန်းသိမ်း ပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာ နိဗဒ္ဓအလှူတွေထဲ ပါနေတဲ့အတွက် ဒီဝါဆိုသင်္ကန်းအလှူကို လှူထားလိုက်ရုံနဲ့ အပါယ်မလားတော့ဘူးလို့ တထစ်ချ ပြောလို့မရပါဘူး။ နိဗဒ္ဓအလှူ တစ်ခုခုကို လုပ်ထားပေမယ့်လည်း ဒီအလှူထက် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ် ဆိုရင်တော့အပါယ်လားနိုင်ပါသေးတယ်။
တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ် မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလ ဒါန အကျိုးကို လည်း ရရှိနိုင်ပြီးအဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည် အဆင်း လှပခြင်းနဲ့ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူ ရတဲ့ အကျိုးအားကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့်ပြောလိုတာ ဖြစ်ပါတယ်။
လက်တွေ့အနေနဲ့ ဒီသင်္ကန်းလှူဒါန်းတဲ့ ကုသိုလ်အပေါ်မှာ စွဲမြဲတဲ့စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြား အပါယ်လားစေမယ့် အကုသိုလ်တရားတွေကိုလည်း ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်တံခါးပိတ်ထားနိုင်တဲ့ အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အလှူအမျိုးမျိုးရှိတဲ့အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအလှူဟာလည်း အမြတ်ဆုံး အလှူတွေထဲကအကောင်းဆုံး အလှူ တစ်ခုဖြစ်တဲ့အတွက် အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ ဒီအမြတ်ဆုံး အလှူတစ်ခုဖြစ်တဲ့ဝါဆိုသင်္ကန်း အလှူကို လည်း အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို ရည်မှန်းကာ လှူဒါန်းကြည့်ကြဖို့ တိုက်တွန်းရင်း ဝါဆိုရည်မှန်း မြတ် သင်္ကန်း အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
05041