Wai's Diary
ရေးချင်တာလေး ရေးမယ်
07/05/2026
May 7, 2026. Thursday
ညနေဆည်းဆာလေးကို ငေးမိတဲ့အခါ
ဆည်းဆာဟာ ဘယ်လိုလှကြောင်း၊
လေနုအေးအေးကို ထိတွေ့ရင်း
တိမ်ရောင်စုံအောက်မှာ လမ်းလျောက်ရခြင်းဟာ
စိတ်လွတ်လပ် ပေါ့ပါးကြောင်း၊
ဖုန်းဆက်ပြောဖူးခဲ့သော ညနေတွေကို လွမ်းရတယ်
"ကိုကို" လို့ ခေါ်သံ ကြားမိတဲ့အခါ
"ကို" လို့ ခေါ်သံလေးကို အတွင်းပိုင်းတနေရာကနေ ကြားမိသလို
လက်ကလေးတဖက်ကို ကိုင်မိတဲ့အခါ
တုန်ရီနေတဲ့ လက်ကလေးကို သတိရ,ရတယ်
မြတ်နိုးစွာ....
နာမည်လေးကို ခေါ်ဖူးသလို
'မ'လို့လည်း ခေါ်ခဲ့တယ်
မနက်ခင်းလေးမှာ သတိတရ ရှိတတ်သလို
အိပ်ခါနီးတိုင်း နှုတ်ဆက်မိရတယ်
သတိမရမိတဲ့ အခိုက်အတန့်ဟာ
မရှိခဲ့ဖူး လေသလား...
တုန်ခိုက်နေတဲ့ ပုခုံးလေး နှစ်ဘက်ဟာ
ခုထိ တုန်ခိုက်တုန်း
အိစက်စက် နှုတ်ခမ်းအတွေ့ဟာ
ညအိပ်တိုင်း ပေါ်လာတတ်တယ်
ကိုယ့်ရဲ့ အတိတ်ဖက်တွယ်ခြင်း စာတိုလေးများ
သူများ ဖတ်နေလေမလား..
လှောင်ရယ်သံဖွဖွ
ဟိုအဝေးက ကြားလိုက်ရတယ်
29/04/2026
April 29, 2026. Wednesday
ကောင်လေးရှိလား ဆိုတော့
မထားပါဘူးတဲ့။
အရမ်းသဘောကျတယ် ပြောတော့
ဘယ်သူ့ကိုမှ အချိန်မပေးချင်ဘူးတဲ့။
ဖုန်းနံပါတ်လေး ပေးပါလားလို့
တောင်းဆိုမိတော့
အိမ်ကလွဲရင် ဘယ်သူနဲ့မှ
ဖုန်းမပြောပါဘူး တဲ့။
အမက သိပ် ငြင်းတတ်တာဘဲ။
26/04/2026
April 26,2026. Sunday
ဧပရယ်ရေ..
ကိုယ် ဒီနေ့ နှစ်ခြင်းအသင်းတော်ကို ရောက်ခဲ့တယ်။ ရယ်စရာများ ကောင်းနေမလား။
ကိုယ်ဟာ ခရစ်ယာန်မှ မဟုတ်တာကွယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို သက်ဝင်သူမို့လား။ ဒါပေမယ့် ကိုယ်ရောက်သွားခဲ့မိတယ်။ ဘုရားသခင်နဲ့ ယေရှုခရစ်ကို ချီးမွမ်းးဂုဏ်ပြုသော သီချင်းများစွာကို နားထောင်ခဲ့တယ်။ ကိုယ်ပျော်ခဲ့ပါတယ်။ သဘောကျမိတာတွေလည်း ရှိခဲ့တယ်။
ကိုယ်တို့ရဲ့ ဘုန်းကြီးကျောင်းမှာဆို လူငယ်တွေကို သိပ်မတွေ့ရတတ်ပေမယ့် အဲ့ဆီမှာတော့ လူငယ်တွေဘဲ အလာများတယ်။
လွတ်လပ်ပေါ့ပါးသော အဖွဲ့အစည်းအသိုက်အဝန်းကြောင့် ဖြစ်မယ်။ သီချင်းလေးတွေ သီဆိုရင်း၊ တရားဟော ဆရာရဲ့ တရားတပုဒ်ကို နားထောင်ရင်းနဲ့ နှစ်နာရီခန့်အချိန်ဟာ တခဏအတွင်း ကုန်ဆုံးသွားခဲ့တယ်။
အမှတ်တရတခုလည်း ရှိခဲ့သေးတယ်။
အခန်းအနားမှူးလုပ်သော အန်တီတယောက်က အသင်းကို ယခုမှ စလာသော အသင်းသားရှိရင် မတ်တပ်ရပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကိုယ်ဟာ ကြောင်တောင်တောင်နဲ့ မတ်တပ်ရပ်ခဲ့ရတယ်။ မတ်တပ်ရပ်ခဲ့သူဟာ ကိုယ်အပါအဝင်မှ နှစ်ယောက်တည်း။ နည်းနည်းတော့ မျက်နှာနွေးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအန်တီရဲ့ စကားတွေကြောင့် ဝမ်းနည်းပျော်ရွှင်ခဲ့ရတယ်။
"ယခုမှ ရောက်လာသော အသင်းသားနှစ်ယောက်ကို အသင်းဝင်ဟောင်းတွေက နွေးနွေးထွေးထွေး ကြိုဆိုကြပါ။ လမ်းမှာ တွေ့ရင်လည်း ခေါ်ကြပါ။ မုန့်လည်း ဝယ်ကျွေးကြပါ။ အသင်းတော်ကနေ ကြိုဆိုပါတယ်"တဲ့။
နွေးထွေးသော စကားတို့ကြောင့် ကိုယ်ပျော်ရွှင်ချမ်းမြေ့ခဲ့ရတယ်။ ဘာသာမတူခဲ့ပေမယ့်ပေါ့လေ။
အကယ်၍များ အခွင့်အရေးရှိခဲ့ရင် ကိုယ်နောက်ထပ် ထပ်သွားဦးမယ်။ ချိုသာသော သီချင်းသံတွေကို နားထောင်ချင်သေးတယ်။ ပြီးတော့ နွေးထွေးသော မေတ္တာတရားကိုလည်း ကိုယ်ခံယူချင်ပါသေးတယ်။
ဒီ Sunday ဟာ ကိုယ့်အတွက် အမှတ်တရနေ့တခုပါ ဧပရယ်...။ ရင်မှာ အမြဲ သိမ်းမှတ်ထားပါ့မယ်။
13/03/2026
Mar 13, 2026. Friday
အနာဂတ်ဟာ မသေချာသလို
ဘဝကလည်း မရေရာပါဘူးကွယ်
သေချာတာတခုတော့ ရှိပါရဲ့
တချိန်မှာ သေရဦးမယ်
ဒါတောင်
သေချိန်ဟာ မရေမရာ
အင်း ..
ခုမှ အမှတ်ရမိတယ်
သူမနဲ့ ဝေးရမယ်ဆိုတာလည်း
သေချာတာတခုဘဲ။
08/03/2026
March 8,2026. Sunday
သတိရလား ဆိုရင်
သတိရတယ်။
လွမ်းလား ဆိုရင်
တခါတလေ လွမ်းမိတယ်။
နောင်တရလား ဆိုရင်
အပိုင်းအစလေးတွေ။
ပြန်လိုချင်လား ဆိုရင်
အားနာမိတယ်။
ဒီလိုပါဘဲ...
နေ့တနေ့ကုန်လုမှ ဆည်းဆာဟာ ပိုလှတတ်ဟန်မျိုး။
လင်းကြက်တွန်ခါနီးမှ ကောင်းကင်ဟာ အရောင် ပိုစုံတတ်သလိုမျိုး။
21/02/2026
February 21,2026. Saturday
နွေဦးကို ရောက်လာခဲ့ပြီ။
တောင်ပေါ်မှာ ပူလောင်မှု နည်းသေးပေမယ့် နွေရဲ့အရိပ်အချို့ကိုတော့ မြင်လာရပြီ။လမ်းမပေါ်မှာ သစ်ရွက်ညိုဝါဝါတို့ နေရာအနှံ့။ လေအဝှေ့မှာ တဖျက်ဖျက်မြည်ပြီး လိမ့်ပြေးနေကြတယ်။ လေအဝှေ့မှာ ဖုန့်မှုန့်တွေ အပေါ်ကို ပျံတက်နေကြတယ်။ ပတ်ဝန်းကျင်ဟာ တောက်ပပြီး ကောင်ကင်ဟာ ပြာရီနေတယ်။ ပူလောင်မှုတစဟာ မကြာမကြာ ထိတွေ့ပွတ်တိုက်လာတယ်။ နွေဦးဟာ အလွမ်းငွေ့အချို့ကို ထွက်ပေါ်စေခဲ့တယ်။
ခုချိန်ဆို မန္တလေးနဲ့ စစ်ကိုင်းနယ် တဝိုက်မှာ ပူလောင်မှုဟာ ပြင်းထန်စ ပြုရော့မယ်။ လေထုထဲမှာ အပူလိုင်းတချို့ ဝေ့နေရော့မယ်။ လမ်းဘေးလက်ပံပင်ကြီးအောက်မှာ နီရဲရဲပွင့်ဖက်တွေ ပြန့်ကြဲနေလိမ့်မယ်။ မျက်စိတဆုံးမှာ ရိုးပျက်ပြည့် လယ်ကွင်းဝါတွေ ခြောက်သွေ့နေပြီပေါ့။
ရွာနားဘေး ထန်းတောမှာလည်း လူတွေ စုံနေလိမ့်မယ်။ အမြုပ်တစီစီထနေတဲ့ ချိုမြမြ ပင်ကျရည်လေးတွေ၊ အချဉ်ဖောက်ထားသော ထန်းရည်ခါးအိုးများ။ လယ်ကြွက်ကြော်တွေလည်း ပေါနေလောက်ရောပေါ့။
ထန်းဖိုထန်းလျက်ဖိုကြီးတွေမှာ မီးခိုးတလူလူဖြစ်နေလိမ့်မယ်။ ထန်းရည်အချိုဟာလည်း ချိုမြနေလိမ့်မယ်။ ထနောင်းပင်ကြီးဟာလည်း စိမ်းစိုနေရောပေါ့။ ရွာလမ်းတလျှောက် လှည့်ရောင်းတတ်သော မုန့်လက်ဆောင်းသည်အဒေါ်ကြီးရဲ့ ဈေးရောင်းသံရော ရှိနေပါဦးမလား။
နွေဦးဟာ ပူစပြုလာခဲ့ပြီ။ အရေးပြား မှတဆင့် နှလုံးသားကို နွမ်းလျှစေနေခဲ့ပြီ။ အဝေးကိုရောက်ခဲ့သူအဖို့ ပုံရိပ်အချို့ဟာ မကြာခဏ အတိတ်ကို တမ်းတစေတယ်။
လွမ်းမိရတယ်။ စာလုံးအချို့ဟာ ဝေဝါးသွားတယ်။ သက်ပြင်းအရှိုက်မှာ မျက်ရည်တစက် လွင့်စင်သွားခဲ့တယ်။
ကျွန်တော် အညာကို လွမ်းတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
05011