Engineering Explained for Myanmar - EEM

Engineering Explained for Myanmar - EEM

Share

Automobile knowledge for all Engineers, Technologists, Technicians & the others who interested in Automobile Engineering. (Energetic Materials), Ph.D.

Photos from Engineering Explained for Myanmar - EEM's post 09/02/2026

၄၅၃။ AI နှင့်ပြိုင် ဘယ်သူနိုင်?

တချို့တွေ ပြောကြတယ်။ "AI ကို မေးပြီး အကုန်လုပ်လို့ရတယ်"၊"နည်းပညာ လုပ်မလား၊ ဆေးကုမလား၊ စာရေးမလား"တဲ့၊ "ဘယ်ကျောင်း၊ ဘယ်တက္ကသိုလ်မှ တက်စရာမလိုဘူး"တဲ့၊...ပြောလဲပြီးတော့..."ခဏလေးဗျာ"တဲ့၊ "ကျွန်တော့်ကလေး ကျောင်းသွားပို့လိုက်အုန်းမယ်" တဲ့😅😁
တချို့ဆိုလည်း ပြောကြသေးတယ်။ မြန်မာပြည်က အင်ဂျင်နီယာတွေ/ဆရာဝန်တွေကို အထင်ကို မကြီးတာတဲ့...စာရေးသူကတော့ နောက်သလိုလိုနဲ့..."အာ့ဆို ခင်ဗျားတို့ သား/သမီးတွေကြီးလာရင် ဆရာဝန်/အင်ဂျင်နီယာ မဖြစ်စေနဲ့" လို့😅။
စဉ်းစားကြည့်ရင် အဆင့်အတန်းမရှိဘူးဆိုတဲ့ ပညာရေးမှာတောင် အမှတ်ကောင်းကောင်းနဲ့မအောင်နိုင်ရင် တကယ့် အဆင့်အတန်းရှိတဲ့ပညာရေးမှာဆို အဆင်ပြေနိုင်ပါ့မလား? 'ဒါကျက် ဒါဖြေ' ဆိုတာတောင် မရရင် 'အကုန်ကြည့် ကြိုက်တာမေး' ဆိုရင် ရပါ့မလား?
ပြောချင်တာက 'AI ကို ပိုင်ရင် ဘာမှ မလိုတော့ဘူးလား' ဆိုတာပါ😁
ပထမဆုံးအ‌ရေးကြီးတဲ့အချက်က " AI ဟာ သင့်ကို ကူပြီး စဉ်းစားပေးနိုင်သော်လည်း ကူပြီးနားလည်မပေးနိုင်ပါဘူး။"
AI က သင်‌မေးလိုသမျှ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘာမေးရမလဲဆိုတာကို သင်က ဆုံးဖြတ်ရမှာပါ။ ကြုံဖူးမှာပေါ့ ကျောင်းတုန်းက ဆရာ စာရှင်းပြပြီးတဲ့အချိန် "မေးစရာရှိလား" ဆိုတော့ ဘာမေးရမှန်းမသိဘူး။ ဆရာက " မင်းတို့မမေးရင် ငါပြန်မေးမယ်"ဆိုတော့ သူပြန်မေးသမျှ မဖြေနိုင်တော့ဘူး😁။
ဆိုလိုတာက မေးခွန်းထုတ်ဖို့ဆိုတာ အကြောင်းအရာကို နားလည်ထားဖို့ လိုပါတယ်။ နားမလည်ရင် မေးခွန်း မထုတ်နိုင်ပါဘူး။
ဥပမာ- ကမ္ဘာ့အရှည်ဆုံး မြစ်ကို ပြောပြပါဆိုပြီး AI ကိုမေးရင် "အမေဇုံမြစ်" လို့ ဖြေပါလိမ့်မယ်။ ဟင်...ငါတို့သိထားတာက နိုင်းမြစ်ပါ ဆိုရင်... ခုခေတ်မှာ 'ရှယ်'တိုင်းတာ (measurement) ထားလို့ အမေဇုံမြစ်က ပိုရှည်ပါတယ်ဆိုပြီး လုပ်ပါလိမ့်မယ်။ Google Search မှာတော့ 'နိုင်းမြစ်'ပဲ ပြပါလိမ့်မယ်။ ဒါဆို တစ်ခုပဲရွေးပါဆို သင် ဘယ်မြစ်ကို ရွေးမလဲ?
AI ကို ပြန်ပြီးမေးကြည့်ပါ။ AI မှာ တစ်ခုပဲရွေးပါဆိုရင် 'နိုင်းမြစ်'ကို ပြန်ရွေးပေးပါလိမ့်မယ်။
ဒုတိယအရေးကြီးတဲ့အချက်က AI ဟာ ရွေးခြယ်ဆုံးဖြတ်နိုင်စွမ်း မရှိပါဘူး။ Determination ဟာ သင့်မှာသာ ရှိနေပါတယ်။ အခု နမူနာပြတာက ကလေးကအစ သိထားကြတဲ့ ကမ္ဘာ့အရှည်ဆုံးမြစ် ပါ။ တကယ်လို့သာ ရှုပ်ထွေး‌နေတဲ့ Engineering ပညာရပ်တစ်ခုသာဆိုရင် AI နဲ့ ဘယ်လိုဆုံးဖြတ်ရွေးခြယ်ကြမလဲဆိုတာ စဉ်းစားစရာပါ။
တတိယအရေးကြီးတဲ့အချက်က AI မရှိခင်ခေတ်နဲ့ AI ခေတ်နဲ့ အဓိက ကွာခြားချက်ဟာ တစ်ခုပဲ ရှိပါတယ်။ အာ့ကတော့ "အချိန်" ပါပဲ။ အရင်က မသိရင် စာအုပ်တွေထဲမှာ ရှာရတယ်။ သိတဲ့သူတွေကို မေးရတယ်။ အဲ့အတွက် အချိန်ကြာတယ်။ အခုက AI ကို ချက်ချင်းမေး (လိုင်းကောင်းရင်) ချက်ချင်းဖြေ ဆိုတော့ အချိန် မကုန်ဘူး။ ဒါပါပဲ။
အရင်က စာလုပ်ရမှာ ပျင်းလွန်းတဲ့သူတစ်ယောက်ဟာ AI ခေတ်မှာ တချိန်လုံး AI နဲ့ စာသင်နေမယ်လို့ ထင်ပါသလား? 😅
အရင်က ဘေးမှာ ဆရာက မေးပါ ဆိုရင်တောင် မေးစရာမရှိတာ ဘယ်က Motivation နဲ့ AI ကို မေးမှာလဲ? ပထမအချက်လို AI ဟာ သင့်ကို သင့်နေရာကနေ ဝင်ပြီး စာတွေကိုနားလည်ပေးလို့ မရပါဘူး။ အကြောင်းအရာ‌တွေကို သင်ကိုယ်တိုင်နားလည်မှသာ AI နဲ့ Confirm လုပ်နိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က AI ဟာ Tool တစ်ခုဖြစ်ပါတယ်။ Tool ဆိုတာက လူတွေအသုံးချတဲ့ ပစ္စည်းတစ်ခု သက်သက်သာဖြစ်ပြီး "လူကြံရင် ထရံတောင် အိမ်သာသုံးတဲ့ပစ္စည်း ဖြစ်တယ်"😅 ဆိုသလိုပါပဲ ကိုယ်တိုင်က Smart ဖြစ်နေရင် ရှိတဲ့ပစ္စည်းနဲ့ရအောင် လုပ်နိုင်ပါတယ်။ AI ရှိမှ ဆိုတာ မဟုတ်ပါဘူး။ AI ဟာ Knowledge Tool ဖြစ်တဲ့အတွက် ဟိုးယခင်ကလို စာကြည့်တိုက်ကို အားကိုးပြီး အချိန်ကုန်ခံစရာ မလိုတော့ဘူးဆိုပေမယ့်၊ AI မရှိရင်လည်း စာကြည့်တိုက်ကို ပြန်ပြီး အားကိုးလိုက်ရုံပါပဲ။
AI ကို ဖုံး/ Laptop ထဲထည့်ပြီး မိမိနဲ့အတူတူထားခြင်းဟာ ပညာရှိတစ်ယောက်နဲ့ အတူတူတွဲ‌ပြီး နေထိုင်ခြင်းပါပဲ။ ဒါပေမယ့် သင် မေ့နေတာကတော့ 'သင်'ဟာ ပညာရှိ မဟုတ်ပါဘူး။ AI ကသာ 'ရှိ'နေတာ ဖြစ်ပါတယ်။
နောက်တစ်ခုက ပညာရေးကို အထင်မကြီးတဲ့သူတွေဟာ ဟိုးအရင်က Self-taught ပညာရှင်တွေကို သဘောကျ တတ်ပါတယ်။ "ဘယ်သူဆိုရင် ဘာကျောင်းမှ မတက်ဘဲနဲ့ ဘာကြီးကို တီထွင်ခဲ့တာ" စသည်ဖြင့် လေးစားအားကျ ကြပါတယ်။ ဥပမာ- ကားနည်းပညာလောကမှာ လူတိုင်းသိကြတဲ့ Otto Cycle ကို တီထွင်ခဲ့တဲ့ Nikolaus August Otto ဟာ အခြေခံကျောင်းလေး ခဏတက်ပြီး ကျောင်းထွက်ကာ လက်တွေ့အလုပ်လုပ်ရင်း ကိုယ့်ကိုယ်ကို Self-taught လုပ်ပြီး ယနေ့ခေတ် Mechanical Engineering မှာ ဆရာကြီး ဖြစ်ခဲ့ပါတယ်။ အာ့မျိုးကို အားကျရင်တော့ သူ့လိုလူ တစ်ယောက်ပေါ်ဖို့ ဆယ်စုနှစ်များစွာ ထိုင်စောင့်နေရပါလိမ့်မယ်။ အဲ့လိုလူဟာ သင်ဖြစ်နိုင်ပါ့မလားဆိုတာ မရေရာမသေချာပါဘူး။
Self-taught ဆိုတာဟာ မိမိဘာသာ စာတွေ့လက်တွေ့လေ့လာပြီး သင်ယူခြင်းဖြစ်ပါတယ်။
ဒါဆို AI နဲ့ Self-taught လုပ်လို့ရသလား? ဆိုရင်... မရပါဘူး။ ဘာလို့ဆို လက်တွေ့မပါလို့ဘဲ ဖြစ်ပါတယ်။ စာ‌တွေ့ချည်းပဲနဲ့ အင်ဂျင်နီယာ မဖြစ်နိုင်သလို လက်တွေ့ချည်းပဲနဲ့လည်း အင်ဂျင်နီယာမဖြစ်နိုင်ပါဘူး။ အာ့ဆို စာတွေ့နဲ့လက်တွေ့ကို ဘယ်လို ပေါင်းစပ်ပြီး လုပ်ရမလဲ???
အဖြေကတော့ ရှင်းပါတယ်!!!
ကျောင်းတက်မှ ရပါမယ်။ ကျောင်းဆိုတာဟာ နိုင်ငံအတွင်းရှိ ကျောင်းအားလုံး၊ ဒါမှမဟုတ် အရှေ့တောင်အာရှ၊ အာရှပစိဖိတ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျောင်းများနဲ့ ဆက်စပ်ပြီး သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို ညှိနှိုင်းရေးဆွဲပြီးမှသာ စာသင်ချိန်များ၊ လက်တွေ့ချိန်များ၊ ဘာသာရပ်များ၊ စာမေးပွဲများ၊ အတန်းလိုက် Project များ၊ Group work များ၊ ကျောင်းဆင်း Thesis များ... စသည်တို့ကို အင်ဂျင်နီယာဆိုရင် ၄ နှစ်မှ ၆ နှစ်၊ သိပ္ပံဆိုရင် ၂ နှစ်မှ ၃ နှစ် စသည်ဖြင့် စာသင်ချိန်စုစုပေါင်း၊ လက်တွေ့ချိန်စုစုပေါင်း၊ Assessment စုစုပေါင်း၊ စသည်ဖြင့် အားလုံးကို ကိုက်ညီမှသာ Bachelor ဘွဲ့ ပေးခြင်းဖြစ်ပါတယ်။ ဆိုတော့ကာ AI မှာ မဖြစ်နိုင်တဲ့ Self-taught ကြီးကို ခက်ခက်ခဲခဲ ကြိုးစားသင်ယူနေမယ့်အစား၊ သက်ဆိုင်ရာပညာရေး အဖွဲ့အစည်းများကနေ တာဝန်ယူပြီး ပြင်ဆင်ပေးထားတဲ့ ကျောင်းတွေမှာ အဆင်သင့် ဝင်ပြီးတက်လိုက်ခြင်းဟာ အလွန်လွယ်ကူမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားများအနေနဲ့ ကိုယ့်လမ်းကြောင်းကိုရွေးခြယ်တဲ့အခါ ဘယ်လမ်းကပိုပြီး ဖြောင့်ဖြူးမလဲဆိုတာ သိသာနေပါတယ်။ အထူးသတိမူရမယ့်‌ နောက်ဆုံးအချက်က မိမိ AI သုံးနေသလို လူတိုင်း လူတိုင်း AI သုံးနေပါတယ်။ မိမိရှာဖွေသိရှိသလို လူတိုင်းရှာဖွေသိရှိနိုင်ပါတယ်။ ဒါဆို အားလုံးက AI နဲ့ ပတ်သတ်ရင် Level တူတွေဖြစ်နေပြီဆိုတာ သတိထားရပါမယ်။ Level မတူတာက ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ပိုင်ပညာရေးဘွဲ့တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် AI သုံးတာချင်းအတူတူ မိမိက ပညာရေးသာလွန်နေအောင် ကြိုးစားထားသင့်ပါကြောင်းဖြင့်။ ။LinHtet(EEM)

Photos from Engineering Explained for Myanmar - EEM's post 26/01/2026

"လိုက်ပိုဖိုး" (Lifepo4) ဆိုတဲ့ အ‌ခေါ်အဝေါ်ကြီးကို ဘယ်လိုမှ ပြင်မရတော့ပါဘူး။😅
Lithium ရဲ့ Symbol က Li
Iron ရဲ့ Symbol က Fe
Phosphate က PO မှာ 4 က အောက်စာ (subscript)
ခေါ်မယ်ဆိုရင်-
"အယ်အိုင် အက်ဖ်အီး ပီအိုဖိုး"
"လီသီယမ် အိုင်းရွန်း ဖော့စဖိတ်"
ဒါမှမဟုတ် အတိုကောက် "LFP" ဆိုပြီး ၃မျိုးရမှာဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)

Photos from Engineering Explained for Myanmar - EEM's post 24/12/2025

၄၄၈။ Lead-acid ဘက်ထရီချင်းအတူတူ ဘာလို့ Tubular Battery က ပိုကောင်းနေတာလဲ???

သိကြတဲ့အတိုင်း ပုံမှန် Lead-acid ဘက်ထရီတွေကတော့ ၁၉ ရာစုကတည်းက ပေါ်ပေါက်လာခဲ့ကြပြီး၊ အလွယ်ပြန်ပြောရရင် ခဲဇကာချပ် (Lead alloy Grit) တွေထဲကို ခဲမှုန့် (Lead Oxide)တွေကို အနှစ်(Paste) လုပ်ကာ သိပ်ထည့်ထားတဲ့ Cathode နဲ့ Anode အချပ်တွေကို Separator ခြားပြီး Acid ရည်စိမ်ထားသော 2V potential ရှိတဲ့ ဘက်ထရီဖြစ်ပါမယ်။
Lead-acid ဘက်ထရီရဲ့ အားသွင်း/အားထုတ် cycle မှာ reaction အနေနဲ့ PbO2 နဲ့ PbSO4 ပတ်လည်ဖြစ်နေပါမယ်။ အဲ့မှာ cycle များလာတာနဲ့အမျှ ခဲဇကာကြားမှာ ထည့်ထားတဲ့ ခဲတွေဟာ ကျုံ့တာ ကြွတာဖြစ်လာပြီး ဘက်ထရီအိုး အောက်ခြေကို ကြွေကျကုန်တာပဲ ဖြစ်ပါတယ်။ အဓိကဖြစ်တာက Positive plate (Cathode) မှာ ဖြစ်ပါတယ်။ ဖြစ်စဉ်ကို Shedding လို့ ခေါ်ပြီး ဘက်ထရီရဲ့ Active material တွေ လျော့ကျသွားခြင်းဖြစ်လို့ ဘက်ထရီကောင်းကောင်း အလုပ် မလုပ်တော့ပါဘူး။ Anode ဘက်မှာက Pb နဲ့ PbSO4 ပြောင်းလဲမှုဟာ Cathode ဘက်ထက် တည်ငြိမ်ပြီး cycle ကြာလာမှသာ PbSO4 crystal တွေ ဖြစ်လာပြီး သူလည်း ဘက်ထရီအောက်ခြေကို ကြွေကျကုန်ပါတယ်။ အာ့ကို Sulfation လို့ခေါ်ပြီး ဘက်ထရီ Capacity ကို ကျစေပါတယ်။
Sulfation ဟာ ဘက်ထရီကို ခဏခဏ အားကုန်သုံးလို့ အဓိကဖြစ်တာပါ။ Shedding ကတော့ Charge/Discharge cycle တိုင်းမှာ ဖြစ်တဲ့အတွက် ဘက်ထရီရဲ့ Cathode structure design ကို ပြောင်းလဲဖို့နဲ့ အားကုန်သုံးနိုင်ဖို့ နည်းပညာလိုအပ်ချက်ဖြစ်လာပါတယ်။
ဖြေရှင်းလိုက်တာကတော့ Tubular Battery ပဲ ဖြစ်ပါတယ်။ Cathode မှာပါတဲ့ ခဲအနှစ် (Lead oxide paste) တွေ ကြွေမကျအောင် အိတ်နဲ့ ထုပ်ထားလိုက်ခြင်းဖြင့် Shedding ကို ကာကွယ်လိုက်ပါတယ်။ အိတ်ဆိုတာက glass fibre လို polymer fibre များနဲ့ ပြုလုပ်ထားတဲ့ Gauntlet tube ပဲ ဖြစ်ပါတယ်။
Anode ဘက်ကိုတော့ ယခင်ပုံဟောင်းလိုပဲ Lead Grit နဲ့ တည်ဆောက်ပြီး ခဲအနှစ်ထဲမှာတော့ Sulfation ကို ကာကွယ်ဖို့ Additive တွေ ထပ်ရောပေးလိုက်ပါတယ်။ အဲ့မှာ Tubular Battery တွေရဲ့ ကောင်းကျိုးတွေအနေနဲ့...
Cycle life 1500 ကနေ 2000 လောက်အထိ ရလာခြင်း။ (ပုံမှန် 300~500 cycles)
လျှပ်စစ်ထုတ်ယူသုံးစွဲနိုင်မှု ရာခိုင်နှုန်း ၈၀% အထိ အသုံးပြုနိုင်ခြင်း။ (ပုံမှန် ၅၀%)
Vibration နဲ့ Short ကို ပို၍ ခံနိုင်ခြင်း။
အပူချိန်ပို၍ ခံနိုင်ခြင်း။
Float life လို့ခေါ်တဲ့ ဘက်ထရီဗို့အား တည်ငြိမ်စွာ သုံးစွဲနိုင်မှု သက်တမ်း ကြာရှည်ခြင်းနှင့် Maintenance မှာလည်း ပုံမှန် ဘက်ထရီအစိုအိုးထက် နည်းခြင်းစသည့် များစွာသော ကောင်းကျိုးတွေရှိသော်လည်း ဈေးနှုန်းအနေဖြင့် ပုံမှန် Lead-acid ဘက်ထရီများထက် ၂ ဆ‌ ကျော်ခန့် ပိုကြီးမည် ဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)

Photos from Engineering Explained for Myanmar - EEM's post 15/12/2025

၄၄၅။ Thermal Conductivity Vs Heat Capacity

Dတခါတော့ Heat Transfer သင်ရတဲ့ ကျောင်းသားတွေ မှားတတ်ကြတဲ့ Thermal Conductivity နဲ့ Heat Capacity အကြောင်း ရေးချင်ပါတယ်။ အဲ့ နှစ်ခုကို ဆက်စပ်မှု ရှိတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်က သူတို့နှစ်ခုဟာ တိုက်ရိုက်ရော၊ ပြောင်းပြန်ရော အချိုးမကျပါဘူး။
Thermal Conductivity ဆိုတာက material တခုချင်းစီရဲ့ ဂုဏ်သတ္တိဖြစ်ပြီး အဲ့ material အတွင်းကို အပူစီးဆင်းဖို့ ဘယ်လောက်လွယ်သလဲဆိုတာပြတဲ့ တန်ဖိုးဖြစ်ပါတယ်။ Symbol အနေနဲ့ k ဆိုပြီး အသုံးများပါတယ်။ Equation အနေနဲ့ စာရေးသူ Chemical Engineer ကျောင်းသားတွေကို စာသင်တုန်းက Fourth year မှာ အဲ့အကြောင်းသင်ရလို့ မှတ်မိအောင် Fourier's Law ဆိုပြီးမှတ်ဖို့ သင်ပါတယ်။
Q = - k .A .dT/dx ဖြစ်ပါတယ်။
k ရဲ့ Unit ဟာ W/m K ဖြစ်ပါမယ်။
1 W/m K ဆိုရင် 1 meter အထူရှိတဲ့ material တစ်ခုအတွင်းကို အပူချိန် 1 K အပြောင်းအလဲမှာ ဖြတ်သန်းစီးဆင်းနိုင်တဲ့ အပူစွမ်းအင်ပမာဏ 1W ဖြစ်ပါတယ်။
k တန်ဖိုးနည်းရင် အပူစီးကူးမှု နည်းပြီး k တန်ဖိုးကြီးရင် အပူစီးကူးမှု များပါမယ်။ ဥပမာ စိန် ရဲ့ k တန်ဖိုးဟာ 2000 W/ m K ဖြစ်လို့ အပူချိန် 1 K အပြောင်းအလဲမှာ စိန်သားအထူ တစ်မီတာကို အပူချိန် 2000W ဖြတ်သန်းနိုင်ပါမယ်။ မရှင်းရင် ရေနဲ့ နှိုင်းယှဉ်ပြပါမယ်။
ရေ အမြင့် 1m ကနေ ရေတွေ 2000 L စီးကျ လာသလိုဖြစ်ပါမယ်။
သဲ ရဲ့ k တန်ဖိုးက 0.2 W/ m K ဆိုရင်
ရေ အမြင့် 1m ကနေ ရေ 0.2 L သာ စီးကျလာသလို ဖြစ်ပါမယ်။
Material တွေရဲ့ k တန်ဖိုးက ရေပိုက် အရွယ်အစားနဲ့ တူပါမယ်။ k တန်ဖိုးကြီးရင် ရေပိုက်လုံး ကြီးမယ် ရေများများကျမယ်။ 1m အမြင့်ဆိုတာဟာ 1K အပူချိန်နဲ့ တူပါမယ်။ ရေ ဆိုတာကတော့ အပူတွေ ဖြစ်ပါတယ်။
Thermal Conductivity ဟာ material ရဲ့ state တွေဖြစ်တဲ့ အစိုင်အခဲ၊ အရည်၊ အငွေ့တွေမှာ အပူသယ်ဆောင်တဲ့ zလမ်းတွေ မတူပါဘူး။ စာသင်သလိုဖြစ်နေမှာစိုးလို့ ထားပါတော့😅။
Heat Capacity ဆိုတာက material တွေရဲ့ အပူချိန် 1K တိုးတက်ဖို့အတွက် လိုအပ်တဲ့ အပူချိန်ပဲ ဖြစ်ပါတယ်။ သူကလည်း material ပေါ်မူတည်ပြီး နားလည်ရလွယ်ပါတယ်။
တကယ်လို့ material တခုရဲ့ အလေးချိန် 1 kg မှာ 1K တိုးအောင် လိုအပ်တဲ့အပူကိုတော့ Specific Heat Capacity လို့ ခေါ်ပါမယ်။
Symbol က C နဲ့ပြပြီး C = q/∆T ဖြစ်လို့
Unit အနေနဲ့ J/K ဖြစ်ပါတယ်။ Specific Heat Capacity ဆိုရင်တော့ J/kg K ဖြစ်ပါမယ်။
ဥပမာ- ရေ တစ်ကီလိုဂရမ်ကို မူလအပူချိန်ကနေ 1K တက်ဖို့ အပူပမာဏ 4186 J ‌လိုအပ်ပါမယ်။
ထားပါတော့ 298K ရှိတဲ့ ရေ 1kg ကို 4186 J အပူပေးလိုက်ရင် 299K ဖြစ်သွားပါမယ်။
စိန်နဲ့ပြန်ပြောရင် စိန် တစ်ကီလိုဂရမ်ကို 1K တက်အောင် အပူပမာဏ 510 J ပေးရပါမယ်။
ရေ-ဥပမာနဲ့ ပေးရရင် 'c' ဟာ ရေကန်နဲ့တူမယ်။ 'k' က ရေပိုက်နဲ့တူမယ်။
အဲ့တော့ ရေကန်ကျယ်တာ ကြီးတာက သပ်သပ်၊ ပိုက်လုံးကြီးတာ သေးတာက သပ်သပ်ဖြစ်ပါမယ်။
တခုနဲ့တခုက Independent ဖြစ်ပါတယ်။
ဒါပေမယ့် ကန်သေးသေးလေးထဲကို ပိုက်လုံးကြီးကြီးနဲ့ ရေဖြည့်ရင် အမြန်ပြည့်မယ်။ ကန်ကြီးကြီးထဲကို ပိုက်လုံးသေးသေးနဲ့ ရေဖြည့်ရင် အကြာကြီးနေမှ ရေပြည့်မယ်။ အဲ့သဘောတော့ ရှိပါတယ်။
စိန်ရဲ့ c တန်ဖိုး 510 J/kg K နဲ့ k တန်ဖိုး 2000 W/m K ဆိုတော့ ကန်သေးသေးကို ရေပိုက်ကြီးကြီးနဲ့ ဖြည့်သလိုမျိုး မြန်ပါမယ်။
ရေ ရဲ့ c က 4186 J/kg K နဲ့ k က 0.62 W/ m K ဆိုတော့ ကန်ကြီးကြီးကို ပိုက်သေးသေးနဲ့ ဖြည့်သလို ဖြစ်လို့ နှေးပါမယ်။
Chemical engineer တွေအတွက် Coolant Design ဆွဲတဲ့အခါ Specific Heat Capacity နဲ့ Thermal Conductivity ကို အဓိက အခြေခံရမှာဖြစ်ပါတယ်။
Design အပြည့်အစုံကတော့ Heat Transfer ပါမယ်၊ Fluid Mechanics ပါမယ်ပေါ့။ ဒါပေမယ့် အခြေခံအကျဆုံးကတော့ Specific Heat Capacity ဖြစ်ပြီး နောက်ဆက်တွဲက Thermal Conductivity ဖြစ်ပါမယ်။
Coolant ဆိုတဲ့အတိုင်း အအေးခံမှာဖြစ်လို့ 'c' တန်ဖိုးမြင့်လေလေ အပူတွေကို flow နဲ့ များများဆွဲယူသွားနိုင်လေလေ ဖြစ်ပါမယ်၊ ပြီးမှ အပူဒဏ်ကို လုံးဝအထိမခံနိုင်တဲ့ system တွေအတွက် 'k' တန်ဖိုးမြင့်တာကို ရွေးမှသာ အပူကိုမြန်မြန်စုပ်ယူနိုင်မှာဖြစ်ပါတယ်။
စာရေးသူတို့ အသုံးပြုနေကြတဲ့ ကား coolant ဆိုတာဟာ ရေ ကို Ethylene Glycol (EG) အရည်နဲ့ ‌အများအားဖြင့် 50/50 ရောစပ်ထားပါတယ်။ တချို့ဆို Ethylene Glycol က ဘာမှန်းမသိပေမယ့် ရေ ထက်ကောင်းတယ်ဆိုပြီး % များများပါလေ ပိုကောင်းလေလို့ ထင်တတ်ကြပါတယ်😅။
တကယ်က အရမ်းအေးတဲ့နိုင်ငံတွေအတွက် coolant ကို ရေ ချည်းပဲသုံးရင် ခဲသွားမှာစိုးလို့ EG ကို Freezing Point Depression အတွက် ရောစပ်တာပါ။ water/EG (50/50) ဆိုရင် ခဲမှတ်က -37 °C အထိ ရောက်နိုင်ပါတယ်။ Boiling point ကိုလည်း နည်းနည်းတက်စေတယ် ဆိုပေမယ့် ကားရေတိုင်ကီမှာက ရေဆူမှတ်ကို (Radiator Cap) pressure နဲ့ပဲ အဓိကထိန်းတာပါ။
ရေချည်းပဲ သုံးရင် သံချေးတက်မယ် ဘာညာပြောကြပေမယ့်၊ EG နဲ့ ရောလည်း သံချေးတက်တာကို မကာကွယ်ပါဘူး။ EG က Corrosion Inhibitor မဟုတ်ပါဘူး။ သံချေးတက်တာ ဘာညာတွေ ကာကွယ်ဖို့က Additive တွေ ထပ်ပြီးထည့်လို့သာ ကာကွယ်နိုင်တာပဲ ဖြစ်ပါတယ်။
သီအိုရီအရ ရေကို EG ရောလိုက်ရင် k ရော c ရော တန်ဖိုးတွေ ကျစေပြီး Coolant ဂုဏ်သတ္တိကို ကျစေပါတယ်။ ဒါ့ကြောင့် EG များတိုင်း မကောင်းနိုင်ပါဘူး။ ကောင်းလာရင်လည်း Coolant 'ဈေး'သာ😅 ဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)

Want your university to be the top-listed University in Maymyo?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Maymyo