Crop Pest Management

Crop Pest Management

Share

Our page will distribute knowledge on insect science and crop protection.

26/05/2025

တောင်သူ့အတွက် မှတ်စု (၃)

မက်တိုလာကလော (Metolachlor) အက်စ်-မက်တိုလာကလော (S-Metolachlor) တို့ကို စပါးပေါင်းအုပ်ဆေးအဖြစ် သုံးရင် စပါးအပင်ပေါက်များ ဆေးလောင်နိုင်ချေ ရှိပါတယ်။

ဖော်ပြပါ ပေါင်းအုပ်ဆေးများကို စပါးသီးနှံတွင် အသုံးပြုရန် ရည်ရွယ်ပါက Fenclorim ကဲ့သို့သော Safener မျိုး ပါရှိရပါတယ်။

ဒါကြောင့် အထက်ပါပေါင်းအုပ်ဆေးများကို စပါးပေါင်းအုပ်ဆေးအဖြစ် သုံးလိုပါက Safener ပါ/မပါ အရေးကြီးပါတယ်။

Safener ပါ/မပါ မသေချာလို့ စပါးသီးနှံအတွက်လည်း အသုံးပြုချင်တယ်ဆိုရင် GA3 ဟော်မုန်းကို ဆေးဖျန်းစဥ်မှာ ထည့်သွင်းအသုံးပြုသင့်ပါတယ်။

စပါးကို တိုက်ရိုက်(အခြောက်)စနစ်နဲ့ စိုက်ပျိုးပြီး ရေသွင်းရန် နောက်ကျနိုင်တဲ့ စိုက်ခင်းတွေမှာ စပါးအပင်ပေါက်များ ဆေးမလောင်ဖို့ရာ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။

12/03/2025

တောင်သူ့အတွက် မှတ်စု (၁) : Pre-Harvest Interval (PHI)

“ဆေးဖြန်းပြီးနောက် ရိတ်သိမ်းရမည့်ရက်” / “ဆေးဖျန်းပြီးနောက် ရိတ်သိမ်းခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ရက်” ဆိုတော့ အချို့တောင်သူတွေက အပွင့်အသီးဝင်မှ၊ အနှံထွက်မှ ဖျန်းရတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးလို့ အထင်မှားတတ်ကြပါတယ်။ မေးမြန်းမှုတွေလည်း ရှိကြပါတယ်။

PHI ကို နောက်ဆုံး ဆေးဖျန်းရက်နှင့် ရိပ်သိမ်းခူးဆွတ်မည့်ကြားကာလ ကို သတ်မှတ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သီးနှံအတွင်း ဓါတုဓါတ်ကြွင်း ဟာ စားသုံးသူများအတွက် ဘေးကင်းတဲ့အခြေအနေ ဖြစ်နေဖို့ ပဲ ဖြစ်ပါတယ်။ စားသုံးသူများ ဘေးကင်းစေဖို့ရန်နှင့် ဥပဒေကို လိုက်နာဖို့ အတွက်ရယ် ဆေးဗူး၊ ဆေးထုပ်မှာ ပါဝင်တဲ့ PHI ကို လိုက်နာသုံးစွဲပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ သီးနှံအတွင်း ဓါတုပစ္စည်းများ ကျန်ရစ်နေသေးရင်တောင် လူက ခံနိုင်ရည်ရှိ လောက်တဲ့ ပမာဏမျှသာ ရှိနေမည့်ကာလကို စောင့်ဆိုင်းစေခြင်းဖြစ်ပါတယ်။

အများအားဖြင့် ရက်ဖြင့် ဖော်ပြကြပါတယ်။ ဈေးကွက်အတွင်း အသုံးများတဲ့ မှိုသတ်ဆေးအများစုမှာ အဲဒီကာလ ၂၁ ရက်မှ ၃၀ ရက်ရှိတတ်ကြပါတယ်။
အချို့နိုင်ငံများတွင် ကမ္ဘာ့ပေါ်မှာ ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု အများ ဆုံး မှိုသတ်ဆေးများဖြစ်တဲ့ ထရိုင်ရာဇိုးလ်နှင့် စထရိုဘီလူရင် တို့ကို PHI ဖော်ပြရာမှာ ကြီးထွားမှုအဆင့်တွေနဲ့ ဖော်ပြတတ်ကြပါတယ်။
ဥပမာ- Triazole+QoI မှိုသတ်ဆေးအရောတစ်မျိုးကို ပဲပုပ်မှာ ကြီးထွားမှုအဆင့် (R5) ထက် နောက်ကျ၍ အသုံးမပြုရ ဆိုတာမျိုးပါ။ R5 ဆိုတာ ပဲပုပ်မှာ အစေ့စတည်တဲ့အဆင့်လို့ အကြမ်းဖျဥ်းပြောနိုင်ပါတယ်။ ပင်မပင်စည်ရဲ့ အပေါ်ပိုင်းအဆစ်(၄)ခုက ဖြစ်လာတဲ့ အသီးတွေအတွင်း ပဲစေ့ တွေဟာ အရွယ်အစား ၃-မီလီမီတာခန့် ရှိတဲ့အချိန်ပါ။

ပိုးသတ်ဆေးတွေမှာတော့ အတိုတောင်းဆုံးကြားကာလပင်လျှင် ၇-ရက် ဖြစ်ပါတယ်။ အထူးသဖြင့် စားဖိုဆောင်သီးနှံများအတွက် အထူးဂရုပြုလိုက်နာ ဖွယ်ဖြစ်ပါတယ်။ ၇-ရက်အတွင်း ရိတ်သိမ်းခူးဆွတ်တော့မယ်ဆိုရင် ဆေးဖျန်း ခြင်းမပြုသင့် ဆိုတဲ့အဓိပ္ပါယ်ပါပဲ။

- မှိုသတ်ဆေး Penthiopyrad ဟာ ခရမ်းချဥ်မှာ စောင့်ဆိုင်းရက်မလိုအပ်ဘဲ ဆေးဖျန်းတဲ့နေ့မှာပင် ခူးဆွတ်နိုင်ပြီး ဗူးဖရုံသခွားတို့မှာတော့ ၁ ရက် ‌စောင့်ဆိုင်း ခူးဆွတ်ရမှာဖြစ်ပါတယ်။
- မန်ကိုဇက်ဟာ ခရမ်းချဥ်မှာ စောင့်ဆိုင်းရက် ၅ ရက် ဖြစ်ပြီး အာလူးမှာ ၃ ရက်မျှ ဖြစ်ပါတယ်။
- အေဇိုဇီစထရိုဘင်- ခါကြက်ဥအတွက် ၀- ရက်နှင့် အေဇိုဇီစထရိုဘင်+ဒိုင်ဖန်နိုကိုနာဇိုးလ်အရောသည် ၇-ရက် ဖြစ်ပါတယ်။
- ကလိုရိုသာလိုနေးလ်သည် ကြက်သွန်ဖြူမှာ ၇-ရက်နှင့် အပင်စားကြက်သွန်ပင်အတွက် စောင့်ဆိုင်းချိန် ၁၄-ရက် စသည်ဖြင့် ဖြစ်ပါတယ်။
ဒါကြောင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများရဲ့ PHI သည် သီးနှံကို လိုက်ပြီး ခြားနားနိုင်သလို၊ သီးနှံတစ်မျိုးတည်းမှာပင်လျှင် ခူးဆွတ်/အသုံးပြုမှု ပုံစံကို လိုက်ပြီးလည်း ကွာခြားနိုင်ကြောင်း သတိပြုကြဖို့ပါ။

ဒီနေရာမှာ ‌မေးခွန်းတွေ ဖြစ်လာနိုင်ပါတယ်။
တောင်သူတစ်ဦးက ခရမ်းချဥ်အတွက် သူသုံးလိုက် တဲ့မှိုသတ်ဆေးဟာ စောင့်ဆိုင်းရက် ၅-ရက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးဖျန်းပြီး ချက်ချင်းခူးမယ်၊ မရောင်းချခင် ၅-ရက် သိမ်းထားမယ်ဆိုရင် ဖြစ်နိုင်ပါသလား။

PHI ကို စမ်းသပ်မှုများ ပြုလုပ်ပြီး သတ်မှတ်ထားခြင်းသည် မရိတ်သိမ်းမီ အပင် တွင် ရှိနေသည့်အချိန်၊ မပြိုကွဲဘဲ ကျန်ရစ်နေသည့် ဓါတုပစ္စည်းများအပေါ် အခြေခံထားခြင်းဖြစ်သည်။ ရိတ်သိမ်းခူးဆွတ်လိုက်ချိန်တွင် ယင်းအသီးများ၏ အောက်ဆီဂျင်ရယူသည့်ဖြစ်စဥ် ပြောင်းလဲသွားမည်ဖြစ်ပြီး ဓါတုပစ္စည်းများ ပြိုကွဲမှုနှုန်းသည်လည်း လျော့ကျသွားမည်ဖြစ်သည်။ ယခုဖြစ်ရပ်တွင်လည်း ခရမ်းချဥ်ကို ခူးဆွတ်ပြီးမှ စောင့်ဆိုင်းရမည့် ရက်အတိုင်း ထားရှိမည် ဖြစ်သော် လည်း ဓါတုပစ္စည်းများ ပြိုကွဲမည့်ဖြစ်စဥ်သည် နှေးသွားမည်ဖြစ်ပြီး အသီး အတွင်း ပိုးသတ်ဆေးများ ပိုမိုကျန်ရစ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

နောက်မေးခွန်းမျိုးက ဖရဲမှာ ဖျန်းလိုက်တဲ့ဆေးက စောင့်ဆိုင်းရက် ၇-ရက် လို တယ်၊ ဒါပေမယ့် မစောင့်ဘဲ ခူးချင်တယ်။ ခူးပြီးရင် ရေအသေအချာ ဆေးကြော မယ်၊ ဖြစ်ပါသလားပေါ့။

ပိုးသတ်ဆေးဗူး၊ ဆေးအိတ်တွင် ရေးသားညွှန်ကြားထားမှုများသည် ဥပဒေ ပြဌာန်းချက်ပင် ဖြစ်ပါသည် The label is the law.။ ညွှန်ကြားချက်တွင် ရေဆေးမည်ဆိုပါက စော၍ ခူးဆွတ်နိုင်ပါသည်ဟု မပါရှိပါက ယင်းသို့သော ချွင်းချက်မျိုးကို ခွင့်ပြုမည် မဟုတ်ပါ။

ဥပမာ- ပင်လုံးပြန့် ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများကို ရေဆေး၍ မရနိုင်ပါ။ ထိသေအာနိသင်ရှိ ဆေးများကိုပင်လျှင် PHI စမ်းသပ်ချက်များတွင် ရေဆေး သည့် အချက်ကို မပြုခဲ့နိုင်ပါ။ ရေဆေး၍ ပိုးသတ်ဆေး မည်မျှ လျော့ကျသွား မည်ကို မသိနိုင်၍ ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ရေဆေးခြင်းများ ကွားခြားနိုင် ပါသည်။ ထို့ကြောင့် ရေဆေးခြင်းသည် PHI အား ထူးခြားစေမည် မဟုတ်ပါ။

တောင်သူလယ်သမားများ စိုက်ပျိုးရေးအသိပညာ တိုးပွားကြပါစေ။

မျိုးသန်းထွန်း

14/12/2024

"ဇိုးအုပ်စုဝင် မှိုသတ်ဆေးတွေက အပင်တက်နှေးစေသလား"

ဇိုးအုပ်စုဝင် Triazoles မှိုသတ်ဆေးတွေကို DMI (Demethylation Inhibitor) fungicides တွေလို့ ခေါ်ပါတယ်။ FRAC Code အရ အုပ်စု-၃ မှ ရောဂါဖြစ်စေတဲ့ မှိုရဲ့ စတီရောဟော်မုန်းထုတ်လုပ်မှုကို ဟန့်တားတဲ့ မှိုသတ်ဆေးတွေပါ။ အလားတူစွာပဲ အပင်ရဲ့ စတီရောဟော်မုန်းထုတ်လုပ်မှုကိုလည်း နှောင့်ယှက်ပါတယ်။

အပင်ရဲ့ ထိခိုက်လွယ်တဲ့အဆင့်တွေမှာ နှုန်းထားများများနဲ့ အသုံးပြုမယ်ဆိုရင် အပင်ပေါက်တွေရဲ့ ကြီးထွားမှုကို တန့်စေခြင်း၊ အပင်များ ပုခြင်း၊ အပင်များ အရွယ်ရောက်ခြင်းကို နှောင့်နှေးစေခြင်း၊ အရွက်အရောင်များ ရင့်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

#မှိုသတ်ဆေး၏ အလုပ်လုပ်ပုံ
ဆဲလ်နံရံဖွဲ့စည်းရာတွင် အဓိကပါဝင်သည့် အာဂိုစတီရောဟော်မုန်းထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့် အင်ဇိုင်းကို နှောင့်ယှက်သည်။ ဆဲလ်နံရံ မဖွံ့ဖြိုးသဖြင့် မှို၏ ကြီးထွား ပြန့်ပွားခြင်းကို ရပ်တန့်သွားစေသည်။

#သီးနှံပင် ကြီးထွားမှုအား သက်ရောက်ခြင်း
အပင်ရောဂါဖြစ်စေသည့် မှိုအား ကနဦး ထိခိုက်သော်လည်း ယင်းမှိုသတ်ဆေးများသည် အပင်၏ စတီရောဟော်မုန်းဖွဲ့စည်းခြင်းလမ်းကြောင်းအားလည်း နှောင့်ယှက်သည်။ နှုန်းထားအမြင့် အသုံးပြုပါက အပင်၏ ကြီးထွားမှုပိုင်းအား မရည်ရွယ်ဘဲ သက်ရောက်မှု ရှိသည်။

#အပင်ပေါက်များတွင် မြင်သာသော သက်ရောက်မှုများ
- ကြီးထွားမှု နှေးခြင်း : အပင်ပေါက်များသည် အညွန့်နှင့် အမြစ်ဖွံ့ဖြိုးမှုများ နှေးကွေးသွားသည်။ ထို့ကြောင့် တပင်လုံး၏ အရွယ်အစား ကျစ်လစ်သွားမည်။
- အရွက်များ အရောင့်ရင့်မှောင်ခြင်း : စိမ်းရောင်ခြယ်ပစ္စည်းများ (ကလိုရိုဖီးလ်) ပါဝင်မှု ပြောင်းလဲသွားသည့်အတွက် အရွက်များ အစိမ်းရောင်ရင့်ရင့် ဖြစ်သွားကြသည်။
- ရင့်ရော်မှုအား နှေးကွေးစေခြင်း : မှိုသတ်ဆေးများ၏ အာနိသင်ကြောင့် သီးနှံပင်များသည် သာမန်ထက် ပို၍ ရှည်ကြာစွာ စိမ်းနေကြမည်၊ ရိတ်သိမ်းချိန်ကို နောက်ကျစေသည်။

#အပင်ဆေးလောင်ကျွမ်းခြင်း (Phytotoxicity) ကို လွှမ်းမိုးမှုများ
- နှုန်းထား: ထောက်ခံနှုန်းထားထက် သာလွန်၍ အသုံးပြုပါက ဆေးလောင်ခြင်း ဖြစ်နိုင်ချေကို မြင့်မားစေသည်။
- သီးနှံများ၏ ခံနိုင်ရည်မဲ့မှု : အချို့သီးနှံမျိုးစိတ်များသည် ဇိုးမှိုသတ်‌ဆေးများအား ခံနိုင်ရည်မဲ့ကြ၍ ကြီးထွားမှုတန့်ခြင်းကို ပိုမိုဖြစ်စေသည်။
- ပတ်ဝန်းကျင်အခြေအနေများ : အပူချိန်မြင့်မားခြင်းနှင့် ဖိစည်းမှုရှိနေခြင်းတို့သည် ဇိုးမှိုသတ်ဆေးတို့၏ အပင်ကြီးထွားဖွံ့ဖြိုးမှုတန့်ခြင်းအပေါ် သက်ရောက်မှု ပိုအားကြီးစေပါသည်။

#စဥ်းစားထားသင့်သည်များ
- မျိုးစေ့လူးနှယ်ခြင်း : အပင်ပေါက်များအား ဆေးမလောင်စေရန် နှုန်းထားနှင့် အသုံးပြုပုံ အညွှန်းများအား အတိအကျလိုက်နာလုပ်ဆောင်ရန် အရေးကြီးပါ သည်။
- အခြားမှိုသတ်ဆေးများ : သီးနှံမျိုးစိတ်၊ သီးနှံပင်သက်တမ်းနှင့် ရောဂါကျရောက် မှုတို့အပေါ် မူတည်ပြီး အပင်ကြီးထွားမှု မထိခိုက်သည့် အခြားမှိုသတ်ဆေးများ အား အသုံးပြုရန်
- သီးနှံတစ်ရာသီတွင် ၃-၄ ကြိမ်သာ အသုံးပြုရန်
- ဖားဥမှိုရောဂါအတွက် အခြားမှိုသတ်ဆေးတစ်မျိုးဖြင့် ရောစပ်အသုံးပြုရန်
- ဆေးယဥ်ပါးခြင်းဖြစ်စဥ်အား ရှောင်ရှားရန် ကာကွယ်မှိုသတ်ဆေးများနှင့် ရောစပ် အသုံးပြုရန်
- မှိုသတ်ဆေး မသုံးမီနှင့် အသုံးပြုပြီးချိန်တွင် စိုက်ခင်းအား ပုံမှန် စစ်ဆေးရန်

M.T.Tun

17/10/2024

ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်း အထွက်တိုးရေး အကြံပြုချက် - ၂
#စိုက်ချိန်

မတ်ပဲ : လင်းတာကို မတုံ့ပြန်တဲ့ မျိုးသစ်တွေ ပေါ်ထွန်းစိုက်ပျိုးလာကြသော်ငြား-
၂၅ နှင့် ၃၅ ဒီဂရီကြား စိုက်ပျိုးဖြစ်ထွန်းပေမယ့် အသင့်တော်ဆုံး အပူချိန်ကတော့ ၂၇ ဒီဂရီနှင့် ၃၀ ဒီဂရီကြားဖြစ်ပါတယ်။

၃၅ ဒီဂရီနှင့်အထက်မှာ မတ်ပဲ အထွက်ကို ထိခိုက်နိုင်တဲ့အတွက် နွေရာသီမှာ ရေသွင်းစိုက်ပျိုးခြင်းဟာ တွက်ချေမကိုက်နိုင်ဘူးလို့ မြင်ပါတယ်။

မတ်ပဲမျိုးကွဲတွေဟာ လင်းတာကို အမျိုးမျိုး တုံ့ပြန်ကြပေမယ့် အပူချိန် နိမ့်သွားခြင်းက မတ်ပဲ ပန်းပွင့်ခြင်းကို လှုံ့ဆော်အားပေးပါတယ်။ ပန်းပွင့်ချိန်မှာ အပူချိန်ဟာ ၃၀ ဒီဂရီအောက် ရှိနေရင် အကောင်းဆုံးပါ။

ပထမဆုံးအကြိမ်ပွင့်တဲ့ ပန်းက အသီးတင်မှု ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်ပြီး အထွက်နှုန်းအတွက် အရေးပါတဲ့ အသီးများ(အောက်သီး)ဖြစ်ပါတယ်။
ပန်းပွင့်ချိန်မှာ နှင်းထန်ခြင်း (ဆက်တိုက်)ဖြစ်ခြင်းကို မတ်ပဲက မကြိုက်ပါဘူး။

မြန်မာပြည်အောက်ပိုင်းအတွက်ကတော့ အောက်တိုဘာလအစမှ နိုဝင်ဘာလလယ်အတွင်း စိုက်ပျိုးသင့်ပါတယ်။

ဒါကြောင့် ဆောင်းမတ်ပဲကို နိုဝင်ဘာလလယ်ထက် နောက်မကျဘဲ စိုက်ပျိုးနိုင်အောင် ပြင်ဆင်သင့်ကြောင်းပါ။

15/10/2024

ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်း အထွက်တိုးရေး အကြံပြုချက် - ၁

#ထယ်ရေးစနစ်

အစေ့အဆန်ရဲ့ အလေးချိန်အပေါ် သက်ရောက်မှုရှိတာကို အိန္ဒိယက သုတေသနများမှာ တွေ့ရှိရပါတယ်။

မထွန်ယက်ဘဲ စိုက်စနစ် (Zero tillage)နဲ့ စိုက်တဲ့ မတ်ပဲမျိုးတစ်ခုမှာ အစေ့ ၁၀၀၀ အလေးချိန်ဟာ ၅၁.၅ ဂရမ်မျှရှိပြီး ထယ်ရေးကောင်းကောင်းနဲ့ စိုက်စနစ် (Maximum tillage)နဲ့ စိုက်တဲ့ ယင်းမတ်ပဲမျိုးမှာ အစေ့ ၁၀၀၀ အလေးချိန်ဟာ ၅၃.၀ ဂရမ် ရှိပါသတဲ့။

မိမိအတွေ့အကြုံအရ/စူးစမ်းမိသလောက်အရလည်း မတ်ပဲ၊ ပဲတီစိမ်းကို မြန်မာပြည်အောက်ပိုင်းမှာ ထွန်ခင်းနဲ့ စိုက်တာကို ပိုနှစ်သက်ပါတယ်။ အထွက်နှုန်းအရရော၊ အခြားသော ပိုးမွှားရောဂါ ကာကွယ်မှုအပိုင်းကရော ပြောတာပါ။

ထွန်ခင်းမှ မလုပ်နိုင်ကြရင်တောင် ခုတ်ဖုံးစနစ်ပေါ့။ သူလည်းပဲ မြေသားအစိုဓါတ်ကို ထိန်းရာမှာ ကောင်းမွန်တဲ့ စနစ်ဖြစ်ပါတယ်။

Want your business to be the top-listed Business in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon-Mandalay Highway
Pyinmana