Fate Book Publishing
အပြစ်အနာအဆာမရှိတဲ့ စိတ်မှာ ထာဝရ တောက်ပနေမယ့် နေရောင်ခြည်တွေလိုမျိုး
21/04/2026
◼️ အေအိုင်တွေနဲ့ ကဗျာစာပေ ဖန်တီးမှု
(အေအိုင်နဲ့ ဖန်တီးရေးသားထားတာတွေကို ဖတ်ကြမှာလား၊ မဖတ်ကြဘူးလား)
အေအိုင်တွေကို ကဗျာ၊ စာပေ ဖန်တီးရေးသားမှုတွေ၊ ဘာသာပြန် အရေးနဲ့ ပတ်သက်ပြီး ခုနောက်ပိုင်းမှာ အများစုက ဝေဖန်ဆက်စပ်ရေးသားကြတဲ့ အကြောင်းအရာတွေကို ဖတ်ရတော့ ကိုယ်လည်း တွေးမိတာတွေ ရေးချင်လာလို့။
ဒီအောက်ကပို့စ်မှာဆိုရင် ကိုဏေသစ်က James Tate ရဲ့ Teaching the Ape to write Poems ကဗျာနဲ့ ဆက်စပ်ပြီး အေအိုင်ရဲ့ ဖန်တီးရေးသားထားနိုင်မှု အပိုင်းတွေကို ဆက်စပ်ပြောထားတာလည်း ရှိတယ်။
https://www.facebook.com/share/p/1Cc6np37ay/
ပြီးတော့ နောက်တစ်ခုက ဆရာဇေယျာလင်း ရေးတဲ့ "ကဗျာဆရာအချို့၊ ကဗျာအချို့ (Postmodern Associative ကဗျာ/ဟန်)" စာအုပ်ထဲမှာ ဖတ်ရတဲ့ အကြောင်းပါ။ တကယ်မရှိတဲ့၊ တကယ်အပြင်မှာ မရှိခဲ့တဲ့ လူပုဂ္ဂိုလ် တစ်ယောက်ရဲ့ အရေးအသားတွေကို ရှိတယ်ဆိုပြီး hoax လုပ်ကြတဲ့ အကြောင်း။
၁၉၄၄ ခုနှစ်၊ ဩစတေးလျမှာ မော်ဒန်ကဗျာ ပေါ်ပေါက်လာရေးအတွက် ကြိုးစားနေတဲ့ ကဗျာဆရာ၊ အယ်ဒီတာတစ်ယောက်ကို ကြည့်မရလို့၊ နာမည်ဖျက်ချင်လို့ဆိုပြီး အစဉ်အလာ ကဗျာတွေ ရေးနေကြတဲ့ လူနှစ်ယောက်က ဟိုကဒီက စာတွေကို ဖြတ်ညှပ်ကပ်လို့၊ မော်ဒန်ကဗျာ ပုံစံလုပ်၊ ရေးတဲ့လူကိုပါ (အပြင်မှာ တကယ် မရှိတဲ့လူကို) ထွင်ပြီး တကယ်ရှိတယ်ဆိုပြီး လုပ်လိုက်တယ်တဲ့။
ဟိုအယ်ဒီတာက အဲဒါတွေကို မသိဘဲ တကယ်ထင်ပြီး ထွင်ရေးထားတဲ့ အရေးအသားတွေကို ကြိုက်လို့ဆိုပြီး သူ့ဂျာနယ်တစ်ခုလုံးမှာ အဲ့ထွင်ရေးထားတဲ့ အရေးအသားတွေကို ဖော်ပြပြီးတော့မှ ထွင်ရေးတဲ့သူ နှစ်ယောက်က ဒါ သူတို့ လျှောက်လုပ်ထားတဲ့ အရေးအသားတွေပါလို့ ဝန်ခံပြီးမှ ပြန်ဟားကြတယ်တဲ့။
ဟိုအယ်ဒီတာလည်း နာမည်ပျက်ရတာပေါ့။ သူက တကယ်ထင်မိတာကိုး။ နောက်တော့ အဲ့လို ထွင်ရေးထားတဲ့ အရေးအသားတွေကို နာမည်ကြီးတဲ့ စာပေပညာရှင်တစ်ယောက်ဆီ ပို့ပြီး သုံးသပ်ခိုင်းတော့ ဟိုက ပြန်ပြောတယ်၊ ဒါက မော်ဒန်အရေးအသားတွေပဲဆိုတာ ငြင်းလို့ မရပါဘူးတဲ့။ နောက်ပိုင်းမှာ ထင်ရှားလာခဲ့တဲ့ မော်ဒန်ကဗျာဆရာတွေကိုယ်တိုင်လည်း အဲ့လို ထွင်ရေးထားတဲ့ အရေးအသားတွေဆိုတာ နောက်မှ သိကြပေမဲ့ ဒီအရေးအသားတွေကို ကြိုက်နှစ်သက်ကြ၊ အသိအမှတ်ပြုကြ၊ ဖော်ပြပေးခဲ့တဲ့ အယ်ဒီတာကိုလည်း ကျေးဇူးတင်ကြတယ်တဲ့။
အခုအချိန်မှာလည်း အဲ့လို တကယ့်လူအစစ်က ရေးသားထားတာ မဟုတ်တဲ့၊ အေအိုင်က ရေးသားထားတဲ့ အရေးအသားတွေကို ပြန်အသုံးချနေကြတာရော ဒီလိုဥပမာတွေနဲ့ဆို ဘယ်လိုနေမလဲ။ ဖတ်ရတဲ့သူတွေက မဖတ်ဖူးသေးတဲ့ အရေးအသား အသစ်အဆန်းတွေကို ဖတ်ရတယ် ဆိုပြီး ကျေးဇူးတင်ကြမှာလား၊ ဒါမှမဟုတ် အေအိုင်က တမင် လျှောက်ထွင်ရေးတာပဲလို့ နှာခေါင်းရှုံ့ကြမှာလားပေါ့လေ။
စောစောက hoax ဖြစ်တဲ့ ကိစ္စမှာက ထွင်ရေးတယ်ဆိုဦးတော့၊ ဒီလူတွေက အပြင်မှာ တကယ်ရှိကြတဲ့ လူတွေပဲမို့လို့ တော်သေးတယ်ပဲ ပြောရမှာလား၊ အေအိုင်က ထွင်ရေးတာနဲ့ရော ဘာကွာလို့လဲ မေးစရာ ရှိလာဦးမယ်။
အဲဒါတွေ ရေးတဲ့ ကိစ္စတွေနဲ့ ပြောရရင် ရေးတယ်ဆိုတာ ဖတ်ဖို့၊ ဖတ်စေချင်လို့ဆိုတော့ ဒါဆို ဘာလို့ ဖတ်ကြတာလဲဆိုတော့ မေးခွန်းကနေ ပြန်စဖြေရင် ပိုဆီလျော်မလားလို့။ ဆိုလိုချင်တာက ရေးတယ်ဆိုတဲ့ ကိစ္စထက် အဲ့လို ရေးတာကို ဘာကြောင့် ဖတ်သလဲဆိုတဲ့ ရှုထောင့်ကနေ ပြန်ပြော၊ ပြန်တွေးမိတယ် ဆိုတာပါ။
ဒါကိုလည်း အများစု သိထားလောက်မယ်ထင်တဲ့ ပုံပြင်တစ်ပုဒ်နဲ့ စပြောရမှာပဲ။ ဆရာဖေမြင့် ရေးဖူးတဲ့အထဲ ပါတာ ထင်ပါတယ်။ တစ်ခါက ဘုရင်ကြီးတစ်ပါးက သူ့ပညာရှိအမတ်ကြီးကို ကမ္ဘာပေါ်က လူမျိုးတွေရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ သမိုင်းတွေအကြောင်း သိချင်တယ်လို့ ပြောတယ်တဲ့။ အမတ်ကြီးလည်း အချိန်ယူပြီး ဒီအကြောင်းတွေကို ကြိုးစားပမ်းစား ကျမ်းပြုစုတာပေါ့လေ။ ရေးပြီးတဲ့အချိန်မှာ ထူထူထဲထဲ စာအုပ်ကြီးတွေ အများကြီးကို ဘုရင့်ရှေ့ သယ်သွားတော့ ဟိုငနဲသားက ဘာထပြောလဲဆိုတော့ ဒီစာအုပ်ကြီးတွေက အများကြီးတွေ၊ သူ တသက်လုံး ဖတ်တောင် ကုန်မှာ မဟုတ်ဘူး၊ တိုတိုတုတ်တုတ်ပဲ ရေးပေးပါလို့ ပြန်ပြောတယ်တဲ့။
အဲဒါနဲ့ အမတ်ကြီးကလည်း သူ့ကို အချိန်တစ်ရက်ပဲ ပေးပါဆိုပြီး သူ့စာအုပ်အထူကြီးတွေကို သယ်ပြီး ပြန်သွားတယ်တဲ့။ နောက်တစ်ရက်ကျတော့ စာမျက်နှာ တစ်မျက်နှာပဲ ရှိတဲ့ ပေချပ်ကလေးတစ်ခုကိုပဲ ဘုရင်ကို ပေးလိုက်တယ်။ ဘုရင်ကလဲ ဟုတ်ပါ့မလားဆိုပြီး ဖတ်ကြည့်တော့ ရေးထားတာက တကယ့်ကို တိုတိုလေး။
"သူတို့ မွေးဖွားလာကြသည်၊ သေဆုံးသွားကြသည်" တဲ့။
မူရင်း ရေးတဲ့သူကတော့ ဒီပုံပြင်ကို ဘယ်အရာမှ လွယ်လွယ်မရဘူးဆိုတဲ့ သဘောမျိုးနဲ့ ပြောထားတာပါ။ တကယ်သိချင်ရင် တကယ်ဖတ်ရမယ်ပေါ့လေ။ ကိုယ်တိုင် မဖတ်ချင်ဘဲ အလွယ်သိချင်လို့ မရဘူးပေါ့လေ။
ဒါပေမဲ့ ခုခေတ်ကြီးက နည်းပညာခေတ်ဆိုတော့ အမတ်ကြီး အကျဉ်းချုပ်ပေးခဲ့တဲ့ "သူတို့ မွေးဖွားလာကြသည်၊ သေဆုံးသွားကြသည်" ဆိုတာထက် ပိုကောင်းတဲ့ အကျဉ်းချုပ်ကလေးတွေ ပေါ်လာတော့ ဘာမဆို လွယ်လွယ်ဖတ်ပြီး ငါ သိသွားပြီလို့ လုပ်လို့ ရတာကိုး။ (ဆက်စပ်လို့ ပြောရရင် ကိုယ်တိုင်လည်း အဲ့လို တက်ကျမ်းစာအုပ်တွေ အုပ် ၃၀၀ နီးပါးလောက်ကို အကျဉ်းချုပ် ပြန်ရေးပေးရတဲ့ အလုပ် လုပ်ဖူးပါတယ်၊ ကိုယ်တိုင် ဂုဏ်ယူတဲ့ အလုပ်တော့ မဟုတ်ခဲ့ပါဘူး) nonfiction အရေးအသားတွေကတော့ ထားပါတော့၊ ဒါတွေက facts ပိုင်း ပိုများတာဆိုတော့။
ကဗျာတွေ၊ ဝတ္ထုတွေ ဒီလိုလူတွေ ရေးသားခဲ့ကြတဲ့ အရေးအသားတွေက အေအိုင်လောက်တော့ စင်းလုံးချော ကောင်းနေနိုင်မှာ မဟုတ်ပေမဲ့ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝ အတွေ့အကြုံတွေ၊ အတွေးတွေ အပေါ်မှာ မူတည်နေမှာပဲ။ စာဖတ်တယ်ဆိုတာ သူများအတွေ့အကြုံကို တခြားသူတွေ သိရအောင် လက်ဆင့်ကမ်းပေးတာလို့ ပြောကြတာမျိုးလည်း ရှိတယ်မလား။ သူတို့ ကြုံခဲ့ရတဲ့ အကောင်းအဆိုးတွေအပေါ်မှာ မူတည်ပြီး၊ သူတို့ အမြင်တွေအပေါ်မှာ မူတည်ပြီး ဖတ်ရတဲ့စာက ပိုအရသာ ရှိလာတာ၊ ပိုကောင်းလာတာမျိုးတွေပေါ့။
အေအိုင်က သိတယ်ဆိုတာက သူများတကာ ရေးဖူးတဲ့ စာပေါ်က အတွေးတွေ၊ သူ ရနိုင်သမျှ data တွေထဲမှာ လိုက်ရှာထားကြတာတွေကို သူ့စကားလုံးတွေနဲ့ ပြန်စီစဉ်၊ ဆက်စပ်ပြ၊ ပြန်ရေးပြတာမျိုးပဲ ရှိမှာ။ သူကိုယ်တိုင်က လူတစ်ယောက် မဟုတ်နေတဲ့အတွက်ကို လူတွေ ကြုံရတဲ့ ဘဝ အနိမ့်အမြင့်၊ စိတ်ကူးစိတ်သန်း၊ ခံစားချက်တွေကို ကိုယ်တိုင် နားလည်နိုင်မယ် မဟုတ်ဘူးလို့ ထင်တာပဲ။ ဒါမျိုး ရေးပေးပါလို့ ပြောရင် ကြက်တူရွေး စာအံသလို၊ သူသိထားတဲ့၊ train ထားတဲ့ ဒေတာတွေအပေါ် မူတည်ပြီး ပြန်ထုတ်ပြ၊ ရေးပြလာနိုင်မှာပဲ။
အဲဒါတွေကို ကိုယ့်ကို ဖတ်မလား လာမေးရင် မဖတ်ချင်ပါဘူး။ မသိရင်တော့ ဖတ်ရင် ဖတ်မိမှာပေါ့၊ သူ ရေးတဲ့အရေးအသားကို ကိုယ်ဖတ်တယ်ဆိုတာ ကိုယ်သိထားတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို မူတည်ပြီး ဖတ်ရတာဆိုတော့ မသိတဲ့အချိန်မှာ အဲ့လို အရေးအသားကို ကြိုက်ချင်လည်း ကြိုက်မိမှာပေါ့လေ။
အနည်းဆုံးတော့ ဒါက သူ ရေးလိုက်တဲ့ အတွေ့အကြုံ၊ ခံစားချက်ကို ကိုယ့်မှာ ရှိပြီးသား အတွေ့အကြုံနဲ့ ခံစားချက်တွေထဲ ထပ်ပေါင်းထည့်ပြီး ဖတ်ရတာဆိုတော့။ တဖက်လူကိုလည်း ကိုယ့်လို အားထုတ်မှုတစ်ခု ရှိထားမယ်ပဲ ထင်ထားမိတာဆိုတော့။
တကယ်ကျ အဲ့လို မဟုတ်ဘဲ ဘယ်သူက ဘာရေးပေးပါလို့ ပြောထားတဲ့အတိုင်း သူ ထုတ်ရေးပေးတာကြီးကို ဖတ်ပါဆိုရင်ကျ မဖတ်ချင်။ ထားပါတော့ နောက်ဆုံး ကုန်ကုန်ပြောရရင် ဘယ်အေအိုင်ကမှ စာရေးရတာ စိတ်ကုန်လာလို့၊ ဒါမှမဟုတ်လည်း သူ့ဘဝသူ စိတ်ကုန်လာလို့ ဟဲမင်းဝေးလို၊ ကာဝါဘတတို့လို၊ ဗာဂျီးနီးယားဝုဖ်တို့လို သူ့ကိုယ်သူ ပြန်အဆုံးစီရင်တာမျိုး ရှိလာမယ်လည်း မထင်ပါဘူး။ အောင်ချိမ့်လို တသက်လုံးရော၊ နောက်ဆုံး ကွယ်လွန်ခါနီးအချိန်ထိရော ကဗျာတွေ ရေးခဲ့တာမျိုး ရှိလာနိုင်မယ် မထင်ပါဘူး။
ကိုယ် တွေးမိတဲ့အမြင်က သူတို့ အရေးအသားတွေကို ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ကိုယ် ရွေးချယ်လို့၊ အတပ်ပြောလို့ မရတဲ့ အခြေအနေကနေ ကိုယ့်လက်ထဲမှာ ကိုယ့်အတွက် ခိုင်ခိုင်မာမာရှိတဲ့ "ငါတော့ ဖတ်မယ်၊ မဖတ်ဘူး" ဆိုတဲ့ ရွေးချယ်မှုဆီ ပြန်ရောက်အောင် ပြန်ဆွဲခေါ်မိသွားသလိုတော့ ဖြစ်နေမလား မသိ။
ဟိုတရက်က နိုင်ငံခြားမှာ ဝတ္ထုစာအုပ်တစ်အုပ် ထွက်လာတော့ ရေးတဲ့သူက အေအိုင်နဲ့ ရေးထားကြောင်း ပြောတယ်၊ (ဒါကလည်း ဘာသာစကား အသီးသီးမှာ ဒီလိုပဲ ထုတ်ရေးနေကြပါပြီ) အဲဒါကို မန့်ထားတဲ့ မန့်တွေထဲက တစ်ခုက "ရေးတဲ့သူတောင် သူကိုယ်တိုင် အားထုတ် မရေးနိုင်လို့ အေအိုင်ကို ရေးခိုင်းထားတဲ့ ကိစ္စကို ဖတ်တဲ့သူ ငါတို့ဘက်က ဘာလို့ အားထုတ်ပြီး ဖတ်နေရမှာလဲ" တဲ့။ သူ မန့်ထားတဲ့ မန့်က ကိုယ် တွေးမိသလိုမျိုးပဲ။ အဲဒါတွေကို ဘာလို့ အားထုတ်ဖတ်နေရမှာလဲလို့ပေါ့လေ။
ဘာသာပြန်တဲ့ကိစ္စတွေမှာလည်း တချို့ စကားလုံး အသုံးအနှုန်းတွေကို သူတို့ကို ရှင်းပြခိုင်းတာ၊ ဘာသာစကား တစ်ခုနဲ့ တစ်ခု အကြား အဟ ပိုနည်းလာအောင် သုံးတာ၊ ကိုယ့်အတွက် သိသင့်တဲ့ research လုပ်စရာတွေအတွက် သူတို့ကို ရှာခိုင်းတာကျ tool တစ်ခုလို သုံးတာဆိုတော့ တော်သေး။ အဲဒါတွေကို အစအဆုံး သုံးပြီး၊ ပြန်ရေးခိုင်းပြီး ဒီတိုင်း စာအုပ်ကြီး လုပ်ချတာကျ ရုပ်ပေါက်တာပေါ့လေ။ အဲဒါမျိုးထက်စာရင် အစကတည်းက ဘာမှ မရေးဘဲ နေတာက တော်ဦးမလားပဲ။
ဒါတွေက ကိုယ့်အမြင်ပါ။ တလက်စတည်း (ကို) မောင်ဒေးရဲ့ ကဗျာတစ်ပုဒ် (ဖော်လ်မယ်ဒီဟိုက်) ထဲက စာသားနဲ့ပဲ ခုပို့စ်ကို အဆုံးသတ်ရရင် ကောင်းမယ် ထင်တယ်။
"ကောင်းကင်မှာ နေ မရှိဘူး၊
ငါတို့ရဲ့ အဆုတ်ထဲမှာ လေ မရှိဘူး
ငါတို့မှာ နှလုံးသားတော့ ရှိတယ်၊
ပြီးတော့ အဲဒီ နှလုံးသားက အစစ်ကြီးပါ" တဲ့။
စာအရှည်ကြီး ဖတ်ပေးခဲ့ကြတာ ကျေးဇူးပါနော်။
- မိုးရဲ -
15/04/2026
သင်္ကြန်တွင်း ဘာစာတွေ ဖတ်ဖြစ်ကြလဲ မသိ။ ကျနော်က အရင် သင်္ကြန်မတိုင်ခင် ဝယ်ထားမိတဲ့ စာအုပ်တွေထဲက မဖတ်ရသေးတာတွေ၊ ပြန်ဖတ်ချင်တာတွေကို ဖတ်မိ။ အဓိက,ကတော့ ကမူးရဲ့ ဝတ္ထုတိုတွေကို သေချာ နောက်တစ်ခေါက် ပြန်ဖတ်ဦးမယ် ဆိုပြီးတော့။ အရင် စဖတ်ခဲ့တာက မြင့်သန်း ဘာသာပြန် ၂၀၁၉ လောက်တုန်းကပဲ။ အဲ့တုန်းက ဖတ်ခဲ့တုန်းက ဝတ္ထုတိုတွေ မပါသေးဘူး။ စာအုပ်နောက်ပိုင်းက အက်ဆေးတွေကိုပဲ ပိုဦးစားပေး ဖတ်ခဲ့တာ။ အဲဒါတွေကို ပိုကြိုက်ခဲ့တာ။ အဲ့ကနေ တီပါ့ဆာသို့ အပြန်လို အက်ဆေးမျိုးတွေကိုပါ ရှာမိရင်း ကိုယ့်ဘာသာ လိုက်ဘာသာပြန်မိသွားတာ။
ကမူး ရေးခဲ့တဲ့ ဝတ္ထုတိုတွေကို မယ်မယ်ရရ ပြောရမယ်ဆိုရင် Exile and the Kingdom စာအုပ်ထဲမှာ ပါတဲ့ ငါးပုဒ်ပဲ ရှိမယ်ထင်တယ်။ အဲ့ငါးပုဒ်ထဲကမှ တစ်ပုဒ်ကို ဆရာဇော်ဂျီက ပြန်ဖူး၊ နောက်တစ်ပုဒ်ကိုတော့ ခင်ဝမ်းနဲ့ ခင်မောင်ရင်က ပြန်ဖူး။ စာဖတ်ရင် အဲ့လို မူရင်းနဲ့ တိုက်ဖတ်တာတွေ ၊ ယှဉ်ဖတ်တာတွေ တစ်ခါမှ မလုပ်ဖူးဘူး၊ မကြိုက်ရင် မဖတ်ဘဲ နေတာက ပိုများပေမဲ့ ခုကျ စာအုပ်တွေလည်း ကိုယ့်ဆီ အသင့်ရှိနေတော့ တမင်တကာ တိုက်ဖတ်တာမျိုး မဟုတ်ပေမဲ့ လိုက်ကြည့်မိသွား။ ပြီးတော့ ဘာသာပြန်ထားတဲ့ ခုနှစ်တွေကို လိုက်ကြည့်ပြီး ဘယ်သူပြန်တာက ပိုစောတယ်ပေါ့လေ။
ဘာသာပြန်ရေးတာနဲ့ ပတ်သက်ရင် ကိုယ်က ပုံစံတစ်မျိုးတည်း ဆိုတာထက် ဒီလိုလည်း ရေးလို့ရ၊ ဟိုလိုလည်း ရေးလို့ ရတယ်လို့ လက်ခံတဲ့အထဲပါ။ တစ်မျိုးတည်းကြီး ဒီလိုပဲ ရေးမှ မှန်မယ်လို့ တွေးမိတဲ့အထဲ မပါ။ ကိုယ့်ကို အဲ့လို လာပြောလည်း မကြိုက်။ မူရင်းအရသာ မသွေဖယ်အောင် ဆိုတာက ဘာသာပြန်တဲ့သူရဲ့ ခံစားချက်နဲ့ သူ့အမြင်ပေါ် မူတည်ဦးမှာပဲ။ အဲ့မှာ ဆရာဇော်ဂျီ ဘာသာပြန်တဲ့ နိုဘယ်ဆုရ စာရေးဆရာတွေရဲ့ ဝတ္ထုတိုတွေ အမှာစာမှာ ဆရာ ရေးထားတာ သဘောကျ။ ဆရာက တစ်ပုဒ်ချင်းစီရဲ့ အစမှာ ရှင်းလင်းချက်၊ မှတ်ချက်လို သဘောမျိုးလေးတွေ ထည့်ရေးထားတာ။ အဲဒါကို စာအုပ် အမှာစာမှာ ရေးထားပုံက -
“သို့ရာတွင် မှတ်ချက်ကို ဧဝကန်စကားဟု မယူစေချင်ပါ။ မှတ်ချက်သည် မြန်မာပြန်သူ၏ ထင်မြင်ချက်မျှသာ ဖြစ်ပါသည်။ စင်စစ်မှာ စာရှုသူသည် စာကိုယ်ကို ဖတ်၍ မိမိ၏ ဉာဏ်ဖြင့် ချိန်ဆချင့်တွက်ရန်သာ ဖြစ်ပါသည်”
တဲ့။ ဒီဝတ္ထုတိုတွေကို ဆရာဇော်ဂျီ စပြန်ခဲ့တာက ၁၉၆၀ ခုနှစ်ကနေ စတာဆိုတော့ ဆရာ့အသက် ၅၀ ကျော် အရွယ်မှာပဲ။ ဒါပေမဲ့ ဆရာက သူပြောတာမှ အမှန်ဆိုတာမျိုး ထည့်မရေးဘူး။ ဒါက သူ့ရဲ့ ထင်မြင်ချက်ပါဆိုတာမျိုးပဲ ချင့်ချင့်ချိန်ချိန် ကြိုပြီး အမှာစာထဲမှာ ထည့်ရေးပေးထားတာ။ အဲဒါဖတ်ပြီး ကိုယ်ပြန်ရေးတဲ့ မဒဲရာ ပြဇာတ် ရှင်းလင်းချက်တွေထဲမှာ ငါ ရေးတာမှ အမှန် ဆိုတာမျိုး ပြောတဲ့ လေသံမျိုး ပါသွားမိသလား ပြန်တွေးမိ။ အဲဒါမျိုး ပါသွားမိရင်လည်း ရှက်စရာကောင်းမှာပဲ။
ထားပါတော့။ ကမူးစာအုပ်အပြင် နောက်ဖတ်မိတာ၊ လုပ်မိတာတွေက ကိုယ် မဖတ်ရသေးတဲ့ စာအုပ်တွေကို မှတ်စုတွေ လိုက်ထုတ်မိတာ။ မှတ်စုဆိုတာကလည်း ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ စာတစ်ပုဒ်၊ ဒါမှမဟုတ် စာအုပ်တစ်အုပ်ထဲမှာ ကိုယ် ဖတ်ချင်တာ၊ သိချင်တာ ပြန်ရှာရင် အလွယ်ရှာတွေ့အောင် လုပ်မိတာပဲ။
ဥပမာ အခု ဆရာမြသန်းတင့်ရဲ့ နိုင်ငံတကာခေတ်သစ်ဂန္ထဝင် ဝတ္ထုတိုများ စာအုပ်လိုပေါ့။ ဒီစာအုပ်ထဲမှာ ဘာသာပြန် ဝတ္ထုတိုပေါင်း ၇၇ ပုဒ် ပါတာ။ မူရင်း စာရေးသူနဲ့ ဝတ္ထုတိုနာမည်တွေကို တစ်ပုဒ်ချင်းစီရဲ့ အဆုံးမှာ ပြထားတော့ အဲဒါတွေကို ပြန်ကူးရေးပြီး သက်သက် မှတ်စု ထုတ်ထားလိုက်တာ။ ပြီးတော့ စာအုပ်နောက်ဘက်ထဲ တိတ်နဲ့ ကပ်ထားလိုက်တာပေါ့။ ကိုယ် ပြန်ရှာချင်တဲ့အခါကျ ဘယ်စာရေးဆရာတွေရဲ့ ဘယ်ဝတ္ထုတိုတွေ ဒီထဲ ပါသလဲဆိုတာ အလွယ်သိရအောင်ပေါ့။
အရင် သင်္ဘောပျက်များ စာအုပ် ထွက်လာတုန်းက စာရေးသူ တစ်ယောက်က ပြောဖူးတယ်။ ဝတ္ထု ဘာသာပြန်တွေမှာ မာတိကာ မလိုဘူးပေါ့လေ။ သူ ပြောတာလည်း ဟုတ်တယ်၊ တချို့ စာအုပ်တွေမှာက မူရင်းစာအုပ်ထဲမှာတောင် အခန်းတစ်၊ အခန်းနှစ်ဆိုပြီး မာတိကာ မပါတာ၊ မထည့်ထားတာမျိုး။ ဒါမဲ့ ကိုယ်က ထည့်တယ်။ ထည့်တယ်ဆိုတာကလည်း စောစောက ကိုယ်ဖတ်နေရင်း မှတ်စု ထုတ်နေသလို စာဖတ်သူက သူ လိုချင်တာ ပြန်ရှာရင် မြန်မြန်၊ လွယ်လွယ် ရှာလို့ ရအောင် ထည့်ထားမိတာ။
ဥပမာ နောက်ထပ်မိုရီဆာကီ စာအုပ်ထဲက တာကကိုတစ်ယောက် သူ့အလုပ်က လူ (ဝါဒါ နံပါတ်နှစ်) နဲ့ အဆင်မပြေ ဖြစ်ရတဲ့အခန်းဆိုပါတော့။ အဲ့နေရာကို ပြန်ဖတ်ချင်တဲ့သူက ပါတဲ့ အခန်းကို မှတ်ထားပြီး နောက်ကျ မာတိကာကနေ အဲ့အခန်း စာမျက်နှာကို အမြန်ပြန်ရှာပြီး ဖတ်လို့ ရတယ်လေ။ ဖတ်တဲ့သူအတွက် ပိုမြန်၊ ပိုလွယ်စေချင်လို့ ထည့်တာမျိုးပါ။ မင်းလိုအပ်ရင် ကိုယ့်ကိုခေါ် စာအုပ်ဆိုလည်း မူရင်း ဝတ္ထုတို ခေါင်းစဉ်တွေကို မာတိကာမှာကတည်းက ပြထားပေးတာမျိုးပေါ့။ မာတိကာ ကြည့်တာနဲ့ ဒီထဲမှာ ဘယ်အပုဒ်တွေပါတယ်လို့ တန်းသိနိုင်တာမျိုးပေါ့။
ဒီအတိုင်းပဲ စာဖတ်တဲ့သူအတွက်တော့ ဒါမျိုးတွေ လုပ်ထားတာက သူတို့ သတိတောင် ထားမိချင်မှ ထားမိကြမှာပဲ။ ဒါမဲ့ ကိုယ့်လိုမျိုး မှတ်စုထုတ် ဖတ်ချင်ကြသူတွေအတွက်၊ ကိုယ်ရေးထားတာထက် ပိုပြီး သိချင်၊ လေ့လာချင်ကြတဲ့သူတွေအတွက် ဒါမျိုး လုပ်ပေးထားတာက ပိုအဆင်ပြေမယ် ထင်မိလို့ပါ။ နောက်ကျရင် ကိုယ်တွေထက် ပိုတော်တဲ့ စာရေးဆရာတွေလည်း ပေါ်လာနိုင်သေးတာပဲ။ သူတို့အတွက် ဒါမျိုး လုပ်ပေးထားတာက ပိုအဆင်ပြေနိုင်မလားပဲ။
ချုပ်ပြောရရင်တော့ ကိုယ် စာတွေ ပြန်နေတယ်၊ ရေးနေတယ်၊ စာအုပ်တွေ လုပ်နေတယ် ဆိုတာကလည်း အဲ့လို သဘောမျိုး အခြေခံထားတယ် ဆိုတာပါ။ ဘယ်လိုလုပ်မှ မှန်တယ် ဆိုတာထက် ဘယ်လိုလုပ်ထားရင် ဖတ်တဲ့သူ၊ ပိုသိချင်ကြတဲ့သူတွေအတွက် ပိုအဆင်ပြေနိုင်မလဲဆိုတဲ့ ကိုယ်တွေးမိတဲ့အပေါ်မှာပဲ အများဆုံး မူတည်တာ။ အပြင်က ဘယ်လိုပုံစံရှိတယ် ဆိုတဲ့ စံနှုန်းတွေထက် ကိုယ့်အတွေးနဲ့ကိုယ် အဆင်ပိုပြေစေချင်တာက ပထမဦးစားပေး ဆိုတာ။ ဥပမာ မူရင်း ဘာသာစကားကနေ အင်္ဂလိပ်ဘာသာပြန်ထားတဲ့သူတွေအကြောင်း ထည့်ပြောထားတာမျိုး၊ တတ်နိုင်သမျှ မူရင်းခေါင်းစဉ်နာမည်တွေပါ ရှာထည့်ထားတာမျိုးတွေပေါ့။
ရေးတာလည်း စာအရှည်ကြီး ဖြစ်သွားပြီ။ ဖတ်ပေးတာ ကျေးဇူးပါနော်။ အဲ့လို ကိုယ် ဖတ်နေတာတွေ၊ ဖတ်ဖြစ်နေတာတွေနဲ့ တွေးမိတာတွေကို ပေ့မှာ လာတင်တာပါ။
စာအုပ်တွေ အများကြီး ဖတ်နိုင်ကြပါစေ ။ ။
- မိုးရဲ -
ဧပြီ ၂၀၂၆
04/04/2026
ကိုယ်တို့တတွေက ချစ်ခြင်းမေတ္တာ၊ အလိုဆန္ဒတို့နဲ့ ကြုံတွေ့နိုင်ဖို့အတွက် ဦးတည်လျှောက်နေကြတယ်။ သင်ခန်းစာတွေ၊ ကြီးမြတ်ဖို့အတွက် လိုအပ်တဲ့ ခါးသက်တဲ့ ဒဿန အတွေးအခေါ်တွေကို ကိုယ်တို့က ရှာဖွေချင်ကြတာ မဟုတ်ပါဘူး။ ဟောဒီနေရာမှာ နေမင်းကြီးရယ်၊ ကိုယ်တို့ရဲ့ အနမ်းတွေရယ်၊ မြေကြီးရဲ့ အရိုင်းဆန်တဲ့ ရနံ့တွေက လွဲလို့ အရာအားလုံးက အချည်းနှီးဖြစ်နေကြသလိုမျိုးပါပဲ။
(အယ်လ်ဘတ်ကမူး ရေးသားထားတဲ့ တီပါ့ဆာ့မှ လက်ထပ်မင်္ဂလာ (Nuiptals in Tipasa ) အက်ဆေးထဲကနေ ကောက်နုတ်ထားတာပါ။ ပုံကတော့ ကမူးနဲ့ သူနဲ့ ချစ်ကျွမ်းဝင်ခဲ့ဖူးတဲ့ စပိန်-ပြင်သစ်နွယ်ဖွား သရုပ်ဆောင် မင်းသမီး Maria Casares တို့ရဲ့ ပုံပါ။)
- မိုးရဲ -
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon