Devoship Journal
Myanmar Christian Journal Devoship Journal is one of the Myanmar Christian Journal started in COVID-19 period.
15/01/2026
သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM
ဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့
၁၅၉၇
ဖေဖော်ဝါရီလ ၅ ရက်၊ ကွပ်မျက်မည့်နေ့ မနက်ခင်းတွင် တီရာဇာဝါ ဟာဇာဘူရိုသည် သူ့ငယ်သားများ လက်ဝါးကပ်တိုင်ကို ပြင်ဆင်နေစဉ်တွင် မြို့ပြင်ရှိ ဂျုံခင်းသို့ တရွေ့ရွေ့ လျှောက်သွားလာသည်။ အချိန်မှာ ဆယ်နာရီဝန်းကျင် ဖြစ်သည်။ မြူများကျနေသည့် မနက်ခင်းတွင် ကွပ်မျက်မည့်သူကို လာရောက်ကြည့်ရှုရန်ရောက်လာသော ပရိသတ်မှာလည်း ရောက်လာကြပြီဖြစ်ပြီး နာဂါဆာကီကို အုပ်မိုးထားသည့် ကွန်ပီရာတောင်ဘက်မှ မိုးခြိမ်းသံမှာလည်း ခပ်လှမ်းလှမ်းမှ ခြောက်ခြားဖွယ်ကောင်းအောင် ထွက်ပေါ်လာနေသည်။
တီရာဇာဝါသည် အုပ်ချုပ်ရေးမှူး၏ ညီဖြစ်သောကြောင့် ကွပ်မျက်မှုတွင် အဓိကတာဝန်ယူရသော်လည်း ဤအလုပ်ကို မနှစ်သက်ပေ။ ကွပ်မျက်ခံရမည့် ပေါလ် မီကီသည် သူ၏ မိတ်ဆွေရင်းတဦးဖြစ်သည့်အပြင် ၎င်း၏ တရားဟောချက်များကိုလည်း မကြာခဏ နားယူလေ့ရှိသည်။ တိုက်ကိုဆာမာကို ကြောက်ရွံ့သောကြောင့်သာ ကွပ်မျက်ရမည့် အစီအစဉ်ကို လက်ခံလိုက်ရခြင်းဖြစ်သည်။ သို့သော် တီရာဇာဝါ၏ စာနာမှုဖြင့် အကျဉ်းသားများ မကွပ်မျက်မီ ဝတ်ပြုခြင်းအမှုပြုနိုင်ရန် ယေရှုဂိုဏ်းဝင် ဘုန်းတော်ကြီးနှစ်ပါးကို ခွင့်ပြုလေသည်။
ဆယ်နာရီခွဲခန့်တွင် စောင့်မျှော်နေသော လူတန်းကြီးသည် ကွပ်မျက်ရာ လွင်ပြင်တွင် ပြည့်နှက်စုရုံးလာသည်။ စစ်သားများသည်လည်း လူအုပ်ထဲမှ အတင်းတွန်းတိုက်သွားကြသည်။ တီရာဇာဝါသည် ကွပ်မျက်ခံရမည့် အကျဉ်းသားများကို အာရုံစိုက်ကာ ကြည့်ရှုနေသည်။ အကျဉ်းသားများ၏ လက်များကို စည်းနှောင်ထားသည်။ ခြေထောက်များသည်လည်း သွေးထွက်သံယိုဖြစ်ကာ ပေါက်ပြဲနေသည်။ ဆီးနှင်းကြားတွင် သွေးရောင်သန်းနေသော ခြေရာများမှာ နောက်တွင် ထင်ကျန်လျက်။ အကျဉ်းသားအများစုမှာ ဖြူဖျော့ပိန်လှီနေသည်။ အကျဉ်းသားများကို အုပ်စုသုံးခုခွဲကာ အုပ်စုတခုစီတွင် ဖရန်စစ္စကန်ဘုန်းတော်ကြီးတပါးစီက ရှေ့မှဆုတောင်းရင်း ရှေ့ဆက်ကြသည်။ ရုပ်ပိုင်းဆိုင်ရာအရ နွမ်းနယ်သည့် လက္ခဏာများကို ဖော်ပြနေသော်လည်း ၎င်းတို့၏မျက်နှာများတွင်မူ ရွှင်ပြနေသော၊ စိတ်အားထက်သန်နေသော အမူအရာများဖြစ်နေ၍ တီရာဇာဝါ နားမလည်နိုင်ဖြစ်နေသည်။
ဂွန်ဇိုလို ဂါစီယာ ရောက်လာချိန်တွင် အကျဉ်းသားများကို ဆုတောင်းဝတ်ပြုပေးရန် ရောက်ရှိသည့် ယေရှုဂိုဏ်းဝင် ဘုန်းတော်ကြီး ဖရန်စစ် ရိုဒရီဂွက် ပင်တိုကို နှုတ်ဆက်ရန် ရှေ့သို့ တက်လာသည်။ "အင်္ဂါချင်းတို့၊ ဘုရားသခင် သင်တို့နဲ့အတူ ရှိပါစေ။ ဒီနေ့မှာ အထက်ကောင်းကင်ရွှေနန်းကို သွားတော့မယ်။ ဂွန်ဇာလက်စ်ဘုန်းတော်ကြီးကိုများ နောက်တကြိမ် တွေ့ဆုံခဲ့ရင် ကျွန်ုပ်ကိုယ်စား ပွေ့ဖက်ပေးပါ။” ပြီးနောက်တွင် ဘရာသာ ဂါစီယာသည် အနီးရှိ လက်ဝါးကပ်တိုင်ဘက်သို့ မျက်နှာမူလိုက်လိုက်သည်။ “ဒါ ကျွန်ုပ်ဟာလား?” ဟု စစ်သားတဦးအား မေးလိုက်သည်။ မဟုတ်။ စစ်သားသည် ခပ်လှမ်းလှမ်းရှိ နေရာတခုဆီသို့ ထပ်မံခေါ်ဆောင်သွားသည်။ ခေါ်ဆောင်ရာသို့ ရောက်ချိန်တွင် ဂါစီယာသည် ဒူးထောက်၍ လက်ဝါးကပ်တိုင်ကို ပွေ့ဖက်လိုက်သည်။
အပိုင်း (၁၀) ဆက်ရန်
#ဘာသာပြန်_စာပေ #ခရစ်ယာန်စာပေ
24/12/2025
ခရစ္မမတ် ဝေစာ (ကဗျာ)
Print ထုတ်ကာ ဝေစာဝေလိုပါက
09256116162 (Viber)
သို့မဟုတ် Messenger box ကို ဆက်သွယ်နိုင်ပါတယ်
#ခရစ္စမတ်_ဝေစာ
11/12/2025
အမေ့အိမ်အလွမ်း
ခရစ္စမတ်ကာလသည် ကမ္ဘာတဝန်းလုံး ပျော်ရွှင်ခြင်း၊ ဆုတောင်းခြင်းနှင့် မိသားစုများ ပြန်လည်ဆုံဆည်းခြင်းတို့ဖြင့် ပြည့်နှက်နေသည့် အချိန်အခါ ဖြစ်ပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ချစ်ရသောသူများနှင့် ဝေးကွာနေရသူများ၊ အမေ့အိမ်အလွမ်း ဓာတ်ခံရှိနေသူများအတွက်မူ ဤပွဲတော်ကာလသည် ရင်ထဲတွင် လွမ်းဆွတ်ခြင်း၊ အထီးကျန်ခြင်းဟူသည့် ခံစားချက်ကိုလည်း တပြိုင်နက် သယ်ဆောင်လာတတ်ပါသည်။ ဤသို့ ရင်ထဲမှာ ဟာတာတာနှင့် တခုခု လိုနေသလို ခံစားနေရသော ညီအစ်ကိုမောင်နှမများအတွက် သခင်ဘုရား၏ နှစ်သိမ့်ခြင်းစကားတော်ကို ခံယူကြပါစို့။
ဘုန်းတော်ကို စွန့်ခွာခဲ့သူ
ကျွန်ုပ်တို့၏ မြေကြီးအိမ်ကို လွမ်းဆွတ်စိတ်နှင့် ဝေးကွာနေရခြင်းကို အပြည့်အဝ နားလည်နိုင်သူမှာ သခင်ယေရှုခရစ်တော်ကိုယ်တိုင်ပင် ဖြစ်ပါသည်။ ကိုယ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအိမ်တော်ကို စွန့်ခွာပြီး၊ ကျွန်ုပ်တို့ကဲ့သို့သော လူသားများနှင့် အတူရှိရန် နှိမ့်ချစွာ ဤယာယီကမ္ဘာမြေသို့ မွေးဖွားခြင်း ခံယူခဲ့ရသူ ဖြစ်ပါသည်။
ဗက်လင်မြို့၏ တည်းခိုခန်းမရှိသည့် ည၊ အစာခွက်ထဲတွင် မွေးဖွားရသည့် အဖြစ်သည် ခမည်းတော်နှင့် ခဏတာ ဝေးကွာခြင်း၊ ဘုန်းအသရေကို စွန့်လွှတ်ခြင်းဟူသည့် အဓိပ္ပာယ်ကို ဖော်ပြနေပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ အိမ်လွမ်းစိတ်၊ လမ်းပျောက်နေသလို ခံစားရခြင်းတို့ကို နားလည်ကာ၊ ထိုခံစားချက်များမှ ကျွန်ုပ်တို့ကို ရွေးနှုတ်ကယ်တင်ရန် အိမ်နှင့်ဝေးသည့် လမ်းကို ဦးစွာ လျှောက်လှမ်းခဲ့သူ ဖြစ်ပါသည်။
ထာဝရအိမ်တော်၏ ကတိတော်
ကျွန်ုပ်တို့၏ ဤမြေကြီးပေါ်က 'အိမ်လွမ်းခြင်း' ခံစားချက်သည် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်က အမှန်တကယ် ထာဝရအိမ်တော်ကို တမ်းတနေခြင်း၏ သက်သေပင် ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဤလောကတွင် အမြဲနေထိုင်ရန် ဖန်ဆင်းထားခြင်းမဟုတ်ဘဲ၊ ကိုယ်တော်နှင့်အတူ ထာဝရအသက်ရှင်ရန် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။
သခင်ယေရှုက "သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။" (ယောဟန် ၁၄:၂-၃) ဟု ရှင်းရှင်းလင်းလင်း ကတိပြုခဲ့ပါသည်။
ခရစ္စမတ်သည် ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အတွက် အမေ့အိမ်၏ နွေးထွေးမှုထက် သာလွန်သော၊ ထာဝရခမည်းတော်၏ မေတ္တာနှင့် ပြည့်စုံသည့် အိမ်တော်တခု ရှိနေကြောင်း အာမခံချက်ပေးသော နေ့ရက် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤကမ္ဘာမြေပေါ်က ယာယီခရီးသည်များ ဖြစ်သည်ကို သတိရပါ။
ယနေ့ ည ခရစ္စမတ်ကာလတွင် အိမ်နှင့်ဝေးနေသူ၊ စိတ်အားငယ်နေသူ အားလုံးကို ကွယ်ကာနှစ်သိမ့်ပေးတော်မူပါ အဖဘုရား။
အို အဖဘုရား၊ ကျွန်ုပ်တို့၏ လွမ်းဆွတ်စိတ်ဖြင့် မျက်ရည်ကျသံကို ငဲ့စောင်းကြည့်ပါ။ ကိုယ်တော်သည် ငြိမ်သက်ခြင်းအရှင်ဖြစ်ပါသည်။ ကိုယ်တော်၌ ခိုလှုံသူသည် လုံခြုံခြင်းအခွင့်ကို ရရှိပါသည်။ ကိုယ်တော်၏ ကျွန်ုပ်တို့၏ အိမ်ဖြစ်ပါသည်။ ကိုယ်တော်၏ ဖွားမြင်ခြင်းအားဖြင့် ခံစားရသော ငြိမ်သက်ခြင်း ဆုကျေးဇူးမင်္ဂလာ၊ ပျော်ရွှင်ခြ မင်္ဂလာအပေါင်းတို့သည် ကျွန်ုပ်တို့၏ ဝိညာဉ်ကို မြဲမြံစေပါသော်။ သခင်ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
#အမေ့အိမ်အလွမ်း
10/12/2025
ခရစ္စမတ်ခေါင်းလောင်းသံ
ခရစ္စမတ်လရဲ့ အေးမြတဲ့လေညင်းနဲ့အတူ ကြားနေရတဲ့ ခေါင်းလောင်းသံဟာ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်ပါသလဲ။ ရင်ထဲမှာ ငြိမ်းချမ်းခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ဖိတ်ခေါ်နေတဲ့ ဒီအသံဟာ ရိုးရိုးပွဲတော်အသံမဟုတ်ဘဲ၊ ကမ္ဘာမြေကို ဘုရားသခင်ရဲ့မေတ္တာတော် ဆင်းသက်လာကြောင်း ကြေညာနေတဲ့ ဝိညာဉ်ရေးရာ ပဲ့တင်သံပဲ ဖြစ်ပါတယ်။ ဤခေါင်းလောင်းသံတိုင်းဟာ ကျွန်ုပ်တို့အတွက် ဘုရားရှင်ရဲ့ မကြုံစဖူးသော စွန့်လွှတ်အနစ်နာခံမှုကို အမြဲသတိပေးနေပါသည်။
လူသားအားလုံးအတွက် အကြီးမြတ်ဆုံးသောသတင်းကောင်းကို ကောင်းကင်တမန်က "လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။" ရှင်လုကာခရစ်ဝင်ကျမ်း ၂:၁၀-၁၁ မှာ ကြေညာခဲ့ပါတယ်။ ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူပြီး ကျွန်ုပ်တို့ကြားမှာ နေထိုင်ခဲ့တဲ့အတွက်၊ အထီးကျန်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတို့ကြားမှာ မျှော်လင့်ခြင်းအသစ်ကို ပေးစွမ်းခဲ့ပါတယ်။ ခေါင်းလောင်းသံတွေဟာ ကောင်းကင်ဘုံနဲ့ မြေကြီးဆက်သွယ်သွားတဲ့ ဒီအံ့ဖွယ်ဖြစ်ရပ်ကို ဂုဏ်ပြုနေကြခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ကို ချစ်လွန်းလို့ ကိုယ်တော်တိုင် ဆင်းကြွလာတယ်ဆိုတဲ့ အသက်တာကို ပြောင်းလဲစေနိုင်တဲ့ အမှန်တရားကို ခရစ္စမတ်ခေါင်းလောင်းသံက အမြဲထပ်လောင်း အတည်ပြုပေးနေခြင်းဖြစ်ပါတယ်။
ဒီဇင်ဘာရဲ့ ဘဝခရီးကြမ်းမှာ ခရစ္စမတ်ရဲ့ အပြင်ပန်း ဆူညံခြင်းထက် ဘုရားသခင်ပေးတဲ့ ငြိမ်သက်ခြင်းကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးထဲမှာလည်း ငြိမ်သက်ခြင်း ကျေးဇူးတော်ရဲ့ ခေါင်းလောင်းသံကို ကြားနိုင်ဖို့ ဆန္ဒပြုရပါမယ်။ အမှန်တကယ် ခရစ္စမတ်စိတ်ထား ရှိတယ်ဆိုရင် ခရစ်တော်ပေးသနားတော်မူတဲ့ မေတ္တာတော်ကို အခြားသူတွေကို ဆက်လက်ဖြန့်ဝေရပါမယ်။ ခွင့်လွှတ်ခြင်း၊ ဖေးမကူညီခြင်းတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့သားသမီးတွေအနေနဲ့ ခရစ်တော်ရဲ့ ကယ်တင်ခြင်းသတင်းကောင်းကို ကြားပြောရမှာဖြစ်ပါတယ်။
မေတ္တာရှင် အဖဘုရား... ခရစ္စမတ်ရဲ့ အလှတရား၊ ခေါင်းလောင်းသံနဲ့ သင့်ရဲ့ အံ့ဖွယ်ကယ်တင်ခြင်းတို့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးဟာ ကိုယ်တော်ရဲ့ မွေးဖွားခြင်းသတင်းကြောင့် အမြဲတမ်း ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ခံစားနေရပါစေ။ ကျွန်ုပ်တို့ကြားမှာ ပဲ့တင်ထပ်နေတဲ့ ခေါင်းလောင်းသံကဲ့သို့ ကျွန်ုပ်တို့ရဲ့ အသက်တာကို အခြားသူတွေအတွက် ချစ်ခြင်းမေတ္တာပြနိုင်ဖို့ လမ်းပြပေးနိုင်တဲ့သူ ဖြစ်စေပါအဖ။ သခင်ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
#ခရစ္စမတ်ခေါင်းလောင်းသံ
09/12/2025
အကောင်းဆုံး လက်ဆောင်ထုပ်လေးလို ဖွင့်ကြည့်ရမယ့်
ဒီနှစ်ရဲ့ အနွေးထွေးဆုံး ခရစ္စမတ် ပျော်ရွှင်မှုတွေကို ရယူလိုက်ပါ
ဟေး... ဒီဇင်ဘာလရဲ့ အေးစက်စက် လေညှင်းလေးတွေ တိုက်ခတ်လာပြီဆိုတော့ ခရစ္စမတ်အချိန် ရောက်လာပြီနော်။ လမ်းမပေါ်မှာ မီးရောင်စုံလေးတွေ တဖျတ်ဖျတ်လက်၊ ချိုသာတဲ့ သီချင်းသံလေးတွေ ကြားရတော့ တကယ်ကို စိတ်ကြည်နူးစရာကောင်းတယ်။
အိမ်တိုင်းမှာ ခရစ္စမတ်သစ်ပင်လေးတွေ တည်ဆင်နေကြပြီ။ ကိုယ်တို့ရဲ့ နှလုံးသားထဲမှာလည်း ပျော်ရွှင်စရာ ခံစားမှုအပြည့်နဲ့ နွေးထွေးနေပြီပေါ့။
ခရစ္စမတ်ဆိုတာ လက်ဆောင်ပစ္စည်းတွေ ဖလှယ်တာထက် ပိုပါတယ်။
အဲဒါဟာ မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာတရားကို ဝေမျှပေးဖို့ အကောင်းဆုံး အချိန်လေးပါ။
ဒီနှစ်ရဲ့ အကောင်းဆုံး ခရစ္စမတ်သတင်းကောင်းက ဘာလဲသိလား။
အဲဒါက ပျော်ရွှင်မှုဟာ ကိုယ်တို့ရဲ့ အနီးဆုံးမှာ အမြဲရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။
ဒီလို အားလပ်ရက် အချိန်အခါမျိုးမှာ ကိုယ့်အနားက ချစ်ရတဲ့သူတွေကို ပိုပြီး အချိန်ပေးကြည့်ပါ။
အလုပ်များနေတဲ့ကြားကနေ ဖုန်းလေးတစ်ချက်ခေါ်ပြီး "ချစ်တယ်နော်" လို့ ပြောကြည့်ပါ။
အရင်က အမှတ်တရတွေ များခဲ့ဖူးတဲ့ သူငယ်ချင်းဟောင်းလေးတွေကို သတိရပေးပါ။
ခရစ္စမတ်ရဲ့ အနှစ်သာရဟာ ပေးကမ်းခြင်းဖြစ်သလို၊ ကိုယ့်ရဲ့ စေတနာနဲ့ ချစ်ခြင်းမေတ္တာကို ပေးဆပ်ခြင်းက အကောင်းဆုံး လက်ဆောင်ဖြစ်ကြောင်း ယုံကြည်စေချင်ပါတယ်။
ကိုယ့်ရဲ့ ရိုးသားတဲ့ မေတ္တာစကားလေး တခွန်းဟာ တဖက်လူအတွက် ကြီးမားတဲ့ အားအင်နဲ့ နွေးထွေးမှုကို ဖန်တီးပေးနိုင်ပါတယ်။
ကဲ... ကိုယ့်ဘဝရဲ့ အနွေးထွေးဆုံး၊ အချိုမြိန်ဆုံး ခရစ္စမတ် အမှတ်တရတွေကို အတူတူ ဖန်တီးလိုက်ရအောင်နော်။
ခရစ္စမတ်ရဲ့ အလင်းရောင်နဲ့ ငြိမ်းချမ်းရေးက ကိုယ့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း တောက်ပနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ပျော်ရွှင်စရာ ခရစ္စမတ်ပွဲတော်လေး ဖြစ်ပါစေ။
#မေတ္တာမီးအိမ်_ထွန်းညှိကာ_နှလုံးသားများ_နွေးထွေးစေပါ
06/12/2025
သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM
ဗာနဗသည် အများအကြိုက် လိုက်သူမဟုတ်ပေ။ ခေတ်ရေစီးအတိုင်း အလျင်းသင့် မြောပါသော စိတ်ဓာတ်လည်း ရှိသူမဟုတ်ပေ။ သူ၏ လှော်တတ်ဖြင့် ကိုယ်ပိုင်ရွက်လှေကို လှော်ခတ်သူဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ရေစီးကြောင်းထဲသို့ ရောက်ရှိအောင် လှော်ခတ်သူဖြစ်လေသည်။ သာသနာခရီးအတွက်ဆိုလျှင် တကိုယ်တည်း
ရုန်းကန်နေရလျှင်ပင် နောက်မဆုတ်တမ်း လှော်ခတ်သူ ဖြစ်သည်။ သူ၏ ဘဝရပ်တည်ချက်သည် အတိတ်ဖြစ်ရပ်များပေါ်တွင် အခြေခံထားခြင်းမရှိဘဲ နှလုံးသားမှ စီးကျလာသော သက်သေခံချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မည်မျှ ကိုက်ညီမှုရှိသည် ဆိုခြင်းအပေါ်တွင်သာ မူတည်လေသည်။ အခြားသူများ၏ အမြင်တွင် လမ်းပျောက်သူ၊ ရန်ဘက်အဖြစ် ရှုမြင်သည့်အခါတွင်လည်း ဗာနဗသည် အားပေးတိုက်တွန်းမှု လိုအပ်နေသော ခရစ်တော်၌ ညီအစ်ကို၊ မောင်နှမအနေဖြင့်သာ ရှုမြင်သည်။ ဗာနဗသည် အပယ်ခံများဘက်တွင် ရပ်တည်၍ခြင်းအားဖြင့် သူတို့၏ ကိုယ်ပိုင်ဘဝတွင် ပိုမို အံ့ဩကြီးမားဖွယ်သော အရာများကို သိမြင်နိုင်ရန်လည်း အားပေးထောက်မတတ်လေသည်။
မိမိကိုယ်ကို အရည်အသွေးမြှင့်တင်ခြင်းဖြင့် အောင်မြင်မှုကို ဆွတ်ခူးနေသော ကမ္ဘာကြီးတွင် ဗာနဗကဲ့သို့ ပုဂ္ဂိုလ်များမှာ များမည်မထင်။ ကျွန်ုပ်တို့ထဲမှ မည်သူသည် မိမိကိုယ်တိုင်ထက် ပိုမိုကြီးမားသော အရေးအရာများကို ဆောင်ရွက်ရန် အနီးဝန်းကျင်ရှိ အခြားသူများကို ကူညီမစရန်နှင့် ခရစ်တော်၏ ဒေသနာများအား လိုက်နာကျင့်သုံးသောကြောင့် လူကြိုက်နည်းသူနှင့် မိတ်ဆွေဖွဲ့ရန် ဆန္ဒရှိပါမည်နည်း။
သင်တို့သည် သမ္မာတရားကိုနာခံခြင်းအားဖြင့် သင်တို့၏စိတ်ဝိညာဉ်များကို သန့်ရှင်းစင်ကြယ်စေပြီး ဟန်ဆောင်မှုကင်းသည့် ညီအစ်ကိုချင်းချစ်သောမေတ္တာကိုရရှိကြသည်ဖြစ်၍ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းခိုင်မြဲစွာချစ်ကြလော့။
(၁ ပေတရု ၁း၂၂)
အပိုင်း (၇) ဆက်ရန်
#ဘာသာပြန်_စာပေ #ခရစ်ယာန်စာပေ
Click here to claim your Sponsored Listing.
Devoship Journal
ပါရုံ (Vision)
ကလောင်စွမ်းရည်ဖြင့် ခရစ်တော်၏တိုင်းနိုင်ငံအကြောင်းအား သိရှိစေရန်
ရည်ရွယ်ချက် (Mission)
၁။ ၀ိညာဉ်သဘောရှိသော၊ လက်တွေ့ကျသော၊ ခံစားနားလည်နိုင်သော ခရစ်ယာန်စာစောင် ဖြစ်ထွန်းရေး
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |