Naing Family
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Naing Family, Legal Service, Yangon.
09/12/2021
မြေခွန်ပြေစာပြပြီး မြေအရောင်းအဝယ် ပြုနေမှုများ၊ အွန်လိုင်းမှာတင် မြေခွန်ပြေစာပြ ရောင်းဝယ် နေမှုများ တွေ့နေရပါတယ်။ မစိစစ်ပဲ ဝယ်မိလို့ အရှုပ်အရှင်း ဖြစ်လာရင်တော့ ရှင်းကြ၊ ဆုံးရှုံးကြ၊ တရားရင်ဆိုင် ကြရမှာပါ။ မြေခွန်ပြေစာ တွေမှာ အသုံးများတာ သုံးမျိုးလောက်ပဲ ရှိပါတယ်။ လယ်ယာမြေ မြေခွန်ပြေစာ၊ ရေခွန်ပြေစာနဲ့ မြို့မြေ မြေခွန်ပြေစာတို့ ဖြစ်ပါတယ်။ ဒီထဲမှာ မြေခွန်ပြေစာနှစ်မျိုးကို တင်ပြပါမယ်။ လယ်ယာမြေ အတွက် အများအခေါ် (ပုံစံ ၈)၊ မြို့မြေ အတွက် (ပုံစံ ၁) တို့ဖြစ်ပါတယ်။ ပြေစာရဲ့ ဘယ်ဘက် အပေါ်ထောင့် ကိုကြည့်ပါ။ လယ်ယာမြေ အတွက် (မြေစာရင်း ၈ မြေခွန်ပြေစာ LR.😎 နဲ့ မြို့မြေအတွက် (မြေခွန်ပုံစံ ၃/ ပြေစာ ၁ Receipt.I ) ပုံစံနမူနာပူးတွဲ တင်ပြထား ပါတယ်။ ရောင်းဝယ်ရင် မြေခွန်ပြေစာ တွေထဲက ဘယ်ပြေစာကိုပဲ ပြပြ၊ မြေခွန် ပြေစာလေးကြည့်ပြီး မဝယ်ပါနဲ့၊ ပြေစာပြရင် ပိုင်ဆိုင်မှု ပြခိုင်းရပါမယ်၊ ဒါက ဝယ်ယူသူရဲ့ အခွင့်အရေးပါ၊ လယ်ယာမြေဆိုရင် (ပုံစံ ၇) ရှိရပါမယ်၊ (ပုံစံ ၇)ရှိမှ ရောင်းဝယ်ခွင့် ရှိတယ်လို့ ဥပဒေမှာ အတိအလင်း ပြောထား ပါတယ်၊ ဝယ်ရင် လယ်ယာမြေ တည်ရှိတဲ့ ကျေးရွာ လယ်စီရှေ့မှောက်မှာ စာချုပ် ချုပ်ဆိုပါ၊ ချုပ်ဆိုထားတဲ့ စာချုပ်ကို သက်ဆိုင်ရာ မြို့နယ် မြေစာရင်းဦးစီး ဌာနမှူးရုံးမှာ တင်ပြပြီး မှတ်ပုံတင်ပြု လုပ်ရောင်းဝယ်ပါ။ (ပုံစံ ၇)ရအောင် လျောက်ထား ရယူဖို့ကလည်း မူလပိုင်ရှင်ရဲ့ တာဝန်ပါပဲ။ ၂၀၁၂ လယ်ယာမြေ ဥပဒေပြဌာန်းပြီး နောက်ပိုင်း (ပုံစံ ၇) တွေထုတ်ပေးခဲ့ ပါတယ်၊ အခု ၂၀၂၁ ကုန်တော့မယ်၊ ဒီ (၉) နှစ်အတွင်း (ပုံစံ ၇) ရနေရမှာကို ခုချိန်ထိမရှိသေးဘူး ဆိုရင် စဉ်းစားစရာပေါ့။ အကြောင်းအမျိုးမျိုး ရှိနိုင်ပေမဲ့ ဌာနတွေကလည်း ရှင်းရှင်းလင်းလင်း ရှိတဲ့ လယ်ယာမြေကို (ပုံစံ ၇) မပေးပဲ မနေပါဘူး။ ရှိခဲ့ရင်တောင် အနည်းစုပဲ ဖြစ်ပါမယ်၊ (ပုံစံ ၇) မရသေးဘူး ဆိုထဲက အကြောင်းတော့ ရှိနေပြီပေါ့။ ဒီအချက်နဲ့တင် ဝယ်ယူမယ့်သူက စုံစမ်းစစ်ဆေးဖို့ လိုနေပါပြီ။ နောက်တစ်ခုက မြို့မြေဆိုရင် ဂရန် ရှိရပါမယ်၊ ပိုင်ဆိုင်မှု အထောက်အထား တစ်ခုခုကို ဆိုလိုတာပါ။ ဂရန်မရှိ ရင်လည်း အရှုပ်အရှင်း ရှိမရှိ စစ်ဆေး ရပါမယ်။ မြို့မြေ၊ လယ်ယာမြေ မြေခွန်ပြေစာရှိလို့ အခွန်ဆောင်တယ် ဆိုရင် အဲဒီအခွန်ကို ဆောင်ရတဲ့ အကြောင်းအရင်း ရှိနေပါပြီ။ သူအဲဒီမြေခွန်ပြေစာ ဘယ်လိုရသလဲ၊ ဘယ်လိုပိုင်လို့လဲ၊ ဌာနက ဘာလို့ အခွန်စည်းကြပ်သလဲ၊ ဌာနမှာ ဘယ်လို စာရင်းဝင်နေသလဲ၊ ဒါတွေစစ်ဆေး ကြည့်ပါ။ ဌာနတွေမှာ သွားရောက် မေးမြန်း စုံစမ်းကြည့်ပါ။ ဘာလို့လဲ ဆိုတော့ ဝယ်ရင် ငွေပေးရတော့မယ်၊ အလကား ငွေအဆုံးအရှုံးမခံချင်ရင် ဝယ်မည့်သူက ဒီလောက်တော့ အားစိုက် မေးမြန်းစုံစမ်း ရတော့မှာပေါ့။ (မြေခွန်ပြေစာ ပုံစံ ၈)ဟာ လယ်ယာ စိုက်ပျိုးမြေအပေါ် စည်းကြပ် ကောက်ခံတဲ့ မြေခွန်ပြေစာ ဖြစ်ပါတယ်။ အဲဒီလယ်ယာမြေပြေစာရဲ့ မူရင်း သတ်မှတ်ပုံစံ အပြည့်အစုံကို မြန်မာ အင်္ဂလိပ်ပုံစံနဲ့ ပူးတွဲတင်ပြထားပါတယ်။ ပြေစာမှာ ကြော်ငြာစာကို သတိပြုပါ “ဤဖြတ်ပိုင်းသည် အခွန်တော်ပြေစာသာ ဖြစ်သည်။ မြေပိုင်ရှင်ဖြစ်ကြောင်း သက်သေခံ လက်မှတ် မဟုတ်” လို့ အတိအလင်းပါရှိနေတာကို သတိပြုပါ။ ခုခေတ် လယ်ယာမြေပြေစာ ကျောဘက်မှာ အဲဒီလို ရေးထားပါတယ်။ မြေကို ပိုင်ပိုင် မပိုင်ပိုင် သုံးနေရင် မြေခွန်ကောက်တယ်၊ ဒါကြောင့် ကျူးကျော်ခွန်ဆိုတာ ရှိတာပေါ့။ မြေကို ဥပဒေအရ ပိုင်ဆိုင်လို့ အခွန်ကောက်တာ ရှိသလို ကျူးကျော်နေလို့ အခွန်ကောက်တာလဲ ရှိကြတာပဲ။ စားကျက်မြေမှာ ကျူးကျော်စိုက်နေရင် အခွန်ကောက်သလိုပေါ့။ ဥပမာ စားကျက်မြေကို စားကျက်မြေအဖြစ်က ဥပဒေအရ ပယ်ဖျက်ခွင့် မရမချင်း ကျူးကျော်သူက ဘယ်လိုနည်းနဲ့မှ မပိုင်နိုင်ပါဘူး။ အခုပူးတွဲ (အနီရောင်စတား) ပြထားတဲ့ ပြေစာကိုကြည့်ပါ။ ပုံစံက လယ်ယာမြေ ပြေစာပါ။ ဒါပေမဲ့ အကြံအဖန် လုပ်ထားတဲ့ ပြေစာ ဖြစ်နိုင်ပါတယ်။ ပြေစာအရ ဆိုရင် မြို့မြေအတွင်း ရောက်နေတဲ့ လယ်ယာမြေ သို့မဟုတ် လယ်ယာမြေမှ မြို့ကွက်သစ်ရိုက်ထားမြေ ဖြစ်နိုင်ပါတယ်။ မြို့သစ်၊ မြို့ မြေဖြစ်ရင် LR.8 (ပုံစံ ၈) ပြေစာမသုံးကြပါဘူး။ Receipt.I (ပုံစံ ၁) ကိုသာ သုံးကြရ ပါတယ်။ မြို့တွင်းမှာ မူလကတည်းက လယ်ယာမြေမျိုးကြီး (မြို့တွင်း လယ်ယာမြေ) ပေါက်နေမှသာ မြေစာရင်း (ပုံစံ ၈) ဖြင့် စည်းကြပ်ရပါတယ်။ အခုပြေစာ အနေအထားအရ မြို့တွင်း လယ်လည်း မဟုတ်နိုင်ပါဘူး၊ မြေက (၀.၀၃) ဧက သာရှိတဲ့အတွက် စိုက်ပျိုးမြေလည်း မဖြစ်နိုင်ပါဘူး။ မြေကွက်လပ်တစ်ခုကို အကြံအဖန်လုပ် ပြေစာထုတ်ထားတဲ့ သဘောသာ ဖြစ်နိုင်ပါတယ်။ ရပ်ကျေးနဲ့ မြေတိုင်းစာရေးတို့ ပေါင်းပြီး ပြေစာထုတ်ပေးထားတဲ့အသွင် ဖြစ်နေပါတယ်။ လယ်ပိုင်ရှင်လို့လည်း ပြောမရပါဘူး၊ မြေက စိုက်ပျိုးရေးအတွက် အသုံးချမြေလို့ ပြမထား ပါဘူး။ မြေမျိုး၊ အတန်းအစား၊ စိုက်သီးနှံ၊ မြေမျိုးနှုန်းအရ သင့်ငွေ စတဲ့အချက်များ ဖြည့်ထားမှုမတွေ့ရ ပါဘူး၊ ဂရန်မကျသေး၊ လယ (၃၀) လည်း မရှိ၊ မြေကို မြို့မြေကွက်လပ်ဟု ပြေစာ ထုတ်ထားခြင်းသာဖြစ်နိုင်ပါတယ်၊ မြေခွန်ဥပဒေ လုပ်ထုံးလုပ်နည်း၊ မြေစာရင်း လုပ်ထုံးလုပ်နည်း မကိုက်ညီပါဘူး။ အကြံအဖန် လုပ်ထားတဲ့ ပြေစာသာ ဖြစ်ပါမယ်။ မြေစာရင်းရုံးမှာ စာရင်းမှတ်တမ်း မရှိနိုင်ပါဘူး။ မြေစာရင်းဌာနမှာ လယ်ယာမြေဖြစ်ပါက သီးစားခံလှပ် နှုန်းပြည့်၊ ကြေညာကွင်း လှပ် ၁၃ ပြားနှုန်း၊ အခြားနည်းသုံးလှပ် ၂ ဆနှုန်းစတဲ့ လုပ်ထုံးလုပ်နည်းများ ရှိပါတယ်။ ယခုပြေစာမှာ မတွေ့ရပါဘူး။ မြေကွက် (ပလှပ်ကွက်)ကို ဦးပြီး ပြေစာဖောက် ရောင်းရန် ဖန်တီးမှုဖြစ်ဖို့ သေချာ ပါတယ်။ (မြေခွန်ပြေစာ ပုံစံ ၈) ပေါ်မှာ မြို့မြေဆိုတဲ့ စာသားကိုလည်းရေးခွင့်မရှိပါဘူး။ ပြောရရင် ပြေစာအတု အဆင့်ပါပဲ။ ဒီလိုပြေစာမျိုးနဲ့ မစိစစ်ပဲ ရောင်းဝယ်မိရင်တော့ ရမှာက ပြဿနာ တွေပါပဲ။ ဒါကြောင့် မြေရောင်းဝယ်ရင် စိစစ်ကြပါ၊ ဌာနတွေကလည်း စာရင်း သွင်းတာ၊ ပြေစာထုတ်တာ၊ စာရင်းစစ် တာ၊ မှတ်တမ်းထားတာတွေ သေချာ လုပ်ပြီးမှ ပေးကြပါ။ ဌာနတွင်း အောက်ခြေ ဝန်ထမ်းက မသမာသော နည်းနဲ့ ထုတ်ပေးတာ၊ အရပ်ထဲမှာ အတုလုပ်တာတွေ ရှိနိုင်တဲ့အတွက် အထူးသတိထားဆောင်ရွက်ကြစေ လိုပါကြောင်း.....။
Credit ... ဆရာဦးမောင်မောင်ညွန့်၊ ဆရာဦးဇော်မင်း။ (ဆရာတွေက ပညာ/သဘာနဲ့ ရေးထား တာကို အများ နားလည် လွယ်အောင် သိတာလေး ပေါင်းစပ် ရေးသားထားပါသည် MMH)
Credit ဆရာMyo Min Htun
18/10/2021
***ပါမြစ်မြေကွက် အချိန်မရွေးဂရန်လျောက်လို့ရတယ်ဆိုပြီး ဝယ်ကြသူများ သိရှိဖို့ပါနော်***
"ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်
လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ"
အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင်
အိမ်၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ
ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊
မြေနှင့် အိမ်ဖြစ်စေ၊
တိုက်ခန်းဖြစ်စေ၊
ယင်းမြေနှင့်အိမ်၊ တိုက်ခန်းတို့နှင့်
ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြလေ့ရှိသည်။
အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်
အတွက် စေ့စပ်သေချာအောင် ဆောင်ရွက်ကြခြင်း
ဖြစ်သည်။
ယင်းသို့ တက်စွမ်းသလောက် လေ့လာသည့်ကြားမှာပင်
မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့
ရှိကြသည်။
မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး တစ်ဦး
ကျွန်ုပ်ထံ ရောက်လာသည်။
သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍
ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့
သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ
မှန်ကန်ကြောင်း သိခဲ့ရသည်။
ထိုမျှနှင့်အားရကျေနပ်မှုမရှိသဖြင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနတွင်လည်း
နာမည်ပေါက်မှန်ကန်မှု ရှိ / မရှိ သွားရောက် စစ်ဆေးရာ
အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာ ရရှိခဲ့သည်။
ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်
ဖြစ်ရန် နှစ် ၆၀ ဂရန်သစ်ထုတ်ပေးရန် မြေယာဌာနတွင်
လျှောက်ထားခဲ့သည်။
ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင်
ယခင်က မူလ အမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန်
စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာ
သဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကျွန်ုပ်ထံ
ရောက်လာ မေးမြန်းခြင်း ဖြစ်သည်။
ဒီလို ဂရန်သစ် လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင်
ဂရန်လျှောက်သူနှစ်ဦး ပေါ်တတ်ကြောင်း သိရသည်။
ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူ က
လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန်
ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။
နောက်ပိုင်းတွင် မိသားစု စီးပွားရေး အတွက် ဖြစ်စေ၊
စျေးကောင်းရ၍ပြန်ရောင်းရသည့်အခါမျိုးတွင် ဖြစ်စေ၊
မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန်
မေ့နေတက်ကြသည်။
"ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ"
ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတတ်ကြသည်။
ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း
မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု
ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့် အခါ
မိမိထံမှ ဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်
အကြောင်း မပြောဘဲ နေခဲ့မိသည်။
ထို့အတူ
"ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက် အမှုတွဲအမှတ်
ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်ပုံစံလျှောက်လွှာ"
တို့ကိုပါ ပေးအပ်ရန် မေ့တတ်ကြသည်။
"သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်"
ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံ မှ
ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီး က ပေါ်လာတော့
ဌာနက လာရောက်ရှင်းလင်းချက်ရေးသာတင်ပြပါဆိုပြီး
ခေါ်ယူတော့ စိတ်ညစ်စရာတွေနဲ့ ကြုံရတာပေါ့။
ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ်
စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍
မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်
ခဲ့သည့် ဂရန်သစ်အမှုတွဲ ပိတ်သိမ်းပေးဖို့
အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့်
မိမိလျှောက်ထားချက်ရုတ်သိမ်းကြောင်း
စာတင်ခဲ့ရတယ်။
ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူမှန်ကန်ကြောင်း
၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။
အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့် အတူ ပိတ်သိမ်းသူရဲ့
မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။
အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့
မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ ရတယ်။
အဲဒီဝင်စာလက်ခံသူက ဝင်စာအမှတ် ( ) နဲ့ နေ့စွဲကို
ပြောပြတယ်။
ဥပမာ ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ပြောရင်
မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်
လျှောက်ထားတဲ့မြေကွက်ပေါ်မှာ ရှိတဲ့ မှတ်ချက်ကို
ဖျက်ပေးလိုက်တယ်။
အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက်
- ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း
- သတင်းစာကြော်ငြာပေးခြင်း၊
- ဂရန်သစ်ထုတ်ပေးသည့်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊
- ခွင့်ပြုချက်ရလျှင် မြေကွက်တန်းဖိုး ငွေသွင်းခြင်း၊
ယင်းနောက်
- တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး
- ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ
လျှောက်ထားသူထံကို အကြောင်းကြား ပါတယ်။
ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင်
မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း
ရပါတယ်။
မြတ်ဗုဒ္ဓ ဟောတယ်မဟုတ်လား။
"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။
"ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ" ဆိုတော့ အမြန်ရအောင်
ခဏခဏ သွားစုံစမ်းပေါ့။
ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို
ကျွန်ုပ်က ပြောပြလိုက်သည့်အခါ လာရောက်မေးသူ
အမျိုးသမီးမှာလည်း သဘောပေါက်နားလည်ပြီး
ကျေးဇူးတင်ကြောင်း ပြော၍ ပြန်သွားလေတော့သည်။
credit - Shwe Sethtagan Journal
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon