Physics Knowledge
To improve Science Knowledge...
သိပ္ပံသုတ တိုးပွားစေရန် ရည်ရွယ်ပါသည်...
02/01/2022
*ဘာကြောင့် ပိုင်တံခွန်ကို အလှဆုံးလို့
သတ်မှတ်လိုက်တာလဲ...?*
ချစ်ခြင်းမေတ္တာကို သင်္ချာကိန်းဂဏန်း
၅၂၈၊ ၁၅၀၀ တို့ဖြင့်ဖော်ပြနိုင်သလိုပဲ
လှပမှုဆိုတဲ့ အရာကိုလည်း
သင်္ချာ ကိန်းဂဏန်းတစ်ခုနဲ့
ဖော်ပြနိုင်ပါတယ်။
အဲ့ဒီကိန်းဂဏန်းတန်ဖိုးကို
Golden ratio လို့ခေါ်ပါတယ်။
Golden ratio ဆိုတာဟာ
ကိန်းဂဏန်းတစ်ခုကို တည်ပြီး
နောက်ကိန်းဂဏန်းတစ်ခုနဲ့
စားလို့ရတဲ့ တန်ဖိုးဖြစ်ပါတယ်။
(x / y = 1.618) မသိကိန်း ၂ လုံးရဲ့
စားခြင်းတန်ဖိုးဟာ 1.618 ဖြစ်ခဲ့ရင်
ဒီတန်ဖိုးကို golden ratio လို့
သတ်မှတ်တာဖြစ်ပါတယ်။
လှပခြင်းရဲ့ code နံပါတ်ကို
Golden ratio လို့နားလည်နိုင်ပါတယ်။
သင်္ချာပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေ
ဒီ code နံပါတ် (1.618) ကို
ရှာတွေ့ ခဲ့တာဟာရာစုနှစ်အနည်းငယ်
ကြာမြင့်ခဲ့ပြီ လို့သိရပါတယ်။
ဒီ golden ratio ဆိုတာဟာ
Fibonacci sequence ကနေဆင်းသက်
လာတာဖြစ်ပါတယ်။
အီတလီလူမျိုးLeonardo Fibonacci
ဆိုသူကကိန်းစဥ်တန်းတစ်ခုကို
တီထွင်ခဲ့ပြီး
အဲ့ဒီ ကိန်းစဥ်တန်းကို Fibonacci sequence
လို့ခေါ် ဆိုကြတာပဲဖြစ်ပါတယ်။
ဒီကိန်းစဥ်ရဲ့အစဟာ ဝ(သုည) နဲ့ ၁(တစ်)
ဖြစ်ပါတယ်။ သုညနဲ့တစ် ပေါင်းရင် တစ်
ရပြီး ကိန်းစဥ်ဟာ 0,1,1 ဖြစ်လာပါတယ်။
ထပ်ပြီး နောက်ဆုံးနှစ်လုံးကိုပေါင်းရင်
0,1,1,2 ဆိုပြီးဖြစ်လာပြန်ပါတယ်။
နောက်ဆုံးနှစ်လုံးကို ဆင့်ကာဆင့်ကာနဲ့
ပေါင်းလိုက်တဲ့အခါမှာတော့
0,1,1,2,3,5,8,13,21... ဆိုပြီး
ကိန်းစဥ်တန်းကြီးတစ်ခုရလာပါတယ်။
အဲ့ဒီကိန်းစဥ်တန်းကို Fibonacci sequence
လို့ခေါ်ဆိုတာဖြစ်ပါတယ်။
ဒီကိန်းစဥ်တန်းနဲ့ golden ratio ဘယ်လို
ပတ်သတ်နေတာလဲ...?
ကိန်းဂဏန်းနှစ်ခုရဲ့ စားခြင်းတန်ဖိုးဟာ
1.618 ရှိခဲ့ရင် ဒါဟာ golden ratio လို့
အစပိုင်းမှာ ကျွန်တော်ပြောခဲ့ပါတယ်။
ဒါဆို Fibonacci sequence ကိုကြည့်ပါ။
0, 1, 1, 2, 3, 5, 8, 13, 21 and so on
ဆိုပြီး ရှိပါတယ်။ ဒီကိန်းစဥ်ရဲ့
၆ လုံးမြောက်ကိန်း 5 ကိုတည်ပြီး
၅ လုံးမြောက်ကိန်း 3 နဲ့စားကြည့်ပါ
1.6 နီးပါးအဖြေကိုရပါလိမ့်မယ်။
ထို့နည်းတူ 8 ကိုတည်ပြီး 5 နဲ့စား၊
13 ကိုတည်ပြီး 8 နဲ့စား၊
21 ကိုတည်ပြီး 13 နဲ့စားကြည့်ပါ။
ရတဲ့အဖြေတန်ဖိုးဟာ 1.6 နီးပါး
ရှိပါတယ်။ ဒါဟာ golden ratio
တန်ဖိုးဖြစ်ပါတယ်။
ဒါကြောင့်Golden ratio ဆိုတဲ့
အချိုးအစားအတိုင်း
လိုချင်ရင် Fibonacci sequence ကို
အခြေ ခံပြီးစဥ်းစားရမှာဖြစ်ပါတယ်။
ဒီကိန်းစဥ်(sequence) အတိုင်းသာ
အဆ တိုး သွားနိုင်မယ်ဆိုရင်
လှပခြင်းရဲ့ code နံပါတ်ဖြစ်တဲ့
Golden ratio နဲ့ကိုက်ညီသွားမှာဖြစ်ပါတယ်။
ပိုင်တံခွန်ရဲ့ မျက်နှာအချိုးအစားဟာလည်း
Golden ratio (1.618) နဲ့ကိုက်ညီမှု
အရှိဆုံးသူဖြစ်နေပါတယ်။
ဥပမာ အားဖြင့်
မေးစေ့မှ နှုတ်ခမ်းအကွာအဝေးနဲ့
နှုတ်ခမ်း မှ မျက်စိ အကွာအဝေးတို့ရဲ့
စားလဒ်တန်ဖိုးက golden radio (1.618)
ရှိတယ်လို့ဆိုထားပါတယ်။
အခြားအစိတ်အပိုင်းများစွာလည်း
Golden ratio နဲ့ ကိုက်ညီနေပါသေးတယ်။
အောက်ဖော်ပြပါ ပုံများတွင်လည်း
အသေးစိတ်လေ့လာနိုင်ပါသေးတယ်။
ဒါကြောင့် လှပခြင်းရဲ့ code နံပါတ်ဖြစ်တဲ့
Golden ratio ကိုဗိသုကာ၊ပန်းချီ၊
အနုပညာ နေရာစုံနီးပါးမှာ
အသုံးပြုပြီး သုံးစွဲကြရပါတယ်။
ကမ္ဘာကျော်ပန်းချီကား
မိုနာလီဇာရုပ်ပုံဟာလည်း
golden ratio နဲ့ကိုက်ညီမှုတွေ
ရှိနေပါတယ်။ (အောက်ပုံ)
ဒါ့အပြင် twitter, apple, pepsi
အစရှိတဲ့ ကမ္ဘာကျော် company ကြီးတွေရဲ့
Logo ဒီဇိုင်းတွေဟာလည်း golden ratio
နဲ့အညီ ရေးဆွဲထားတာပဲဖြစ်ပါတယ်။
သင်္ချာပညာရပ်တိုးတတ်လာမှုနဲ့အတူ
လှပမှု ဆိုတာကို ကိန်းဂဏန်းတစ်ခုနဲ့
ကိုယ်စားပြု ဖော်ပြနိုင်ဖို့ကြိုးစားရင်းနဲ့
ရရှိလာခဲ့တဲ့ ကိန်းဂဏန်း
အချိုးတစ်ခုဖြစ်ပါတယ်။
သင်္ချာပညာရပ်မှာတော့ golden ratio ကို
ဂရိဘာသာစကား Phi နဲ့ဖော်ပြကြပါတယ်။
( Phi = 1.618 ) ဖြစ်ပါတယ်။
ထောင့်မှန်စတုဂံတစ်ခုရဲ့အလျားကို
Golden ratio နဲ့အညီ ပိုင်းဖြတ်မည်ဆိုပါက
အလျားတန်ဖိုး 2.618 cm ရှိအောင်ဆွဲပါ။
1 cm နဲ့ 1.618 cm ဖြစ်အောင်
ပိုင်းဖြတ်ရမှာပါ။ အချိုးအားဖြင့်
1 : 1.6 ဖြစ်အောင်လုပ်ရမှာပါ။
(1.6 ဆိုတာ golden ratio တန်ဖိုးပါ)
ထောင့်မှန်စတုဂံ (rectangle) တစ်ခုကို
Golden ratio နဲ့အညီရေးဆွဲပါက
အလျား ၂.၆လက်မ၊ အနံ ၁လက်မ
ဖြစ်အောင်ရေးဆွဲရပါမယ်။
ပြီးမှ အလျား ၁လက်မ
အနံ ၁ လက်မတစ်ပိုင်း၊
အလျား၁.၆လက်မ အနံ ၁ လက်မ
တစ်ပိုင်း ပိုင်းဖြတ်ရမှာပါ။
(ပုံတွင်လေ့လာကြည့်ပါ)
ထောင်မှန်စတုဂံရဲ့ အလျားတန်ဖိုးကိုသာ
1: 1.6 ဖြစ်အောင်ပိုင်းဖြတ်ရတာပါ။
အတွင်းဘက်ပိုင်းကိုတော့ Fibonacci
Sequence နဲ့တည်ဆောက်ရပါလိမ့်မယ်။
(အောက်ဘက် ပုံမှာအသေးစိတ်
လေ့လာနိုင်ပါတယ်။)
ယနေ့ခေတ်မှာတော့ golden ratioကို
Computer စာစီ ကစပြီး
Photoshop နေရာစုံအောင်
အသုံးပြုနေကြပြီဖြစ်ပါတယ်။
ဒါကြောင့်လည်း
Golden ratio ဆိုတဲ့
လှပခြင်း code နံပါတ်
အတိုင်းအတာကို
သိရှိနားလည်ရမှာဖြစ်ပြီး
လှပတဲ့ designတစ်ခု၊
လှပတဲ့ အနုပညာလက်ရာတစ်ခုကို
ဖန်တီးကြရမှာဖြစ်ပါကြောင်း...
( ဒီpostကိုရေးဖြစ်အောင် အကြံပေးသော
ဆရာချစ် ကိုအထူးကျေးဇူးတင်ရှိပါသည် )
-လေးစားစွာဖြင့်
မျှဝေသည်....
U Aung Nyein Chan(SAT)
BSc(Hons),MSc,MRes(Phys)
28/07/2021
* Tensor ဆိုတာဘာလဲ...*
ရူပဗေဒ ဘာသာရပ်ရဲ့
အခြေခံအဆင့် မှာတင်
Physical quantity ကို
Scalar quantity နဲ့
Vector quantity
ဆိုပြီး နှစ်မျိုးရှိတယ်လို့
လေ့လာခဲ့ဖူးကြမှာပါ...
ဦးတည်ဘက်(direction) ဆိုတဲ့
ခေါင်းစဥ်အောက်ကနေစဥ်းစားပြီး
Vector နဲ့ Scalar ဆိုပြီးခွဲခြားခဲ့ကြတာပါ။
Scalar တစ်ခုမှာ
magnitude (တန်ဖိုး)
တစ်ခုတည်းပြောရုံနဲ့လုံလောက်ပေမယ့်
Vector တစ်ခုမှာတော့
Magnitude အပြင်
direction (ဦးတည်ဘက်)
ထည့်ပြောမှ လုံလောက်မှာဖြစ်ပါတယ်။
Force,Monentum,Velocity,
Acceleration, Displacement
အစရှိတဲ့အရာတွေကို vector
ဆိုတဲ့ခေါင်းစဥ်အောက်မှာ
သင်ယူဖူးခဲ့ကြပါတယ်။
ဒီနေရာမှာဆွေးနွေးချင်တာကတော့
Dimension ဆိုတဲ့ခေါင်းစဥ်ပါ။
3 Dimension ဆိုပြီး
ဒိုင်မေးရှင်း ၃မျိုးရှိပါတယ်။
Maths ဘာသာရပ်မှာ
Coordinates သုံးမျိုး
(x,y,z) ရှိတယ်လို့သင်ယူခဲ့ဖူးရင်
Dimension သုံးမျိုးရှိတာကို
နားလည်မယ်ထင်ပါတယ်။
လူသားတွေဆိုရင် 3 Dimension
သတ္တဝါ များဖြစ်ကြပါတယ်။
လူတစ်ယောက်ကို
အရှေ့၊အနောက်ဆိုတဲ့
x ဝင်ရိုး
တောင်၊မြောက်ဆိုတဲ့ y ဝင်ရိုး
အပေါ်၊အောက် ဆိုတဲ့
z ဝင်ရိုးကိုသာ
ပိတ်လှောင်ထားလိုက်မယ်ဆိုရင်
ထွက်ပေါက်မရှိတော့ဘဲ
သေဆုံးရမှာဖြစ်ပါတယ်။
လူသားတွေ မြင်နိုင်၊နားလည်နိုင်သေးတဲ့
ဒိုင်မေးရှင်း ၃ခုပဲဖြစ်ပါတယ်။
တကယ်လို့သာ ဒိုင်မေးရှင်း ၃ခုထက်ပိုတဲ့
သတ္တဝါ တစ်ကောင်ကို (x,y,z) ကနေ
ပိတ်လှောင်လိုက်မယ်ဆိုရင်တောင်
အခြားတစ်နေရာကနေ ထွက်သွားမှာဖြစ်ပါတယ်။
(သရဲ တစေ တွေဟာ ပိတ်လှောင်ထားတဲ့
အခန်းတစ်ခန်းထဲကို အပေါက်မရှိဘဲ
ဝင်ထွက် သွားလာနိုင်တယ်ဆိုရင်တော့
သူတို့ဟာ ကျွန်တော်တို့ထက်
ဒိုင်မေးရှင်း ပိုမြင့်လို့သာ
ဝင်ထွက် သွားလာနိုင်တာဖြစ်ပါလိမ့်မယ်။
ဒိုင်မေးရှင်း ၃ခုထက်ပိုနေတာလို့
ယူဆနိုင်ပါတယ်။)
(*Subject matter ပိုင်းမှာ
သရဲ၊တစေ အကြောင်းကို
ထည့်ရှင်းချင်တာမဟုတ်ဘဲ
သဘောတရားတစ်ခုအနေနဲ့
နားလည်အောင်ဥပမာပေး ထားခြင်းသာ
ဖြစ်ပါတယ်။*)
ဒါလောက်ဆိုရင်တော့ ကျွန်တော်ပြောချင်တဲ့
ဒိုင်မေးရှင်း အကြောင်းကို
နားလည်လိမ့်မယ်လို့ထင်ပါတယ်။
Vector ဆိုတာဟာ
direction ရှိတယ်လို့ဆိုပေမယ့်
One Dimension အတွက်ကိုသာ
ရည်ညွှန်းချင်တာဖြစ်ပါတယ်။
ဒါကြောင့်လည်း vector လို့ပြောတဲ့နေရာမှာ
Single direction ဆိုပြီး
ဦးတည်ဘက်တစ်မျိုးတည်းကိုသာ
ကိုယ်စားပြုတာဖြစ်ပါတယ်။
Direction က တစ်ခုမကဘဲ
နှစ်ခု၊ နှစ်ခုထက်ပိုခဲ့ရင်တော့
Two dimension, Three dimension
ဖြစ်သွားပြီဖြစ်လို့ Tensor
ဖြစ်သွားပြီဖြစ်ပါတယ်။
ခွဲခွဲ ခြားခြားဖော်ပြရရင်တော့
Scalar (zero dimension)
Vector (one dimension)
Tensor (two or more dimension)
ဖြစ်ပါတယ်။
Scalar ကိုရော vector ကိုရော
Tensor အနေနဲ့ဖော်ပြနိုင်ပါတယ်။
Scalar ကို Tensor (rank zero)
Vector ကို Tensor(rank one)
Tensor စစ်စစ်ကိုတော့
Tensor (rank two) (rank three)
ဆိုပြီးဖော်ပြနိုင်ပါတယ်။
ရူပဗေဒ ပညာရှင်အိုင်းစတိုင်းကတော့
သူရဲ့ Special Theory of Relativity
မှာဒိုင်မေးရှင်းလေးခု
(4 Dimension) အထိဖော်ပြထားပါတယ်။
x,y,z ဆိုတဲ့ ဒိုင်မေးရှင်း ၃ခုအပြင်
အချိန်(time) ကိုတော့ ၄ခုမြောက်
ဒိုင်မေးရှင်းအဖြစ်ဖော်ပြထားပါတယ်။
အာကာသလို နေရာမျိုးမှာရှိတဲ့
ဂြိုလ်တွေရဲ့ရွေ့လျားမှုကိုဖော်ပြတဲ့အခါ
လက်ရှိတည်ရှိနေတဲ့နေရာကို
x တန်ဖိုး y တန်ဖိုး z တန်ဖိုးအပြင်
အချိန်တန်ဖိုး ကိုပါဖော်ပြပေးရမှာပါ။
အချိန်ပြောင်းသွားတာနဲ့
တည်နေရာတွေရဲ့ ဖော်ပြချက်တွေလည်း
ပြောင်းလဲသွားမှာဖြစ်ပါတယ်။
တည်နေရာက အချိန်နဲ့လိုက်ပြီး
ပြောင်းလဲနေလို့ တစ်နေရာရောက်ရင်
ဖော်ပြချက်တမျိုးနဲ့
ဖြစ်စဥ်တစ်ခုလုံးအတွက်ဆိုရင်တော့
Matrix ပုံစံနဲ့ဖော်ပြ တွက်ချက်ရပါတယ်။
ဒီအကြောင်းအရာတွေကို
Theoretical Physics ဆိုတဲ့ဘာသာရပ်မှာ
လေ့လာနိုင်ပါတယ်။
-လေးစားစွာဖြင့်
မျှဝေသည်...
U Aung Nyein Chan (SAT)
BSc(Hons):MSc;MRes (Phys)
10/02/2021
*ရူပဗေဒ ဆောင်းပါးများရေးသားခြင်းကို
ယာယီ ရပ်ဆိုင်းထားပါသည်...
-လေးစားစွာဖြင့်
ဦးအောင်ငြိမ်းချမ်း
11/01/2021
*Classical Mechanics နဲ့
Quantum Mechanics တို့ရဲ့ကွာခြားချက်*
ရူပဗေဒဘာသာရပ်မှာ
ရွေ့လျားခြင်းတွေအကြောင်းကိုလေ့လာရင် mechanics လို့ခေါ်ပါတယ်။
ဒီတော့ classical mechanics ပဲဖြစ်ဖြစ်
quantum mechanics ပဲဖြစ်ဖြစ်ရွေ့လျားမှုအကြောင်းကိုလေ့လာရမှာဖြစ်ပါတယ်။
လေ့လာရမယ့် အရာဝတ္ထုရဲ့
အကြီးအသေး အပေါ်မူတည်ပြီး
ခေတ်အရ ရှုမြင်သုံးသပ်ပုံ
ကွာဟသွားတာပဲဖြစ်ပါတယ်။
Classical Mechanics ဟာရှေးကျလွန်းတဲ့
ရူပဗေဒယူဆချက်တွေပဲဖြစ်ပါတယ်။
စကြဝဠာ၊ ဂြိုဟ်၊ကြယ်၊ နေအဖွဲ့အစည်းတို့လို
ကြီးမားမြင်သာတဲ့အရာတွေရဲ့
ရွေ့လျားမှုတွေအကြောင်းကို
လေ့လာရတာဟာ classical ဖြစ်ပါတယ်။
အရမ်းသေးငယ်တဲ့အရာတွေနဲ့
အရမ်းလျင်မြန်တဲ့ ရွေ့လျားမှုတွေကိုတော့
classical mechanics မှာရှင်းပြနိုင်ခြင်းမရှိပါဘူး။ ဥပမာ အက်တမ်အမှုန်လိုသေးငယ်တဲ့
အရာများအတွက်မဖြေရှင်းနိုင်သလို
အီလက်ထရွန် လိုမြင့်မားတဲ့ လျင်မြန်မှုမျိုးနဲ့
ရွေ့နေတဲ့အရာတွေအတွက်
အဖြေထုတ်မပေးနိုင်ပါဘူး။
Classical ကမရှင်းနိုင်တဲ့အရာတွေကို
ဖြေရှင်းရန်အတွက် Quantum ဆိုပြီး
ပေါ်ပေါက်လာတာဖြစ်ပါတယ်။
Quantum Mechanics ကတော့
ရူပဗေဒရဲ့(ရွေ့လျားမှုကိုလေ့လာခြင်း)
mechanics အပိုင်းမှာ
up to date အဖြစ်ဆုံးလို့ဆိုရမှာပါ။
ဒီအပိုင်းမှာတော့ သေးငယ်လွန်းတဲ့
အရာဝတ္ထုတွေနဲ့ အလွန်လျင်မြန်တဲ့ အလင်းအကြောင်းကိုပါလေ့လာနိုင်ခဲ့ပါတယ်။
Quantum Mechanics အပိုင်းမှာတော့
သေးငယ်တဲ့အရာဝတ္ထုတွေဟာ
အမှုန်သဘာဝရော လှိုင်းသဘာဝပါ
ရှိတယ်လို့ယူဆတာဖြစ်ပြီး
ရုပ်ပိုင်းဆိုင်ရာသဘာဝနှစ်မျိုး
(wave-particle duality)လို့ခေါ်ပါတယ်။
ဒီလိုသေးငယ်တဲ့အရာဝတ္ထုတွေမှာ
လျှပ်စစ်သံလိုက်ရောင်ခြည်
(electromagnetic radiation) တွေ
ရှိနေတယ်လို့ဆိုထားပြန်ပါတယ်။
ဒီသီအိုရီရဲ့ သဘောတရားကြောင့်သာ
အီလက်ထရွန် တွေဟာတိကျတဲ့
ပတ်လမ်း တွေမှာတည်နေတယ်ဆိုတာကို
ရှင်းပြနိုင်တာဖြစ်ပါတယ်။
ရှေးရိုးအယူဆလို အီလက်ထရွန်ရဲ့
ပတ်လမ်းကြောင်းတွေက
နာရီလက်တံ ကဲ့သို့လှည့်လည်ခြင်း
အယူအဆမှ ခွဲထွက်နိုင်ခဲ့တာဖြစ်ပါတယ်။
Quantum ရဲ့အကျိုးကျေးဇူးတွေကြောင့်သာလျှင် ဓာတုဗေဒပညာရပ်မှာ
အဓိကအကျဆုံးဖြစ်တဲ့ အီလက်ထရွန်တွေရဲ့
တည်နေပုံကိုသိရှိနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် Quantum သီအိုရီဟာ
Classical သီအိုရီမှာမဖြေရှင်းနိုင်ခဲ့တဲ့
Blackbody Radiation,
Photoelectric Effect တွေအကြောင်းကို
ရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ်။
အလင်းကို လှိုင်းအမှုန်သဘာဝ
နှစ်မျိုးရှိတယ်လို့ ဖော်ထုတ်နိုင်ခဲ့တဲ့
quantum ဘာသာရပ်ဟာ
လျှပ်စစ်သံလိုက်လှိုင်း
အားလုံးအကြောင်းကိုပါဖြေရှင်းနိုင်ခဲ့ပါတယ်။
သင်္ချာ ပညာရပ်တိုးတတ်လာမှုနဲ့အတူ
အလွန်သေးငယ်တဲ့ အီလက်ထရွန် အမှုန်မှာ
ပိုင်ဆိုင်တဲ့ စွမ်းအင်နဲ့တည်နေရာ ကိုပါ
ချပြ နိုင်ခဲ့ပါတယ်။
အမှုန်တစ်ခုရဲ့ စွမ်းအင်ပမာဏကိုတွက်ထုတ်ရာမှာ classical theory နဲ့ဖြေရှင်းခြင်းဟာ
continuous (တစ်ဆက်တည်း)
တန်ဖိုးကိုဆောင်ပြီး quantum theory
နဲ့ဖြေရှင်းရာမှာတော့
discrete (ပြတ်တောင်း)တန်ဖိုးကိုဆောင်ပါတယ်။ အဖြစ်အပျက်တစ်ခုရဲ့အစအဆုံး
ဖြစ်စဥ်တစ်ခုလုံးကိုသာ
Classical နည်းနဲ့ဖြေရှင်းနိုင်ပေမယ့်
Quantum နည်းနဲ့ဖြေရှင်းမယ်ဆိုရင်တော့
ဖြစ်စဥ်တစ်ခုလုံးကိုသာမက
အဆင့် တစ်ဆင့်ခြင်းစီမှာဖြစ်ပေါ်နေ တဲ့
ဖြစ်ရပ်တစ်ခုခြင်းစီအတွက်ကိုပါ
တွက်ထုတ်နိုင်မှာပဲဖြစ်ပါတယ်။
၁၉၀၅ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့
အိုင်းစတိုင်းရဲ့ special theory ဟာ
အလွန်သေးငယ်တဲ့အရာဝတ္ထုတွေရဲ့
သဘောသဘာဝအားလုံးကိုဖြေရှင်းနိုင်ခဲ့ပြီး
၁၉၁၅ ခုနှစ်မှာ ထပ်မံပေါ်ပေါက်လာခဲ့တဲ့
အိုင်းစတိုင်းရဲ့ general theory ကတော့
ကြီးမားတဲ့အရာဝတ္ထုတွေရဲ့
အကြောင်းအရာတွေကိုပါ
ဖြေရှင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း နှစ်တစ်ရာအတွင်း
လူသားအကျိုးပြုဆုံးဆု
(Man of the Century) ဆုကို
ရူပဗေဒပညာရှင် အိုင်းစတိုင်းက
ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဒီအတွက် သိပ္ပံလောကရဲ့သိသာတဲ့တိုးတတ် ပြောင်းလဲမှုကြီးဟာ quantum mechanics ရဲ့ အကျိုးကျေးဇူးကြောင့်ဆိုတာကိုတော့
ကျွန်တော်တို့အားလုံးငြင်းမရတဲ့
အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။
-လေးစားစွာဖြင့်
မျှဝေသည်-
U Aung Nyein Chan (SAT)
BSc(Hons),MSc,MRes(Phys)
07/01/2021
*Photon (ဖိုတွန်)အကြောင်းတစ်စေ့တစ်စောင်း...*
ရူပဗေဒဘာသာရပ်မှာ အမှုန်(particle)တွေအကြောင်းကိုမကြာခဏ
လေ့လာရလေ့ရှိပါတယ်။
အမှုန်တစ်ခုမှာ mass (ဒြပ်ထု) ရှိသလား၊
charge (လျှပ်စစ်) ရှိသလားဆိုတာကို
အရင်လေ့လာရတာပါ။
အက်တမ်တစ်ခုမှာ ပါဝင်တဲ့
(electron)အီလက်ထရွန်၊
(proton)ပရိုတွန် ဆိုတဲ့အမှုန်တွေဟာ
ဒြပ်ထု(mass)ရော လျှပ်စစ် (charge)ပါ
ရှိကြတဲ့ အမှုန်တွေဖြစ်ပါတယ်။
ဒါပေမယ့် (neutron)နယူထရွန်အမှုန်မှာတော့ mass(ဒြပ်ထု) တန်ဖိုးသာရှိပြီး
charge(လျှပ်စစ်) မရှိပါဘူး။
အခုကျွန်တော် photon အကြောင်း
စပြောပါတော့မယ်။
Photon ကို အလင်းအမှုန်လို့
လူသိများကြမယ်လို့ထင်ပါတယ်။
Photon မှာ mass လည်းမရှိသလို
charge လည်းမရှိပါဘူး။
zero mass ဖြစ်သလို zero charge ပါ။
အလျင်ကတော့ စကြဝဠာ မှာအမြန်ဆုံး
(3x10^8 metre per second) ဖြစ်ပါတယ်။
ရူပဗေဒပညာရှင် အိုင်းစတိုင်းက
အမှုန်နဲ့ပတ်သတ်ပြီးပြောခဲ့တာလေးရှိပါတယ်။
ဘယ်အရာဝတ္ထုမဆို
အလင်းအလျင်လောက်နီးနီးမြန်လာမယ်ဆိုရင်
အဲ့ဒီ အရာဝတ္ထုရဲ့ ဒြပ်ထု (mass)တန်ဖိုး
ဟာတိုးလာတယ်လို့ဆိုပါတယ်။
အီလက်ထရွန် တစ်လုံးဟာ
အလင်းအလျင်လောက်မြန်လာရင်
သူ့ရဲ့mass တန်ဖိုးတိုးလာပါတယ်။
ဒီအကြောင်းအရာကို
အိုင်းစတိုင်းရဲ့ Special Theory မှာ
လေ့လာနိုင်ပါတယ်။
ဒါကြောင့် photon ကို
zero mass လို့ပြောတာဟာ
ရပ်တန့်နေတဲ့အချိန်ကိုသာဆိုလိုရင်းဖြစ်လို့ တိတိကျကျပြောရရင်
rest mass zero လို့နားလည်ရမှာပါ။
အလင်းအလျင်နဲ့ရွေ့နေတဲ့ photon မှာတော့
mass တန်ဖိုးရှိလာပါတယ်။
အလျင်ကြောင့်ဖြစ်လာတဲ့
relativistic mass တန်ဖိုးဖြစ်ပါတယ်။
ဒါကြောင့် photon ကို
အမြဲတမ်း mass မရှိဘူးလို့
မှတ်ယူရင်တော့ မှားပါလိမ့်မယ်။
နောက်ထပ်သတိထားရမယ့်
အချက်တစ်ခုရှိပါသေးတယ်။
အဲ့ဒါကတော့ photon ကိုအလင်းအမှုန်လို့
ဘာသာပြန်ခဲ့ရင်တောင်
လျှပ်စစ်သံလိုက်လှိုင်းအားလုံးရဲ့
အမှုန်လို့နားလည်သင့်ပါတယ်။
လျှပ်စစ်သံလိုက်လှိုင်း ၇ မျိုးဖြစ်ကြတဲ့
Radio wave,Microwave, Infrared ray,Light,Ultraviolet,X rays နဲ့
Gamma rays အားလုံးတို့ဟာ
photon နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။
Photon မှာပိုင်ဆိုင်တဲ့ စွမ်းအင် (energy)
ပေါ်မူတည်ပြီး
light, X ray, Gamma ray စသဖြင့်
နာမည်ကွာခြားသွားတာပဲဖြစ်ပါတယ်။
Photon ကို အလင်းအမှုန်လို့
နားလည်ထားခြင်းထက်
energy packet (quanta) လို့
နားလည်ထားခြင်းကသာ
အကောင်းဆုံးဖြစ်ပါကြောင်း...
-လေးစားစွာဖြင့်
မျှဝေသည်-
U Aung Nyein Chan (SAT)
BSc(Hons);MSc;MRes (Phys)
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon