WAI Academy
A learning platform for career development.
27/10/2025
ကျွန်မတို့တွေက တိုးတက်ချင်တယ်၊ ကြီးပွားချင်တယ်။ ဒါပေမယ့် မိမိကိုယ်ကို သေချာနားမလည်ဘူးဆိုရင် မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ပုဂ္ဂိုလ်ရေးရာဖွံဖြိုးတိုးတက်မှု၊ ပရော်ဖက်ရှင်နယ်မှာဖွံ့ဖြိုးတိုးတက်မှု အတွက်ဆို မိမိကိုယ်ကို သိရှိနားလည်ခြင်း Self-awareness ဆိုတဲ့ ခြေတစ်လှမ်းနဲ့ စတင်ရမှာ ဖြစ်ပါတယ်။
🔸မိမိကိုယ်ကို သိရှိနားလည်ခြင်းဆိုတာ ဘာလဲ?
မိမိကိုယ်ကို သိရှိနားလည်ခြင်းဆိုတာ ကိုယ့်ရဲ့အတွေးတွေ၊ ခံစားချက်တွေ၊ အပြုအမူတွေကို ဝေဖန်ပြစ်တင်မှုမလုပ်ပဲ ရိုးသားတဲ့စိတ်၊ စူးစမ်းလိုစိတ်နဲ့ စောင့်ကြည့်လေ့လာခြင်းဖြစ်တယ်။
အဲ့ဒီလို စောင့်ကြည့်လေ့လာခြင်းဖြင့် ကိုယ်ကဘာကြောင့် ဒီလိုတုံ့ပြန်ရတာလဲ၊ ကိုယ့်စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အရာတွေက ဘာတွေလဲ၊ ကိုယ့်ကို ဘယ်အရာတွေက လှုံ့ဆော်ပေးသလဲ၊ ဘယ်နေရာတွေမှာ ကိုယ်က အားသာလဲ၊ ဘယ်နေရာတွေမှာ အားနည်းသလဲဆိုတာ အသေအချာနားလည်လာမှာဖြစ်တယ်။
ကိုယ့်ကိုယ်ကို သတိထားမိလာတဲ့အခါ ဘဝကို ဖြစ်သလို မနေတော့ဘူး။ ဖြစ်သလို မဖြတ်သန်းတော့ဘူး။ အကျင့်စရိုက်တွေ၊ ကြောက်ရွံ့မှုတွေ၊ ပြင်ပဖိအားတွေနဲ့ မောင်းနှင်ခံရမယ့်အစား ကိုယ့်ရဲ့စံတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ရွေးချယ်မှုတွေကို သတိရှိရှိနဲ့ စတင်ပြုလုပ်နိုင်မှာဖြစ်တယ်။
🔸မိမိကိုယ်ကိုသိရှိနားလည်ခြင်းက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာကြောင့်အရေးကြီးတာလဲ?
မိမိကိုယ်ကို သိရှိနားလည်းမှု မရှိဘူးဆိုရင် တိုးတက်ကြီးပွားမှုက ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ တစ်ခြားသူတွေလုပ်နေတဲ့အရာတွေကို ကြည့်ပြီး ကိုယ်နဲ့မအပ်စပ်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေချမှတ်နိုင်သလို ကိုယ့်ကိုစိတ်ကျေနပ်မှု အပြည့်အဝမပေးနိုင်တဲ့ အောင်မြင်မှုတွေကိုလည်း လိုက်ရှာနိုင်ပါတယ်။
ဒါပေမယ့် မိမိကိုယ်ကို နားလည်လာတဲ့အခါမှာ
o ကိုယ့်ကို နောက်ပြန်ဆွဲတဲ့ ပုံစံတွေကို သိလာလိမ့်မယ်။
o ကိုယ့်ကို ဘယ်အရာတွေက ခွန်အားတွေပေးပြီး ဘယ်အရာတွေက ပင်ပန်းစေသလဲဆိုတာကို နားလည်လာလိမ့်မယ်။
o ကိုယ့်ရဲ့ blind spots တွေကို ဖော်ထုတ်လာနိုင်ပြီးတော့ အဲ့ဒီအရာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နိုင်လာလိမ့်မယ်။
အတိုချုပ်ပြောရရင် မိမိကိုယ်ကို သိရှိနားလည်ခြင်းက ကိုယ်သွားမဲ့ခရီးကို လမ်းညွှန်ပေးတယ်။ မှောင်နေတဲ့ အခန်းထဲမှာ မီးဖွင့်လိုက်သလို စမ်းတဝါးဝါးမဖြစ်ပဲ အလင်းပြပေးတယ်။ မိမိကိုယ်ကို သိရှိနားလည်လာတဲ့အခါ အခုလက်ရှိ ကိုယ်ဘယ်ရောက်နေသလဲ၊ ဘယ်ကိုသွားချင်သလဲဆိုတာကို မြင်နိုင်လာတယ်။
🔸မိမိကိုယ်ကို သိရှိနားလည်အောင်ဘယ်လိုလုပ်ရမလဲ?
ရိုးရှင်းပြီးအလုပ်ဖြစ်တဲ့နည်းလမ်းတွေကိုဖော်ပြရမယ်ဆိုရင်
✅နေ့စဉ် ဆင်ခြင်သုံးသပ်ပါ။
နေ့စဉ် ငါးမိနစ်လောက်အချိန်ယူပြီး “ငါ ဒီနေ့ ဘာတွေ အဆင်ပြေခဲ့သလဲ? ဘာတွေ အဆင်မပြေခဲ့ဘူးလဲ? ငါ ဘယ်လို လုပ်ခဲ့သလဲ? ဒီမေးခွန်းတွေကို မိမိကိုယ်ကိုမေးကြည့်ပါ။ အခုလို ဆင်ခြင်သုံးသပ်ခြင်းက အတွေ့အကြုံတွေကို ထိုးထွင်းသိမြင်ဉာဏ်အဖြစ် ပြောင်းလဲပေးတယ်။
✅Feedback တောင်းခံပါ။
တစ်ခါတလေ ကိုယ်မမြင်နိုင်တဲ့အရာတွေကို တစ်ခြားသူတွေက မြင်တတ်ကြတယ်။ ဒါ့ကြောင့်မို့ ကိုယ်စိတ်ချယုံကြည်ရတဲ့ အားကိုးအားထားပြုလို့ရတဲ့ မိတ်ဆွေသူငယ်ချင်း၊ ဆရာသမား တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ရဲ့အားသာချက်တွေ၊ တိုးတက်မှုတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ သတိထားမှုတွေကို မျှဝေဖို့ တောင်းဆိုသင့်တယ်။
✅ကိုယ့်အတွေးတွေကို မှတ်တမ်းရေးပါ။
စာရေးသားခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ရှင်းလင်းစေပြီးတော့ ထပ်တလဲလဲဖြစ်ပေါ်နေတဲ့ ပုံစံတွေကိုလည်း ဖော်ထုတ်ဖို့ ကူညီပေးတယ်။ အချိန်ကြာလာတာနဲ့အမျှ ဘယ်အရာတွေက ကိုယ့်အတွက် အမှန်တကယ်အရေးကြီးသလဲဆိုတာ သိမြင်လာပါလိမ့်မယ်။
✅သတိပဌာန် လေ့ကျင့်ပါ။
ကိုယ့်ရဲ့ခံစားချက်တွေကို ချက်ချင်းတုံ့ပြန်မှုမလုပ်ဘဲ သတိထားစောင့်ကြည့်ပါ။ သတိရှိနေတဲ့အခါ စိတ်လိုက်မာန်ပါတုံ့ပြန်မဲ့အစား ဆင်ခြင်တုံတရားနဲ့တုံ့ပြန်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။
✅သက်တောင့်သက်သာမဖြစ်မှုကို လက်ခံပါ။
တိုးတက်ကြီးပွားမှုဆိုတာ သက်သက်သာသာမရှိမှုကနေ စတင်လေ့ရှိတယ်။ အဲ့ဒီလိုအခြေအနေမျိုးကို ရှောင်းရှားမဲ့အစား အဲ့ဒီအခြေအနေမှာ ကိုယ့်ရဲ့ခံစားချက်က ကိုယ့်ကို ဘာတွေသင်ကြားပေးသလဲဆိုတာ မေးရမှာဖြစ်တယ်။
မိမိကိုယ့်ကို သိရှိနားလည်လာတာနဲ့အမျှ ပြောင်းလဲမှု ဖြစ်လာတာ့မှာ သေချာပါတယ်။ စည်းဘောင်တွေ သတ်မှတ်လာမယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ရည်မှန်းချက်ပန်းတိုင်တွေဆီရောက်အောင် ကြိုးစားလာမယ်။ ကောင်းမွန်တဲ့အနာဂတ်ကိုပံ့ပိုးပေးမဲ့ အလေ့အကျင့်ကောင်းတွေကို ဖွံဖြိုးတိုးတက်စေမယ်။
မိမိကိုယ်ကို သိရှိနားလည်ခြင်းဆိုတာ တစ်ခါတည်းနဲ့ ပြီးပြည့်စုံသွားပြီလို့ မဆိုလိုပါဘူး။ အမြဲတမ်း တိုးတက်အောင် မိမိကိုယ်ကို ရိုးသားဖို့ပဲ လိုပါတယ်။
အရေးအကြီးဆုံးသတိပြုရမှာက ကိုယ်ဘယ်သူလဲဆိုတာ နားမလည်မချင်း ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် မိမိကိုယ်ကို သိရှိနားလည်ခြင်း နဲ့ စတင်ပါ။ ဒါဆို တိုးတက်ကြီးပွားမှုက သူ့အလိုလို ဖြစ်ပေါ်လာပါလိမ့်မယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon