Happy & Co.
Happy&Co.
11/05/2026
ဟိုနေ့က ခံစားချက်တွေအကြောင်းတင်ထားတော့ ဒီနေ့တော့ ခံစားချက်တွေအပေါ် ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ လေ့လာကြည့်ကြရအောင်နော်....
ခံစားချက်တွေကို အကောင်းဆုံးအသုံးချနိုင်ဖို့မှတ်ထားရမယ့် IAAA နည်းလမ်း
I (Identify): ဘာခံစားနေရလဲ သိအောင်လုပ်ပါ။
A (Accept): "ငါ ဝမ်းနည်းနေတာ မမှားပါဘူး" လို့ လက်ခံပါ။
A (Attribute): ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်း ရှာပါ။
A (Act): ပြီးရင် ဘာလုပ်ရမလဲ ဆုံးဖြတ်ပါ။ (ဥပမာ- တစ်ယောက်ယောက်ကို ဖွင့်ပြောမလား၊ ဒါမှမဟုတ် အနားယူလိုက်မလား)
ဒီဥပမာလေးတွေကို ဖတ်ကြည့်ရင်း၊ သင့်ဘဝထဲက အဖြစ်အပျက်လေးတွေနဲ့ တိုက်ဆိုင်စစ်ဆေး ကြည့်ပေးပါနော်။
📍၁။ အိမ်ပြန်ရောက်တဲ့အခါ ခံစားရတဲ့ "ဟာတာတာကြီး" (The Empty Success)
အလုပ်မှာ အောင်မြင်လို့ အားလုံးက ဝိုင်းချီးကျူးနေကြပေမဲ့၊ အိမ်ပြန်ရောက်လို့ တံခါးလည်း ပိတ်လိုက်ရော... ရင်ထဲမှာ ဟာခနဲဖြစ်ပြီး ဝမ်းနည်းသလိုလို၊ အထီးကျန်သလိုလို ခံစားလိုက်ရတဲ့ အခိုက်အတန့်မျိုးပါ။
👉IAAA နဲ့ ကြည့်ရင်
🌻Identify (မိတ်ဖွဲ့ပါ): "ဟေး... အောင်မြင်မှုတွေကြားထဲမှာ ငါ့စိတ်လေးက 'အထီးကျန်' နေတာပါလား။"
🌻Accept (လက်ခံပေးပါ): "အထီးကျန်တာ မမှားပါဘူး။ လူကြားထဲမှာ အောင်မြင်နေပေမဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးနေရင် ဒီလိုဖြစ်တတ်တာပဲ။"
🌻Attribute (နားလည်ပေးပါ): "ဪ... ငါက အလုပ်ကိုပဲ အာရုံစိုက်နေမိလို့ ငါ့နှလုံးသားက 'နွေးထွေးမှု' ကို တောင်းဆိုနေတာပဲ။"
🌻Act (လုပ်ဆောင်ပါ): အလုပ်ကိစ္စတွေ အကုန်ဘေးချထားလိုက်ပါ။ ကိုယ်လွမ်းနေတဲ့ သူငယ်ချင်း (သို့) မိသားစုဝင်တစ်ယောက်ဆီ ဖုန်းဆက်ပြီး "နေကောင်းလား၊ သတိရလို့" ဆိုပြီး စကားလေး ပြောလိုက်ပါ။ အဲဒီအခါ ဟာနေတဲ့ စိတ်လေး ပြန်ပြည့်သွားပါလိမ့်မယ်။
ဆက်ဆံရေးမှာ "နှလုံးသားချင်း ချိတ်ဆက်ကြည့်ပါ"
🌻သင် ချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ အပေါ်ယံ အချက်အလက်တွေပဲ မမေးပါနဲ့။
🌻"ဒီနေ့ ဘာစားလဲ"၊ "ဘယ်သွားလဲ" ဆိုတာထက် Vertical Questioning တွေကို မေးကြည့်ပါ။
ဥပမာ- သင့်အမျိုးသား (သို့မဟုတ်) ဇနီးသည် အလုပ်က ပြန်လာလို့ မျက်နှာမကောင်းရင် "အလုပ်မှာ အဆင်မပြေတာ ရှိလို့လား?" လို့ မေးမယ့်အစား "သဲ မျက်နှာကြည့်ရတာ စိတ်ပင်ပန်းနေပုံပဲ၊ တစ်ခုခုဖြစ်ခဲ့လို့လား ကို့ကို ပြောပြမလား" လို့ မေးကြည့်ပါ။
🌻ဒီလိုမေးခြင်းက တစ်ဖက်လူကို "ငါ့ကို ဂရုစိုက်သူရှိပါသေးလား" ဆိုတဲ့ လုံခြုံမှုကို ပေးစွမ်းနိုင်ပါတယ်။
📍ချစ်ရသူအပေါ် "မကျေနပ်စိတ်" (The Silent Grudge)
ကိုယ့်ရဲ့ အိမ်ထောင်ဖက် (သို့) သူငယ်ချင်းက ကိုယ့်ကို ဂရုမစိုက်ဘူးလို့ ခံစားရတဲ့အခါ... "ရန်မဖြစ်ချင်လို့" ဆိုပြီး အောင့်အည်းသည်းခံနေပေမဲ့ စိတ်ထဲမှာတော့ မကျေနပ်မှုတွေက တောက်လောင်နေပြီး စကားပြောရင်လည်း ရွဲ့တာလေးတွေ ပါလာတာမျိုးပါ။
👉IAAA နဲ့ ကြည့်ရင်
🌻Identify (မိတ်ဖွဲ့ပါ): "ငါ အခုဖြစ်နေတာ စိတ်ရှည်ပေးနေတာ မဟုတ်ဘူး၊ ငါ့စိတ်ထဲမှာ 'မကျေနပ်ချက်' တွေ တောက်လောင်နေတာ။"
🌻Accept (လက်ခံပေးပါ): "ဒေါသထွက်တာ မမှားဘူး။ ငါ့ကို ဂရုမစိုက်ဘူးလို့ ခံစားရရင် ဘယ်သူမဆို စိတ်နာမှာပဲ။”
🌻Attribute (နားလည်ပေးပါ): "ဪ... ငါက ဒီလူကို အရမ်းတန်ဖိုးထားလို့၊ သူက ငါ့ကို အရေးတယူ ရှိစေချင်လို့ ဒီလောက်တောင် ဒေါသဖြစ်နေရတာပဲ။”
🌻Act (လုပ်ဆောင်ပါ): ခနဲ့ပြီးပြောမယ့်အစား "မနေ့က သဲလုပ်လိုက်တဲ့ပုံစံက ကို့ကို သဲအတွက်အရေးမပါဘူးလို့ ခံစားရစေတယ်။ ကိုစိတ်မကောင်းဖြစ်သွားတယ်၊ နောက် အဲ့လိုလေးမဖြစ်အောင် ကိုတို့ဘယ်လိုလုပ်ကြမလဲ" လို့ ကိုယ့်ရဲ့ ခံစားချက်ကို ရိုးရိုးသားသား ဖွင့်ပြောလိုက်ပါ။ ရန်ဖြစ်တာထက် ပိုကောင်းတဲ့ အဖြေတစ်ခု ထွက်လာပါလိမ့်မယ်။
📍မသေချာတဲ့ အနာဂတ်အတွက် "ရင်လေးတာ" (The Future Fear)
"နောင်ခါ ဘာဖြစ်မလဲ" ဆိုတဲ့ အတွေးနဲ့ ညဘက်တွေမှာ အိပ်မပျော်ဘဲ ရင်ဘတ်ထဲမှာ တစ်ခုခု တားထားသလို လေးလံနေတာမျိုးပါ။
👉IAAA နဲ့ ကြည့်ရင် -
🌻Identify (မိတ်ဖွဲ့ပါ): "ငါ့ရင်ဘတ်ထဲမှာ လေးလံနေတာဟာ အနာဂတ်ကို ကြိုပြီး 'စိုးရိမ်' နေတာပါလား။”
🌻Accept (လက်ခံပေးပါ): "စိုးရိမ်တာ မမှားပါဘူး။ ငါ့ဘဝကို ငါချစ်လို့၊ ဘေးကင်းစေချင်လို့ စိတ်ပူနေတာပဲ။”
🌻Attribute (နားလည်ပေးပါ): "ဪ... ငါက ထိန်းချုပ်လို့မရတဲ့ အရာတွေကို လိုက်တွေးနေလို့ ငါ့စိတ်လေး ပင်ပန်းနေတာပဲ။"
🌻Act (လုပ်ဆောင်ပါ): အနာဂတ်ကြီးကို တစ်ခုလုံး လိုက်တွေးမနေပါနဲ့တော့။ "ဒီနေ့၊ အခုလောလောဆယ် ငါဘာလုပ်လို့ရမလဲ" ဆိုတဲ့ လက်တွေ့ကျတဲ့ အလုပ်လေးတစ်ခု (ဥပမာ- စာရင်းချရေးတာ၊ အစီအစဉ်ဆွဲတာ) ကိုပဲ အာရုံစိုက်လိုက်ပါ။ အဲဒီအခါ စိုးရိမ်စိတ်ကနေ 'ပြင်ဆင်မှု' အဖြစ် ပြောင်းသွားပါလိမ့်မယ်။
❣️ဒီဥပမာတွေရဲ့ တူညီတဲ့အချက်ကတော့ "ခံစားချက်တွေကို အပြစ်မတင်ဘဲ သူတို့ရဲ့ သတင်းစကားကို ရှာဖွေတာ" ပါပဲ။
🙌ခံစားချက်တွေက ကျွန်မတို့ဘဝရဲ့ Compass (သံလိုက်အိမ်မြှောင်) တွေပါ။
💖သူတို့ပြတဲ့ အရပ်မျက်နှာကို သေချာကြည့်တတ်ရင် ကျွန်မတို့ဟာ ပိုပြီး တည်ငြိမ်တဲ့၊ ပိုပြီး ရဲရင့်တဲ့ လူသားတွေ ဖြစ်လာပါလိမ့်မယ်။
💖ဒီလို အဆင့်လေးတွေအတိုင်း လုပ်ဆောင်ကြည့်မယ်ဆိုရင် သင့်ရဲ့ နေ့စဉ်ဘဝဟာ ပိုပြီး ငြိမ်းချမ်းပြီး အားအင်တွေ ပြည့်ဝလာတာကို တွေ့ရပါလိမ့်မယ်။
💖အခုကစပြီး သင့်ရဲ့ ခံစားချက်လေးတွေကို "သူငယ်ချင်းကောင်း" တစ်ယောက်လို ဆက်ဆံကြည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။
ဒီနေ့ကစပြီး ကိုယ့်ရဲ့ အတွင်းစိတ်လေးကို အချိန်ပေးပြီး နားထောင်ပေးဖို့ အဆင်သင့် ဖြစ်ပြီလားရှင်?
05/05/2026
✨ဒီနေ့ ကျွန်မတို့အားလုံး ခဏလောက်အနားယူပြီး၊ ကိုယ့်ရဲ့ အတွင်းစိတ်ထဲကို အတူတူလှမ်းကြည့်ကြရအောင်။
❣️လူအတော်များများက ကျွန်မတို့ကို သင်ပေးခဲ့ကြတယ်၊ "ခံစားချက်ဆိုတာ အားနည်းချက်" တဲ့။ "သိပ်ပြီး စိတ်လှုပ်ရှားမနေနဲ့၊ ဦးနှောက်နဲ့ပဲ စဉ်းစား" လို့ ပြောခဲ့ကြတယ်။
❣️ဒါပေမဲ့ တကယ့်အမှန်တရားက အဲဒီလိုမဟုတ်ဘူးဆိုတာ သိပါသလား……
❣️ကျွန်မတို့ဟာ တွေးခေါ်တတ်တဲ့ ခံစားမှုသတ္တဝါတွေပါ။ ခံစားချက်မရှိဘဲ ကျွန်မတို့ ရှင်သန်လို့မရပါဘူး။
👉စိတ်ခံစားချက်တွေက ဘာလို့အရေးကြီးတာလဲ?
📍၁။ ခံစားချက်ဆိုတာ တကယ်က "Superpower" ပါ
ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ဝမ်းနည်းတာ၊ ကြောက်တာ၊ ဒါမှမဟုတ် စိတ်လှုပ်ရှားတာတွေကို "ကလေးဆန်တယ်" လို့ မြင်တတ်ကြတယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။
❣️The Hunger game ဆိုတဲ့ရုပ်ရှင် ကြည့်ဖူးလားနော်။ အဲ့ဒီရုပ်ရှင် ကျမ သိပ်ကြိုက်တာ မင်းသမီးက အသက်ကိုရင်းရတဲ့ games ကို သူချစ်ရတဲ့ ညီမလေး အစား ဝင်ပြိုင်ပေးတာ...
ဒီမေတ္တာတရားကြောင့်ပဲ သူမ သတ္တိရှိလာပြီး၊ အောင်နိုင်သွားစေခဲ့တယ်…
ဒီမေတ္တာတရားကြောင့် သူမကို inspired ဖြစ်ကြပြီး၊ အခြားသူတွေဆီက support တွေရခဲ့တယ်
💖ခံစားချက်တွေဟာ သင့်ခန္ဓာကိုယ်က သင့်ကိုပေးတဲ့ "သတင်းစကား" တစ်ခုပါ။
🙌ပျော်ရွှင်ခြင်းခံစားချက်တွေက ကျွန်မတို့ကို အားအင်ဖြစ်စေပြီး၊ ရှေ့ဆက်ဖို့ တွန်းအားပေးပါတယ်။
🙌ဝမ်းနည်းခြင်း ခံစားချက်တွေက ကျွန်မတို့ကို "အနားယူဖို့" နဲ့ "ကုစားဖို့" လိုအပ်နေပြီလို့ သတိပေးတာပါ။
🙌ဒေါသထွက်ခြင်း ခံစားချက်က ကျွန်မတို့ရဲ့ "စည်းဘောင်" (Boundary) ကိုတစ်ယောက်ယောက်က ကျော်လာတဲ့အခါ သတိပေးတာပါ။
🙌ကြောက်ရွံ့ခြင်း ခံစားချက်ကတော့ ကျွန်မတို့ကို "ဘေးကင်းအောင်" နေဖို့ ခန္ဓာကိုယ်က သတိပေးတဲ့ စနစ်ပါ။
📍၂။ ခံစားချက်တွေကို ဖုံးကွယ်ထားရင် ဘာဖြစ်မလဲ?
ခံစားချက်တွေကို ငြင်းပယ်တာ၊ ဖိနှိပ်တာဟာ အချိန်ကိုက်ဗုံးတစ်လုံးကို ပိုက်ထားသလိုပါပဲ။ "ကိုယ်အဆင်ပြေပါတယ်" လို့ ပါးစပ်က ပြောနေပေမဲ့ ကိုယ့်အတွင်းစိတ်ကတော့ နာကျင်နေနိုင်တယ်။ ဒီလို ဖိနှိပ်ထားတဲ့ ခံစားချက်တွေက နောက်ဆုံးမှာ🥺
အကြောင်းမဲ့ ခေါင်းကိုက်တာ၊ ဗိုက်နာတာတွေ ဖြစ်လာမယ်။
ဘာမဟုတ်တဲ့ အကြောင်းအရာလေးနဲ့ ဒေါသတွေ ပေါက်ကွဲထွက်မယ်။
ဘယ်လောက်ပဲ အောင်မြင်နေပါစေ စိတ်ထဲမှာ ဟာတာတာကြီး ဖြစ်နေမယ်။
📍၃။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး "Connect" လုပ်ဖို့ လေ့ကျင့်ခန်း
အခုပဲ ကျွန်မနဲ့အတူ ဒါလေးကို စမ်းကြည့်ရအောင်။
မျက်စိလေးမှိတ်လိုက်ပါ။ ဘာအတွေးမှ မတွေးဘဲ သင့်ရင်ဘတ်ထဲက ခံစားချက်ကိုပဲ အာရုံစိုက်ပါ။
ကိုယ့်ကိုယ်ကိုယ် မေးပါ - "အခု ငါ တကယ် ဘာခံစားနေရတာလဲ?"
အမည်တပ်ပါ - "ငါ အလုပ်တွေ များနေလို့ ပင်ပန်းနေတာလား?" ဒါမှမဟုတ် "တစ်ယောက်ယောက်ကို အားနာနေလို့ စိတ်ကျဉ်းကျပ်နေတာလား?"
🌻ဒီလို အမည်တပ်လိုက်တာနဲ့တင် သင့်စိတ်ဟာ ထက်ဝက်မက ပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။
🌻ဘာဖြစ်လို့လဲဆိုတော့ "မသိတဲ့အရာ" ကို သိသွားတဲ့အခါ ကျွန်မတို့မှာ ထိန်းချုပ်နိုင်စွမ်း ရှိလာလို့ပါပဲ။
Click here to claim your Sponsored Listing.
Category
Contact the business
Address
Yangon