Nebula Letter

Nebula Letter

Share

A Personal Diary

24/05/2025

နေလုံးက ခေါင်းပေါ်တည့်တည့်ရောက်နေတဲ့ အချိန်ကျတော့မှ ထီးမပါဘဲ ကျွန်တော်ထွက်လာမိတယ်။ လွန်ခဲ့တဲ့ ရက်တွေက Vitamin D Deficient ဖြစ်နေတယ်လို့ ဝင်နေတဲ သံသယက ထီးမပါလို့ နေပူတဲ့ ခံစားချက်ကို နည်းနည်းတော့ ကုစားပေးတယ်။ အဆင်ပြေပါတယ်။

ဒီကနေ့ အမေ့ကို ဖုန်းဆက်တယ်။ သားအလုပ်ထွက်လိုက်ပြီ၊ အိမ်ပြန်လာပြီလို့ ပြောလိုက်တော့ သူ့အသံက ပျော်နေသယောင် ခံစားရတယ်။ အမေ ရွှေလည်း မလိုချင်ဘူး၊ ငွေလည်း မလိုချင်ဘူး ငါ့သားအိမ်မှာ ရှိနေတာပဲ လိုချင်တယ်ဆိုတဲ့ လေသံမျိုး။ ကျွန်တော် အမေနဲ့ အဘွားကို ချစ်ပါတယ်။ သို့သော်လည်း တဆက်တည်းမှာပဲ သူတို့နှစ်ယောက်ကို လောကကြီးမှာ မရှိတော့ရင် ကောင်းမယ်လို့လဲ တွေးမိတယ်။ ဒီစကားက ကျွန်တော့်ကို နှာခေါင်းရှုံ့ချင်စရာ ကောင်းပေမယ့် ဆင်းရဲတဲ့ဒဏ်ကို ဒီလောက်နဲ့ပဲ သူတို့ကို ခံစားစေချင်တာလေ။ ကျန်တာ ကိုယ်ပဲဆက်ယူသွားမယ်။ ဒီလိုမျိုး တွေးမိတာပဲ။ ကိုယ်အသားကျနေပြီဖြစ်တဲ့ လူနေမှုစတိုင်ကြီးကို ပစ်ချထားခဲ့ပြီး ကိုယ်နဲ့ အံမဝင်တဲ့ ရွှေရှိမှ အမျိုးတော်ကြမယ့် ရွှေမျိုးတွေကြားထဲ အောင့်အည်း သည်းညည်းခံထားရတဲ့ ကျွန်တော့် မျက်နှာကို ဒီနေ့ ပြရဦးမယ်။

လမ်းပေါ်မှာ ဆံပင်ကုပ်ဝဲ၊ မျက်လုံး၊ မျက်ခုံးကောင်းကောင်း၊ နှာတံပေါ်ပေါ်နဲ့ ခန္ဓာကိုယ် ဖွံ့ဖွံ့ထွားထွားရှိတဲ့ ကောင်မလေးကို မြင်တော့ သူ့ကိုသတိရသွားတယ်။ အင်း... အိမ်ပြန်ရောက်ရင်တော့ သူနဲ့ကုန်ဆုံးရမယ့် အချိန်တွေ နည်းသွားမှာ နှမြောစရာ။ ဘာရယ်မဟုတ်ဘူး သူနဲ့တွေ့တုန်းက သူအရမ်းကြိုက်တယ်ဆိုတဲ့ Acqua di Gio ရဲ့ Profumo အနံ့ကိုတောင် နေပူထဲမှာ ပြန်ရသလို ခံစားမိတယ်။ သူရှိတဲ့ မန္တလေးကို မဖြစ်ဖြစ်အောင် လာတွေ့မယ်လို့ ကတိပေးထားတာ တည်နိုင်ပါဦးမလား ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ နောက်ပြီး အလုပ်လက်မဲ့ ဖြစ်ပြီဆိုမှ လိုချင်လာတဲ့ ရေမွှေးနာမည်တွေက ခေါင်းထဲမှာ ကျလာ။ ဒီနှစ်ရဲ့ New Beginning ကတော့ ခပ်ကြမ်းကြမ်းနဲ့ ဆောင့်ဖွင့်လိုက်တာ တံခါးချက်တွေတောင် ယိုင်လို့။ လူလည်း ငိုင်လို့။

နေပူထဲ လမ်းလျှောက်ရင်း ဖတ်လက်စ L'Etranger ထဲက မားဆိုးလိုလို၊ The Catcher in the Rye ထဲက ကောင်လေးလိုလို ခံစားလာရတယ်။ ဘာမှတော့ မဆိုင်ပါဘူး။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဖြစ်တည်မှုပဋိပက္ခတွေနဲ့ ဇာတ်ကောင်တွေကို အတင်း Literally me လုပ်ချင်တဲ့ ရူးနှမ်းနှမ်း အတွေးမျိုးပါပဲ။ ကျွန်တော် Ryan Gosling ပါပေါ့။

တောင်စဉ်ရေမရတဲ့ အတွေးတွေနဲ့ လမ်းဆက်လျှောက်နေရင်း ရန်ကုန်နေက မျက်နှာတည့်တည့်ကို အပြင်းအထန် တိုက်ခိုက်တယ်။ ခြေလှမ်းတွေကတော့ တဖက်ကားလမ်းကို ကူးရင်း လမ်းလည်ခေါင် မျဉ်းဖြူပေါ်မှာ နေရာယူထားတယ်။ နေနဲ့ မျက်လုံးချင်းဆိုင်ရင် နှာချေချင်တဲ့ Photic Sneezing က ကားလမ်းကူးခါနီး နှာခေါင်းထဲမှာ မုန်တိုင်း ဝင်သလို သောင်းကျန်းလာတယ်။ မျက်ခုံးနှစ်ခုကြားမှာ တွဲလျောင်းခိုနေတဲ့ ချွေးစက်တွေက နေရောင်ခြည်ကြောင့် သိပ်ကျယ်ကျယ် မဖွင့်နိုင်ဘဲ မျက်မှောင်ကျုံ့နေတဲ့ မျက်လုံးထဲကို စီးကျတယ်။ အဲဒီအချိန်မှာပဲ နှာခေါင်းထဲက မုန်တိုင်းက ဦးနှောက်ထဲထိ ဖြတ်တိုက်သွားတယ်။ မျက်လုံးထဲပြာပြီး နားထဲ တစီစီ အသံတွေနဲ့။ မျက်ခွံနှစ်ခု မပိတ်သေးခင် နောက်ဆုံး မြင်လိုက်ရတာက ဟွန်းသံပေးရင်း တည့်တည့်ကြီး ဝင်လာတဲ့ အဖြူရောင် အိမ်စီးကားတစ်စီး။ ကားပေါ်မှာ အမေနဲ့ အဘွားရယ်၊ ဦးလေးလင်မယားရယ်။

#သန်းတင့်စံ

01/08/2024

သစ္စာပန်းနံ့တွေ ထုံလွှမ်းနေတဲ့ August

August ဟာ အတိတ်ရဲ့မျက်နှာစာထဲကနေ အိပ်မှုန်စုံမွှားနဲ့ ထလာခဲ့ပြီ။ မလန်းဆန်းဘူး၊ ကြည်လင် ရွှင်ပျမနေဘူး။ သူ့စိတ်တွေ နောက်ကျိနေတယ်။

သေချင်းတရားနဲ့ စီးချင်းထိုးခဲ့တဲ့ ၁၂ လရာသီကို August ဟာ မထုံတက်တေးကြည့်တယ်။ ပြဿနာသောင်းခြောက်ထောင်ကို မနက်ခင်းသတင်းစာလို မနက်ဖြန် ဘာဖြစ်လာမလဲ စောင့်ဖတ်ခဲ့ရတဲ့ လတွေ။

August ဟာ ပါးလျနေတဲ့ ပုဝါလေး ၃၁ စကို တစ်လွှာချင်း တစ်ရက်ချင်း ချွတ်ချဦးမှာ။ ဒါပေမယ့် ကဗျာမဆန်ဘူး။

လူ့အဖွဲ့အစည်းကို နားလည်ဖို့ကြိုးစားနေတဲ့ August ဟာ “Pull ”လို့ ရေးထားတဲ့ မှန်တံခါးကို အတင်းတွန်းပြီး ဝင်ဖို့ကြိုးစားခဲ့တယ်။

Gladiolus အပင်တွေက မင်းကို ကိုယ်စားပြုတယ်လို့ August ကို လာပြောနေလိမ့်မယ်။ ဒါပေမယ့် သစ္စာမရှိတဲ့လူ့အဖွဲ့အစည်းထဲမှာ သစ္စာပန်းလေးတွေ ရှိနေသေးတာကို August မေ့နေရရှာပြီ။ သူမကြားတော့။

August ဟာ ယုံကြည်ချက်အပေါ် သစ္စာရှိချင်မှ ရှိလိမ့်မယ်။ သစ္စာပန်းတွေကတော့ August အပေါ်မှာ သစ္စာရှိခဲ့တယ်။

Painting: pinterest

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon