Lustrum Studio

Lustrum Studio

Share

Lustrum is an online-based fiction publishing studio.

04/01/2024

မနက်ဖြန်မှာ Lustrum Studio ရဲ့ ပင်တိုင် Author ထဲက တစ်ယောက်ဖြစ်တဲ့ Astra ရဲ့ Maryland အမည်ရတဲ့ One shot လေးတင်ပေးမှာ‌မို့ ၀င်ဖတ်ပေးကြပါအုံးဗျ။ 2024 ကစပြီး ကျတော်တို့ အရင်ကထက် post တွေ ပြန်တင်နိုင်အောင်စီစဉ်ထားပါတယ်။

ကဲ...ဒါဆိုရင် မနက်ဖြန် တွေ့ကြမယ်နော် 🤫

09/12/2023

" Dream Catcher "
Author - Q.M

ဆယ်နှစ်ပြည့်မွေးနေ့အတွက် သူရရှိခဲ့တဲ့ လှပတဲ့အရာလေးတစ်ခု ။

အဲ့နောက်ပိုင်း မကြိုဆိုခြင်းတွေလည်း အများကြီးရောက်လာခဲ့တယ် ။

_ _ _ _ _

''ဟီး ကြိုက်တယ်''

သူ့မိခင်ပေးသော Dream catcher လေးကို သူ့ကိုယ်ပိုင်အခန်း ပြတင်းပေါက်မှာ ချိတ်လိုက်ရတဲ့ ကလေးငယ်ဟာပြုံးပျော်နေခဲ့တယ် ။ ဒါပထမဆုံး မိဘနဲ့ခွဲအိပ်ရခြင်းမို့လည်းပါမယ် ။ ကောင်လေးမျက်လုံးထဲက အပျော်ကို သူ့မိဘနှစ်ပါးလည်းရှာဖွေနိုင်ခဲ့မယ်ထင်တယ် ။ ခဏလောက်ဖြစ်ဖြစ်ပေါ့ ။ တကယ်ကိုခဏလောက်စာလေးကိုပေါ့ ။

အခန်းထဲမှာ သူအိပ်ဖို့ကုတင်ရှိတယ် ။ စာကြည့်စားပွဲရှိတယ် ။ ဗီဒိုတစ်လုံးရှိတယ် ။ မျက်နှာကျက်မှာ မီးတစ်လုံးနဲ့ နံရံမှာညအိပ်မီး တစ်လုံးရှိတယ် ။ ပြတင်းပေါက်တစ်ပေါက်ထဲပါပြီး အဲ့ပြတင်းပေါက်က အပြင်ဖက် ယာတောတွေကိုလှမ်းမြင်နေရတယ် ။ မြို့မကျတကျနယ်မြို့လေးရဲ့ အစွန်ဟာ တိတ်ဆိတ်စရာတွေနဲ့ စိတ်ချမ်းမြေ့စရာတွေကြီးဖြစ်နေတတ်တယ် ။ ဆိုးရွားတဲ့အရာတွေမရှိခဲ့ရင်ပေါ့ ။

_ _ _ _ _

ပထမဆုံးည ကိုယ့်ကိုယ်ပိုင်ခုတင်နဲ့ ကိုယ်ပိုင်အခန်းနဲ့ ကိုယ့်ကိုယ်ပိုင်အရာတွေနဲ့ နေနေရတဲ့ကလေးတစ်ယောက် ။

သူငေးနေခဲ့တာက ပြတင်းပေါက်က သူရခဲ့တဲ့မွေးနေ့လက်ဆောင်လေး ။ လှတယ်လားဆိုရင်တော့ အပြာရောင်လေး ၊ အောက်မှာ ငှက်မွှေးတွေ ကြယ်တွေ လတွေ ၊ ဂြိုဟ်တွေ စကြဝဋာတွေ ။ လှပါတယ် ။

အဲ့နေ့ညကို သူပြတင်းပေါက်ဖွင့်အိပ်ခဲ့တယ် ။

အဲ့နေ့ညကို သူပြတင်းပေါက်ဖွင့်အိပ်ခဲ့တယ် ။

အဲ့နေ့ညကို သူပြတင်းပေါက်ဖွင့်အိပ်ခဲ့တယ် ။

_ _ _ _ _

တစ်စုံတစ်ခုကကြည့်နေတယ်လို့ခံစားရတဲ့နောက် သူမျက်လုံးအစုံကိုဖွင့်ဖို့ကြိုးစားကြည့်တယ် ။ မရ ။ ကိုယ်ကားလှုပ်မရ ။ အော်သည် မထွက် ။ ဇောချွေးတွေရွဲနေပြီ ။

မှောင်အတိ ဘာကိုမှမမြင်ရ ။ သို့သော် တစ်ခုခုက သူ့ကိုကြည့်နေတယ်လို့ သူခံစားနေရတုန်း ။

အချိန်တစ်ခုကြာတော့ သူပြန်အိပ်ပျော်သွားတယ် ။ ဒါမှမဟုတ် သူနိုးလာတယ် ။ လှုပ်မရတာကအိမ်မက်လား တကယ်လား သူခွဲမရခဲ့ဘူး ။

ညကအဖြစ်အပျက်တွေက မိဘတွေပါးစပ်ထဲရောက်တော့ ဘီလူးစီးတာဆိုပြီးနဲ့သာ ပြီးသွားပြန်တယ် ။ ဘာမှရေရာခြင်းမရှိတဲ့ ကြောက်စိတ်တွေ အလကားပဲလို့ ရေရွတ်ရင်း ဒီညလည်း သူပြတင်းပေါက်ဖွင့်အိပ်ခဲ့သေးတယ် ။

_ _ _ _ _

''ဒေါက် ဒေါက်''

''ဘာလဲကွ''

''ပါပါး သားအိမ်မက်ဆိုးမက်လို့ ဟင့်''

''မင်းကလဲကွာ အိမ်မက်ပဲကို''

''သား သား ကြောက်တယ် ပါး''

အဖေဖြစ်သူနဲ့သား တံခါးတစ်ခုခြားပြီး စကားဆက်ပြောနေတယ် ။ အဖေကလည်းတံခါးဖွင့်မပေး ။ သားဖြစ်သူကလည်း လောခ့်ချထားတဲ့တံခါးကိုဖွင့်မရ ။ တဖက်မှာငိုနေတဲ့ ကလေးငယ် ။ တဖက်မှာ အိပ်မှုန်စုံမွှားနဲ့လင်မယားတစ်တွဲ ။

''သား မားနဲ့လာအိပ်လို့ရလားဟင်''

''အာ မင်းကလည်းကွာ မနေ့ကပဲ ၁၀ နှစ်ပြည့်ထားတာကို မင်းပဲ တစ်ယောက်ထဲခွဲအိပ်မယ်ဆို မင်းပဲ အသက်ကြီးပါပြီဆို''

ကလေးတွေရဲ့မခံချင်စိတ်ကပြင်းတယ် ။

''ဟုတ်''

ငိုသံမပါတဲ့ စကားကိုတစ်ခွန်းထဲပြောပြီး ကလေးငယ်က အခန်းထဲပြန်ဝင်သွားတယ် ။

သူမက်ခဲ့တဲ့အိမ်မက်ထဲက မျက်လုံးပြာပြာကြီးတစ်စုံ သူ့အခန်းထောင့်ကိုအခုရောက်နေပြီ ။ ခြောက်လားလန့်လားမလုပ်ပေမယ့် သေချာကိုစိုက်ကြည့်နေခဲ့တာ ။

ညသန်းခေါင် ကောင်လေးတစ်ယောက် ခုတင်ပေါ်မှာ ၊ အခန်းထောင့်ကနေကြည့်နေတဲ့ မျက်ထောင့်ပြာပြာတွေကို လျစ်လျူရှုပြီး ပြူတင်းပေါက်က အပြာရောင် Dream catcher လေးကိုသာအာရုံတစိုက်ကြည့်ရင်း အိပ်ပျော်သွားဖို့ ဆုတောင်းနေလိမ့်မယ် ။

_ _ _ _ _

ပူလိုက်တာ ၊ အိုက်လိုက်တာ ၊ တဆက်ထဲမှာပဲ အေးစက်နေတယ် ။ အပြင်ရာသီဥတုက အေးတာလားပူတာလားမသိဘူး ။ သူကိုယ်တိုင်က အေးစက်လိုက် ပူစပ်လာလိုက်နဲ့ ဖျားနေသလိုပဲ ။ နောက်ပြီး ခဏကျ လွင်တီးခေါင် ကန္တာရထဲရောက်သွားတယ် ။ ခဏအတွင်းမှာ ရေခဲပြင်တွေပေါ်လာတယ် ။

နောက်ပြီး သူနိုးလာတယ် ။

နှစ်ပတ်လောက်ကြာအောင်ဖျားခဲ့တယ် ။ ဖျားတဲ့အတောအတွင်း အိမ်မက်ဆိုးတွေမမက်ဘူး ။

ပြတင်းပေါက်တွေဖွင့်မအိပ်ဘူး (တကယ်ကမိဘတွေကပိတ်ထားခဲ့တာ)

သူလည်း Dream catcher ကို ကြည့်မနေခဲ့ရဘူး ။

_ _ _ _ _

၁၀ အရွယ်ကလေးတစ်ယောက်ရဲ့ စဥ်းစားနိုင်စွမ်းက ဘယ်လောက်ပိုနိုင်မှာလဲ ။ အဖျားသက်သာတဲ့တစ်ရက်ကျ ပြတင်းပေါက်ကိုဖွင့်လို့ ကောင်းကင်က လနီနီကြီးက ပြူးလို့ ။

အိမ်မောမကျခင် သူ့မျက်လုံးတစ်စုံဟာလဲ ပုံမှန်လည်ပတ်နေကျ Dream catcher ဆီသို့ ။

_ _ _ _ _

အမေ့ကို သူရှာနေတယ် ။ မရှိဘူး ။ အဖေ့ကိုတွေ့ပြီးပြီ ။ ဆရာမတွေကိုလည်း သူနှုတ်ဆက်ခဲ့ပြီးပြီ ။ သူငယ်ချင်းတွေလည်း သူတို့မိဘကိုယ်စီနဲ့ ပျော်လို့ပါးလို့ ။ ကျောင်းပွဲရဲ့ အဓိပ္ပါယ်နဲ့မဆိုင်ပေမယ့် သူ့အတွက်ပျော်စရာမရှိဘူး ။ အမေဘယ်မှာလဲ ။

အဖေကလည်းနှုတ်ဆိတ်နေတယ် ။ ငြိမ်ငြိမ်လေး မလှုပ်မရပ် ။ အဲ့တာကြောင့် သူ့အဖေကိုကျောခိုင်းပြီး သူ့အမေကိုဆက်ရှာနေခဲ့တယ် ။

ကျောင်းအခန်းတွေကုန်ပြီ ။ ကျောင်းမုန့်ဆိုင်တန်းလည်းကုန်ပြီ ။ တဝန်းလုံးလည်းကုန်ပြီ ။

လမ်းတွေကိုသူဆက်လျှောက်တယ် ။ အရောင်မဲ့နေတဲ့ ပတ်ဝန်းကျင်အပြောင်းအလဲတွေကိုသူမသိဘူး ။ အမေဘယ်မှာလဲဆိုတာသာ သူစိတ်ထဲရှိနေတယ် ။

လမ်းဘေးကမဟောင်တဲ့ခွေးတွေ ။ အလှူခံအသံမထွက်တဲ့ အလှူခံတွေ ။ ဓမ္မတေးတောင်မဖွင့်တော့တဲ့ ရပ်ကွက်ဓမ္မာရုံတွေ ။ မမြည်တော့တဲ့ ကားဟွန်းသံတွေ ။ နောက်ပြီး မတိုက်ခတ်နေတဲ့လေ ။ ဘယ်မှာမှသူ့အမေမရှိနေခဲ့ဘူး ။

သူအိမ်ကိုပြန်ရောက်လာတယ် ။

''အမေ....''

အော်ပြီး ခြံထဲပြေးဝင်သွားပေမယ့် ဘာတုန့်ပြန်မှုမှမရှိဘူး ။ နောက်ပြီး ဘာကမှ သာမန်နဲ့မတူတာကိုသူသတိထားမိလာတယ် ။

လေတွေစတိုက်လာတယ် ။ ကားသံတွေကြားရလာတယ် ။ အရောင်တွေစပေါ်လာတယ် ။ ခွေးဟောင်သံ ၊ ကားသံ ၊ ရပ်ကွက်ထဲက ရန်ဖြစ်သံ ၊ ၂၄ နာရီ ပဋ္ဌာန်း တရားရွတ်ဖတ်သံ ၊ လေတိုက်သံ ။

တဖက်လမ်းကိုသူပြန်ကူးတယ် ။ ရပ်နေတဲ့ လူကြီးကို ''ဒါအိမ်မက်လားဟင်'' လို့မေးတယ် ။

တစ်ခဏအတွင်း လမ်းပေါ်ကမျက်ထောင့်နီတွေကိုသူမြင်လိုက်တယ် ။ ခွေးတွေ လူတွေ အကုန် မဲမှောင်ကုန်ကျပြီး မျက်စိတွေနီရဲနေကြတယ်လို့ သူထင်တယ် ။ ကြောက်စိတ်ကိုလိုက်ပြီး သူပြေးတယ် ။ အိမ်ထဲကိုပြေးဝင်တယ် ။ သူအိမ်ခန်းထဲကိုပြေးဝင်သွားတယ် ။

အပေါ်ထပ်ကိုတက်တယ် ။ အပေါ်ထပ်မှာ ... ။

_ _ _ _ _

''အမေ...''

သူ့အမေပေါ်မှာ ခုနကမဲမဲကောင်ကြီးကတက်ထိုင်နေတယ် ။ အလောင်းဘေးမှာ သူ့အမေလို့ထင်ရတဲ့အရိပ်ဖြူဖြူလေးတစ်ခု ။ အလောင်းပေါ်မှာ မကောင်းဆိုးဝါးကောင်ကြီးတစ်ကောင် ။

တစ်ကိုယ်လုံးမည်းမှောင်နေပြီး ဂျိုနှစ်ခုနဲ့ အမြီးပါတယ် ။ အဲ့အရာကဒီဖက်ကိုလှည့်ပြီး ပြုံးပြတယ် ။ ပြုံးပြတာထက် ဖြဲခြောက်တာလို့ပြောရမယ် ။

ပါးစပ်ကြီးကိုဖြဲလိုက်တာ သွေးတွေထွက်ကျလာတယ် ။ မျက်နှာကအပျော်လွန်နေပြီး နတ်ဆိုးဆန်တယ် ။ မျက်လုံးတွေက သွေးလို့ထင်ရတဲ့ အနက်ရောင်အရည်တွေကျဆင်းနေတယ် ။ နှာခေါင်းမပါဘူး ။

အကုန်ရပ်တန့်သွားတယ် ။ သူအသိစိတ်လွတ်သွားတာလား ၊ အသိစိတ်ကပဲ အစထဲက ဒိီမှာမရှိနေတာလား မသိဘူး ။

'' အ.. ရ.. သာ.. ရှိ.. လိုက်.. တာ.. ''

သူ့နားထဲကို အသံစူးနက်နက်ကြီးက တစ်လုံးခြင်းစီဝင်လာတယ် ။ ပြီးတော့ ။

_ _ _ _ _

ဧည့်ခန်းထဲကဆိုဖာပေါ်မှာ သူအိပ်ပျော်သွားတာ ။ နောက်ပြီး သူ့ Dream catcher က သူ့ခေါင်းပေါ်တည့်တည့်မှာ ။

ဘယ်လိုရောက်လာတာလဲ ။

အမေ အမေကော ။

သူ့အမေအခန်းရှေ့ကိုသွားပြီး တံခါးခေါက်တယ် ။

''မေမေ မေမေ''

အထဲကအသံမကြားရ ။ သူတံခါးဖွင့်ဝင်ကြည့်တယ် ။ ထူးထူးဆန်းဆန်း တံခါးကခတ်မထား ။

အခန်းထဲမှာ သူ့အမေကတော့အိပ်မောကျနေပြီ ။ ခဏလောက်ကြည့်ပြီး သူ့အခန်းထဲပြန်လာခဲ့တယ် ။ အိမ်မက်ကိုအတွေးထဲက ထုတ်မရ ။

ရေသောက်ဖို့ မီးဖိုချောင်ထဲသူထွက်လာတယ် ။ ရေခဲသေတ္တာကိုဖွင့်တယ် ရေဗူးကိုယူပြီး ရေခဲသေတ္တာကိုပြန်ပိတ်တယ် ။ အခန်းပြန်မယ်လုပ်တော့ ခုနကအနက်ရောင်အကောင်လိုလို နတ်ဆိုးလိုလိုအရာကြီးက အပေါက်ဝမှာ သူ့ကိုကြည့်နေတယ် ။

ရင်ခုန်သံတွေမြန်လာတယ် ။ အချိန်တွေရပ်တန့်နေသလိုခံစားရနေတုန်း အဲ့အရာက သူ့ကိုပြုံးပြတယ်။ ခုနကသူမြင်ခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ နတ်ဆိုးအပြုံးမျိုး ။ ပြီးတော့ အဲ့အရာက လှည့်ထွက်ပြီးပြေးတယ် ။

အမေ ။

သူသတိဝင်လာပြီးလိုက်ပြေးတယ် ။ သေချာမမြင်ရ သူ့အမြီးကိုတော်မြင်နေရတယ် ။ မြန်လိုက်တာ ။ သူ့အမေအခန်းထဲကို သူကော အဲ့အရာကောပြေးနေတယ် ။

''ဒုန်း''

သူမမှီလိုက် ။ အရှေ့ကပြေးတဲ့အရာကသာ အခန်းထဲအရင်ရောက်သွားတယ် ။

အခန်းတံခါးကိုသူထုတယ် ။ ထုတယ် ။ မရ ။

အမေ့အသံလည်းမကြားရ ။ ဘာမှကိုမမြင်ရမကြားရ ။

''မား မား''

''ဒုန်း ဒုန်း''

''မားရေ..''

ငိုသံကြီးနဲ့ သူဆက်ထုတယ် ။ ဘာဖြစ်လာမလဲကို သူသိနေပြီကိုး ။

''အား....''

ခဏအကြာ အိပ်ခန်းထဲကနေ မိန်းအသံစူးစူးတစ်ခုထွက်လာတယ် ။ ပြီးတော့ တံခါးပွင့်လာတယ် ။

_ _ _ _ _

ကလေးတစ်ယောက်ကသူ့အမေကို ဓားနဲ့ သေကြောင်းကြံလိမ့်မယ်လို့ မထင်ကြောင်းတွေ သူအမြဲကြားခဲ့ရတယ် ။ တရားခွင်အပြီးထိပေါ့ ။

သူ့အဖေကတော့ ပေါ်ကိုမလာခဲ့ဘူး ။ သူ့စိတ်ထဲလည်းဗလာကျင်းနေတုန်း ။ စိတ်ဒါဏ်ရာတွေနဲ့ပြည့်နေတာလည်းဖြစ်နိုင်တယ် ။ ဒါမှမဟုတ်လည်း ဗလာကျင်းနေတုန်းပေါ့ ။

_ _ _ _ _

တစ်လကြာပြီးတော့ လူငယ်ထိန်းသိမ်းရေးကျောင်းကို ပစ္စည်းတစ်ခုရောက်လာတယ် ။ ဘယ်သူ့နာမည်မှမတပ်ထားဘူး ။ အဲ့အရာက အဆောင်အဝင်ဝကိုရောက်သွားတယ် ။ ဝင်တာနဲ့တန်းမြင်ရတဲ့ အိမ်မက်ဖမ်းတဲ့ လှပတဲ့ အပြာရောက် ပစ္စည်းလေးတစ်ခုပေါ့ ။

မြင်မြင်ခြင်းသူနားလည်လိုက်ပါတယ် ။ ဒုက္ခပဲ ဆိုပြီးတော့ ။

ဒါမယ့် ဘယ်လူကြီးကမှ သူ့လို ရာဇဝတ်သားစကားကိုနားမထောင်ကြပါဘူး ။

(စာကို Copy ယူပြီးပြန်တင်ခွင့်မပြုပါ)

Copyright © 2022 All Rights Reserved By Lustrum
Distributed By Lustrum Fiction Production

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon