Nagar Arts Class
(Bio)
My name is Nagar (Aung Myo Myat). I am Freelance Graphic Designer. I have been working Graphic
15/02/2024
ကလေးများ ပုံဆွဲခြင်းနှင့် သဘာ၀များ အပိုင်း(၅)
---------------------------------------------
ဘယ်သန်လား ညာသန်လား
-----------------------------------------
ကျနော်တို့ ကလေးဘ၀မှာ ပြဿနာကြီး တစ်ခုရှိတယ်။ လူတိုင်းက ညာသန်ပြီး ညာနဲ့စာရေးတယ် ညာနဲ့ အားပြုကြတယ်။ ကျနော်က ဘယ်သန် ဘယ်နဲ့ အားပြုတယ် ဘယ်နဲ့ စာရေးတယ်ပေါ့။ ဒီတော့ လူတွေ အများစုနဲ့ ကွဲထွက်ကုန်တယ်။ မိဘတွေဘိုးဘွားတွေက ညာနဲ့စာရေးဖို့ အားပြုဖို့ ဖိအားပေးကြတယ်။ ဒီတော့ ကျနော့်မှာ စာရေးတာ ထမင်းစားတာ ညာလက်ဖြစ်လာတယ်။ ဒါပေမယ့် ဘောလုံးကန် တူထုစတာတွေမှာတော့ ဘယ်လက်ကိုသာ အသုံးပြုတယ်။
ဒီတော့ တဖြည်းဖြည်း အရွယ်ရောက်လာလေလေ ဘယ်ပဲသန်သလိုလို ညာပဲသန်သလိုလိုဘ၀ကိုရောက်လာတယ်။ အလေ့များတော့ အကျင့်ဖြစ်တယ်ဆိုပေမယ့် အသက်ရလာတော့ ဘယ်သန်ကို ညာသန်ဖြစ်အောင် လိုက်လံဖိအားပေးတာ ကောင်းသလားမကောင်းသလား အဆင်ပြေလား မပြေလားဆိုတာ တွေးမိလာတယ်။ ဒါကလဲ ဘယ်သန်မွေးထားတဲ့ ကလေးမိဘတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သင်ခန်းစာ ဘ၀အတွေ့အကြုံတွေ ဖတ်မှတ်လေ့လာထားတာတွေကို ပြန်လည်အတုယူ သင့်ကြားနိုင်အောင် တင်ပြလိုက်တယ်။
ကျနော်တို့ ငယ်ငယ်က ဘယ်သန်ဖြစ်တော့ ကျောင်းမှာ ခုံတစ်ခုံမှာ ၃ယောက်(သို့) ၄ယောက် ထိုင်ရတဲ့အခါ အလယ်ခေါင်ရောက်နေခဲ့ရင် ဘယ်သန်ကျနော့်အတွက် စာရေးရတာ အစဉ်မပြေတာမျိုးရှိတယ်။ ညာသန်တွေ ရေးတဲ့လက်နဲ့ ဘယ်သန်တွေရေးတဲ့လက် ထားပုံခြင်း ဆန့်ကျင်နေတာမို့ တတောင်ခြင်း တိုက်ကြပါတယ်။ ဒီအခါ ဘယ်သန် ကျနော်က ခုံရဲ့ ဘယ်ဖက် ထိပ်စွန်းမှာ ထိုင်မှသာ ညာသန်တွေနဲ့ လက်မတိုက်တော့ပါဘူး။ ဒါပထမဆုံး ပြဿနာပါပဲ။
ဒုတိယတစ်ခုက ကိုယ်သန်တဲ့ဘယ်နဲ့ စာရေးတာ ပစ္စည်းတစ်ခုခုကိုင်တာမျိုးတွေဆို လူအများစုက အားမလို အားမရ ခံစားစေရသလို မိမိကိုယ်တိုင်လဲ ကိုယ်လို ဘယ်သန်ခြင်းတွေတဲ့အခါမှာတောင် သူကိုင်တာ မသန်သလို ခံစားရပါတယ်။ ဒါဘာလို့လဲဆိုတော့ ကျနော်တို့ဘယ်သန်တွေဟာ လူများစု ညာသန်တွေရဲ့ ပြုမူ ကိုင်တွယ်ပုံတွေကိုပဲ မသိစိတ်က အသားကျနေတာမို့ဖြစ်တယ်။
သင့်ကလေးက ဘယ်သန်ပေမယ့် ညာလက်နဲ့ရေးရင် ဘာဖြစ်မလဲ။
ဘယ်သန်တွေဟာ စာရေးမတတ်ခင်ကတည်းက ဘယ်သန်မှန်း သိတယ်လို့ မိဘတွေက ပြောပြတယ်။ ပန်းချီနဲ့ ဆေးရောင်ခြယ်ရတာကို နှစ်သက်ပေမယ့် ဘယ်လက်နဲ့ ခရိုင်ယွန်ကို အမြဲတမ်း ကောက်ယူတယ်။ ဒီလို ကောက်ယူမှုတွေတင်မကပဲ ဘယ်ဘက်လက်မှာ ဘောပင် (သို့) ခဲတံကို အသုံးပြုရန် စမ်းသပ် အသုံးပြုကြတယ်။
ကလေးတွေဟာ ဘယ်သန်ဖြစ်စေ ညာသန်ဖြစ်စေ သူတို့ရဲ့ ဉာဏ်ရည်၊ သင်ယူမှု၊ စာရေးခြင်း စတဲ့အလုပ်တွေနဲ့ မသက်ဆိုင်ပါဘူး။ ကလေးတစ်ဦးဟာ စာရေးရန် ရွေးချယ်တဲ့ လက်ကို ဦးနှောက်က သူတို့ ပိုင်နိုင်ကျွမ်းကျင်တဲ့လို့ ခံယူချက်နဲ့ ဆုံးဖြတ်ချက်ချတယ်။ မည်သည့်လက်ကို အသုံးပြုသည်ဖြစ်စေ ယဉ်ကျေးမှုအစဉ်အလာတွေ မိဘဘိုးဖွားတွေရဲ့ ဖိအားပေးတာတွေနဲ့ ညာလက်ကို အသုံးပြုရန် မသင်ကြားသင့်ပါ။ ညာသန်ကလေးလား ဘယ်သန်ကလေးလားဆိုတာ လေးနှစ် ငါးနှစ်အရွယ်လောက်ကတည်းက ရှင်းရှင်းလင်းလင်း ပြသနေသင့်တယ်။ ဒီလိုမှမဟုတ်ရင် ကလေး ကျောင်းစတက်တဲ့ အချိန်ကစပြီး ဒီအခြေအနေကို သေချာပေါက် ရှင်းပေးသင့်ပါတယ်။
ကလေးရဲ့ ကိုင်တွယ်ပုံဟာ ဆုံးဖြတ်ရခက်ခြင်းရှိ၊ မရှိတွေ ကလေးဟာ မည်သည့်လက်ကို ပိုနှစ်သက်ကြောင်းစတဲ့ ဆုံးဖြတ်တွေမှာ အကူအညီပေးရန်အတွက် မိဘများနဲ့ ဆရာတွေ ဆွေးနွေးတိုင်ပင်သင့်တယ်။ အဓိက အာရုံစိုက်သင့်တာကတော့ လက်တစ်ဖက်တည်းနဲ့ လုပ်ဆောင်လေ့ရှိပြီး စည်းမျဉ်းဘောင်တွေနဲ့ ဆုံးဖြတ်စရာမလိုတဲ့ လှုပ်ရှားမှုတွေ ဖြစ်တဲ့ သွားတိုက်ခြင်း၊ အန်စာတုံးပစ်ခြင်း၊ အမြင့်မှာ ထားသော ပုံးထဲမှ အရာများကို ယူစေခြင်း စတာတွေနဲ့ စမ်းသပ်နိုင်ပါတယ်။ ဘယ်ရော ညာပါ အလွယ်တကူ အသုံးပြုနိုင်တဲ့ စမ်းသပ်မှုတွေနဲ့တော့ မစမ်းသပ်သင့်ပါဘူး။ နီးရာ အဆင်ပြေရာလက်နဲ့ ကောက်တာ ကိုင်တာတွေ လုပ်တတ်တာကြောင့်ဖြစ်ပါတယ်။
သင့်ကလေးဟာ သဘာဝအတိုင်း ဘယ်သန်ဖြစ်နေပါက စာရေးခြင်းနဲ့ ပုံဆွဲရန်အတွက် ညာလက်ကို ဘာကြောင့် လိုချင်ကြတာလဲ။ မိဘတွေဟာ အစဉ်အလာတွေ ယဉ်ကျေးမှုတွေ အခြားကလေးတွေရဲ့ အပြုမူတွေနဲ့ ကွဲလွဲနေတာ မလိုချင်တာကြောင့်ပါပဲ။ ဒါမဖြစ်သင့်တဲ့ ကိစ္စပါ။ စာရေးတဲ့အခါမှာလဲ ဘယ်မှ ညာကို စီတန်းရေးသွားတာကြောင့် ညာသန်မှပိုအဆင်ပြေတယ်။ ဘယ်သန်ဆို ကိုရေးသွားတာတွေ လက်နဲ့အုပ်ပြီး မမြင်ရလို့ စာတန်းဖြောင့် မဖြောင့် ချိန်ရတာအဆင်မပြေဘူးတွေ၊ ဘယ်လက်ရေးက မလှဘူးဆိုတာတွေ စတဲ့အကြောင့်ပြချက်တွေလဲ တွေ့ရပါမယ်။
လက်ရေးလှမလှဆိုတာ ဘယ်လက်ဖြစ်စေ ညာလက်ဖြစ်စေ မဆိုင်ပါဘူး။ ရေးတဲ့သူရဲ့ စနစ်ကျမှု သေချာမှု စိတ်ဝင်စားမှုနဲ့သာ ဆိုင်ပါတယ်။ ဒီလိုပဲ မွေးရာပါ လက်မပါသူတွေ ခြေထောက်နဲ့ ညှပ်ပြီး စာရေးကြတာ ၀ိုင်းစက်နေတာ ကျနော်တင်ထားတဲ videoတစ်ခုမှာ တွေ့ဖူးကြမယ်။ စာရေးတဲ့အခါ ဘယ်မှညာကိုသွားတာကို ပိုအဆင်ပြေပေမယ့် ဘယ်လက်နဲ့ရေးတာကြောင့် အုပ်ပြီးမမြင်ရဖူးဆိုတာဟာလဲ အလေ့ကျင့် ကျွမ်းကျင်ပိုင်နိုင်မှုနဲ့သာ သက်ဆိုင်ပါတယ်။
ခုရက်ပိုင်း စာကို ပြောင်းပြန်ရေးတဲ့ ဇွဲထက်ရွှေဆိုင်ဝန်ထမ်းအကြောင်း ကြားကြလိမ့်မယ်။ ဘယ်သန်တယ် ညာသန်တယ်ဆိုတာထက် ဇောက်ထိုးရေးတာက တစ်ကွက်ဆန်းသွားပါပြီ။ သူလဲ ငယ်ငယ်ကတည်းက ဒီလိုရေးတယ်၊ ကြီးလာတော့ ပြင်ကြည့်တယ်။ မရဘူး။ နောက်တော့ ဇောက်ထိုးပဲ ဘာလာလာရေးတယ်။ သန်ရာသန်ရာပဲ ပိုကောင်းပါတယ်။ စည်းမျဉ်းတွေ ယဉ်ကျေးမှုတွေ အစဉ်အလာတွေ အရေးမကြီးပါဘူး။ မိမိကိုယ်တိုင် နှစ်သက်ကြေနပ်နေဖို့သာ ပိုရေးကြီးပါတယ်။
ကျနော်ကိုယ်တိုင် ဘယ်သန်ဘ၀မှ ညာနဲ့ အသုံးပြုလာခဲ့ရတဲ့ အတွေ့ အကြုံတွေကို ပြောပြပါမယ်။ ငယ်ငယ်က ခုချိန်ထိ ညာနဲ့ စာရေးခဲ့တော့ ကြီးလာတဲ့ အခါ ဘယ်နဲ့စာမရေးတတ် တော့ပါဘူး။ ဒါပေမယ့် ဇွန်းကိုင်တာ တူထုတာ ဘောလုံးကန်တာ စတာတွေမှာ ဘယ်ဖက်ပဲ သန်တာကြောင့် ဘယ်ကိုပဲ အားပြုပါတယ်။ ညာနဲ့ ထမင်းစားတယ်၊ မျက်နှာသစ်တယ်၊ စာရေးတယ်၊ ဘယ်နဲ့ ကျန်အများစုကို ပြုလုပ်ခဲ့တာကြောင့် ဘယ်သန်လိုလို ညာသန်လိုလို ဖြစ်နေ ပါတော့တယ်။
ဒီကိစ္စဟာ ပုံတွေ ဆွဲတဲ့အခါ ပြဿနာတက်ပါတော့တယ်။ စာရွက်ပေါ်မှာ ခဲတံနဲ့ ပုံဆွဲရင် ညာလက်သာ သန်ပါတယ်။ ဘယ်မသန်ပါ။
ကြီးမားတဲ့ ကင်းဗတ်ပေါ်မှာ ခဲတံနဲ့ ပုံဆွဲတဲ့ အခါမှာလဲ ညာဖက်နဲ့သာဆွဲပါတယ်။ ဒါပေမယ့် ပုံကြမ်းကို ဆေးသုတ် ဆေးဖြည့်ဖို့ စုတ်တံကိုင်တဲ့အခါ ညာဖက်လက်ထက် ဘယ်ဖက်ကိုသာ အသုံးပြုပါတယ်။ သို့သော် မျဉ်းကြောင်းသေးလေးများ အနီးကပ်အသေးစိတ် ခြယ်သမှုတွေမှာ ညာလက်က ဘယ်ထက် ပိုသန်နေပြန်ပါတယ်။ စုတ်တံ ခဲတံ စတာတွေ ကိုင်တွယ်အသုံးပြုရမှာ အနီးကပ်ဆိုညာလက် အဝေးဆိုဘယ်လက် ဖြစ်နေတာကို ပြောချင်တာပါ။
ဒီတော့ ဘယ်ရော ညာရော သန်သူလို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဘယ်ရော ညာရော သန်တယ်ဆိုတာ ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဥပမာ ညာသန်တစ်ယောက်ဟာ အရေးကြီးကိစ္စ အားပြု အာရုံစိုက်ရမယ့် ကိစ္စတွေမှာ ညာလက်ကိုသာသုံးပြုပြီး ဘယ်လက် လုံး၀မသုံးတာကြောင့် ညာလက်ဟာ ၁၀၀ရာခိုင်နှုန်း စိတ်တိုင်းကျ ကျေနပ်စွာ အသုံးပြုနိုင်ပါတယ်။ ဒီလို လက်တစ်ဖက်တည်းကို စပယ်ရှယ်လစ် အသုံးပြုထားမှုကြောင့် ကျွမ်းကျင်မှုစကေးမှာ ပိုမိုတိုးတက်ထိရောက်ပါတယ်။ ဘယ်လက်သီးသန့် သုံးသူတွေမှာလဲ ထိုအတူပါပဲ။
သို့သော် ကျနော်တို့လို ဘယ်ညာတွဲသုံးသူတွေကြ ဘယ်လိုလို ညာလိုလိုဖြစ်နေတာမို့ ညာလဲ ကောင်းကောင်းမသန် ဘယ်လဲ ကောင်းကောင်းမသန် တောမရောက် မြို့မရောက် ဖြစ်နေပါတော့တယ်။ သာမန်အသုံးပြုမှုအတွက် အရေးမကြီးပေမယ့် ထူးချွန်စွာ အသုံးပြုမှုအတွက်ကြ အားနည်းချက်တစ်ခုလို ဖြစ်နေတာကြောင့်ပါ။
စာရှည်လို့ နိဂုံးချုပ်တော့မယ်။ မိမိကလေး ဘယ်သန်ကနေ ညာသန်ဖြစ်အောင် ဖိအားပေးတာတွေ မလုပ်ပါနဲ့။ သူအဆင်ပြေ လိုက်လျောညီထွေမှု ရှိအောင်သာ ကူညီပေးကြပါ။.......နဂါး(၂၀၂၄)
25/11/2023
(စာ-၃၈) ခဲတံနှင့် pen................................
ငယ်ငယ်က ၄တန်းကျောင်းသား ဘဝမှာ ဂျပန်မြန်မာ ချစ်ကြည်ရေး ပန်းချီပြိုင်ပွဲ ဝင်ပြိုင်ဖူးတယ်။ ဒီတုန်းက ဂျပန်မရုပ်လေးကို စက္ကူနဲ့ခေါက် စာရွက်မှာကပ်ပြီး လုပ်ထားတဲ့ ပို့စကတ်လေးလိုအရာလေးရတယ်။ ဒါလေးကို ပလပ်စတစ်အိတ်ထဲထည့် အပေါ်က ဖဲပြားလေးချည်ထားတယ်ပေါ့။ ဒါလေးက ချစ်ရာလေး။ နောက်ပြီး ခဲတံ ၂ချောင်းလဲ ရသေးတယ်။ ဒီလိုပြောလို့ အရမ်းတော်ပြီး ဆုရတယ်မထင်နဲ့။ ဝင်ပြိုင်တဲ့ ကလေးတိုင်း လက်ဆောင်ပေးတာ။😅😅😅
ငယ်ငယ်က ခဲတံနဲ့ရေးရင် စာလုံးတွေ ပုံတွေမျဥ်းကြောင်းတွေ နက်မှောင်နေမှ သဘောကျတာ။ အရောင်နက်တဲ့ နာမည်ကြီး တံဆိပ်ကတော့ ခွေးတံဆိပ်ခဲတံ အညိုပုတ်ရောင်ပဲ။
ဒီတုန်းက ပန်းချီပြိုင်ပွဲက ပေးတဲ့ ခဲတံက ဘယ်လို ဖိရေးရေး သိပ်မထင်ပဲ မှိန်မှိန်လေးပဲပေါ်တယ်။ စိတ်ထဲ အတော်ဘဝင်မကျဘူး။
ကျနော်တို့ ငယ်ငယ်က ခဲတံ သိပ်မနက်ရင် တံတွေးစွတ်ပြီး ရေးကြတယ်။ ဒီကြ စာလုံးက ပိုနက်လာတယ်။ ဒါနဲ့ ရတဲ့ခဲတံလေးကို တံတွေးစွတ်ပြီး ရေးကြည့်တယ်။ အရောင်မနက်လာဘူး။ အဲ့တုန်းကတော့ ဘာမှမသိကြဘူးကိုး။ တကယ်တော့ ပုံကြမ်းကောက်ရင် သုံးတဲ့ ခပ်မှိန်မှိန် နံပါတ် Hလောက် တစ်ခုခု ဖြစ်နေတာ မသိခဲ့ဘူး။
ကြီးလာမှ ဒါတွေသိလာရတာ။ ခုနောက်ပိုင်း စာသင်ရင် ဘယ်နံပါတ်တွေ သုံးသင့်လဲ လာလာမေးကြတယ်။ ခဲကောက်ပြီး အပေါ်က penပြန်ထပ်မယ်ဆို မှိန်တာသုံး။ ဒီကြ သိပ်မထင်တော့ penကထွက်တဲ့ မင် အရောင်ပဲပေါ်တယ်။ ခဲကြောင်းက သိပ်မပေါ်လို့ ခဲဖျက်သုံးစရာမလိုဘူး။ ဒါကိုမှ မကျေနပ်ဘူး ခဲကြောင်းလဲ ပေါ်ချင်တယ်ဆိုရင် 2Bလောက်သုံး။ ဒါမှမဟုတ် penမထပ်ပဲ ခဲနဲ့ပဲ အပြီးသတ်မယ်ဆို 4Bလောက်သုံးပေါ့။ တကယ်တော့ ကိုယ်လိုသလို သုံးရအောင် ဘာလာလာ ပုံသေ 2Bကြီးနဲ့ ရေးတာမျိုးကြ မကောင်းဘူးပေါ့။
နောက်တစ်ခုရှိသေးတယ်။ ဒါက Penနဲ့ တစ်ခါတည်း တန်းဆွဲကျင့်ရမလားကိစ္စပဲ။ penနဲ့ တစ်ခါတည်း ခဲမကောက်ပဲ ဆွဲလို့ အဆင်ပြေတာရှိတယ်။ အဆင်မပြေတာရှိတယ်။ ကျနော်တို့ ဒီဇိုင်းလိုမျိုးဆို အဆင်မပြေဘူး။ ဆွဲမယ့်ပုံကို နေရာချတာ၊ အလေးချိန်၊ နေရာလွတ်၊ ပုံသဏ္ဍန်၊ အိုက်ဒီယာ၊ စိတ်ကူးချိတ်ဆက်မှု စသည်ဖြင့် အတည်မပြုနိုင်သေးပဲ penနဲ့ တန်းရေးရင် ရေးရင်း မထည့်သင့်တာ ပြင်သင့်တာ တွေပါလာရင် ပြင်မရတော့ဘူး။ ဒါပေမယ့် တစ်ခါတလေ အကွက်လေးတွေ အစက်လေးတွေ ထပ်ကာ ထပ်ကာ ရေးရတဲ့ သာမညအရေးမကြီးတဲ့ အစိတ်အပိုင်းတွေကြ ခဲတံနဲ့ အရင်ရေးပြီးမှ ထပ်ရေးရင် ၂ခါပင်ပန်းတာပေါ့။
တကယ်တော့ penနဲ့တန်းရေးတယ်ဆိုတာ ကိုယ်ဆွဲမယ့်ပုံပေါ်မှာ စိတ်ရော လက်ရော ဘယ်လောက် ကျွမ်းကျင်နေပြီလဲ ဒါမျိုးပုံစံတူ ထပ်ခါ ထပ်ခါ ဘယ်လောက်ရေးဖူးလို့ ယုံကြည်မှု ရှိနေပြီလဲနဲ့ ဆိုင်ပါတယ်။ ဒီဇိုင်းဆိုတာမျိုးက လှတာ ညီတာနဲ့မပြီးဘူး။ ဟိုဟာလေးထည့်မယ် ဟိုဟာလေးထုတ်မယ် စသည်ဖြင့် ရေးနေရင်း ဖြစ်လာတတ်တယ်။ ဒါကြောင့် ခဲနဲ့ပဲ အရင်ရေးပြီး အနုလုံ ပဋိလုံ အပြန်အလှန် ဆင်ခြင်ပြီး ဘာမှ ပြင်စရာမလိုတော့ဘူး ဆိုတာ အတည်ပြုနိုင်မှာ penထပ်တာပိုကောင်းတယ်။ ကွန်ပျူတာနဲ့ရေးရင်တော့ ဒါတွေက ပြဿနာ မဟုတ်ဘူးပေါ့။
ဒါတောင် တစ်ခါတလေ ပုံက ၁၀၀% အချောသတ်ပြီးသွားမှ ဖြုတ်ချင်တာ ထပ်ထည့်ချင်တာ မှားနေတာတွေ လိုနေတာတွေတွေ့မှ ဘာလုပ်ရမှန်းမသိ ဟစိဟစိဖြစ်နေတာ မျိုးက ရှိသေးတယ်။...😅😅😅
25/11/2023
(စာ-၃၇)ဓမ္မဘီး( ဓမ္မစကြာအဝိုင်း) အပိုင်း(၁)
-----------------------
ပြီးခဲ့တဲ့ ၂နှစ်လောက်က ပိုလန်နိုင်ငံမှာ ဘာသာရေးနဲ့ပတ်သတ်နဲ့ ဒီဇိုင်းပြပွဲတစ်ခုအတွက် ဒီဇိုင်းဆွဲရာမှာ ဓမ္မဘီးကို ထည့်ဆွဲခဲ့ပါတယ်။ ဒါကြောင့် ဓမ္မဘီးအကြောင်း မသိသေးသူတွေအတွက် အနည်းငယ်တင်ပြလိုက်ပါတယ်။
ဓမ္မဘီး(Dharma Chakra) ကို ဓမ္မစကြာအဝိုင်း၊ မဂ္ဂရှစ်ပါး သင်္ကေတစသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ဓမ္မဘီးကို ဗုဒ္ဓဘာသာ၊ ဟိန္နူဘာသာနှင့် ဂျိန်းဘာသာတရားများတွင် ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ဓမ္မဆိုသော ပုဒ်နှင့် စကြာဆိုသော ပုဒ်နှစ်ခုပေါင်းထားခြင်းဖြစ်သည်။ ဓမ္မဆိုသည်မှာ တရားဖြစ်၍ စကြာသည် စက္ကမှ ဆင်းသက်လာခြင်းဖြစ်ပြီးလည်ပတ်နေသောသဘော အဝိုင်း(သို့)ဘီးကို ဆိုလိုသည်။ ဓမ္မကို သစ္စာဟုလည်းဖွင့်ဆိုနိုင်သလို စကြာကို စက်ဟုလည်း ဖွင့်ဆိုနိုင်သောကြောင့် သစ္စာစက်လို့လဲ အဓိပ္ပာယ်ရသည်။ သစ္စာဆိုတာ မဂ္ဂသစ္စာကိုရည်ညွန်းပြီး ရှစ်မျိုးရှိသည်။
မဂ္ဂင်ဟူသည် ကိလေသာတို့ကိုပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောတရားစုဟု အဓိပ္ပာယ်ရရှိပါသည်။
၁။ သမ္မာဒိဋ္ဌိ (Sammā ditthi) = မှန်သောအယူအမြင်၊ Right Understanding or Right view
၂။ သမ္မာသင်္ကပ္ပ (Sammā sankappa) = မှန်သောအကြံ၊ Right Thought or Right Intention
၃။ သမ္မာဝါစာ (Sammā vacā) = မှန်သောစကား၊ Right Speech
၄။ သမ္မာကမ္မန္တ (Sammā kammanta) = မှန်သောအမှုအလုပ် ၊Right Action
၅။ သမ္မာအာဇီဝ (Sammā ājīva) = မှန်သောအသက်မွေးဝမ်းကျောင်းမှု၊ Right Profession
၆။ သမ္မာဝါယာမ (Sammā vāyāma) = မှန်သောအားထုတ်မှု၊ Right Effort or Right Diligence
၇။ သမ္မာသတိ (Sammā sati) = မှန်သော အောက်မေ့ နှလုံးသွင်းမှု၊ Right Mindfulness
၈။ သမ္မာသမာဓိ (Sammā samādhi) = မှန်သော တည်ကြည် စူးစိုက်မှု၊ Right Concentration
ဓမ္မဘီးနှင့် စကြာသင်္ကေတများသည် အိန္ဒိယနိုင်ငံတွင် ရှေးအကျဆုံးသင်္ကေတများဖြစ်သည်။ဘီစီ၂၅၀၀ခန့်တွင် အင်ဒုဘယ်လီ(Iညိကျ ဠallနပ)ယဉ်ကျေးမှုနှင့် အတူ ရွံ့ဆေးပြားများပေါ်တွင် နေရောင်ခြည် သင်္ကေတတစ်ခုအဖြစ် ပထမဆုံးပေါ်ထွက်လာသည်။ ဗုဒ္ဓဘာသာတွင် ဓမ္မဘီးကို ဗုဒ္ဓ၏ဓမ္မ ( ဗုဒ္ဓ၏ သာသနာတော် နှင့်တစ်ကမ္ဘာလုံးဆိုင်ရာ ကိုယ်ကျင့်တရား)ဟု ရည်ညွန်းသည်။ ဗုဒ္ဓ နှင့် အစောပိုင်းဗုဒ္ဓဘာသာထွန်းကား ချိန်မှ စ၍ လောက၏ ဥာဏ်အလင်း လွတ်မြောက်ရာလမ်းကြောင်းကို လျှောက်လှမ်းရာတွင် ကျယ်ပြန့်စွာအသုံးပြုသည် ။ဟိန္ဒူဘာသာတွင် ဗိဿနိုး၏ ဂုဏ်သတ္တိများကို ဖော်ညွန်းသည်။ ရှေးအီဂျစ်လူမျိုးများက မူ နေမင်း၏ အမှတ်လက္ခဏာများအဖြစ် ယူဆကြသည်။
အဆိုပါဘီးကို အိန္ဒိယနိုင်ငံအလံတွင် တွေ့မြင်နိုင်သည်။ ထို့အတူ ရိုးမေးနီးယားနိုင်ငံတွင် အပြာအစိမ်းနောက်ခံပေါ်၌ ၁၆ချောင်းပါ လှည်းဘီးကို လူမျိုးစုအလံအဖြစ်အသုံးပြုကြသေးသည်။ အဆိုပါဒီဇိုင်းမှာ ယူဂိုဆလားဗီးယားနိုင်ငံတွင်လည်း ရေပန်းစားသည်။ ဗုဒ္ဓဘာသာမဟုတ်သော အခြားအသုံးပြုမှုများတွင် ရှစ်မြှောင့် ရေကြောင်းပဲထိန်း သင်္ဘောဘီး သင်္ကေတတစ်ခုဖြစ်ပြီး ဓမ္မဘီးနှင့် ဆင်တူသည်။ ယူနီကုဒ်လက်ကွက်တွင် U+၂၆၃၈ ဟုရိုက်လျှင် ထွက်ပေါ်လာမည်ဖြစ်သည်။
ဗုဒ္ဓဘာသာတွင် ဓမ္မဘီးကို သီးသန့်အဖြစ်သော်လည်းကောင်း ခြေတော်ရာများတွင်လည်းကောင်း ရတနာသုံးပါး(တြိရတနာ့)တံဆိပ်တော်တွင်လည်းကောင်း အမျိုးမျိုးထည့် သွင်းအသုံးပြုကြသည်။ အဆိုပါဘီးကို သရုပ်ဖော်ရာတွင်လည်း ပဥ္စဝဂ္ဂီ ၅ဦး ၊ သမင်ရုပ်စသည်ဖြင့် တွဲစပ်အသုံးပြုကြသေးသည်။ ပန်းတောင်းမှ တန်ကူကို လာထောက်နေသော ဘီးထောက် အချောင်းများမှာလဲ ရှစ်ချောင်းသာမကပဲ ၁၂ချောင်း၊ ၂၄ချောင်းစသည်ဖြင့် အမျိုးမျိုးအသုံးပြုကြသေးသည်။ မြန်မာနိုင်ငံတွင် ဓမ္မဘီးအား သရေခတပျူခေတ်တွင်အစောဆုံးတွေ့ရသည်။
ကွန်မန့်မှပုံမှာ သရေခတ္တရာပြတိုက်ရှိ ရွှေညောင်ပင်ကုန်းမှ တူးဖော်တွေ့ရှိသော ဓမ္မာစကြာတရားဦးဟောဟန် ထုံးကျောက်လက်ရာတစ်ခုဖြစ်ပြီး အောက်ခြေတွင် ဓမ္မဘီးနှင့် သမင်နှစ်ကောင်ကို တွေ့မြင်ရမည်ဖြစ်သည်။.....nagar
19/10/2023
(စာ-၃၅) လင်းတ နှင့် ယဥ်ကျေးမှုများ
-----------
တိဘက်မှာ လူသေရင် လင်းတစာကျွေးပါတယ်။ ဒါကို Sky Burial ကောင်းကင်သဂြိုဟ်ခြင်း ဒါမှမဟုတ် ငှက်စာကျွေးခြင်းလို့လဲ ခေါ်တယ်။ ဒီဓလေ့ကို တိဘက်၊ မွန်ဂိုလီးယား၊ ဘူတန်၊ အိန္ဒိယ အချို့ အစိတ်အပိုင်းတွေမှာ တွေ့ရတယ်။ အလောင်းကို တောင်ပေါ်သယ်ပြီး လင်းတစာ ကျွေးတယ်ပေါ့။
ဒီဓလေ့ကို မှတ်တမ်းအဖြစ် ၁၂ရာစုလောက်က ( Bardo Thodol ) လူသေကျမ်းလို့ ခေါ်တဲ့ မဟာယနဗုဒ္ဓဘာသာ ကျမ်းများမှာ ပထမဆုံး မှတ်တမ်းတင်ထားတယ်။ ဒီနေရာမှာ မမြဲခြင်းတရား အလှူအတန်း စတာတွေကို ရည်ညွှန်းကြတယ်။
တစ်ခုစဥ်စားစရာ ရှိတာက အထက်မှာပြောခဲ့တဲ့ ဒေသတွေဆိုတာ အရမ်းအေးပြီး သစ်ပင်တွေရှားပါးရာ ဒေသတွေဖြစ်တယ်။ ဒါကြောင့် မီးသဂြိုဟ်ခြင်းဓလေ့ဟာ လွယ်ကူမှု မရှိတာကြောင့်လဲ လင်းတကျွေးတဲ့ ဓလေ့ ပေါ်ပေါက်လာတာလို့ ယူဆနိုင်တယ်။
ဗုဒ္ဓဘာသာဟာ ပုံစံအမျိုးမျိုးနဲ့ ကျနော်တို့ဆီကို စီးဆင်းလာတဲ့အခါမှာ မဟာယနဓလေ့တွေ ဟိန္ဒူအယူအဆတွေလဲ တွဲပါလာခဲ့တယ်။ ဟင်းလင်းကြက်ကျေးဆိုပြီး ငှက်ကောင်း ငှက်ကောင်းစာရင်းထဲမှာ လင်းဆိုတဲ့ လင်းတဟာလဲ တစ်ကောင်အပါအဝင်ဖြစ်တာ ကျနော်အရင်က ရေးခဲ့ဖူးတယ်။ လင်းတမျိုးဟာ အရှင်သားမစားဘူး။ အသေသားစားလို့ ငှက်မြတ် ငှက်ကောင်းဆိုပြီး သတ်မှတ်တာလို့ ယူဆတယ်။
နောက်တစ်ခုစဥ်းစားရမှာက ကျနော်တို့က တိဘက်တို ဘားမန်းတွေဖြစ်တယ်။ ဒါကြောင့် လင်းတဓလေ့ဟာ ကျနော်တို့နဲ့ ပါလာတာ ဖြစ်မလားပေါ့။ ဒါဆို ရှေး ပျူခေတ်ကတည်းက အရိုးပြာအိုးနဲ့ ဘာလို့ မြုပ်လဲ တွေးကြည့်ရင် သစ်ပင်ပေါတဲ့ဒေသမို့ မီးရှို့တယ်လို့ယူဆနိုင်သလို လင်းတငှက်တွေဟာလဲ တိဘက်မှာလို ပေါများမှု မရှိတာကြောင့်လို့ ယူဆနိုင်တယ်။ ဘုရားရှင် သီတင်းသုံးတဲ့ ရာဇဂြိုဟ်ပြည်က ဂိဇ္ဈကုဋ်တောင်ဆိုတာ ကြားဖူးတယ်မှတ်လား။ ပါဠိလို လင်းတကို ဂိဇ္ဈလို့ခေါ်တယ်။ အဓိပ္ပါယ်က လင်းတငှက်တွေပေါသောတောင်ပေါ့။
ဒါပေမယ့် ခေတ်တွေပြောင်းလာတော့ လင်းတဟာ ရုပ်ဆိုးတာကြောင့် ငှက်ကောင်းကနေ ငှက်ဆိုးလို့ ယူဆလာကြပြန်တယ်။ ဒါက ဇီးကွက်ဓလေ့မှာ တွေ့နိုင်တယ်။ ဇီးကွက်ဟာ မြန်မာ့ဓလေ့အရ မသူတော် ၇ပါးမှာ ပါတော့ မပေါင်းအပ် မကောင်းတဲ့ငှက်ထဲမှာ ပါတယ်ပေါ့ဗျာ။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်မှာ ဂျပန်ဝင်လာတော့ အဲ့ဇီးကွက်က ဇောက်ထိုး ဖြစ်ကုန်တယ်။
အရင်က မသူတော်ပါလို့ သတ်မှတ်ထားပေမယ့် ဂျပန်နဲ့တူ ဇီးကွက်နဲ့ ပစ်တိုင်းထောင်တွေ တွဲပါလာခဲ့တယ်။ ဒီဂျပန်မဝင်ခင် ကလေးကစားအရာအရုပ်ထဲမှာ ဒီ၂ကောင်လုံး မရှိခဲ့ပါဘူး။ ပစ်တိုင်းထောင်အကြောင်း ေဗာဓိ ဓမ္မဘုန်းကြီး (ဒရူးမားပစ်တိုင်းထောင်) အကြောင်း ဇီကွက်လဲ ရေးဖူးပေမယ့် ပြန်ပြောမယ်။ ဂျပန်မှာ ဇီးကွက်က လာဘ်ကောင်ငှက်အဖြစ် ယူဆတယ်။ ဒါနဲ့ဂျပန်ဝင်လာခြင်းနဲ့အတူ မသူတော် ၇ပါးထဲက ဇီးကွက်ဟာလဲ လာဘ်ကောင် စပြီး ဖြစ်လာပါတယ်။ ဂျပန်မှာ လာဘ်ကောင်ထဲမှာ ကျီကန်းလဲပါတယ်။ ဂျပန်ဘောလုံးအသင်းလိုဂိုကို သတိရပါ။ ဒီကျီးကန်းဓလေ့ကတော့ ဗမာပြည်မကူးလာဘူး။
ဒီအကြောင်းတွေပြောရင် ၇ဂဏန်းအကြောင်းလဲ ထည့်ပြောရမယ်။ ၇ဂဏန်းဟာ ဂျပန်ရိုးရာပုံပြင်ထဲက ကံကောင်းခြင်းနတ်ဘုရားခုနစ်ပါး ဖြစ်တဲ့ Shichifukuin ရှိတယ်။ ဒီကနေ Luck 7ဆိုပြီး ဆင်းသက်လာဖြစ်မယ်။ ဗမာတွေက ၉ဂဏန်းကို တန်ဖိုးထားကြတယ်။ ၁၃ဂဏန်းက နမိတ်မကောင်းဘူးဆိုတာကြ အင်္ဂလိပ် သယ်လာတဲ့ ယဥ်ကျေးမှု ဖြစ်တယ်။ ဗမာက ၈ဂဏန်ကို ကံမကောင်းဘူးလို့ ယူဆတယ်။ ရာဟုဂြိုဟ်ပေါ့။ စျေးဆိုင်တွေမှာ လာဘ်ခေါ်တဲ့ ကြောင်ရုပ်ဟာလဲ ကျနော်တို့ ငယ်ငယ်က မြင်ဖူးကြလို့လား။ ဒါက ဂျပန်ယဥ်ကျေးမှုပဲ။ Maneki-nekoလို့ ကြောင်ရုပ်လေးကိုခေါ်တယ်။
ခုခေတ်ရောက်တဲ့အခါ ဘယ်သူ့မေးမေး ဇီးကွက်က လာဘ်ကောင်လို့ မြင်ပြီး မသူတော်ငှက်လို့ ဘယ်သူမှမမြင်ကြပါဘူး။ ဒါဂျပန်ကြောင့်ပါ။ လင်းတကလဲ ငှက်မြတ်ကနေ ငှက်ဆိုး စဖြစ်လာစေတာ ဦးပေါ်ဦးက စတယ်လို့ပဲထင်တယ်.....နဂါး ၂၀၂၃
(video ဖိုင်တွေကွန်မန့်မှာ ကြည့်ပါ။)
Click here to claim your Sponsored Listing.
Category
Website
Address
Hlaing
Yangon
လှိုင်