Marxist Study Desk

Marxist Study Desk

Share

Study materials for marxist study.

In Memory of Leon Trotsky 21/08/2023

နှစ်ဆယ်ရာစုရဲ့ အကြီးမြတ်ဆုံး မာ့က်စ်ဝါဒီနှစ်ဦးမှာ လီနင်ပြီးရင် နောက်တယောက်က လိယက်ဖ် ဒေဗစ်ဒိုဗစ်ခ်ျ ထရော့စကီပဲ။ ထရော့စကီဟာ သူ့တဘဝလုံးကို အလုပ်သမားလူတန်းစားအရေးနဲ့ နိုင်ငံတကာ ဆိုရှယ်လစ်အရေးတို့အတွက် လုံးဝမြှုပ်နှံထားခဲ့သူဖြစ်တယ်။ ဘယ်လောက်တောင် အဓိပ္ပါယ်ပြည့်ဝလိုက်တဲ့ ဘဝလဲ။ အစောဆုံးအနေနဲ့ သူ့ရဲ့ လူငယ်ဘဝမှာ သပိတ်လှုံ့ဆော်ရေးအတွက် လျှို့ဝှက် လက်ကမ်းစာစောင်တွေ ညလုံးပေါက်ရေးခဲ့ပြီး၊ ဒီအတွက်ပဲ ပထမဆုံးအကြိမ် ထောင်ကျခဲ့ရ၊ ဆိုက်ဘေးရီးယားကို နယ်နှင်ဒဏ်ပေးခံခဲ့ရတယ်။ အဲဒီအချိန်ကစလို့ စတာလင့် လျှို့ဝှက်သူလျှိုတယောက်ရဲ့ ရေခဲပုဆိန်သွားမှာ သူ့အသက်ပါသွားခဲ့တဲ့ ၁၉၄၀ ဩဂတ်စ်လ၊ သူ့ဘဝ နောက်ဆုံးအချိန်များထိ ထရော့စကီဟာ တော်လှန်ရေးလှုပ်ရှားမှုအတွက် စဉ်ဆက်မပြတ် အလုပ်လုပ်သွားခဲ့တယ်။
ဒီဆောင်းပါးမှာ In Defence of Marxism မဂ္ဂဇင်း အယ်ဒီတာချုပ် Alan Woods က ထရော့စကီရဲ့ ဘဝ၊ ထရော့စကီရဲ့ အတွေးအမြင်တွေကို ဖော်ပြထားတယ်။ Alan Woodsပြောသလိုပဲ ထရော့စကီရဲ့ အတ္ထုပတ္တိကို ရေးမယ်ဆိုရင် ဆောင်းပါးတပုဒ်လောက်နဲ့ လုံလောက်မှာမဟုတ်ဘဲ စာအုပ်အတွဲပေါင်းများစွာ ရေးဖို့ လိုမှာပါ။ ဒီဆောင်းပါးက ထရော့စကီရဲ့ လက်ရာတွေကို လူငယ်မျိုးဆက်သစ်တွေ ချဉ်းကပ်လေ့လာဖြစ်အောင် နိဒါန်းပျိုးပေးဖို့သာ ဖြစ်ပါတယ်။

In Memory of Leon Trotsky 20 August will mark the 80th anniversary of the assassination of Leon Trotsky. To commemorate his life and works, the International Marxist Tendency will organise an online rally, with talks, video and discussion about Trotsky (full details here). In the run up to this event, we will be republishing...

15/08/2023

An Introduction to Dialectical Materialism _ Part III

ဟေဂယ်လ်(Hegel)

ကြောင်းကျိုးဆက်နွှယ် ဒိုင်ယာလက်တစ် နည်းနာဟောင်းကို အလယ်ခေတ်တုန်းက အသုံးမပြုခဲ့ကြပေမဲ့ ၁၉ရာစု အစောပိုင်းမှာတော့ ဂျာမန် အဘိဓမ္မာဆရာတယောက်ဖြစ်တဲ့ ဂျော့ချ် ဟေဂယ်လ် (၁၇၇၀-၁၈၃၁) က ပြန်လည် ရှင်သန်လာစေခဲ့တယ်။ ဟေဂယ်လ်ဟာ သူ့ခေတ်တုန်းကတော့ စွယ်စုံပညာရှင်တွေထဲက တယောက်ပဲ။ formal logic ပုံစံတွေကို အသေးစိတ်ကျကျ ဝေဖန်စောကြောတယ်၊ formal logic ရဲ့ အကန့်အသတ်တွေနဲ့ တဖက်သတ်ဆန်မှုကို ဆွဲထုတ်ပြတယ်။ ဒိုင်ယာလက်တစ်ရဲ့ နိယာမတရားတွေကို ပထမဆုံးအကြိမ်အဖြစ် တကယ့်ကို ပြည့်ပြည့်စုံစုံ ခွဲခြမ်းစိတ်ဖြာပြနိုင်ခဲ့တာ ဟေဂယ်လ်ပဲ။ ဟေဂယ်လ် ခွဲခြမ်းစိတ်ဖြာခဲ့တဲ့ ဒိုင်ယာလက်တစ်နိယာမတွေကို နောက်ပိုင်းမှာ မာ့က်စ်နဲ့ အန်းဂယ်လ်စ်တို့က ဒိုင်ယာလက်တစ်ရုပ်ဝါဒ သဘောတရားကို ဖော်ထုတ်ရာမှာ အခြေခံအဖြစ် အသုံးပြုခဲ့တယ်။ ဟေဂယ်လီယန်ဒိုင်ယာလက်တစ်ကို လီနင်က “အပြည့်စုံအကျယ်ပြန့်ဆုံး၊ အနှစ်သာရပိုင်း အမှန်ကန်ဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ အနက်နဲဆုံး အယူဝါဒ” အဖြစ် သရုပ်ခွဲပြခဲ့တယ်။ ဒါနဲ့ ယှဉ်လိုက်မယ်ဆိုရင် တခြားသော နည်းနာနိဿယ ဖော်မြူလာအားလုံးဟာ “တဖက်သတ်ဆန်ပြီး၊ အနှစ်သာရပိုင်း မပြည့်စုံဘူး၊ သဘာဝတရားနဲ့ လူ့အဖွဲ့အစည်းအတွင်းက ဖြစ်ပေါ်တိုးပွားမှု (ဒီဖြစ်ပေါ် တိုးပွားမှုထဲမှာ ခုန်ကူးပြောင်းလဲမှုတွေ၊ ရုတ်ချည်းပြောင်းလဲမှုတွေ၊ တော်လှန်ပြောင်းလဲမှုတွေလည်း ပါဝင်နေတယ်) ရဲ့ စစ်မှန်တဲ့ ဖြစ်စဉ်ကို ပုံပျက်ပန်းပျက်ဖြစ်စေတယ်၊ ရုပ်ပျက်ဆင်းပျက် ဖြစ်စေတယ်” (လီနင် ရေး ကားလ်မာ့က်စ်အတ္ထုပတ္တိ)
အရာဝတ္ထုတွေနဲ့ ပတ်သက်ပြီး ဟေဂယ်လ်ရဲ့ ရှုမြင်ပုံက ဒီလို။
“ဖြစ်ပေါ်တိုးပွားမှုတခုဟာ အရင်က ကျော်ဖြတ်ခဲ့ပြီးသား အဆင့်တွေ ထပ်ကျော့ ဖြစ်ပွားနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာက ပိုမြင့်မားတဲ့ အခြေခံတခုမှာ မတူညီတဲ့ပုံစံနဲ့ ထပ်ကျော့ဖြစ်ပွားတာ ဖြစ်တယ် (ငြင်းဖျက်ခြင်းကို ငြင်းဖျက်ခြင်း)။ ဆိုတော့ ပြောရမယ်ဆိုရင် ဖြစ်ပေါ်တိုးပွားမှုတခုဟာ မျဉ်းဖြောင့်အတိုင်း မဟုတ်ဘဲ ကြောင်လိမ်လှေကားသဏ္ဌာန် ဘူးနွယ်ဘူးခက် သဘောတရားအတိုင်း ဖြစ်ပေါ်တာ ဖြစ်တယ်။ ဖြစ်ပေါ်တိုးပွားမှုတခုဟာ ခုန်ကူးပြောင်းလဲတာ၊ ရုတ်ချည်းပြောင်းလဲတာ၊ တော်လှန်ပြောင်းလဲတာတွေ ရှိတယ်။ စဉ်ဆက်မပြတ်သွားနေရာကနေ ရုတ်တရက် ပြတ်ထွက် ရပ်တန့်သွားတာမျိုး ရှိတယ်။ အရေအတွက် သဘောကနေ အရည်အချင်းသဘော ပြောင်းလဲတယ်။ အရာဝတ္ထု ကိုယ်ထည်တခုမှာ၊ ဒါမှမဟုတ် သဘာဝဖြစ်စဉ်တခုအတွင်းမှာ၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုအတွင်းမှာ ရှိနေတဲ့ အမျိုးမျိုးသော forceနဲ့ tendencyတွေ ကြား ဖြစ်ပေါ်တဲ့ ဆန့်ကျင်ဘက်ဖြစ်မှုနဲ့ ပဋိပက္ခတရားတွေ သက်ရောက်နေပြီး၊ ဒီသက်ရောက်မှုကနေ ဖန်တီးပေးလိုက်သော ဖြစ်ပေါ်တိုးပွားမှုရဲ့ အတွင်းပိုင်း တွန်းအားလှုံ့ဆော်ချက်တွေ ရှိလာတယ်။ (သမိုင်းဖြစ်စဉ်ကလည်း မျက်နှာစာအသစ်တွေကို ဆက်တိုက် ဖော်ထုတ်ပေးနေတဲ့ ကြားထဲမှာပဲ) ဖြစ်စဉ်ဖြစ်ရပ်တခုချင်းဆီရဲ့ မျက်နှာစာပေါင်းစုံကြားက အပြန်အလှန်မှီခိုမှုနဲ့ အနီးစပ်ဖြစ်ပြီး ခွဲခြားမရတဲ့ ဆက်စပ်မှု၊ ဒီဆက်စပ်မှုကလည်း တပြေးတည်းဖြစ်သော၊ နိယာမတရားတွေနဲ့ အညီဖြစ်သော၊ အလုံးစုံလွှမ်းခြုံထားနိုင်သော လှုပ်ရှားမှုဖြစ်စဉ်ကို ဖြစ်ပေါ်စေတယ်။ အခုပြောခဲ့တာတွေဟာ သာမန်ဖြစ်ပေါ်တိုးပွားမှု သဘောတရားထက် ပိုကြွယ်ဝတဲ့ ဒိုင်ယာလက်တစ်ဖြစ်ပေါ်တိုးပွားမှု သဘောတရားရဲ့ လက္ခဏာရပ်တချို့ပဲ”(လီနင်ရေး ကားလ်မာ့က်စ် အတ္ထုပတ္တိ)
“ဒီဂျာမန်အဘိဓမ္မာသစ်ဟာ ဟေဂယ်လီယန်စနစ်မှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့တယ်။ ဟေဂယ်လ်လီယန်စနစ်မှာ သဘာဝတ္ထဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ အသိပညာဆိုင်ရာ လောကဓါတ်တခုလုံးကို ဖြစ်စဉ်ကြီးတခုအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် တင်ပြခဲ့တယ်။ ဆိုလိုတာက ဒီလောကဓါတ်ကြီးဟာ စဉ်ဆက်မပြတ် လှုပ်ရှားနေတယ်၊ ပြောင်းလဲနေတယ်၊ အသွင်ကူးပြောင်းနေတယ်၊ ဖြစ်ပေါ်တိုးပွားနေတယ်။ ဒီလို ရွေ့လျားစီးဆင်းမှုနဲ့ ဖြစ်ပေါ်တိုးပွားမှုအားလုံး စဉ်ဆက်မပြတ်ဖြစ်ပေါ်နေအောင် လုပ်ပေးတဲ့ အတွင်းပိုင်း ဆက်နွှယ်မှုကို ခြေရာကောက်ဖို့ ကြိုးစားခဲ့တယ်။ ဒါတွေဟာ ဟေဂယ်လ်လီယန်စနစ်ရဲ့ အကြီးကျယ်ဆုံး အကျိုးပြုချက်တွေပဲ။ ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လူသားသမိုင်းဆိုတာ အဓိပ္ပါယ်မရှိ အကြမ်းဖက်လုပ်ရပ်တွေနဲ့ပဲ တိုင်ပတ်နေတဲ့ သမိုင်းမဟုတ်တော့ဘူး။ ရင့်ကျက်တဲ့ အဘိဓမ္မာရေး ဆင်ခြင်တုံတရား ခုံရုံးရှေ့မှောက်မှာ တန်းတူရည်တူ စီရင်ချက်ချရမယ့် အရာတခုမဟုတ်တော့ဘူး။ သမိုင်းကို အဓိပ္ပါယ်မရှိ အကြမ်းဖက်လုပ်ရပ်တွေနဲ့ တိုင်ပတ်နေတယ်၊ ဆင်ခြင်တုံတရားခုံရုံးရှေ့မှာ စီရင်ချက်ချပစ်ရမယ်လို့ မှတ်ယူကြတုန်းကတော့ ဒါတွေက တတ်နိုင်သမျှ မြန်မြန်မေ့ပျောက်သွားလေ ကောင်းလေလို့ ယူဆခဲ့ကြတယ်။ ဒါပေမဲ့ ဟေဂယ်လ်လီယန်စနစ်ရဲ့ ရှုမြင်ပုံမှာ သမိုင်းဆိုတာဟာ လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကြီးပဲလို့ မြင်လာတယ်။ ဒီသမိုင်းဖြစ်စဉ်ကြီး ကွေ့ကာဝိုက်ကာနဲ့ ဖြည်းဖြည်းချင်း ချီတက်လာတဲ့ လမ်းအတိုင်း ခြေရာခံလေ့လာဖို့၊ နောက် ဒီသမိုင်း ဖြစ်စဉ်အတွင်း မတော်တဆဖြစ်ရပ်တွေပါလို့ ထင်ရတဲ့ ဖြစ်စဉ်တွေထဲက အတွင်းပိုင်း နိယာမတွေကို ဖော်ထုတ်လေ့လာ ကောက်ကြောင်းထုတ်နိုင်ဖို့ဟာ အသိပညာရဲ့ အလုပ်ဖြစ်သွားပြီ” (Engels, Anti-Dühring, p. 37)
ဟေဂယ်က ပြဿနာကို ပြောင်မြောက်စွာ တင်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ဖြေတော့ မဖြေရှင်းနိုင်ခဲ့ဘူး။ ပြည်ပန်းညို ချိုချင်ပါရက်နဲ့ စိတ်ဝါဒီဆန်တဲ့ တင်ကူးကြံဆချက်တွေ က ဖျက်နေတယ်။ ဒါဟာ အန်းဂယ်လ်စ်ရဲ့ စကားအတိုင်း ပြောရမယ်ဆိုရင် “ကြီးကျယ်တဲ့ သားလျှောမှုတရပ်”ပဲ။ သူ့ရဲ့ စိတ်ဝါဒီဆန်ဆန် မျက်နှာစာကို ဖယ်ကြည့်မယ်ဆိုရင် ဟေဂယ်လ်ရဲ့ အဘိဓမ္မာဟာ ဒိုင်ယာလက်တစ်ရဲ့ အရေးကြီးနိယာမတွေကို ဖော်ထုတ်ရှင်းပြနိုင်ခဲ့တယ်။ အဲဒါတွေက အရေအတွက်နဲ့ အရည်အချင်း နိယာမ၊ ဆန့်ကျင်ဘက်များရဲ့ အပြန်အလှန်အကျိုးပြုမှုနဲ့ ပဋိပက္ခဖြစ်မှုနိယာမ၊ ငြင်းဖျက်ခြင်းကို ငြင်းဖျက်ခြင်း နိယာမတို့ပဲ။

အရေအတွက်နဲ့ အရည်အချင်း (Quantity and quality)

“တဖြည်းဖြည်း ဖြစ်ထွန်းမှုတွေ ရှိတယ်ဆိုတာ မှန်ပေမဲ့လည်း ရွေ့လျားဖြစ်ပေါ်တိုးပွားမှု ပုံစံတခုကနေ နောက်ပုံစံတခုကို ကူးပြောင်းတဲ့ ဖြစ်စဉ်ဟာ အမြဲလိုလို ခုန်ကူးပြောင်းလဲမှု၊ တိကျပြတ်သားတဲ့ ပြောင်းလဲမှုဖြစ်တယ်”(Engels, Anti-Dühring)
အခုအခါမှာ ပြောင်းလဲမှုနဲ့ အီဗလူးရှင်း အတွေးအခေါ်ကို ယေဘုယျအားဖြင့်တော့ လက်ခံကြပါတယ်။ ဒါပေမဲ့ သဘာဝတရားနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ဘယ်လိုပုံစံတွေနဲ့ ပြောင်းလဲဖြစ်ပေါ်သလဲဆိုတဲ့ အချက်ကိုတော့ မာ့က်စ်ဝါဒဒိုင်ယာလက်တစ်နည်းနာနဲ့ပဲ ရှင်းပြလို့ရတယ်။ အီဗလူးရှင်းနဲ့ပတ်သက်ပြီး အများစု မြင်ကြတဲ့ အမြင်က ငြိမ်းချမ်းချောမွေ့ပြီး အလျဉ်မပြတ် ဖြစ်ပေါ်တိုးပွားမှုတရပ်ပဲလို့ မြင်ကြတယ်။ ဒီအမြင်က တဖက်သတ်ကျသလို မှားလည်း မှားနေတယ်။ ဒီအမြင်က နိုင်ငံရေးဘက်မှာဆိုရင် လူမှုအပြောင်းအလဲတွေ “တဆင့်ချင်းဖြည်းဖြည်းချင်းဖြစ်ပေါ်တိုးပွားမှု”သီအိုရီ (Gradualist Theory of Social Changes)ဆိုပါတော့။ ဒီသီအိုရီက “ပြန်လည်ပြင်ဆင်ရေးဝါဒ” ရဲ့ အခြေခံ သဘောတရားရေး ကြမ်းခင်းပဲ။
ဟေဂယ်လ်က Nodal line of measure Relations* အတွေးအခေါ်ကို ဖော်ထုတ်ခဲ့တယ်။ “တိကျခိုင်မာတဲ့ အဆစ်အပိုင်းတခုကို ရောက်လာရင်၊ အရေအတွက်သဘောသက်သက် တိုးတက်မှု ဒါမှမဟုတ် ဆုတ်ယုတ်မှုကနေ အရည်အချင်းသဘော ခုန်ကူးပြောင်းလဲမှု ဖြစ်ပေါ်တယ်။ ဥပမာပြောရရင် အပူပေးထားတဲ့ရေ၊ ဒါမှမဟုတ် အေးခဲထားတဲ့ ရေဆိုပါတော့။ သာမန်အပူချိန်အောက်မှာဆိုရင် ရေဆူမှတ် ဒါမှမဟုတ် ရေခဲမှတ်ကို ရောက်တာနဲ့ ရေအရည်ဟာ ပေါင်းစည်းမှုပုံစံ အဆင့်သစ်တခုဆီ ခုန်ကူးပြောင်းလဲသွားစေတယ်၊ ဒီကနေ တဆက်တည်း အရေအတွက်သဘောကနေ အရည်အချင်းသဘော ပြောင်းလဲတယ်။” (Engels Anti-Dühring)
[*Nodal Line of Measure Relations - လင်းကို ဘာသာပြန်တဲ့ Reason in Revolt စာမူမှာ အမှတ်စက် တိုင်းတာမှုလိုင်းလို့ ဘာသာပြန်ပါတယ်]
အပေါ်မှာ ပေးထားတဲ့ ဥပမာမှာဆိုရင် ရေအရည် (liquid water) ကနေ ရေငွေ့ (vapour)အဖြစ်ကို၊ ဒါမှမဟုတ် ရေခဲ(solid ice)အဖြစ်ကို ပြောင်းလဲသွားတဲ့ ဖြစ်စဉ်ဟာ မသိမသာနဲ့ ဖြည်းဖြည်းချင်း ပျစ်ခဲသွားတာ ဒါမှမဟုတ် အငွေ့ပျံသွားတာမျိုး မဟုတ်ဘူး။ ဆိုင်ရာ သီးခြား အပူချိန်မှတ်တခုအရောက်မှာ (ဆိုလိုတာက သုညဒီဂရီ ဒါမှမဟုတ် တရာဒီဂရီအရောက်မှာ) ရုတ်ချည်းပြောင်းလဲတာ ဖြစ်တယ်။ ရေမော်လီကျူးများစွာရဲ့ လှုပ်ရှားနှုန်းတွေ အများအပြား ပြောင်းလဲလာတာကနေ ဒီပြောင်းလဲမှုတွေရဲ့ စုပြုံသက်ရောက်မှုအကျိုးဆက်ကြောင့် အဆင့်တခုကနေ နောက်အဆင့်တခုကို ပြောင်းလဲသွားစေတာဖြစ်တယ်။ အရေအတွက်သဘောကနေ အရည်အချင်းသဘော ပြောင်းလဲဖြစ်မှုဖြစ်ပေါ်တာဖြစ်တယ်။
ဥပမာတွေကတော့ စိတ်ဆန္ဒရှိသလို ဆွဲထုတ်ပြလို့ ရတာပဲ။ သိပ္ပံဘာသာရပ် တခုခုကနေ ဆွဲထုတ်ပြမလား၊ လူမှုဗေဒကနေပဲ ဆွဲထုတ်ပြမလား ပြလို့ရတယ်။ နေ့စဉ်ဘဝကနေတောင် ဆွဲထုတ်ပြလို့ရတယ်။ (ဥပမာပြောရရင် စွပ်ပြုတ်ထဲ ဆားထည့်တဲ့အခါ ဘယ်လောက် ပမာဏ အမှတ်ဆိုရင် စားလို့ရသွားမလဲ၊ ဒါမှမဟုတ် သောက်မဖြစ်လောက်အောင် ငန်တူးသွားမလဲ ဒါမှမဟုတ် ပေါ့ရွှတ်နေမလဲ စသည်ဖြင့်ပေါ့)
ဟေဂယ်လ်စနစ် ဆစ်ပိုင်းတိုင်းတာတဲ့ပုံစံ နဲ့ အရေအတွက်ကနေ အရည်အချင်းကို ပြောင်းလဲမှု၊ ပြီးတော့ အရည်အချင်းမှ အရေအတွက်သို့ ပြန်လှန်ပြောင်းလဲမှု နိယာမ တွေဟာ သိပ္ပံပညာအတွက်ပဲ သေရေးရှင်ရေးတမျှ အရေးကြီးတာမျိုး မဟုတ်ဘူး။ (သိပ္ပံပညာနယ်ပယ်မှာဆိုရင် ဒိုင်ယာလက်တစ်ကို သိစိတ်ရှိရှိ ကိုင်စွဲထားတာ မဟုတ်တဲ့ သိပ္ပံပညာရှင်တွေဟာ တခြား ဒိုင်ယာလက်တစ်နိယာမတွေလိုပဲ ဒီဟေဂယ်လ်စနစ်ဒိုင်ယာလက်တစ် နိယာမကို မသိလိုက်ဘာသာ သုံးမိတတ်ကြတယ်) သမိုင်း၊ လူ့အဖွဲ့အစည်းနဲ့ အလုပ်သမားလူတန်းစားလှုပ်ရှားမှုတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ အချိန်မှာပါ သေရေးရှင်ရေးတမျှ အရေးကြီးတယ်။

13/08/2023

Am Introduction to Dialectical Materialism _ Part I

အဘိဓမ္မာဆိုတာဘာလဲ?

လူသားသမိုင်းရဲ့ အဆင့်တိုင်းမှာ လူသားတွေဟာ ကမ္ဘာလောကနဲ့ ဒီကမ္ဘာထဲက သူတို့ နေထိုင်ရာကို ပုံဖော်ဖို့အတွက် ကြိုးစားခဲ့ကြတယ်။ သူတို့ဟာ အဘိဓမ္မာကို ပေါက်ဖွားလာစေခဲ့တယ်။ ဒီလို ပုံဖော်ရာမှာ ပုံရိပ်အပိုင်းအစတွေကိုတော့ သဘာဝတရားကို လေ့လာဆန်းစစ်မှုနဲ့ သူတို့ရဲ့ နေစဉ်ဘဝ အတွေ့အကြုံတွေအပေါ် ခြုံငုံသုံးသပ်ခြင်းအားဖြင့် ရရှိခဲ့ကြတယ်။
လူတချို့က လောကအမြင် ဒါမှမဟုတ် အဘိဓမ္မာ (Philosophy)တရပ်ကို သူတို့‌အနေနဲ့ လိုအပ်နေစရာ အကြောင်းမရှိဘူးလို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ သိစိတ်ရှိရှိအသုံးချမနေရင်တောင်မှပဲ လူတိုင်းမှာ အဘိဓမ္မာအမြင်ဆိုတာ ရှိတယ်။ လက်တွေ့အတွေ့အကြုံ ဒါမှမဟုတ် ဘဝပေးအသိနဲ့သာ နေထိုင်နေတဲ့၊ သီအိုရီတခုခုကို ကိုင်ဆွဲမထားဘဲ ရပ်တည်နေတယ်လို့ သူတို့ကိုယ်သူတို့ ထင်နေတဲ့ လူတွေဟာ တကယ်တမ်းမှာတော့ အစဉ်အလာ နည်းရိုးအတိုင်း တွေးခေါ်နေကြတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ လွှမ်းမိုးနေတဲ့ အတွေးအခေါ်ဟာ အုပ်စိုးသူလူတန်းစားရဲ့ အတွေးအခေါ်သာဖြစ်တယ်လို့ မာ့က်စ်က တခါတုန်းက ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အုပ်စိုးမှုကို ထိန်းသိမ်းဖို့နဲ့ တရားထူထောင်ဖို့အတွက် အရင်းရှင်လူတန်းစားဟာ အလုပ်သမားလူတန်းစားအသိစိတ်(Consciousness of Workers)ကို ပုံပျက်ယိုယွင်းသွားစေမယ့် နည်းလမ်းမှန်သမျှကို အသုံးချကြတယ်။ ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ တယ်လီဗေးရှင်းရုပ်သံတွေနဲ့ သတင်းစာတွေကို အသုံးချပြီး အုပ်စိုးသူလူတန်းစားရဲ့ အတွေးအခေါ်ကို သယ်ဆောင်မွေးမြူတယ်၊ နောက် အလုပ်သမားလူတန်းစားကို အရင်းရှင်စနစ်ကသာ သဘာဝအကျဆုံးနဲ့ အခိုင်မြဲဆုံး လူ့အဖွဲ့အစည်းပုံစံပဲလို့ အယုံသွင်းဖို့အတွက်လည်း သုံးတယ်။ ဆိုရှယ်လစ်အဘိဓမ္မာကို သိစိတ်ရှိရှိ ကိုင်စွဲမထားနိုင်တဲ့အခါ၊ မသိလိုက်ဘာသာပဲ အရင်းရှင်အဘိဓမ္မာကို ကိုင်စွဲမိလျက်သား ဖြစ်သွားတယ်။
လူတန်းစားလူ့အဖွဲ့အစည်းမှာ အချိန်တခုရင့်မှည့်လာတိုင်း တိုးတက်တဲ့ တော်လှန်သောလူတန်းစားဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ ရည်ရွယ်ချက်နဲ့ လောကအမြင်သစ်တရပ် တည်ဆောက်ဖို့၊ စနစ်ဟောင်းအပေါ်မှာ အခြေခံထားပြီး စနစ်ဟောင်းကို တရားထူထောင်ပေးနေတဲ့၊ ကာကွယ်ပေးနေတဲ့ ဟောင်းမြင်းဆွေးမြေ့နေသော အဘိဓမ္မာကို တိုက်ဖျက်ဖို့အတွက် တိုက်ပွဲဝင်ရတယ်။

စိတ်ဝါဒနဲ့ ရုပ်ဝါဒ

အဘိဓမ္မာသမိုင်းကို ကြည့်လိုက်ရင် ကျနော်တို့အနေနဲ့ ရုပ်ဝါဒအထိုင်နဲ့ စိတ်ဝါဒအထိုင်ဆိုပြီး အထိုင်နှစ်ရပ် တွေ့ရမယ်။ လူများစုသာမန်သိထားတဲ့ “စိတ်ဝါဒ”ဆန်မှု (ဆိုလိုတာက ရိုးသားမှု၊ စံပြုလောက်စရာ သမာသမတ်ဖြစ်မှု)ဟာ အဘိဓမ္မာရေးစိတ်ဝါဒ(Philosophical Idealism) နဲ့ မတူသလို လူများစု သာမန်သိထားတဲ့ “ရုပ်ဝါဒ”ဆန်မှု (ဆိုလိုတာက ယုတ်မာမှု၊ လောဘကြီးမှု၊ ငွေအပေါ် ရမ္မက်ကြီးတဲ့ အတ္တဆန်မှု) ကလည်း အဘိဓမ္မာရေးရုပ်ဝါဒ (Philosophical Materialism)နဲ့ လားလားမှ မဆိုင်ဘူး။
အတိတ်တုန်းက ရှိခဲ့တဲ့ မဟာအတွေးအခေါ်ပညာရှင်ကြီးတွေ (အထူးသဖြင့် ပလေတိုနဲ့ ဟေဂယ်လ်) ဟာ စိတ်ဝါဒီတွေ ဖြစ်တယ်။ ဒီ စိတ်ဝါဒ အတွေးအခေါ်ဂိုဏ်းဟာ သဘာဝတရားနဲ့ သမိုင်းကို စိတ်ကူးအတွေးအခေါ် ဒါမှမဟုတ် စိတ်ဝိညာဉ်ရဲ့ ပုံရိပ်ထင်ဟပ်မှု (reflection)တခုလို ရှုမြင်တယ်။ မိန်းမ၊ ယောက်ျား၊ ရှိသမျှ ရုပ်တရားအားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်က ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆဟာ စိတ်ဝါဒရဲ့ အခြေခံ အမြင်တခုပဲ။ ဒီလို ရှုမြင်ချက်မျိုးကို ပုံစံအမျိုးမျိုးနဲ့ ဖော်ထုတ်ခဲ့ကြပြီးပေမဲ့ အထိုင်ကတော့ တခုတည်းပဲ။ ရုပ်ကမ္ဘာရဲ့ ဖြစ်ပေါ်တိုးပွားမှုကို စိတ်က ခြယ်လှယ်အုပ်စိုးတယ် ဆိုတဲ့ အထိုင်။ သမိုင်းကို တွေးခေါ်မှုရဲ့ သမိုင်းအဖြစ် ပုံဖော်ခဲ့ကြတယ်။ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ ရုပ်ဘဝ လိုအပ်ချက်တွေကြောင့်မဟုတ်ဘဲ abstract ဆန်ဆန် အတွေးတွေကနေ ထွက်ပေါ်လာတယ်လို့ ထင်ခဲ့ကြတယ်။ ဟေဂယ်လ်ကတော့ အပြောင်းအလဲမရှိ တသမတ်တည်းသော စိတ်ဝါဒီတယောက်အနေနဲ့ ရှေ့တလှမ်း ဆက်တိုးလိုက်တယ်၊ နောက် အတွေးအခေါ်ဆိုတာတွေကို ဦးနှောက်ရဲ့ အပြင်အပမှာ သီးခြားလွတ်လပ်စွာ တည်ရှိနေတဲ့၊ ရုပ်ကမ္ဘာနဲ့ သီးခြားကင်းလွတ်နေတဲ့ “Idea”ကြီးအဖြစ် ပြောင်းပစ်လိုက်တယ်။ ရုပ်ကမ္ဘာဟာ စိတ်ရဲ့ ထင်ဟပ်မှု ပုံရိပ်မျှသာ ဖြစ်တယ်လို့ ယူဆတယ်။ ဘာသာရေးဟာ အဘိဓမ္မာရေးစိတ်ဝါဒရဲ့ တစိတ်တပိုင်းဖြစ်သလို အဘိဓမ္မာရေး စိတ်ဝါဒကို ထုပ်ပိုးပေးထားတဲ့အရာလည်း ဖြစ်တယ်။
တခြားတဖက်မှာ ရုပ်ဝါဒအတွေးအခေါ်သမားတွေက ရုပ်ကမ္ဘာဟာ အစစ်အမှန်ဖြစ်ပြီး သဘာဝတရား ဒါမှမဟုတ် ရုပ်တရားဟာ အခြေခံဖြစ်တယ်ဆိုတဲ့ အမြင်ကို ကိုင်စွဲထားတယ်။ စိတ် ဒါမှမဟုတ် အတွေးအမြင်တွေဟာ ဦးနှောက်ရဲ့ ထုတ်ကုန်သာ ဖြစ်တယ်။ ဦးနှောက် (ဒီနေရာမှာ ဦးနှောက်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အတွေးအမြင်တွေရောပါတယ်) ဟာ ရှင်သန်လှုပ်ရှားနေတဲ့ ရုပ်တရားရဲ့ ဖြစ်ပေါ်တိုးပွားမှု အဆင့်တဆင့်မှာ ထွက်ပေါ်လာတဲ့ အရာသာ ဖြစ်တယ်။ ရုပ်ဝါဒရဲ့ အခြေခံ အုတ်မြစ်တွေက ဒီလိုလာတယ်။
(၁) ကျနော်တို့ ခံစားမှုနဲ့ ထိသိလို့ရပြီး သိပ္ပံနည်းကျ စူးစမ်းနိုင်တဲ့ ရုပ်ကမ္ဘာဟာ အစစ်အမှန်(real) ဖြစ်တယ်။ ကမ္ဘာလောကကြီး ဖြစ်ပေါ်တိုးတက်နေတာ သူ့ရဲ့ ကိုယ်ပိုင် သဘာဝနိယာမတွေအရ ဖြစ်ပေါ်တိုးတက်နေတာဖြစ်တယ်။ သဘာဝလွန် လူလွန်မသားတယောက်ယောက်ရဲ့ အကူအညီနဲ့ ဖြစ်ပေါ်တိုးတက်နေတာ မဟုတ်ဘူး။
(၂) ကမ္ဘာလောကဆိုတာ တခုတည်းပဲရှိတယ်။ ရုပ်ကမ္ဘာပဲ။ အတွေးအခေါ်ဆိုတာ ရုပ်တရားဖြစ်တဲ့ ဦးနှောက်ရဲ့ ထုတ်ကုန်တခုသာဖြစ်တယ်။ ဦးနှောက်မရှိရင် သီးခြားဖြစ်တည်နေသော အတွေးအမြင်ဆိုတာ ရှိလာနိုင်စရာကို အကြောင်းမရှိဘူး။ ဒီတော့ စိတ်နဲ့ အတွေးအမြင် (idea)ဆိုတာ ရုပ်တရားနဲ့ ကင်းလွတ်ပြီး သီးခြားတည်ရှိဖို့ မဖြစ်နိုင်ဘူး။ မာ့က်စ်က “ငါ့အတွက်တော့ အတွေးအခေါ်ဆိုတာ လူသားရဲ့ စိတ်သဏ္ဌာန်မှာ လာရောက်ထင်ဟပ်နေသော ရုပ်ကမ္ဘာရဲ့ ပုံရိပ်ဆိုတာထက် ဘာမှမပိုဘူး။ ဒီကနေမှ အတွေးအခေါ်ပုံစံတွေအဖြစ် ပြောင်းလဲလိုက်တာဖြစ်တယ်” လို့ ရေးခဲ့တယ်။ နောက် ထပ်ပြောသေးတယ်၊ “လူမှုရေးဘဝကသာ အသိစိတ်ကို ပြဌာန်းတယ်” တဲ့။
စိတ်ဝါဒီတွေက အသိစိတ် (consciousness)၊ တွေးခေါ်မှုဆိုတာ ရုပ်ကမ္ဘာရဲ့ အပြင်အပမှာ ရှိနေတယ်၊ ရုပ်တရားတို့၊ သဘာဝတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ယူဆကြတယ်။ ဒီယူဆချက်ဟာ လုံးဝမှားယွင်းနေပြီး artificial ဆန်တယ်။ တွေးခေါ်မှုရဲ့ နိယာမတွေနဲ့ သဘာဝတရားရဲ့ နိယာမတွေဟာ အချင်းချင်းကြား နီးကပ်တဲ့ အပြန်အလှန် ဆက်စပ်မှု ရှိတယ်။ တွေးခေါ်မှုနိယာမတွေဟာ သဘာဝတရားနိယာမကို လိုက်နာရပြီး တချိန်တည်းမှာပဲ သဘာဝတရားကို ထင်ဟပ်နေရလို့ဖြစ်တယ်။ တွေးခေါ်မှုဝိဘာဂ(Category)တွေဟာ သူ့အလိုလိုဖြစ်တည်မလာနိုင်ဘူး၊ ပြင်ပကမ္ဘာကို မှီခိုပြီးတော့သာ ထွက်ပေါ်လာနိုင်တယ်။ Abstract အဖြစ်ဆုံးလို့ ထင်ရတဲ့ တွေးခေါ်မှုတွေဟျာတာင်မှ တကယ်တမ်းမှာ ရုပ်ကမ္ဘာလောကကို လေ့လာစူးစမ်းရာကနေပဲ ထွက်ပေါ်လာတာဖြစ်တယ်။
သိသိသာသာ abstract ဖြစ်နေတဲ့ Pure mathematics လို သိပ္ပံပညာမျိုးတောင်မှပဲ နောက်ဆုံး သတ္ထုချလိုက်ရင် ရူပအရှိတရား (material reality)ကနေပဲ ဆင်းသက်လာတာဖြစ်တယ်။ ဦးနှောက်ကနေ သူ့ဟာသူ မျက်စိလည်လမ်းမှားပြီး ရလာတာမျိုး မဟုတ်ဘူး။ ကျောင်းနေအရွယ် ကလေးတယောက်ဟာ abstract ဖြစ်တဲ့ ဂဏန်းသင်္ချာပုစ္ဆာတပုဒ် (abstract mathematical problem) ကို ရုပ်တရားဖြစ်တဲ့ ခုံအောက်မှာ ရုပ်တရားပဲဖြစ်တဲ့ လက်တွေကို ချိုးရင်း ခိုးရေတွက်ရတာဖြစ်တယ်။ ကလေးတယောက် ဒီလိုပြုလုပ်ချင်းဟာ သူ့နည်းသူ့ဟန်နဲ့ သင်္ချာရဲ့ ဇာစ်မြစ်ကို ပြန်လည်ဖန်တီးယူမိတာပဲ။ ကျနော်တို့ သင်္ချာမှာ ဆယ်ဂဏန်းအခြေပြုပြီး တွက်ချက်ကြရတာက ကျနော်တို့မှာ လက်ဆယ်ချောင်းပဲရှိလို့ဖြစ်တယ်။ ရောမဂဏန်းတွေဟာ မူလတုန်းက လက်ချောင်းတွေကို သင်္ကေတပြုပြီး ဖန်တီးယူထားတာဖြစ်တယ်။
လီနင့်အဆိုအရပြောရရင် “ကျနော်တို့ရဲ့ အာရုံခံအင်္ဂါတွေပေါ်မှာ ရုပ်တရားလှုပ်ရှားမှုကြောင့် အာရုံခံစားမှုဖြစ်ပေါ်လာတာဟာ ရုပ်ဝါဒပဲ။ အာရုံခံစားမှုဟာ ဦးနှောက်ကို မှီခိုဖြစ်တည်တယ်၊ အာရုံကြောကို မှီခိုတယ်၊ စက္ခုအကြည်ဓါတ်ကို မှီတည်တယ်၊ ဆိုလိုတာက ရုပ်တရားက အခြေခံပဲ။ အာရုံခံစားမှု၊ တွေးခေါ်မှု၊ အသိစိတ် အားလုံးဟာ ရုပ်တရားရဲ့ အမြင့်ဆုံးထုတ်ကုန်တွေပဲဖြစ်တယ်။”
လူသားတွေဟာ သဘာဝတရားရဲ့ တစိတ်တပိုင်းပဲ။ လူသားတွေရဲ့ အတွေးအမြင်ဆိုတာ ကမ္ဘာလောကထဲ ဖြစ်တည်နေတဲ့ အရာတွေနဲ့ အပြန်အလှန်ဆက်ဆံပြီးမှ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်တယ်။ စိတ်ပိုင်းဖြစ်စဉ်(mental processes)တွေဟာ တကယ့် အရှိတရားဖြစ်တယ် ဒါပေမဲ့ သူ့ချည်းသက်သက် သဘာဝတရားရဲ့ အပြင်ဘက်မှာ ရပ်တည်လို့ ရတာမျိုးတော့ မဟုတ်ဘူး။ Mental processes တွေကို လေ့လာမယ်ဆိုရင် သူတို့ထွက်ပေါ်လာတဲ့ ရုပ်အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေတွေထဲမှာ လေ့လာရမယ်။ “လူ့ဦးနှောက်ထဲမှ ဖြစ်ပေါ်နေတဲ့ အာရုံတွေဆိုတာ သေချာပေါက် သူတို့ လက်တွေ့ ဘဝဖြစ်စဉ်ရဲ့ ပုံဆောင်ခဲတွေပဲ ဖြစ်တယ်”လို့ မာ့က်စ်က အခိုင်အမာပြောခဲ့တယ်။ နောက်ထပ်မာ့က်စ်က အခုလို နိဂုံးချုပ်ချက် ပေးပါတယ်။
“ဒါကြောင့် ကိုယ်ကျင့်တရား၊ ဘာသာရေး၊ တက္ကဗေဒ-မက်တာဖစ်ဇစ်(Metaphysics)၊ တခြား အတွေးအမြင်စနစ် (ideology) ပုံစံအားလုံးရယ်၊ ဒီ အိုင်ဒီယိုလိုဂျီတွေရဲ့ အသိစိတ်(consciousness) နဲ့ ဆက်စပ်နေသော ပုံစံတွေရယ်ဟာ လွတ်လပ်တဲ့ပုံစံမှာ တည်ရှိနေတယ်လို့ ပြောလို့မရတော့ဘူး။ ဒီအရာတွေမှာ သမိုင်းဆိုတာ မရှိဘူး၊ ဖြစ်ပေါ်တိုးပွားမှုမရှိဘူး။ ဒါပေမဲ့ လူသားတွေဟာ ရုပ်ပိုင်းကုန်ထုတ်လုပ်မှုနဲ့ ရုပ်ပိုင်း ကူးလူးဆက်ဆံမှုတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းအားဖြင့် သူတို့ရဲ့ စစ်မှန်သောဖြစ်တည်မှုနဲ့အတူ သူတို့ တွေးခေါ်မှုပုံစံ၊ တွေးခေါ်မှုရဲ့ ထုတ်ကုန်တွေကပါ ပြောင်းလဲသွားတယ်။ အသိက ဘဝကို ပြဌာန်းတာ မဟုတ်ဘူး၊ ဘဝက အသိကို ပြဌာန်းတာ ဖြစ်တယ်”

ရုပ်ဝါဒရဲ့ ဇစ်မြစ်များ

“၁၇ရာစုက အစပြုလို့ ခေတ်သစ်ရုပ်ဝါဒအားလုံးရဲ့ အရင်းခံ မူလစခန်းဟာ အင်္ဂလန်ဖြစ်တယ်”လို့ အန်းဂယ်လ်စ်က ရေးခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ဟောင်းမြင်းဆွေးမြေ့နေတဲ့ သက်ဦးဆံပိုင် မြေရှင်ပဒေသရာဇ်စနစ်နဲ့ ဘုရင်စနစ်ဟာ အသစ်ထွက်ပေါ်လာတဲ့ လူလတ်တန်းစားရဲ့ စိန်ခေါ်ခြိမ်းခြောက်မှုကို ခံနေရတဲ့အချိန်ဖြစ်တယ်။ ရိုမန်ကက်သလစ်ဘုရားကျောင်းက ထီးနန်းနဲ့ မြေရှင်ပဒေသရာဇ် အင်စတီကျူးရှင်းတွေအတွက် ဘာသာရေးအရ တရားထူထောင်ပေးရင်း ပဒေသရာဇ်စနစ်ကို မဟာတံတိုင်းကြီးလို အကာအကွယ်ပေးတယ်။ ဒါကြောင့် ပဒေသရာဇ်စနစ်ကို ဖြိုချမယ်ဆိုရင် အရင်ဆုံးတွေ့ရမယ့် အဟန့်အတားက ရိုမန်ကက်သလစ် ဘာသာရေးပဲ။ စနစ်ဟောင်းရဲ့ အုတ်မြစ်တွေဖြစ်သော အတွေးအမြင်ဟောင်းနဲ့ ဘာသာရေး အယူအဆတွေကို အသစ်ထွက်ပေါ်နေတဲ့ ဘူဇွှာလူတန်းစားက စိန်ခေါ်ခဲ့ရတယ်။
“လူလတ်တန်းစားအသစ်နဲ့အတူ အပြိုင်ပေါ်ထွက်လာတာကတော့ နက္ခတ္တဗေဒ၊ စက်မှုပညာ၊ ရူပဗေဒ၊ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒလို သိပ္ပံပညာရပ်တွေရဲ့ မဟာရှင်ပြန်နိုးထမှုပဲ။ ဒီသိပ္ပံပညာရပ်တွေကို နောက်တဖန် ပြန်လည်ပျိုးထောင်လာခဲ့ကြတယ်။ နောက် ဘူဇွှာလူတန်းစားကိုယ်တိုင်ကလည်း စက်မှုကုန်ထုတ်လုပ်ငန်းကို တိုးတက်အောင် လုပ်ဖို့အတွက် သဘာဝဝတ္ထုပစ္စည်း(natural objects)တွေရဲ့ ရုပ်အရည်အသွေး (physical properties)ကို သေချာဆန်းစစ်ပေးနိုင်မယ့်၊ သဘာဝအင်အားစုတွေရဲ့ လှုပ်ရှားမှုပုံစံတွေကို သုတေသနပြုပေးနိုင်မယ့် သိပ္ပံပညာတရပ်ကို လိုအပ်ခဲ့တယ်။ အဲဒီအချိန်တွေ မတိုင်ခင်တုန်းက သိပ္ပံပညာဟာ ဘုရားကျောင်းရဲ့ နာခံလွယ်သော အစေခံတယောက်လိုပဲ ဖြစ်ခဲ့တယ်။ ဘာသာရေးအစွဲအလမ်းတွေရဲ့ ဘောင်ကို ကျော်သွားဖို့ နည်းနည်းမှ ခွင့်ပြုမထားဘူး။ ဆိုတော့ အဲဒီလိုဖြစ်နေတဲ့အတွက်လည်း သိပ္ပံပညာရယ်လို့လုံးဝ မရှိခဲ့တာပဲ။ [၁၇ရာစုမှာ ဂလီလဲယိုက ကမ္ဘာနဲ့ ဂြိုဟ်တွေက နေကို လှည့်ပတ်နေတယ်ဆိုတဲ့ ကော်ပါနီးကပ်စ်သီအိုရီဟာ မှန်ကန်ကြောင်း ပြသခဲ့တယ်။ အဲဒီခေတ် ပါမောက်ခွက်ကြီးများဟာ ဒီအတွေးအမြင်တွေကို ပြက်ရယ်ပြုခဲ့ကြပြီး၊ ဂလီလဲယိုကို ဒီအတွေးအမြင်တွေ စွန့်လွှတ်အောင် ဖိအားပေးဖို့အတွက် တားမြစ်စာအုပ်စာရင်းထဲ ထည့်သွင်းတာ၊ ဝိနစ္ဆယလုပ်တာတွေနဲ့ အာဏာကို အဆုံးစွန်ထုတ်သုံးခဲ့တယ် _ စကားချပ်] သိပ္ပံပညာဟာ ဘုရားကျောင်းတော်ကို ဆန့်ကျင်ပုန်ကန်ခဲ့တယ်။ ဘူဇွှာလူတန်းစားအနေနဲ့ သိပ္ပံပညာမရှိရင် ဘာမှမလုပ်နိုင်ဘူး၊ ဆိုတော့ ဒီပုန်ကန်မှုထဲကို မဖြစ်မနေ ပူးပေါင်းပါဝင်လာရတယ်” (ဖရိဒရစ်ခ် အန်းဂယ်လ်စ်)*
{*အန်းဂယ်လ်စ်ရဲ့ စိတ်ကူးယဉ်နှင့် သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ စာတမ်း၊ ပြင်သစ်ဘာသာထုတ်ဝေခြင်းနိဒါန်းကနေ ကောက်နုတ်ထားတာ ဖြစ်ပါတယ် _ ဘာသာပြန်သူ}
ဖရန်စစ်ဘေကွန်(၁၅၆၁-၁၆၂၆) တယောက် သူ့ရဲ့ ရုပ်ဝါဒတော်လှန်ရေးအတွေးအမြင်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့တာလည်း အဲဒီကာလမှာ ဖြစ်ပါတယ်။ သူ့အမြင်အရဆိုရင် အသ်ိတရားဟာ (senses) အမှားအယွင်းကင်းပြီး၊ ဗဟုသုတပညာအားလုံးရဲ့ ရေသောက်မြစ်လည်း ဖြစ်တယ်။ သိပ္ပံပညာအားလုံးဟာ လက်တွေ့စမ်းသပ်ချက်အပေါ် အခြေခံထားတာ ဖြစ်တယ်။ အချက်အလက်တွေကို စိစစ်စမ်းသပ်ပြီး၊ သင့်လျော်တဲ့နည်းနဲ့ စူးစမ်းလေ့လာတာတွေလည်း ပါဝင်တယ်။ ဘယ်လိုဖြစ်ဖြစ်၊ ဘေကွန်ရဲ့ ရုပ်ဝါဒကို စနစ်တကျဖြစ်အောင် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေခဲ့တာကတော့ သောမတ်စ်ဟော့ဘ်စ်(၁၅၈၈-၁၆၇၉) ဖြစ်ပါတယ်။ ဟော့ဘ်စ်က အတွေးအမြင်တွေ၊ ယူဆချက်တွေဆိုတာဟာ ရုပ်ကမ္ဘာရဲ့ ထင်ဟပ်ချက်(reflection)သာ ဖြစ်တယ်ဆိုတာကို သိရှိသွားခဲ့တယ်။ “တွေးခေါ်စဉ်းစားမှုကို ပြုလုပ်ပေးနေတဲ့ ရုပ်တရားကနေ ကင်းလွတ်ပြီး တွေးခေါ်မှုကို ခွဲထုတ်ဖို့ ဖြစ်နိုင်ဘူး”ဆိုတာကိုရောပေါ့။ နောက်ပိုင်းမှာ အင်္ဂလိပ်အတွေးအခေါ်ပညာရှင် ဂျွန်လော့ခ်(၁၆၃၂-၁၇၀၄) က ဒီရုပ်ဝါဒဟာ မှန်ကန်ကြောင်း သက်သေပြပေးနိုင်ခဲ့တယ်။
ရုပ်ဝါဒအဘိဓမ္မာဂိုဏ်းဟာ အင်္ဂလန်ကနေ ပြင်သစ်ကို ပြန့်သွားပြီး၊ ဝစ်နေး ဒေးကာတ်(တ်) (၁၅၉၆-၁၆၅၀)နဲ့ သူ့ရဲ့ ဆက်ခံသူတွေဟာ ရုပ်ဝါဒအဘိဓမ္မာကို ဆက်လက်သယ်ဆောင်ရင်း ပိုမို ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။ ဒီပြင်သစ်ရုပ်ဝါဒီကြီးတွေဟာ ဘာသာရေးကို ဝေဖန်နေရုံလောက်မှာတင် ရပ်မနေဘူး။ ရှိသမျှ အင်စတီကျူးရှင်းတွေ၊ အတွေးအမြင်စနစ်တွေအထိ တိုးချဲ့ပြီး ဝေဖန်စောကြောခဲ့ကြတယ်။ ဆင်ခြင်တုံတရားရဲ့ နာမတော်အောက်မှာ ရပ်တည်ရင်း ရှိရှိသမျှ အရာအားလုံးကို စိန်ခေါ်ခဲ့တယ်။ ဒါဟာ ဘုရင်စနစ်ကို တိုက်ဖျက်နေတဲ့ ဘူဇွှာလူတန်စားကို (အတွေးအခေါ်) လက်နက်တပ်ဆင်ပေးခြင်းလည်း ဖြစ်တယ်။ ၁၇၈၉ကနေ ၁၇၉၃အတွင်း ဖြစ်ပွားခဲ့တဲ့ ပြင်သစ် မဟာဘူဇွှာတော်လှန်ရေးဟာ ရုပ်ဝါဒအဘိဓမ္မာကို သဘောတရားကျောရိုးအဖြစ် ယူခဲ့တယ်။ ၁၇ရာစုအလယ်ပိုင်း အင်္ဂလိပ်တော်လှန်ရေးနဲ့ မတူတာက၊ ပြင်သစ်တော်လှန်ရေးရဲ့ ဖောက်ပြန်သောအပိုင်း (counter-part) ဟာ ပဒေသရာဇ်စနစ်ဟောင်းကို တစမကျန် ဖျက်ဆီးပစ်လိုက်တာပဲ။ ဒါကို အန်းဂယ်လ်စ်က နောက်ပိုင်းမှာ အခုလို ထောက်ပြခဲ့ပါတယ်။ “ဆင်ခြင်တုံတရား နိုင်ငံတော်ဆိုတာဟာ ဘူဇွှာလူတန်းစားရဲ့ စိတ်ကူးစံနိုင်ငံတော်သာ ဖြစ်ကြောင်းကို ဒီကနေ့ခေတ်မှာ ကျနော်တို့ သိခဲ့ရပြီ”
ဘေကွန်ကနေ အစပြုလာတဲ့ ဒီရုပ်ဝါဒရဲ့ အကြီးဆုံးချို့ယွင်းချက်ကတော့ သဘာဝတရားကို စက်ယန္တရားဆန်ဆန်၊ တရားသေသဘော အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အချက်ပဲ။ အင်္ဂလိပ် ရုပ်ဝါဒ အဘိဓမ္မာဂိုဏ်း ၁၈ရာစုနှစ်မှာ ရွှေထီးဆောင်းခဲ့တာ မတော်တဆ တိုက်ဆိုင်တာ မဟုတ်ဘူး။ အဲဒီကာလက အိုင်းဆက်နျူတန်ရဲ့ တွေ့ရှိချက်တွေက “စက်မှုပညာ”ကို ရှေ့တန်းအရောက်ဆုံးနဲ့ အရေးအပါဆုံး သိပ္ပံပညာရပ်တခု ဖြစ်လာစေတဲ့ ကာလ။ အန်းဂယ်လ်စ်ရဲ့ စကားအတိုင်း ပြောရမယ်ဆိုရင် “ဒီရုပ်ဝါဒရဲ့ ထူးခြားတဲ့ အကန့်အသတ်တွေဆိုတာ လောကဓါတ်ကို အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ သမိုင်းရေး ဖြစ်ပေါ်တိုးပွားမှုတခုအဖြစ် နားလည်ရှုမြင်နိုင်စွမ်းကင်းမဲ့နေခြင်းကြောင့် ဖြစ်လာတာ။”
ပြင်သစ်တော်လှန်ရေးဟာ ရပ်ရှားတော်လှန်ရေးနဲ့ အလားတူပဲ၊ Civilised ဖြစ်လာတဲ့ ကမ္ဘာကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တယ်။ ပြင်သစ်တော်လှန်ရေးဟာ နိုင်ငံရေး၊ အဘိဓမ္မာ၊ သိပ္ပံပညာနဲ့ အနုပညာစတဲ့ တွေးခေါ်မှု နယ်ပယ်တိုင်းကို တော်လှန်ပြောင်းလဲပစ်ခဲ့တယ်။ ဘူဇွှာဒီမိုကရက်တစ်တော်လှန်ရေးကနေ ထွက်ပေါ်လာသော အတွေးအခေါ်(idea)တွေ ရင့်မှည့်လာခြင်းဟာ သဘာဝသိပ္ပံ၊ ဘူမိဗေဒ၊ ရုက္ခ‌ဗေဒ၊ ဓာတုဗေဒအပြင် နိုင်ငံရေးဘောဂဗေဒလို နယ်ပယ်တွေမှာပါ အများကြီး ရှေ့တန်းရောက်လာစေဖို့အတွက် ကဏ္ဍသစ်တရပ် ဖွင့်လှစ်ပေးခဲ့တယ်။
ရုပ်ဝါဒီတွေ စက်ယန္တရားဆန်ဆန် ချဉ်းကပ်တဲ့ ဝေဖန်ရေး ပေါ်ထွက်လာတာ အဲဒီကာလပဲ။ ဂျာမန်တွေးခေါ်ပညာရှင်တဦး ဖြစ်တဲ့ အင်မန်နျူရယ်ကန့် (၁၇၂၄-၁၈၀၄)ဟာ ကမ္ဘာမြေနဲ့ နေအဖွဲ့အစည်းစနစ်တစုံလုံးဟာ ထာဝရတည်ရှိခဲ့တာ မဟုတ်ဘဲ၊ ဖြစ်ပြီးရင် ပျက်သွားမယ်ဆိုတဲ့အချက်ကို တွေ့ရှိခဲ့တယ်။ ဒီတွေ့ရှိချက်နဲ့အတူ ကန့်တ်ဟာ စက်ယန္တရားဆန်ဆန် တွေးခေါ်မှုနည်းနာဟောင်းကနေ ပထမဆုံး ခွဲထွက်ခဲ့တယ်။ ပထဝီဝင်၊ ဘူမိဗေဒ၊ ရုက္ခဗေဒနဲ့ သတ္တဗေဒမှာလည်း ဒီတွေးခေါ်မှုနည်းနာကို အသုံးချခဲ့တယ်။
ကန့်တ်ရဲ့ ဒီတော်လှန်သော အတွေးအခေါ်ကို နောက်ထပ် ပြောင်မြောက်သော ဂျာမန် အတွေး‌အခေါ် ပညာရှင် ‌ဂျော့ခ်ျဟေဂယ်လ်(၁၇၇၀-၁၈၃၁) က ပိုပြီး ကျယ်ပြန့်ပြည့်စုံအောင် တိုးချဲ့ခဲ့တယ်။ ဟေဂယ်က စိတ်ဝါဒအဘိဓမ္မာသမားတယောက် ဖြစ်ခဲ့တယ်။ ဟေဂယ်လ်က ကမ္ဘာလောကကြီးဟာ Universal Mind ဒါမှမဟုတ် Idea (ဆိုလိုတာက ဘုရားသခင်ကို နောက်တမျိုး ချဉ်းကပ်ထားတဲ့ ပုံစံတွေ) ကို အကောင်အထည်ဖော်ထားသော ပုံရိပ်တွေသာ ဖြစ်တယ်လို့ ရှုမြင်ယုံကြည်တယ်။
ဟေဂယ်လ်က ကမ္ဘာလောကကြီးကို လူ့အဖွဲ့အစည်းနဲ့ လူသာသမိုင်းအတွင်း active နေရာက ပါဝင်နေတဲ့ အရာတခုအဖြစ် ရှုမြင်တာမျိုးမဟုတ်ဘူး။ အဘိဓမ္မာသမား(philosopher)တယောက်အနေနဲ့ အဝေးကြီးက အဖြစ်အပျက်တွေကိုပဲ အာရုံပြုနေခဲ့တယ်။ သူက သူ့ကိုယ်သူ ကမ္ဘာလောကဓါတ်ကို တိုင်းတာတဲ့ ပေတံတချောင်းအဖြစ် သတ်မှတ်တယ်။ သမိုင်းကို ရှုမြင်ရာမှာ တွေးခေါ်မှုသမိုင်း၊ လောကဓါတ်ကို ရှုမြင်ရာမှာလည်း စိတ်ကူးလောကဓါတ် (world of ideas)၊ စိတ်ကူးစံလောက (Ideal World)တခု အဖြစ် သူ့အစွဲအလမ်း ဥပါဒါန်နဲ့သူ အဓိပ္ပါယ်ကောက်ချလိုက်တယ်။ ဒါကြောင့် ဟေဂယ်လ်အတွက်တော့ ပြဿနာတွေ၊ ပဋိပက္ခတွေဂာ အစစ်အမှန်တည်ရှိနေတာ မဟုတ်ဘဲ တွေးခေါ်မှုသဏ္ဌာန်မှာ တည်ရှိနေတာ ဖြစ်တယ်။ ဒီ့အတွက် ‌ဒီပြဿနာနဲ့ ပဋိပက္ခတွေအတွက် အဖြေကိုလည်း တွေးခေါ်မှုသဏ္ဌာန်မှာပဲ ရှာဖွေလို့ ရနိုင်မယ်။ ဒီနည်းက လူ့အဖွဲ့အစည်းရဲ့ ပဋိပက္ခတွေကို လူသားတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့၊ လူတန်းစားတိုက်ပွဲနဲ့ ဖြေရှင်းရမယ့်အစား၊ ပဋိပက္ခရဲ့ အဖြေကို အတွေးအခေါ်ပညာရှင်ရဲ့ ခေါင်းထဲ၊ အကြွင်းမဲ့ ဝိညာဉ်တော်(Absolute Idea)ထဲမှာ ရှာဖွေစေတယ်။
ဘာပဲပြောပြော၊ ဟေဂယ်လ်က စက်ယန္တရားရုပ်ဝါဒ အတွေးအခေါ်ဟောင်းမှာ အမှားတွေ၊ ချို့ယွင်းချက်တွ ရှိတယ်ဆိုတာ လက်ခံခဲ့တယ်။ Formal Logic ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကိုလည်း ထောက်ပြပေးခဲ့တယ်။ ပြောင်းလဲမှုနဲ့ လှုပ်ရှားမှုအတွင်း ရှိနေသော ပဋိပက္ခတရားတွေကို ရှင်းပြပေးနိုင်မယ့် လောကအမြင်သစ်တရပ် ဖန်တီးဖို့အတွက်လည်း အ‌ခြေခံတွေ တည်ဆောက်ပေးခဲ့တယ်။ (အောက်မှာ ရှုပါ)
ဟေဂယ်လ်ဟာ လှုပ်ရှားမှုနဲ့ ပြောင်းလဲမှု နိယာမတွေကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ခွဲခြမ်းစိတ်ဖြာခဲ့ပေမဲ့ သူ့ရဲ့ စိတ်ဝါဒကို ကိစ္စတိုင်းမှာ ဦးထိပ်တင်ထားခဲ့တယ်။ ဒီအမှားပြင် ပြင်ဆင်ဖို့နဲ့ ဟေဂယ်လ်အဘိဓမ္မာကို နေရာမှန်ပြန်ရောက်စေဖို့အတွက် လုဝစ်ဖွိုက်ယာဘက်ခ် (၁၈၀၄-၁၈၇၂) ဦးဆောင်တဲ့ လူငယ်ဟေဂယ်လ်ဝါဒီတွေဟာ တိုက်ပွဲဝင်ခဲ့ရ၊ ဝေဖန်ရေးတွေ လုပ်ခဲ့ရတယ်။ ဟုတ်တယ်၊ ဒါပေမဲ့ ဖွိုက်ယာဘက်ခ်တောင်မှ ဟေဂယ်လ်ဝါဒရဲ့ စိတ်ဝါဒအညစ်‌အကြေးကို စင်ကြယ်အောင် မလျှော်ဖွပ်ပေးနိုင်ခဲ့ဘူး။ ဖွိုက်ယာဘက်ခ်ကို အန်းဂယ်လ်စ်က “ခါးအောက်ပိုင်းက ရုပ်ဝါဒထဲ ရောက်နေပြီး၊ အပေါ်ပိုင်းက စိတ်ဝါဒထဲ နစ်နေတဲ့သူ”လို့ ပြောခဲ့တယ်။ ဆိုတော့ ဒီတာဝန်ဟာ မာ့က်စ်နဲ့ အန်းဂယ်လ်စ်တို့ ပုခုံးပေါ် ရောက်လာခဲ့တယ်။ အနုပဋိလောမနည်းနာ (Dialectical Method) ကို သူ့ရဲ့ စိတ်ဝါဒပဉ္စလက်အခွံထဲကနေ ဆွဲထုတ်ပေးနိုင်ခဲ့တာလည်း သူတို့ပဲ ရှိတယ်။ ဒိုင်ယာလက်တစ်ရုပ်ဝါဒကို တော်လှန်ရေးကျကျ နားလည်မှုတရပ် ဖော်ထုတ်နိုင်ဖို့အတွက် ဟေဂယ်လ်ရဲ့ ဒိုင်ယာလက်တစ်နည်းနာကို ခေတ်သစ်ရုပ်ဝါဒနဲ့ ပေါင်းစပ်ပေးခဲ့တယ်။

အနုပဋိလောမဆိုတာဘာလဲ

ခေတ်သစ်ရုပ်ဝါဒရဲ့ အဓိက conceptဟာ ရုပ်တရားက အခြေခံဖြစ်ပြီး၊ စိတ်နဲ့ အတွေးအမြင်ဆိုတာ (ရုပ်တရားဖြစ်သော) ဦးနှောက်ရဲ့ ထုတ်ကုန်တွေဖြစ်တယ်လို့ မြင်တာ ဖြစ်ကြောင်း ရှေ့ပိုင်းမှာ ကျနော်တို့ လေ့လာတွေ့ရှိခဲ့ပြီးပြီ။ ဆိုတော့ ဒိုင်ယာလက်တစ်တွေးနည်း ဒါမှမဟုတ် အနုပဋိလောမဆိုတာက ဘာလဲ။
“အနုပဋိလောမဆိုတာဟာ သဘာဝတရား၊ လူ့အဖွဲ့အစည်းနဲ့ တွေးခေါ်ခြင်းတို့ရဲ့ လှုပ်ရှားမှုနဲ့ ဖြစ်ပေါ်တိုးပွားမှုဆိုင်ရာ ယေဘုယျဥပဒေသတွေကို လေ့လာ ဆန်းစစ်တဲ့ သိပ္ပံပညာပါပဲ” (ဖရိဒရစ်ခ် အန်းဂယ်လ်စ် _ Anti-Dühring ကျမ်း)
မာ့က်စ်နဲ့ အန်းဂယ်လ်စ်တို့ ဒိုင်ယာလက်တစ်နည်းနာကို လူ့အဖွဲ့အစည်း ဆင့်ကဲပြောင်းလဲမှုကို နားလည်စေတဲ့ နည်းနာတခုအဖြစ် သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ခင်ကတည်းက ဒိုင်ယာလက်တစ် တွေးခေါ်မှုနည်းနာဟာ ကာလရှည်ကြာ တည်ရှိခဲ့နှင့်ပြီးသား ဖြစ်ပါတယ်။
ရှေးဟောင်းဂရိလူ့အဖွဲ့အစည်းကနေ ပလေတို၊ ဇန်နွန်နဲ့ အရစ္စတတယ်လ်တို့ အပါအဝင် ကြီးမြတ်တဲ့ ဒိုင်ယာလက်တစ်တွေးခေါ်ရှင်တချို့ ပေါ်ထွက်ခဲ့ဖူးတယ်။ ခရစ်မတိုင်မီ နှစ်ငါးရာ (၅၀၀ဘီစီ) လောက်တုန်းက ဟီရကလစ်တပ်စ်က “အရာအားလုံးဟာ ဖြစ်တည်နေတယ်၊ ဖြစ်လည်း မဖြစ်တည်နေဘူး၊ ဘာကြောင့်လဲဆိုတော့ အရာရာဟာ ပြောင်းလဲ စီးဆင်းနေလို့ ဖြစ်တယ်။ အနိစ္စသာလျှင် နိစ္စတရား ဖြစ်တယ်။ အရာရာတိုင်းဟာ စဉ်ဆက်မပြတ် ဖြစ်တည်လိုက် ပျက်သွားလိုက်ပဲ”ဆိုတဲ့ အမြင်ကို ဖော်ထုတ်ခဲ့တယ်။ နောက် ထပ်ပြီး “အရာရာတိုင်းဟာ စီးဆင်း ပြောင်းလဲနေတယ်၊ ‌စမ်းချောင်းတခုတည်းကို နှစ်ကြိမ်ရေဆင်းချိုးလို့ မရဘူး” လို့ ပြောခဲ့တယ်။ ဒီပြောဆိုချက်မှာ ဒိုင်ယာလက်တစ်ရဲ့ အခြေခံအယူအဆတွေ ကိန်းဝပ်နေခဲ့ပြီးသား ဖြစ်ပါတယ်။ သဘာဝတရားရဲ့ အရာရာတိုင်းဟာ ပြောင်းလဲမှုအဆင့်မှာ မူသေရှိနေတယ်၊ ဒီပြောင်းလဲမှုတွေကလည်း ပဋိပက္ခအစဉ် (series of contradictions) ထဲမှာ ဖြစ်ပေါ်နေတာဖြစ်တယ်ဆိုတဲ့ အယူအဆတွေဟာ ဒိုင်ယာလက်တစ်ရဲ့ အခြေခံယူဆချက်တွေပဲ။
“ဒိုင်ယာလက်တစ်ရုပ်ဝါဒဟာ အခြေခံအားဖြင့် ကမ္ဘာလောကဟာ အသင့်ပြုလုပ်ထားတဲ့ ရယ်ဒီမိတ် ပုံစံတွေစုစည်းထားတာမဟုတ်ဘဲ၊ ရှုပ်ထွေးတဲ့ ဖြစ်စဉ်အစုအဝေးကြီးတခု ဖြစ်တယ်လို့ ရှုမြင်တယ်။ ဒီဖြစ်စဉ် အစုအဝေးထဲမှာ တည်မြဲတယ်လို့ ထင်ရတဲ့ အရာတွေ (ဒီအရာတွေက ကျနော်တို့ ခေါင်းထဲက၊ အတွေးအမြင်တွေထဲက စိတ်ပုံရိပ်တွေဆိုတာထက် ပိုတယ်) ဟာ ဖြစ်လိုက် ပျက်လိုက်နဲ့ စဉ်ဆက်မပြတ် ပြောင်းလဲနေတယ်” (အန်းဂယ်လ်စ် _ လုဝစ်ဖွိုက်ယာဘက်ခ်နှင့် ဂျာမန်စံတော်ဝင်အဘိဓမ္မာ ကျဆုံးခန်း*)
“ဒိုင်ယာလက်တစ်အဘိဓမ္မာရဲ့မျက်လုံးထဲမှာ ဘယ်အရာကမှ အန္တိမ မဟုတ်ဘူး၊ ပရမတ်တရား မဟုတ်ဘူး၊ အထွတ်အမြတ် ထားလောက်စရာလည်း မရှိဘူး။ အရာတိုင်းရဲ့ အနိစ္စလက္ခဏာနဲ့ အရာတိုင်းမှာရှိတဲ့ အနိစ္စလက္ခဏာကို ဒိုင်ယာလက်တစ် အဘိဓမ္မာက ပြသတယ်။ အရာရာဟာ ဖြစ်ပျက်ပြောင်းလဲနေသော စဉ်ဆက်မပြတ် ဖြစ်စဉ်ကြီးသာ ဖြစ်တယ်၊ နိမ့်ရာကနေ မြင့်ရာကို စဉ်ဆက်မပြတ် တိုးတက်နေတဲ့ ဖြစ်စဉ်ကြီးသာ ဖြစ်တယ်ဆိုတဲ့ အမြင်ကလွဲရင် ဘယ်လိုအရာကမှ ဒိုင်ယာလက်တစ်အဘိဓမ္မာရဲ့ ရှေ့မှာ ကြံ့ကြံ့ခံ မရပ်တည်နိုင်ဘူး။ ပြောမယ်ဆိုရင် ဒိုင်ယာလက်တစ် အဘိဓမ္မာကိုယ်နှိုက်ကလည်း ဒီဖြစ်စဉ်ကြီး တွေးခေါ်တတ်သော ဦးနှောက်မှာ လာထင်ဟပ်လို့ ပေါ်လာတဲ့ ရောင်ပြန်ဟပ်မှုဆိုတာထက် တပြားသားမှ မပိုဘူး။ (အန်းဂယ်လ်စ် _ လုဝစ်ဖွိုက်ယာဘက်ခ်နှင့် ဂျာမန်စံတော်ဝင်အဘိဓမ္မာကျဆုံးခန်း*²)
(* & *² - မူရင်းစာမူမှာ အန်းဂယ်လ်စ်ရဲ့ Anti-Dühring ကျမ်းလို့ ညွှန်းထားပါတယ်၊ ဒါပေမဲ့ ဒီကောက်စာတွေက Ludwig Feuerbach & the End of Classical Geman Philosophy အပိုင်း-၄ Marx အခန်းမှာ ပါတဲ့ စာပိုဒ်တွေ ဖြစ်ပါတယ်၊ ဒီအတွက် ယခု ဘာသာပြန်စာမူမှာ ရည်ညွှန်းကို ပြင်ထားလိုက်တာ ဖြစ်ပါတယ်)

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00