Daffodil Book Shop

Daffodil Book Shop

Share

Photos from Daffodil Book Shop's post 24/06/2024

ခင်ဖုန်းသက်ဝေ ဖတ်ဖို့နွေ
ရိုးသားနိုင်သလောက်
အမြင့်ဆုံးတောင်ကုန်းမှာ
ကျနော်နေရာယူထားဆဲပါ ခင်ဖုန်းသက်ဝေ။
မိုးရိပ်မိုးဦးတွေ ကျူးပြီဆိုရင်
ပန်းနီနီတွေ ပွင့်ပြီဆိုရင်
ခြွင်းချက် မရှိ အယူသည်းနေတတ်တုန်းပါပဲ။
ကျနော်တို့ရဲ့ ပုံတိုပတ်စလေးတွေအကြောင်း
ချဲ့ကားထားတဲ့သီချင်းတွေတော့တခါတလေ ရေးဖြစ် ဆိုဖြစ်ပါတယ်။
ပိုးဖလံလေးတကောင်
သူ့အတောင်ပံတွေကိုချွတ်ချလိုက်သလိုပေါ့။
ဘေးလူတွေအမြင်မှာ ပေါ့ပါးနေပေမယ့်
သူ့လေးလံဖိစီးမှုနဲ့သူပါ ခင်ဖုန်းသက်ဝေ။
ဒီလိုကြောင့်သာ
ကျနော် မီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကန်သုံးဆင့်ကို
ရောက်ဖြစ်ခဲ့သေးတယ်
ရေလှိုင်းလာရာအတိုင်း
ရေညှိပင်လေးတွေ ဆက်လက်ရွေ့ရှားနေကြ
ရေလယ်ကျွန်းကငှက်တွေ
အရင်လို တေးသီဖောင်ဖွဲ့နေကြ။
တံတားပျက်ကြီးရဲ့လက်ကျန်တိုင်တွေက
ရေလည်မှာထိုးထိုးထောင်ထာင်နဲ့
လှမ်းပြီးနှုတ်ဆက်တယ်
အင်မတန် အထီးကျန်လှပေမယ့်
ခုထိပြိုလဲခွင့်မရသေးပါဘူးကွာတဲ့။
တချို့လူတွေအတွက်
လမ်းခွဲတယ်ဆိုတာလွယ်လွန်းပါတယ်
ကိုယ့်အအေးဖိုးကိုယ်ရှင်းပြီး ထပြန်ကြရုံပဲ။
ခက်တယ် ခင်ဖုန်းသက်ဝေရယ်။
မအောင်မြင်ခဲ့တဲ့မြောက်အရပ်က ကြယ်တွေ
ဓူဝံကြယ်ကိုစိတ်နာသလို
ဘယ်သူငိုနေတာလည်းကွယ်
ဒီမှာ သိပ်ခက်တယ်။
ကမ်းပြိုနားကသစ်ပင်ကတော့
မရှိရှာတော့ဘူး။
အဲ့ဒီလိုဆိုမှဖြင့် သူ့သစ်မြစ်တွေမှာ
ငြိနေခဲ့ဖူးတဲ့
ကျနော်တို့ရဲ့ စက္ကူလှေလေးလည်း
မရှိတော့ဘူးပေါ့။
နတ်ဝှက်ထားတာလို့ချည်း ကျနော့်စိတ်မှာ
ထင်မိနေသေးတယ်။
အချစ်တဲ့
ခြင်္သေ့အားလုံး သိုးငယ်ဖြစ်သွားတဲ့တောအုပ်
နှုတ်ဆက်ပါတယ်။
ဟယ်လင်ကဲလားပြောတဲ့အတိုင်းဆိုရင်
ခင်ဖုန်းသက်ဝေ မှန်ပါတယ်
ချစ်စရာကောင်းတဲ့ ဘယ်မိန်းမပျိုက
အကြာကြီးစောင့်နေမှာ မို့လို့လဲ။
ရှေ့ကိုသွားနေတဲ့ရထား မှာ
နောက်ပြန်ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။
မဲဇလီပင်တန်းတွေ တရွေ့ရွေ့ကျန်ခဲ့ပြီ
ဖဲကြိုးရောင်စုံတွေ ကျန်ခဲ့ပြီ
ဖိုးချိုသီချင်းတွေကျန်ခဲ့ပြီ
ပန်းသင်္ချိုင်းက စောင့်နေမယ်ဆိုတာတွေ ကျန်ခဲ့ပြီ
ကျောင်းသားကဒ်ပြပြီး
စက်ဘီးငှားလို့ရတဲ့ ဆိုင်လေးတွေကျန်ခဲ့ပြီ။
ဟိုနားက သီချင်းစသင်တဲ့နေရာ
ဒီနားက အချစ်စသင်တဲ့နေရာ
အားလုံးကျန်ခဲ့ပြီ။
ဘယ်သူ့ခေါ်သံမှ ကြားရလို့တော့မဟုတ်ပါဘူး
ရွာရိုးကိုးပေါက်
ကျနော်လျောက်သွားနေခဲ့တာ
ဆယ်စုနှစ် တခုစာ
တယူဇနာ နှစ်ယူဇနာ
ခြေရာတွေတောင်ပြာလို့
ပင်လယ်ပက်ပင်းနဲ့ ကျွန်းကြိုကျွန်းကြားမှာ
အိပ်တဲ့အခါအိပ်တယ်။
တခါတလေ ကမ်းခြေတွေ..
ကျောက်ညိုနန်းဆောင်မြင့်တွေ
ခရုခွံတွေ ဖွေးဖွေးလှုပ်အောင်ခင်းထားတဲ့
ရိုးမြေကျလမ်းကလေးတွေ။
တခါတခါ ဆန်းပြားလွန်းတဲ့ ခင်တန်းသာယာတွေ
ခင်ဖုန်းသက်ဝေလို
လူစကားပြောတတ်တဲ့ ပန်းပွင့်လေးတွေ။
တခါတလေ
တချို့တောင်ပေါ်ရွာလေးတွေမှာ
တဆောင်း တနွေ
ကျနော်ပျော်သလောက် နေပစ်လိုက်တာပဲ
သူတို့ဘာသာစကားနဲ့
ထိကရုန်းပင်လေးကို"ရှက်တတ်မ"တဲ့။
ဒီလို တိုက်ဆိုင်လာတဲ့ညတွေဆိုလူတခြား အိပ်မက်တခြားပဲ။တခါတခါတော့
ခေါင်းစဉ်ပေါ့ပျက်ပျက်နဲ့ စစ်မက်လမ်းကြားတွေ
အရင်နည်းကိုသုံးပြီး
မုန်းချင်တိုင်းမုန်းနေကြတဲ့ညီအကိုတွေဆေးဆရာနဲ့ လူသတ်သမား
နှစ်ကိုယ်ခွဲထားကြသူတွေ။
တခါတလေ
မုတ်သုံကွယ်ရာ လျှိုတွေ မြောင်တွေ
ကွန်ကရစ်နာကျနေတဲ့ မြို့ပြတွေ။
တခါတခါ
စိတ်လိုက် မာန်ပါ ငိုခွင့်မရှိတဲ့ ထပ်ခိုးလေးတွေ။
ဒီလိုအရစ်ကျစနစ်နဲ့
ကျနော် ကဗျာဆရာဖြစ်လာခဲ့ပုံရပါတယ်။
မြေကမ္ဘာရေ..
ခင်ဖုန်းသက်ဝေရေ..
ဟောဒီလို ရတုဆိုးတွေ လင်္ကာပျက်တွေနဲ့
သေးနုပ်သူရဲ့ ဆက်သမှုမှာ ပျော်နိုင်ကြပါစေ။
ပုံမှန်ပါပဲ ...
ခင်ဖုန်းသက်ဝေ ..
ဗျစ်တောက်ဗျစ်တောက်ပြောဖူးသလို
ဆေးခန်းပြဖြစ်တိုင်း
အချိန်မှန်မှန်စားခိုင်းတာတို့
စီးကရက်တွေ အပူအစပ်တွေ လျော့ခိုင်းတာတို့။
ဘယ်အချိန်ကတည်းက
ဒီလိုစအောင့်တာလဲဆိုတော့
"လျှို့ဝှက်သော နှင်း"ရုပ်ရှင်
ရုံတင်တဲ့နေ့ကပေါ့လို့
ကျနော်ပြန်ဖြေလိုက်တယ်။
သူတို့နားမလည်ကြဘူး ခင်ဖုန်းသက်ဝေ။
ခုနှစ် သက္ကရာဇ်တွေ
ဒါတွေကိုပဲ ထပ်ထပ်မေးနေတယ်။
စုံလုံးကန်းနေသူက ရှုမျှော်ခင်းကို ကြည့်သလို
ကျနော့်ကို သူတို့ကြည့်ကြတယ်။
အားလုံးကို ရွပ်ရွပ်ချွံချွံ
အရှုံးပေးလိုက်ပါတယ်။
မနေ့ကကို ဒီနေ့လို့ စိတ်မှာထင်လာရင်
အားလုံး လွမ်းတတ်သွားကြပါလိမ့်မယ်။
ခွင့်လွတ်နေကျ ကမ်းပါးတွေကို
တိုက်စားဖြိုချခဲ့တဲ့မြစ်
ကျနော်အပြစ်ရှိတာ ကျနော်သိပါတယ်။
ကျနော်မှားခဲ့ပါတယ်
ဒါက
ဧပရယ်ထောင့်က သစ်တပင်ဖြစ်ပါတယ်
တောင်းပန်ပါတယ်။
ဒါက ကျနော်ပွင့်စေချင်တဲ့
စနေရောင် ပန်းတပွင့်ဖြစ်ပါတယ်။
ခင်ဖုန်းသက်ဝေလှောင်ရယ်နေမှာလည်း
ကျနော်သိပါတယ်
ကြည့်နေတဲ့သူတွေ နှ‌မြောသွားတဲ့အထိ
ရယ်တတ် ပြုံးတတ်တာ
ကျနော်သိပါတယ်။
အလွယ်တကူ ထုတ်သုံးမိတိုင်း
အလွမ်းဟာ အန္တရာယ် များလှတယ်။
နွေလေရူးတွေ
ဇဝေဇဝါနဲ့ တိုက်နေကြပြန်ပါပြီ။
အလွန်အကျွံ စွန့်စားရတဲ့အရပ်မှာ
သူလို ငါလို
ကျနော်အရင်လိုပါပဲ ခင်ဖုန်းသက်ဝေ။
ဒီတညလည်း အရင်ညကဆုတောင်းလို
တခါလောက်ပဲ
ထပ်တွေ့ချင်မိပါတယ်။
နှုတ်ဆက်ဖို့ပါ ။ ။
#သန်းတင့်

Crd

24/06/2024

မသိန်းရှင်ဆီပို့ပေးပါ

လူဟာ ဘာကောင်ကြီးဖြစ်နေနေ သူဖြတ်သန်းရတဲ့ခေတ်ရဲ့ ရိုက်ခတ်မှုကို မလွန်ဆန်နိုင်ဘူး။ ဘာကောင်ကြီးမှ မဟုတ်တဲ့သူတွေမှာတော့ ပိုတာပေါ့လေ။ ထန်းလျက်ကို မှောင်ခိုပစ္စည်းအဖြစ် ရောင်းဝယ်သယ်ယူရတဲ့ ခေတ်ကာလမှာ ရထားတစ်စင်းပေါ်မယ် ကုန်စိမ်းရောင်းရသူတွေ၊ မှောင်ခို သယ်လာပြီး ရောင်းချရတဲ့သူတွေ၊ မှောင်ခို ပစ္စည်း ထန်းလျက်ကို စစ်ဆေးရမယ့် လက်မှတ်စစ်တွေ၊ ရထားပေါ်ရှိသမျှ (မှောင်ခိုပစ္စည်း သယ်ခွင့်ရဖို့ ပိုက်ဆံပေးရမယ့် သူတွေ)လူတိုင်းနဲ့ ညားနေရတဲ့ ကုန်စိမ်းသည်လေးတွေ အကြောင်းတွေ။

"ပေါ့ပေါ့ပါးပါး စိတ်အေးချမ်းစရာလေးတွေ ဖတ်ချင်ရင် နိုင်ဝင်းဆွေရဲ့ စာတွေမဖတ်နဲ့ "ဆိုတဲ့အတိုင်းပါပဲ။
ဒါက အဲဒီခေတ်ကာလမှာ သေအောင်ကြိုးစားရုန်းကန်လည်း ထမင်းနပ်မမှန်နိုင်သေးတဲ့ မိသားစုထဲက တစ်စုံတစ်ယောက်တွေရဲ့ အကြောင်းကို စုစပ်ရေးထားတာပါ။ ဒီအချိန်မှာဖတ်ရင် ကောင်းကောင်းနားလည်ခံစားရမှာ။

မသိန်းရှင်ဆီပို့ပေးပါဆိုတာက အသားတွေ အပိုင်းပိုင်းပြတ်ပြီး
သေကာနီး ကုန်စိမ်းသည်လေးရဲ့ နောက်ဆုံးစကားပါ။ နောက်ဆုံးအထိ စိတ်မဖြောင့်နိုင်တာက သူ့ထန်းလျက်တောင်းလေး မသိန်းရှင်ဆီ မရောက်နိုင်မှာကိုပါ တဲ့လေ။

တကယ်တမ်း ဖတ်ဖြစ်တော့
စနစ်မကောင်းတဲ့အခါ အကျင့်ပျက်လာကြပြီးရာထူးအဆင့်ဆင့်ကလူတွေရဲ့ အာဏာ ရပိုင်ခွင့်တွေ အလွဲသုံးစား‌မှုတွေဟာ တိုင်းပြည်တစ်ခု(လွန်ပါတယ် တိုင်းပြည်ရဲ့ နင်းပြားတွေ)အတွက် လူ့ငရဲပါပဲ။
"လုပ်စားမိုးခေါင် ခိုးစားတော့ခွေးဟောင်" ဆိုပြီး အထဲက ဇာတ်ကောင်ရဲ့ ဖော်ပြချက်ဟာ တိကျလွန်းနေတယ်။
ညိုညိုဟာ စ လာကတည်းက ချစ်စဖွယ် crybaby လေးတစ်ယောက်အဖြစ်လာခဲ့ရမှာပါ။ ဒါပေမယ့် ကံကြမ္မာရဲ့ တိုက်စားမှုက အရမ်းကြမ်းတမ်းတော့ ကလေးမလေးဒီလိုဖြစ်တာ ပုံမှန်ပဲလိုမြင်လာမိတဲ့အထိပါပဲ။
သူ့ရဲ့ဘဝမှာ ကံအကျိုးပေးနည်းပေမယ့် ငဲ့စရာတွေ အရမ်းများနေခဲ့တယ်။ ငယ်ရွယ်တဲ့ နှလုံးသားလေးက လွတ်လွတ်လပ်လပ် ချစ်ချင်ခဲ့ပေမယ့် သူပိုင်ဆိုင်တာဆိုလို့ တစ်ခုပဲ ရှိတဲ့ တလွဲမဟုတ်တဲ့ ဖြူစင်နဲ့ မာနလေးတစ်ခုနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းခဲ့တယ်။ Inferiority Complex ဆိုတဲ့ သိမ်ငယ်စိတ်ရှိပေမယ့်လဲ ဒီမြေပေါ်ရပ်တည်နေနိုင်အောင် ကြိတ်မှိတ်ပြီး အားတင်းခဲ့တယ်။
ငတ်မယ့်ဒုက္ခ လွတ်လို့ စိတ်အေးရမလားမှတ်တယ်။ မင်းဒဏ်ဆိုတာကလဲ သွယ်ဝိုက်တဲ့နည်းနဲ့ ညိုညို့ကို လာခတ်ပါတယ်။

သူ့အမေ ပန်းနာရောဂါအတွက်ဆေးကလေးရလာရင်
သူ့မောင်ကလေးအတွက် စာအုပ်ဖိုးပေးနိုင်ရင် သူ့အတွက် အပျော်ဆုံးဆိုတာ ဖြစ်နေမှာပဲ
အထူးသဖြင့် မှောင်ခိုထန်းလျက်တွေ သွင်းတဲ့ မသိန်းရှင်ဆီက ငွေအသပြာလေး ရလာမှ စိတ်တုံးတုံးချနိုင်မယ့်သူပါလေ။
ညိုညိုရယ် ညီမဆန္ဒကလေးဟာ စစ်ဆေးရေးတွေကိုကျော်ပြီး ‌ထန်းလျက်ကလေး သွင်းဖို့တဲ့ပဲလား။
ကလေးဆယ်ယောက်ယူမယ်ဆိုပြီးပေးခဲ့တဲ့ကတိတွေ။
ဘဝဆက်တိုင်းတူတူ နေရအောင် ဆုတောင်းနော်ဆိုတဲ့စကားလေးတွေဟာ ကျီစယ်ရုံပဲလား။ အဲ့လိုဟာတွေကိုကျ သတိမရတော့ဘဲ
မှောင်ခိုကူးတာကို အရေးမကြီးသလို ပျော်လို့လုပ်တယ်ထင်နေတာလား လို့ပြောခဲ့ပေမယ့်။
နောက်ဆုံး သတိရတဲ့အရာက
ညီမရဲ့ ဦးနှောက်လေးထဲမှာ
မသိန်းရှင်ပဲ ရှိခဲ့တာလား ညိုညိုရယ်

Review crd 🫶

တန်ဖိုး-၈၀၀၀ကျပ်

24/06/2024

"နင် အဆင်ပြေပါစေ"
**********************

"လောကမှာ ဒီလိုလူနှစ်ယောက်ရှိတယ်။ အချင်းချင်း ချစ်ကြိုက်ကြတယ်၊ အချင်းချင်းတမ်းတကြတယ်.... ဒါပေမဲ့ နောက်ဆုံးမှာ အတူမနေကြဘူး" တဲ့

ဒီစကားကို စစချင်းမှာ ကိုယ်နားမလည်ခဲ့ဘူး။ အချင်းချင်း ချစ်ကြိုက်ကြသူနှစ်ယောက်ဟာ ဘာကိုမှ မငဲ့ညှာဘဲ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ပြေးဝင်သင့်တာပေါ့လို့ ထင်ခဲ့တယ်။ နောက်ပိုင်း ကိုယ်နှစ်သက်တဲ့လူနဲ့ ဆုံပြီး ကိုယ်နှစ်သက်တဲ့လူကို ဆုံးရူံးရတော့မှ အဲဒီ စကားကို ကိုယ်သဘောပေါက် နားလည်ခဲ့ရတယ်။ အချစ်နဲ့ ထာဝရကြားမှာ လက်တွေ့ဆန်ခြင်းက ခြားထားသေးတာပဲလေ။

သံယောဇဉ် တစ်ခုမှာ တချို့တွေ လမ်းခွဲကြတာဟာ မချစ်ကြတော့လို့၊ တချို့တွေ လမ်းခွဲရတာဟာ တစ်ဇွတ်ထိုးလုပ်မိလို့၊ တချို့ တချို့ လမ်းခွဲကြတာကတော့ မချစ်တော့လို့လည်း မဟုတ်သလို တစ်ဇွတ်ထိုးကြောင့်လည်း မဟုတ်ဘူး။ ဘာခွန်အား၊ ဘာမှ မတတ်နိုင်တော့တဲ့ အရွယ်ကျမှ ကိုယ်နှစ်သက်တဲ့လူနဲ့ လာဆုံလို့ဖြစ်တယ်။

ကိုယ်နဲ့ဘဝကို သူပင်ပင်ပန်းပန်း ဖြတ်ကျော်နိုင်ပါတယ်။ ရိုးရှင်းသာမန်တဲ့ဘဝမှာနေရလည်း သူမမူပါဘူးဆိုပေမယ့် ဒါကိုတော့ ကိုယ်အလေးထားတယ်။ ချစ်ရတဲ့သူအတွက်ဆိုရင် ကိုယ်တို့မှာ ရည်မှန်းချက်အနည်းအများတော့ ရှိကြတယ်။ အကောင်းဆုံးတွေ ဈေးအကြီးဆုံးတွေ သူ့ကို ကိုယ်တို့ပေးချင်ကြတယ်။ ချစ်ရသူရဲ့ရှေ့မှာ ကိုယ်တို့ဟာ အနည်းအများတော့ သိမ်ငယ်တတ်တယ်။ ကိုယ့်အခုလက်ရှိဘဝကို အားမလိုအားမရ ဖြစ်တတ်တယ်။ ချစ်သူနဲ့ကိုယ် မတန်ဘူးလို့ ထင်တတ်တယ်။

ဒီလိုအမေးလေးတစ်ခု ဖတ်ခဲ့ဖူးတယ်....။
"အရင်တုန်းက သင် သိပ်ချစ်ခဲ့တဲ့လူတွေ နောက်တော့ ဘာဖြစ်သွားလဲ" တဲ့....

အဖြေတစ်ခုက ကိုယ့်ရင်ကိုစူးစေခဲ့တယ်။
"ကျွန်တော်တို့ လမ်းခွဲပြီးနောက် ကျွန်တော့် Fri list ထဲမှာ သူရှိနေသေးတယ်။ သူ့ကို ကျွန်တော် အခုတ်တရ သွားကြည့်နေသေးတယ်။ ကျွန်တော့် အတွေးထဲမှာ၊ ကျွန်တော့် အိပ်မက်ထဲမှာ သူ ရှိနေခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော့် နေ့စဉ်ဘဝမှာတော့ သူမရှိတော့ပါဘူး။ သူငယ်ချင်းတွေဆီကနေ တစ်ခါတလေ သူ့အကြောင်း ဟိုတစ်စ ဒီတစ်စ ကြားမိတတ်သေးတယ်။ သူအဆင်ပြေနေတယ်ဆိုတာ သိရတော့ ကျေနပ်သွားပါတယ်"

တချို့နဲ့ ထပ်မဆုံဖြစ်တော့ဘူး ဆိုပေမယ့် မေ့လည်း မေ့မသွားပါဘူး။ သင်လည်းပဲ ဘဝမှာ အဆင်ပြေပြေ ဖြတ်သန်းနိုင်ပါစေနော်။ ဒါမှ တစ်ချိန်က တင်္ဒဂတွေ့ဆုံမှုကို သင် စိတ်ပျက်လက်ပျက် မဖြစ်မိမှာပါ.....။


တန်ဖိုး - 4000 ကျပ်

#ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့
#နိုင်းနိုင်းစနေ

24/06/2024

လောကမှာ ကူညီပေးနေတဲ့ လူတိုင်းဟာ ပြည့်စုံလို့
ကူညီတဲ့သူရှိသလို မပြည့်စုံပေမဲ့ ကိုယ်ချင်းစာတတ်တဲ့ စိတ်ထားကြောင့် စေတနာ၊ မေတ္တာတွေနဲ့ ဒုက္ခရောက်သူတွေကို ကူညီပေးတဲ့သူတွေ အများကြီးပါ ပါတယ်။
လူတချို့က လွယ်လွယ်ရတယ်ဆိုရင် တန်ဖိုးမထားချင်ကြ၊ တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး။ ကိုယ်ကတော့ လွယ်လွယ်လေး ရပေမဲ့ အဆင်မပြေတဲ့ကြားက ကူညီပေးတဲ့သူတွေကို မသိတတ်ချင်နေပါ။ ကျေးဇူးကန်းတဲ့ စကားတွေ မပြောမိအောင် ဆင်ခြင်ပါ။
ကိုယ်ချင်းစာတရားမရှိရင် ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ သူတစ်ပါးရဲ့ ဒုက္ခကို မသိကျိုးကျွန်ပြုပြီး မမြင်ချင်ယောင်ဆောင်နေကြလိမ့်။ ဘယ်လိုပဲ ဆင်းရဲနေပါစေ။ ကိုယ်ချင်းစာတရားရှိတဲ့သူတွေက သူတစ်ပါးရဲ့ ဒုက္ခတွေကို မသိကျိုးကျွန်မပြုဘဲ တတ်နိုင်သလောက် ကူညီကြတယ်။
ရေနစ်နေတဲ့အချိန်မှာ နွယ်မြက်သစ်ပင်လေးဟာ အားကိုးရာ ဖြစ်သလို ဒုက္ခရောက်ချိန်မှာ အားပေးနှစ်သိမ့်တဲ့ စကားလေးတစ်ခွန်း၊ တတ်နိုင်တာလေး ကူညီပေးတာ နွေးထွေးမှုတွေကလည်း တန်ဖိုးရှိပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ ဒုက္ခတွေ အဆင်မပြေမှုတွေကို ကူညီပေးတဲ့သူတွေကို ကိုယ်က မပြည့်စုံလို့ ပြန်ပြီး ကျေးဇူးမဆပ်နိုင်ရင် နေပါ။
ကိုယ့်ကို စေတနာ မေတ္တာနဲ့ ကူညီပေးတဲ့သူတွေကိုတော့
မစော်ကားမိပါစေနဲ့လို့ ပြောပါရစေ။


#အရှင်ဇဝန (ရွှေကုန်းမြေ)
#ချစ်ခြင်းမေတ္တာဆိုတာလူသားတိုင်းနဲ့ထိုက်တန်ပါတယ်

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon