WIN NAING
I love nature & art.
10/04/2026
❛ မတော်တဆနေ့ရက်တစ်ခုရဲ့
အောင်မြင်မှုအကြောင်း ❜
ဘယ်လိုမှ မျှော်လင့်မထားဘူး
ဘယ်တုန်းကမှလည်း စာချုပ်ချုပ်ဆိုမထားခဲ့ဘူး
ငါမျှော်လင့်တာထက်
ပိုမိုတဲ့စားရေရိက္ခာတွေ ရခဲ့တယ်
ဘယ်လိုမှ
ဘယ်အရာကိုမှ မမျှော်မလင့်နေ့တစ်နေ့မှာ
ရခဲ့တယ်
ဒါကြောင့်ပဲ ပိုမိုအရသာရှိ
ညတစ်ည
ညတစ်ညမှာပေါ့
ညဟာ မီးရထားတစ်စင်းလိုရောက်ရှိလာ
ညဟာ မီးရထားပေါ့
ညမီးရထားက ငါ့ကို အိပ်မက်ထဲမှာ တွေ့ဖူးတယ်တဲ့
လက်ဆွဲနှုတ်ဆက်
သူ့အသက်ကို အရက်ခွက်ထဲ ငှဲ့သောက်ပြ
မဖြစ်လို့ကို မရဘူး
ဖြစ်ကိုဖြစ်မှဖြစ်မယ်လို့ သူကပြောတော့
ငါလည်း အသက်ကို
ခွက်ထဲထည့်ပြီး ငှဲ့သောက်ပစ်လိုက်ရဲ့
လူဆိုတာ
မတော်တဆ မီးခဲလည်း နင်းမိချင်နင်းမိမယ်
သူဌေးဘွဲ့လည်း ရချင်ရမယ်
ငါသိလိုက်ရ
အရက်ဝိုင်းမှာ ကြည့်လိုက်တော့
သူဟာ ဘုရားသခင်လိုလို ဘာလိုလို
ပုံပြောင်းသွား
လောကမှာ သဲထဲ ရေသွန်တာလောက်
အရသာရှိတာ မရှိဘူးတဲ့
ကြည့်လေ သွန်လိုက်တဲ့ရေ မြင်ကို မမြင်ရတော့ဘူး
တစ်ခုပဲရှိရဲ့
ကိုယ်သွန်မယ့်ရေဟာ ပိုလျှံပြီး
ကိုယ့်အတွက် မလိုအပ်ဖို့တော့ လိုတာပေါ့တဲ့
အဲဒီ
ဘုရားသခင်လိုလို
ညလိုလို ရထားလိုလိုနဲ့
စကားတွေဆိုဖြစ်ကြရင်း မူးလို့သွား
ငါတို့သောက်တာ အရက်တွေ မဟုတ်ဘူး
ငါတို့အသက်တွေ မဟုတ်လား
ငါ စကားတစ်ခွန်းနဲ့ ဝိုင်းသိမ်းလိုက်နိုင်တယ်
အသစ်အဆန်းနဲ့ ရွှင်လန်းချင်သူတွေလာကြ
ငါဟာ အိုင်စတိုင်းနဲ့ လွဲခဲ့တယ်။
▪️မောင်ချောနွယ်
04/05/2025
မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့ရှိတဲ့နေ့ဖြစ်တယ်
-------------------------------------------------------
မင်းရက်စက်မှုဟာ ကမ္ဘာမှာမရှိခဲ့ပါဘူး
ငါဟာ နာကျင်ကျိုးကြေပြီး
အိပ်ရာပေါ်မှာ အလူးလူးအလှိမ့်လှိမ့်
ဘာမှလည်း မတွေးခေါ်နိူင်
ဘာမှလည်း မခံစားပေနိူင်
ပွဲတော်တွေနဲ့ ကင်းဝေးလို့
ပြာကျမသွားရုံ အသက်ငွေ့ငွေ့ ကလေးနဲ့
မင်းပက်စက်လိုက်တာကွယ်လို့တောင်မှ
ငါ့မှာ အသံမထွက်နိူင်ခဲ့ပါဘူး ။
နေထွက်နေဝင်ချိန်တွေလည်း
ငါ့မှာ မသိတော့ပါ ။
ငါ့အနုပညာအရင်းအမြစ်ကလေးလည်း
ဘယ်ဆီဘယ်ဝယ်မှာလဲ
ငါမသိတော့ပါ ။
ငါ့အဘိဓမ္မာတွေလည်း
ငါ့မှာ မဆုပ်မိ မကိုင်မိတော့ပါ ။
ငါဟာ
'ဝိမုတ္တိ'ကိုသာ ငေးမျှော်ရင်း
ခပ်မျှဥ်းမျှဥ်း အသက်ရှူခဲ့တယ်
တနဂ်နွေတစ်ရက် ထင်ပါရဲ့
စကြဝဠာကြီးရယ်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ငါ့ဆီရောက်လာတယ်
အင်မတန်ပူနွေးလှတဲ့ သူ့လက်ကြီးနဲ့
လက်ဆွဲနှုတ်ဆက်တယ်
ပန်းသီး ချယ်ရီပန်းနဲ့ ရွှေရောင်ကလောင်တံတစ်ချောင်း
လက်ဆောင်ပေးတယ် ။
ပြီးတော့....
"မိတ်ဆွေကြီး ခရီးသစ်ထွက်တော့တဲ့"
အဲဒီလို ပြောအပြီးမှာ
စွတ်ဖားလှည်းကလေးစီးကာ ထွက်သွားတော့တယ် ။
ငါဟာ
ပန်းသီး ချယ်ရီပန်း
ရွှေရောင်ကလောင်တံနဲ့
ငါ့အမှန်တရားဝတ်စုံကို ဝတ်ဆင်ကာ ။ ။
▪ မောင်ချောနွယ်
▪ ဆရာကြီး မောင်ချောနွယ်၏ မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟
25/04/2025
လွမ်းတေး
---------------
‘ကိပ်ဝင်းစလက်’ နဲ့ ဘဝချင်းမတူလို့
မင်း စိတ်မပျက်ပါနဲ့ ။
သူလည်း
မင်းလို
မမြဲခြင်းတရားနဲ့ ရှင်ရတယ်။
သူမြင်တဲ့လမင်းလည်း
မင်းမြင်တဲ့လမင်းလို
အဝိုင်းပဲ။
လေးထောင့် မဟုတ်ဘူး
တြိဂံလည်း မဟုတ်ဘူး။
ကမ္ဘာမြေပေါ်ပွင့်သမျှ
ဘယ်နှင်းဆီပွင့်မှ
မင်းလက်ပေါ်မှာထက်
သူ့လက်ပေါ်မှာ ပိုမမွှေးဘူး။
သူ့ရဲ့သားအိမ်လည်း တစ်ခုတည်း
မင်းရဲ့ သားအိမ်လည်း တစ်ခုတည်း
မျိုးဆက်ပြန့်ပွားရေးတာဝန်
ထမ်းဆောင်ချင်ထမ်းဆောင်
မမျိုးဥကို စွန့်ထုတ်ချင်စွန့်ထုတ်
အလုပ်နှစ်ခုကိုပဲ လုပ်တယ်။
ငှက်ပျောသီး စားချင်ရင်
မင်းလိုပဲ
သူလည်း အခွံနွှာပြီးမှ စားရတယ်။
သူ့ဆဲလ်တွေလည်း
မင်းဆဲလ်တွေလို
ဇရာကို တော်လှန်လို့ မရဘူး။
‘ဂိဇ္ဈကုဋ်တောင်’မှာမှ မဟုတ်ပါဘူး
"ဟောလိဝုဒ်” မှာလည်း ဒုက္ခဆိုတာ ရှိတယ်
“ကိပ်ဝင်းစလက်’ နဲ့ ဘဝချင်းမတူလို့
မင်း စိတ်မပျက်ပါနဲ့။ ။
▪မိုဃ်းဇော် ( ဖက်ရှင်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၁ )
▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင် ( Nay Naing) အား
လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon