Yangon Metropolitan Development Public Co.,Ltd.
YMD
လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် Yangon Metropolitan Development Public Co., Ltd ၏ ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) သို့ တက်ရောက်
===============================
ရန်ကုန် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်
ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်သည် ယနေ့၊ နေ့လည် (၃:၀၀) နာရီ တွင် အမှတ် ၅၅၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၌ ပြုလုပ်သော “Yangon Metropolitan Development Public Co., Ltd ၏ ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) သို့ တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးနှင့်အတူ Yangon Metropolitan Development Public Co., Ltd ဥက္ကဋ္ဌ ဒေါ်မေမေသွယ်၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးရှိန်ဝင်း၊ အတွင်းရေးမှူး ဦးဝင်းအောင်၊ ဒါရိုက်တာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးစိုးစိုးဇော် (ကိုယ်စား) ဦးအောင်ကျော်ခိုင်၊ ဦးမြင့်နိုင်၊ ဦးမျိုးမြင့်၊ ဦးသူရအောင်၊ ဦးအေးသီဟ၊ Executive Director ဦးသူရိန်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒါရိုက်တာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ သန်းသန်းသွယ်နှင့် ဦးမျိုးခိုင်ဦး၊ Win Thin & Associates မှ ဦးဝင်းသင်၊ ဦးမိုးကျော်နှင့် တာဝန်ရှိသူများမှ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကုမ္ပဏီ၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ကျင်းပနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဒါရိုက်တာ အဖွဲ့ဝင် နှုတ်ထွက်ခြင်းနှင့် ပြောင်းလဲ တာဝန်ပေးအပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲ စီမံကိန်း လုပ်ငန်းများ၏ တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါသည်။
26/12/2020
ကြို့ကုန်း အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း ပန္နတ်တင် မင်္ဂလာ ကျင်းပ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်
ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ညှိနှိုင်းပေါင်းစပ်မှုတို့ဖြင့် ကြို့ကုန်း အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းကို Yangon Metropolitan Development Public Co. Ltd က Government Agent အဖြစ် စီမံကိန်း Master Plan ရေးဆွဲ၍ တင်ဒါလုပ်ငန်းစဥ်များ ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ တင်ဒါခေါ်ယူခဲ့မှုအရ တင်ဒါအောင်မြင်သည့် Myanmar Thilawa SEZ Holding Public Co., Ltd ကုမ္ပဏီမှ ရင်းနှီးဖော်ဆောင်တော့မည့် "ကြို့ကုန်း ပြည်သူ့အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း" ပန္နတ်တင် မင်္ဂလာကို ယနေ့ နံနက် (၈) နာရီအချိန်က အဆိုပါ စီမံကိန်းတည်ရှိရာ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအိမ်ရာစခန်း၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ပန္နတ်တင် မင်္ဂလာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြို့ကုန်း ပြည်သူ့ အိမ်ရာနေ တိုက်ကိုယ်စားလှယ်များ၊ Yangon Metropolitan Development Public Co., Ltd ဥက္ကဋ္ဌ ဒေါ်မေမေသွယ်၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးရှိန်ဝင်း၊ ဒါရိုက်တာအဖွဲ့ဝင် ဦးမျိုးမြင့်၊ MTSH ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
ကြို့ကုန်း အိမ်ရာစခန်း ဧရိယာမှာ မူလက ၁၁.၂၆၃ ဧကသာ ကျယ်ဝန်းသော်လည်း အင်းစိန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ပြည့်စုံသည့် စီမံကိန်းအဖြစ် ဖော်ဆောင်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ရေစက်ဝင်းနှင့် သိုလှောင်ရုံမြေ ဧရိယာ ၆.၇၈ ဧကကို လွှဲပြောင်းပေးခဲ့သည့်အတွက် စုစုပေါင်း စီမံကိန်း ဧရိယာ ၁၈ ဧကခန့် ပေါ်တွင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ
ဖော်ဆောင်သွားမည် ဖြစ်ပါသည်။
စီမံကိန်း Master Plan အရ ယနေ့ ပန္နတ်တင် မင်္ဂလာကျင်းပခဲ့သည့် မြေနေရာတွင် မူလနေထိုင်သူ ပြည်သူများအား ပြန်လည် နေရာချထားပေးမည့် အိမ်ခန်း (၆၃) ခန်းပါ (၁၀) ထပ် လူနေအဆောက်အဦ တစ်လုံး၊ အိမ်ခန်း (၆၃) ခန်းပါ (၁၁) ထပ် လူနေအဆောက်အဦ တစ် လုံးနှင့် အိမ်ခန်း (၅၆) ခန်းပါ (၁၀) ထပ် လူနေအဆောက်အဦတစ်လုံးတို့ကို စီမံကိန်းပထမအဆင့်အဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ ခွင့်ပြုချက်နှင့် အခြားလိုအပ်သည့် ခွင့်ပြုမိန့်များ ရရှိသည့်နေ့မှ ၂ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပြည်တော်သစ် ပြည်သူ့အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း
ပိုမိုကောင်းမွန်သော လူနေမှုဘဝ၊
ဖွံ့ဖြိုးတိုးတက်သည့် လူမှုပတ်ဝန်းကျင်
25/12/2020
ပြည်တော်သစ် ပြည်သူ့အိမ်ရာ ဖွင့်ပွဲ ကျင်းပ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅ ရက်
ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ညှိနှိုင်းပေါင်းစပ်မှုတို့ဖြင့် Yangon Metropolitan Development Public Co. Ltd က Main Developer အဖြစ် ဆောင်ရွက်၍ M.K.T Construction Co., Ltd မှ တည်ဆောက်ပြီးစီးခဲ့သော ပြည်တော်သစ် ပြည်သူ့အိမ်ရာဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အဆိုပါ အဆောက်အဦတည်ရှိရာ ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းရှိ ပြည်တော်သစ် ပြည်သူ့အိမ်ရာ၌ ကျင်းပခဲ့ပါသည်။
အဆိုပါဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့ အိမ်ရာနေ တိုက်ကိုယ်စားလှယ်များ၊ Yangon Metropolitan Development Public Co., Ltd နှင့် M.K.T ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
ပြည်တော်သစ် ပြည်သူ့အငှားအိမ်ရာကို ၁၉၅၆ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာသည့်အတွက် နေထိုင်သူများ၏ တောင်းဆိုမှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ပေါင်းစပ် ညှိနှိုင်းမှုများအရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်းစပ်၍ ပြန်လည် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံခဲ့ပါသည်။
စီမံကိန်း Master Plan အရ စီမံကိန်းပထမအဆင့်တွင် မူလနေထိုင်သူ ပြည်သူများအား ပြန်လည် နေရာချထားပေးမည့် ၁၂ ထပ်ခွဲ လူနေအဆောက်အဦ တစ်လုံး တည်ဆောက်ရန်နှင့် စီမံကိန်း ဒုတိယအဆင့်တွင် အဆင့်မြင့် လူနေ အဆောက်အဦများ၊ ဈေးဝယ်စင်တာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦများကို ဆက်လက် ဖော်ဆောင်သွားရန် စီမံထားရှိပါသည်။
စီမံကိန်း ဒုတိယအဆင့် ဖော်ဆောင်သည်နှင့် တစ်ပြိုင်နက် ပုဇွန်တောင်ချောင်း၏ ရှုခင်းသဘာဝနှင့် ကမ်းနားအလှအပတို့ကို အကျိုးရှိထိရောက်စွာ အသုံးချ၍ အများပြည်သူအတွက် အနားယူ အပန်းဖြေနိုင်မည့် ဥယျာဉ်များပါဝင်လာမည့်အပြင် Yangon Water Bus နှင့် Yangon Bus Service တို့ကို ချိတ်ဆက်၍ အနာဂါတ် Transit Oriented Development အဖြစ် ပေါ်ထွန်းလာစေနိုင်ရန်လည်း ရည်မှန်းထားရှိပါသည်။
ယနေ့ ဖွင့်လှစ်လိုက်သည့် ပြည်တော်သစ် ပြည်သူ့အိမ်ရာ၊ ၁၂ ထပ်ခွဲ လူနေ အဆောက်အဦမှာ COVID-19 ကမ္ဘာ့ကပ် ရောဂါ ကူးစက် ပြန့်ပွားနေသည့် အခြေအနေများကြောင့် မူလက စီစဉ်ထားသည်ထက် သုံးလ နီးပါး နောက်ကျခဲ့ရသော်လည်း စတင်တည်ဆောက်ချိန်မှ တစ်နှစ်နှင့် ရှစ်လအကြာ (၃၁.၈.၂၀၂၀) နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့သဖြင့် မူလနေထိုင်သူ ပြည်သူများထံ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အိမ်ခန်းများ ပြန်လည် နေရာချထားခဲ့ပြီး ဖြစ်ပါသည်။
22/08/2020
ပြည်တော်သစ်ပြည်သူ့အိမ်ရာရှိ မူလနေထိုင်သူပြည်သူများထံ အိမ်ခန်းများပြန်လည် အပ်နှံခြင်း
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၂) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြည်တော်သစ်ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ Yangon Metropolitan Development Public Co., Ltd က Developer အဖြစ် တာဝန်ယူ ဆောင်ရွက်၍ M.K.T ကုမ္ပဏီမှ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ (၉၉) ရာခိုင်နှုန်းအထိ ပြီးစီးပြီ ဖြစ်သည့်အတွက် ပြန်လည် နေရာချထားရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဦးတင့်လွင်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ အိမ်ရာနေ တိုက်ကိုယ်စားလှယ်များ ၊ Yangon Metropolitan Development Public Co., Ltd နှင့် M.K.T ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် ပြန်လည်ဖွံ့ဖြိုးရေးဆောင်ရွက်ပြီးစီးသည့် အဆောက်အအုံ ဒုတိယထပ်တွင် ပြန်လည်နေရာချထားမည့် မူလနေထိုင်သူ ပြည်သူ (၁၇) ဦးထံ သက်ဆိုင်ရာအခန်းအလိုက် အိမ်ခန်းများ ပြန်လည်အပ်နှံခဲ့ပါသည်။
ဆက်လက်၍လည်း မူလနေပြည်သူများထံ တစ်ရက်လျှင် တစ်လွှာနှုန်းဖြင့် အိမ်ခန်းများ ဆက်တိုက် ပြန်လည်အပ်နှံသွားမည်ဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 55, Chindwin Road, Kamayut Township
Yangon
11041
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |