George English Language Class
George English Language Class is an Education center for all students who are interested in the English Language and general knowledge.
22/05/2023
Reading Habit by Ludu U Hla📖📑🔖
❝ စာဖတ်တဲ့ အလေ့အထ ❞
==================
လူထုဦးလှ
စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။
အချိန်ကုန်ခံပြီး စာဖတ်ရာမှာ အကျိုးရှိအောင် ဖတ်ကြမှဖြစ်မယ်။ တချို့က စာဖတ်တာ အင်မတန်နှေးတယ်။ ကောင်းကောင်းလဲ အဓိပ္ပာယ်မပေါ်ဘူး။ တချို့က မြန်တာကို အဓိကထားလွန်းလို့ ရေးထားတာ ဘာဆိုလိုတယ်ဆိုတာ မိမိရရ မသိဘူး။
စာဖတ်တာကို ဘယ်လောက် အကျိုးရှိရှိ ဖတ်နိုင်သလဲ ဆိုတဲ့ ပေတံနဲ့ တိုင်းရမယ်။ ဘယ်လောက်များများ ဖတ်သလဲ ဆိုတာကိုသာ ကြည့်လို့မဖြစ်ဘူး။ နောက်ပြီး ဘယ်လိုစာအုပ်မျိုး ဖတ်ဖို့ ဆိုတာလဲ စဉ်းစားဖို့ လိုပါတယ်။
ဘယ်စာအုပ်မျိုးကို အပြီးဖတ်သင့်သလဲ။ `နှစ်ခေါက်ဖတ်သင့်တဲ့ စာအုပ်မျိုးကို တခေါက်အပြီး ဖတ်ဖြစ်အောင် ဖတ်သင့်တယ်' ဆိုတဲ့စကားဟာ မှန်တယ်လို့ ယူဆပါတယ်။
အကျိုးရှိရှိ စာဖတ်နိုင်ဖို့အတွက် အချက်လေးချက် သတိပြုရပါမယ်။
၁။ စာအုပ်များ ရွေးချယ်ဖို့၊
၂။ ဖတ်တာကို ကောင်းကောင်း နားလည်ဖို့၊
၃။ မှတ်စုယူဖို့၊
၄။ ပိုပြီး မြန်မြန်ဖတ်လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ စာအုပ်များ ရွေးချယ်ဖို့။
စာအုပ်များ ကောင်းကောင်း ရွေးတတ်တာနဲ့အတူ၊ ဂရုစိုက် ဖတ်တာနဲ့အမျှ စိတ်ဝင်စားမှု တိုးတက် ကျယ်ဝန်းလာပါမယ်။ ဉာဏ်များ ပိုမိုဖွံ့ဖြိုးလာပြီး ပညာဆည်းပူးတဲ့ ဘက်မှာပါ အများကြီး တိုးတက်လာနိုင်ပါတယ်။ ဒါကြောင့် ဖတ်သင့်ဖတ်ထိုက်တယ်လို့ ထင်မြင်ယူဆတဲ့ စာအုပ်အကြောင်း အသေးစိတ် သိသမျှ မှတ်စုစာအုပ်ထဲမှာ ရေးထားပါ။
သူငယ်ချင်း မိတ်ဆွေများက ပြောပြလို့ စာအုပ်နာမည်ကို သိရတာ ဖြစ်ချင်ဖြစ်မယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေထဲမှာ ဝေဖန်ထားတာတွေ့လို့ ဖြစ်ချင်လဲဖြစ်မယ်။ ဘာ့ကြောင့် ဒီစာအုပ်ကို ဖတ်သင့်တယ်လို့ ယူဆတဲ့ စာအုပ်များစာရင်းမှာ ထပ်ထည့်ရတယ် ဆိုတဲ့ မှတ်ချက်ကလေးလည်း ပါရမယ်ပေါ့။
ဒီစာအုပ်စာရင်းမှာ စာအုပ်နာမည်တွေဟာ ကိုယ်တကယ် ဖတ်နိုင်တာထက် ပိုမိုများလာမှာပဲ။ အဲဒီစာရင်းကို မကြာမကြာ ပြန်ပြန်ကြည့်ပါ။ အဲဒီလို ပြန်ကြည့်တဲ့အခါ ကိုယ် သိပ်စိတ်မဝင်စားတော့တဲ့ စာအုပ်နာမည်များကို ကြက်ခြေခတ်ပစ်ပါ။ ဒီနည်းနဲ့ ဖတ်သင့်တယ်လို့ ရွေးထားတဲ့ စာရင်းဟာ အမြဲရှိနေ သစ်နေပါလိမ့်မယ်။ အသက်လဲ ဝင်နေမယ်။
စာကြည့်တိုက်တွေဟာ အသုံးကျပါတယ်။ အားကိုးရပါတယ်။ ဒါပေမဲ့ စာအုပ်ကောင်းများကို ကိုယ်ပိုင်ရှိနိုင်ရင် ပိုကောင်းတယ်။ ပြန်ဖတ်လို့လဲ ရတယ်။ ထုတ်နှုတ်သုံးစရာ ရှိရင်လဲ လွယ်တယ်။ တလမှာ ကိုယ်တိုင်လုပ်ထားတဲ့ စာအုပ်စာရင်းထဲက အထူး ဂရုတစိုက်ရွေးပြီး အနည်းဆုံး စာတအုပ်တော့ ဝယ်ပါ။ စာအုပ်အသစ် တအုပ်ဝယ်တိုင်း နောက်ဆုံးဝယ်တဲ့ စာအုပ်နဲ့ ဆက်စပ်မှုကို မှတ်သားထားပါ။ အဲဒီလို မှတ်ထားရင် ဆက်စပ်မှုရှိတဲ့ စာအုပ်တွေ အများကြီးစုထားတဲ့ စာကြည့်တိုက်ကလေးလို ဖြစ်လာနိုင်ပါတယ်။ တချို့စာအုပ်တွေဟာ တော်တော်ပဲ ဈေးကြီးတယ်။ ဒါပေမဲ့ သိပ်ဈေးမကြီးတဲ့ စာအုပ်ကောင်းများလဲ ရှိတန်သလောက် ရှိပါတယ်။
တကယ်ကတော့ ကိုယ့်စာအုပ်စာရင်းနဲ့ ကိုယ့်အိတ်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိသလဲ ဆိုတာ ဆက်နေတာပဲ။ စာရင်းထဲက တချို့ စာအုပ်နာမည်တွေဟာ အပန်းဖြေချိန်မှာ ပေါ့ပေါ့ပါးပါး ဖတ်စရာ ဝတ္ထုများ ဖြစ်ချင်ဖြစ်မယ်။ တချို့စာအုပ်တွေကတော့ ကိုယ်ဝါသနာပါတာတွေနဲ့ ဆက်စပ်တာ ဖြစ်ချင်ဖြစ်မယ်။ အများစုကတော့ ကိုယ်ပညာရရှိရေး၊ တိုးတက်ရေးအတွက် အထောက်အကူပြုတဲ့ စာအုပ်တွေရဲ့ နာမည်တွေ ဖြစ်ရမှာပဲ။
စာအုပ်စာရင်း ရှိထားတဲ့အတွက် အကျိုးရှိရှိ ဖတ်နိုင်မဲ့ စာအုပ်ကို ရွေးလို့ လွယ်တယ်။ အဖုံးလှလို့ သဘောကျပြီး ရွေးထားမိတဲ့ စာအုပ်မျိုးကိုလဲ တကယ်ဝယ်မဲ့အခါ ဖယ်ပစ်နိုင်တယ်။
၂။ ဖတ်တာကို ကောင်းကောင်း သဘောပေါက် နားလည်ဖို့။
ဘယ့်နှယ် နားမလည် သဘောမပေါက်ရမှာလဲ။ စာတတ်တဲ့လူ ဖတ်တာ နားလည်တာပေါ့လို့ ပြောကြမှာပဲ။ တကယ့်တကယ်တော့ အများစုဟာ ထင်သလောက် မဟုတ်ဘူး။ အဲဒီအခက်အခဲနဲ့ ပတ်သက်ပြီး အကြောင်း ၄-ခု ရှိတယ်။
(က) ဝေါဟာရတွေ အသိနည်းတာက အကြောင်းတကြောင်းပဲ။ တချို့စာအုပ်တွေမှာ ရှေးဟောင်း အသုံးအနှုန်းတွေ တော်တော်များများ ပါတယ်။ အဲဒီစကားလုံးတွေကို ဒီကနေ့ မသုံးကြ မပြောကြတော့ဘူး။ ဒါ့ကြောင့် မသိကြဘူး။ ဒီကနေ့ ပြောကြဆိုကြတဲ့ စကားလုံးအသစ်တွေကို မသိတာတွေလည်း ရှိတာပဲ။
အင်္ဂလိပ်၊ မြန်မာစာ၊ ဘယ်ဘာသာနဲ့ ရေးထားတာဖြစ်ဖြစ် ကိုယ်ဖတ်ဖို့ ရွေးထားတဲ့ စာအုပ်ထဲက မသိတဲ့ စာလုံးတွေကို ရေးချပြီး အဘိဓာန်နဲ့ အဓိပ္ပာယ် ရှာလို့ရတာရှာ၊ ပညာဗဟုသုတ ရှိသူကို မေးမှဖြစ်မှာကို မေးပြီး ရေးသားမှတ်ယူထားရပါမယ်။
အဲဒီလို ကိုယ့်အတွက် အသစ်တိုးလာတဲ့ စကားလုံးကို သူ့နေရာနဲ့သူ အသုံးတည့်တဲ့အခါ ရေးရာမှာလဲ အသုံးပြုပါ။ ဟောရာပြောရာမှာ အံဝင်ရင်လဲ အသုံးပြုပါ။ ဒီလိုနဲ့ ကိုယ်ရေးသားရာ၊ ဟောပြောရာမှာ စကားလုံးတွေ ပိုကြွယ်လာပြီး နိုင်နိုင်နင်းနင်း ရှိတာနဲ့အမျှ ပိုပြည့်စုံလာ နိုင်ပါတယ်။ စာအုပ်တွေ မဂ္ဂဇင်းတွေထဲမှာ ဒီလို အသစ်အသစ်တွေ တွေ့နေမှာပဲ။
(ခ) တွေးတောကြံဆမှု အင်အားနည်းရင်လဲ ဖတ်တာကို ကောင်းကောင်း သဘောမပေါက် နားမလည်ဘူး။ စာရေးဆရာ ဘာဆိုလိုတယ် ဆိုတာကို သိဖို့ လိုပါတယ်။ တွေးတောကြံဆမှု အင်အား တိုးတက်ဖို့ ဆိုတာ လေ့ကျင့်ပေးမှ ရနိုင်ပါတယ်။
အရင်ဆုံး ကိုယ့်ဖာသာကိုယ် အကျိုးအကြောင်း ဆက်စပ်တွေးတော ကြံဆကြည့်ပါ။ ဘယ်ကိစ္စ ဘယ်အလုပိမျိုး မဆို ကိုယ့်ရှေ့ရောက်လာသမျှကို မေးခွန်းထုတ်ပါ။ ဟိုကိစ္စ ဒီကိစ္စများကို ဝေဖန်တဲ့ အလေ့အကျင့် လုပ်ပါ။ သာမန် သတင်းစာ ဆောင်းပါးကလေး တပုဒ်ကိုတောင် ရာထူးကြီး ခန့်ထားဖို့ စာမေးပွဲ ဖြေထားသူတယောက်ရဲ့ အဖြေလွှာကို အမှတ်ပေးဖို့ စစ်ဆေးကြည့်သလို အထူးဂရုစိုက် စစ်ဆေးပါ။
တချို့စာအုပ်တွေကို ဝေဖန်ရတာ လွယ်တယ်။ သိလွယ်၊ သဘောပေါက်လွယ်တာကိုး။ ကောင်းတဲ့အချက်လဲ မြင်လွယ်တယ်။ မကောင်းတဲ့အချက်လဲ တွေ့နိုင်တယ်။ နက်နက်နဲနဲ ရေးထားတဲ့ စာအုပ်များကိုတော့ တော်တော် ပညာခံမြင့်သူများမှ ပြည့်ပြည့်စုံစုံ အဆင့်အတန်းမီမီ ဝေဖန်နိုင်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားတဲ့အတွက် တိုးတက်မှု ရှိမှာတော့ မုချပဲ။ ကိုယ်လုပ်တဲ့ အလုပ်ကိုလည်း ကိုယ်တိုင်လေးစားမှု ရှိနေမှာပေါ့။ ဒါ့ကြောင့် ဝေဖန်တဲ့ မျက်စိနဲ့ အမြဲ သတိရှိရှိ ဖတ်ရပါမယ်။
(ဂ) စာအုပ်တအုပ်ကို ဖတ်ရတဲ့အခါ ကိုယ့်မှာ ဆိုင်ရာအကြောင်းအရာနဲ့ ပတ်သက်ပြီး အခြေခံရှိထားရင် ပိုကောင်းတယ်။ စာအုပ်တွေ အမျိုးမျိုးရှိတယ်။ ဥပမာ- ဥယျာဉ် စိုက်ပျိုးတဲ့ စာအုပ်မျိုး ဆိုပါတော့။ တချို့စာအုပ်ကတော့ စလုပ်ဖို့ စီစဉ်နေတဲ့သုဖို့ ရည်ရွယ်တယ်။ တချို့စာအုပ်ကတော့ အတွေ့အကြုံ ရှိပြီး အများကြီး ကျွမ်းကျင်နေသူများအတွက် ရည်ရွယ်တယ်။ ရေဒီယိုပြင်တဲ့ စာအုပ်၊ တပ်ဆင်တဲ့ စာအုပ်တွေဟာလဲ ဒီလိုပဲ အမျိုးမျိုး အစားစား ရှိပါတယ်။
ဒါ့ကြောင့် ကိုယ့်မှာရှိနေတဲ့ အဆင့်နဲ့ ကိုက်မယ့် စာအုပ်မျိုးကို ရွေးတတ်ဖို့ လိုပါတယ်။ ကိုယ့်မှာ အသိပညာ တိုးလာပြီး အတွေ့အကြုံ များလာတဲ့အခါတော့ ပိုမြင့်တဲ့ အကြောင်းအရာတွေ ရေးထားတဲ့ စာအုပ်များကို ဖတ်ချင်လာမှာပဲ။ ဖတ်လို့လဲ ကောင်းကောင်း သဘောပေါက် နားလည်ကြမှာပဲ။
(ဃ) ရာဖ်ဝေါ်ဒါ အီမာဆင် (Ralf Walder Emerson) ဆိုတဲ့ ပုဂ္ဂိုလ်က `ကိုယ့်မှာ ပြင်စရာရှိတာ ပြင်ဖို့ စာအုပ်ကို ဖတ်ပါ။ သိဖို့ မဖတ်ပါနဲ့' လို့ ဆိုပါတယ်။ အားနက်(စ်)ဝုဒ်(စ်) (Emest Woods) ကတော့ `ပထမ စဉ်းစားပါ။ နောက်မှ ဖတ်ပါ' တဲ့။
ဥပမာအားဖြင့် အကြောင်းအရာသစ် တခုကို လေ့လာချင်တယ် ဆိုပါတော့။ ရှေးဦးဆုံး သိနှင့်ပြီးတာ၊ သိတယ်လို့ ယုံကြည်တာ၊ ဒီအကြောင်းအရာရဲ့ သဘောဟာ ဒီလိုဖြစ်လိမ့်မယ်လို့ ယူဆတာများကို အချိန် တော်တော်သင့်သင့် ပေးပြီး စဉ်းစားပါ။ ပြီးတော့မှ စာအုပ်ကို ဖတ်ပါ။ အဲဒီလို လုပ်တာဟာ ရိုးရိုး ကောက်ဖတ်လိုက်တာထက် အများကြီး စိတ်ဝင်စားစရာ ဖြစ်တယ်။ အကျိုးရှိတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။
နှုတ်ခမ်းကိုလှုပ်ပြီး စာဖတ်တဲ့ အလေ့အထဟာ စာဖတ်နှေးစေတဲ့ အကြောင်းတခုပဲ။ ဒါ့ကြောင့် နှုတ်ခမ်းမလှုပ်ဘဲ စာဖတ်တဲ့ အလေ့ကို တမင်ကျင့်ဖို့ လိုပါတယ်။ဒီအမှားကို မပြင်ရင် စာဖတ်ရာမှာလဲ မတွင်ဘုး။ စကားပြောဖို့ တွေးခေါ် စဉ်းစားရာမှာရော ပြောရာမှာရော နှေးနေပါလိမ့်မယ်။
ဖတ်ပြီးတဲ့ အကြောင်းအရာကို ပြန်ဖတ်တဲ့ အကျင့်လဲ မကောင်းဘူး။ ရှောင်ရမယ်။ စာကြောင်းအသစ်ကို ဖတ်တဲ့အခါ ကောင်းကောင်း မမြင်ရဘူးဆိုရင် မျက်စိကုဆရာဝန်ကို ပြပါ။
ကိုယ်အနေအထား မမှန်လို့လည်း စာဖတ်မမြန်ဘဲ နှေးနေတတ်တယ်။ ဒါ့ကြောင့် မတ်မတ်ထိုင်ပြီး စာအုပ်ကို မျက်စိနဲ့ ထောင့်မှန်မှာထားပြီး ကိုင်ဖတ်ကြည့်ပါ။ အိပ်ရာထဲ လှဲဖတ်နေတာထက် တွင်တာ တွေ့ပါလိမ့်မယ်။
ဘယ်စာအုပ်ကိုမဆို အမြန်ဖတ်ရမှာချည်းပဲလို့ အသေမှတ်ထားလို့တော့ မဖြစ်ဘူး။ ခပ်ပေါ့ပေါ့ ရေးထားတဲ့ ဝတ္ထုများကို ကျောင်းသုံးစာအုပ်များ၊ ကျမ်းဂန်များ၊ ရာဇဝင်စာအုပ်များထက် အမြန်ဖတ်လို့ ရပါတယ်။ ဒါ့ကြောင့် စာဖတ်ရာမှာ မြန်တာ သုံးလေးဆင့် ထားဖို့ လိုပါတယ်။ ဘယ်စာအုပ်မျိုးကို ဘယ်လောက် မြန်မြန်ဖတ်ရမယ် ဆိုတာလဲ သိသာလာပါလိမ့်မယ်။
ရှိရမဲ့ ရည်ရွယ်ချက်ကတော့ အဆင့်တိုင်းမှာ တစတစပိုပြီး မြန်မြန်ဖတ်လာနိုင်ဖို့ ဖြစ်ရမှာပဲ။ အပြေးအလွှား အမြန်ဆုံးဖတ်နိုင်ဖို့ ဆိုတဲ့ သဘောမျိုးတော့ မဖြစ်ရဘူး။ စာမျက်နှာ ၂၄၀-လောက် ရှိတဲ့ အပျော်ဖတ် ဝတ္ထုစာအုပ်တအုပ်ကို ၃-နာရီ ၄-နာရီလောက်နဲ့ ဖတ်လို့ ပြီးသင့်တယ်။ ဒီစာမျက်နှာလောက်ပဲ ရှိတဲ့ စိတ်ပညာကျောင်းသုံး စာအုပ်တအုပ်ကိုတော့ သူ့အခန်းနဲ့သူ အချိန် ၁၀-နာရီကနေ ၁၂-နာရီလောက် ဖြန့်ဖတ်ဖို့ လိုမယ်။ အဲဒီလို ဂရုတစိုက် ဖတ်ပြီးတဲ့နောက် ဘယ်အခန်းက ဘယ်လိုပါတယ် ဆိုတာ ကျကျနန ပြောပြ ရေးပြနိုင်ရမယ်ပေါ့။
စာကောင်းကောင်း ဖတ်တတ်သူဟာ သာမန်ရိုးရိုး ဖတ်သူထက် မြန်လဲမြန်တယ်။ ပိုလဲ မှတ်မိတယ်။ ဒါ့ကြောင့် ရည်မှန်းချက်က ပိုပြီးမြန်မြန် ဖတ်နိုင်အောင်လဲ ကြိုးစားဖို့။ ဒါပေမဲ့ ဘာဖတ်နေတယ် ဆိုတာ မျက်ခြေပြတ် သွားတဲ့အထိ မြန်မြန်ကြီး မဖတ်ဖို့ ဖြစ်ရပါလိမ့်မယ်။
စာဖတ်တဲ့ ရည်ရွယ်ချက်ဟာ တစုံတခု မှတ်သားဖို့ ပညာရှာဖို့၊ ဒါမှမဟုတ် ပျော်ရွှင်ဖို့ပဲ။ ဒါ့ကြောင့် ကိုယ်နားလည်နေတာထက် ပိုမြန်ဖို့တော့ မလိုဘူး။ နှေးချင် နှေးပေစေဦးပေါ့။ ဘာမှနားမလည်ဘဲ မြန်နေလို့တော့ အလကားပဲ။ တချို့စာအုပ်တွေမှာ ရေးထားတာ တယ်မရှင်းဘူး။ ဘာဆိုလိုတယ် ဆိုတာ တော်တော်ကြာကြာ စဉ်းစားယူမှ အရိပ်အမြွက်လောက် ပေါ်တယ်။ အဲဒီလိုအကြောင်းမျိုးကြောင့်လဲ စာဖတ်နှေးရတာ ရှိပါတယ်။
စာအုပ်ကောင်းတွေ ထဲမှာ ပညာရှင်များရဲ့ အဖိုးတန် တွေးခေါ် မျှော်မြင်ချက်တွေ၊ အတွေ့အကြုံတွေကို လွယ်လွယ်နဲ့ တွေ့နိုင်ကြပါတယ်။ စာအုပ်ကောင်းများကို ဖတ်ရတာဟာ ပညာရှိကြီးများနဲ့ တွေ့ဆုံ စကားပြောရသလို အကျိုးများတာကြောင် အဲဒီစာအုပ်တွေကို ကျွန်တော်တို့ တလေးတစား ဖတ်သင့်ကြပါတယ်။ ကိုယ့်စိတ်ထဲမှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေအတွက် အဖြေများကိုလဲ အဲဒီလို စာအုပ်ကောင်းတွေ ထဲမှာ တွေ့နိုင်တယ်။ မှန်တယ်လို့ ကိုယ်ယူဆထားတာဟာ မှားနေတာ တွေ့ရလို့လဲ ပြင်နိုင်တယ်။
၃။ မှတ်စုယူဖို့။
ကိုယ်ပိုင်စာအုပ် ရှိထားတဲ့အတွက် တပန်းသာတာကတော့ စာအုပ်ထဲမှာ ကိုယ်နှစ်သက်တဲ့ အသုံးဝင်မဲ့ စာကြောင်းတွေ အပိုဒ်တွေကို ခဲတံ အနီအပြာနဲ့ ဘေးကလဲ တား၊ စာကြောင်းတွေ အောက်ကလဲ တားနိုင်တာပဲ။ သူများဆီက ငှားဖတ်တဲ့ စာအုပ်၊ စာကြည့်တိုက်က ငှားတဲ့စာအုပ် ဆိုရင်တော့ ဒီလို ပိုင်စိုးပိုင်နင်း လုပ်လို့ မတော်ဘူး၊ ရိုင်းတယ်။
ကိုယ်မှတ်သားထားတဲ့ စာမျက်နှာများ စာရင်းကို စာအုပ်ရှေ့ပိုင်း စာမျက်နှာလွတ်မှာ တေးမှတ်ထားရင် လိုတဲ့အခါ ရှာဖို့ ပိုလွယ်ကူပါတယ်။
စာအုပ်ထဲမှာ မှတ်သားတဲ့ အတတ်ဟာ လုပ်ရင်းလုပ်ရင်းနဲ့ ပိုကျွမ်းကျင်တာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အရေးကြီးတဲ့ အချက်တွေကို လွယ်လွယ်နဲ့ တွေ့နိုင် သိနိုင်အောင် ထုတ်ယူတာပဲ။
စာတပိုဒ်မှာ ပထမဝါကျဟာ အရေးကြီးတဲ့ အချက်အလက်ကို လေးလေးနက်နက် ရေးထားတာ မကြာမကြာ တွေ့ကြရတယ်။ တခြား ဝါကျတွေကတော့ အဲဒီအချက်ကို ပိုရှင်းအောင် တင်ပြတာတွေပဲ။ တခါတလေတော့လဲ နောက်ဆုံးဝါကျမှာ ဆိုလိုတဲ့ အဓိက အချက်ကို တွေ့ကြတယ်။
စာရေးဆရာရဲ့ အာဘော် အရေးကြီးတဲ့ အချက်အလက်တွေကို စာသား၊ စာမျက်နှာ ဘေးက ကွက်လပ် `မာဂျင်' မှာ နံပတ်ထိုး မှတ်ထားရင် အကျိုးရှိပါတယ်။ စာရေးဆရာ ကိုယ်တိုင်က ပထမအချက်၊ ဒုတိယအချက် စသည်ဖြင့် ဖော်ပြပြီး ရေးထားရင်တော့ အဲဒါတွေ ပေါ်လွင်အောင် မျဉ်းသားထားလိုက်ပေါ့။
စာအုပ်ထဲမှာ ဒီလို မျဉ်းသားတာတို့ ကတော့ စာအုပ်ထဲမှာ ရှိတဲ့ အဖိုးတန် ကျောက်သံပတ္တမြား၊ စာအုပ်နှလုံးသားဟာ ဘာဆိုတာ ဖော်ထုတ်တဲ့ သဘောပဲ။ ဒီလို ကြိုးစားမှတ်သားနိုင်ဖို့ ဆိုတာ ဖတ်ရာမှာ ပိုပြီး ဂရုစိုက်ရ၊ ပိုပြီး စိတ်စူးစိုက်ရတာကြောင့် ပိုပြီး နားလည်တဲ့အကျိုး ရရှိပါတယ်။
ကိုယ်ဖတ်တဲ့ စာအုပ်များနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို မှတ်စုစာအုပ်တအုပ်ထဲမှာ ရေးတဲ့ အလေ့အကျင့် လုပ်ပါ။ အထူးနှစ်သက်တဲ့ စာကြောင်းများကို ကူးယူပါ။ ပြီးတော့ ကိုယ့်ထင်မြင်ချက်များ အယူအဆများ ဝေဖန်ချက်များကိုပါ ရေးပါ။ ဒီလေ့ကျင့်ခန်းဟာ ပညာလဲတိုးစေတယ်။ စာဖတ်တဲ့အခါလဲ ပိုပြီး စူးစိုက်နိုင်တယ်။ မှတ်စုများကတော့ နောင်တော့ အသုံးကျမယ်။ ဒီစာအုပ်ကို ပြန်ဖတ်ချင်လို့ ဖတ်တဲ့အခါမှာလဲ ဒီမှတ်စုတွေက အများကြီး အထောက်အကူပြုလိမ့်မယ်။
စာအုပ်များနဲ့ ပတ်သက်ပြီး မှတ်စုကောင်းကောင်း ဖြစ်အောင် ရေးတာဟာ ပညာရပ် တမျိုးပဲလို့ ဆိုရလိမ့်မယ်။ ဒီစာအုပ်ထဲက ဘယ်အဆီအနှစ်တွေဟာ ကိုယ့်အတွက် ကိုယ့်အတွက် အသုံးကျမလဲဆိုတာ မှတ်ထားတာတွေ ဖြစ်လို့ စာအုပ်ကို ဖတ်ခဲ့တာ တော်တော်ကြီးကြာပေမဲ့ လိုတဲ့အခါ ကောက်ကာငင်ကာ အသုံးချနိုင်ပါတယ်။ အပျော်ဖတ်တဲ့စာအုပ် ဆိုရင်လဲ ဘယ်လိုဖတ်လို့ ကောင်းတယ်၊ ဘယ်အပိုင်းကို အကြိုက်ဆုံး ဆိုတဲ့ ကိုယ့်ထင်မြင်ချက်တွေ ရေးထားရပါမယ်။
ဒါပေမဲ့ စာမေးပွဲအတွက် လေးလေးနက်နက် ဖတ်ရမဲ့စာအုပ် ဆိုရင်တော့ ဒီနည်းဒီပုံဖတ်ရုံ မှတ်ရုံနဲ့ မရဘူး။ အကောင်းဆုံးကတော့ စာပိုဒ်တိုင်းကို အကျဉ်းချုပ် ရေးတာပဲ။ ပေါင်းလိုက်တော့ စာအုပ်တအုပ်လုံးရဲ့ အတိုချုပ်တအုပ် ဖြစ်တာပေါ့။
ဒီလို ကြိုးစားပြင်ဆင်ရင် အများကြီး မှတ်မိနိုင်တယ်။ စာမေးပွဲနီးတော့ ကိုယ့်မှတ်စုတွေကို ပြန်ဖတ်ပေါ့။ ဒီလိုဖတ်ရင်း အရေးကြီးတဲ့ အချက်အလက်များနဲ့ ပတ်သက်တဲ့နေရာ၊ ခက်တဲ့နေရာတွေမှာ မူရင်းစာအုပ်ကိုလှန်ပြီး မှတ်စုနဲ့အတူ င်္တဲကြည့်ရင် အထူးအကျိုးများတာ တွေ့ရပါလိမ့်မယ်။
၄။ ပိုပြီး မြန်မြန်ဖတ်လာနိုင်ဖို့။
စာဖတ်သူ အများစုဟာ စာမြန်မြန် ဖတ်နိုင်ချင်ကြတယ်။ စားဝတ်နေရေးအတွက် လုပ်စရာကိုင်စရာတွေက များ၊ ဖတ်စရာစာအုပ်တွေ ဖတ်ဖို့လိုတဲ့ စာအုပ်တွေက ပိုပိုများလာတာကြောင့် ဒီဆန္ဒဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ ပြန်ပြီး မမှတ်မိရင်တော့လဲ ဘာမှ တန်ဖိုးမရှိဘူး။ အမေရိကန်မှာ စမ်းသပ်လို့ တွေ့ရှိတာကတော့ စာမြန်မြန်ဖတ်နိုင်ဖို့အတွက် စကားလုံးတွေ ပိုတိုးအောင် ပိုနားလည်အောင် လုပ်ရမယ်လို့ ဆိုပါတယ်။
မြန်ဖို့သက်သက်သာ အားထုတ်ရင်တော ဖတ်တာကို နားလည်ဖို့ဘက်မှာ ထိခိုက်မှာပဲ။ မှတ်ဉာဏ်လဲ လိုက်မမှတ်နိုင်ပေဘူး။ မှတ်ဖို့သားဖို့ အထိလည်း အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။
တချို့စာဖတ်တာ အင်မတန်မြန်တယ်။ တွန်းဖတ်တာပဲ။ အဲဒီလို စာတွေအများကြီး မြန်မြန်ဖတ်သူတွေဟာ ပြန်နှေးလိုက်ဖို့ ကောင်းတယ်။ စာမရွေးဘဲ ဘယ်စာမျိုးကိုမဆို တွန်းပြီး အမြန်ဖတ်သုများဟာ စဉ်းစားတဲ့ ခွန်အား၊ အဆုံးအဖြတ်ပေးတဲ့ ဉာဏ်အားကို ဖျက်ဆီးပစ်သလို ဖြစ်နေပါတယ်။
ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် နားလည် သဘောပေါက်တာကို မထိခိုက်တဲ့ မြန်သင့်သလောက် မြန်တာမျိုးတော့ ရဖို့ ကြိုးစားရပါမယ်။ ဝေါဟာရတွေ ပိုသိဖို့၊ နားလည်သဘောပေါက်မှု မြန်ဖို့ အားထုတ်တဲ့အပြင် လေ့ကျင့်ခန်း နည်းနည်းလုပ်ဖို့ လိုပါမယ်။
စာတပိုဒ်ကို ခပ်မြန်မြန်ဖတ်ဖို့ ကြိုးစားကြည့်ပါ။ ပိုမြန်ကြည့်ပါ။ ဖတ်သွားတဲ့ စာကြောင်းများမှာ ပါတဲ့ ဆိုလိုရင်းကို ကောင်းကောင်း သဘောမပေါက်ဘူး ဆိုရင် ပြန်နှေးလိုက်ပါ။
စာတလုံးစီ တလုံးစီ ခွဲမဖတ်ပါနဲ့။ စကားစု တခုလုံးကို ဖတ်နိုင်အောင် ကြိုးစားပါ။ အဲဒီလို လေ့ကျင့်ရင် ဒီစာကြောင်းရှေ့မှာ ဘာစကားလုံးများ ရှိတယ် ဆိုတာ မျက်စိက လှမ်းမြင်နိုင်ပါလိမ့်မယ်။
အရွယ်ရောက်သူ တယောက်ဟာ တမိနှစ်မှာ စာလုံး ၂၀၀-က ၂၅၀-လောက်အထိ မြန်မြန်ဖတ်နိုင်ပါတယ်။ ၇၀-ရာခိုင်နှုန်းလောက်လဲ နားလည်တယ်။ ကြိုးစားလေ့ကျင့်ရင် ၅၀၀-က ၈၀၀-အထိ မြန်ဖို့ မခဲယဉ်းဘူး။ ၉၀-ရာခိုင်နှုန်းလောက် အထိလဲ နားလည်နိုင်ပါတယ်။ စာဖတ်ရာမှာ မြန်လဲမြန် မှတ်လဲ မှတ်မိဖို့ ရှေ့ရှုအားထုတ် လေ့ကျင့်ရမှာပဲ။
ရှေ့ဦးဆုံးတော့ စာဖတ်တဲ့ အလေ့အထ စွဲစွဲမြဲမြဲ ရှိလာအောင် လုပ်ဖို့ပဲ။ စာဖတ်တာဟာ ထမင်းစားတာလိုပဲ ကိုယ့်အတွက် အရေးကြီးတယ်လို့ သဘောပေါက်ရမယ်ပေါ့။ ။
-လူထု ဦးလှ
01/02/2023
အရောင်များနှင့် စကားစမြည် ၉🎡🟡🟢🔴
Yellow ဆိုတဲ့ အဝါရောင် အကြောင်း တော်တော်များများ သိသွားကြပြီ ထင်ပါတယ်။
ဒီနေ့တော့ 'blue' အပြာရောင် နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အသုံးအနှုန်းလေးတွေ ထပ်ပြီးလေ့လာကြရအောင်ပါ။ ၁၉၄၈ လွတ်လပ်ရေး ရယူစဥ်ကနေ ၂၀၁၀ အထိ မြန်မာနိုင်ငံရဲ့ အလံတော်မှာပါတဲ့ အပြာရောင်ဟာ ငြိမ်းချမ်းခြင်း၊ တည်ကြည်ခြင်း ဟူသော အဓိပ္ပါယ်ကို ဆောင်တယ်လို့ မြန်မာ့စွယ်စုံကျမ်း မှာဖော်ပြထားပါတယ်။
အင်္ဂလိပ်ဝေါဟာရမှာလည်း အပြာရောင်ကို အဆင့်အတန်းမြင့်တဲ့ သဘော၊ ကောင်းကင်နဲ့ ဆက်နွယ်တဲ့ သဘာဝ အဖြစ် မှတ်ယူခဲ့ကြပါတယ်။
အင်္ဂလိပ် နန်းတွင်းမျိုးဆက်တွေရဲ့ သွေးဟာ သာမန် အရပ်သားသွေးနဲ့ မတူ တမူထူးခြားနေ သလိုမျိုး 'blue blood' ဆိုပြီး ပြောလေ့ရှိကြပါတယ်။
E.g. "Prince Harry, a blue blood, dared to marry Meghan Markle a commoner." (တော်ဝင်မင်းသား ဟယ်ရီက သာမန်အရပ်သူ မီဂန်ကို ဝံ့ဝံ့စားစား လက်ထပ်ခဲ့တယ်။)💖😍
'blue-eyed boy' ဆိုတာကတော့ အကြီးအကဲ တယောက်ယောက်ရဲ့ မျက်နှာသာပေး ခံရတဲ့ လူကိုပြောတာပါ။ 'the apple of one's eye' နဲ့ ဆင်တူပါတယ်။
E.g. "The young clerk will soon be promoted. He's the manager's blue-eyed boy. (ဝန်ထမ်းအသစ်လေး သိပ်မကြာခင် ရာထူးတက်တော့မယ်။ သူက မန်နေဂျာရဲ့ လက်ကသုံးတောင်ဝှေးပဲ။)☺😎
'bluestocking' လို့ပြောရင်တော့ ပညာတတ်၊ ဥာဏ်ပညာရှိ၊ ဗဟုသုတ ကြွယ်ဝတဲ့ အမျိုးသမီးကို ဆိုလိုတာပါ။
E.g. "Wecan expect many bluestockings coming out of George English Language Class. ( ပညာတတ် အတွေအခေါ်ကောင်းတဲ့ အမျိုးကောင်းသမီးတွေ ဂျော့ချ် အင်္ဂလိပ်စာ သင်တန်းကနေ ပိုမို ထွန်းပေါက်လာကြမယ်လို့ မျှော်လင့်ရတာပဲ။)🤩🥰
Let's call it a day. ဒီနေ့တော့ ဒီလောက်ပါပဲ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဤစာစုဖြင့် လေးစားစွာ ဂါရဝ ပြုပါတယ်။🙏🙏🙏
ကျွန်တော့် မိတ်ဆွေများ အနေနဲ့ အဆင်ပြေမယ်ဆိုရင် တခြားသူတွေ အင်္ဂလိပ်စာ ဗဟုသုတ တိုးပွားစေဖို့ post ကို လွတ်လပ်စွာ share ပြီး ပညာဒါန ပြုနိုင်ပါတယ် ခင်ဗျား။
Ref: Longman Dictionary of Contemporary English, Oxford Advanced Learner's Dictionary, Book of Common Phrases by Webster's Reference Library, Tet Toe's English idioms, "ဖြူ နီ ဝါ ပြာ နှင့် အခြား အင်္ဂလိပ် ဝေါဟာရများ" တက္ကသိုလ်ထင်ကြီး, Street Talk(American Slang) U Win Aung
Credit: The original artists to creat the images
28/10/2022
အရောင်များနှင့် စကားစမြည် ၇🎡🟡🟢🔴
pink ဆိုတဲ့ ပန်းရောင် အကြောင်း တော်တော်များများ သိသွားကြပြီ ထင်ပါတယ်။ ဒီနေ့တော့ 'yellow' အဝါရောင် နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အသုံးအနှုန်းလေးတွေ ထပ်ပြီးလေ့လာကြရအောင်ပါ။
ဆရာရွှေတိုင်ညွန့်ကတော့ သုံးရောင်ခြယ်သီချင်းမှာ "အဝါရောင်ဆိုတာကတော့ ဘာသာရယ်၊ သာသနာရယ်၊ ပညာရယ် တိုးလိမ့်မယ်" ဆိုပြီး စပ်ဆိုထားပါတယ်။ ပြောရရင် မြန်မာတွေက အဝါရောင်ကို မြင့်မြတ်ကောင်းမွန်တဲ့ အရောင်အဖြစ် သတ်မှတ်ကြပေမယ့် သိုးဆောင်းတွေကတော့ အဝါရောင်ကို မကောင်းတဲ့ အဓိပ္ပါယ်နဲ့ သတ်မှတ်ပြောဆိုကြပါတယ်။
တယောက်ယောက်ကို "He is yellow." လို့ ပြောရင် သူက သူရဲဘောကြောင်တဲ့သူ (ငကြောက်) လို့ ပြောချင်တာပါ။ ကျွန်တော်တို့ ဆယ်ကျော်သက်တုန်းက ဖတ်ခဲ့ကြိုက်ခဲ့တဲ့ ဆရာကြီး မြသန်းတင့်ရဲ့ ဘာသာပြန်လက်ရာ 'လေလွင့်သူ' ရဲ့ မူရင်းစာအုပ် 'The Catcher In The Rye' ထဲမှာတော့ "Juancito is yellow when it comes to fights. He won't actually hurt anybody." လို့ရေးထားပါတယ်။ (ဟွမ်စီတိုက ခိုက်ရန်ဖြစ်ဖို့ လုံးဝစိတ်မဝင်စားတဲ့ လူမျိုးပဲ။ သူက ဘယ်သူ တဦးတယောက်ကိုမှ ဒဏ်ရာအနာတရ မဖြစ်စေချင်ဘူး။)
'yellow-bellied person' ဆိုတာကလည်း သူရဲဘောကြောင်တဲ့သူ လို့ ပြောတာပါပဲ။
E.g. We cannot count on a yellow-bellied person in times of crisis. (အကျပ်အတည်း ကာလတွေနဲ့ ကြုံလာရင် သတ္တိမရှိတဲ့သူကို ကျွန်တော်တို့ အားကိုးလို့ မရဘူး။😌)
'yellow card' ဆိုရင်တော့ ဘောလုံးပွဲတွေမှာ အမှားတစုံတရာ ကျူးလွန်ခဲ့ရင် ဒိုင်က သတိပေးတဲ့ အနေနဲ့ ထောင်ပြတဲ့ ကပ်ပြားဝါပါ။
E.g. Harry Maguire earned a yellow cards in the course of the game last night. (ခေါင်းကြီးက မနေ့ည ပွဲစဥ်မှာ အဝါကဒ်ပြား ပြပြီး သတိပေးခံရတယ်။⚽️)
အပူပိုင်းဒေသတွေမှာ ဖြစ်တတ်တဲ့ ငန်းဝါအဖျားရောဂါကိုတော့ 'yellow fever' လို့ခေါ်ပါတယ်။
Yellow နဲ့ ပတ်သက်ပြီး ခပ်မိုက်မိုက် အသုံးလည်း ရှိပါတယ်။
တစုံတယောက်က ကိုယ့်ကို ပျော်ရွှင်စေတယ် ဒါမှမဟုတ် ကိုယ့်အတွက် မရှိမဖြစ် အရေးပါတဲ့ နေရာမှာရှိနေတယ် ဆိုရင် အဲဒီ့လူကို 'my yellow' လို့လည်း သုံးပါတယ်။
E.g. (1) He saved me, he is my yellow. (သူက ငါ့ဘဝရဲ့ ကယ်တင်ရှင်ပဲ။😍)
(2) Do you love her? Yes, she is my yellow.(မင်းသူ့ကို ချစ်ရဲ့လား။ ချစ်သမှ သိပ်ချစ်။ သူက ကျနော့် အသည်းတုန်လေးလေ။😘)
Let's call it a day. ဒီနေ့တော့ ဒီလောက်ပါပဲ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဤစာစုဖြင့် လေးစားစွာ ဂါရဝ ပြုပါတယ်။🙏🙏🙏
ကျွန်တော့် မိတ်ဆွေများ အနေနဲ့ အဆင်ပြေမယ်ဆိုရင် တခြားသူတွေ အင်္ဂလိပ်စာ ဗဟုသုတ တိုးပွားစေဖို့ post ကို လွတ်လပ်စွာ share ပြီး ပညာဒါန ပြုနိုင်ပါတယ် ခင်ဗျား။
Ref: Longman Dictionary of Contemporary English, Oxford Advanced Learner's Dictionary, Book of Common Phrases by Webster's Reference Library, Tet Toe's English idioms, "ဖြူ နီ ဝါ ပြာ နှင့် အခြား အင်္ဂလိပ် ဝေါဟာရများ" တက္ကသိုလ်ထင်ကြီး, Street Talk(American Slang) U Win Aung
Credit: The original artists to creat the images
07/07/2022
အရောင်များနှင့် စကားစမြည် ၅🎡🟡🟢🔴
ပြီးခဲ့တဲ့ တပတ်က pink ဆိုတဲ့ ပန်းရောင် အကြောင်း တော်တော်များများ သိသွားကြပြီ ထင်ပါတယ်။ ဒီနေ့တော့ pink နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အသုံးအနှုန်းလေးတွေ လေ့လာကြရအောင်ပါ။
ပထမဆုံး "pink slip" ဆိုတဲ့ စကားလုံးလေးကို ပြောကြရအောင်။ အမေရိကားမှာ တယောက်က "pink slip" ရတယ်ဆိုရင် အဓိပ္ပါယ် နှစ်မျိုးထွက်ပါတယ်။ ပထမတခုက ကားပိုင်ဆိုင်မှုကို ပြတဲ့ တရားဝင် စလစ်ကိုပြောတာ ဖြစ်ပြီး နောက်တခုကတော့ အလုပ်ထုတ်ခံရတာ ကိုပြောတာ ဖြစ်ပါတယ်။ တကယ်တော့ အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး သီးသန့် ဆောင်းပါးတပုဒ်ရေးပါဦးမယ်။
E.g. The truck driver got a pink slip after he quarrelled with his supervisor. (ကုန်ကားမောင်းဆရာက သူ့လူကြီးနဲ့ ရန်ဖြစ်ပြီးတော့ အလုပ်ထုတ်ခံလိုက်ရတယ်။)🚛🚚🪓
ကာယအားကို အသုံးပြုပြီးလုပ်ရတဲ့ အလုပ်တွေ၊ စက်ရုံအလုပ်ရုံ တွေမှာ လုပ်ကြတဲ့ အလုပ်သမားတွေကို ကော်လာပြာတွေ (blue-collar workers) 🔵 လို့ခေါ်ကြပြီး ရုံးဝန်ထမ်းတွေ၊ စာရေးစာချီ စတဲ့ ဥာဏအားကို အခြေပြုပြီးလုပ်ကြတဲ့ အလုပ်သမားတွေကို ကော်လာဖြူတွေ (white-collar workers) ⚪ လို့ ခေါ်ကြပါတယ်။ လုပ်ခလစာနည်းပါးတဲ့ ဒါမှမဟုတ် အမျိုးသမီးအများစု လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေက ဝန်ထမ်းတွေကိုတော့ "pink-collar workers" ♀️လို့ခေါ်ကြပါတယ်။ ကော်လာတွေနဲ့ ပတ်သက်ပြီးတော့လည်း သီးသန့်ဆောင်းပါးရေးဖို့ ရှိပါသေးတယ်။
E.g. Nursing is an occupation where pink-collar workers dominate. (သူနာပြုလုပ်ငန်းက အမျိုးသမီးအများစု လုပ်ကြတဲ့ အလုပ်ပဲ။) 🏥🌷
Let's call it a day. ဒီနေ့တော့ ဒီလောက်ပါပဲ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဤစာစုဖြင့် လေးစားစွာ ဂါရဝ ပြုပါတယ်။🙏🙏🙏
ကျွန်တော့် မိတ်ဆွေများ အနေနဲ့ အဆင်ပြေမယ်ဆိုရင် တခြားသူတွေ အင်္ဂလိပ်စာ ဗဟုသုတ တိုးပွားစေဖို့ post ကို လွတ်လပ်စွာ share ပြီး ပညာဒါန ပြုနိုင်ပါတယ် ခင်ဗျား။
Ref: Longman Dictionary of Contemporary English, Oxford Advanced Learner's Dictionary, Book of Common Phrases by Webster's Reference Library, Tet Toe's English idioms, "ဖြူ နီ ဝါ ပြာ နှင့် အခြား အင်္ဂလိပ် ဝေါဟာရများ" တက္ကသိုလ်ထင်ကြီး, Street Talk(American Slang) U Win Aung
Credit: The original artists to creat the images
29/06/2022
အရောင်များနှင့် စကားစမြည် ၄🎡🟡🟢🔴
ဒီနေ့ခေတ် လူငယ်တော်တော်များ pink နဲ့ပတ်သက်လို့ သိတာပြောပါ ဆိုရင် Blackpink လို့ပြောမှာ သေချာပါတယ်။ တော်လည်းတော် လှလည်းလှကြတဲ့ ခလေးမလေး တွေပဲ။ ကျွန်တော်က ခေတ်နောက်ကျ ကျန်ခဲ့တော့ ၂၀၁၉ က ဆိုး(လ်)မြို့ ကို Outbound Tour နဲ့ရောက်တော့မှ သိခဲ့တာပါ။ 🇰🇷🇰🇷
Blackpink ကို မသိခဲ့ပေမယ့် ဂရမ်မီ ၃ ဆုရပြီး တခြားဆုတွေ အများကြီးရခဲ့တဲ့ အဆိုတော်နဲ့ တေးရေးဆရာ အမေရိကန်မလေး Pink(Alecia Beth Moore) ကိုတော့ ရင်းနှီးပါတယ်။ သူ့သီချင်း "Just give me a reason" ဆို
ကျွန်တော့် အကြိုက်ဆုံးတွေထဲက တပုဒ်ပေါ့။ 🇺🇲🎙🎶
ဒီနေတော့ အင်္ဂလိပ်စာထဲက pink ပန်းရောင် အကြောင်း ပြောရအောင်ပါ။ "Pink House"ပန်းရောင်အိမ်တော် ဆိုတာ အာဂျင်တီးနား သမ္မတ အိမ်တော်ပါ။ အမေရိကန် သမ္မတ အဆက်ဆက်နေခဲ့တဲ အိမ်တော်ကတော့ အများ သိကြတဲ့ "White House" ပေါ့။ ကိုရီးယား ခရီးစဥ်မှာ ဂိုက်မမက ပြောပြမှ သိရတာ သူရို့ သမ္မတက အိမ်ပြာတော် "Blue House" မှာနေတာတဲ့ဗျ။🏘🗽🏙
pink ကို Noun အနေနဲ့ အနီဖျော့ အရောင် 'pale red colour' ဆိုပြီး သုံးပါတယ်။ 'ရှက်သွေးဖြာသွားတယ်' ဆိုရင်တော့ "go pink" ဆိုပြီးသုံးလို့ရပါတယ်။
E.g. Elena's face went pink. (အယ်လီနာ့ မျက်နှာက ရှက်လို့ ပန်းရောင်သမ်းသွားတယ်။)👩🦰
pink ကို Verb အနေနဲ့ သုံးရင် နှစ်မျိုး အဓိပ္ပါယ် ထွက်ပါတယ်။ ပထမ တမျိုးက 'ဓါးချင်းယှဥ်ပြိုင် တဲ့အခါ ပြိုင်ဘက်ကို အမိအရ ထိုးမိတယ်' ဆိုပြီး သုံးလို့ရပါတယ်။
E.g. After a few exchanges George succeeded in pinking his man. (ဓါးချင်း အပြန်အလှန် ယှဥ်ပြိုင်ပြီးနောက် ဂျော့ချ် က သူ့ပြိုင်ဘက်ကို အမိအရ ထိုးနိုင်ခဲ့တယ်။)🤺🤺
နောက် အဓိပ္ပါယ်ကတော့ ကားအင်ဂျင်ကနေ ကနေ
ဆူဆူညံညံ အသံထွက်တဲ့ အခါသုံးပါတယ်။
E.g. My car pinks badly on hilly. (ကျွန်တော်ကားက ကုန်မြင့်လမ်းတွေပေါ် မောင်းရင် အဆွဲအရုန်း မကောင်းတော့ ဆူညံနေရောပဲ။) 🚘
Let's call it a day. ဒီနေ့တော့ ဒီလောက်ပါပဲ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဤစာစုဖြင့် လေးစားစွာ ဂါရဝ ပြုပါတယ်။🙏🙏🙏
ကျွန်တော့် မိတ်ဆွေများ အနေနဲ့ အဆင်ပြေမယ်ဆိုရင် တခြားသူတွေ အင်္ဂလိပ်စာ ဗဟုသုတ တိုးပွားစေဖို့ post ကို လွတ်လပ်စွာ share ပြီး ပညာဒါန ပြုနိုင်ပါတယ် ခင်ဗျား။
Ref: Longman Dictionary of Contemporary English, Oxford Advanced Learner's Dictionary, Book of Common Phrases by Webster's Reference Library, Tet Toe's English idioms, "ဖြူ နီ ဝါ ပြာ နှင့် အခြား အင်္ဂလိပ် ဝေါဟာရများ" တက္ကသိုလ်ထင်ကြီး, Street Talk(American Slang) U Win Aung
Credit: The original artists to creat the images
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Min Ye Kyaw Swa Street
Yangon
11061
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |