Fertility Guide Myanmar
မျိုးဆက်ပွားဆေးပညာ ( Reproductive Health )
သန္ဓေသား မျိုးရိုးဗီဇ မူမှန်မှုအား စစ်ဆေးခြင်းနှင့် သိကောင်းစရာ
Q:မျိုးရိုးဗီဇ မူမှန်တဲ့ သန္ဓေသား (Euploid Embryo) ဆိုတာဘာလဲ
Ans:လူသားမျိုးနွယ်မှာ ရှိရမယ့် မျိုးရိုးဗီဇ မပျက်ယွင်းဘဲ ကျန်းမာသော သန္ဓေသားကို ဆိုလိုပါတယ်
Q:မျိုးရိုးဗီဇ မူမှန်တဲ့ သန္ဓေသား (Euploid Embryo) ဟုတ်/ မဟုတ် ဘယ်လိုသိနိုင်လဲ?
Ans:အခြေခံအားဖြင့် သန္ဓေသားပါရဂူက သန္ဓေသားပုံပန်းသဏ္ဌာန် (Morphology) ကြည့်ပြီး အမှတ်ပေးစနစ်နဲ့ အဆင့်သတ်မှတ်ပြောပါတယ်
ခုခေတ်မှာ Timelapse incubator အချိန်ပြည့် စောင့်ကြည့်တဲ့စက်နဲ့ formula များနဲ့ အသုံးပြုပြီး ပိုမိုအသေးစိတ်ကြည့်ရှု ရွေးချယ်မှု လုပ်ကြပါတယ်
နောက်တဆင့် Timelapse incubator with AI system နဲ့ ရွေးချယ်ကြပါတယ်။ 75% ခန့်မှန်ကန်စွာ ရွေးချယ်နိုင်တယ် ဆိုပါတယ်။
အသားယူပြီးစစ်ဆေးနည်း ( invasive test) များမှာတော့ Trophectoderm Biopsy and Genetic testing (PGT-A, PGT-SR,PGT-M and etc) စသည်ဖြင့် မျိုးရိုးဗီဇကို ခရိုမိုဆုန်းအဆင့် အလွှဲအမှားရှာခြင်း၊ ခရိုမိုဆုန်းများကြား နေရာ အလွှဲကို ရှာခြင်း၊ မျိုးရိုးဗီဇ ကုဒ်( mono Genetic Disease) တခုချင်းဆီ အလွဲကိုရှာခြင်း စသည်ဖြင့် စစ်ဆေးကြပါတယ်။
Q ဘယ်နည်းက ပိုမှန်ကန် တိကျလဲ?
Ans: အသားယူပြီးစစ်ဆေးနည်း ( invasive test) များမှာတော့ Trophectoderm Biopsy and Genetic testing (PGT-SR နဲ့ PGT-M )ကတော့ ဆိုင်ရာ စစ်ဆေးမှုအပေါ်
နှုန်းပြည့် တိကျတယ်လို ယူဆပါတယ်။
PGT-A တော့ normal ထွက်ရင် ၉၈ ရာနှုန်း ခန့် မူမှန်တယ်လို့ ယူဆကြပါတယ်။
သန္ဓေသား အချင်းအသားစ ၅ လုံးခန့်ဟာ သန္ဓေသားရှိ ဆဲလ်အားလုံးကို ကိုယ်စားမပြုနိုင်ဘူးလို့ အယူအဆတွေလဲရှိပါတယ်
Q: မျိုးရိုးဗီဇ မူမှန်သန္ဓေသားလွဲပြောင်းရင်
အောင်မြင်သော ကျန်းမာသော
ရင်သွေး ရနိုင်ပြီလား?
Ans: မျိုးရိုးဗီဇစစ်ဆေးပြီးသား (PGT-A Normal) မူမှန် သန္ဓေသား တစ်လုံး လွဲပြောင်းရင် သားအိမ်မှာ ပြဿနာမရှိလျှင် ကိုယ်ဝန်ရနိုင်ချေ ၈၀ ရာနှုန်းခန့်ရှိပါတယ်
ကျန်းမာသော ကလေးတယောက် ရနိုင်ချေ ၆၅ ရာနှုန်းရှိပါတယ်
မျိုးရိုးဗီဇစစ်ဆေးပြီးသား (PGT-A Normal) မူမှန် သန္ဓေသား (၃) လုံး လွဲပြောင်းရင် သားအိမ်မှာ ပြဿနာမရှိလျှင် ကလေးတယောက် မွေးနိုင်ချေ ၉၃ ရာနှုန်းရှိပါတယ်
Q: ကလေး တယောက်မွေးနိုင်ဖို့ သန္ဓေသား ဘယ်နှစ်လုံး လိုပါသလဲ။
Ans: မျိုးရိုးဗီဇ အမှန်တကယ် မူမှန်ခဲ့ရင် ၁ လုံးသာလိုပါတယ်။ ရာနှုန်းပြည့် မူမှန်ခြင်းကို သိရှိရန်ခက်ခဲခြင်း သားအိမ်နံရံ မူမှန်မှုအား သိရှိရန် ခက်ခဲသောကြောင့်အနည်းဆုံး ၃ လုံးလိုပါတယ်။
ဒါကြောင့် နောင်အချိန် သားသမီးတွေယူဖို့ သန္ဓေသား သိမ်းမယ်ဆိုရင် ဆရာဝန်များက PGT-A normal ၃ လုံး သိမ်းထားရန် အကြံပြုခြင်းဖြစ်ပါတယ်။
25/07/2024
World Embryologist Day (World IVF Day) 25th July
အောင်မြင်မှုတွေ မတိုင်မီကာလ
Louise အရင် ကလေးများရှိအောင်ကြိုးစားမှုများကို ဖော်ပြဂုဏ်ပြုရလျှင် ၁၈၉၀ ခုနှစ်တွင် Walter Heape, a professor at the University of Cambridge, UK က ယုန်များတွင် စမ်းသပ်အောင်မြင်ခဲ့ပြီး ၁၉၃၂ တွင် Aldous Huxley က “Brave New World” အမည်ဖြင့် ရေးသားဂုဏ်ပြုခဲ့သည်။
၁၉၇၃ တွင် Australia နိုင်ငံ Melbourne မြို့မှ ပါမောက္ခ Carl Wood and John Leeton တို့ပြုလုပ်စဉ် ကိုယ်ဝန်ရရှိခဲ့သော်လဲ ၁ ပတ်ခန့်အကြာတွင်ပျက်စီး ခဲ့ရသည်။
၁၉၇၆ ခုနှစ် Patrick Steptoe and Robert Edwards တို့ပင် Louise Brown မတိုင်ပင်က ကြိုးစားမှုမှာ သားဥပြွန်ထဲတွင် သန္ဓေတည်ခြင်းကြောင့် (ectopic pregnancy) ဖြစ်ကာ မအောင်မြင်လိုက်ရပေ။
ပထမဆုံးသော အောင်မြင်မှု
Louise Brown ရဲ့ အမေ Lesley Brown ဟာ မမျိုးဥပြွန် နှစ်ဘက်စလုံးပိတ်ခြင်း ( bilateral tubal blocks) ဖြစ်၍ ခွဲစိတ်ဖွင့်ခြင်း (Bilateral salpingostomy) ပြုလုပ်သော်လည်း အောင်မြင်မှုမရခဲ့ပါ။၁၉၇၆ နှစ်မှာ မန်ချက်စတာမြို့ရှိ Oldham ဆေးရုံတွင် သားဖွားမီးယပ်ပါရဂူ Dr. Patrick Christopher Steptoe နှင့်ပြသကုမှုခံယူခဲ့ပြီး သဘာဝအလျှောက်ကြီးလာသော မမျိုးဥအား မှန်ပြောင်းဖြင့်ထုတ်ယူခြင်း ( laparoscopic oocyte retrieval during a natural non- stimulated ovulatory cycle) ပြုလုပ်ခဲ့သည်။ သန္ဓေသားဗေဒပါရဂူ Robert Geoffrey Edwards က ၃ ရက်သား သန္ဓေသားအထိ (8-cell stage embryo) ဓါတ်ခွဲခန်းအတွင်းအောင်မြင်စွာမွေးခဲ့ပြီး သားအိမ်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။ ၁၉၇၈ ခုနှစ် ဇူလိုင်လ ၂၅ ရက် ည ၁၁ နရီ ၄၇ မိနစ်တွင် ကမ္ဘာ့ပထမ IVF ကလေး Louise Brown အား ခွဲစိတ်မွေးဖွားပေးခဲ့သည်။ Louise မွေးချိန်တွင် 5 pounds and 12 ounces (2700 grams)ရှိပြီး ကျန်းမာစွာ ဖွားမြင်ခဲ့ပါသည်။
ဇူလိုင်လ 25 ရက်နေ့ကို World Embryologist Day အဖြစ် သတ်မှတ်ခဲ့ခြင်းမှာ IVF ဖြင့် မွေးဖွားခဲ့သော ပထမဆုံးကလေး Louise Brown ၏ မွေးနေ့ဖြစ်သောကြောင့် ဖြစ်ပါသည်။
၁၉၇၈ ဇူလိုင် ၂၅ တွင် Louise Brown အောင်မြင်ပြီးသော်-
၁၉၇၈ အောက်တိုဘာ ၁၆ တွင် Courtney Cross
၁၉၇၉ ဇန်နဝါရီ ၁၄ တွင် Alastair MacDonald တို့ ဆက်တိုက် အောင်မြင်ခဲ့ရာမှ
ယနေ့အထိ ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် တနှစ်လျှင် ကလေး ၅သိန်း ကောင်းမွန်စွာ မွေးဖွားခဲ့ပြီး စုစုပေါင်း ၈ သန်းကျော် အောင်မြင်စွာ မွေးဖွားပြီးဖြစ်ပါသည်။
မြန်မာ့ဖန်ပြွန်သန္ဓေသား
◦ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် IVF center BFC ကိုစတင်ဖွင့်လှစ်ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီတွင် first IVF Baby ကိုယ်ဝန်ရရှိစေပြီး ၂၀၀၇ ဩဂုတ်လတွင် မြန်မာနိုင်ငံရဲ့ ပထမဆုံး IVF baby သမီးကလေးကို အောင်မြင်စွာ မွေးနိုင်ခဲ့ပါတယ်။
◦ အစိုးရဆေးရုံ၊ ဗဟိုအမျိုးသမီး ဆေးရုံမှာလဲ ဖန်ပြွန်သန္ဓေသား စင်တာအား ၂၀၁၇မှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။
◦ ၂၀၂၀ ခုနှစ် မေလ ၇ ရက်နေ့မှာ မန္တလေးရှိ Motherland Fertility Center မှာ အထက်မြန်မာပြည်ရဲ့ ပထမဆုံး ဖန်ပြွန်သန္ဓေသား သားသားလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။
◦ ၂၀၁၁ခု နိုဝင်ဘာ ၁၁ ရက်နေ့ Origin Fertility Center ရဲ့ post အရ အဆိုပါ စင်တာရဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ နည်းပညာသည် ကမ္ဘာ့ IVF center များနဲ့ နည်းပညာတွေ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်ရောက်ရှိနေကြောင်း သိရှိရပါတယ်။ မြန်မာ့ IVF စင်တာများတွင် တန်ဖိုးမြင့် နောက်ဆုံးပေါ် Time Lapse Incubator များတပ်ဆင်ခြင်း၊ IVF Laboratory Standard Clean room များ ပိုကောင်းအောင် ဆောက်လုပ်လာခြင်း၊ QA/QC များကို စင်များမှ ချပြကြေငြာလာခြင်း၊ လူနာများမှ ပို၍စိတ်ဝင်စားလာခြင်း၊ စသော လက္ခဏာများမှာ ပို၍ ပို၍ တိုးတက်လာမယ်လို့ ယုံကြည်မိပါသည်။ မြန်မာ့မြေပေါ်မှာ Pre implantation genetic testing အောင်မြင်စွာ လုပ်နိုင်နေပြီလို့ လဲသိရှိရပါတယ်။
◦ နောက်ပိုင်းတွင် ရန်ကုန်ရှိ ဆေးရုံကြီးများမှာ ကလေးရယူလိုသော စုံတွဲများကို ဆေးစစ်ခြင်း၊ မမျိုးဥ ကြီးထွားအောင် ဆေးထိုးသောအဆင့်အား (Ovarian Stimulation) အဆင့်အား မြန်မာနိုင်ငံတွင် လုပ်ဆောင်ပြီး ဖန်ပြွန်သန္ဓေသားလုပ်သော အဆင့်ကို Thailand, India & Singapore စသော နိုင်ငံများတွင် လုပ်ဆောင်ခြင်းကို တွေ့ရှိရပါတယ်။ ဖန်ပြွန်သန္ဓေသား စင်တာများ ပေါ်ပေါက်လာခြင်းဟာ တိုင်းပြည်အတွက်အရေးကြီးတဲ့အပြင် မျိုးဆက်ပွါးဆေးပညာ (Reproductive Medicine)အတွက် အရေးပါလှပါတယ်။ ယခုကာလ လူနေထိုင်မှု၊ စားသောက်မှု၊ ဗိုင်းယပ်စ် ကပ်ရောဂါများဖြစ်ပွါးမှု၊ အဝလွန်/ ဆီးချို/ သွေးတိုး စသော ရောဂါဖြစ်ပွါးနှုန်း၊ မိသားစုပြဿနာများ/ လူမှုရေးပြဿနာများ ဖြစ်ပွါးနှုန်း သည် တိုင်းပြည်ရဲ့ မျိုးဆက်ပွါးကျန်းမာရေး (Reproductive Health) များစွာ ဆက်စပ်ပြီး အကျိုးသက်ရောက်မှုများစွာရှိကာ ရေရှည် စီမံကိန်းလဲ အကောင်အထည်ဖော် ရှိသင့်ပါတယ်။
◦ ယနေ့ထိ စုဆောင်းရရှိသော မှတ်တမ်းအရ ကမ္ဘာ့ ဖန်ပြွန်သန္ဓေသား စုစုပေါင်း ၁၂ သန်းကျော်ထဲမှ မြန်မာ ဖန်ပြွန်သန္ဓေသား ၁၀၀၀ ခန့် အောင်မြင်စွာ မွေးဖွားပြီးဖြစ်ပါသည်။
ဂုဏ်ပြုအပ်ပါသည်
ထိခဲလှသော အပ်နှစ်ချောင်းကို ထိသကဲ့သို့ ဖြစ်နိုင်ခဲသော အမှုကို ကြိမ်ဖန်များစွာ အောင် မြင်အောင်…
အိမ်မက်တွေကို လှပတဲ့ ဘဝဖြစ်လာအောင် စွမ်းဆောင်ခဲ့သော
ကမ္ဘာ ဖန်ပြွန်သန္ဓေသား ပညာရှင် ပါရဂူကြီးများနှင့်အတူ မြန်မာ့မြေ မြန်မာရေပေါ်မှာ မြန်မာတိုင်းရင်းသားအားလုံးအတွက် ရှိပေးသော မျိုးဆက်ပွါးပါရဂူ (Fertility Specialist) & သန္ဓေသားဗေဒပါရဂူ (Embryologist) တို့နှင့် တကွ ပါဝင်ကြသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး စောင့်ရှောက်မှုတွင်ပါဝင် သူများအား ဂုဏ်ပြုလျှက်……
Fertility Guide Myanmar
***mbank
Click here to claim your Sponsored Listing.
Category
Website
Address
Yangon