Pulse & Purpose

Pulse & Purpose

Share

Pulsing with the Purpose of Medical and Life Sciences

04/05/2026

ကိုယ်ဝန်ဆောင်ချိန်မှာ Vitamin B6 က Folic Acid တို့လိုမျိုး အရေးပါလား?🩵✨
=====================================

ကိုယ်ဝန်ဆောင်ချိန်မှာ Vitamin B6 က သံဓာတ်၊ ကယ်လ်စီယမ်၊ ဖောလစ်အက်ဆစ်တို့လောက် နာမည်မကြီးပေမယ့် တကယ်တော့ အရမ်းကို အရေးပါပါတယ်။ ဒီဗီတာမင်လေးဟာ ဗိုက်ထဲက ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှုအတွက် အဓိကလိုအပ်တဲ့အပြင် မေမေတို့ရဲ့ ပျို့အန်တာကိုပါ သက်သာစေနိုင်တဲ့ အကျိုးကျေးဇူးရှိပါတယ်။

Vitamin B6 ကို 𝐩𝐲𝐫𝐢𝐝𝐨𝐱𝐢𝐧𝐞 လို့လည်းခေါ်ပြီး ကလေးရဲ့ ဦးနှောက်ထဲက 𝐧𝐞𝐮𝐫𝐨𝐭𝐫𝐚𝐧𝐬𝐦𝐢𝐭𝐭𝐞𝐫𝐬 တွေ ကောင်းမွန်စွာအလုပ်လုပ်ဖို့ ကူညီပေးပါတယ်။

✨တစ်နေ့ကို Vitamin B6 ဘယ်လောက်လိုအပ်သလဲ?

ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ နေ့စဉ် ပုံမှန်လိုအပ်ချက်ကတော့ Vitamin B6 ၁.၉ မီလီဂရမ်ဖြစ်ပြီး နို့တိုက်မိခင်တွေအတွက်ကတော့ ၂ မီလီဂရမ် လိုအပ်ပါတယ်။ ဒီပမာဏဟာ ကိုယ်ဝန်ဆောင်မိခင်မဟုတ်တဲ့ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ၁.၂ မှ ၁.၃ မီလီဂရမ်ထက် ပိုများတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ Vitamin B6 ကို ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

နေ့စဉ်စားနေကျ အစားအစာတွေမှာလည်း Vitamin B6 ပါရှိနေပါတယ်။ မေမေတို့ အလွယ်တကူ မှန်းဆစားသောက်လို့ရအောင် အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ် -

🥫 ကုလားပဲပြုတ် - ၁.၁ မီလီဂရမ် (ပုံမှန် ဟင်းရည်သောက် ပန်းကန်လုံး ၁ လုံးစာ သို့မဟုတ် စားပွဲတင်ဇွန်း ၁၅ ဇွန်းခန့်)
🐟 တူနာငါး - ၀.၉ မီလီဂရမ် (တူနာစည်သွတ်ဘူးသေး တစ်ဝက်ခန့် သို့မဟုတ် အသားချည်းသက်သက် စားပွဲတင်ဇွန်း ၄ ဇွန်းခန့်)
🐟 ဆယ်လ်မွန်ငါး - ၀.၆ မီလီဂရမ် (မိမိလက်ဝါးအရွယ်အစားခန့်)
🍗 ကြက်ရင်အုံ - ၀.၅ မီလီဂရမ် (ကြက်ရင်အုံ တစ်ဝက်ခန့် အရွယ်အစား)
🍌 ငှက်ပျောသီး - ၀.၄ မီလီဂရမ် (အလတ်စား ၁ လုံး)
🥔 အာလူးပြုတ် - ၀.၄ မီလီဂရမ် (အာလူး အကြီး ၁ လုံး သို့မဟုတ် အလတ်စား ၁ လုံးခွဲခန့်)
🥣 အားဖြည့် နံနက်စာ စီရီရယ် (Cereal) - ၀.၄ မီလီဂရမ် (လက်ဖက်ရည်ပန်းကန်လုံး ၁ လုံးစာ)
🥜 အခွံမာသီး (ဥပမာ - မြေပဲ၊ သီဟိုဠ်စေ့၊ အယ်လ်မွန်စေ့) - ၀.၁ မီလီဂရမ် (မိမိလက်တစ်ဆုပ်စာခန့်)

✨ဖြည့်စွက်အားဆေး သောက်ဖို့လိုလား?

ကိုယ်ဝန်ဆောင်ဗီတာမင် (𝐩𝐫𝐞𝐧𝐚𝐭𝐚𝐥 𝐯𝐢𝐭𝐚𝐦𝐢𝐧) အများစုမှာ တစ်နေ့တာလိုအပ်တဲ့ Vitamin B6 ပမာဏ ပါဝင်ပြီးသားဖြစ်တာကြောင့် မျှတတဲ့အစားအစာနဲ့ prenatal vitamin ကို ပုံမှန်သောက်ပေးမယ်ဆိုရင် ထပ်ဆောင်းဖြည့်စွက်အားဆေး သောက်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် သတိထားရမှာက လိုတာထက်ပိုပြီး Vitamin B6 ဖြည့်စွက်ဆေးတွေကို ရေရှည်သောက်မိရင် အာရုံကြောတွေ ထုံကျင်တာ၊ ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။

✨ကိုယ်ဝန်ဆောင် ပျို့အန်တာအတွက် Vitamin B6 သောက်လို့ရလား?

ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာကို ခံစားနေရတယ်ဆိုရင် Vitamin B6 ဟာ ဘေးကင်းတဲ့ ပထမဆုံး ကုသမှုတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမယ့်အချက်က နေ့စဉ်ပုံမှန်လိုအပ်ချက်ဟာ ၁.၉ မီလီဂရမ်သာ ဖြစ်ပေမယ့် ပျို့အန်တာကို ကုသဖို့အတွက်ဆိုရင်တော့ ဆရာဝန်တွေက ၁၀ မီလီဂရမ်ကနေ ၂၅ မီလီဂရမ်အထိ တစ်နေ့ ၃ ကြိမ်ခန့် သောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။ ဒါကြောင့် ဆရာဝန်ပေးတဲ့ဆေးမှာ B6 ပမာဏ များနေရင်လည်း စိုးရိမ်စိတ်မဝင်ပါနဲ့နော်။

တစ်ခါတရံမှာ ပိုမိုထိရောက်စေဖို့ 𝐔𝐧𝐢𝐬𝐨𝐦 (𝐝𝐨𝐱𝐲𝐥𝐚𝐦𝐢𝐧𝐞) ဆိုတဲ့ ကိုယ်ဝန်ဆောင်အတွက် ဘေးကင်းတဲ့ဆေးနဲ့ တွဲဖက်သောက်ပေးရလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီ Unisom (doxylamine) ဟာ အိပ်ချင်စိတ်ကို ဖြစ်စေနိုင်တာကြောင့် နေ့ဘက်ထက် ညအိပ်ရာဝင်ချိန်မှာ သောက်သုံးရန် ပိုမိုသင့်တော်ပါတယ်။ ဘယ်လောက်ပမာဏ သောက်ရမယ်၊ ဘယ်အချိန်သောက်ရမယ်ဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သုံးဖို့တော့ အရေးကြီးပါတယ်။

✨Vitamin B6 ချို့တဲ့ရင် ဘာတွေဖြစ်နိုင်သလဲ?

Vitamin B6 ချို့တဲ့လာရင်တော့ လျှာရောင်ခြင်း၊ ပါးစပ်အနာဖြစ်ခြင်း၊ စိတ်ကျရောဂါ၊ သွေးအားနည်းခြင်းစတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကောင်းမွန်တဲ့ ကိုယ်ဝန်ဆောင်ဗီတာမင်ကို ပုံမှန်သောက်သုံးပေးရုံနဲ့ ဒီပြဿနာတွေကို အလွယ်တကူ ကာကွယ်နိုင်ပါတယ်။

အခုဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ Vitamin B6 က Folic Acid တို့လိုမျိုး အရေးပါသလားဆိုတဲ့ မေးခွန်းကို သိသွားလောက်ပြီလို့ထင်ပါတယ်နော်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞

https://www.babycenter.com/pregnancy/diet-and-fitness/vitamin-b6-in-your-pregnancy-diet_666

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon
🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐
🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/
💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ဗီတာမင် #ကိုယ်ဝန်ဆောင်မိခင်

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


#10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township
Yangon
11182