EKA

EKA

Share

I feel it, and then I translate it for the other to feel.

16/12/2025

"တစ်ခါတစ်ရံ၌ အလွန် ရိုးရှင်းသည် ထင်ရသော လူသားများကို အထင်မသေးပါနှင့်။ လင်းယုန်ကဲ့သို့ စူးရှသောအမြင်၊ သင်တုန်းဓားကဲ့သို့ ထက်မြက်သောစိတ်၊ နတ်ဘုရားများထက် ပိုစွမ်းသော သောတ အာရုံတို့ကြောင့် ဘဝ၏ ပူဆွေးဖွယ်ရာများနှင့် ဂီတသံတို့ကိုပင် ကြားနိုင်သည် ဖြစ်လင့်ကစား လူ့သဘော သဘာဝနှင့် ပတ်သက်၍ သင်သိသော အသိက အလုံးစုံ ဖြစ်သည်ဟု ဆို၍ မရစကောင်းတည့်။"

လူတွေအကြောင်း၊ လူ့သဘောသဘာဝ အကြောင်းတွေကို အမြဲရေးပါ ညော်၊ လူ့သဘာဝ ပျက်သုဉ်းတာမျိုးတော့ မရေးပါနဲ့၊ မင်း‌ ရေးသား တင်ပြလိုက်တဲ့ အရာက တိရစ္ဆာန်၊ ဘီလူး၊ နတ်၊ တစ္ဆေ အကြောင်းတွေ ဖြစ်စေဦးတော့ လူ့သဘော သဘာဝထက် နားလည်ရ ပိုခက်တဲ့အရာ ဘာမှ မရှိပါဘူး၊ ဒါကြောင့်ပဲ လောကကြီးမှာ ဇာတ်လမ်းတွေ ပြောမကုန်အောင် ရှိနေတာ‌ပေါ့၊ တစ်နေ့ထက်တစ်နေ့ ပိုတောင် များလာသေးတယ်၊ မာမားလည်း အများကြီး မသိပါဘူး၊ ဒါပေမဲ့ အခုလို စာမျိုးတွေ ဖတ်လိုက်တာနဲ့ အနည်းနဲ့အများတော့ သိသွားမိတယ်။

ညိုင် အွန်တိုဆိုရို
'This Earth of Mankind'

16/09/2025

ဆရာ သန့်ဇင်စိမ်းရဲ့ သီတာ့အပေါ်အမြင်

ဆရာ ဧက ဘာသာပြန်ထားတဲ့ ”သီတာ” စာအုပ်ကို ဖတ်လို့ပြီးသွားပါတယ်။ဖတ်လို့ပြီးသွားတဲ့အခါ တွေ့မြင်ရတဲ့ ခံစားချက်၊ဖတ်ရတဲ့ စာသားတွေအပေါ်မှာ ကြည်နူးချက်၊ဇာတ်လမ်းမှာ ပါဝင်လှုပ်ရှားကြတဲ့ ဇာတ်ကောင်တွေရဲ့သရုပ်၊ဝတ္ထုဇာတ်ကြောင်းကြီးမှာ မတူတဲ့အမြင်တွေကို ခံစားလာရတယ်။အဲ့ဒါတွေကို ချပြီးရေးချင်စိတ်ဖြစ်လာမိပါတယ်။book review မဟုတ်သလို၊စာအုပ်ကို ဝေဖန်တဲ့စာလည်း မဟုတ်ပါဘူး၊ဝေလည်းမဝေဖန်တတ်သလို၊ဝေဖန်လောက်အောင်လည်း အသိဥာဏ်၊ဗဟုသုတ မကြွယ်ဝပါဘူး။ခံစားချက်သက်သက်သာဖြစ်ပါတယ်။

ဆရာဧက က ဒီစာအုပ်နဲ့ဆို နှစ်အုပ်ရှိပါပြီ။ပထမအုပ်ကတော့ ”အသူရာ”ဆိုတဲ့ စာအုပ် နှစ်အုပ်တွဲပါ။
”ရာဝဏ”ဆိုတဲ့အမည်ကတော့ စာဖတ်သူတွေရင်းနှီးပြီးသား ဖြစ်တဲ့ ဒဿဂီရိ ပါ။

”ဒဿဂီရိ” ဆိုတာနဲ့ ကျနော်တို့ကတော့ ခေါင်းဆယ်လုံးပါတဲ့ ဘီလူးရုပ်ကိုတန်းမြင်လိုက်တာပါပဲ။
ရာမ၊လက္ခဏ၊သီတာ၊ရာဝဏ ဆိုတာ ဟိန္ဒူဇာတ်တော်လာ နတ်ဖရားတွေလို့ သတ်မှတ်ထားကြတာပါ။
ဇာတ်လမ်းတွေမှာ ရာမ၊သီတာကိုသာ အသားပေး ရေးကြ၊ပြောကြ၊က,ကြ သော်လည်း ”ရာဝဏ” မှာတော့ ကျနော်တို့သိကြတဲ့ ဒဿဂိီရိ ဖက်ကနေရေးပြသွားခဲ့တာပါ။အခု ”သီတာ” စာအုပ်ကလည်း မူရင်းစာရေးဆရာမက ပင်ကိုယ် မိန်းမဖြစ်သည်နှင့်အညီ ”သီတာ” ဖက်ကနေရေးပြသွားတာဟာ အတော့်ကို သဘာဝကျပြီး ဖတ်ကောင်းလှပါတယ်။

သီတာဟာ စာမျက်နှာတွေအပေါ်မှာ ပြေးလွှားနေတယ်၊ပျော်မြူးနေတယ်၊ငိုကြွေးနေတယ်၊ဒေါသတွေထွက်နေတယ်၊ကြေကွဲနေတယ်၊မေတ္တာတွေလှိုင်းထနေတယ်၊စွမ်းအင်တွေလည်းထွက်နေတယ်၊မိန်းမတယောက်ရဲ့မာန်မာနနဲ့ဂုဏ်သိက္ခာကိုလည်း မြင်တွေ့နေရပါတယ်။
”သီတာ”ဆိုတဲ့ နံမည်ကတော့ ကျနော်တို့ မြန်မာတွေအနေနဲ့အင်မတန်မှ ရင်းနှီးကျွမ်းဝင်ရတဲ့ အမည်ဖြစ်နေပြီး၊မြန်မာမိန်းခလေး အတော်များများကလည်း ”သီတာ” ဆိုတဲ့အမည်ကို ပေးတတ်ကြပါတယ်။
အံမယ် ကိုယ်ကိုယ်တိုင်တောင် သီတာ ဆိုသော မိန်းမချောလေး နှစ်ယောက်ကိုတောင် စိတ်ဝင်စားခဲ့ဖူးပါ
သကော။

ဝတ္ထုရဲ့ နိဒါန်းဟာ အရမ်းလှတယ်၊စာဆရာမဟာ
သူ့ကိုယ့်သူ”သီတာ” နေရာကနေ ရေးပြလိုက်တယ်။

ပဏ္ဍိတ်ကြီးက ဆယ်စုနှစ်ပေါင်းများစွာရေးသားလာတဲ့ ကျမ်းကြီးကို သီတာ ကိုပေးလိုက်တယ်။
သီတာကဖတ်ပြီး ဒါဟာ ကောင်းမွန်ပါတယ်၊
ဒါပေမဲ့ ​မှောင်မည်းနေတဲ့ဆိပ်ဖလူးပင်အောက်မှာ တယောက်ထဲရှိနေတဲ့အချိန် ကျမ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပဏ္ဍိတ်ကြီး မသိပါဘူး၊ကျမရဲ့စိတ်ဆင်းရဲမှုကိုလည်း ပဏ္ဍိတ်ကြီး မသိပါဘူး၊အချစ်ခံရဆုံးမိန်းမသားဖြစ်ခဲ့ရတဲ့ ကျမရဲ့ကြည်နူးမှုကိုလည်း ပဏ္ဍိတ်ကြီး မသိပါဘူးလေ။
ဘာကြောင့်လဲဆိုတော့ ပဏ္ဍိတ်ကြီးဟာ မိန်းမတယောက်ရဲ့ဘဝကို နားမလည်လို့ပါ၊ပျော်ရွှင်မှုသုခ၊
ရင်ကွဲနာကျရတာ၊ထိန်းချုပ်ထားရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ရတဲ့ မိန်းမတယောက်ရဲ့ဘဝကို ပဏ္ဍိတ်ကြီး နားမလည်ပါဘူး၊
ချစ်ရတဲ့သားတော်အတွက် ရာဇပလ္လင်ကို လုယူခဲ့တဲ့
အယုဒ္ဓယပြည်ဘုရင် ဒသရဌမင်း၏ဒုတိယမိဖုရား
ကေကေယီ၊ကျောက်တုံးအဖြစ်သို့ပြောင်းသွားတဲ့
အာဟာလျာ၊မှော်ရုံတောထဲက ကဝေရှင် သုပနခါ၊
ရာဝဏ၏ကြင်ရာတော် မန္ဓောဒရီ၊ကျမ၏ညီမတော်
ဥရ်မိလာ စတဲ့စတဲ့သူတွေရဲ့အကြောင်းကို ရေးပြရမယ်၊အဲ့ဒိသူတွေရဲ့အကြောင်းတွေမပါရင် ကျမဇာတ်လမ်းက ပြီးပြည့်စုံမှ မဟုတ်ဘူးဆိုပြီး
သီတာက ပြန်ပြောပြနေတဲ့ပုံစံနဲ့ရေးပြလိုက်တာဗျာ၊
သီတာကိုဖတ်နေရတာ ဘာနဲ့တူသလဲဆိုရင် နှလုံးခုန်နှုန်းတိုင်းတဲ့ ECG စက်က ပြနေတဲ့ နှလုံးခုန်နှုန်း ဂရပ်မျဥ်းလေးတွေလိုပါပဲ။

သီတာရဲ့ဘဝဟာ မြင့်လိုက်၊နိမ့်လိုက်၊မြင့်လိုက်၊နိမ့်လိုက်နဲ့ဖြစ်နေရတယ်။ ဖတ်နေရင်းနဲ့ သီတာရဲ့ဘဝကကြည်နူးချစ်စရာကနေ ကြေကွဲစရာ၊နှလုံးညှိုးနွမ်းစရာဖြစ်သွားရတယ်။
အဲ့ဒီလိုဖြစ်နေရာကနေ ကြည်နူးစရာ၊ဝမ်းသာစရာဖြစ်သွားရသလို ထပ်ပြီး ကြေကွဲဝမ်းနည်းစရာ ဖြစ်သွားရပြန်ရော၊ဝမ်းနည်းရာကနေ သီတာ တယောက် ပြီးပြည့်စုံလို့ ဝမ်းသာစရာ ဖြစ်သွားပြီကွာ ထပ်ပြီးတော့ ကြေကွဲစရာတွေ မကြုံပါနဲ့တော့လို့ ဖတ်နေရင်းနဲ့ဆုတောင်းမိရတဲ့ ဝတ္ထုဇာတ်လမ်းပါ။

ဒီစာအုပ်မှာ အချစ်နဲ့ပတ်သက်ပြီး ဆိုရိုး၊တွေးဆချက်၊ဒဿနလေးတွေ ထည့်ပေးထားတာ ဖတ်ရပါတယ်။နောက်ပြီး လူကောင်းသူကောင်း အုပ်ချုပ်သူများနှင့်ပတ်သက်ပြီး ဒဿနလေးတွေ ထည့်ပေးထားတာကို သတိပြုဖတ်ရှုမိပါတယ်။

ရာမ်းနဲ့သီတာ၊လက္ခဏတို့ဟာ ရာဝဏကိုအောင်နိုင်၊
အယုဒ္ဓယကို ပြန်ပြီးပိုင်စိုးလို့ မင်းကျင့်တရားတွေနဲ့အညီ တိုင်းပြည်ကိုအုပ်ချုပ်လို့ မင်းကောင်းမင်းမြတ်တွေဖြစ်ရတယ်။အဲ့ဒီလို အုပ်ချုပ်တဲ့သူများကို
တိုင်းသူပြည်သားများက ချစ်မြတ်နိုးကြသော်လည်း သူတို့မိသားစုများကတော့ စွန့်လွှတ်အနစ်နာခံမှုများအတွက် မကြာခဏ ခါးစည်းခံကြရပါတယ်တဲ့၊
အဲ့ဒီ စာသားကိုဖတ်ပြီး ကျနော်ကလေ စွန့်လွှတ် အနစ်နာ ခံနိုင်သူ မိခင်ကြီး တစ်ဦးရဲ့ဘဝကို လှမ်းမြင်မိလိုက်တာပါပဲ။ထိုနည်းတူ စွန့်လွှတ်အနစ်နာခံနေတဲ့ ဓမ္မသမားများကိုလည်း မျက်စိ၊နှလုံးသားထဲထိ မြင်လိုက်ရပါတယ်ဗျာ။

ဖတ်နေရင်း ကျနော်ရေးပြသလိုပဲ သ်ီတာရဲ့ ပျော်ရွှင်မှုဟာ အဆုံးသတ် ကြေကွဲစရာနဲ့ ကြုံလာပြန်ရောဗျာ။ဘယ်လို ကြုံလာရသလဲဆို ရာမ်းကလက္ခဏကို မရီးဖြစ်သူ သီတာကို အပန်းဖြေဖို့ မှော်ရုံတောထဲကိုလိုက်ပို့တယ်၊အပြန်မှာတော့ လက္ခဏက သီတာကိုဒီတောထဲမှာပဲထားခဲ့ဖို့ ဘုရင်က အမိန့်ပေးထားတယ်လို့ပြောပါတယ်၊အဲ့ဒီမှာ သီတာက အရမ်းအံ့သြပြီး ဘာကြောင့်လဲလို့ မေးတဲ့အခါ သီတာအခုရနေတဲ့ လွယ်ထားရတဲ့ ကိုယ်ဝန်ဟာ ရာမ်းနဲ့ရတာ မဟုတ်ပဲ၊ရာဝဏတွေကြီးစိုးတဲ့ ဘီလူးတောထဲမှာ တဦးဦးနဲ့ မဖြစ်နိုင်ဘူးလားဆိုတဲ့ တိုင်းသူပြည်သားအချို့ရဲ့ အတင်းအဖျင်းနဲ့ကောလဟလတို့ကြောင့် သီတာအပေါ်မှာစိတ်သင်္ကာမကင်းဖြစ်နေရတဲ့ ရာမ်းရဲ့ သဘောထားကြောင့်လို့ ပြောလိုက်တဲ့အခါ သီတာဟာယူကြုံးမရကြေကွဲသွားရပြီး မှော်ရုံတောမှာကျန်ခဲ့ရတယ်။နေရတယ်၊ကလေးမီးဖွားရတယ်၊ကလေးတွေကြီးပျင်းလာတဲ့အချိန်ထိနေရတယ်။
အဲ့ဒိမှာဗျာ ကျနော့်စိတ်ထဲမှာရာမ်းကို မကျေမနပ် ဖြစ်မိတယ်၊ဒေါသထွက်ရတယ်။

ရာဝဏတို့ကိုအောင်နိုင်ပြီးတဲ့အခါ အယုဒ္ဓမြို့ကိုပြန်ဖို့ နတ်တွေက ပုဿပါက ဆိုတဲ့ယာဥ်ပျံကြီးကို ဖန်တီးပေးတယ်။အဲ့ဒိ ပုဿပါက ယာဥ်ကလည်း သူကိုယ်တိုင်ကနတ်တပါးအလားကို စာရေးဆရာမကခြယ်မှုန်းပေးထားတယ်။စာရေးဆရာမက ရာမ်းနဲ့သီတာတို့ရဲ့ချစ်တလင်းခေါ်တဲ့ချစ်ဗျုဟာကို ဘယ်လိုဖန်တီးရေးထားသလဲဆိုရင်……
ပုဿပါက ယာဥ်ပေါ်မှာဖန်တီးပေးထားတဲ့ အိပ်ရာပေါ်မှာ ၁၃ နှစ်ကြာကွဲနေသော ကျမတို့ တဦးကိုတဦးဖက်တွယ်ထားရင်း အလျင်လိုသောဆန္ဒများနှင့်ရင်ခုန်သံတို့က စည်းချက်မြန်၊ကျမတို့သည် တဦးကိုတဦး အားပြုရင်း လရောင်အောက်တွင် ချစ်တေးကိုသီကြူးခဲ့ကြသည်။စိတ်လှုပ်ရှားလွန်းရာက ရာမ်း၏ရင်ဘတ်တွင် ကျမ၏လက်သည်းရာများ ကျန်နေခဲ့သည်။ရာမ်းကကျမ၏အလိုရှိရာဖြစ်နေသော ခန္ဓာကိုသူ့အတွက် စိတ်ခံစားမှု အကောင်းဆုံးဖြစ်စေမည့် အနေအထားအတိုင်း ကွေးညွှတ်လိုက်ပါသည်။တဦးမျက်နှာတဦးကြည့်ရင်း အကြိမ်ကြိမ် စိတ်ကျေနပ်မှုရကာ နောက်ထပ်ဖြစ်လာဦးမည့် ချစ်ခြင်းသုခကိုသာ တောင့်တ၍နေသလို ဆာလောင်မွတ်သိပ်နေသော ခန္ဓာကိုယ်များမှာ တကွဲတပြားဖြစ်နေသော အရာနှစ်ခု ချက်ကနဲမြည်ပြီး ပြန်ပူးပေါင်းသွားသလို ရာမ်းကစိတ်ကျေနပ်သွားသော သာယာမှုကြောင့် သက်မရှည်ကြီးချကာ ကျမကိုသူ့ရင်ဘတ်နှင့်ဆွဲကပ်ထားသည်။

ကဲဗျာ ရာမ်းနဲ့သီတာရဲ့ ပြန်လည်တွေ့ဆုံရတဲ့ လင်မယားညသရုပ်ကို စာရေးဆရာမက သီတာ အနေနဲ့ဘယ်လောက်တောင်ခံစားပြီး ရေးပြသွားတာ၊ ဒါကို
ရာမ်းက သီတာရဲ့ကိုယ်ဝန်ကို သံသယ ဖြစ်နေသေးတာ၊သူဟာ အတင်းအဖျင်းစကားကိုမခံနိုင်တဲ့ ခွဲခြမ်းမစိတ်ဖြာနိုင်တဲ့ ယောက်ျားတယောက်ဖြစ်သွားရတယ်၊
ရာဝဏတို့လက်ထဲမှာရှိနေတဲ့ အချိန်ကာလ၊ ရလာတဲ့ကိုယ်ဝန်ရဲ့အချိန်ကာလကို ရာမ်းတယောက် မတွက်ဆနိုင်လောက်အောင် ညံ့ဖျင်းလှပါလား။

စာရေးဆရာမဟာ ဝတ္ထုအဖွင့်မှာ သီတာ အနေနဲ့လှပစွာ ဖွင့်နိုင်သလို ဇာတ်သိမ်းကို ဘယ်လိုများ
သိမ်းပါ့မလဲ၊ဖတ်နေရင်း စိတ်ထဲမှာဖြစ်နေမိတယ်။
ဝတ္ထု တပုဒ်လုံးဟာ အချိုးအကွေ့တွေ၊အမြုပ်တွေ၊စိတ်ကူးတွေနဲ့ရေးသားလာခဲ့တာ ဘယ်လိုများ အဆုံးသတ်မလဲပေါ့။
အဆုံးသတ် ဇာတ်သိမ်း အရမ်းလှတယ်ဗျာ၊
စာဖတ်သူ ကျနော့်အဖို့ကလည်း ဖတ်နေရင်း သီတာ ကို သည်လိုပဲ ဖြစ်စေချင်တာ၊
စာရေးဆရာမဟာ နားယောင်တတ်တဲ့ အိမ်ထောင်သည်ယောက်ျားများအတွက် သစ္စာတရားနဲ့အမှန်တရားနဲ့ ပတ်သက်ပြီး သက်သေပြစရာမလိုဘူးဆိုတဲ့ သီတာရဲ့အယူအဆကို မိန်းမထုကြီးအတွက်ပါပြသွားပြီး ဇာတ်သိမ်းပစ်လိုက်တာပါ။

နိဂုံးချုပ်ရရင် ဆရာပါရဂူ မရှိတော့တဲ့နောက် အိန္ဒိယရဲ့ဝတ္ထု၊ဟိန္ဒီဝတ္ထုတွေကို ပြတ်လပ်သွားတဲ့ နေရာမှာ စာဖတ်သူတွေအတွက် အစားထိုး စာရေးဆရာတယောက်တော့ ရပြီဆိုတာရယ်၊
ဒီစာအုပ်ဟာ ဘာသာရေးနဲ့ပတ်သက်ပြီး ထိရှနိုင်တဲ့ အကွက်လေးတွေပါသလို ရာဝဏတုန်းကလည်း ဖြစ်ခဲ့ပါတယ်။

မူရင်း အိန္ဒိယနိုင်ငံကြီးမှာ ဟိန္ဒူဘာသာဝင်တွေကြားမှာ အတွေးအခေါ်လွတ်လွတ်လပ်လပ်နဲ့ သူတို့ရဲ့ ဇာတ်တော်လာ ရာမ၊သီတာ၊ရာဝဏ တို့ကို မူတည်ထားပြီး ဇာတ်လမ်းဆင်ရေးဖွဲ့ထားကြတာဟာ စာပေအနုပညာနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ကွန်မြူးနိုင်သလို လွတ်လပ်စွာလည်း ရေးဖွဲ့နိုင်တယ်ဆိုတာကို တွေ့ရပါတယ်။
ဒါကြောင့်မို အခု ဝတ္ထုဖြစ်တဲ့ ”သီတာ” ဟာလည်း အတွေးအခေါ်အယူအဆတွေလွတ်လပ်စွာနဲ့ အနုပညာမြောက်စွာ ကွန့်မြူးရေးဖွဲ့ထားတာမို့ မူရင်း စာရေးဆရာကောင်းသလို ဘာသာပြန်ဖတ်ရတာလည်း မြန်မာစာချောမွေ့လှပါတယ်။

ဖတ်ချင်ရင်တော့ စာအုပ်ဆိုင်တွေမှာ ဝယ်တာ ဖတ်ကြပါလေ။


#သီတာ
#သီတာယဏ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon