The Pulse

The Pulse

Share

Helping your heart beating alive

31/01/2024

Early detection is the best protection

အမျိုးတွေထဲမှာ နှလုံးသွေးကြောကျဉ်းလို့ သွေးကြောထောက် (stent) ထည့်လိုက်ရတဲ့ သတင်းတွေကြားပြီး ဦးတင်တစ်ယောက် သူ့မှာများ ‌နှလုံးသွေးကြောကျဉ်းရှိနေမလား စိုးရိမ်နေတာပေါ့။ တစ်ခါတစ်လေ ရင်ဘတ်အောင့်သလိုဖြစ်တာကလွဲပြီး တခြားရောဂါလက္ခဏာဘာမှမပြပေမယ့် အသက်ကလဲ ၆၇ နှစ်ဆိုတော့ မငယ်တော့ဘူးလေ။ နောက်ပြီး သွေးတိုးအခံလေးကလဲရှိတော့ စိုးရိမ်မိတာပေါ့။

အဲ့တာနဲ့ နှလုံးအထူးကုဆီသွားတိုင်ပင်တော့ ဆရာဝန်က သူ့ကို Coronary Artery Calcium Score ဆိုတာကို စစ်ခိုင်းတယ်။ ဒီ test က ဦးတင်လို အသက် ၄၅ ကနေ ၇၀ကြား ရောဂါလက္ခဏာကြီးကြီးမားမားမပြတဲ့သူတွေ နဲ့ ရံဖန်ရံခါ ရင်ဘတ်အောင့်သလိုခံစားရသူ‌တွေမှာ နှလုံးသွေးကြောကျဉ်းနိုင်မှုရှိမရှိ သေချာခန့်မှန်းပေးနိုင်တဲ့ ထိရောက်တဲ့ စစ်ဆေးမှုတစ်ခုပေါ့။ ကုန်ကျစရိတ်နည်းပြီး လူမပင်ပန်းဘဲ သက်သက်သာသာနဲ့ ထိရောက်တဲ့အဖြေတစ်ခုကို ရနိုင်တယ်လေ။

စစ်‌ဆေးဖို့ဆိုရင် CT ရိုက်တဲ့စက်အဝိုင်းကြီးထဲကို နှစ်မိနစ်လောက်ဝင်ပြီး ပြန်ထွက်လာရုံပဲ။ အဲ့အချိန်အတွင်း CT စက်က နှလုံးသွေးကြောနံရံတလျှောက်မှာရှိတဲ့ Calcium ထုံးဓာတ်တွေကို ဓာတ်မှန်ရိုက် တွက်ချက်ပေးလိုက်တာပါပဲ။ အဖြေ Calcium Score က များလေလေ နှလုံးသွေးကြောကျဉ်းပြီး ပိတ်ဖို့‌ရာခိုင်နှုန်းများလေလေပါပဲ။ Score 100 ကျော်ပြီဆိုတာနဲ့ နှလုံးသွေးကြောအနည်းငယ်ကျဥ်းနေနိုင်ပြီဖြစ်လို့ ကာကွယ်ကုသမှု တစ်ခုခု စတင်ခံယူရမှာဖြစ်ပါတယ်။

ဦးတင်ရဲ့ Score က 2000 ကျော်တောင် ထွက်လာတော့ နှလုံးအထူးကုက ပိုသေချာအောင် သူ့ကို ECG ‌တပ်ပြီး ပြေးစက်ပေါ်မှာ ထပ်ပြေးခိုင်းတော့တာပါပဲ။ အဲ့မှာလဲ နှလုံးသွေးကြောကျဉ်းနေပြီဆိုတာ ထပ်တွေ့တော့ ဆရာဝန်က နှလုံးသွေးကြောကို လက်ကနေပိုက်တွေထည့်ပြီး ဓာတ်မှန်ရိုက်သင့်တယ် အကြံပေးတယ်လေ။ ဒါနဲ့ နှလုံးသွေးကြောဓာတ်မှန်လဲရိုက်ပြီးရော နှလုံးသွေးလွှတ်ကြော သုံးချောင်းမှာ တစ်ချောင်းက ၅၀% ပိတ်ပြီး တစ်ချောင်းက ၉၀% အထက်ကျဉ်းနေတာ တွေ့သွားပါတော့တယ်။ အဲ့တာနဲ့ ဦးတင်လဲ လိုအပ်တဲ့ကုသမှုတွေ ဆက်လက်ခံယူရတော့တာပေါ့။

ဒီမှာအရေးကြီးတာက ကိုယ်က အသက် ၄၅နှစ်ကျော် ဆေးလိပ်သောက်မယ် နှလုံရောဂါဖြစ်နိုင်တဲ့ ရောဂါအခံတွေရှိမယ် နီးနီးစပ်စပ်ဆွေမျိုးတွေမှာ နှလုံးသွေးကြောပိတ်ဖူးတာရှိတယ်ဆိုရင် နှလုံးအထူးကုဆီပြသပြီး လိုအပ်တဲ့စစ်‌ဆေးမှုတွေပြုလုပ်ပါ။ အချိန်မှီသိရှိကုသခြင်းက အကောင်းဆုံးကာကွယ်ခြင်းတစ်မျိုး ဖြစ်ပါတယ်။

25/01/2024

နှလုံးသွေးကြော ဘာလို့ကျဉ်းတာလဲ။ ဘယ်လိုကာကွယ်ကြမလဲ ❓

ပတ်ဝန်းကျင်မှာ ကိုယ့်အသက်ဝန်းကျင်သူတွေ နှလုံးသွေးကြောပိတ်တယ်ကြားလို့ ကိုယ့်မှာရော နှလုံးသွေးကြောကျဉ်းနေပြီလားလို့ တွေးမိကြဖူးလား ❓

အရင်ဆုံး ကိုယ့်ဆီမှာ နှလုံးသွေး‌လွှတ်ကြောကျဉ်းစေတဲ့အရာတွေ ဘာတွေဖြစ်နေလဲ ဆန်းစစ်ဖို့လိုပါတယ်။ 🤔

🍬 အားလုံးထဲမှာ အဆိုးဆုံးက ဆီးချို သွေးချို ဖြစ်ခြင်းပါ။ ဆီးချိုသေချာမထိန်းနိုင်ရင် နှလုံးသွေးကြောကျဉ်းဖို့က ဗေဒင်ဆရာသွားမေးစရာ မလိုတော့ပါဘူး။ သွေးချိုဆီးချိုရှိရင် သွေးတွင်းသကြားဓာတ်နဲ့ သုံးလသကြားဓာတ် (HbA1C) ကိုသေချာထိန်းပါ။

⏲️ နောက်တစ်ခုက သွေးတိုးရောဂါပါ။ သွေးတိုးကို သေချာ မကုခြင်း၊ သွေးအရမ်းတိုးခြင်းက လေဖြတ်ခြင်းကို ဖြစ်စေသလို နှလုံးသွေးကြောကျဉ်းစေတဲ့ အဓိက တရားခံ တစ်ခုဖြစ်ပါတယ်။ သွေးတိုးရောဂါရှိရင် သွေးပေါင်ချိန် ပုံမှန်ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။

🚬 သွေးတိုး ဆီးချိုတို့ နည်းတူ နှလုံးသွေးကြောကျဉ်းစေတာက ဆေးလိပ်သောက်တာပါပဲ။ ဆေးလိပ်သောက်နေရင် နှလုံးသွေးကြောပိတ်ပြီး အသက်ဆုံးရှုံးဖို့ ဆေးလိပ်မသောက်သူတွေထက် သုံးဆ ပိုဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်နေရင် အခုပဲ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါ။ ဒီနေ့ဆေးလိပ်ဖြတ်ရင် ဒီနေ့စပြီး အကျိုးခံစားရမှာပါ။

🍜🧀 သွေးတွင်း အဆီဓာတ်များခြင်းကလဲ နှလုံးသွေးလွှတ်ကြောနံရံတ‌လျှောက် အဆီများစုပုံ ပိတ်စို့မှုကိုဖြစ်စေနိုင်ပါတယ်။ အစားအသောက်မှာ အဆီအစိမ့် လျှော့စားပါ။ သွေးတွင်း အဆီဓာတ်များနေပြီဆိုရင် သွေးတွင်းအဆီကျဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သေချာသောက်ပါ။

👨‍👩‍👧‍👦 မိသားစုထဲ ငယ်ငယ်ရွယ်ရွယ် နှလုံးသွေးကြောကျဉ်းရောဂါရှိတဲ့သူ၊ နှလုံးသွေးကြောပိတ်လို့ ဆုံးပါးဖူးသူရှိရင် ကိုယ့်မှာလဲ နှလုံးသွေးကြောကျဉ်းဖို့ အခွင့်အရေးပိုများပါတယ်။

😥🏃နောက်ဆုံးတစ်ခုက ကိုယ်လက်လှုပ်ရှားမှုအားနည်းတာ၊ အလုပ်ပင်ပန်းမှု ဒဏ်ခံရမှုတွေကလဲ ကြာလာရင် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်ပေါ်လာစေပါတယ်။ အဲ့တာကြောင့် စိတ်ဖိစီးမှုမများအောင် နေထိုင်ပါ။ တရားထိုင်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

31/12/2023

အားလုံးပဲ နှစ်သစ်မှာ နှလုံးသားလေးတွေ ပိုမိုကျန်းမာရွှင်လန်း နိုင်ကြပါစေ

24/12/2023

Dear all, Merry Christmas and Happy New Year

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ Christmas နဲ့ နှစ်သစ်အကူးအပြောင်းကာလလေး ဖြစ်ပါစေ။ နှစ်သစ်မှာ ကောင်းကျိုးလိုရာ ဆန္ဒတွေ တစ်လုံးတစ်ဝ တည်းပြည့်စုံကြပါစေ။

祝大家圣诞快乐,新年快乐
祝你梦想成真

25/11/2023

နှလုံး‌သွေးကြောပိတ်ပြီး အမောဖောက်ပြီဆို အချိန်ဘယ်လောက်ရလဲ ❓❓❓

နှလုံးကြွက်သားတွေ မထိခိုက်ဖို့ဆို ရင်ဘတ်အောင့် မောကျပ် ချွေးပြန် အေးစက် တဲ့အချိန်ကနေစပြီး golden hour လို့ခေါ်တဲ့ တစ်နာရီအတွင်း သွေးကြောပြန်ဖွင့်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဘာလို့ဆို နာရီဝက်ကနေ တစ်နာရီခွဲအတွင်း သွေးမရောက်ရင် နှလုံးကြွက်သားတွေ စထိခိုက်လာမှာမို့ပါ။ စာတွေအဆိုအရ ရောဂါ‌လက္ခဏာတွေ ‌စပေါ်ပြီး ၄ နာရီ အတွင်း အသက်အန္တရာယ်အရှိဆုံး အသေအပျောက်အများဆုံး အချိန်တွေလို့လဲ ဆိုထားပါတယ်။

အဲ့တာကြောင့် တတ်နိုင်သမျှ မြန်နိုင်သမျှ မြန်မြန် သွေးကြောပြန်ဖွင့်ပေးနိုင်တဲ့ ဆေးရုံဆီကို ရောက်ဖို့လိုအပ်ကြောင်း ‌အသိပညာပေးတင်ပြအပ်ပါတယ်။

25/11/2023

Cath Lab ဆိုတာဘာလဲ ❓❓❓

Cath Lab ဆိုတာ catheterization lab ကို အတိုကောက်ခေါ်တာပါ။ သွေးလွှတ်ကြော သွေးပြန်ကြောတွေမှာ သွေးဖောက်တဲ့အပ်လေးနဲ့ အပေါက်လေး‌ဖောက် catheter (ပိုက်လုံး) သေးသေးလေးတွေ ထည့်ပြီး ရောဂါရှာဖွေကုသပေးတဲ့ အခန်းမို့ catheterization lab လို့ခေါ်ပါတယ်။

အခန်းက ခွဲစိတ်ခန်း (OT) လိုပါပဲ အထပ်ထပ်ပိုးသတ်ထားရတယ်။ ပိုးသတ်ထားတဲ့ အဝတ်ဖိနပ်ပဲ ဝတ်ခွင့် စီးခွင့်ရှိတယ်။

အာ့ဆိုဘာလို့ lab လို့ခေါ်လဲ။ သွေးဖောက်တဲ့အပ်နဲ့ထိုးပြီး သွေးကြောထဲ တိုက်ရိုက်ဝင် အလုပ်လုပ်တဲ့ နေရာမို့ lab ပေါ့။

OT ထက်ထူးတာက Cath Labရဲ့ ရှာဖွေကုသမှု (procedure) တိုင်းမှာ Cath Lab အတွက် အထူးပြုလုပ်ထားတဲ့ ဓာတ်မှန်စက်ကို အသုံးပြုရပါတယ်။ အဲ့တာကြောင့် ဓာတ်ရောင်ခြည်သင့်မှု အနည်းငယ်ရှိပါတယ်။ ရှာဖွေကုသမှု‌တွေကို ခွဲစိတ်ဆရာဝန်တွေက လုပ်ပေးတာမဟုတ်ဘဲ အဓိကအားဖြင့် နှလုံးသမားတော်ကြီးတွေနဲ့ ဓာတ်မှန်ဆရာဝန်ကြီးတွေက လုပ်ပေးတာပါ။ ဒါကြောင့် Cath Lab ကို နှလုံးနှင့်သွေးကြော အထူးကုဌာန လို့ခေါ်ဆိုနိုင်ပါတယ်။

25/11/2023

ဘာကြောင့် နှလုံးအမောဖောက်တာလဲ

နှလုံးအမောဖောက်တယ်ဆိုတာ နှလုံးဆီကိုသွေးလွှတ်ပေးနေတဲ့ နှလုံးသွေးလွှတ်ကြော တစ်ခုခုပိတ်သွားလို့ နှလုံးကြွက်သားတွေဆီ အောက်ဆီဂျင်နဲ့ သွေးငတ်ပြီး သူတို့အလုပ်ကောင်းကောင်း အလုပ်မလုပ်နိုင်တော့လို့ မောကျပ်ပြီး ရင်ဘတ်နာလာတာကိုခေါ်တာပါ။

အဲ့တော့ နှလုံးသွေးကြောပိတ်စေနိုင်တဲ့ အကြောင်းတွေက နှလုံးအမောဖောက်စေပါတယ်။ ဘာတွေလဲဆိုတော့ ....

⚕️ ဆီးချိုသွေးချို ကောင်းကောင်းမထိန်းနိုင်တာ
⚕️ ဆေးလိပ်စွဲသောက်တာ
⚕️ သွေးပေါင်ချိန်အတက် သေချာမထိန်းနိုင်တာ
⚕️ သွေးအတွင်းအဆီဓာတ်များတာ
⚕️ အဝလွန်တာ
⚕️ စိတ်ဖိစီးမှုများတာ
⚕️ ကိုယ်လက်လှုပ်ရှားမှု အားနည်းတာ

တွေကြောင့် အဓိကအားဖြင့် ဖြစ်ကြပါတယ်။ ဒီအထဲမှာ ဆီးချိုသွေးချို မထိန်းနိုင်လေ ဆေးလိပ်သောက်လေ သွေးတိုးလေလေ သာမန်လူတွေထက် အဆနဲ့ချီပြီး နှလုံးသွေးကြောပိတ် နှလုံးအမောဖောက်စေမှာဖြစ်ပါတယ်။

25/11/2023

ရုတ်တရက် နှလုံးအမောဖောက်ခြင်း နှင့် ရင်ဘတ်အောင့်ခြင်း

နှလုံးသွေးလွှတ်ကြော တစ်ခုခု ရုတ်တရက်ပိတ်သွားတဲ့အခါ နှလုံးကြွက်သားတွေ သွေးငတ်ပြီး ရင်ဘတ်အောင့်ခြင်းကို စတင်ခံစားရမှာဖြစ်ပါတယ်။

အထူးသဖြင့် ဘယ်ဘက် ရင်ဘတ် အပေါ်ပိုင်းမှာ တစ်ခုခုကဖိထားသလို (စူးကနဲ ထိုးအောင့်တာမျိုးမဟုတ်ပါဘူး) နာပြီး မောကျပ်လာမယ်၊ ချွေးစေးတွေထွက်ပြီး ခြေ‌လက်တွေ အေးလာပြီဆိုရင် အရမ်းအရေးကြီးနေပါပြီ။ နီးစပ်ရာ ဆေးရုံအရေးပေါ်ကို အမြန်သွားဖို့ အချက်ပြနေတာဖြစ်ပါတယ်။

ဒီ‌‌နေရာမှာ GP ဆေးခန်း နဲ့ ဆေးခန်းအသေးတွေဆီ လုံးဝ (လုံးဝ) မသွားပါနဲ့။ ဘာလို့ဆို ECG ဆွဲဖို့ကြာနိုင်တယ်။ Diagnosis ရဖို့ကြာနိုင်တယ်။ အရေးပေါ်ဆေးတွေ ပစ္စည်းတွေ ဆောင်မထားတာဖြစ်နိုင်တယ်။

အဲ့တာကြောင့် အနည်းဆုံး အရေးပေါ်ရှိတဲ့ ဆေးရုံကိုတန်းသွားပါ။ သွားနိုင်ရင် နှလုံးနှင့်သွေးကြောချဲ့ဌာန (Cath Lab) ရှိတဲ့ နေရာကို တန်းသွားတာဟာ လူနာရဲ့အသက်ကို ကယ်တင်ဖို့ အချိန်မှီနိုင်ပါလိမ့်မယ်။ အောက်ကပုံလေးကတော့ နှလုံးအမောဖောက်ရင် ခံစားရနိုင်တဲ့ တခြားရောဂါလက္ခဏာ လေးတွေပါ။

ECG ဆွဲပြီးပေမယ့်ဘာဖြစ်မှန်း သေချာမသိ။ လူနာကလဲ ရင်ဘတ်အောင့်တုန်းပဲ။ ဘယ်ကိုသွားရမလဲလဲ မသိဘူးဆိုရင်တော့ cb ကိုသာလာခဲ့ပါ။ The Pulse မှ ကူညီပေးပါရစေ။

14/11/2023

ရင်ဘတ်ခဏခဏ‌အောင့်လို့ ဖြစ်ဖြစ် ခဏခဏ နေလို့မရအောင် နှလုံးအရမ်းခုန်လို့ဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် ECG ဆွဲပြီး ကျွမ်းကျင်တဲ့ ဆရာဝန် ဆီက အဖြေရဖို့ ခက်ခဲနေပါသလား❓

အရေးပေါ် နှလုံးအမောဖောက်တဲ့ လူနာတွေအတွက် ECG ဆွဲပြီး တိုင်ပင်စရာ ကျွမ်းကျင်တဲ့သူ လိုအပ်နေပါ‌သလား ❓

ECG အဖြေတွေကို အချိန်နဲ့တပြေးညီ ပေးနိုင်ဖို့ ခုန်နေတဲ့ နှလုံးသားလေးတွေ ဆက်လက်ရှင်သန် ခုန်နေစေဖို့ The Pulse မှကူညီပေးပါရစေ။ ECG အဖြေမရနိုင်လို့ဖြစ်ဖြစ် ECG အဖြေရ နောက်ကျလို့ဖြစ်ဖြစ် အသက်အန္တရာယ်ကြုံတွေ့မှုတွေ နည်းနိုင်သမျှနည်းအောင် ရည်ရွယ်ပြီး ဒီ page ရဲ့ message box မှတစ်ဆင့် တစ်ရာရာခိုင်နှုန်း အခမဲ့ ကူညီမှုပေးသွားမှာဖြစ်ပါတယ်။

ECG အဖြေပေးရုံတင်မဟုတ်ဘဲ လိုအပ်ရင် လိုအပ်သလို သက်ဆိုင်ရာ ဆေးရုံဆေးခန်း ဆရာဝန်တွေနဲ့ ချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon