Rangoon Raccoons

Rangoon Raccoons

Share

Making Music Education Accessible To All Of Myanmar.

Photos from Rangoon Raccoons's post 26/05/2026

day 2 - performing media, အောင်မြင်စွာ ပြီးဆုံးပြန်ပါတယ်။ ဒုတိယနေ့အထိ အားမလျှော့ပဲ တက်ပေးကြတာတွေ့ကြလို့ အားရပါတယ်။ ပထမနေ့က ၃ နာရီကြာသွားလို့ ဒီနေ့ လျှော့ပြောဖို့ကြိုးစားလိုက်တာ ၃နာရီပါခွဲသွားပါတယ်။ အဲ့အတွက်လဲ အားနာပါတယ်။

တတိယနေ့မှာ ပြန်တွေ့ချင်ပါသေးတယ်ခင်ဗျ။

Photos from Rangoon Raccoons's post 25/05/2026

ပထမရက် အောင်မြင်စွာ ပြီးမြောက်ပါပြီခင်ဗျာ။ ၃ နာရီကြာ အားမပြတ်ပဲ စိတ်ဝင်တစား လေ့လာ၊မေးမြန်းတဲ့ ကျောင်းသား ၃၀ နီးပါး အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒုတိယရက် "Media" မှာလဲ မလျော့သောဇွဲနဲ့ ပြန်တွေ့ချင်ပါတယ်ခင်ဗျ။

Photos from Rangoon Raccoons's post 24/05/2026

၈ ရက် အခမဲ့ workshop စာရင်းပေးရန် အတွက် ၁ ရက်ပဲ ကျန်ပါတော့တယ်။ လောလောဆယ် အထိ အယောက် ၃၀ စာရင်းပေးထားပြီး၊ ၁၀ ယောက် တက်ခွင့် ရရှိထားပါတယ်။ workshop အချက်အလက်တွေကို ဒီပိုစ့်မှာ လိုတိုရှင်း ပြန်ရေးပေးလိုက်ပါတယ်။

ပရိုဂရမ် အပြည့်အစုံမှာ အဆင့် (၄) ဆင့်ပါပါတယ်။

ပထမ အဆင့် (၁) ၈ ရက်ကို အခမဲ့ သင်ပေးသွားမှာပါ။

ကျန် အဆင့် (၃) ဆင့် တန်ဖိုး ၅၀၀,၀၀၀ ကျပ်ဖြစ်ပါတယ်။

workshop မှာ တက်ရောက်၊ပါဝင်မှုအပေါ်မူတည်ပြီး 50% off အထိ စကော်လာရှစ် ရနိုင်ပါတယ်။ တစ်ဝက်တိတိပါ။

Workshop တက်ရောက်ရန် အဆင့်များ

အဆင့် ၁။ အောက်ပါပုံများကို လေ့လာကြည့်ပါ။

အဆင့် ၂။ ကောမန့်ရှိ သင်ရိုးအပြည့်အစုံကို လေ့လာကြည့်ပါ။

အဆင့် ၃။ နာမည်စာရင်းပေးရန် ဒီပိုစ့်ကို ဖတ်ပါ။

https://www.facebook.com/share/p/18gEwP7Por/

အဆင့် ၄။ မက်ဆင်ဂျာမှာ ပေးဖို့လာတဲ့ ဖောင်လေးကိုဖြည့်ပါ။

အဆင့် ၅။ အောင်မြင်ပါက ထပ်မံပေးပို့လာတဲ့ Telegram channel လေးကို join ထားလိုက်ရင် ရပါပြီ။

အဆင်ပြေကြပါစေ။

Photos from Rangoon Raccoons's post 20/05/2026

“ဂီတဆီသို့”

“အခမဲ့” ၈ ရက် အွန်လိုင်း တိုက်ရိုက် workshop + အပြည့်အစုံ နောက်ထပ် ၂၂ ရက် = ပေါင်း ရက် ၃၀

အခမဲ့ တက်ရောက်ရန်အတွက် စာမေးပွဲအတိုလေး ဖြေရပါမယ်။ ဒီပိုစ့်ထဲမှာ ရေးထားတာတွေကို ဘယ်လောက်သေချာဖတ်ထားလဲ ဆိုတာပဲ စစ်မှာပါ။ အောင်မှတ် ၈၀ ဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်ရှိပါတယ်။ အခမဲ့ သင်တန်းဖြစ်တာကြောင့် ကြိုးစားသူများကို ဦးစားပေးသွားမှာပါ။ စာဖတ်ပျင်းလို့ မရပါခင်ဗျာ။ သေချာဖတ်ပြီးသူမှ ဆက်သွယ်ပေးဖို့ တိုက်တွန်းပါတယ်။ လေ့လာကြည့်ပါ အကျိုးရှိစေမှာပါ။

ဖတ်ပြီး စာရင်းသွင်းမယ်ဆိုရင် ကောမန့်မှာ "တက်ပါမယ်" သို့မဟုတ် " ရှင်းပြပေးပါ" လို့ ရေးခဲ့ပါ။ ၂၄ နာရီအတွင်း ဆက်သွယ်လိုက်ပါမယ်။

ကံကောင်းပါစေ။

—-

“ဂီတဆီသို့ : အပြင်လူ မှ အတွင်းလူ”

သင်တန်းကို ဒီနာမည်ပေးရတာ ထူးဆန်းနေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အများစု တကယ်ခံစားနေကြရတာ ဒီပြသနာပါပဲ။

ပြည်တွင်းပြည်ပ ဂီတရေစီးကြောင်းထဲမှာ ကိုယ်ဟာ "အပြင်လူ" ဖြစ်နေတယ်။ အများစကားဝိုင်းထဲမှာ ဘယ်လို နားလည်ပါဝင်ရမလဲ မသိဘူး။ ဘယ်သူက မှန်တာလဲ မှားတာလဲ။ ဂီတကို ဘယ်လိုရှိလို့ ဘယ်ကစရမှန်း မသိဘူး။ ဟိုတစ်စ ဒီတစ်စ နဲ့ ဘယ်မှ မရောက်ဖြစ်နေကြတဲ့ ဂီတရဲ့ "အပြင်လူ" တွေ အတွက်ပေါ့။

ဒီတော့ ယုံကြည်ချက်ရှိရှိ၊ အရည်အချင်းရှိရှိ “အတွင်းလူ” ဖြစ်လာအောင် "ဂီတဆီသို့" ဘယ်လမ်းကြောင်းက ဝင်ရမှာလဲ။ ဒီဦးတည်ချက်နဲ့ သင်ရိုးစွဲပြီး နာမည်ပေးဖြစ်တာပါ။

ဘယ်သူတွေအတွက်လဲဆိုတော့ ကျွန်တော်တို့ ပုံမှန်ဖွင့်နေတဲ့ ABRSM အတန်းတွေလိုမျိုး ၂ နှစ်နီးပါး အချိန်ပေးပြီး မတတ်ချင်တဲ့ သူတွေအတွက်ဖြစ်ပါတယ်။

ဒီ ၂ နှစ်စာကို စုပြီး ရက် ၃၀ နဲ့ ရအောင် ရှင်းပြပေးသွားပါမယ်။ သင်တန်းကာလ အပြီးမှာ လေ့ကျင့်ခန်းတွေ ကိုယ်တိုင် ဆက်လုပ်ရမှာ ဖြစ်ပြီး ကိုယ်သွားရင် သွားသလောက် ခရီးရောက်နိုင်မှာ ဖြစ်ပါတယ်၊

—-

ဘာတွေသင်မှာလဲ။

အဘက်ဘက်က တီးမိခေါက်မိရှိတဲ့ ဂီတသမားဆိုတာ မိမိရဲ့တူရိယာ/အသံအပြင်မှာ ဒီဘာသာရပ်တွေကို ဒီအစဉ်အတိုင်း လေ့လာရပါမယ်။ အဆင့် (၄) ဆင့် ရှိပါတယ်။

---

အဆင့် ၁။ Musical Elements & Appreciation

မဟုတ်ပါ သီအိုရီ မဟုတ်သေးပါ။ ဂီတရဲ့ ပါဝင်အစိတ်အပိုင်းတွေကို သိရှိနားလည်မှုနဲ့ နားဆင်အသိအမှတ်ပြုနိုင်စွမ်း ဖြစ်ပါတယ်။ ဂီတကို သီအိုရီနဲ့ ဘာသာစကားလိုမျိုး မလေ့လာခင်မှာ၊ နားသီးသန့်နဲ့ နားလည်နိုင်စွမ်း အများကြီးရှိပါသေးတယ်။

ဂီတဆိုတာ ဘာလဲ၊ ဘာတွေပါလဲဆိုတဲ့ အခြေခံ အစိတ်အပိုင်းတွေကို နာမည်ကိုယ်စီနဲ့ ခွဲခြားသိပြီး၊ နားနဲ့ ဖမ်းယူနားဆင်နိုင်ဖို့ အဆင့်ပါ။

ဂီတကို အိမ်တစ်လုံးလို့ မြင်ကြည့်မယ်ဆိုရင် ဘာတွေပါမလဲ။ တကယ်တော့ အိမ်တစ်လုံးမှာ ပါဝင်ပစ္စည်း သိပ်များပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာ "မီးဆိုင်း" တို့ "လိုက်ကာ" တို့လိုမျိုး အသေးစိတ်သွားဦးမှာ မဟုတ်ပဲ တကယ်မရှိမဖြစ်လိုအပ်တဲ့ မြေဖောင်ဒေးရှင်း၊ နံရံ ၊ အမိုး ၊ တံခါး ၊ မျက်နှာကျက် စသည် စသည် ဒီလိုတွေ နားလည်ထားရမှာပါ။

ဒါတွေက ဂီတမှာဆိုရင် ဘာတွေလဲ။ တတ်နိုင်သလောက် မြန်မာလို ကြိုးစားရေးကြည့်ပါမယ်။

---

၁။ အသံ - ( Sound )

အသံရဲ့ သဘာဝ၊ အနိမ့်အမြင့်၊ အတိုးအကျယ်၊ အရောင် နဲ့ ဖွဲ့စည်းပုံ

၂။ အသံဆိုင်ရာ ပစ္စည်းများ - ( Performing Media )

သီဆိုသံ အမျိုးမျိုး နဲ့ range၊ တူရိယာအမျိုးမျိုးရဲ့ အသံနဲ့ အသံထုတ်ပုံ သဘော၊ လျှပ်စစ်တူရိယာများ

၃။ စည်းချက် - ( Rhythm )

၄။ သံစဉ် - ( Melody )

၅။ ဟာမိုနီ၊ ကီး၊ စကေး၊ မုဒ် - ( Harmony, Key, Scale, Mode )

၆။ ဂီတအလွှာများရဲ့ အသွင်အပြင်နဲ့ သဘောတရား - ( Texture )

၇။ အသေးစားမှ အကြီးစား ဂီတတည်ဆောက်ပုံများ - ( Form )

၈။ ခေတ်အလိုက်၊ ဖျော်ဖြေမှုပုံစံအလိုက် ဂီတ style များ၊ genre များ၊ အတွေးအခေါ်များ အကျဉ်းချုပ် - ( Performance & Style )

---

ဒါဟာ အဆင့် (၁) ဖြစ်ပါတယ်။ နား နဲ့ နားလည်မှုကို အဓိကထားတာပါ။ နုတ်တွေ သီအိုရီတွေကို လုံးဝမကိုင်သေးပါဘူး။ ဒီအဆင့်ပြီးတဲ့သူဟာ ဆက်ပြီးလေ့လာမှုတွေလဲ ကောင်းကောင်းလုပ်နိုင်သလို၊ ဂီတစကားဝိုင်းတွေမှာလဲ ဝေါဟာရ မှန်မှန်ကန်ကန် ဝင်ရောက် ဆွေးနွေးလေ့လာနိုင်နေပါပြီ။

ဂီတနားထောင်တဲ့အခါ ဘယ်အပိုင်းက ဘယ်လိုပါလားဆိုတာကို ပိုသတိထားနိုင်လာပြီး “ informal “ လေ့လာမှုတွေ ကိုယ်တိုင်လုပ်ဖြစ်လာပါတယ်။ စာသင်သလိုမဟုတ်ပဲ သတိထားမှုကြောင့် သင်ယူမိလာတာတွေပေါ့။ ဒါကြောင့် သီအိုရီမတိုင်ခင် ပထမခြေလှမ်းကို ဒီလိုမှတ်ပါ။

Musical Elements & Appreciation လို့ခေါ်ပါတယ်။

—--

အဆင့် ၂။ Musical Language: Reading & Writing

ဂီတဘာသာစကား အရေး အဖတ်

ဂီတသီအိုရီပါပဲ။

အဆင့် (၁) ကို listening လို့သဘောထားမယ်ဆိုရင် အဆင့် (၂) က အရေး၊ အဖတ် ပေါ့။ ABRSM သင်ရိုးအတိုင်း သွားရမယ် မဟုတ်ပေမဲ့ ABRSM ဂရိတ် ၁ ကနေ ၅ အထိ အကြောင်းအရာအကုန်လုံးကို သိသင့်တယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။ အဆင့် ၂ မှာတင် သိသင့်တာပါ မှန်ပါတယ်။

ABRSM grade 5 ဟာ ခေတ်ကာလအခြေအနေအရ “အဆင့်မြင့်” လက်မှတ်တစ်ခုလိုဖြစ်နေပေမဲ့ တကယ်တော့ “အဆင့်မှီ” ဖို့ မဖြစ်မနေ ကျော်ဖြတ်ရမဲ့ အဆင့်ပါ။ အထက်တန်းအောင်လက်မှတ်လိုပေါ့ ဘွဲ့တော့မရသေးပါဘူး။

ဒါကလဲ အခုခေတ်မှာ ထင်သလောက် အလှမ်းမဝေးတော့ပါဘူး။ ကျွန်တော့်ရဲ့ ကျောင်းသားတွေမှာ အငယ်ဆုံး ၁၄ နှစ်အထိ Grade 5 ပြီးထားသူတွေရှိပါတယ်။

ဒီသင်တန်းမှာ ABRSM လမ်းကြောင်းကို ၂ နှစ်နီးပါးအချိန်ပေးပြီး “မလျှောက်ချင်/မလျှောက်နိုင်” သူတွေအတွက် ဒီလိုစီစဉ်ပေးထားပါတယ်။

ဂရိတ် ၁ ခုချင်းစီ အစဉ်လိုက်သွားမှာမဟုတ်ပဲ၊ ဂရိတ် ၁ ကနေ ၅ အထိထဲက ခေါင်းစဉ်ငယ်အားလုံးကို သက်ဆိုင်ရာအလိုက် စုပြီး ခေါင်းစဉ်ကြီး ၈ ခု ခွဲထုတ်လိုက်ပါတယ်။

ခေါင်းစဉ်ကြီးတစ်ခုစီကို ပို့ချမှုအရှည် ၁ ရက်ကနေ ၂ ရက်စာအထိပဲ ခွဲထားပါတယ်။ ဒီ ၂ ရက်အတွင်းမှာ ခေါင်းစဉ်ကြီးနဲ့ ပတ်သက်တဲ့ ဂရိတ် ၁ အဆင့်ကနေ ၅ အဆင့်ထိ ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။

ခေါင်းစဉ်ကြီး ၈ ခု ကိုကြည့်ရအောင်။

၁။ စည်းချက် နဲ့ အချိန် - Rhythm & Time

၂။ အသံအနိမ့်အမြင့် နဲ့ အနောက်တိုင်းနုတ်ရေးဖတ်မှု စနစ် - Pitch & Notation

၃။ စကေးနဲ့ ကီးများ - Scales & Keys

၄။ ဂီတနုတ်များကြား အကွာအဝေး - အခြေခံ - Intervals

၅။ ဂီတနုတ်များကြား အကွာအဝေး - အဆင့်မြင့် - Intervals

၆။ ကော့ဒ် နဲ့ ဟာမိုနီ - အပိုင်းကြီး ၁ - Chords & Harmony

၇။ ကော့ဒ် နဲ့ ဟာမိုနီ - အပိုင်းကြီး ၂ - Chords & Harmony

၈။ အခေါ်အဝေါ်၊ သင်္ကေတ၊ တူရိယာ၊ ဂီတအရည်အချင်းများ - Terms, Signs & Musicianship

---

ဒီ အဆင့် (၂) ကတော့ အဆင့် ၁ ထက် အများကြီးပို သိပ်သည်းပြီး ပိုခက်ခဲပါလိမ့်မယ်။ လေ့လာသူချင်းအတူတူကိုမှ ပို့ချမှုအတွင်းမှာ ဘယ်လောက်အာရုံစိုက်လဲ၊ ပို့ချမှုအပြီးမှာ လေ့ကျင့်ခန်း ဘယ်လောက်လုပ်လဲပေါ် မူတည်ပြီး ရလဒ် အများကြီးကွဲပြားသွားမှာပါ။

ဒီအဆင့်ပြီးတဲ့အခါ အထက်တန်းအောင်ပါပြီ။ လေ့ကျင့်ခန်းတွေ ဆက်လုပ်ဖြစ်သူတွေကတော့ ABRSM grade 5 စာမေးပွဲ ဆက်ဖြေဆိုနိုင်မှာဖြစ်ပြီး ကျောင်းလျှောက်၊ အလုပ်လျှောက် လုပ်လို့ရပြီဖြစ်ပါတယ်။

—-

ဆက်ပြောမဲ့ အဆင့် ၃ နဲ့ အဆင့် ၄ ကတော့ ဘွဲ့ကြို အဆင့်ပါ။ ဆက်ဖတ်ပါဦး။

—-

အဆင့် ၃။ History

သမိုင်း

အနုပညာ သမိုင်းကြောင်းနဲ့ လက်ရှိ ကမ္ဘာတလွှားက ဂီတရေစီးကြောင်းကို မျက်စိပိတ်၊နားပိတ်ဖြစ်နေတဲ့အခါ ကိုယ့်ရဲ့ အနုပညာအတွေးအခေါ်က ရေအိုင်ထဲက ဖားလေးလိုဖြစ်နေမယ်ဆိုတာ ကျွန်တော်အတင်းတိုက်တွန်းပြောစရာ မလိုလောက်ပါဘူး။ ဒီအခါ ကိုယ့်ရဲ့ အယူအဆ၊ အငြင်းအခုံ၊ ဖန်တီးမှုနဲ့ အတွေးအခေါ်တွေက အများရှေ့မှာ “ဘက်ပဲ့” နေတတ်ပါတယ်။

ဒီသင်တန်းမှာ ခေတ်တစ်ခုချင်းစီ အသေးစိတ်ချဲ့ပြီး မသွားပါဘူး။ အစနဲ့ အဆုံးတလျှောက်ကို ခြုံငုံမြင်နိုင်အောင်လို့ ဒီလို အပိုင်းကြီး ၄ ခုခွဲထားပါတယ်။

၁။ “Classical” လို့ အကြမ်းပျင်းယူဆတဲ့ အဓိက ခေတ်ကာလများ “မတိုင်မီ” ခေတ်ဟောင်းကာလ

၂။ “Classical” ကာလများ

၃။ “Classical” ခေတ်များ “အလွန်”, စတင်ခွဲထွက်လာသောခေတ်များ

၄။ ၁၉၀၀ မှ အခုထိ၊ ခေတ်သစ်

ဒီအဆင့်ကို လေ့လာချိန်မှာ ရှေ့ အဆင့် ၁ နဲ့ ၂ က နားလည်မှုတွေကို သယ်ဆောင်လာပြီးသားဖြစ်တဲ့အတွက် ခေတ်တစ်ခုချင်းစီက အတွေးအခေါ်၊ ဂီတပုံစံနဲ့ စနစ်တွေကို ပိုပြီး ထိုးထွင်းနားလည်နိုင်မှာပါ။

ဒီ အဆင့် ပြီးတဲ့အခါ ဂီတစတိုင်၊ ခေတ်၊ စနစ် နဲ့ အတွေးအခေါ်တွေကို ချိတ်ဆက်မြင်တတ်သွားပါပြီ။ ကမ္ဘာ့ဂီတတွေကို ဆက်လက် လေ့လာမှုအပိုင်းမှာရော၊ ပညာရှင်တွေနဲ့ ဆွေးနွေးမှု အပိုင်းမှာရော အမြင်ကျယ်ကျယ်နဲ့ ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဂုဏ်ယူပါတယ် ပင်လယ်ထဲ ရောက်ပါပြီ။ စ ရွက်လွှင့်ရပါတော့မယ်။

—-
အဆင့် ၄။ The path of Creation

ဖန်တီးမှု လမ်းစဖြစ်ပါတယ်လမ်းစဖြစ်တဲ့အတွက် ပြီးတဲ့အခါ ကိုယ်တိုင်ဆက်လျှောက်ရတော့မှာပါ။

အပိုင်းကြီး ၅ ပိုင်းပါပါမယ်။

---

၁။ ခွဲခြမ်းစီစစ်မှု analysis

သီချင်းကောင်း ဖန်တီးတတ်ဖို့ဆိုတာ

- သီချင်းကောင်းဆိုတာ ကိုယ့်အတွက်ဘာလဲ အရင်သိရပါတယ်။

- နောက်ပြီး ဒီသီချင်းကောင်းတွေကို ဘယ်လိုဖန်တီးထားလဲ ထိုးထွင်းသိရပါတယ်။

ဒါကြောင့် ကိုယ့်အတွက် ကောင်းတယ်လို့ ယူဆတဲ့ သီချင်းတွေကို စီစစ်လေ့လာတတ်ဖို့လိုပါတယ်။ ဒီအခန်းမှာ Analysis process ကို သီချင်းမျိုးစုံနဲ့ ဥပမာတွေ ပြသွားပါမယ်။

၂။ ဖန်တီးမှုလမ်းစ နဲ့ စိတ်ထား

ကိုယ်ပိုင် စည်းချက်နဲ့ သံစဉ်တွေရေးတတ်အောင် အသေးစိတ် သင်ပေးပါမယ်။ နောက်ပြီး ဒီ့ထက်အမြင့်က ဖန်တီးမှုပိုင်းဆိုင်ရာ စိတ်ထားတွေကို အကြမ်းပျင်း မိတ်ဆက်ပေးသွားပါမယ်။

၃။ ဟာမိုနီ - ဘာတွေ ဘယ်လိုရှိ

ဒီအဆင့်မှာ ဟာမိုနီ နဲ့ ကော့ဒ်တွေကို အလွတ်ကျက်စနစ်မဟုတ်ပဲ ပရော်ဖက်ရှင်နယ်ကျကျ စတင်လေ့လာနိုင်ပါပြီ။ ဒီအတွက် လမ်းကြောင်းတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ အပြည့်မသင်ပါဘူး။ အတွေးအခေါ်နဲ့ လမ်းကြောင်းပါပဲ။ ဟာမိုနီက အရမ်းများပါတယ်။ သက်သက်ထပ်လေ့လာရမှာ ဖြစ်ပါတယ်။

၄။ ဂီတအရည်အချင်းများ - ကိုယ်တိုင်လေ့လာဖို့လမ်းကြောင်း

သင်ပြီးသမျှ အရာအားလုံးကို သိတဲ့အဆင့်ကနေ ကျွမ်းတဲ့အဆင့်ဖြစ်လာဖို့ လေ့ကျင့်ခန်းတွေပေးမှာ ဖြစ်ပါတယ်။ လေ့ကျင့်မှုကတော့ ကိုယ့်အပေါ် မူတည်ပါတယ်။ အဓိကကတော့ နုတ်ရေး၊ နုတ်ဖတ်၊ နားလေ့ကျင့်ခန်းတွေပေါ့။

၅။ နောက်ဆုံးရက် - အကုန်လုံးကို အနှစ်ချုပ်ပေးမှာဖြစ်ပြီး မေးခွန်းများ လက်ခံသွားပါမယ်။



ဒါဆို ဒီသင်တန်းရဲ့ ပါဝင်တဲ့ အဆင့်တွေကို သိသွားပါပြီ။ စာမေးပွဲက ဒီအထိပါပဲ။ ဘယ်လိုတက်ရမလဲဆိုတာ ဆက်ဖတ်ပေးပါဦးခင်ဗျ။

---

အဆင့် (၄) ခုရှိတဲ့အထဲမှာ အဆင့် (၁)၊ ၈ ရက်စာလုံးကို အခမဲ့ တိုက်ရိုက် တက်ရောက်နိုင်ပါတယ်။

ကောမန့်မှာ “တက်ပါမယ်” လို့မန့်ခဲ့ပါခင်ဗျ။ မက်ဆင်ဂျာမှာ စာမေးပွဲမေးခွန်းပို့ပေးပါမယ်။

---

ကျန်တဲ့အဆင့် ၂ ၊ ၃ ၊ ၄ ( ၂၂ ) ရက်ကို ဆက်ပြီးတက်မယ်ဆိုရင် သင်တန်းကြေး ၅ သိန်းကျပ် ဖြစ်ပါတယ်။

၂၂ ရက်ကို တစ်ပတ် တစ်ရက်နဲ့ ၂၂ ပတ် တက်ရမှာပါ။

နေ့တိုင်းတက်ရရင် စာအရမ်းများလို့ လိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ၁ ပတ် စီခွဲလိုက်ပါတယ်။

တိုက်ရိုက်အချိန်အတွင်းတွေမှာ သင်လိုက်တဲ့ ခေါင်းစဉ်ငယ်လေးတွေ တစ်ခုချင်း အကျယ်ချဲ့ထားတဲ့ video တွေကို Telegram ကနေ ထပ်ပို့ပေးမှာဖြစ်ပါတယ်။

Video တွေကတော့ များပါတယ်။ အပတ်တိုင်း လိုက်လုပ်လို့လဲရပါတယ်။ သင်တန်းကာလ အပြီးမှာမှ အသေးစိတ် အချိန်ပေးပြီး ကြည့်နိုင်မယ်ဆိုလဲ သိမ်းထားလို့ရပါတယ်။

တိုက်ရိုက် အချိန်တွေအတွက် အချိန်ဇယားအသေးစိတ်ကို ပုံတွေမှာ ကြည့်ပေးပါခင်ဗျ။

တစ်ပတ်ကို ၃ ချိန် ဖွင့်ပေးထားတာပါ။ ကြိုက်တဲ့ ၁ ချိန်ရွေးတက်ရင် လုံလောက်ပါပြီ။ ဒါကိုပဲ ပြန်ပြန်သင်မှာ။ ရွေးချယ်စရာ ရှိစေရန်အတွက်ပါ။

ရွေးချယ်စရာ အချိန်များများ ပေးထားမှာမို့ လွတ်မှာပူစရာမလိုပါဘူး။ လွတ်ရင်လဲ recording video ရပါမယ်။ အားတယ်ဆို ၂ ခါ ၃ ခါ လာလာတက်နေလို့လဲ ရပါတယ်။

ရှင်းလင်းစေရန် - တစ်ပတ်မှာ ကြိုက်တဲ့ ၁ ချိန်ရွေးတက်ရင် လုံလောက်ပါပြီ။ တစ်ပတ် ၃ ရက် တက်ရမှာ မဟုတ်ပါ။

---

စာကြိုးစားရင် ဒီလို စကော်လာရှစ်တွေ ရှိပါတယ်၊

အခမဲ့ (၈) ရက်မှာ

၂ ရက်တက်ရင် - 5% off

၃ ရက်တက်ရင် - 10% off

၄ ရက်တက်ရင် - 15% off

၅ ရက်တက်ရင် - 20% off

၆ ရက်တက်ရင် - 25% off

၇ ရက်တက်ရင် - 30% off

၈ ရက်လုံး အပြည့်တက်ရင် - 40% off ( ၂ သိန်းကျပ် စကော်လာရှစ် )

လာပြီးပြန်ထွက်ရုံနဲ့ Attendance မရပါဘူး ခင်ဗျ။ အတန်းချိန် အဆုံးထိ တက်မှရမှာပါ။

--

အခမဲ့ ၈ ရက်အတွက် စာရင်းပေးဖို့ "တက်ပါမယ်" လို့ မန့်ခဲ့ပေးပါ။

မေးခွန်းတွေရှိသေးရင် "ရှင်းပြပေးပါ" လို့ မန့်ခဲ့ပေးပါ။

၂၄ နာရီအတွင်း အကြောင်းပြန်ပေးပါမယ်။

ဒီအထိ သေချာဖတ်နိုင်တဲ့သူဆို လေ့လာအားကောင်းတယ်လို့ သတ်မှတ်လိုက်ပါမယ်။ မကြာခင်ပြန်တွေ့ကြပါမယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်။

Rangoon Raccoons

10/04/2026

Jazz ဂီတကို စတင်လေ့လာတဲ့အခါ Major scale, Minor scale, Diminished Scale, Altered Scale, Wholetone နဲ့ သူတို့ရဲ့ Mode တွေ စသဖြင့် လေ့ကျင့်စရာက Scale ပေါင်း သောင်းခြာက်‌ေထာင် ဖြစ်နတတ်ပါတယ်။ အဲ့တော့ သင်တန်းသားအများစုက ရှေ့မရောက်ဘဲ လေ့ကျင့်နေရင်းပဲ အသက်တွေသာ ကြီးသွားရပါတယ်။ ဒီလိုမဖြစ်ရအာင် ကျနော်တို့လို့ သင်ကြားသူ‌ေတွက Jazz ဂီတကိုရှိရင်းစွဲထပ် ပိုမရှုပ်ဘဲ လေ့လာရ၊ သင်ယူရ လွယ်ကူအောင် ရိုးရှင်းတဲ့ ရှုထောင့်၊ နည်းစနစ်‌ေတွနဲ့ သင်ကြားသင့်ပါတယ်။ ဒီနေ့မှ‌ာတာ့ Jazz Guitar အတွက် ကျနော့်ရဲ့ Scale တွေ၊ Mode တွေအပေါ် မြင်ပုံနဲ့ သင်ကြားပုံတွေထဲက တစ်ခုကို ရှင်းပြပေးချင်ပါတယ်။

ရှေ့ပိုစ့်‌ေတွမှာ G7 နဲ့ C #7 က B နဲ့ F Tritone Interval ပါဝင်ကြလို့ ဖလှယ်အစားထိုးလို့ရကြောင်း ပြောခဲ့ပါတယ်။

Tritone Substitution အကြောင်းကို ဒီမှာဖတ်နိုင်ပါတယ်။

https://www.facebook.com/share/p/1B6NYzrSoK/

B နဲ့ F Tritone ပါဝင်တဲ့ Chord က နောက် နှစ်ခုရှိပါသေးတယ်။ သူတို့တွေကတော့ Bm7b5 ( B D F A ) နဲ့ Fm7b5 ( F G # B D # ) တို့ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင် Bm7b5 က D ကနေ ကြည့်ရင် Dm6 ဖြစ်နေပြီး၊ Fm7b5 ကလဲ G # ကနေကြည့်ရင် G ဖြစ်နေပြန်ပါတယ်။ အဲ့တော့ အလွယ်မှတ်ရရင် Minor7b5 ကောဒ့်တွေဟာ သူတို့ရဲ့ 3rd Minor6 ကောဒ့်တွေနဲ့ Synonym ဖြစ်နေပါတယ်။ ရှေ့ပိုစ့်တွကို သေချာဖတ်ထားတဲ့ သူတွေကတာ့ ဒီအထိကို နားလည်မယ်လို့ ထင်ပါတယ်။ မဖတ်ရသးတဲ့ လူတွေကလဲ Synonym အကြောင်းကို အောက်က link မှာ ဖတ်နိုင်ပါတယ်။

https://www.facebook.com/share/v/1CpYWcW5tN/

ဒါဆို ဆက်ပြောရအောင်။
အဲ့တော့ G7 နေရာမှာ G နဲ့ Dm6 ကို တီး နိုင်ပါတယ်။ Minor6 ရဲ့ Chord Scale ချိတ်ဆက်မှုအရ Jazz ဂီတမှာ Minor6 ပေါ်မှာ Melodic minor Scale ကို တီးရပါတယ်။ အဲ့တော့ G ပေါ်မှာ G # Melodic minor နဲ့ Dm6 အပေါ်မှာ D Melodic minor scale ကို တီးခတ်နိုင် သွားပါတယ်။

အရင်ဆုံး G # Melodic minor scale ကိုကြည့်ပါမယ်။ Melodic minor scale ဖွဲ့စည်းပုံက b3 , Natural 7 ဖြစ်ပါတယ်။ Scale ဖွဲ့စည်းပု‌ံ‌ေတွကိုတာ့ ပိုစ့်တစ်ခုနဲ့ ရှင်းပြပေးပါမယ်။

ဆက်ရရင် G # Melodic minor က

G # A # B C # D # E # F # # G # ဖြစ်ပါတယ်။

ဒါကို G ကနေကြည့်ရင်
G # က b9
A # က #9
B က 3rd
C # က b5
D # က #5
F ဖြစ်တဲ့ E # က b7
G ဖြစ်တဲ့ F # # က 1 ဆိုပြီး ရပါတယ်။

ပြန်စီလိုက်ရင် ဒါက G Dominant Altered Scale ပဲ ဖြစ်နေပါတယ်။ ဒီ Scale ကို G7Alt Chord ပေါ်မှာ တီးကြပါတယ်။ ဒါဆိုရင် ဘာလုပ်လို့ရလဲဆက်ပြောပါမယ်။

ကျနော်တို့က G7Alt ကော့ဒ်ပေါ်မှာ တီးဖို့အတွက် G Dominant Altered Scale ကို တကူးတကကြီး ရှာကျင့်နေစရာမလိုတော့ဘဲ မဖြစ်မနေ သိရမယ့် Minor scale ဖြစ်တဲ့ Melodic Minor Scale ကို လေ့ကျင့်ထားရုံနဲ့ Altered Scale ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တီးခတ်နိုင်မှာဖြစ်ပါတယ်။ အလွယ်မှတ်ရရင် 7Alt ကောဒ့်ပေါ်မှာ Root ရဲ့ Halfstep မြင့်တဲ့ Melodic Minor scale ကို တီးနိုင်ပါတယ်။ စာနဲ့မို့ ရှုပ်‌ေနနိုင်ပမယ့် ဂစ်တာပေါ်မှာတော့ သူ့ရဲ့ နောက်တစ်ဘားက Melodic Minor scale ကို တီးလို့ ရတယ်လို့ တွေးရင်လွယ်ပါတယ်။ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။

G7Alt ပေါ်မှာ G # Melodic Minor

နောက်ထပ် Dm6 ကိုကြည့်ရအောင်။ သူ့ကိုလဲ Melodic Minor scale ပဲဆိုတော့ ဒီလိုဖြစ်သွားပါမယ်။

D E F G A B C # D

ဒါကိုပဲ G ကနေ ပြန်ကြည့်တဲ့အခါ G Lydian Dominant Scale ဖြစ်နေပါတယ်။ သူ့ကိုတော့ Lydian Dominant Chord ဖြစ်တဲ့ G7 #11 ပေါ်မှာသုံးပါတယ်။ ii minor Chord ကိုမသွားခင်မှာ II7, Tonic ကိုသွားတဲ့ bVII7 အနေနဲ့ အတွေ့များပါတယ်။

ဒီမှာလဲ တူတူပဲ။ G7 #11 Chord အတွက် တကူးတကကြီး Lydian Dominant ဆိုတဲ့ Scale ကို ကျင့်မ‌ေန‌ေတာ့ဘဲ Synonym ရဲ့ ရှုထောင့်က‌ေန D Melodic Minor Scale ကို တီးနိုင်ပါတယ်။ အဲ့တော့ G7 #11 တွေ့တဲ့အခါ D Melodic Minor Scale ကို တီးနိုင်ပါတယ်။ အလွယ်မှတ်ရရင်တာ့ 5th Melodic Minor ကိုတီးတယ်လို့ မှတ်နိုင်ပါတယ်။

G7 #11 ပေါ်မှာ D Melodic Minor

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲ ဒီအယူအဆက ကျနော့်ရဲ့ ဂစ်တာပေါ်မှာကိုယ်ပိုင်မှတ်သားပံု အယူအဆဖြစ်လို့ သဘောထားကွဲလွဲနိုင်ပါတယ်။ ကျန်တဲ့ တူရိယာတွအပါ်မှာ အလုပ်ဖြစ်၊ မဖြစ် ( လွယ်သွား၊ မလွယ်သွား ) ကတော့ ကျ‌ေနာ်မသိပါဘူး ခင်ဗျာ။

ကျနော်ကတော့ Theo ဖြစ်ပါတယ်။ Jazz Guitar နဲ့ Jazz Theory ကို ဒီထပ်ပိုနားလည်ချင်ရင်တာ့ Rangoon Raccoons ရဲ့ Jazz Theory & Guitar Course ကို တက်ရောက်သင်ကြားနိုင်ပါတယ်။ အောက်က Link မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သင်တန်းအကြောင်း လေ့လာနိုင်ပါတယ်။

https://www.facebook.com/61554367288439/posts/122248634558145576/

08/04/2026

Jazz Theory & Guitar Course

- Jazz ဂီတကို စိတ်ဝင်စားတဲ့ Guitarist တွေ

- Chord Extension တွေ Progression တွေကို နားလည်ပြီး သီချင်းတွေကို ကိုယ်ပိုင်ပုံစံနဲ့ ပြန်ပြီး ဖန်တီးချင်တဲ့ သူတွေ

- Chord နဲ့ Scale ချိတ်ဆက်မှုကို နားလည်လိုသူတွေ

ကျောင်းလျောက်ဖို့ အတွက်မဟုတ်ဘဲ Guitar ပေါ်မှာ လက်‌​ေတွ့အသုံးချဖို့အတွက် Music Theory ကို လေ့လာလိုသူတွေ အတွက်

ကျနော်တို့ Rangoon Raccoons မှာ Jazz theory & Guitar Course ကို တက်ရောက်နိုင်ပါပြီ။

သင်တန်းပြီးသွားတဲ့အခါမှာ

- Jazz Standard တွေကို ချောချောမွေ့‌မွေ့ တီးနိုင်သွားမယ် (Comping)

- Jazz Harmony ကို နားလည်ပြီး Progression တွေကို Analyze လုပ်နိုင်သွားမယ်။

- Substitution ကို နားလည်ပြီး မူရင်း Chord Progression တွေပေါ်မှာ Harmony အသစ်တွ အစားထိုးနိုင်သွားမယ်။

- Jazz သီချင်းတွသာမကဘဲ တစ်ခြား ဂီတအမျိုးအစားတွကိုလဲ နားလည်ပြီး ကိုယ်ပိုင်ပုံစံနဲ့ ဖန်တီးနိုင်သွားပါမယ်။

သင်တန်း တက်ရောက်ဖို့အတွက်‌ သင်တန်းသားက ဂစ်တာကို အနည်းဆုံး အခြေခံတော့ တီးတတ်ရပါမယ်။

သင်တန်းကာလက သင်တန်းသားရဲ့ အခြေအနေနဲ့ လိုက်နိုင်တဲ့ပေါ် မူတည်ပြီး ၂ လ ကနေ ၃လ အထိ ကြာနိုင်ပါတယ်။

သင်ကြားပုံကတော့ Zoom ကနေ တစ်ပတ် တစ်ရက်၊ တစ်ရက်ကို ၁ နာရီ ခွဲ၊ တစ်ယောက်ချင်း Private သင်ကြားမှာဖြစ်ပါတယ်။

သင်တန်းကြေးအနေနဲ့ကတော့ တစ်လ ၃၀၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ အသေးစိတ်ကို​တော့ Page messenger မှာ စုံစမ်းနိုင်ပါတယ်။ သင်ကြားရမယ့် သင်ခန်းစာတွေထဲက တစ်ခုကို အောက်က Link မှာ လေ့လာကြည့် နိုင်ပါတယ်။

https://www.facebook.com/share/v/18Qv2exTKm/

သင်တန်းသားကတော့ လောလောဆယ်မှာ ၅ ယောက်အထိပဲ လက်ခံမှာဖြစ်ပါတယ်။

Rangoon Raccoons

07/04/2026

Jazz ဂီတမှာ ကော့ဒ်တွေကို ဘယ်လို အစားထိုးကြမလဲ??

ဒီနေ့မှာလဲ ကော့ဒ်အစားထိုးတဲ့အကြာင်း ( Substitution ) ကို လေ့လာကြပါမယ်။ ကော့ဒ်တွေ ဘယ်လိုအစားထိုးလဲ နားလည်ဖို့အတွက် သိထားရမယ့် သင်ခန်းစာတစ်ခု အကြောင်း ပြောပြချင်ပါတယ်။

တစ်ချို့သော ကော့ဒ်တွေက နာမည်‌ သာကွဲပေမယ့် Note တွေတူညီနေတတ်ပါတယ်။ အဲ့လို Notes တွေတူပြီး နာမည်ကွဲတဲ့ Chord တွေကို Synonym လို့ခေါ်ကြပြီး သူတို့တွေကို တစ်ခုနဲ့ တစ်ခု အစားထိုး အသုံးပြုနိုင်ပါတယ်။
အလွယ်ဆုံး ဥပမာပေးရရင် Am7 နဲ့ C6 မှာပါဝင်တဲ့ Note တွေက တူညီပြီး A ကနေကြည့်ရင် Am7 ဖြစ်ပြီး၊ C ကနေကြည့်ရင် C6 ဖြစ်နေပါတယ်။

A C E G = Am7 = C6 ( 3rd inversion )

ဒါပေမယ့် Am7 နဲ့ C6 တူတာတော့ သိပါပြီတဲ့ သိတော့ ဘာလုပ်လို့ရလဲ မေးစရာရှိလာပါတယ်။ ဂီတလေ့လာသူ အချို့ ကဒါကို စိတ်ဝင်စားစရာ နာမည်မတူဘဲ နုတ်စ်တူတဲ့ အချက် တစ်ခုအနေနဲ့သာ မြင်တတ်ကြပေမယ့် တကယ်တမ်း လက်တွေ့အသုံးချလို့ရတဲ့ နေရာတွေ အများကြီးရှိနေပါတယ်။

ဥပမာ အနေနဲ့ ii - V - I progression တစ်ခုကိုကြည့်ရအောင်။

| Dm | G | C || ပေါ့

Jazz တီးပြီဆိုကတည်းက ထုံးစံအတိုင်း 7th chord တွေပြောင်းလိုက်မယ်။

| Dm7 | G7 | Cmaj7 || ပေါ့

G က V ( dominant ) ဖြစ်တဲ့အတွက် dominant 7th chord သုံးတာကိုတော့ သိပြီးလောက်ပြီလို့ ယူဆပါမယ်။ နောက်ပြီး Jazz ဂီတမှာ dominant နေရာတွေကို ပိုပြီးတော့ တင်းအားပေးချင်တာကြောင့် V chord တွေမှာ alteration လို့ခေါ်တဲ့ အယိုင်နုတ်တွေကို ထည့်တီးတတ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ နောက်မှ ပြောပြပါမယ်။

အဲ့လို အယိုင်နုတ်တွေထည့်တီးတဲ့ထဲက အသုံးအများဆုံးတစ်ခုကတော့ G7b9 ပဲဖြစ်ပါတယ်။

ကဲ synonym ကိစ္စကို ပြန်ကြည့်ရအောင်။

G7b9 ရဲ့ ပါဝင်တဲ့နုတ်တွေက - G B D F Ab ဖြစ်ပါတယ်။

Dominant chord တွေရဲ့ အဓိက တင်းအားကို ဖြစ်စေတဲ့အချက်က သူ့ရဲ့ နံပါတ် ၃ နုတ်နဲ့ ၇ နုတ်ဖြစ်ကြောင်း ရှေ့ပိုစ့်မှာ ပြောခဲ့ပါသေးတယ်။ ဒီတော့ ကျွန်တော်တို့ နုတ်တချို့ကို ဖြုတ်တီးချင်တယ်ဆိုရင် ၁ နဲ့ ၅ ကို ဖြုတ်လို့ရပါတယ်။

၁ ကို ဖြုတ်ကြည့်ရအောင်။ ၁ ဖြုတ်ထားတဲ့ ကော့ဒ်ကို rootless voicing လို့ခေါ်ပါတယ်။

G7b9 - G B D F Ab
G7b9 (Rootless ) - B D F Ab

Bdim7 - B D F Ab7

ဒီလိုကြည့်လိုက်မယ်ဆိုရင် G7b9 ကို root ဖြုတ်လိုက်ရင် Bdim7 နဲ့ ကွက်တိသွားတူနေပါတယ်။ synonym ဖြစ်နေတယ်ပေါ့။

ဒါဆို ပထမ အဆင့်အနေနဲ့ V နေရာမှာ Bdim7 တီးလဲ တူတူပဲဖြစ်ကြောင်း သိရပါပြီ။

နောက်တဆင့်ကို ဆက်ကြည့်ရအောင်။

dim 7 chord တွေမှာ တခြားဟာတွေနဲ့မတူပဲ ထူးခြားတဲ့တစ်ချက်ရှိပါတယ်။ သူ့ရဲ့ ပါဝင်တဲ့ နုတ်တစ်ခုနဲ့ တစ်ခုအကွာအဝေးက အကုန်လုံး အချိုးကျ တူနေတာပါပဲ။
Bdim7 မှာဆိုရင်

B - D ( minor 3rd )
D - F ( minor 3rd )
F - Ab ( minor 3rd )
Ab - B ( minor 3rd )

အဲ့လိုအားလုံးတူနေတော့ ဘယ်လိုပဲ ပြန်စီပါစေ dim7 ကော့ဒ်တွေပဲဖြစ်နေတော့တာပါ။ ဒီတော့

Bdim7
Ddim7
Fdim7
Abdim7

လေးကော့ဒ်စလုံးက synonym တွေတစ်ခါဖြစ်ပြန်ပါတယ်။

ဒီအချက်က ဂစ်တာပေါ်မှာဆိုရင် ပိုအသုံးဝင်ပါတယ်။ dim7 shape ကိုကိုင်ပြီး minor 3rd အကွာကို အောက်ပဲဆင်းဆင်း အပေါ်ပဲတက်တက် တီးလို့ရနေတာပါ။

ဒါကိုသိခြင်းအားဖြင့် G7b9 ကလဲ Bdim7 နဲ့ တူတဲ့အတွက် Bdimရဲ့ Diminished family လေးခုလုံးနဲ့ ထပ်တူကျတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် လေ့လာသူ‌ေတွက G7b9 ကိုတီးလိုတဲ့အခါ G7b9 ကို ကိုင်တွယ်ပုံ အများကြီး မသိပေမယ့်လဲ ဒီ dim7 လေးခုနဲ့ ဖလှယ်ကစားပြီး လွယ်လွယ်ကူကူ Inversion တွေကို တီးခတ်နိင်သွားပါတယ်။

ဥပမာအနေနဲ့ video ကိုကြည့်ကြည့်ပါခင်ဗျ။

နောက်ထပ် ဥပမာအနနဲ့ ကမ္ဘာကျော် ဂီတသင်ကြားသူ jazz pianist တစ်ယောက်ဖြစ်တဲ့ Barry Harris ရဲ့ 6th Diminished စနစ်နဲ့ ချိတ်ဆက်ပြာပြပါမယ်။

Barry Harris က Jazz ဂီတမှာ ရစ်သမ်တီးခတ်ပြီး သီဆိုသူ ဒါမှမဟုတ် အခြားတူရိယာ soloist ကို ပံ့ပိုးရ ( Comping လုပ် ) တဲ့အခါမှာ တည်ငြိမ်‌ေနတဲ့ ( Static ) Chord တွေပဲ တီးခတ်မ‌ေနဘဲ ကိုယ့်ရဲ့ ရစ်သမ်မှာလဲ Melody စီးဆင်းမှု ရှိနေအာင် လက်တန်း ဖန်းတီး တီးခတ်နိုင်ဖို့ 6th Diminished စနစ်ကို ဖန်တီးသင်ကြားပါတယ်။ ဆိုလိုတာက CMaj ရိုက်ချက်‌ေလးချက်‌ေပါ်မှာ CMaj Chord တစ်ခုထဲကိုပဲ ပျင်းစရာကောင်းအောင် တီးခတ်မ‌ေနဘဲ လှုပ်ရှားနေတဲ့ မယ်လိုဒီ တွေကို Harmonize လုပ်ခိုင်းတာဖြစ်ပါတယ်။

ဥပမာ Progression က CMaj Am7 Dm7 G7 ဆိုကြပါစို့။

Cmaj ပေါ်မှာ C6 နဲ့ သူ့ရဲ့ scale ပေါ်က notes တွေကို Harmonize လုပ်ပြီး မယ်လိုဒီအရွေ့တွေကို လက်တန်းဖန်တီးပြီး၊ နောက် Am7 ရောက်တဲ့အခါမှာ လဲ C6 နဲ့ Am7 ဟာ Synonym တွေဖြစ်တဲ့အတွက် ဒီ လက်ကွက်၊ ဒီ Harmonization၊ ဒီ Scale ကိုပဲ ဆက်တီးလို့ရသွားပါတယ်။ ဒီလိုပဲ Dm7 ပေါ်မှာလဲ Dm7 နဲ့ F6 က Synonym တွေဖြစ်တဲ့အတွက် F6 Diminished Scale ကို တီးခတ်နိုင်ကြာင်း သိနိုင်ပါတယ်။ G7 ပေါ်မှာ‌ေတာ့ Dm6 Diminished Scale ကိုတီးနိုင်ပါတယ်။ ဘာလို့လဲ ဆိုတာနဲ့ 6th Diminished အကြောင်းကိုတာ့ နောက်ပိုစ့်တစ်ခုနဲ့ ထပ်ရှင်းပြပါမယ်။

ဒီလောက်ဆိုရင်တော့ Synonym တွေရဲ့ အသုံးဝင်ပုံကို သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အရမ်းမရှုပ်ထွေးတဲ့ Synonym အချို့ကို‌ အောက်မှာ ပြပေးထားပါမယ်။

G7b9 = Bdim7/Fdim7/Abdim7/Ddim7 ( B D F Ab )
G9 ( Rootless ) = Bm7b5 = Dm6 ( B D F A )

C6 = Am7 ( C E G A )
CMaj7 = Am9(Rootless) ( C E G B )
CMaj9 = Am11(Rootless) ( C E G B D )
သတိထားကြည့်ရင် CMaj9 မှာ Em7 ရဲ့ note တွေ အကုန်ပါနေတာကို မြင်ရမှာပါ။
( Video ထဲမှာ CMaj9 လို့ရေးထားပေမယ့် Em7 ကိုတီးထားတာ သတိပြုပါ )

ဒါကြောင့် C Am နဲ့ Em တို့ဟာ ဆက်စပ် နေပါတယ်။

Synonym က Jazz Substitution ( အစားထိုးခြင်း ) နဲ့ Improvisation ( လက်တန်း တီးခတ်ခြင်း ) အတွက် အရမ်းအရေးပါတဲ့ အကြောင်းအရာဖြစ်လို့ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
စမ်းသပ်ကြည့်ပါ၊ အသုံးချကြည့်ပါ၊ ဖန်တီးကြည့်ပါ။ နောက်တစ်ပုဒ်မှာ ပြန်ဆုံကြပါမယ်။
Jazz Theory & Guitar အတန်း စုံစမ်းနိုင်ပါတယ်။ အောက်က link မှာ သင်‌တန်း‌အကြောင်း လေ့လာနိုင်ပါတယ်။

https://www.facebook.com/share/p/18Db5wZjw8/

Rangoon Raccoons

05/04/2026

သီအိုရီ အသုံးအနှုန်းတွေကို မြန်မာပြန်ရတာ အတော်တော့ဂွကျပါတယ်။ ဒီနေ့ပြောမဲ့ အကြောင်းက suspension လို့ ခေါ်တယ်။ ကော့ဒ်တစ်ခုကနေ တစ်ခုကိုပြောင်းတဲ့အချိန်မှာ အရှေ့ကော့ဒ်က အသံတစ်ခုခုကို မပြောင်းလဲပဲ ဆွဲဆန့်ထားတာကို ပြောတာမို့ “ဆွဲဆန့်သံ” လို့ ခေါ်ကြည့်ရအောင်။

C မေဂျာကနေ G မေဂျာကိုကူးမယ်ဆိုကြပါစို့။

C -> B
E -> D
G -> G

ဒီနေရာမှာ နုတ် ၂ ခုက ကော့ဒ်အသစ်ကို ပြောင်းလဲသွားပြီး ၁ ခုက ကျန်ခဲ့မယ်။

C က ကျန်ခဲ့မယ်ဆိုရင်

C -> C
E -> D
G -> G

နောက်ကော့ဒ်က Gsus4 ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ခဏပဲ ကောင်းတယ်။ ပြီးတာနဲ့ အဲ့ဒီ C က တကယ်တမ်းသွားရမဲ့ B ကို ပြန်ဆင်းပေးရမယ်။ ဒီအခါ ခဏတာဖြစ်သွားတဲ့ တင်းအားနဲ့ ပြေလျော့မှုက အရသာတစ်မျိုးကို ဖြစ်စေတာပေါ့။

ဒီ ဆွဲဆန့်သံရဲ့ အရသာက ဆွဲထားတဲ့နုတ်နဲ့ သူ့နောက်မှာ ပြန်လွှတ်ချလိုက်တဲ့နုတ်နဲ့က ကပ်ရပ်အပေါ်အောက်ဖြစ်နေရင် ပိုအရသာရှိတယ်။ အပေါ်က ဥပမာမှာဆို C ကနေ B ဆင်းတာဆိုတော့ တင်းအားနဲ့ ပြေလျော့မှုက သံဝက်ပဲကွာတယ်။ telegram မှာ သူ့ရဲ့ အရသာကို နားထောင်ကြည့်ပါဦး။

ဒီ ပိုစ့်မှာတော့ ဘယ်လိုလုပ်ရင် ကော့ဒ်နာမည်တွေ ဘယ်လိုဖြစ်သွားနိုင်ကြောင်း ဖွဲ့နွဲ့မရေးပြတော့ဘူး။ ရှေ့ပိုစ့်တွေမှာက ဆွဲဆောင်ရုံပဲ ဖြစ်တယ်။ ဘာလို့ဆိုရင် ဘာကော့ဒ်ဖြစ်သွားတာက သိပ်အရေးကြီးတဲ့ထဲ မပါဘူး၊ သိနိုင်စွမ်းရှိရင်တော့ကောင်းတယ်။ တကယ်တမ်း ရေးကြပြီဟေ့ဆိုရင် နာမည်စဉ်းစားပြီး ရေးတာမဟုတ်ပဲ အခုလို နည်းစနစ်တွေနဲ့ တွေးပြီး ရေးတာဖြစ်တယ်။

C မေဂျာ to G မေဂျာ ဥပမာကို ခဏပြန်ကြည့်ရအောင်။

C -> B
E -> D
G -> G

ဒီတစ်ခေါက် C ကိုမဆွဲထားပဲ E ကို ဆွဲထားလို့လဲရတယ်၊

ဒါဆို G B E ဆိုပြီး Em/G ခဏဖြစ်သွားမယ်။ ပြီးတာနဲ့ ဆွဲထားတဲ့ E ကိုလွှတ်ပေးပြီး D ကိုပြန်ပို့ပေးရမယ်ပေါ့။ ဒီတစ်ခေါက်တော့ သံပြည့်တစ်ခုကွာတယ်။ ဒါပေမဲ့ ကပ်ရပ်ပဲမို့ ကောင်းတယ်။

အခြေအနေ၊ အချိန်အခါပေါ်မူတည်ပြီး အများကြီးဖြစ်သွားနိုင်တယ်။ စမ်းသပ်ပါ၊ နားထောင်ပါပေါ့။ နည်းလမ်းတစ်ခုတိုးသွားဖို့ မျှော်လင့်ပါတယ်။ နောက်အပိုင်းမှာ ဘာတွေသိချင်လဲ ပြောခဲ့ပါဦးဗျ၊ ပြန်တွေ့ကြပါမယ်။

Rangoon Raccoons
Kyawe Say Min

04/04/2026

Jazz Musician တွေ အမြဲပြောပြောနေကြတဲ့ Tritone Substitution ဆိုတာ ဘာကြီးလဲ?

Tritone Substitution အကြောင်းမပြောခင်မှာ အရင်ဆုံး Dominant Chord ဖြစ်တဲ့ V7 က ဘာလို့ Tonic ဖြစ်တဲ့ I ကို သွားချင်ရတာလဲဆိုတာကို သေချာပြန်ရှင်းပါမယ်။

Dominant 7th Chord တစ်ခုရဲ့ 3rd Degree နဲ့ 7th Degree ရဲ့အကွာအဝေးဟာ အရမ်း ရန်သံ ( Dissonance ) ဖြစ်တဲ့ Tritone Interval ( 3 Whole Step ) ဖြစ်ပြီးတော့ ပိုပြီး Stable ဖြစ်တဲ့ Note တေွဆီကို resolve လုပ်လို ( ဖြေလျော့လိုတဲ့ ) အာသီသရှိပါတယ်။

ဥပမာ အနေနဲ့ ပြောရရင် C Major Key ရဲ့ Dominant Chord ဖြစ်တဲ့ G7 မှာဆိုရင် သူ့ရဲ့ 3rd Degree ဖြစ်တဲ့ B နဲ့ 7th Degree ဖြစ်တဲ့ F တို့ရဲ့ interval ဟာ Tritone ကွာဝးပြီး B က C ကို၊ F က E ကို အသီးသီး သွားလိုကြပါတယ်။ ဒါကြောင့် G7 က C E G ဖြစ်တဲ့ Tonic ( C Chord ) ကို သွားချင်ရတာဖြစ်ပါတယ်။ ဒီလိုပဲ C Major key ရဲ့ 7th Degree ဖြစ်တဲ့ Bm7b5 Chord ဟာလဲ B D F A ဆိုတဲ့ နုတ်စ် တွေနဲ့ ‌ဖွဲ့စည်းထားတဲ့အတွက် Dominant အနေနဲ့ အလုပ်လုပ်ပြီး Tonic C ကို သွားချင်ရတာဖြစ်ပါတယ်။

အခုပြောခဲ့တဲ့ dominant တွေအကြောင်းကို သိပ်နားမလည်ရင် အကျယ်ပြောထားတဲ့ video တစ်ပုဒ်လဲရှိပါတယ်။ ကောမန့်မှာ လင့်ချပေးထားပါမယ်၊ ကြည့်ကြည့်နိုင်ပါတယ်။

ဆက်ပြောရအောင်။

စိတ်ဝင်စားဖို့ ကောင်းတာက B note နဲ့ F note Tritone ပါဝင်တဲ့ Dominant 7th Chord က G7 အပြင်ကို နောက်ထပ်တစ်ခုရှိနေပါသးတယ်။ အဲ့ဒါကတော့ G ကနေ Tritone interval ကွာဝေးတဲ့ C #7 ( C # F G # B ) ဖြစ်ပါတယ်။ ဒီ Dominant 7th Chord နှစ်ခုက တူညီတဲ့ Dissonance Interval ဖြစ်တဲ့ B နဲ့ F Tritone ကို တူတူပိုင်ဆိုင်ထားတဲ့အတွက် တစ်ခုနဲ့ တစ်ခုက ဖလှယ် အသုံးပြုလို့ရပါတယ်။ ဒီလို Tritone Interval ကွား‌ဝးတဲ့ Dominant Chord နှစ်ခု ဖလှယ်အသုံးပြုတာကို Tritone substitution လို့ခေါ်ပါတယ်။

| G7 | C || အစား
| C #7 | C || ကို သုံးလို့ရသလို

| C #7 | F # || အစား
| G7 | F # || ကို သုံးလို့ရပါတယ်။

အများအားဖြင့်တာ့ Tritone Substitution ကို Jazz ဂီတမှာ Chromatic Bassline လိုချင်တဲ့ အခါမှာသုံးကြ‌လ့ရှိပါတယ်။ Jazz ဂီတရဲ့ အသုံးအများဆုံး 2 5 1 Progression နဲ့ ဥပမာပးပါမယ်။

C Major Key ရဲ့ 2 5 1 ဖြစ်တဲ့

| Dm7 | G7 | C ||
D - G - C
F B E
A D G
C F C

အစား

| Dm7 | C #7 | C ||
D C # C. Chromatic
A G # G. Chromatic
C B C. Halfstep
F F E Halfstep

ဟာ Bassline ကလဲ ပိုပြီး Smooth ဖြစ်တဲ့ Chromatic အဆင်းရမယ်။ အခြား chord tone တွေရဲ့ voice Leading ကလဲ half step တွေသာဖြစ်ပြီး ပိုပြေပြစ်တယ်။ ဒါပေမယ့် G7 ကနေ C ကို သွားတာက C #7 ကနေ C ကိုသွားတာလောက် မကောင်းဘူးလို့ အမှတ်မမှားစေလိုပါဘူး။ အရသာတစ်မျိုး၊ ခံစားချက်တစ်မျိုး၊ အသုံးချပုံတစ်မျိုးစီသာ ဖြစ်ပါတယ်။ G7 ကနေ C ကိုလဲ Voice Leading ကောင်းအာင် စီစဉ်ပြီး ချောချောမွေ့မွေ့ တီးခတ်နိုင်ပါတယ်။

ထူးခြားတဲ့တစ်ချက်က ဒီ Dominant Chord နှစ်ခုရဲ့ Altered Chord တွေ ဖြစ်တဲ့ 7b5 Chord တွေဟာ နာမည်သာကွဲပြီး Note တွေတူကြပါတယ်။ အဲ့လို Note တွေ တူပြီး နာမည်ကွဲတဲ့ Chord တွေကိုတော့ Synonym လို့ခေါ်ကြပါတယ်။

ဥပမာ - C6 နဲ့ Am7 ( A C E G ), Bm7b5 နဲ့ Dm6 ( D F A B ) စသဖြင့် Altered Chord တွေနဲ့ပါဆိုရင် အများကြီးရှိပါတယ်။ လောလောဆယ်တော့ 7b5 ကိုပဲ ကြည့်ပါမယ်။

G7b5 ( G B Db/C # F )
C ( G B C # F )
နောက်ပိုစ့်တစ်ခုမှာ ဒီ Synonym တေွအကြာင်းကို သေချာရှင်းပြပါမယ်။

Db နဲ့ C # တူပေမယ့် C #7 လို့ခေါ်ရတဲ့အကြောင်းအရင်းက G က # Key ဖြစ်နေလို့မဟုတ်ဘဲ ဂစ်တာသမားတစ်ယာက်အနေနဲ့ improvise လုပ်တဲ့အခါ တွေးရလွယ်ကူအာင် G ရဲ့ Tritone က Db ဒါမှမဟုတ် C # လို့ မစဉ်းစားတာ့ဘဲ G7 က C ကိုသွားမှာဖြစ်တဲ့အတွက် C ရဲ့ Half-step မြင့်တဲ့ note C # လို့တွေးမှတ်ထားလိုက်တာကြောင့် ဖြစ်ပါတယ်။ ဒါဆိုရင် Tritone တွေကို ခက်ခက်ခဲခဲမှတ်ထားစရာမလိုတာ့ဘဲ သိကိုသိရမှာဖြစ်တဲ့ V7 Dominant နဲ့ သူရဲ့ Tonic ကို သိရုံနဲ့ လွယ်လွယ်ကူကူ Tritone Substitute လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဥပမာ A7 ကနေ D ကို A ရဲ့ Tritone က Eb ဒါမှာမဟုတ် D # လို့တွေးနေမယ့် အစား A က D ကို သွားမှာဖြစ်တဲ့အတွက် D # လို့တွေးမယ်။ E7 ကနေ A ဆိုရင်လဲ A ကိုသွားမှာဖြစ်တဲ့အတွက် A #၊ B7 ကနေ ဆိုရင်လဲ E ကိုသွားမှာဖြစ်တဲ့အတွက် F စသဖြင့် လွယ်လွယ်ကူကူ တွေးယူနိုင်ပါတယ်။ ဒါပေမယ့် V7 Dominant နဲ့ Tonic ကိုတော့ Key တိုင်းမှာ လက်တန်းရနေဖို့လိုပါတယ်။

ဒါကတာ့ Tritone substitution ရဲ့Chordal ပိုင်းမှာရနိုင်တဲ့ အကျိုးတွေပဲဖြစ်ပါတယ်။ အဲ့အပြင်ကို Solo making နဲ့ improvisation အပိုင်းမှာလဲ အများကြီး အကျိုးရှိစေနိုင်ပါတယ်။ ဥပမာ G7 ပေါ်မှာ G mixolydian အစား C # mixolydian ကို တီးနိုင်တာမျိုးလို အခြား အများကြီး ကျယ်ပြန့်စွာ အသုံးချနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီနေ့မှာတာ့ ဒီလောက်နဲ့ ဒီအကြာင်းအရာကို ရပ်ထားပြီး နောက်တစ်ခါက်‌မှပဲ Tritone substitution ရဲ့ single line soloing အပိုင်းကို ဆက်ပြောပါမယ်။

ဒီလောက်ဆိုရင်တော့ Dominant အကြောင်းနဲ့ Tritone Substitution အကြောင်းကို ကောင်းကာင်း နားလည်ပြီး အသုံးချနိုင်မယ်လို့ ယူဆပါတယ်။ ကိုယ့်ရဲ့ တူရိယာပါ်မှာ Tritone Substitution ကို စမ်းသပ်ကြည့်ပါ အသုံးချကြည့်ပါ။ သဘောကျရင် လေ့ကျင့်ကြည့်ပါ။ Guitar သမားတွ အနေနဲ့ ဘယ်လို လေ့ကျင့်ရမလဲစိတ်ဝင်စားရင် Page messenger မှာ အားမနာတမ်း လာမေးလို့ရပါတယ်။ ရေး‌စချင်တဲ့ အကြောင်းအရာတွေရှိရင်လဲ Comment မှာ ရေးသွားနိုင်ပါတယ်။ ပြန်တွေ့ကြပါမယ်။

Rangoon Raccoons

03/04/2026

ကော့ဒ်တစ်ခုအတွင်းက နုတ်တစ်ခုကို အပေါ်တက် အောက်ဆင်းလုပ်ရုံနဲ့ ပြောင်းလဲသွားတဲ့ ဟာမိုနီတွေအကြောင်းကို ရှေ့က “ကြားဖြတ်သံ” အပိုင်း ၁ နဲ့ ၂ မှာ တွေ့ခဲ့ရပြီးပါပြီ။ ပြန်နွှေးရမယ်ဆိုရင် “ကြားဖြတ်သံ” က ကော့ဒ်တစ်ခုကနေ တစ်ခုအပြောင်းအလဲမှာ ဖြစ်ပေါ်လာတဲ့အရွေ့တွေကို အခွင့်ကောင်းယူပြီး ကြားထဲမှာ လှေကားထစ်တစ်ခု ဝင်ထည့်တဲ့သဘောပါ။

အိမ်နီးချင်းအသံကတော့ ကော့ဒ်အပြောင်းအလဲမှာဖြစ်ပေါ်တာမဟုတ်ပဲတဲ့ ကော့ဒ်တစ်ခုထဲအတွင်းမှာပဲ ဘေးအိမ်ခဏသွားလဲပြီး အိမ်ပြန်လာတဲ့သဘောပါပဲ။

ဥပမာ ကျွန်တော်တို့က C မေဂျာကော့ဒ်ကို ၁ ဘားပြည့်အောင်တီးကြပါမယ်။

| C ||

ရိုက်ချက် ၄ ခုစလုံး ဒါပဲတီးရတာ ပျင်းဖို့သိပ်ကောင်းတယ်လို့ ခံစားရလား။ ဒါဆို ဒီလိုလုပ်ကြည့်ရအောင်။

ရိုက်ချက် ၁ နဲ့ ၂ မှာတော့ C မေဂျာပဲတီးမယ်။

ရိုက်ချက် ၃ မှာတော့ C မေဂျာကော့ဒ်ထဲက နုတ်တစ်ခုခုကို ပြောင်းလဲကြပါမယ်။ ကဲ G ကိုယူကြည့်ရအောင်။

G ရဲ့ အိမ်နီးနားချင်းတွေက ဘယ်သူတွေလဲ။ အိမ်နီးနားချင်း ၂ မျိုးရှိပါတယ်။

၁။ ကီးအတွင်းက အိမ်နီးနားချင်း ( ဒိုင်ယာတောနစ် )

ဒါဟာ C မေဂျာကီးထဲမှာတီးနေတာဆိုရင် G ရဲ့အိမ်နီးချင်းတွေက G ရဲ့အပေါ်က A ရယ်၊ G ရဲ့အောက်က F ရယ်ဖြစ်မှာပါ။

၂။ ကီးအပြင်က အိမ်နီးနားချင်း ( ခရိုမက်တစ် )

ကီးကို ထည့်မတွက်ပဲ အပေါ်အောက် ကပ်ရပ်က အိမ်နီးချင်းကိုယူမယ်ဆိုရင် G ရဲ့အပေါ်မှာ G #/Ab ရှိပြီး G ရဲ့အောက်မှာ Gb/F # ရှိမှာဖြစ်ပါတယ်။

ဒါဆို G ကို သူ့အိမ်နီးချင်းတွေထဲက ကြိုက်တဲ့တစ်ခုစီ သွားခိုင်းမယ်ဆိုရင်

C E A - Am/C

C E F - Cadd4 or 11

C E Ab - Abaug/C

C E G # - Caug

ဆိုတဲ့ ကော့ဒ် ၄ ခု ထွက်လာပါတယ်။

သူတို့ကို ရိုက်ချက် နံပါတ် ၃ မှာတီးပြီးတော့ ရိုက်ချက် နံပါတ် ၄ မှာ မူရင်းကော့ဒ်ဖြစ်တဲ့ အိမ်ကို ပြန်လာဖို့လိုပါတယ်။ သူများအိမ်မှာ အကြာကြီးနေရင်၊ ဒါမှမဟုတ် ပြန်မလာရင် နားကလောပါတယ်။ အချိန်တန်ရင် အိမ်ပြန်လာဖို့လိုပါတယ်။

ဒီတော့ အရေးကြီးတဲ့ မေးခွန်းကဘာလဲ။

ဘာကော့ဒ်ဖြစ်သွားလဲဆိုတာ အရေးကြီးလား၊ ဘယ်ဟာကိုရွေးရမလဲ။

တီးနေတဲ့အချိန်မှာ ကော့ဒ်နာမည်ကြီးသိနေဖို့ အရေးမကြီးဘူး၊ အိမ်နီးချင်းအသံကို သုံးရတဲ့ရည်ရွယ်ချက်ကိုက လွယ်လွယ်လေးနဲ့ ထူးဆန်းတဲ့ ဟာမိုနီအရသာတစ်ခုရဖို့ ဖြစ်တယ်။ ပြီးရင် အိမ်ပြန်လာမှာပဲမို့ ဒါက သိပ်အရေးမကြီးတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ ရေးနေတဲ့သူအဖို့တော့ ကိုယ်ရေးလိုက်တာ ဘာဖြစ်သွားလဲသိဖို့ကောင်းပါတယ်၊ သူ့မှာက တွေးဖို့ အချိန်လဲရှိတယ်လေ။

ဘယ်ဟာကို ရွေးရမလဲဆိုတာကို‌တော့ နားနဲ့ပဲ ဆုံးဖြတ်ပါတယ်။ ကောင်းတာ ကြိုက်တာကို ရွေးပါတယ်။ သီအိုရီနဲ့ ခံစားချက်ဆိုတာ ခွဲထားရ/ခွဲထားဖို့လိုတဲ့ အရာမဟုတ်ပါ။ အဲ့လိုထင်တဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့။

ဒါဆို အိမ်နီးချင်းအသံဆိုတာဘာလဲတော့သိပြီ။ ဒါပေမဲ့ အများကြီးလုပ်ဖို့ရသေးတယ်။ C မေဂျာကော့ဒ်မှာဆိုရင် C ကိုရွှေ့လို့ရသေးတယ်၊ E ကိုရွှေ့လို့ရသေးတယ်။ အဲ့အခါ ဘာတွေဖြစ်လာမလဲ။ ကိုယ်တိုင်လဲ စမ်းကြည့်ပါ၊ အောက်မှာတော့ နုတ် တချို့ရေးပေးထားပါမယ်။ ကော့ဒ်တစ်ခုထဲ အကြာကြီးတီးရမဲ့နေရာမှာ ပျင်းလာရင် အိမ်နီးချင်းအသံကို သတိရလိုက်ပါ။

C D G - Csus2
C F G - Csus4
C Eb G - Cm
D E G - Em7/D
B E G - Em/B
C # E G - Cdim
C E G B - Cmaj7
C E G D - Cadd9
C E G Db - Caddb9

ဒါက မေဂျာကော့ပဲရှိသေးတယ်နော်။ မိုင်နာကော့ဒ်နဲ့ စမ်းကြည့်ကြည့်ပါဦး။

Telegram channel မှာ ဥပမာအသံတချို့ သွားနားထောင်နိုင်ပါတယ်။ ကောမန့်မှာ လင့် ရှိပါတယ်။ အဆင်ပြေကြပါစေ။

Rangoon Raccoons
Kyawe Say Min

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon