Growup.com.mm
Freelance photographer
29/11/2025
10/01/2025
31/12/2024
“2024 Review”
🔳 ၂၀၂၄ အတွက် တစ်နှစ်စာကို ပြန်သုံးသပ်ကြည့်တော့ ဒီမေးခွန်းလေးတွေ မေးမိတယ်။
၁။ ကျေးဇူးအတင်ရဆုံး လူပုဂ္ဂိုလ်
၂။ ဂုဏ်အယူရဆုံး အလုပ်တစ်ခု
၃။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတာတစ်ခု
၄။ အားမရတာတစ်ခု
၅။ ၂၀၂၅ အတွက် ပြင်ဆင်ချင်တာတစ်ခု
🔳 ကျွန်တော့်အကြောင်းတွေ ဖတ်ပြီးရင် ကိုယ့်ဟာကိုယ်လည်း ဖြေကြည့်၊ စဉ်းစားကြည့်နော်။
📌 ၁။ ကျေးဇူးအတင်ရဆုံး လူပုဂ္ဂိုလ်
တကယ်တော့ အများကြီး ရှိပါတယ်။ ခုလိုခက်ခဲတဲ့ ကာလကို ဖြတ်သန်းနေရတဲ့အချိန်မှာ ကိုယ့်အပေါ် မေတ္တာထားတဲ့သူ၊ ကူညီပေးတဲ့သူတွေ တပုံကြီးပေါ့။ သူတို့ကြောင့်သာ နောက်ထပ်နှစ်တစ်နှစ်ကို အဆင်ပြေပြေနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြန်တာပဲ။
အဲဒီထဲကမှ ၂၀၂၄ အတွက် လူတစ်ယောက်ကို ရွေးပါဆိုရင်တော့ Naw Htike Htike Htun ညီမလေး နော်ထိုက်ကိုပဲ ရွေးရမှာပါ။ သူ့အစ်ကိုရင်းတစ်ယောက်လို ကူညီခဲ့၊ စောင့်ရှောက်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ့ဆီကချည်းပဲ ယူရတာ များနေလို့ ပြန်တောင် အားနာမိရတဲ့အထိပါပဲ။
📌 ၂။ ဂုဏ်အယူရဆုံး အလုပ်တစ်ခု
သွေးနှစ်ကြိမ် လှူဖြစ်တယ်။ မွေးနေ့ကမ်ပိန်းကလေး လုပ်ဖြစ်တယ်။ ကိုယ်စုဆောင်းထားတဲ့ အထဲကနေ အလှူငွေတွေ ထည့်ဝင်ဖြစ်တယ်။ အဲဒီလို ဂုဏ်ယူမိတာတွေလည်း အများသားပေါ့။
အားလုံးထဲကမှ အကျေနပ်မိဆုံးကတော့ Live Donation အစီအစဉ်တွေကို ၃ ကြိမ် လုပ်နိုင်ခဲ့တာပဲ။
ရန်ပုံငွေ လိုအပ်ချက်တွေ များလာချိန်၊ တစ်ဖက်မှာလည်း အကြောင်းရင်းပေါင်း မြောက်များစွာကြောင့် လူတွေရဲ့ ကူနိုင်စွမ်း ကျလာချိန်မှာ ကျွန်တော့်ရဲ့ နောက်ထပ်အားစိုက်ထုတ်မှု ဖြစ်ပါတယ်။ ၃ ခါပေါင်းလိုက်ရင် သိန်း ၉၆၀ ကျော် ရခဲ့တယ်။
ဂုဏ်ယူရတယ် ဆိုပေမဲ့ ကျွန်တော်တစ်ယောက်တည်းရဲ့ အားကြောင့်တော့ မဟုတ်ပါဘူး။ အတူပါဝင်ပေးကြတဲ့ ညီအစ်ကိုမောင်နှမတွေ၊ နောက်ကွယ်ကနေ ငွေကောက်ခံပေးသူတွေ၊ အရေးကြီးဆုံးက ကိုယ့်ချွေးနဲစာထဲကနေ ဒီအစီအစဉ်တွေမှာ ပါဝင်ပေးခဲ့ကြတဲ့ ပြည်သူတွေ၊ အားလုံး အားလုံးရဲ့ စုပေါင်းအားပဲ ဖြစ်ပါတယ်။
📌 ၃။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတာတစ်ခု
ကိုယ်လုပ်ရမဲ့ အလုပ်တွေကို တစိုက်မတ်မတ် လုပ်ဖြစ်တာ များတယ်။ ဒါက ရှေ့နှစ်တွေကနဲ့ အတူတူပဲ။
ဒီနှစ်မှာ ပိုပြီး ကျေနပ်မိလာတာက ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ဖြစ်လာတာပါပဲ။
စာတွေထဲလည်း ထည့်ရေးဖူးပါတယ်။ ကျွန်တော်က ကိုယ့်အတွက်ဆို နောက်ဆုံးမှထား စဉ်းစားလေ့ရှိတယ်။ လှူရမယ်၊ သူများကို လက်ဆောင်ပေးရမယ်ဆို သိပ်မနှမြောဘူး။ ကိုယ့်အတွက် ဝယ်ဖို့ဆို တအားတွန့်ဆုတ်တယ်။ ဝယ်ပြီးရင်လည်း အပြစ်တစ်ခု ကျူးလွန်မိသလိုကြီး ခံစားနေရတယ်။ ဒီပစ္စည်းတစ်ခု ရလာတဲ့အပေါ်မှာ မပျော်ဘူး။
ခုရော လုံးဝပျောက်သွားပြီလား ဆိုတော့ မပျောက်ပါဘူး။ အမြဲပြောသလို၊ ဒါမျိုးက ခွဲစိတ်လိုက်သလို အရှင်းပျောက်သွားမှာမျိုး မဟုတ်ဘူး။ သို့သော် အရင်ထက်စာရင် တိုးတက်လာပြီ။ ပြောင်းလဲလာပြီ။ ကိုယ်နဲ့ ထိုက်တန်တယ် ဆိုတာမျိုး တွေးတတ်လာပြီပေါ့။
📌 ၄။ အားမရတာတစ်ခု
စာရေးဆရာတစ်ယောက်အနေနဲ့ ပြောရတာလည်း ရှက်ရွံ့မိပါတယ်။ ဘာလဲဆိုတော့ စာဖတ်အား ကျသွားတာပဲ။
အဲဒါကိုတော့ နောက်နှစ်ထဲ သေချာအာရုံပြန်စိုက်ရမယ် တွေးထားပါတယ်။ အချိန်တစ်ခု သတ်သတ်မှတ်မှတ် ဖယ်ထားပြီး ပြန်လုပ်ရလိမ့်မယ်။
📌 ၅။ ၂၀၂၅ အတွက် ပြင်ဆင်ချင်တာတစ်ခု
Say No more often ပါ။
ငြင်းတတ်အောင် ပိုကြိုးစားမယ်။ အခုက မငြင်းတတ်၊ ငြင်းရမှာ အားနာတော့ အတော်လေး ဝန်ပိတယ်။ အခြေအနေကလည်း ငြင်းဖို့သိပ်ခက်တဲ့ ကာလကိုး။ ဒီအခက်အခဲ၊ ဒီဒုက္ခတွေကို ဘယ်လိုများ မျက်ကွယ်သွားပြုလို့ ရပါ့မလဲ။
သို့သော် ကိုယ်လုပ်နိုင်စွမ်းထက် ပိုနေတဲ့အခါ ကူကလည်း မကူပေးနိုင်ဘူး။ ငြင်းကလည်း မငြင်းရက်တော့ ဘာလုပ်မိသွားလဲဆို စာကို Seen မပြတော့တာပဲ။ အဲဒါက တစ်ဖက်လူအတွက် ပိုပြီး စိတ်ညစ်စရာ ကောင်းမယ်လို့ ထင်တယ်။ အဖြေတစ်ခု ပြတ်ပြတ်သားသား သိရတာကမှ တော်ဦးမှာပေါ့။
ကိုယ့်အတွက်ရော၊ တခြားလူတွေအတွက်ပါ မကောင်းတာမို့ နှစ်သစ်မှာ တတ်နိုင်သမျှ No လို့ ပြောတတ်အောင် ကြိုးစားမယ် စဉ်းစားထားပါတယ်။
🔳 ခြုံပြောရရင်တော့ ၂၀၂၃ ခုလိုအချိန်ကထက် ပိုတိုးတက်လာတာတွေ ရှိသလို၊ ဆုတ်ယုတ်သွားတာတွေလည်း ရှိတယ်။ ကိုယ့်ဘဝထဲ ထပ်ဝင်လာသူတွေ ရှိသလို၊ ထွက်ခွာသွားတဲ့သူတွေလည်း ရှိတယ်။ ဂုဏ်ယူမိတာတွေ ရှိသလို၊ နောင်တတွေလည်း အများကြီးပါပဲ။
ဘဝကိုက ဒီလိုပဲပေါ့။ စင်းလုံးချောတော့ ဘယ်သူမှ ဖြစ်မနေပါဘူး။ သူများတွေ ဆိုရှယ်မီဒီယာမှာ ပြထားတာလေးပဲ ကွက်မြင်ပြီးလည်း ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေကြပါနဲ့။ ခေတ်ပျက်ကြီးမှာ ကျန်းမာအောင် နေနိုင်တယ်၊ ကိုယ်ကျင့်တရား မပျက်သွားအောင် ထိန်းသိမ်းနိုင်တယ် ဆိုရင်ကိုပဲ အတော်လေး ကျေနပ်စရာ ကောင်းနေပါပြီ။
🔳 လာမဲ့နှစ်သစ်မှာလည်း ထူးထူးခြားခြား မရှိပါဘူး။ လိုတာလေးတွေ ထပ်ဖြည့်၊ ပိုနေတာလေးတွေ နည်းနည်းလျှော့ပြီး ဖြတ်သန်းရမှာပါပဲ။
• ကိုယ့်ကိုယ်ကိုယ် တည်ဆောက်မယ်။ ကိုယ်ကျန်းမာ၊ စိတ်ကျန်းမာရေး၊ အသိပညာ၊ လူမှုဆက်ဆံရေး၊ ငွေရေးကြေးရေး စသဖြင့်ပေါ့။ ဒါမှ တိုင်းပြည်အနာဂတ် တည်ဆောက်ရေးမှာ ပိုပြီး ထိထိရောက်ရောက်နဲ့ ပါဝင်နိုင်မှာပါ။
• လောကကြီးကို ပြောင်းလဲဖို့ ကြိုးစားနေတုန်းမှာ လောကကြီးက ကိုယ့်ကို ပြောင်းလဲမပစ်နိုင်အောင်လည်း ဆက်တောင့်ခံကြမယ်။
• ဘယ်အချိန်မှာ ခွဲခွာရမယ် မသိတဲ့၊ ခုလက်ရှိ ကိုယ့်အနားက လူတွေကို ပိုချစ်မယ်။ ပိုဂရုစိုက်မယ်။
🔳 မရေရာတဲ့ အနာဂတ်မို့ အိပ်မက်တွေ၊ Plan တွေလည်း များများစားစား မရှိတော့ပါဘူး။
ပျောက်ဆုံးသွားတဲ့ နှစ်ကာလတွေမှာ အနည်းဆုံး ကိုယ့်ကိုယ်ကိုယ်တော့ ပျောက်ဆုံးမသွားအောင် ငါတို့ ကြိုးစားရှင်သန်ခဲ့တယ် ဆိုတဲ့ အမှတ်တရလေးပဲ ကျန်နေခဲ့ချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၉.၁၂.၂၀၂၄
30/12/2024
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Website
Address
Yangon