AMT Book Store

AMT Book Store

Share

A to zထိ ဝတ္ထုစာအုပ်ကောင်းလေးများကို ဖတ?

13/08/2018

“ ရထားလမ်း မှ ငိုသံကြီး ”

ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )

#ညမဖတ်ရ

( အမှန် တကယ်ကြုံခဲ့သော သူ နေရာမှ ခံစား၍ ရေးသည်။
ဤဇာတ်လမ်းတွင် အမှန်တကယ်ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ ၏ အမည်များကို

ချန်လပ်ထားပါသည် ။ )



“ ၀ါသနာအရရေးသားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိပါက ခွင့်လွှတ်ပေးစေလိုပါသည် ။
ဝေဖန်မှုများကို ကြိုဆိုပါသည် ။ :) ”


ဤဇာတ်လမ်းလေးကို ရေးသားခွင့်ပြုခဲ့သော

Ko “ Paye Gyi ” ကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ :)





စာရေးသူ ငယ်စဉ်အခါက မိသားစုတွေနဲ့

အနီးအနားက ဘုရားပွဲဈေးများသို့ စိတ်ပြေလက်ပျောက်

လမ်းလျှောက်သွားလေ့ရှိတယ် အဲ့ဒီ ဘုရားပွဲလေးကို

ရောက်ဖို့ ရထားလမ်းလေးတစ်ခုကို ဖြတ်ရတယ်

ထိုရထားလမ်းလေးကို ဖြတ်ကူးတော့မယ်ဆိုတာနဲ့

ကျေးဇူးရှင် မေမေ ၏ ပါးစပ်မှ ဘုရားဂုဏ်တော်များ ၊

ဘုရားစာများကို တစ်တွတ်တွတ်ရွတ် ဆို ပြီး

မေတ္တာပို့ အမျှပေးဝေ လေ့ရှိသည် ။



အဘယ့်ကြောင့် မေမေ ထိုသို့ ရွတ်ဆိုသည်ကို

စာရေးသူမှာ ငယ်ရွယ်သဖြင့် သေချာနားမလည်သောကြောင့်

ကျေးဇူးရှင် ဖေဖေ ကို မေးမြန်းမိရာ ဖေဖေ မှ

“ သား မှတ်ထား ရထားလမ်းဆိုတာ မကောင်းတာတွေ

အမြဲလိုလို ဖြစ်ပြီး စီးတဲ့နေရာကွ ”



ဖေဖေ ၏ စကားကြောင့်

ကျွန်တော် နောက်ကျောများစိမ့်သွားပြီး

နောက်ထပ် မမေးရဲတော့ ၊ အဲ့လို ကလေးဘ၀ထဲက

သတ္တိကောင်းတာဗျ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက

ဖေဖေပြောတဲ့ စကားတွေထဲက “ စီး ” တယ်ဆိုတာကို

သိပ်နားမလည်ခဲ့ဘူး ၊ အသက်ကြီးလာမှ တစ်ဖြည်းဖြည်း

နားလည်လာခဲ့တယ် ‘ သရဲစီး တာတို့ ၊ ဘီလူးစီး တာတို့ ’

ရှိသလို တစ်နေရာ ၊ အိမ်တစ်အိမ် ၊ လမ်းတစ်လမ်း က

“ စီး ” နေတယ်လို့ပြောရင် အဲ့နေရာမှာ

မကောင်းတာတွေ ဆက်တိုက်ဖြစ်နေတဲ့

သဘောမျိုးဆိုတာ နားလည်လာခဲ့တယ် ။

ဥပမာ ။ ။ ရန်ကုန် မန္တလေး အဝေးပြေးလမ်းမှာ

ကားတွေ ခဏ ခဏ မှောက် လူတွေသေ

အဲ့တာမျိုးပေါ့ ။



ထားပါတော့ ဒါက ကျွန်တော့် ယူဆချက်

သက်သက်ပါ ၊ အခုဇာတ်လမ်းလေးကလည်း

အဲ့ဒီလို “ စီး ” နေတဲ့ ရထားလမ်းလေးအကြောင်းပါ

တစ်နည်းအားဖြင့် လူစားလဲတယ် အစောင့်လဲတယ်လို့လည်း

သတ်မှတ်နိုင်ပါတယ် ။



မြန်မာပြည် မြေပုံထဲက မြို့ငယ်လေး

“ ဖြူး ” မြို့ ဆိုလျှင် စာဖတ်သူတို့ မသိမရှိပါဘူး ။

အဲ့ဒီ “ ဖြူး ” ဆိုတဲ့ မြို့ ငယ်လေးမှာ

‘ နေလင်းထက် ’ ဆိုတဲ့ ကျွန်တော် ကြီးပြင်းခဲ့ပါတယ် ။

ကျွန်တော်တို့ နေထိုင်ရာ အိမ်ကလေးရဲ့ ရှေ့မှာ

ကန့်လန့်ဖြတ် လမ်းငယ်လေးတစ်ခုရှိပါတယ် ၊

အဲ့ဒီ လမ်းကလေးရဲ့ တစ်ဖက်မှာတော့

အိမ်ကလေးတွေ အစီအရီရှိ နေပြီး

ထို အိမ်ကလေးတွေရဲ့ ရှေ့မှာတော့

“ ဖြူး ” မြို့ ဘူတာသို့ တိုင်အောင် ဖောက်လုပ်ထားသော

ရထားလမ်း တစ်ခုရှိပါတယ် ။



အဲဒီ ရထားလမ်းက နာမည်ကြီးဗျ

အရမ်း “ စီး ” တယ် ။



ညဘက် အဲ့ဒီ ရထားလမ်းနားမှာ

ဆိုရင် အရက်သမား မပြောနဲ့ ခွေးတောင်

သွားမအိပ်ရဲဘူး ၊ ဘာလို့လဲဆိုရင်

သရဲ အရမ်း ခြောက်လို့ ဗျ ………. ။



တစ်ည ကျွန်တော်တို့သူငယ်ချင်းတစ်စု

စာမေးပွဲအောင်လို့ အရက်သောက်ပြီး

အောင်ပွဲခံလာကြတယ် ၊ သီချင်းတွေ သံပြိုင်အော်ဆိုပြီး

တစ်ယောက်ပုခုံး တစ်ယောက်ဖတ်ပြီး

အမူးသမား ချင်းချင်း ထိမ်းပြီး

အိမ်ကို ပြန်လာခဲ့ကြတယ် ။



မှတ်မိသေးတယ် “ ကို ၀န ” ရဲ့

“ အနီးဆုံးလူ ” သီချင်းလေး ၊

ရှေ့ဆုံးက အာဗြဲကြီးနဲ့ တိုင်ပေးတာ

ကျွန်တော်ပဲ ကျန်တဲ့ကောင်တွေက

စာသားမရတဲ့ကောင်တွေ ၀ါးချနေကြတာ

:D ဒီလိုဗျ

“ နတ်သမီးလေး ………

…………. ………………

အချစ်ရဲ့ အနီးဆုံးလူပါ .. ”



သီချင်း ပထမတစ်ပိုဒ် ပြီးတော့

ကျွန်တော်တို့ လျှောက်လာတာ

ကျွန်တော့်အိမ်နားရောက်ခါနီး

အိမ်အရှေ့ ဘက်က ရထားလမ်းမှာဗျ

အဲ့မှာ ဟိုကောင်တွေ ငြိမ်နေတုန်း

ကျွန်တော် သီချင်းနောက်တစ်ပိုဒ်ကို

ထပ် ဆွဲလိုက်တယ်



“ မငိုပါနဲ့ ……. ”

လို့ပဲ အော်ဆို သေးတယ်

ဟိုကောင်တွေ သံယောင်မလိုက်ခင်

မှာပဲ ငိုသံတစ်ခုထွက်လာ တယ်

ကျွန်တော် က မငိုပါနဲ့ ဆိုမှ

ငိုသံကြီး ထွက်လာတော့ နည်းနည်း

ကြောင်သွားတယ် လူက မူးနေပေမယ့်

မျက်လုံးက မြင်သေးတယ်ဗျ

ဘယ်ကောင် နောက်တာလဲဆိုပြီး

အဝေးကလာတဲ့ ငိုသံကို လိုက်ရှာနေတုန်းဗျ

ဘေးက ကောင်တွေက အလိုက်ကမ်းဆိုးမသိဘူး

ကျွန်တော် အစတိုင်ပေးထားတဲ့ သီချင်းကို

ဝူးဝူးဝါးဝါးနဲ့ အာလေးလျှာလေးသံတွေနဲ့

ဝါးချပြီး အော်လို့ကောင်းနေတုန်းဗျ ။



ကျွန်တော်လည်း ငတိတွေကို

နားရင်းတွေလိုက်ရိုက်လိုက်မှ တိတ်သွားတယ်

ဒါတောင် တစ်ကောင်က

“ ယေ့ဟောင် ‘ နေလင်း ’ ငါတို့ မူးနေတာကွ

ဘာလို့ နားရင်းလိုက်ချနေတာလဲ ”

တဲ့ဗျာ ကျွန်တော်လည်း စိတ်မရှည်တော့ပဲ

ကျွန်တော့်ရဲ့ နှုတ်ခမ်းပေါ် လက်ညှိုး တင်ပြီး

အသံတစ်ခုလုပ်ပြလိုက်မှ အကုန်တိတ်သွားတယ်ဗျ



“ ရှူးးးးးးးးး ၊ ဟေ့ကောင်တွေ ခဏလေး

တိတ်တိတ်နေကြ စမ်းကွာ မင်းတို့တွေကြားလိုက်လား

ငိုသံကြီး …… ငါ က မငိုပါနဲ့လို့ သီချင်းဆိုမှ

အဲ့လိုကြီး ထငိုတာကွ ဘယ်ကောင်

ငါတို့ ကို လာနောက်နေတာ လည်းမသိဘူး

သေချာနားထောင်ကြည့်ကြစမ်း ”

လို့ ပြောလိုက်မှ သကောင့်သားတွေ

အကုန် မူးမူးရူးရူးနဲ့ တိတ်သွားကြတယ်



အဲ့ဒီအချိန်မှာပဲ ငိုသံ ကြီးက ထင်ထင်ရှားရှားကြီး

ထက်ထွက်လာတယ် ……

ကျွန်တော်တို့တွေ သေချာငြိမ်ပြီး

နားထောင်ကြည့်မှ ပိုကြားရတယ်ဗျ



မိန်းမတစ်ယောက်ရဲ့ ငိုသံကြီး ၊

ရင်ကွဲပတ်လက်နဲ့ကို အော်ငိုနေတဲ့အသံမျိုးဗျ

ညည်းသံကြီးလည်းပါတယ် ၊ အသံရှင်က

အားရပါးရကို အော်ငိုနေတာ ။



ကျွန်တော်ပထမ မသဲမကွဲကြားရတုန်းက

တစ်ယောက်ယောက်ငါ့ကို လာနောက်တာပေါ့

အခုဟာက ညဘက်ကြီး လူပြတ်တဲ့အချိန်မှ

ရထားလမ်းမှာ မိန်းမတစ်ယောက်ငိုသံကြီးဗျ

အဲ့ဒီ ငိုသံကြီးက ပိုပို ကျယ်လာသလိုပဲ

ကျွန်တော်တို့တွေလဲ ခေါင်းနပန်းတွေကြီးကုန်ပြီး

အမူးပါ ပြေချင်သလိုလိုဖြစ်သွားကြတယ် ။



ပတ်ဝန်းကျင်မှာလဲ ရထားလမ်းနဘေးက

မလင်းတလင်း လမ်းမီးအချိုကသာရှိပြီး

မှောင်မဲနေတဲ့ ပတ်ဝန်းကျင်က ရုတ်တရက်ကြီး

အေးစိမ့်လာသလိုခံစားလိုက်ရတယ် ၊

အသံပိုင်ရှင်ကို လိုက်ရှာတော့လည်း

တစ်ဦးတစ်လေမှ မတွေ့ ။



ထိုအချိန်မှာပဲ ကျွန်တော်တို့ ညာဘက်မှာရှိတဲ့

ရထားလမ်းကနေပြီး သွေးပျက်ဖွယ် ငိုညည်းသံကြီးကို

ကျွန်တော်တို့သူငယ်ချင်းတွေအားလုံး

ထပ်ပြီးတော့ ကြားလိုက်ကြရတယ် ။

အကုန်လုံး ရဲ့ အနီးကို ငိုသံကြီးက

ပထမကြားနေရတဲ့ နေရာကနေ

ကျွန်တော်တို့ လူစုလား တဖြည်းဖြည်း နီးလာတော့

ကျွန်တော်တို့တွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး

အမှောင်ထဲက ငိုသံကြီးရဲ့ အသံရှင်ကို

လိုက်ရှာနေမိတယ် ။



မြင်မြင်သမျှ ပတ်ဝန်းကျင်မှာ

လူဟူ၍ တစ်ယောက်မှမတွေ့တော့

ကျွန်တော်တို့လူစုလည်း

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

တိုင်ပင်ထားသလိုမျိုး မာရသွန်ပြေးပွဲဝင်ခဲ့ကြတာ

ကျွန်တော်က အိမ်နဲ့နီးတော့ အိမ်ထဲဝင်ပြေးတယ်

ကျန်တဲ့သူငယ်ချင်းတွေက တကွဲစီပြေးသွားကြတယ်

ဘယ်တွေရောက်သွားကြလည်းဆိုတာ

ကျွန်တော်လည်း ဂရုမစိုက်နိုင်တော့ဘူးလေ

အိမ်ရောက်တော့ လည်း ဒီကိစ္စကို ဘယ်သူ့ကိုမှပြန်မပြာရဲဘူး

ကိုယ်က အရက်သောက်ထားတော့

မယုံတဲ့အပြင် အဆူပါခံရနိုင်တယ်လေ ။

ကျွန်တော်လည်း ကိုယ်အခန်းလေးထဲ

တိတ်တိတ်လေး ၀င်ပြီး စောင်ကို ခေါင်းအထိလုံအောင်

ခြုံထားပြီး ကြောက်စရာငိုသံကြီးအကြောင်း

ပြန်တွေးနေမိပြီး အိမ်မက်ဆိုးတွေနဲ့

အိပ်ပျော်သွားခဲ့တယ်



‘ ညဘက်ကြီး ကျွန်တော်တစ်ယောက်တည်း

ကျူရှင်ကနေ အိမ်ကိုပြန်လာခဲ့တယ် ၊

လမ်းပေါ်မှာ ကျွန်တော်တစ်ယောက်တည်းဆိုတော့

နည်းနည်းတော့ကြောက်စိတ်ဝင်မိတယ်

ရထားလမ်းနားရောက်တော့

မီးတိုင်တွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး

ရထာလမ်းပေါ်မှာ လူတစ်ယောက်

ကျွန်တော့်ကို ကျောပေးပြီး ထိုင်ငိုနေတယ်

ကျွန်တော်လည်း ထိုလူကို စူးစမ်းချင်တာနဲ့

သူ့အနားကိုတိုးသွားလိုက်တယ်

သူရဲ့ပုံစံကို အနည်းငယ် ကွဲကွဲပြားပြား မြင်လိုက်ရတယ်

အမျိုးသမီးတစ်ယောက်ဗျ ဆံင်အရှည်ကြီးပဲ

ရထားသံလမ်းကြီးပေါ်မှာ

ညကြီးအချိန်မတော် ထိုင်ငိုနေတာဗျ

ဒီအချိန်က ညရထားတွေ အသွားအလာရှိတက်တော့

ကျွန်တော်လည်း အဲ့ဒီ အမကြီးကို စိတ်ပူသွားပြီး

သူ့နားကို တိုးသွားပြီး လှမ်းခေါ်လိုက်တယ်



“ အမ .. အမ ဘာလိုငိုနေတာလဲ အန္တရယ်များလိုက်တာ

အမဘာပြသနာရှိလိုလည်း ကျွန်တော့်ကိုပြောပါ

ဝိုင်းဖြေရှင်းပေးပါ့မယ် အဲ့နေရာမှာ မနေပါနဲ့

ရထားလာရင် အမကိုကြိတ်မိသွားလိမ့်မယ် ”

လို့ပြောပြီး သူ့အနားကိုတဖြည်းဖြည်းတိုးသွားလိုက်တယ်

သူက ကျွန်တော့်ကို အဖတ်တောင်မလုပ်ဘူးဗျ

သူတော်တော် ၀မ်းနည်းနေပုံပဲ

အဲ့ဒီအချိန်မှာ ရထားဥသြသံကိုကြားလိုက်ရတော့

ကျွန်တော် လည်းသူ့ကို စိတ်ပူသွားပြီး

သူ့အနားကို ပြေးသွားလိုက်တယ် ။



ကျွန်တော့်တို့အနားသို့ ရောက်လုနီးဖြစ်နေသော

ရထားကြောင့် သံလမ်းပေါ်မှာ ခေါင်းငုံပြီး ထိုင်ငိုနေတဲ့

အမကြီး ကိုစိုးရိမ်မိသွားပြီး သူ့ကို လှမ်းခေါ်ဖို့အတွက်

ကျွန်တော့်လက်ကို လှမ်းလိုက်ပြီး သူကရဲ့ပုခုံးကို

လှမ်းပုတ်ပြီး အော်ပြောလိုက်တယ်



“ အမ….. ရထားလာနေပြီး မြန်မြန်ထတော့ ”



ကျွန်တော့်လက်က သူ့ရဲ့ပုခုံးကိုထိလိုက်တော့

ရေခဲတုံးကို လက်နဲ့ ပုတ်လိုက်ရသလိုမျိုး

ခံစားလိုက်ရတယ့်အတွက် ကျွန်တော်

ကြောင်တောင်တောင်ကြီး ဖြစ်နေတုန်း

ကျွန်တော့်ရှေ့မှာ ခေါင်းကြီးငုံပြီးထိုင်ငိုနေတဲ့

အမကြီးရဲ့ ကိုယ်လုံးက လုံးဝလှုပ်လျှားခြင်းမရှိပဲ

သူ့ရဲ့ ခေါင်းကြီက ဆက်ခနဲ့ ကျွန်တော့်ဘက်ကို

လည်ထွက်လာခဲ့တာဗျ သူ့မျက်နှာကြီးက

ကျွန်တော့်ဘက် လှည့်လာခဲ့တယ်

သူ့မျက်နှာမှာ မျက်လုံး ၊ နှုတ်ခမ်း ၊နှာခေါင်း

ဘာဆို ဘာမှမပါဘူး ၊ မျက်နှာက ပြောင်ကြီးဗျ

မျက်လုံးထဲမြင်အောင် ပြောရရင်

စတီးချိုင့်ကြီးကို လက်နဲ့ ဆက်ခနဲ

ဆွဲလှည့်လိုက်သလိုပဲ ပြောင်ပြောင်ကြီးဗျ

ကျွန်တော်လည်း မျက်စိရှေ့က မြင်ကွင်းကြောင့်

ကြောက်စိတ်က ထိမ်းမရတော့ပဲ

အသားတွေ တဆက်ဆက်တုန်လာတယ်

ကျွန်တော်ထင်တယ် ကြက်သီးမွှေးညင်းတင်မဟုတ်ဘူး

ကျွန်တော့်ခေါင်းပေါ်က ဆံပင်တွေပါ

လေပေါ်ထောင်တက်သွားလောက်တယ်

ကျွန်တော့် မျက်လုံးတွေ ကလည်း အဆမတန်ကို ပြူးလာတယ်

ကျွန်တော့်ရှေက သရဲမကြီးကို ကြည့်ပြီး

ပါးစပ်မှ အသံကုန်အော် နေတုန်း

မရှေးမနှောင်းပဲ ရှေ့မီးကို အလင်းကုန်တင်ထားသော

ရထားကြီးက ကျွန်တော့်နဘေးမှကိုအရှိန်နဲ့

ခုတ်မောင်းလာပြီး ကျွန်တော့်ဆီဦးတည်လာတယ်

သရဲမကြီးရဲ့ ငိုသံကြီးက ပိုမို ကျယ်လောင်လျှက် ပင် …. ။



ကျွန်တော် လည်း သရဲမကြီးကိုကြည့်ပြီးအော်နေရာကနေ

ကျွန်တော့်ဆီ ဦးတည်ပြီးလာနေသော ရထားကြီး ၏

ရှေ့မီးကြီးကို ကြည့်ပြီး အော်နေမိတုန်း

ကျွန်တော့်ကို ရထားကြီးက ၀င်တိုက်သွားခဲ့တယ် ။

“ အား……………….. ”



ထိုစဉ်



“ ဒေါက်..ဒေါက်..ဒေါက်..ဒေါက်

သားကြီး နေလင်း ဘယ်နှစ်နာရီရှိပြီလဲ

မထသေးဘူးလား ၊ နေ့လည်စာလေးဘာလေး

ထစားဦးလေ ဒေါက်..ဒေါက်..ဒေါက်..ဒေါက်

သားရေ ” ဆိုတဲ့ ရထားခုတ်မောင်းသံပမာ

တဒေါက်..ဒေါက် နဲ့ အမရဲ့ တံခါးခေါက်သံကြောင့်

ကျွန်တော် အိမ်မက်ဆိုးကနေ လန့်ပြီး နိုးထလာခဲ့တယ် ၊

မျက်နှာရှေ့က နေမင်းကြီးက ရထားရှေ့ကမီးအလင်းထက်

ပိုမို စူးရှတယ် ကျွန်တော့် တစ်ကိုယ်လုံးလည်း

ချွေးစီးတွေပျံလို့ ။



ရေတစ်ခွက်အ၀သောက်ပြီး မျက်နှာသစ်

ကိုယ်လက် သန့်ရှင်းရေးလုပ်ပြီးနေ့လည်စာ စားဖို့

ထမင်းဝိုင်းလေးမှာ ကျွန်တော် သွားထိုင်နေတုန်း

ထမင်းဝိုင်းမှာထိုင်နေတဲ့ အဖေနဲ့ အမေအပြန်အလှန်ပြောနေတဲ့

အကြောင်းအရာကြောင့် ကျွန်တော် စိတ်ဝင်စားသွားတယ် ။



အဖေက “ အမေကြီး ငါတို့ အိမ်ရှေ့က ရထားလမ်းမှာ

မနက်က ရထားနဲက ချိတ်ပါသွားတဲ့ အမျိုးသမီးက

မကျွတ်ဘူးတဲ့ဟ ”



အမေက “ ဘယ်ကျွတ်ပါ့မလဲ ဖေကြီးရ

သူသမီးလေးက ငယ်ငယ်ပဲရှိသေးတာကို

သနားပါတယ် ဟယ်… ” တဲ့ဗျာ



ကျွန်တော် စိတ်ဝင်စားသွားပြီ

အဖေ့ကို မေးလိုက်တယ်

“ အဖေ ရထားလမ်းမှာ

ဘယ်တုန်းက ဘယ်သူ သေသွားတာလဲ ”

ဆိုတော့ အဖေက

“ သြော် ဟုတ်သားပဲ ငါ့သားမသိသေးဘူးပဲ

အေးလေ မင်းက စာမေးပွဲအောင်စာရင်း

ထွက်ပြီး ကတည်းက အိမ် မှမကပ်ပဲ

ကိုယ့်မြို့ ကိုယ်အိမ်နားမှာ

ဖြစ်သွားတာတောင်မှ မသိဘူး

ဒီလိုသားရေ

ငါတို့ အိမ်အရှေ့ ဟိုဘက်က

ရထားသံလမ်း ကို မင်းသိပါတယ် “



“ ဟုတ်သိတယ်အဖေ ”



“ အေး အဲ့ဒီမှာ မနေ့က မနက်က

ရထားလမ်းတစ်ဖက်က

ကျောင်းကို အမျိုးသမီးတစ်ယောက်က

သူ့သမီးလေး သူ့ သမီးလေး

ကျောင်းသွားပို့တာ စက်ဘီးလေးနဲ့

ပြီးတော့ ကျောင်းဆင်းချိန်

ကလေးကို ပြန်ကြိုပြီး

ရထားလမ်းက စက်ဘီးလေးနဲ့

ပြန်အကူးမှာ သေချင်တော့

သူဖြတ်ကူးနေတုန်း

ရထားတစ်စင်းကခုတ်မောင်လာတယ်

အရှိန်နဲ့ အဲ့ အချိန်က ပုံမှန်

ရထားဖြတ်တဲ့ အချိန်မဟုတ်ဘူးကွ

အခုလာနေတဲ့ ရထားက

အနီရောင်လေး စစ်ရပ်ထားလေး

တစ်တွဲတည်းလာတာ

အဲ့ရထားက သူ့ကို တိုက်သွားတာ

သူ့သမီးလေးက လွင့်ထွက်သွားတယ်

သူက ဆံပင်ရှည်တော့

သူ့ ဆံပင်က ရထားနဲ့ ချိတ်ပါသွားပြီး

အဲ့ဒီ အမျိုးသမီး တွန်းလာတဲ့စက်ဘီးလက်ကိုင်က

သူ့ ဦးခေါင်းထဲကို လက် နှစ်ဆစ်လောက်

ဝင်သွားတာကွ ၊ မြင်ကွင်းက တော်တော်ဆိုးတယ်

ရုပ်ပျက်ဆင်းပျက်ပဲ သေနေတာ

တော်ရုံလူဆို မကြည့်ရဲဘူး

ဖြစ်ချင်တော့ ငါက အဲ့နားမှာ

သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေတုန်း

ငါ့ရှေ့တင်ဖြစ်သွားလို့ သေချာပြောနိုင်တာ

အဲ့တာ ငါ့သားလဲ သတိထားသွား

သတိထားလာ ရထားလမ်းတွေက စီးနေတာ ”

လို့ ရှည်လျှားစွာ ရှင်းပြတော့မှ

ကျွန်တာ် ညက ကြားရတဲ့ ငိုသံကြီးအကြောင်း

ရိပ်စားမိသွားတယ် အိမ်မက်ကလည်း

တော်တော် တိုက်ဆိုင်တယ်

ကျွန်တော်လည်း ပြန် စဉ်းစားမိပြီး

ခေါင်းနပန်းသွားမိတယ်

အဲ့အချိန်မှာ အမေက

“ ဟဲ့ သား ဘာတွေတွေးနေတာလဲ

စားစရာရှိတာစားလေ ”

ဆိုတော့မှ ကျွန်တော် အသိပြန်ဝင်လာမိတယ် ။



ကျွန်တော် နောက်ညတွေဆို

ဘယ်လောက်နောက်ကျနောက်ကျ

အဲ့ဒီလမ်းက မပြန်ရဲတော့ဘူး

အဲ့ဒီ ရထားလမ်းနဘေးမှာနေတဲ့

အိမ်တွေဆို ကျွန်တော်တို့သူငယ်ချင်းတစ်စု

ကြားခဲ့ရတဲ့ ငိုသံကြီးကို ညသန်းခေါင်ချိန်

ရောက်တိုင်း ကြားရတယ်ဆိုပဲ ။



ထိုအဖြစ်အပျက်ဖြစ်ပြီး

ရက်အနည်းငယ်လောက်မှာ

နောက်သတင်းတစ်ခု ထပ်ကြားလိုက်ရတယ်

ရထားလမ်းနဘေးမှာနေတဲ့

အိမ်တစ်အိမ်က လိပ်ပြာလှသော

အမျိုးသမီးတစ်ဦးကို သရဲဝင်ပူးတဲ့သတင်း

ဖြစ်ပုံက အဲ့ဒီ အမျိုးသမီးက

ညနေစောင်းကြီး ဆံပင်ဖားလျားနဲ့

အိမ်ရှေ့ထွက်ထိုင်နေတုန်း

ဝင်ပူးတာတဲ့ အိမ်ကလူတွေက မူမမှန်မှန်း

သိတာနဲ့ ဘားမှမလုပ်သေးပဲ

အရင်ဆုံး ဘယ်သူလဲ ဘာလိုချင်လို့လဲ

မေးတော့ ပြောတော့တာပဲ

“ သူက ရထားလမ်းမှာ

ဘယ်ရက် ဘယ်အချိန်က

ဘယ်လိုသေသွားတဲ့ မိန်းမတစ်ယောက်ပေါ့

သူ့ယောကျာ်းက သစ္စာမရှိဘူးတဲ့

သူသေပြီးနောက်မိန်းမတန်းယူတယ်

သမီးလေးကိုလဲ သူစိတ်မချဘူးတဲ့

သူညတိုင်း ငိုနေရတယ် သမီးလေးကို

မခွဲနိုင်လို့ ဆိုပြီးပြောတော့ ”

အဲ့ဒီ အိမ်က လူကြီးတွေက

“ နင်အခုလို ဒုက္ခရောက်နေတာ

သာဓုခေါ်ပါလား ငါတို့ အမျှအတန်းပေးမယ်

နင့်အတွက်ရည်စူး ကုသိုလ်

လုပ်ပေးမယ်လေ ”

ဆိုတော့ သရဲမက

“ မခေါ်ဘူး မလုပ်ပေးနဲ့

ငါ့သမီးလေးနဲ့ မခွဲပါရစေနဲ့

သမီးလေး သမီးလေး .. ”

ဆိုပြီး ငိုယိုပြီး ထွက်သွားတယ် တဲ့ဗျာ ။



ကျွန်တော်တို့ တွေလည်း

ကြားရတာ ကြောက်လည်းကြောက်

စိတ်လည်း ထိခိုက်မိကြတယ်

နောက်ရက်တွေ မှာ

ရထားလမ်းနဘေးက အိမ်တွေစု

ဘုန်းကြီးပင်ပြီး သူ့အတွက်

ရည်စူးကုသိုလ်ပြုလုပ်ပေးပေမယ့်

နောင်ညများမှာ ငိုသံကြီးက ကြားနေရတုန်းပဲဗျ

တစ်ချို့ ဆို ရထားသံလမ်းပေါ်မှာ

ညဆိုရင် ဆံပင်ဖားလျားနဲ့

မိန်းမလိုလို မဲမဲ သဏ္ဍန်ကြီးက

ဟိုဒီသွားနေတာကို

တွေ့ကြတယ်ဆိုပဲ ။



ကျွန်တော်တို့

သူငယ်ချင်းတွေကတော့

ပထမဆုံး ဖောက်သည်တွေ ဖြစ်သွားကြတယ်

အဲ့ဒီ သရဲမကြီးက ယခုအချိန်အထိ

မကျွတ်သေးဘူးဗျ ခြောက်လှန့်နေတုန်းပဲ

ရထားသံလမ်းမှာ

ညဆိုအမြဲကြားနေတယ်

ငိုသံကြီး ………… ။





~ မိုးစွေ ~
စာပြီးချိန် - 12.3.2017 ( 11:14 Pm )

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
14001