Chan Myae Win
Literary Translator / Author
06/06/2025
“မိုး”
(ချမ်းမြေ့ဝင်း ရေးသည်။)
+++
အပိုင်း (၁)
(အဖွင့်)
ကောင်းကင်က အရောင်အဆင်းမဲ့၊ မွဲပြီး မှောင်နေတယ်။
သည်းကြီးမည်းကြီး ရွာနေတဲ့ မိုးကြောင့် နကိုကတည်းကမှ မရှိမဲ့ ရှိမဲ့ ညနေခင်း နေရောင်ဟာ တိမ်တွေကို တိုးမပေါက်နိုင်တော့ဘဲ ပတ်ဝန်းကျင်မှာ အလင်းရယ်လို့ မရှိသလောက် ဖြစ်နေတယ်။
ဟိုးအဝေး ဟိုးအပေါ်မှာ ပျိုးခနဲ ပျက်ခနဲ လက်သွားတဲ့ အလင်းရောင်။
တစ်စက္ကန့် .. နှစ်စက္ကန့်.. သုံးစက္ကန့်.. လေးစက္ကန့်..
ရှစ်စက္ကန့်အကြာမှာ လျှပ်အလင်းရဲ့ နောက်ကနေ ထက်ကြပ်မကွာ လိုက်လာတဲ့ မိုးခြိမ်းသံ အထွေးလိုက်။
ရှစ်စက္ကန့်ဆိုတော့ မိုးကြိုးပစ်တဲ့နေရာနဲ့ ဒီနေရာ ၂ မိုင်မပြည့်တပြည့်ပေါ့..
စဉ်းစားရင်း.. စံပယ် တစ်ယောက် လက်မှာပတ်ထားတဲ့ နာရီကို ငုံ့ကြည့်လိုက်တယ်။ ညနေ ၆ နာရီခွဲပြီ။
သူအခု မိုးဝင်ခိုနေတဲ့ စတိုးဆိုင်က ညနေ ၅ နာရီလောက်ကတည်းက ပိတ်သွားခဲ့ပြီ။ မိုးပက်မှာ စိုးရိမ်တဲ့အတွက် ဆိုင်ရှင်က တံခါးတွေ၊ ပြတင်းပေါက်တွေကို အကုန် ဆွဲပိတ်ထားတယ်။ ဆိုင်နောက်မှာ ကပ်ဆောက်ထားတဲ့ အိမ်ပုလေးထဲမှာတော့ လူတွေရှိနေမလား မပြောတတ်။
သူ အခု မိုးခိုဖို့ အားကိုးထားရတဲ့ စတိုးဆိုင် တံစက်မြိတ်ရဲ့ အကျယ်က ၂ ပေ မပြည့်ချင်။ အရှိန်နဲ့ တဝေါဝေါ ကျလာနေတဲ့ မိုးရေတွေက တံစက်မြိတ်ရဲ့ ယိုင်နဲ့နဲ့ သွပ်ပြားပေါ်ကို တဖြောင်းဖြောင်းအသံတွေနဲ့ ရိုက်ခတ်နေတယ်။ မိုးမစိုအောင် ကိုယ်လုံးကိုကျုံ့၊ ဆိုင်တံခါးနဲ့ နောက်ကျောကို စေ့နေအောင် ကပ်ထားပေမယ့် စံပယ့် ကိုယ်ရှေ့ပိုင်းတစ်ခုလုံးနီးပါးက ရွှဲရွှဲစိုနေပြီ။
စံပယ် ဆိုတဲ့ မိန်းကလေးရဲ့ နာမည်အပြည့်အစုံက မိုးဦးစံပယ်။
ဒါပေမယ့် မိုးရာသီကို ချစ်တဲ့ မိန်းကလေးတစ်ယောက်တော့ မဟုတ်။ ဒါဟာ သူ နေထိုင်ကြီးပြင်းလာတဲ့ ဒီမြို့၊ ဒီနေရာနဲ့လည်း အများကြီး သက်ဆိုင်နေတယ်။ မိုးလေးတဖွဲဖွဲ၊ ချမ်းစိမ့်စိမ့်အရသာနဲ့ သာယာစိုပြေနေတဲ့ နေရာမျိုးဆိုရင်တော့ မိုးရာသီကို ကြိုက်ရင် ကြိုက်မိမှာပေါ့။ ဒါပေမယ့် စံပယ် နေတဲ့ ကမ်းဝါမြို့ဟာ အဲဒီလို မိုးရာသီမှာ သာယာလှပတဲ့ မြို့တစ်မြို့ မဟုတ်ဘူး။ မိုးတွင်းရောက်ပြီဆိုတာနဲ့ မြို့ရဲ့ လမ်းတော်တော်တော် များများက ရေမြုပ်နေပြီ။ လမ်းဘေးမှာ ကပ်ဖောက်ထားတဲ့ ရေမြောင်းတွေကလည်း မိုးရွာလို့ ၅ မိနစ်မပြည့်ခင်မှာတင် အကြောင်း ပေါင်းစုံနဲ့ ရေလျှံနေပြီ။ အဲဒီလို ရေလျှံပြီဆိုတာနဲ့ မြောင်းထဲမှာ စုသေနေတတ်တဲ့ ကြွက်၊ ငှက်တွေက ရေနဲ့မျောပါလာပြီး ပတ်ဝန်းကျင်ကို အနံ့ဆိုးတွေနဲ့ လွှမ်းလိုက်တော့တာပဲ။ ပြီးတော့ ဒီအရပ် ဒီသေမှာ ခပ်ဖွဲဖွဲ ရွာတဲ့ မိုးရယ်လို့ မရှိသလောက် ရှားပါတယ်။ ရွာလိုက်သမျှဟာ ထစ်ချုန်းမိုးတွေချည်းပဲ။ ရေ အလွှာလိုက် လေ အထွေးလိုက်နဲ့ မုန်တိုင်းသဖွယ် ကြမ်းတမ်းနေတဲ့ မိုးတွေကြောင့် မိုးရွာရင်မိုးရေချိုးမယ် ဆိုတဲ့ စကားဟာ စပယ်တို့ ကလေးဘ၀ကတည်းက ကိုယ်နဲ့ မသက်ဆိုင်သလို ဖြစ်နေခဲ့တာ။ မိုးနဲ့လေ ရောက်လာပြီဆိုတာနဲ့ တံခါးကိုပိတ်၊ ပြတင်းတွေကို စေ့ရင်း မှောင်နဲ့မည်းမည်း အိမ်ခန်းထဲမှာ ငုတ်တုတ်ထိုင်နေရတာနဲ့ပဲ ငယ်ဘ၀ မိုးရာသီတွေက ကုန်ဆုံးသွားခဲ့တာ။ လွင်တီးခေါင်ပြင်တွေ နေရာတကာမှာ ရှိနေတဲ့ မြို့တစ်မြို့ ဖြစ်တဲ့အတွက် မိုးကြိုးပစ်ခံရသူတွေကလည်း နှစ်တိုင်းမှာ တစ်ဦးစ၊ နှစ်ဦးစ ရှိတတ်တယ်။ ဒါနဲ့ မပြီး သေးဘူး။ ချောင်းဝါကမ်းပါးဘက်မှာ လမ်းလျှောက်နေရင်း ကမ်းပါးပြိုပြီး ရေစီးထဲ မျောပါ၊ အသက်ပါ ဆုံးသွားကြတဲ့ ဇာတ်လမ်းတွေကလည်း မကြာခဏ ကြားရတယ်။ ဒါကြောင့် မိုးတွင်း.. ဆိုတဲ့ အချိန်ဟာ ကမ်းဝါ မြို့သူမြို့သားတွေအဖို့ မကြိုဆို၊ မလိုလားတဲ့ ရာသီတစ်ခုဖြစ်နေတာ မဆန်းပါ။
ဒီလိုနေ့မျိုးမှာ ထီးမပါဘဲ သူများ စတိုးဆိုင်တံစက်မြိတ်အောက်မှာ ကြွက်စုတ်တစ်ကောင်လို မိုးခိုနေရတာဟာ ဘယ်သူ့အပြစ်များလဲ။ ကြံဖန်ပြီး အပြစ်တင်ရမယ်ဆိုရင်တော့ စံပယ် အလုပ်လုပ်နေတဲ့ ဖုန်းပြင်ဆိုင်က သူ့ရဲ့ လုပ်ဖောက်ကိုင်ဘက် စန္ဒီ့ကိုပဲ လက်ညှိုးထိုးရတော့မှာပဲ။ စန္ဒီက စံပယ့် အချစ်ဆုံး သူငယ်ချင်းလို့ ပြောလို့ရတယ်။ အလယ်တန်းကတည်းက ကျောင်းအတူတူ တက်ခဲ့တဲ့ အပြင် ကျောင်းပြီးလို့ အလုပ်ရတော့လည်း တစ်နေရာတည်းမှာ။
စံပယ်က ကပ်စေးနဲ ခြစ်ကုပ်တတ် သလောက် စန္ဒီကတော့ သိပ်ကို လက်ဖွာတဲ့ ကောင်မလေး။ လခထုတ်ပြီး တစ်ပတ်မပြည့်သေးခင်မှာ တင် သုံးစရာမရှိ အမြဲ ငွေပြတ်နေတတ်တယ်။ ဒီနေ့လည်း အလုပ်ဆင်းရင် ကြေးအိုးလိုက်ကျွေးပါ ဆိုပြီး အသည်းအသန်တွေ နားပူနားဆာ လုပ်နေလို့ ခရမ်းလမ်းမှာရှိတဲ့ တရုတ်ဆိုင်မှာ စံပယ်က လိုက်ကျွေးရတယ်။ တကယ်က ကြေးအိုးက အကြောင်းပြချက် သက်သက်ပါ။ အဲဒီဆိုင်ပိုင်ရှင် အစ်ကိုက အသားဖြူဖြူ၊ စကားပြောညက်တဲ့သူ။ ဒါကြောင့် စန္ဒီက ကြေးအိုးကို အကြောင်းပြ နာမည်တပ်ပြီး တစ်ချိန်လုံး အဲဒီဆိုင်ကို လမ်းသလားနေတာ။ စားပြီးသောက်ပြီး အိမ်ကို လမ်းလျှောက် ပြန်ဖို့ လမ်းခွဲကြပြီး.. စံပယ့် အိမ်မရောက်ခင် ၅ မိနစ်လောက် အလိုမှာ မိုးတွေ အုံးခနဲ ရွာလာတော့မှ စားသောက်ဆိုင်မှာ ကျန်ခဲ့တဲ့ ထီးကို ရုတ်တရက် သတိရသွားတော့တာ။ လမ်းဆက်လျှောက်လို့ မရတော့အောင်ကို သည်းလာတဲ့ မိုးအရှိန်ကြောင့် ဒီ စတိုးဆိုင်ရဲ့ တံစက်မြိတ်အောက်ကို အမြန် ပြေးဝင်ခိုရတာ။
အခု ဒီ တံစက်မြိတ်အောက်မှာ လူ ဆိုလို့ စံပယ် တစ်ယောက်တည်းရယ်။ လူမဟုတ်တဲ့ သတ္တဝါ တစ်ကောင်ကလည်း စံပယ်နဲ့အတူ မိုးခိုနေတယ်။ သူနဲ့ ၄-၅ ပေ အကွာလောက်မှာ မိုးခိုရင်း အမွေးတခါခါလုပ်၊ ဘယ်ကိုမှန်းမသိ လှမ်းကြည့်ရင်း တ၀ုတ်၀ုတ်ဟောင်နေတဲ့ လမ်းဘေးခွေးတစ်ကောင်။ စံပယ်က ခွေးချစ်တတ်တဲ့သူ မဟုတ်ပါ။ ဒါပေမယ့် အစာရေစာ မ၀လို့ ပိန်လှီနေတဲ့ အဲဒီ ခွေးကို မြင်မိတော့ စိတ်ထဲမှာ သနားသလိုလိုတော့ ဖြစ်မိသား။ ကျွေးစရာ မုန့်လည်း ဘာမှ မပါ။ စတိုးဆိုင်ကလည်း ပိတ်နေပြီ။ ဆိုင်ရှင် အန်တီကြီးနဲ့ စံပယ် အလုပ်သွား အလုပ်ပြန် ဆုံနေကျဆိုတော့ မျက်မှန်းတန်းမိပါတယ်။ ဒါပေမယ့် တံခါးဖွင့်ပြီး အထဲဝင် မိုးခိုဖို့ ခွင့်တောင်းရလောက်တဲ့ အထိတော့လည်း မရင်းနှီးပြန်ဘူး။
အခု စံပယ် မိုးခိုနေတဲ့ စတိုးဆိုင်နဲ့ စံပယ့်အိမ်က မိနစ်ပိုင်းလောက်ပဲ ဝေးတော့တာပါ။ အမြန်လေး ပြေးသွားလိုက်ရင် ၃ မိနစ်ထက် ပိုမကြာ။ ဒါပေမယ့် ၀ုန်းဒိုင်းကျဲ ရွာနေတဲ့ မိုးထက် ဆိုးတဲ့ အရာက လမ်းအပြည့် လျှံတက်နေတဲ့ မိုးရေတွေ။ ရေအနက်က စံပယ့် ခြေကျင်းဝတ်လောက်အထိ ရောက် လိမ့်မယ် ထင်တယ်။ ပြီးတော့ အဲဒီ လျှံနေတဲ့ ရေထက် ဆိုးတဲ့အရာ နောက်တစ်ခု ရှိသေးတယ်။ စံပယ် ကျောင်းသူဘ၀တုန်းက ချောင်းဝါကမ်းပါးမှာ သူငယ်ချင်းတွေနဲ့ ဆော့ကစားရင်း ခြေသလုံးနှစ်ဘက်စလုံးကို မျှော့တွယ်ခံရဖူးတယ်။ မည်းနက်ချောပြောင်ပြီး တလွန့်လွန့်လူးနေတဲ့ အဲဒီ သတ္တဝါတွေကို စံပယ့် သူငယ်ချင်းတစ်ယောက်က လက်ရဲဇက်ရဲ သပ်ချ၊ မြေကြီးပေါ်မှာ ဖိနပ်နဲ့ တဘန်းဘန်း ရိုက်သတ်တော့ သွေး၀နေတဲ့ မျှော့ကြီးတွေက ဖောင်းခနဲ ဘောင်းခနဲ ပေါက်ပြဲပြီး မြေကြီးမှာ အနီကွက်ကြီးတွေ ဖြစ်ကုန်တာ။ အဲဒီ မြင်ကွင်းကို စံပယ့်မှာ မေ့မရတော့ဘဲ တစ်လလောက် အိပ်မပျော် အိပ်မက်ဆိုးတွေ မက်ခဲ့ရတာ။ အဲဒီကတည်းက နောက်ကျိကျိ ရေညိုဝါဝါတွေဆိုရင် ကြောက်တတ်တဲ့ စိတ်က ကိန်းအောင်းသွားတော့တာပဲ။
အခုလို ကွန်ကရစ်လမ်းပေါ်မှာ အရှိန်နဲ့ စီးနေတဲ့ ရေထဲမှာ မျှော့တွေ၊ ကျွတ်တွေ မပါနိုင်ဘူးဆိုတာ စံပယ် သိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကြောက်စိတ်ဆိုတာ သဘာ၀ကျတဲ့၊ အဓိပ္ပာယ်ရှိတဲ့ စိတ်ကူးတွေနဲ့ တည်ဆောက်ထားတာမှ မဟုတ်တာ..။
ပွက်လောရိုက်နေတဲ့ မိုးသံ၊ သွပ်သံတွေကို ထိုးဖောက်ပြီး စံပယ့်ရဲ့ ဖုန်းသံက သဲ့သဲ့ မြည်လာတယ်။
“ဟဲ့.. နင် အိမ်ပြန်မရောက်သေးဘူးလား။ ဆူညံနေတာပဲ”.. တစ်ဘက်က စန္ဒီ့ အသံ။
“ဆိုင်မှာ ထီးကျန်ခဲ့လို့။ အိမ်နားရောက်တော့မှ ဆက်လျှောက်လို့ မရတော့လို့ မိုးခိုနေရတယ်။ နင်ရှည်တာလေ။ အိမ်ကို တန်းပြန်လိုက်ရင် ပြီးရော။ အခု ငါ ဒီမှာ ကြွက်စုတ်ဖြစ်နေပြီ။ ငါ့အိမ်နားက စတိုးဆိုင် သိတယ် မဟုတ်လား။ အခု ဆိုင်ရှေ့ အဖီအောက်မှာ မိုးခိုနေရတာ။ ဆိုင်ကလည်း ပိတ်နေပြီ။”
“ဟယ်.. ဖြစ်ရမယ်။ ဘယ်လိုဖြစ်လို့ ထီးက ကျန်ခဲ့ရတာလဲ။ အာရုံမလာတာ၊ မေ့တတ်တာက ငါပါ စံပယ်ရယ်”
“မသိပါဘူး။ မိုးကလည်း သည်းလိုက်တာ။ ရှေ့ကိုတောင် ကောင်းကောင်း မမြင်ရတော့ဘူး။ တစ်လမ်းလုံးလည်း ရေတွေ လျှံနေတာ တဝေါဝေါနဲ့။ လူလည်း တစ်ယောက်မှ မရှိဘူး။ ငါ့ဘေးမှာ ခွေးတစ်ကောင်ပဲ ရှိတယ်”
“အိမ်နဲ့ နီးနီးလေးပဲဟာ၊ အမြန်ပြေးလိုက်ဟာ..။ မိုးချုပ်သွား.. “
“ဟဲလို.. ”
မိုးကြောင့်လား၊ မီးပျက်လို့လားတော့ မသိပါ၊ ဖုန်းလိုင်းက ဆက်ပြောလို့ မရတော့။ အိတ်ထဲကို ဖုန်းကို ပြန်ထည့်ပြီး စံပယ် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်မိတယ်။ မှောင်တာတော့ တော်တော့်ကို မှောင်နေပြီ။ လမ်းမီးတိုင်တွေကလည်း မီးမလာ။ ဒီလမ်းမှာ လူနေအိမ်က နည်းတယ်။ ဒါကြောင့် လမ်းဘေးခြံဝင်း တချို့က ထွန်းထားတဲ့ ဘက်ထရီ မီးရောင် ဝါသဲ့သဲ့တွေကလွဲရင် အလင်းရောင်ရယ်လို့ မရှိ။ ပြည့်လျှံနေတဲ့ လမ်းပေါ်က ရေတွေကလည်း လျော့ကျမသွား အားကောင်းနေတုန်းပဲ။ ဟိုး ၃ လမ်းကျော်လောက်မှာ ဖြတ်သွားတဲ့ ကားတစ်စီးတော့ တွေ့လိုက်တယ်။ အဲဒီဘက်မှာတော့ ဒီဘက်လောက် ရေလျှံမနေဘူး။ ဒါတောင်မှ ကားဘီး အရှိန်ကြောင့် စင်ထွက်လာတဲ့ ရေတွေက မနည်းမနောဘဲ။
ဒီဘက်ကို လှမ်းကြည့်လိုက်တယ်။
စံပယ့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။
လမ်းအလယ်တည့်တည့်မှာ မတ်တပ်ရပ်နေတဲ့ သူ တစ်ယောက်။
အစိမ်းရောင် မိုးကာ အရှည်ကြီးဝတ်ထားတယ်။ လျှံတက်နေတဲ့ ရေတွေကြားမှာ သူ့ ကိုယ်ခန္ဒာ အောက်ပိုင်းက ဒူးဆစ်နားအထိ မြုပ်နေတယ်။ မီးရောင် ဝါဖျော့ဖျော့ တွေကြောင့် မျက်နှာကို သေချာမမြင်ရဘူး။ ဒါပေမယ့် သူ ဒီဘက်ကို လှမ်းကြည့်နေတာတော့ သေချာတယ်။
၃ စက္ကန့်လောက် ကြောင်ကြည့်နေမိပြီးမှ စံပယ် မျက်လုံးကို အမြန် ပြန်လွှဲလိုက်တယ်။ အဲဒါ ဘယ်သူလဲ..။ ဘာလို့ လမ်းလယ်ကြီးမှာ ရပ်နေတာလဲ။
သူများ အမြင်မှားသလား..။ အသက်ကို ပြင်းပြင်းရှူ၊ စိတ်ကို ငြိမ်အောင်ထား၊ အရဲစွန့်ပြီး ဒီဘက်ကို စံပယ် ပြန်လှည့် ကြည့်တယ်။
စောစောက ထိတ်ခနဲ ဖြစ်သွားတဲ့ ခံစားချက်ထက် ၂ ဆ ဆိုးတဲ့ ခံစားချက်မျိုး စံပယ့် ရင်ထဲ ဝင်လာတယ်။ လန့်တဲ့စိတ်က ကြောက်တဲ့ စိတ်အဖြစ် အသွင်ပြောင်းသွားတယ်။
မိုးကာအစိမ်းနဲ့လူ.. ဒီဘက်ကို လျှောက်လာနေပြီ။ လမ်းအလယ်အတိုင်း မဟုတ်ဘဲ စွေပြီး စံပယ့်ဘက်ကို ဦးတည်နေတာ။ သူ့ခြေလှမ်းတွေက အလျင်စလိုမရှိ ပုံမှန်ပဲ။ ဒါပေမယ့် သူ့ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်း တစ်ခု..။
လျှပ်ခနဲ လက်သွားတဲ့ အလင်းရောင်။
မိုးကာနဲ့လူရဲ့ လက်ထဲက ချွန်မြနေတဲ့ သတ္တုသွားက စက္ကန့်တစ်ဝက်လောက် အရောင်လက် သွားတယ်။
လျှပ်စီးအလင်းနောက်ကနေ လိုက်လာတဲ့ မိုးခြိမ်းသံ။
ဘယ်နှစက္ကန့် ကြာသလဲ.. စံပယ် မတွက်မိတော့ဘူး။
စံပယ် ဒီဘက်ကို ချက်ခြင်း ပြန်လှည့်တယ်။ ဘာမှ မစဉ်းစားနိုင်ဘူး။ မတွေးနိုင်ဘူး။ မဆုံးဖြတ်နိုင်ဘူး။ ဒါပေမယ့် လူသားတိုင်းမှာ မွေးကတည်းက ပါလာတဲ့ အန္တရာယ်ကို တုံ့ပြန်တဲ့ မသိစိတ်ကြောင့် စံပယ့် ခြေထောက်တွေက အလိုလို အလုပ်လုပ်ပြီး တံစက်မြိတ်အောက်ကနေ မိုးရေထဲကို အမြန် လှမ်းပြီးသား ဖြစ်သွားတယ်။
အမိုးအောက်က ထွက်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း သည်းကြီးမည်းကြီး ရွာနေတဲ့ မိုးရေတွေက စံပယ့် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်။ သွပ်မိုးအောက်မှာ မဟုတ်တော့တဲ့အတွက် ဆူညံနေတဲ့ သွပ်ပြားသံတွေတော့ မကြားရတော့ဘူး။ ရေပြင်ပေါ်ကို ရေစက်တွေ ဆက်တိုက်ကျတဲ့ တဖြောင်းဖြောင်းအသံတွေတော့ ရှိနေသေးတယ်။ ခြေလှမ်း ၄ လှမ်းလောက်မှာတင် စံပယ် စီထားတဲ့ ညှပ်ဖိနပ်က ကျွတ်ထွက်သွားတယ်။ ခြေသလုံးနားအထိ ရောက်နေတဲ့ ရေနောက်နောက်တွေအောက်မှာ အဲဒီ ဖိနပ်ကို လိုက်ရှာဖို့ မဖြစ်နိုင်။ ပြီးတော့ နောက်မှာ နီးသထက် နီးလာနေတဲ့ တဗွမ်းဗွမ်း ရေသံ..။
နှလုံးခုန်နှုန်းတွေ မြန်လွန်းတဲ့အတွက် စံပယ့် အာရုံတွေက သာမန်ထက် ပိုပြီး စူးရှနေတယ်။ မြောင်းရေတွေနဲ့ ရောထွေးနံစော်နေတဲ့ အနံ့စိမ်းစိမ်း တွေကို နှာခေါင်းထဲမှာ ပီပီပြင်ပြင် ရနေတယ်။ ဒူးဖုံးစကတ်အောက်က သူ့ခြေသလုံးတွေကို ဝင်တိုက်သွားတဲ့ သစ်ကိုင်း အစအနတွေ၊ အမှိုက်သရိုက်တွေ တစ်ခုချင်းစီရဲ့ အထိအတွေ့ကို သိသိသာသာ ခံစား နေရတယ်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ရေပြင်ရဲ့ ဆွဲအားကို တန်ပြန် ရုန်းနေရတယ်။
နောက်ကို လှည့်ကြည့်လိုက်ရင် ကောင်းမလား။ မလှည့်နဲ့။ မကြည့်နဲ့။ ရှေ့ကို ဆက်သွား။ ရှေ့လမ်းမှာ ဘယ်ကွေ့လိုက်ရင် အိမ်ကို ရောက်ပြီ။ ၃ မိနစ်ပဲ.. ။ ၃ မိနစ်ဆိုတာ တကယ်က စက္ကန့် ၂၀၀ မပြည့်ပါဘူး။ နှလုံးခုန်နှုန်းနဲ့တွက်ရင် ကြိမ်ရေ ၂၀၀ မကျော်ဘူး..။ ဒါပေမယ့် သူ့ရဲ့ အခု နှုလုံးခုန်သံနဲ့ဆိုရင် တစ်မိနစ်ကို အကြိမ် ၁၆၀ လောက်ဖြစ်နေမလား..။
ခြေလှမ်းတွေကို အမြန်ဆုံး.. ကြိုးစား လှမ်းနေရင်း အိတ်ထဲက ဟန်းဖုန်းကို စံပယ် ထုတ်လိုက်တယ်။ ဖုန်းကို လော့ခ်ဖြည်ဖို့ နံပါတ်တွေကို နှိပ်တယ်။ မအောင်မြင်ဘူး။ မိုးရေတွေ စိုသီးနေတဲ့ ဖုန်းမျက်နှာပြင်က စံပယ့်လက်ချောင်းထိပ်ရဲ့ လျှပ်စီးအားကို မသိတော့ဘူး။
လှည့်မကြည့်ဖို့ ဆုံးဖြတ်ထားပေမယ့်.. မနေနိုင်တော့ဘဲ စံပယ် နောက်ကို အလိုလို ပြန်ကြည့်မိသွားတယ်။
သူနဲ့ စံပယ် ခြေလှမ်း ၁၀ လှမ်းတောင် မဝေးတော့ဘူး။
အဲဒီ လူရဲ့ ခန္ဒာ အမူအရာကို ကြည့်လိုက်တာနဲ့ ကောင်းသော ရည်ရွယ်ချက် တစ်စက်မှ မရှိဘူးဆိုတာ သိသာနေတယ်။ သူ့လက်မှာ ကိုင်ထားတဲ့ ဓားချွန်က ရန်လိုစိတ်နဲ့ တလက်လက်တောက်နေတယ်။ သူ့ခြေလှမ်းတွေက ဆုံးဖြတ်ပြီးသား ပုံစံနဲ့ သေချာတည်ငြိမ်နေတယ်။
စံပယ် ဒီဘက်ကိုပြန်လှည့်တယ်။ လျှောက်နေတဲ့ ခြေလှမ်းတွေကို အရှိန် ၂ ဆ မြှင့်လိုက်တယ်။ ဒါပေမယ့် ဒူးဖုံးနေတဲ့ ရေပြင်ထဲမှာ သူ ပြေးလို့မှ မရဘဲ။ အရှိန်မြှင့် လေလေ.. ရှေ့ကို မရောက်လေလေ။
စံပယ်.. သံကုန်မြှင့်ပြီး အော်လိုက်တယ်။
ဒါပေမယ့် မညှာမတာ ရွာနေတဲ့ မိုးရယ်၊ ဆူညံနေတဲ့ ရေသံ၊ လေသံတွေရယ်.. ဒီနှစ်ခုပေါင်းပြီး စံပယ့် အော်သံက ခပ်အုပ်အုပ် အသံတစ်ခုပဲ ဖြစ်သွားတယ်။
စောစောက တံစက်မြိတ်အောက်မှာ မိုးခိုနေတဲ့ ခွေးက .. တစ်ခုခုဖြစ်တော့မှာကို ကြိုသိသလို တ၀ုတ်၀ုတ် ဟောင်တယ်။
စံပယ် ရှေ့ကို သွားနေရာကနေ ဘယ်ဘက် လမ်းဘေးကို ဦးတည်လိုက်တယ်။ အဲဒီဘက်မှာ ရေမလျှံဘူး။ အဲဒီဘက်ကို ရောက်ရင် သူ အရှိန်မြှင့်ပြီး ပြေးလို့ရပြီ။
လမ်းဘေး မြေအမြင့်ဆီကို လှမ်းရတဲ့ ခြေလှမ်းဟာ ၇ လှမ်းလောက်ပဲ ရှိမှာပါ။ ဒါပေမယ့် အဲဒီ ခြေ ၇ လှမ်းဟာ စံပယ့်အတွက် တစ်သက်တာ လောက် ကြာသွားသလို ခံစားနေရတယ်။ အဲဒီ ခြေ ၇ လှမ်းမှာတင် သူ့ရဲ့ အင်အား အတော်များများက ဆုတ်ယုတ် ကုန်ဆုံးတော့မယ်..။
ဒီဘက်မှာ ရေပြင်က ဒူးခေါင်းထိ မရောက်တော့ဘဲ ခြေမျက်စိလောက်ပဲ ရှိတော့တယ်.. စံပယ့် ခြေလှမ်းတွေ သွက်လာတယ်။ အားတွေ ပြန်တက် လာတယ်။
ဒါပေမယ့် စံပယ့် မသိစိတ်က မလိုလားအပ်တဲ့ အပြုအမူ တစ်ခုကို လုပ်မိ သွားစေတယ်။
သူ နောက်ကို ပြန်လှည့်ကြည့်လိုက်မိတယ်။
စံပယ့်အနားကို အရှိန်နဲ့ ပြေးဝင်လာတဲ့ ခန္ဒာကိုယ်။
အုန်းခနဲ ဆောင့်တွန်းခံလိုက်ရတဲ့အတွက် စံပယ် ဟန်ချက်ပျက်ပြီး တစ်ပတ်လည်ထွက်သွားတယ်။ ပလက်ဖောင်းပေါ်ကို မှောက်လျက်သား ပြုတ်ကျသွားတယ်။ စိုစွတ် အေးခဲနေတဲ့ အင်္ဂတေသားနဲ့ စံပယ့်မျက်နှာနဲ့ တည့်တည့်ကြီး ရိုက်မိတယ်။ နှုတ်ခမ်းအက်သွားသလား။ မျက်ခုံး ကွဲသွားသလား..။ ဘယ်နေရာတွေကို ထိခိုက်သွားသလဲ သူ မသေချာဘူး။
ပြန်ထဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ စံပယ့်ကျောကုန်းက အပေါ်ကနေ တစ်ခုခုနဲ့ ဖိခံလိုက်ရပြီး လေးလံသွားတယ်။ အော်ဖို့ ကြိုးစားပေမယ့် အော်သံ ထွက်မလာဘူး။ ပါးစပ်ထဲကို လုံးထွေးပြီး ဝင်လာတဲ့ မိုးရေနဲ့ သဲတွေ.. နှုတ်ခမ်းရဲ့ ဒဏ်ရာကနေ ပေါက်ထွက်လာတဲ့ သွေးတွေ.. အကုန် လုံးထွေးနေတဲ့အပြင် ကျောကုန်းကို ဒူးနဲ့ ဖိထောက်ခံ ထားရတဲ့အတွက် အော်သံထွက်လာဖို့ လုံလောက်တဲ့ လေ.. မရှိတော့ဘူး။
ကျောပြင်မှာ နင့်ခနဲ စူးဝင်လာတဲ့ ဝေဒနာတစ်ခု။
အဲဒီ ဝေဒနာက တစ်ခါနဲ့ ရပ်မသွားဘူး။
နောက်တစ်ခါ.. နောက်တစ်ခါ.. နောက်တစ်ခါ…
ဒီဘက်ကို ပြန်ပြီး ဆွဲလှန်ခံလိုက်ရတဲ့အခါ.. စံပယ့် တစ်ကိုယ်လုံးက ပျော့ခွေနေပြီ။ ဒဏ်ရာကို ခံစားနိုင်တဲ့ အင်အားတွေ မရှိသလောက် ကုန်နေပြီ။
သူ့အပေါ်ကနေ ခွမိုးထားတဲ့ မိုးကာနဲ့လူရဲ့ မျက်နှာကို စံပယ် ကြိုးစားပြီး ကြည့်ကြည့်တယ်။ ဒါပေမယ့် အမြင်အာရုံတွေက မပီပြင်သေးဘူး။ ပိတ်ဖို့တောင် အင်အားမရှိတော့တဲ့ စံပယ့် မျက်လုံးတွေထဲကို မိုးရေစက်တွေကလည်း တပေါက်ပေါက်နဲ့ ဝင်နေတယ်။
ဟော.. ဟိုး အပေါ်ကောင်းကင်မှာ.. ပြိုးခနဲ ပြက်ခနဲ လျှပ်စီးရောင်..
တစ်စက္ကန့်.. နှစ်စက္ကန့်.. သုံးစက္ကန့်…
အသံဟာ အလင်းထက် အဆပေါင်းများစွာ ပိုနှေးသတဲ့။
အသံရဲ့ အမြန်နှုန်းနဲ့ဆိုရင် တစ်စက္ကန့်ကို ၅ မိုင်ပဲ သွားနိုင်သတဲ့..။
ဒါကြောင့်များ စံပယ့်အော်သံ၊ အကူအညီတောင်းသံ ကို ကောင်းကင်က နတ်ဘုရားတွေ.. အချိန်မီ မကြားကြတာလား။
စံပယ့်အသက်က ၂၀ တောင် မပြည့်သေး။ သူ့မှာ မလုပ်ဖူးသေးတဲ့ အရာတွေ တစ်ပုံတစ်ပင်..။ အဲဒီ အရာတွေ အားလုံးဟာ နောင် ဘယ်တော့မှ လုပ်ခွင့်မရတော့မယ့် အရာတွေအဖြစ် အသွင်ပြောင်းသွားတော့မှာ..။
စံပယ် လက်တဖက်ကို အားယူပြီး မြှောက်လိုက်တယ်။ မလုပ်ပါနဲ့.. ဆိုတဲ့ တောင်းပန်စိတ်နဲ့.. လက်ဝါးကိုဖြန့်.. မျက်နှာရှေ့မှာ ကွယ်ထားမိတယ်။
မိုးကာစိမ်းနဲ့လူက စံပယ့်ရဲ့လက်ကို အသာပြန်ဖယ်တယ်။ လက်ထဲက ဓားကို မြှောက်တယ်။ အဲဒီလူရဲ့ ဦးခေါင်း အနည်းငယ် မော့သွားတဲ့အတွက် ပတ်ဝန်းကျင် အလင်းမှိန်မှိန်အောက်မှာ.. သူ့မျက်နှာကို စံပယ်.. စောစောကထက် နည်းနည်းလေး ပိုပြီး ကြည်ကြည်လင်လင် မြင်ရတယ်။
ဝေခွဲမရတဲ့ မေးခွန်းပေါင်းများစွာ စံပယ့် ခေါင်းထဲမှာ နောက်ဆုံးအကြိမ် အဖြစ် ဖြတ်ပြေးသွားတယ်။ ဓါးက အရှိန်နဲ့ ပြန်ကျလာတယ်။ ဓါးဦးရဲ့ ဦးတည်ရာက စံပယ့် ရင်ညွန့်အထက်မှာ..။
လျှပ်စီးနောက်ကနေ လိုက်လာတဲ့ မိုးခြိမ်းသံတွေက ဆက်တိုက်.. အဲဒီအသံတွေ မပြီးဆုံးခင်မှာတင် မိုးဦးစံပယ် ဆိုတဲ့ မိန်းကလေးဟာ အသက်မရှိတော့ဘူး။
+++
အခန်း (၁)
တစ်စက္ကန့်.. နှစ်စက္ကန့်.. သုံးစက္ကန့်…
ဆယ်စက္ကန့်..
ဟော.. မိုးခြိမ်းသံ ရောက်လာပြီ။
ဒါဆိုရင် ၂ မိုင်ပေါ့..။
အဲဒီ ၂ မိုင် ဝေးတဲ့နေရာမှာ ဘာရှိသလဲ။ ဘယ်နေရာလဲ။ မိုးကြိုးပစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ အဲဒီ မေးခွန်းတွေရဲ့ အဖြေတွေကို ကျွန်မ တစ်ခုမှ မသိပါ။ ငယ်ငယ် တုန်းကတော့ မိုးကြိုးပစ်တာကို မျက်ဝါးထင်ထင် မြင်ဖူးခဲ့မယ် ထင်တယ်။
တိုက်ခန်းပြတင်းပေါက်ကို မိုက်မိုက်မဲမဲ ဖွင့်ထားမိတဲ့အတွက် အပြင်ကနေ တပေါက်ပေါက် ဝင်လာနေတဲ့ မိုးစက်တွေက ပြတင်းပေါင်မှာရော အောက်ကြမ်းပြင် ဖယောင်းပုဆိုးအခင်းပေါ်မှာပါ စိုရွှဲနေပြီ။
ကျွန်မနေတဲ့ ၇ လွှာတိုက်ရဲ့ အမြင့်ကနေ မြင်ရတဲ့ မြင်ကွင်းတွေဟာ သာမန်ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ကိုတောင် စိတ်တွေ ညစ်ညူး မှုန်မှိုင်းသွားစေမလား မပြောတတ်ဘူး။ မနက် ၇ နာရီ မထိုးသေးပေမယ့် မနက်ခင်းရဲ့ မင်္ဂလာရှိတဲ့ အလင်းရောင်ကို မမြင်ရဘူး။ ရန်ကုန်မိုး.. အညှိုးနဲ့ရွာ .. ဆိုတဲ့ စကားအတိုင်းပါပဲ.. ည ၁၂ နာရီလောက်ကတည်းက စဲလိုက် သည်းလိုက် ဖြစ်နေတဲ့ မိုးဟာ လွန်ခဲ့တဲ့ နာရီဝက်လောက်ကနေပြီး အရှိန်ပြင်းလာလိုက်တာ အခုဆိုရင် ပြင်ပလောကဟာ မုန်တိုင်းအလယ်ထဲရောက်နေသလို မှောင်မည်း ဆူညံနေပြီ။
မျက်နှာချင်းဆိုင် တိုက်တွေက ကျွန်မနေတဲ့ တိုက်လောက် မမြင့်ဘူး။ ဒါကြောင့် အဲဒီတိုက်တွေကို ကျော်ပြီး ဟိုးအဝေး မြို့ရှုခင်းတွေကိုပါ လှမ်းမြင်နေရတယ်။ အရာအားလုံးဟာ မိုးနဲ့ လေရဲ့ တိုက်ခတ်မှုထဲမှာ လှုပ်လီလှုပ်လဲ့နဲ့ ယိမ်းခါနေတယ်။ တိုက်ခန်းတိုင်းလိုလိုမှာ တပ်ထားတဲ့ တီဗွီစလောင်းအပြာတွေ။ ၀ရန်တာတိုင်းလိုလိုမှာ လှန်းထားကြတဲ့ အဝတ်အထည်တွေ..။ (ဒီလောက်မိုးတွင်းကြီးမှာ ဘာကို မျှော်ကိုးပြီး အဝတ်လှမ်းနေကြသလဲတော့ ကျွန်မလည်း မပြောတတ်)..။ ဟော.. လေထဲမှာ လွင့်ပျံတက်သွားတဲ့ မျက်နှာသုတ်ပုဝါ တစ်ထည်..။ သေချာကြည့်တော့မှ မျက်နှာသုတ်ပုဝါ မဟုတ်ဘူး ထင်တယ်.. စားပွဲခင်းလား၊ စောင်ပါးလား.. မပြောတတ်..။ ပိုင်ရှင်လို့ ယူဆရတဲ့ အမျိုးသမီးက ၀ရန်တာကနေ ထွက်ကြည့်ရင်း.. ပါးစပ်ကနေ တစ်ခုခု အော်နေတယ်။ လွင့်သွားတဲ့ အဝတ်ကို သူ့ဆီပြန်လာဖို့ လှမ်းခေါ်နေသလား မပြောတတ်ပါ။
လမ်းမပေါ်မှာ လူသူရှင်းနေတယ်။ ဒီရပ်ကွက်က ရေမလျှံတော့ တော်ပါသေးတယ်။ ကားတွေတော့ ကောင်းကောင်း သွားလာလို့ ရနေတယ်။ ၄-၅ ကောင် အုပ်စုဖွဲ့ပြီး ဟိုဟိုဒီဒီ လမ်းသလား အလုပ်ရှုပ်နေတဲ့ လမ်းဘေးခွေး တစ်အုပ်ကိုလည်း တွေ့ရတယ်။
ပြင်ပမြင်ကွင်းတွေကို ခဏချန်ထားခဲ့ပြီး အခန်းထဲကို ကျွန်မ ပြန်ဝင်လာလိုက်တယ်။ မီးလုံးဝါဝါအောက်မှာ မြင်ရတဲ့ ကျွန်မရဲ့ အိမ်ခန်း မြင်ကွင်းဟာ အပေါ်ယံကြည့်လိုက်ရုံနဲ့တင် ကျရှုံးမှု၊ အရှုံးပေးမှုနဲ့ အထီးကျန်ခြင်းတွေကို အထင်းသား မြင်နေရတယ်။
ဧည့်ခန်းရယ်လို့မရှိ၊ မီးဖိုချောင်နဲ့ အိပ်တဲ့နေရာ ပေါင်းစပ်ထားတဲ့ အခန်းကျဉ်းလေးဟာ ဒီအခန်းမှာ တစ်ယောက်တည်းနေတဲ့ ၃၂ နှစ်အရွယ် မိန်းမတစ်ယောက်အဖို့ အသက်ရှူဖို့ လေအလုံအလောက် ရနေတာကိုက အံ့ဩစရာ ဖြစ်နေပြီ။ အခန်းထဲမှာ အလှအပ အဆင် တန်ဆာရယ်လို့ ဘာတစ်ခုမှ ရှိမနေဘူး။ ရှိသမျှ ပစ္စည်း၊ ပရိဘောဂ အားလုံးဟာ မဖြစ်မနေ လိုအပ်လို့ ထားထားရတာတွေချည်းပဲ။
ချွင်းချက်တစ်ခုတော့ ရှိပါတယ်။
အဲဒီ ချွင်းချက်က အခုမှ အိပ်ရာနိုးလာတဲ့ ပုံနဲ့ စောင်ပုံထဲကနေ ခေါင်းတိုးထွက်လာပြီး ကျွန်မနားကို ပျင်းရိပျင်းတွဲနဲ့ လမ်းလျှောက်လာတယ်။
“နိုးပြီလား မောင်ပို”.. ကျွန်မ သူ့နားရွက်တွေကို သပ်ပေးရင်း မေးလိုက်တယ်။
မောင်ပိုက ကြောင်ပီသစွာနဲ့ပဲ ကျွန်မကို ဝတ်ကျေတန်းကျေ တစ်ချက် နှုတ်ဆက်ပြီး ၀ရန်တာဘက်ကို ထွက်သွားတယ်။
မောင်ပို ဆိုတဲ့ ကြောင်ဝါကြီး အသက်ဘယ်လောက်ရှိပြီလဲ ကျွန်မလည်း သေချာမသိပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ကျွန်မရဲ့ ၀ရန်တာဆီကို အလည်ရောက်လာရင်း အဲဒီကတည်းက မပြန်တော့တာ။ ဘယ်ကရောက်လာသလဲ၊ ပိုင်ရှင်ဘယ်သူလဲ ကျွန်မမသိ။ ကျွန်မဘ၀မှာ တစ်ခုတည်းသော ကြင်နာသနားခြင်း အပြုအမူလို့ ပြောလို့ရတာဆိုလို့ ဒီကြောင်ကြီးကို နာမည်ပေးပြီး ဂရုစိုက် မွေးထားတာ တစ်ခုပဲ ရှိပါလိမ့် မယ်။ ဂရုစိုက်တယ်ဆိုတာကလည်း သူစားဖို့ ကြောင်စာဝယ်ပေးတယ်။ သူ အပေါ့အလေးသွားဖို့ ပလက်စတစ်ဗန်းတစ်ဗန်း ၀ရန်တာမှာ ထုတ် ပေးထားတယ်။ ဒါပါပဲ။ ဒါပေမယ့် မိုးသီရိနွယ် ဆိုတဲ့ ကျွန်မအဖို့ ဒီလောက် အားစိုက်တာကိုက လွန်လှပြီ။
ဖုန်းရဲ့ နှိုးစက်က တတီတီ မြည်လာတယ်။
မနက် ၇ နာရီထိုးပြီ။
တစ်ညလုံး မအိပ်ဘဲ ငေါင်နေခဲ့တဲ့ ကျွန်မအဖို့ နှိုးစက်က အသုံးမဝင်လှပါ။ ဖုန်းကိုယူပြီး မွေ့ယာပေါ်မှာ ပက်လက်လှဲချလိုက်တယ်။ နှိုးစက်ကို ပိတ်တယ်။ ဖုန်းထဲမှာ ဝင်နေတဲ့ ဖွင့်မဖတ်ရသေးသော မက်ဆေ့ချ်ပေါင်းများစွာကို စိုက်ကြည့်နေမိတယ်။
မက်ဆေ့ချ် အစောင် ၂၀ ကျော်မှာ တစ်ဝက်လောက်က အခန်းပိုင်ရှင်ဆီက အခန်းခ အကြွေးတောင်းတဲ့ စာတွေပါ။ အခု ငှားနေတဲ့ တိုက်ခန်းက စျေးသက်သာပါတယ်။ ဒါပေမယ့် အဲဒီ သက်သာလှပါချည်ရဲ့ ဆိုတဲ့ အခန်းခကိုတောင် မှန်မှန်မပေးနိုင်အောင် ကျွန်မက မိုက်မဲခဲ့တဲ့တာ။
ကျန်တဲ့ မက်ဆေ့ချ် တစ်ဝက်က ရုံးက လုပ်ဖော်ကိုင်ဘက်တွေဆီကနေ ပို့ထားတာ။
သက်ပြင်းချရင်း မက်ဆေ့ချ်တစ်ခုကို ကျွန်မ ဖွင့်လိုက်တယ်။
[မနက်ဖြန်အစည်းအဝေးအတွက် ပါဝါပွိုင့်လုပ်ပြီးပြီလား အစ်မ။ ကျွန်တော့်ကို forward လုပ်ပေးပါဦး။ ကွန်ပျူတာထဲ ထည့်ပေးထားမလို့ပါ].. တဲ့။
ကိုကိုဦးဆိုတဲ့ အိုင်တီ ဝန်ထမ်းကောင်လေးက ပို့ထားတာပါ။
ရုံးရဲ့ နှစ်ပတ်လည် ဘဏ္ဍာရေး အစည်းအဝေးအတွက် ကျွန်မ ဘာမှ မလုပ်ရသေးပါ။ လုပ်စရာ အချက်အလက်တွေလည်း ကျွန်မမှာ မရှိဘူး။ ဘာလဲ.. အမှန်အတိုင်း အကုန်လုံးကို တင်ပြလိုက်ရမှာလား။ ဘယ်နှစ် မှာတော့ ကျွန်မ မိုးသီရိနွယ်သည် ရုံး၏ ဘတ်ဂျတ် ဘယ်လောက်ဘယ်လောက်ကို ယူသုံးပြီး လောင်းကစား လုပ်လိုက်ပါသည်။ ငွေအလွဲသုံးစားလုပ်မှုဖြင့် ထောင်ချမည်ဆိုပါက သက်သက်ညှာညှာ စဉ်းစားပေးလိုပါသည်.. စသဖြင့်.. ဇယားကွက်တွေ၊ pie chart တွေနဲ့ ပါဝါပွိုင့်လုပ်ရမှာလား။
၇ နှစ်လုံးလုံး လုပ်ခဲ့တဲ့ အလုပ်အပေါ်မှာ သံယောဇဉ်ရယ်လို့ တစ်စက်မှ မရှိခဲ့တာ..၊ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းရယ်လို့ တစ်ယောက်မှ မရှိခဲ့တာ.. ဒီတော့ အခုလို ဖြစ်လာရင် ကျွန်မဘက်မှာ ရပ်ပေးမယ့်သူရယ်လို့ ဘယ်သူမှ မရှိတာ.. မထူးဆန်းပါဘူး။
ကိုယ့်ကိုယ်ကိုယ် အောက်ကို ဆွဲချ ဖျက်စီးချင်တဲ့ စိတ်ဓာတ်ကို Self Destructive Behavior လို့ ခေါ်သတဲ့။
အွန်လိုင်းမှာ ဟိုကြည့်ဒီကြည့် လုပ်ရင်း ဖတ်မိတဲ့ စာတစ်ပိုဒ်က စာသားပါ။ ဒါဆိုရင် အဲဒီ စိတ်ဓာတ်ကို ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်သူတွေက အစပျိုးပေးခဲ့သလဲ ဆိုတဲ့ မေးခွန်းကိုတော့ ကျွန်မ အဖြေမရှာချင်တော့ဘူး။ အဖြေကို ကျွန်မ သိနှင့်နေပြီးသားပဲလေ။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ၊ ဟိုးအဝေး ကြီးမှာရှိတဲ့ မြို့တစ်နေရာ.. အဲဒီမြို့ရဲ့ အိမ်တစ်အိမ်.. အဲဒီအိမ်ထဲက မိသားစုတစ်စု.. အဲဒီ မိသားစုထဲက မိန်းကလေးတစ်ယောက်.. ဒါတွေကို ခြေရာပြန်လိုက်နေတော့လည်း ဘာထူးမလဲ။ နောက်ဆုံး ရလာဒ်က ပြောင်းသွားမှာမှ မဟုတ်ဘဲ။ အဖြေထွက်ပြီးသား ကိန်းဂဏန်းတစ်ခုကို ဘယ်လို အသစ်ပြန်ပြင်မလဲ။ ထားပါတော့..။
ကိုမြတ်သာရဲ့ မျက်နှာကို အာရုံထဲမှာ မဆီမဆိုင် မြင်လာမိတယ်။ ကျွန်မဘ၀မှာ ပတ်သတ်ကျွမ်းဝင်ဖူးတဲ့ အမျိုးသားတချို့ ရှိပါတယ်။ အဆင်ပြေစွာ လမ်းခွဲခဲ့သူရယ်လို့တော့ တစ်ယောက်မှ မရှိဘူး။ အားလုံးက နောက်ဆုံးမှာ ကျွန်မရဲ့ မီးလျှံမီးတောက်တွေကို မခံနိုင်၊ ပူလောင်လွန်းလှချည်ရဲ့ .. ဆိုပြီး ထွက်ပြေးသွားကြတာချည်းပဲ။ သူတို့ကို ကျွန်မ အပြစ်မတင်ပါဘူး။ ကျွန်မရဲ့ အပူဒဏ်ကို ခံနိုင်တာဆိုလို့ မောင်ပို တစ်ကောင်ပဲ ရှိတာကိုး။
ဒါပေမယ့် ကိုမြတ်သာကတော့ .. ဒီအပူကိုမှ ဝင်တိုးချင်နေတဲ့ ပိုးဖလံ တစ်ကောင်။ အလုပ်ရှင်နဲ့ အလုပ်သမား ဆိုတဲ့ စည်းကို သူ့ခမျာ မဖြတ်ရဲ ဖြတ်ရဲ ဖြတ်ကူးရင်း ကျွန်မအနားကို ချဉ်းကပ်ဖို့ ကြိုးစားလာခဲ့တာ အခုဆိုရင် ၃ နှစ်လောက်တောင် ရှိတော့မလား။
ကျွန်မအခုကြုံနေရတဲ့ ငွေကြေးပြဿနာအတော်များများရဲ့ အဖြေဟာ သူ ဖြစ်နေမှန်း ကျွန်မ သိပါတယ်။ ဒါပေမယ့် အဲဒီလောက်အထိ ခုန်ဆင်းပြီး အောက်တန်းကျဖို့ကလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်လေးက နှမ်းစေ့လောက် ကျန်နေသေးတယ်။ ပြီးတော့.. သူ့ပိုက်ဆံတွေကို အားရပါးရ ခိုးသုံးထားပြီးမှ သူ့ကို ပြန်ကြိုက်ပြီး အကြွေးတွေလျှော်ပေးပါနော် .. လို့ ပြောရအောင်လည်း မဟုတ်သေး..။ အဆိုးဆုံးအချက်ကတော့ ကျွန်မရဲ့ စိတ်ထဲမှာ သူ့ကို စိတ်ဝင်စားစိတ် တစ်စိုးတစ်စက်မှ ရှိမနေတာပဲ။
ဒီတော့ ဘာဆက်လုပ်မလဲ သီရိ..။
ကိုယ့်ကိုယ်ကိုယ် ကျွန်မ မေးကြည့်တယ်။
ဒီငွေပမာဏကို အလွဲသုံးစားလုပ်မှုဟာ ဘယ်နှနှစ် ထောင်ထဲမှာ နေရမလဲ ကျွန်မ မသိပါ။ ထောင်ထဲရောက်ရင်ရော ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးချင်တဲ့ အကျင့်က ပျယ်ပျောက်သွားမလား မပြောတတ်..။
ဘာဆက်လုပ်မလဲ ဆိုတဲ့ အဖြေကို မသိတော့တာနဲ့.. ပြဿနာမှန်သမျှကို ရှောင်ပြေးနေကျ ကျွန်မရဲ့ အကျင့်တိုင်း.. ဖုန်းကို ပါဝါပိတ်လိုက်တယ်။ စောင်ကို ခြေထောက်နဲ့ လှမ်းချိတ်ယူပြီး ခေါင်းအထိ အုပ်ပြီး ခြုံလိုက်တယ်။ အာရုံထဲမှာ တဖျပ်ဖျပ်ပေါ်နေတဲ့ အရင်က အဖြစ်အပျက်တွေ၊ အခု ဖြစ်နေတာတွေ၊ နောင်ကို ဖြစ်လာမယ့်အရာတွေ…။
၅ မိနစ်.. ၁၀ မိနစ်.. ၁၅ မိနစ်.. ။
တဝေါဝေါရွာနေတဲ့ မိုးသံကို နားထောင်ရင်း ကျွန်မ အိပ်ပျော်သွားတယ်။
+++
ကျွန်မ နိုးလာတော့ နေ့လယ်ခင်းအချိန် ဖြစ်နေပြီ။ အပြင်မှာ မိုးစဲသွားပြီ။ မောင်ပိုက ကျွန်မရဲ့ဘေးမှာ ကျွန်မရဲ့ လက်မောင်းကို ထိကပ်ပြီး ခွေနေတယ်။
မူးဝေနေတဲ့ ခံစားချက်ကို မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ဖယ်ထုတ်ဖို့ကြိုးစားကြည့်တယ်။ မအောင်မြင်ပါဘူး။ အရာအားလုံးက လေးလံနေတယ်။ ကိုယ်ထဲမှာ စီးနေတဲ့ သွေးတွေက ပျစ်ခဲနေပြီလား မပြောတတ်၊ ထလို့တောင်မရအောင် တစ်ကိုယ်လုံး ကိုက်ခဲနေတယ်။ ခေါင်းအုံးအောက်မှာရောက်နေတဲ့ ဖုန်းကို လက်နဲ့ စမ်းရှာလိုက်တယ်။
Missed call တွေ မနည်းမနောပဲ။ ရုံးက ဆက်ထားတာက ၇ ခါ။ အရေးအကြီးဆုံး အစည်းအဝေးကို ဘာလို့ ရောက်မလာသလဲ စိတ်ပူပြီး ဖုန်းဆက်ကြတာ နေမှာပေါ့။ အဖြစ်မှန်ကို သိသွားရင်တော့ သူတို့တတွေ ဘယ်လို တုံ့ပြန်ကြမလဲ မသိ။ ကိုမြတ်သာရော ဘယ်လို တုံ့ပြန်မလဲ။
ပြီးတော့ ဘယ်ကမှန်း မသိတဲ့ ဖုန်းနံပါတ်တစ်ခု။ ၄ ခါ တောင် ဆက်ထားတယ်။ sms တစ်စောင်လည်း ဝင်နေတယ်။
အဲဒီ စာကို ကျွန်မ ဖွင့်ကြည့်လိုက်တယ်။
စောစောက မူးဝေနေတဲ့စိတ်တွေ ချက်ချင်း ပျောက်သွားတယ်။
အဲဒီ စာထဲမှာ လူတစ်ယောက်ရဲ့ နာမည်ပါတယ်။ နေရာတစ်ခုရဲ့ နာမည်ပါတယ်။ အဲဒီ နာမည် ၂ ခုစလုံးဟာ ကျွန်မနဲ့ ကင်းကွာနေခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။
မက်ဆေ့ချ်ကို ကျွန်မ သေချာ ဖတ်လိုက်တယ်။
[အခု ဖုန်းပိုင်ရှင်က မိုးသီရိကိုလားခင်ဗျ။ အရေးကြီးအကြောင်းအရာရှိလို့ ဆက်သွယ်တာပါ။ မမိုးသီရိရဲ့ ဖခင် ဦးထွန်းအောင်ကို ဆုံးသွားပြီခင်ဗျ။ အဲဒါကြောင့် ကမ်းဝါမြို့ကို အမြန်လာခဲ့ပေးပါ။ ကျန်ရစ်သူ ကိစ္စတွေ စီစဉ်ချင်လို့ပါ။ ကျွန်တော်က ဦးထွန်းအောင်ကိုရဲ့ ရှေ့နေ ဦးဇော်ဇော်မျိုးပါ။]
မပွင့်တပွင့် ဖြစ်နေသေးတဲ့ မျက်လုံးတွေကို ကျွန်မ လက်နဲ့ ဖိပွတ် တယ်။ စာကို နောက်တစ်ခါ ပြန်ဖတ်တယ်။ ကျွန်မရဲ့ ဦးနှောက်က တွက်ချက်မှုတွေကို အလိုလို လုပ်နေတယ်။ နောက်ဆုံးမှာ ပုစ္ဆာရဲ့ အဖြေဟာ ကျွန်မရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ ဦးနှောက်ထဲမှာ ခပ်ရေးရေးပေါ်လာတယ်။
အခု ကြုံနေရသမျှ အကျဉ်းအကြပ်တွေရဲ့ ထွက်ပေါက်ဟာ ဒီစာထဲမှာ ပါနေသလား မသိ..။
+++
အပိုင်း (၂) ဆက်ဖတ်ရန် https://www.facebook.com/chanmyaewinZM/posts/pfbid02gqNfb5dnFVv1nBd198RAg9AfkXk4fBVAmkdzsYtynSj3emD8ZzPdDcDz6Q3ct2LYl
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Yangon