Cupid Guide Wedding Planning Services

Cupid Guide Wedding Planning Services

Share

Engagement Ceremony, Signing Ceremony, Wedding Reception, Dinner Reception, etc...

28/03/2014

ချစ်သမီးလေး (နိဂုံး)
ပျင်းရိမမူ
အိမ်ရှင်မ ပျင်းရင်၊ ပေါ့လျော့ရင်၊ သဘောလွယ်စွာ ချေးသမျှပေး၊ ပြန်တောင်းရမှာ အားနာရင် သွားပြီ။ ပျင်းတယ်ဆိုတာ အိမ်ထောင်တစ်ခုမှာ အတော်လေး အန္တရာယ်ရှိတယ်နော်။ မပျင်းတတ်တဲ့ မိန်းမ၊ အလုပ်လုပ်တဲ့ မိန်းမ၊ တာဝန်ကျေတဲ့ မိန်းမကို ကိုယ့်ယောက်ျား၊ ကိုယ့်သားသမီးတွေက လေးစားအားကိုးရုံတင် မကဘူး။ သူ့ပတ်ဝန်းကျင်ကပါ အထင်မကြီးရင်တောင် အထင်မသေးဝံ့ကြတော့ဘူး။
ဒါကြောင့် အိမ်ရှင်မတွေရဲ့ ရန်သူဖြစ်တဲ့ ပျင်းရိခြင်းကို အောင်နိုင်ပါစေ။ သူ့ကိုတွန်းထုတ်ပြီး ထာဝရနိုးကြား တက်ကြွ ဖျတ်လက်သွက်လက်စွာ တာဝန်ကျေတဲ့ မိန်းမတစ်ယောက်အဖြစ် ဂုဏ်ယူလိုက်စမ်းပါသမီးရယ်။
သမီးကို မေမေရှေ့မှာ ဆုံးမခဲ့သလိုပဲ ကိုယ့်ယောက်ျား စိတ်ချမ်းသာအောင်၊ ပျော်ရွှင်အောင်၊ အိမ်ကိုအမြဲပြန် ချင်နေအောင် အစားနဲ့စကားနဲ့၊ နှုတ်နဲ့အလုပ်နဲ့ဆိုသလို ကောင်းနိုးရာရာချက်ပြုတ်ကျွေးမွေးပြီး ချိုသာ ချစ်ဖွယ်ရာစကားလေးတွေ ပြောဆိုကြိုဆိုမယ်ဆိုရင် ဘယ်ယောက်ျားက တင်းမာနိုင်တော့မလဲကွယ်။
သူတို့ကိုယ်သူတို့ ကိုယ်ခန္ဓာတည်ဆောက်ပုံ တောင့်တင်းသန်မာရုံမက စိတ်ဓာတ်ပါခိုင်မာလှပါတယ်ဆိုတဲ့ ယောက်ျားတွေဟာ မိန်းမတွေထက်တောင် အချော့ကြိုက်တယ်။ နူးညံ့သာယာမှုကို ပိုမိုတက်မက်စွဲလန်းတယ် ဆိုတာ သမီးနားလည်ထားပါ။
အဲ့ဒီလို ယောက်ျားဘက်ကလည်း ချစ်မြတ်နိုးမှုတွေပေးပြီး တာဝန်ကျေမယ်။ မိန်းမသား ဇနီးမယားဘက် ကလည်း အိမ်တာဝန်တွေကို ကျေစေမယ်။ သာယာမှုတွေ ဖန်တီးတတ်မယ်။ ကိုယ့်ယောက်ျားဟာ ဘာကို နှစ်သက်တတ်ပြီး ဘာကိုမကြိုက်တတ်သလဲဆိုတာကို ကိုယ်ကနက်ရှိုင်းစွာ ကြိုတင်သိရှိနားလည်ထားခဲ့မယ် ဆိုရင် သမီးနဲ့သားရဲ့ အိမ်ထောင်သည်ဘ၀ဟာ အသက်ထက်ဆုံး သာယာချမ်းမြေ့မှုအပေါင်းနဲ့ မင်္ဂလာရှိသွား ကြမှာ အမှန်ပါပဲကွယ်။
သမီးကိုရော သားကိုရော မေမေပြောပြချင်တာကတော့ သားနဲ့သမီး တစ်ဦးပေါ်တစ်ဦးထားရှိခဲ့ကြတဲ့ ရင်ထဲက ချစ်ခြင်းတရားတွေ တိုးမလာချင်နေပါစေ။ လျော့ကျမသွားအောင် ကိုယ့်နှလုံးသားကို ကိုယ်အမြဲပြုစု ပျိုးထောင် နေကြပါကွယ်။ ကိုယ့်တာဝန်ကိုယ်စီ တာဝန်ကျေကြပြီး အမြဲတမ်း အမှန်တရားနဲ့သာ နေကြပါ။
တကယ်လို့ ကိုယ့်လုပ်ဆောင်ချက်၊ သူ့လုပ်ဆောင်ချက်တွေဟာ တစ်စုံတစ်ရာမှားယွင်းခဲ့ရင်လည်း ခွင့်လွတ် ကြပါ။ “ခွင့်လွတ်ခြင်း” ဟာ အိမ်ထောင်ရေးလောကမှာ အဖိုးဖြတ်လို့မရအောင် တန်ဖိုးကြီးမားတဲ့ ရတနာတစ်ပါး ပါပဲဆိုတာ သမီးယုံကြည်လိုက်စမ်းပါ။
တစ်ဦးပေါ်တစ်ဦး “စေတနာထားခြင်း နဲ့ အနစ်နာခံခြင်း” ဟာလည်း ရှုံးနိမ့်မှုလုံးဝ မဟုတ်ဘဲ အနိုင်ရခြင်းရဲ့ အခြေခံအကြောင်းအရင်းတရားတွေပါ ဆိုတာကိုလည်း လက်ခံလိုက်နာ ကျင့်သုံးပါသမီး။
သမီးကတော့ မေမေ့ကိုထင်မှာပဲ။ သမီးကိုပဲ လိုက်နာဖို့ချည်းဆုံးမနေတာပဲ။ သမီးဘက်ကပဲ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေ သီးခံမှုတွေ စသဖြင့်ပေါ့နော်။သမီး အထင်မလွဲလိုက်ပါနဲ့။သမီး….လောကမှာ ကိုယ်ပေး သလောက်ပဲ ပြန်ရတယ်။ကိုယ့်မေတ္တာ စေတနာသာမှန်ပါစေ။မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ်။ ကိုယ့်စိတ်အေးချမ်းစွာ နေတတ်ရင် ကိုယ့်ခင်ပွန်း ကိုယ့်မိသားစုလည်း အေးချမ်းပါတယ်။ ကိုယ်ကသာ စလုပ်ပါ။ သမီးနဲ့သားတို့ရဲ့ မင်္ဂလာဦးကာလမှစပြီး လူ့ဘ၀သက်တမ်း ကုန်ဆုံးသည်အထိ စီးပွါးဥစ္စာတိုးတက် ချမ်းသာပြီး အောင်မြင်ပျော်ရွှင်သော အိမ်ထောင်ရှင်များ အဖြစ် လောကအလယ်မှာ တင့်တယ်စွာနေထိုင်နိုင် ကြပါစေကွယ်။

24/03/2014

ချစ်သမီးလေး (အပိုင်း-၂)
နှစ်ကိုယ့်တစ်ဘ၀ ပေါင်းစပ်လက်တွဲရုံနဲ့လည်း မပြီးသေးဘူး။ လောကရဲ့နိယာမအရ လူသားတို့ရဲ့ သဘာဝ တရားအရ သားတွေသမီးတွေက ၀င်ရောက် လာကြဦးမှာလေ။ အဲ့ဒီအခါမှာလည်း ဖခင်ထက် မိခင်က ပိုပြီးတာဝန်ကြီးရ၊ ပိုပြီးပင်ပန်းရပြန်တယ်။
ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့ ခဲယဉ်းတာထက် မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ကျတော့ ပိုတောင်ခက်ခဲနက်နဲ လှပါတယ်။ အဲ့လို ခက်ခဲနက်နဲလှတဲ့ တာဝန်တွေကို သမီးလေးကိုယ်ဝန် စရှိကတည်းက အစစအရာရာ ဂရုတစိုက်ပြုစုလာလိုက်တာ….ကျောင်းနေအရွယ်၊ တက္ကသိုလ်တက် ဘွဲ့ရသည်အထိ၊ ယခုနောက်ဆုံး သမီးချစ်သူ ဘ၀ထဲကို ၀င်သွားသည့်အထိ မေမေ့မှာ လုံးပန်းလိုက်ရတာ ဖက်ဖက်ကိုမောလို့နော်။
ထားတော့…မေမေဆိုလိုချင်တာက သမီးလေးလူ့ဘ၀ထဲကို စရောက်တဲ့အဲ့ဒီအချိန်ကစပြီး မေမေတို့ရဲ့ချစ်သူ ဘ၀က သူ့ဆန္ဒအရ သွားလာလည်ပတ်ခဲ့တာတွေ ၊အိမ်ထောင်ဦးကာလက ယုယပြုစုချစ်ခင်မှုတွေ မေမေ မလုပ်ပေးနိုင်တော့ဘူး။
ယောက်ျားတစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှမတူညီနိုင်ပေမယ့် အားလုံးတူညီတဲ့အချက်တစ်ချက်ကတော့ ရှိတယ်။ အဲ့ဒါကတော့ ချစ်ဇနီးရဲ့ ယုယကြင်နာစွာ ပြုစုမှုနဲ့ ချစ်ခင်မြတ်နိုးမှုကို သူတို့တတွေ တညီတညွတ်တည်း လိုလားတတ်ကြပါတယ် သမီး။ “အဲ့ဒါ သူတို့ရဲ့ အတ္တလေ”။
အဲ့ဒီလိုပဲ တို့များမိန်းမသားတွေ ဘက်ကလည်း ချစ်သူဘ၀တုန်းက ဘယ်လောက်အလိုလိုက်ခဲ့တယ်။ ရခါစ တုန်းက ဘယ်လို ဂရုစိုက်ယုယပြခဲ့တာ။ ခုတော့- သူငါ့ကို အရင်လိုမချစ်တောဘူး။ အရင်တုန်းကလို မယုယ တော့ဘူးဆိုပြီး အချစ်ခံချင်စိတ်တွေနဲ့ စိတ်ကောက်ပြလေလေ သူတို့မြန်မြန်စိတ်ကုန်လေပဲ သမီး။
အဲ့ဒီတော့ မေမေလေးလေးနက်နက် ပြောချင်တာက အိမ်ထောင်သည်ဖြစ်လာကြရင် ချွဲနွဲ့ယုယချစ်ဟန်ပြ တာကို မတပ်မက်နဲ့။
အရေးကြီးဆုံးက သစ္စာတရားပါ။
သစ္စာဆိုတာ အိမ်ထောင်ရေး လောကမှာ သိပ်ကိုတန်ဖိုးကြီးတဲ့ အရာပဲ သမီးရဲ့။
ကိုယ့်ယောက်ျားက ကိုယ့်အပေါ်ချစ်ခင် ယုယမပြနိုင်ပေမယ့် ကိုယ့်အပေါ်မှာ သစ္စာရှိနေမယ်၊ ဖောက်ပြန်မှု မရှိဘူးဆိုရင် ဒီအိမ်ထောင်ရေးဟာ တံတိုင်းကြီးကာရံထားသလို လုံခြုံနေပါပြီကွယ်။
သူတို့ရဲ့ ကောင်းသောလုပ်ရပ်ကို ချစ်ဇနီးက ချီးကျူးအမွှန်းတင် ပြောဆိုရင် သူတို့သိပ်ကျေနပ်တတ်ကြ ပါတယ်။ ချီးမွမ်းတာနဲ့ မြှောက်ပင့်တာ မတူဘူးနော်။ ချီးမွမ်းတာက အမှန်တရားကို အမွှန်းတင်တာ။ မြှောက်ပင့်တာက လိုအပ်တာထက်ပိုပြောပြီး ကိုယ်အခွင့်အရေးရအောင်လုပ်တာ။ မတူဘူး သမီး။
အဲ့ဒီလို ကိုယ့်ယောက်ျားရဲ့ ကောင်းမြတ်သောလုပ်ဆောင်ချက်တွေကို ကိုယ်ကအသိအမှတ်ပြုကြောင်း သူ သိပါစေ။ ဒါမှလည်း သူအားရှိမယ်။ ပိုပြီး စေတနာထက်သန်လာမယ်။
မေ့ချစ်သမီး လိမ္မာပါးနပ်ပါစေကွယ်။

20/03/2014

ဒီတစ်ကြိမ်တော့ Cupid Guide Wedding Planning Service Page မှ Friends တွေအတွက် နာမည်ကျော် စာရေးဆရာမ ကလျာ(၀ိဇ္ဖာ-သိပ္ပံ) ရေးသားထားသော မင်္ဂလာဦးသူသို့ စာအုပ်ထဲမှ “ချစ်သမီးလေး” ခေါင်းစဉ်အောက်မှ အဓိကအချက်အလက်များကို ကောက်နှုတ်ဝေမျှလိုက်ပါသည်။
မေမေ့ရင်ခွင်ကို စွန့်ခွာပြီး သမီးရဲ့ချစ်သူဘ၀ထဲကို ၀င်ရောက်သွားပြီဖြစ်တဲ့ ချစ်သမီးအတွက် ရေးတဲ့စာပါ တဲ့လေ။
သမီးရေ…..၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာဆိုရင် မင်းသားနှင့် မင်းသမီးပြန်လည်ဆုံတွေ့ ပေါင်းဖက်ကြ ပြီးရင် ဇာတ်ရဲ့နိဂုံး ချုပ်ပါတယ်။ ဇာတ်လမ်းသိမ်းပါတယ်။ အမှန်ကတော့ ဇာတ်ရဲ့ နိဂုံးမဟုတ်ပါဘူး။ နိဒန်းပါ။ ဇာတ်လမ်းရဲ့ အစပါ။
လောကမှာ ကျားရယ်၊ မရယ် ဆိုပြီး နှစ်မျိုးနှစ်စား သတ်မှတ်ထားတဲ့ လူသားဝန်းကျင်မှာ ချစ်ခြင်းများနဲ့ အမုန်းတရား၊ ကြင်နာမှုနဲ့ ရက်စက်မှု၊ ခွင့်လွှတ်တတ်ခြင်းနှင့် အာဃတကြီးမားခြင်း၊ ချိုမြိန်ခြင်းများနှင့် ခါးသီးမှု စသော ဆန့်ကျင်ဘက် စိတ်ထားတွေ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ယောက်ျားတွေမှာ မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်းများရှိသလို မိန်းမတိုင်းမှာလည်း ကောင်းမြတ်ခြင်းနဲ့ သေးသိမ်ညံ့ဖျင်းမှုတွေ ရှိတတ်ကြပါတယ်။
အဓိက သမီး အရေးတကြီး နားလည်ထားရမှာက “ငါ့ယောက်ျားဟာ ဘယ်လိုလူစားမျိုးလဲ” ဆိုတာကိုပဲ။ ဒါတောင် လူကောင်းတွေက တစ်ခါတစ်ရံ နားလည်ဖို့ ခက်လောက်အောင် ဆိုးသွမ်းပြီး လူဆိုးတွေမှာလည်း ရံဖန်ရံခါ ကောင်းကွက်ကလေးတွေရှိတတ်ကြပါတယ်။ ဒါလူ့သဘာဝပဲလေ။
ဘယ်လိုပဲဖြစ်ဖြစ် သမီးရေ..သူစိမ်းနှစ်ဦးဟာ ချစ်ခြင်းမေတ္တာကြောင့် နှစ်ကိုယ်တစ်ဘ၀ တည်ဆောက်ပြီးတဲ့ အခါမှာ ဘာနဲ့တူသလဲဆိုတော့ မြစ်ကြောင်းတစ်ခုပေါ်မှာ လှေတစ်စင်းကို ဦးနဲ့ပဲ့မှာထိုင်ပြီး နှစ်ယောက်အတူ လှော်ခတ်နေကြတဲ့ ခရီးရှည် ခရီးသည်တွေလို့ မေမေတင်စားချင်တယ် သမီး။
အဲ့ဒီ အိမ်ထောင်ရေး လှေတစ်စင်းပေါ်မှာ နှစ်ယောက်နေရာယူကြတဲ့အခါ တို့များမိန်းမသားတွေက ပဲ့ပိုင်းမှာ ထိုင်ရတဲ့ “ပဲ့ကိုင်” တွေလို မေမေ သတ်မှတ်တင်စားချင်တယ်။
ပြောရရင်တော့ မကောင်းဘူး။ ယောက်ျားတော်တော်များများဟာ ပရမ်းပတာတွေပဲ။ ဇော်ကြီးနဲ့အားကုန် လှော်တဲ့အခါ လှော်မယ်၊ ရေစီးနဲ့အတူ မြောချင်ရာ မျှောချပစ်လိုက်တဲ့ အခါမျိုးတွေလည်း အခါခါကြုံရ လိမ့်မယ်။ အဲ့ဒီအခါမှာ ပဲ့ကိုင်ကောင်းဖို့ လိုပြီပေါ့ကွယ်။
ရပ်ချင်တဲ့နေရာမှာ မရပ်ဘဲ ရပ်သင့်တဲ့နေရာမှာ ရပ်နိုင်အောင် ရေစုံမျှောချတဲ့အခါမျိုးမှာ ရောက်ရှိပြီးသားအဆင့် ကနေ ထိုးကျမသွားအောင် ရေဆန်ဘက် ပြန်လှည့်ပြီး ချွေးပြိုက်ယိုစီး ပင်ပန်းကြီးစွာ ရေဆန်ကိုပြန်တက်ဖို့ ကြိုးစားရမှာလည်း မေမေတို့ မိန်းမသားတွေရဲ့ တာဝန်ပဲ ဖြစ်တယ်လို့ ခံယူလိုက်စမ်းပါသမီး။
Cupid Guide Wedding Planning Service Page အား စိတ်ဝင်တစား ၀င်ရောက်လေ့လာအားပေးကြသော သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါသည်။နောက်ရက်တွေမှာလည်း ဆက်လက်အားပေးဖတ်ရှု ပေးပါနော်။

Want your business to be the top-listed Event Planning Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 7, Thazin Street, Yay Kyaw, Pazuntaung T/S
Yangon